အခန်း ၁၁၄
Vol. 12 Ch. 114
အခန်း (၁၁၄) ရိုသေမှုမရှိခြင်း... သေဒဏ်ပေးထိုက်တယ်
သက်လတ်ပိုင်း အမျိုးသား၏သခင်သည် ဆေးလုံးများ ဖော်စပ်ခြင်းအပေါ် မှီခိုနေရပြီး ထို ထိပ်တန်း အားကောင်းသူများကို မျက်နှာချိုသွေးရန်နှင့် သူ့အတွက် အားကောင်းသော နောက်ခံ တစ်ခု ရှာဖွေရန် ဤအခွင့်အရေးကို အသုံးပြုနေလေ၏။
ထိုသခင်၏နောက်ခံသည် သဘာဝကျစွာပင် သက်လတ်ပိုင်းအမျိုးသား၏ နောက်ခံလည်း ဖြစ်သည်။
ဤမျှထိ အရေးကြီးသော ကိစ္စရပ်ကို ဆေးပင်များ ပြတ်လပ်မှုကြောင့် မည်သို့ ဖျက်ဆီးခံနိုင်မည်နည်း။
ဤအကြောင်းကို တွေးမိသောအခါ သက်လတ်ပိုင်း အမျိုးသားသည် ဆေးခန်းမအစေခံကို ဆုပ်ကိုင်ထားသော လက်ကို လွှတ်လိုက်ပြီး နောက်လှည့်ကာ ချန်ချင်းတို့လူစု ထွက်သွားသော ဦးတည်ရာသို့ လိုက်သွားခဲ့လေ၏။
သူတို့နှစ်ဦးသည် ဆေးခန်းမဆောင်၏ပင်မတံခါးမှ ထွက်ခွာတော့မည်ကို မြင်သောအခါ သူသည် ခြေလှမ်းများကို အရှိန်မြှင့်ကာ အော်ဟစ်လိုက်သည်။
"မင်းတို့ နှစ်ယောက်... ရပ်လိုက်စမ်း..."
ရလဒ်မှာ သူ၏ စကားမဆုံးမီမှာပင် သက်လတ်ပိုင်း အမျိုးသားသည် လူအုပ်ကြီး၏မျက်စိရှေ့တွင် သူ၏ လက်များမှခန္ဓာကိုယ်သို့ နောက်ဆုံး၌ ခေါင်းအထိ လေထဲတွင် မီးခိုးငွေ့များအလား ပျောက်ကွယ်သွားခဲ့ခြင်းပင်။
သေဆုံးချိန်တွင် သူ၏မျက်နှာအမူအရာမှာ ထိတ်လန့်မှုများဖြင့် အေးခဲတောင့်တင်းနေသည်။
အတွေ့အကြုံရှိသော ချန်ချင်းသည် သက်လတ်ပိုင်း အမျိုးသားက ဆေးခန်းမအစေခံကို မည်သို့ ဆက်ဆံခဲ့သည်အား မျက်မြင်တွေ့ရှိခဲ့ပြီးနောက် ဤကဲ့သို့ လူမျိုးနှင့် အကြောင်းပြချက် ပေးခြင်းမှာ အချည်းနှီးဖြစ်ပြီး အချိန်ဖြုန်းရာရောက်ကာ လုံးဝအသုံးမဝင်ကြောင်း ကောင်းစွာသိရှိထားလေ၏။
ထို့ကြောင့် အချိန်မဖြုန်းလိုသော ချန်ချင်းသည် သက်လတ်ပိုင်းအမျိုးသား ပြဿနာမရှာမီ သူ့ကို ဤလောကမှ ထွက်ခွာရန် ပြတ်ပြတ်သားသား ပို့ဆောင်လိုက်ခြင်းပင်။
ဤမြင်ကွင်းကို သတိပြုမိသော ရှားချင်းယွဲ့သည် ချန်ချင်း၏လုပ်ရပ်များတွင် မှားယွင်းမှုဟု ထင်မြင်ခဲ့လေ၏။ အကယ်၍ သူမသာဆိုလျှင်လည်း ထိုအတိုင်း လုပ်ဆောင်ပေမည်။
သူတို့နှစ်ဦး ဆေးခန်းမမှ ထွက်ခွာသွားပြီးနောက် ခန်းမထဲရှိ ဆေးပညာရှင်များသည် သက်လတ်ပိုင်း အမျိုးသား၏သေဆုံးမှုကြောင့် အံ့အားသင့်နေခဲ့ကြပြီး တစ်ယောက်ပြီး တစ်ယောက် သူတို့၏ ထိတ်လန့်မှုမှ ရုတ်တရက် သတိပြန်ဝင်လာကြသည်။
"အဲ့ဒီလူ ဘယ်လို သေသွားလဲဆိုတာ မင်းတို့ မြင်လိုက်လား..."
"သူ ဘယ်လို သေသွားလဲတော့ ငါ မသိဘူး... ဒါပေမဲ့ ငါ့ရဲ့အမြင်အရတော့ သူ့ရဲ့ သေဆုံးမှုက ခုဏက လူငယ် နှစ်ယောက်နဲ့ သေချာပေါက် ဆက်စပ်နေတယ်..."
"ငါ မှတ်မိတာ မှန်တယ်ဆိုရင်... ဒီလူက မဟာဆရာသခင်မြောင်ရွှမ်ရဲ့ အကြီးဆုံးတပည့် ဖြစ်ရမယ်... သူ့ရဲ့ အကြီးဆုံး တပည့် အသတ်ခံလိုက်ရတာဆိုတော့... မဟာဆရာသခင် မြောင်ရွှမ်က သေချာပေါက် ငြိမ်နေမှာ မဟုတ်ဘူး..."
"မြောင်ရွှမ်... အထွတ်အထိပ် မဟာဆရာသခင် ဖြစ်လာဖို့ ခြေလှမ်းတစ်ဝက်ပဲ လိုတော့တဲ့သူ မဟုတ်လား..."
တခြားတစ်ယောက်က သူ၏မေးခွန်းကို အတည်ပြုသည်ကို မြင်သောအခါ ထိုဆေးပညာရှင်သည်လည်း ထိုအတိုင်း တွေးတောလိုက်မိသည်။
အကယ်၍ သူသာဆိုလျှင်လည်း မဟာဆရာသခင်မြောင်ရွှမ်၏ စွမ်းအားနှင့် ဩဇာလွှမ်းမိုးမှုဖြင့် သူ၏အကြီးဆုံး တပည့် သေဆုံးသွားကြောင်း သိရှိရပါက ဤကိစ္စကို သေချာပေါက် အလွတ်ပေးမည် မဟုတ်ချေ။
အငိအားကောင်းသူ တစ်ဦးအနေဖြင့် ပို၍အားနည်းသူ တစ်ဦးကို ရင်ဆိုင်ရသောအခါ 'ဒေါသကို မျိုသိပ်ထားသည်' ဟူသော စကားလုံးများသည် သူတို့၏ အဘိဓာန်တွင် ရှိမည်မဟုတ်ချေ။
အမှန်တကယ်ကို သူတို့၏အမြင်တွင် မဟာဆရာသခင်မြောင်ရွှမ်သည် အင်အားကောင်းသူတစ်ဦးပင်။ ချန်ချင်းနှင့်ရှားချင်းယွဲ့တို့သည် အလွန် အားကောင်းနိုင်သော်လည်း သူတို့သည် မဟာဆရာသခင်မြောင်ရွှမ်ကို ယှဉ်ပြိုင်ရန်အထိ လုံလောက်အောင် အားမကောင်းသေးချေ။
သို့သော် နောက်တခဏတွင် သူတို့၏အတွေးများ အလိုအလျောက် ပျက်ပြယ်သွားတော့သည်။
"မဟုတ်ဘူး... ဒီကိစ္စက ဆိုးရွားတယ်... မဟာဆရာသခင် မြောင်ရွှမ် ... မဟာဆရာသခင် မြောင်ရွှမ် သေသွားပြီ..."
အစေခံ တစ်ဦးထံမှ ထိတ်လန့်တကြား အော်ဟစ်လိုက်သော အသံတစ်သံက ခန်းမတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။
သူ၏စကားများမှတဆင့် မဟာဆရာသခင် မြောင်ရွှမ် ၏ သေဆုံးမှုမှာ အလွန်ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်ကြောင်း လူတိုင်း သိရှိသွားကြ၏။
သူ၏ အကြီးဆုံးတပည့်သည် တခြားသူများ၏ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း သိရှိပြီးနောက် လူတိုင်း မျှော်လင့်ထားသည့်အတိုင်း သူ၏ဒေါသကို မျိုသိပ်ထားရန် မရည်ရွယ်ခဲ့ချေ။ သူသည် သူ၏ ဆေးဖော်စပ်ခြင်းကို ချက်ချင်းရပ်တန့်ကာ ဆေးဖော်စပ်ရေးအခန်းမှ ပြေးထွက်လာခဲ့သသည်။
သို့သော် သူ ခြေလှမ်းအနည်းငယ်မျှ မလှမ်းရသေးမီ သူ၏မျက်လုံးများ ပြူးကျယ်သွားကာကာ မြေကြီးပေါ်သို့ ပြင်းထန်စွာ လဲကျသွားပြီး သေဆုံးသွားခဲ့သည်။
အစေခံသည် အော်ဟစ်ကာ ရှေ့သို့တိုးသွားခဲ့ပြီး သေချာစွာ အတည်ပြုပြီးနောက် မဟာ ဆရာသခင် မြောင်ရွှမ် သေဆုံးသွားပြီဖြစ်ကြောင်း သေချာသွားခဲ့လေ၏။
ဘယ်သူလုပ်တာလဲ ဆိုတာအတွက်ကတော့...
လူတိုင်း၏နှလုံးသားက မှန်တစ်ချပ်ကဲ့သို့ ရှင်းလင်းနေသည်။ "သူ" ကလွဲလျှင် တခြားမည်သူ ဖြစ်နိုင်အုံးမည်နည်း။
သို့သော် ယခင်ကနှင့် မတူဘဲ မဟာဆရာသခင် မြောင်ရွှမ်၏ သေဆုံးမှုကို ကြုံတွေ့ရပြီးနောက် သူတို့သည် အဓိပ္ပာယ်မရှိသော စကားများကို ဆက်မပြောရဲကြတော့ချေ။
အားကောင်းသူများကို စော်ကားခြင်းကလည်း ကြီးမားသော တားမြစ်ချက်တစ်ခုပင်။
သူတို့ကိုယ်သူတို့ ဒုက္ခမပေးချင်ဘူး...
အမှန်တရားသည် သူတို့၏ခန့်မှန်းမှုများ တကယ့်ကို မမှားခဲ့ချေ။ ထိုကိစ္စအတွက် လှုပ်ရှားခဲ့သူမှာ ချန်ချင်းပင်။ မဟာဆရာသခင်မြောင်ရွှမ်က သူ့ကို ဒုက္ခမပေးမီ အဝေးမှနေ၍ အတွေးတစ်ချက်တည်းဖြင့် သူ၏စိတ်ဝိညာဉ်သုံးခုနှင့် စိတ်ဆန္ဒခုနစ်ပါးလုံးကို ခြေမွှဖျက်ဆီးခဲ့သည်။
ကံကြမ္မာက သတ်မှတ်ထားတဲ့ အမျိုးသမီး ဇာတ်လိုက်နဲ့ ငါ အချိန်တော်တော်ကြာ အတူနေလို့ လွှမ်းမိုးခံလိုက်ရတာလား... မကြာသေးခင်က စပြီးတော့ သူတို့ရဲ့ မျက်နှာတွေကို ပါးရိုက်ခံဖို့ ကမ်းလှမ်းတဲ့ လူအရေအတွက်က သိသိသာသာ တိုးလာခဲ့တယ်...
ချန်ချင်းသည် ထိုကိစ္စကို ဂရုမစိုက်ချေ။ လူတစ်ယောက်ကို သတ်ခြင်း၊ လူတစ်စုကို သတ်ခြင်း သို့မဟုတ် လူသန်းပေါင်းများစွာကို သတ်ခြင်းသည် သူ့အတွက် ထပ်တူထပ်မျှပင်။
အင်မော်တယ်ဧကရာဇ်၏ ကျင့်ကြံခြင်းသည် မဟာဧကရာဇ်ကို အထွတ်အမြတ်ထားပြီး ပြိုင်ဘက်ကင်း ဖတည်ရှိမှုအဖြစ် ယုံကြည်နေဆဲဖြစ်သော ဤကမ္ဘာတွင် လူတစ်ယောက်ကို သူ လိုချင်သကဲ့သို့ အမှန်တကယ် လုပ်ဆောင်ခွင့် ပေးထားလေ၏။
ဆေးပင်များကို ဝယ်ယူကာ ဆေးခန်းမဆောင်မှ ထွက်ခွာပြီးနောက် မကြာမီ သူတို့သည် ဂိုဏ်းတစ်ရာ မဟာမိတ်ပွဲ ကျင်းပမည့် နေရာသို့ ပြန်လာခဲ့ကြသည်။
ဤအချိန်တွင် ဂိုဏ်းအသီးသီးမှ သံတမန်များသည် တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်နေကြလေပြီ။
ဂိုဏ်းတစ်ရာ မဟာမိတ်ပွဲ စတင်တော့ပေမည်။
ဤအရာကို မြင်သောအခါ ချန်ချင်းနှင့် ရှားချင်းယွဲ့တို့သည် အချင်းချင်းကြည့်ကာ လက်ချိတ်ပြီး လူအုပ်ကြီးနှင့်အတူ ပွဲကျင်းပရာနေရာသို့ ဝင်ရောက်သွားကြ၏။
သူတို့ ဝင်သွားသည်နှင့် တပြိုင်နက် ရင်းနှီးသော အသံပေးပို့မှုတစ်ခုက သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။
"အရှင်ဧကရာဇ်... ဒီဘက်မှာ..."
သူ လှည့်ကြည့်လိုက်ရာ ထိုလူသည် နတ်ဘုရား ဓားဂိုဏ်း၏ ဂိုဏ်းချုပ်အသစ် ဖြစ်နေသည်။
ကျောက်လီသည် မတ်တတ်ထရပ်ကာ နတ်ဘုရား ဓားဂိုဏ်းအတွက် သတ်မှတ်ထားသော ထိုင်ခုံနေရာမှနေ၍ သူတို့ဆီသို့ လက်ဝှေ့ယမ်းပြနေသည်။
"အဲ့ဒီဘက်ကို သွားကြတာပေါ့..."
ချန်ချင်းက ပြောလိုက်သည်။
"အင်း..."
ရှားချင်းယွဲ့က ပြန်ဖြေပြီး ချန်ချင်းနှင့်အတူ နတ်ဘုရားဓားဂိုဏ်း၏ ထိုင်ခုံနေရာတွင် ချက်ချင်းထွက်ပေါ်လာသည်။
နေရာ၌ဝင်ထိုင်ပြီးနောက် ချန်ချင်းက သူ၏ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။
ဤနေရာတစ်ခုလုံးသည် မျက်နှာကြက်မပါသော စက်ဝိုင်းပုံ အဆောက်အအုံတစ်ခုဖြစ်ပြီး အဆင့်လေးဆင့် ခွဲခြားထားလေ၏။
ထိုင်ခုံအဆင့် ပိုမြင့်လေလေ ဂိုဏ်း၏စွမ်းအား ပို၍အားကောင်းလေလေဖြစ်ကြောင်း ကိုယ်စားပြုသည်။
နတ်ဘုရားဓားဂိုဏ်းရှိသော အဆင့်သည် အလယ်အလတ်အဆင့် အင်အားနှင့် ကိုက်ညီသည်။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်နှင့်အမျှ ဂိုဏ်းတစ်ရာ မဟာမိတ်၏ ဂိုဏ်းများအားလုံး ရောက်ရှိလာပြီး နေရာယူကြ၏။
သီးခြား သတ်မှတ်ထားပြီး အလွန်ထင်ရှားသော စတုတ္ထအဆင့်တွင် လူဆယ်ယောက် ထိုင်နေကြသည်။
ဤလူဆယ်ယောက်ထဲတွင် မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်အပြင် တခြားကိုးယောက်မှာ ဂိုဏ်းတစ်ရာ မဟာမိတ်၏ အကြီးအကဲများ ဖြစ်သည်။
တူညီသောအချက်မှာ ဤလူဆယ်ယောက်လုံးသည် မဟာဂိုဏ်းကြီးဆယ်ဂိုဏ်းမှ လာခြင်းပင်။ ဂိုဏ်းတစ်ဂိုဏ်းသည် မဟာဂိုဏ်းကြီးဆယ်ဂိုဏ်းအနက်မှ တစ်ခုအဖြစ် ရာထူးတိုးခံရသရွေ့ သူတို့သည် အထက်ဘုံရှိ ယခင်မဟာဂိုဏ်းကြီး၏ ဩဇာလွှမ်းမိုးမှုကို အစားထိုးနိုင်ရုံသာမက ဂိုဏ်းတစ်ရာမဟာမိတ်ရှိ အကြီးအကဲ နေရာများကိုလည်း အစားထိုးဝင်ရောက်နိုင်လေ၏။
ထို့ပြင် မဟာမိတ်အဖွဲ့၏ခေါင်းဆောင် ဖြစ်လာရန် ဂိုဏ်းတစ်ရာထဲတွင် အားအကောင်းဆုံးဂိုဏ်း ဖြစ်လာရပေမည်။
ဂိုဏ်းတစ်ဂိုဏ်း၏အင်အားနှင့် အခြေခံအုတ်မြစ်သည် ဂိုဏ်းတစ်ရာ မဟာမိတ်တွင် အဆင့်အတန်းနှင့် စကားပြောဆိုခွင့်ကို ကိုယ်စားပြုသည်။
ထို့နောက် မဟာမိတ်အဖွဲ့ခေါင်းဆောင်သည် လူတိုင်း ရောက်ရှိလာခြင်းအတွက် ကြိုဆိုကြောင်း ဖော်ပြရန် သူ၏ခွက်ကို မြှောက်ကာ အကောင်းဆုံး ဝိုင်အရက်ကို အတူတကွ သောက်ရန် ဖိတ်ခေါ်လိုက်၏။
ရှားချင်းယွဲ့သည် ကိုယ်ဝန်ရှိနေသဖြင့် သူမသည် အထွတ်အထိပ် မဟာဧကရာဇ်တစ်ပါး ဖြစ်နေလျှင်တောင် အရက်မသောက်နိုင်ချေ။ ချန်ချင်းသည် ရှားချင်းယွဲ့ကို ဤအန္တရာယ်မျိုး မယူစေခဲ့ချေ။
သူ ကိုယ်တိုင် ခွက်ထဲရှိ ဝိုင်အရက်ကို မြည်းစမ်းကြည့်ရာ ရိုးရိုးသားသား ပြောရလျှင် အရသာ တော်တော်လေးကောင်းမွန်သည်။
သို့သော် သူ ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်အဖြစ် ရရှိခဲ့သော အင်မော်တယ်ဝိုင်နှင့် နှိုင်းယှဉ်ပါက ထိုအရာကို ရေကဲ့သို့အရသာမရှိဟုသာ ဖော်ပြနိုင်သည်။
သာမန်လူများ သောက်သော ဝိုင်အရက်ကို အင်မော်တယ်များသောက်သော ဝိုင်အရက်နှင့် မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း...
"နတ်ဘုရား ဓားဂိုဏ်းက အရက်မသောက်တာ ဘာသဘောလဲ... မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်အပေါ် မကျေနပ်ချက် တစ်ခုခု ရှိနေလို့လား..."
အသံတစ်သံ ထွက်ပေါ်လာပြီး လူတိုင်း၏စိတ်အာရုံကို ချက်ချင်းဖမ်းစားသွားသည်။
ထိုစကားကိုပြောဆိူသူမှာ အခြားသူမဟုတ်ဘဲ ကောင်းကင်ဆင့်ကဲပြောင်းလဲမှုဂိုဏ်း၏ ဂိုဏ်းချုပ်ဟွမ်ပင်။
သူသည် နတ်ဘုရားဓားဂိုဏ်းကို ဒုက္ခပေးရန် အခွင့်အရေး မရှိမည်ကို စိုးရိမ်နေခဲ့ပြီး ရှားချင်းယွဲ့က ဤအခွင့်အရေးကို သူ့ထံ တက်တက်ကြွကြွ ပို့ဆောင်ပေးလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။
"မဟာမိတ်အဖွဲ့ ခေါင်းဆောင်က ဂုဏ်ပြုဆုတောင်းပေးတာကို... သေးငယ်တဲ့ နတ်ဘုရား ဓားဂိုဏ်းက တကယ်ကြီး အရက်မသောက်ရဲဘူးလား... သူတို့ရဲ့ ရည်ရွယ်ချက်တွေက အပြစ်ပေးခံရဖို့ ထိုက်တန်တယ်..."
"ဒီနတ်ဘုရားဓားဂိုဏ်းက သူတို့ရဲ့ အတောင်ပံတွေ မာကျောနေပြီလို့ ထင်ပြီး... တာအိုကောင်းကင်ဂိုဏ်း ကို စိန်ခေါ်ချင်နေတာလား..."
"ဂိုဏ်းတစ်ရာ မဟာမိတ်မှာ အလယ်အလတ်အဆင့် ရှိတဲ့ ဂိုဏ်းတစ်ဂိုဏ်းက ခေါင်းဆောင်ကို စိန်ခေါ်ဖို့ ကြိုးစားနေတာလား... ဘယ်လောက်တောင် ရယ်စရာကောင်းလဲ... သူတို့က အကြီးအကဲ နေရာအတွက် ယှဉ်ပြိုင်ဖို့တောင် အရည်အချင်း မပြည့်မီဘူးလို့ ငါထင်တယ်..."
အချိန်တခဏအတွင်း ဆွေးနွေးမှုများစွာ ရှိလာခဲ့သည်။
မဟာမိတ်အဖွဲ့ ခေါင်းဆောင်၏ အကြည့်သည်လည်း ချန်ချင်းနှင့်ရှားချင်းယွဲ့တို့ထံ ရောက်ရှိလာသည်။
"ငါ့ရဲ့ဇနီးက ကိုယ်ဝန်ရှိနေလို့ အရက်သောက်လို့ မရပါဘူး... သန္ဓေသားကို ထိခိုက်စေနိုင်လို့ပါ..."
ချန်ချင်းက ရှင်းပြလိုက်၏။
"ကျင့်ကြံသူ တစ်ဦးအနေနဲ့... ဝိုင်တစ်ခွက်က သန္ဓေသားကို ဘယ်လိုလုပ် ပျက်စီးစေနိုင်မှာလဲ... ဒါက ဆင်ခြေတစ်ခု သက်သက်ပဲ..."
ဤအကျပ်အတည်းကို ကျော်လွှားရန် ချန်ချင်းအား ဤမျှ အားနည်းသော အကြောင်းပြချက်မျိုး အသုံးပြုခွင့်ကို ဂိုဏ်းချုပ်ဟွမ်က မည်သို့မျှ ခွင့်ပြုမည် မဟုတ်ချေ။
ထိုစကားကိုပြောဆိုပြီးနောက် သူသည် မဟာမိတ်အဖွဲ့ခေါင်းဆောင်ထံသို့ နောက်တစ်ကြိမ်လှည့်ကာ လက်ပူးဆုပ်ပြီး ပြောလိုက်သည်။
"မဟာမိတ်အဖွဲ့ခေါင်းဆောင် ... ကျွန်တော်မှာ သတင်းပို့စရာ အရေးကြီးကိစ္စတစ်ခု ရှိပါတယ်..."
"ပြောစမ်း..."
မဟာမိတ်အဖွဲ့ခေါင်းဆောင်က ခွင့်ပြုချက် ပေးလိုက်သည်။
ဂိုဏ်းချုပ်ဟွမ်သည် ချန်ချင်းက ကောင်းကင်ဆင့်ကဲပြောင်းလဲမှုဂိုဏ်း၏ သူတော်စင်သားတော်နှင့် အကြီးအကဲကို အစောပိုင်းက သတ်ဖြတ်ခဲ့ကြောင်းအား ချက်ချင်းဆိုသလိုပင် ပုံကြီးချဲ့၍ ပြောပြလိုက်၏။
နတ်ဘုရား ဓားဂိုဏ်း ၏ လုပ်ရပ်များသည် ဂိုဏ်းတစ်ရာမဟာမိတ်နှင့် မဟာမိတ်အဖွဲ့ခေါင်းဆောင်ကိုလည်း ပါးရိုက်ခြင်းဖြစ်ကြောင်း သူက သွယ်ဝိုက်၍ ပြောဆိုခဲ့သည်။
ဤသည်က ရိုသေမှုမရှိခြင်းဖြစ်ပြီး သူတို့သည် သေဒဏ်ပေးခံရန် ထိုက်တန်သည်။