အခန်း ၁၁၆
Vol. 12 Ch. 116
အခန်း (၁၁၆) အမှောင်ဘက်ခြမ်း
ဂိုဏ်းတစ်ရာမဟာမိတ်နှင့် ဂိုဏ်းချုပ်တစ်ရာကျော်၏ သစ္စာခံမှုကို ရရှိပြီးနောက် ဂိုဏ်းတစ်ရာမဟာမိတ်ပွဲကို တရားဝင် စတင်၍ ကျင်းပခဲ့လေ၏။
မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်အသစ်အနေဖြင့် ရှားချင်းယွဲ့သည် အလွန်အကျွံ ပါဝင်ပတ်သက်ရန် မလိုအပ်ချေ။ အချိန်အများစုတွင် သူမသည် တိတ်ဆိတ်စွာ နားထောင်နေရန်သာ လိုအပ်သည်။
အကြီးအကဲကိုးဦးသည် တိုင်ပင်ဆွေးနွေးမှုများအတွက် အမြဲတမ်းလိုလို တာဝန်ယူရပြီး နောက်ဆုံးတွင် ရှားချင်းယွဲ့၏ဆုံးဖြတ်ချက်အတွက် သူမထံသို့ သတင်းပို့ရလေ၏။
ထို့နောက် ဤကိစ္စနှင့် ပတ်သက်၍ အတွေ့အကြုံ မရှိသော ရှားချင်းယွဲ့သည် မည်သို့တုံ့ပြန်ရမည်ကို ချန်ချင်းအား မေးမြန်းရန် ရွေးချယ်လေ့ရှိသည်။
ဂိုဏ်းတစ်ရာမဟာမိတ်အတွင်းတွင် ချန်ချင်း၏ စကားများသည် သူမ၏ စကားများဖြစ်ပြီး သူ့ကို ဖီဆန်ရဲသော မည်သူမဆို သူမကို ဖီဆန်ခြင်းဖြစ်ကြောင်း သူမက ထုတ်ဖော်ပြောဆိုခဲ့သည်။
ဤပြတ်သားသော ကြေညာချက်က ဂိုဏ်းချုပ်များနှင့် အကြီးအကဲများကို ဆွံ့အသွားစေခဲ့သည်။
ဂုဏ်သရေရှိသော မဟာဧကရာဇ် အဆင့် ကျင့်ကြံသူ တစ်ဦးက သာမန်လူငယ်လေးတစ်ဦးကို မည်သည်ကြောင့် ဤမျှထိ နာခံရို့ကျိုးပြီး အရာအားလုံးတွင် သူ၏အမြင်နှင့် အကြံဉာဏ်များကို တောင်းခံနေသနည်းဆိုသည်ကို သူတို့ နားမလည်နိုင်ခဲ့ကြချေ။
ဤသည်မှာ သူမ၏ဆုံးဖြတ်ချက်များတွင် ပြတ်သားမှုရှိသော သူတို့သိထားသည့် မဟာဧကရာဇ်နှင့် လုံးလုံးလျားလျား ဆန့်ကျင်ဘက် ဖြစ်နေသည်။
ထိုလူငယ်လေးသည် အတိအကျ မည်သူဖြစ်သနည်း ဟု တွေးတောကာ ချန်ချင်းနှင့်ပတ်သက်၍ သူတို့၏ သိချင်စိတ် ပို၍ကြီးထွားလာခဲ့သည်။
ကမ္ဘာတစ်ခုတွင် မဟာဧကရာဇ်တစ်ပါးသာ ရှိနိုင်သည်ဟူသော ယုံကြည်ချက်မှာ လူအများ၏စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း အမြှစ်တွယ်နေပြီး အခြေခံ နားလည်မှုတစ်ခု ဖြစ်နေလေပြီ။ ထိုကြောင့် ချန်ချင်းသည်လည်း မဟာဧကရာဇ်တစ်ပါး ဖြစ်နိုင်ခြေကို သူတို့ မစဉ်းစားခဲ့ကြချေ။
ဂိုဏ်းတစ်ရာ မဟာမိတ်ပွဲ ဆက်လက်၍ ကျင်းပနေခဲ့သည်။
တစ်ချိန်တည်းမှာပင် ဤနေရာတွင် ဖြစ်ပျက်နေသော အဖြစ်အပျက်များ၏သတင်းသည် တောမီးကဲ့သို့ ပျံ့နှံ့သွားပြီး ပို၍ကျယ်ပြန့်လာသည်။
ကောင်းကင်ဆင့်ကဲပြောင်းလဲမှုဂိုဏ်းနှင့် နတ်ဘုရား ဓားဂိုဏ်းကြားရှိ ပဋိပက္ခမှာ အသေးအဖွဲ ဖြစ်လေ၏။ မဟာဧကရာဇ်အသစ်တစ်ပါး မွေးဖွားလာခြင်းနှင့် စီနီယာ မဟာဧကရာဇ် သေဆုံးသွားခြင်းတို့မှာ သိသာထင်ရှားသော အဖြစ်အပျက်များပင်။
အထူးခြားဆုံးမှာ ဤမဟာဧကရာဇ်သည် အမျိုးသမီး တစ်ဦး ဖြစ်နေခြင်းပင်။
ထျန်းရွှမ်ကုန်းမြေ၏ အနှစ်တစ်သောင်း သမိုင်းတလျှောက်လုံးတွင် အမျိုးသမီးမဟာဧကရာဇ်များကို ကြားရခဲပြီး ကမ္ဘာဦးခေတ်မှ အတည်မပြုနိုင်သော ဒဏ္ဍာရီများတွင်သာ တည်ရှိခဲ့သည်။
သိပ်မကြာမီ ဤသတင်းသည် ဂိုဏ်းအသီးသီးသို့ ရောက်ရှိသွားပြီး အကြီးအကဲများနှင့် မဟာအကြီးအကဲများသည် သူတို့၏ဂိုဏ်းချုပ်များက မိုးကောင်းကင်တာအို သဘောတူညီချက်စာချုပ် ကို အတင်းအကြပ် လက်မှတ်ရေးထိုးခဲ့ရပြီး မဟာဧကရာဇ်အသစ်ထံ အညံ့ခံခဲ့ရကြောင်း သိရှိသွားကြ၏။
အချိန်တခဏမျှ မနှောင့်နှေးဘဲ သူတို့သည် ဂိုဏ်း အစည်းအဝေးတစ်ခုကို ချက်ချင်းခေါ်ယူလိုက်ကြသည်။
မဟာဂိုဏ်းကြီးဆယ်ဂိုဏ်းအနက်မှ တစ်ခုဖြစ်ပြီး ယခင် မဟာမိတ်အဖွဲ့ခေါင်းဆောင်၏ ဂိုဏ်းဖြစ်သော တာအိုကောင်းကင်ဂိုဏ်းတွင် မဟာအကြီးအကဲများနှင့် အတွင်းစည်းအကြီးအကဲများသည် စုဝေးနေကြလေပြီ။
"ဂိုဏ်းချုပ်က အသတ်ခံလိုက်ရပြီ... အခုကစပြီး ငါတို့ ဘာလုပ်သင့်လဲ..."
"အဲ့ဒီဧကရာဇ်အသစ်က ဂိုဏ်းချုပ် နဲ့ ဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင့် ငါတို့အပေါ် ဒေါသထွက်ပြီး တခြားသူတွေကို သတိပေးဖို့ တာအိုကောင်းကင်ဂိုဏ်းကို အသုံးချပြီး သူ့ရဲ့ ဂုဏ်သတင်းကို တည်ဆောက်နိုင်လား..."
"အဲ့ဒါက ဖြစ်နိုင်တယ်..."
"ငါတို့ တစ်ခါမှ မမြင်ဖူးတာကို ထားလိုက်အုံး... တစ်ခါမှတောင် မကြားဖူးတဲ့ ဒီလို အမျိုးသမီး မဟာဧကရာဇ် တစ်ပါးက ထျန်းရွှမ်ကုန်းမြေမှာ ဘယ်လိုလုပ်ပြီး ရုတ်တရက် ထွက်ပေါ်လာနိုင်တာလဲ... သူ တံခါးပိတ်ကျင့်ကြံနေတာ ဘယ်လောက်ကြာပြီလဲ..."
မေးခွန်းများစွာ ရှိသော်လည်း ထိုအရာများအတွက် အဖြေပေးနိုင်သူ အလွန်နည်းပါးသည်။
ဂိုဏ်းတစ်ရာမဟာမိတ်တွင် အားအကောင်းဆုံး ဂိုဏ်းတစ်ခုအနေဖြင့် သူတို့သည် လူတိုင်းအပေါ် အကြွင်းမဲ့ အာဏာရှိခြင်းကို ကျင့်သားရနေခဲ့လေပြီ။ ယခုအချိန်၌ အခြေအနေများ ဆိုးရွားစွာ ပြောင်းလဲသွားသဖြင့် သူတို့သည် စိတ်ရှုပ်ထွေးနေပြီး ဘာလုပ်ရမှန်း အမှန်တကယ်ကို မသိတော့ချေ။
အခြေအနေသည် အေးခဲတောင့်တင်းလုနီးပါး ဖြစ်နေချိန်တွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာခြင်းက ထိုအကျပ်အတည်းကို ချိုးဖျက်လိုက်၏။
ရောက်လာသူမှာ အခြားသူမဟုတ်ဘဲ လွန်ခဲ့သော ရာစုနှစ်များစွာအကြာကက အနားယူသွားခဲ့သော ယခင်ဂိုဏ်းချုပ်ဟောင်းပင်။
ထိုလူကို မှတ်မိသွားသဖြင့် သူတို့သည် အလျှင်အမြန် မတ်တတ်ရပ်ကာ ဦးညွှတ်လိုက်ကြသည်။ တာအို ကောင်းကင်ဂိုဏ်း၏ နက်နဲသိမ်မွေ့သည့် ကျွမ်းကျင်သူကို သူတို့ မလေးမစား မလုပ်ရဲကြချေ။
တာအိုကောင်းကင်ဂိုဏ်းတွင် အထွတ်အထိပ် ခြေလှမ်းတစ်ဝက် ဧကရာဇ် နှစ်ဦးသာ ရှိလေ၏။ တစ်ဦးမှာ ကျိုးယုံဖြစ်ပြီး တခြားတစ်ဦးမှာ ဂိုဏ်းချုပ်ဟောင်း လီမော့ပင်။
လီမော့သည် အထွတ်အထိပ် ခြေလှမ်းတစ်ဝက် ဧကရာဇ်သို့ ချိုးဖျက်ဝင်ရောက်ရန် အတားအဆီး သို့ ရောက်ရှိသွားသောကြောင့် ရုတ်တရက် အနားယူပြီး ဂိုဏ်းချုပ်နေရာကို စွန့်လွှတ်လိုက်ခြင်းဖြစ်ကြောင်း ဤအကြီးအကဲများ ရှင်းလင်းစွာ သိရှိထားကြ၏။
သို့သော် ထျန်းရွှမ်မဟာဧကရာဇ်သည် ကျော်လွှား၍မရသော အတားအဆီး တစ်ခုအဖြစ် သူ၏ရှေ့တွင် ရှိနေသဖြင့် သူသည် တံခါးပိတ်ကျင့်ကြံရန်၊ အနားယူရန်နှင့် ချိုးဖျက်ဝင်ရောက်နိုင်မည့်နေ့ကို စောင့်ဆိုင်းရန်သာ ရွေးချယ်နိုင်တော့သည်။
ယခု လီမော့ တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာသည်ကို မြင်သောအခါ သူသည် ဧကရာဇ်တာအိုကို အောင်မြင်စွာ ရရှိသွားသောကြောင့် ထွက်လာခြင်းဖြစ်သည်ဟု တွေးထင်ထားခြင်းမရှိသဖြင့် မည်သူမျှ ဝမ်းသာမှုကို မခံစားရချေ။
သူသည် ဧကရာဇ်တာအိုသို့ ရောက်ရှိရန် နောက်တစ်ကြိမ် ကျရှုံးသွားသဖြင့် လက်လျှော့လိုက်ခြင်း ဖြစ်နိုင်သည်ဟု သူတို့ တွေးထင်ခဲ့ကြသည်။
"မင်းတို့အားလုံးပဲ... လန့်မနေကြနဲ့... ကောင်းကင်တာအိုကံကြမ္မာက အဲ့ဒီနေရာမှာ ရှိနေသေးပြီးတော့ ဘယ်သူကမှ မသိမ်းပိုက်ရသေးဘူး... ဒီကလေးမ... မဟုတ်ဘူး... ဒီအမျိုးသမီးက လူတိုင်းကို လှည့်စားဖို့ အမည်မသိ နည်းလမ်း တစ်ခုခု ဒါမှမဟုတ် မှော်ရတနာကို သုံးခဲ့တာ သေချာတယ်..."
သူတို့၏ အတွေးများကို ထွင်းဖောက်၍ မြင်တွေ့ရသဖြင့် လီမော့က ပြောလိုက်၏။
"ဘာ... သူက ဧကရာဇ် တာအိုကို မရသေးဘူးလား..."
ဤစကားကို ကြားသောအခါ လူတိုင်း၏ ခံစားချက်များသည် နောက်ဆုံး ကောက်ရိုးတစ်မျှင်ကို ဆုပ်ကိုင်ထားရသကဲ့သို့ ချက်ချင်းစိတ်လှုပ်ရှားသွားသည်။
"ဒီတစ်ခေါက် ငါ တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာရတဲ့ အဓိက အကြောင်းရင်းက ဧကရာဇ် တာအို ရဲ့ ဆင့်ခေါ်သံကို ခံစားရလို့ပဲ... မင်းတို့အားလုံးက ဂိုဏ်းတစ်ဂိုဏ်းလုံး ငါ့ကို ကာကွယ်ဖို့ ချက်ချင်းအမိန့်ပေးလိုက်စမ်း..."
လီမော့က အမိန့်ပေးလိုက်သည်။
သူသည် ဧကရာဇ် တာအိုကို အောင်မြင်တော့မည်ဟု ကြားသောအခါ အကြီးအကဲများ၏ မျက်နှာများပေါ်ရှိ အပြုံးများသည် ဖုံးကွယ်ရန် ပို၍ပင် ခက်ခဲလာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် တာအိုကောင်းကင်ဂိုဏ်း တွင် မဟာဧကရာဇ် တစ်ပါး ပေါ်ထွန်းလာတော့မည် ဖြစ်သောကြောင့်ပင်။
ဤကိစ္စ အောင်မြင်သွားသည်နှင့် တပြိုင်နက် သူတို့ အားလုံးသည် ပြိုင်ဘက်ကင်း အနေအထားသို့ ရောက်ရှိသွားပေမည်။
သူတို့၏နားလည်မှုအရ မဟာဧကရာဇ်တစ်ပါးကို ပိုင်ဆိုင်ထားသော ဂိုဏ်းအင်အားစုတိုင်းသည် ပြိုင်ဘက်ကင်း ဖြစ်လာပေလိမ့်မည်။
"စိတ်ချပါ... ငါ ဧကရာဇ်တာအိုကို အောင်မြင်တာနဲ့ မင်းတို့ အားလုံး ဆုချခံရမယ်... ငါ့ရဲ့ တာအို ကောင်းကင်ဂိုဏ်းကို စော်ကားရဲတဲ့သူတွေက ကြီးမားတဲ့ တန်ကြေးတစ်ခု ပေးဆပ်ရမယ်..."
တာအိုကောင်းကင်ဂိုဏ်းကို စော်ကားသူဟု လီမော့ ပြောဆိုသူမှာ သံသယဝင်စရာ မလိုဘဲ ရှားချင်းယွဲ့သာ ဖြစ်လေ၏။
သူ၏စကားများကြောင့် အကြီးအကဲများသည် စိတ်အေးသွားကြပြီး မဟာဧကရာဇ်ကို အစွမ်းကုန် အလုပ်အကျွေးပြုရန်နှင့် သူတို့၏ အသက်များကိုပင် စွန့်လွှတ်ရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့ကြသည်။
သူတို့ မသိလိုက်ဘဲ ဤအရာအားလုံးကို အပြင်လူများက မျက်မြင်တွေ့ရှိနေခဲ့သည်။
တိတိကျကျ ပြောရလျှင် ထိုအရာကို ချန်ချင်းက ကောင်းကင်ကြည့်မှန်ကို အသုံးပြု၍ ဂိုဏ်းတစ်ရာ မဟာမိတ်တွင် အပြည့်အဝ ပြသခဲ့ခြင်းပင်။
ဝတ္ထုများ ဖတ်ရှုခြင်းမှ ရရှိသော အတွေ့အကြုံမှတဆင့် ထိုအဘိုးကြီးများသည် ဘယ်သောအခါမျှ လိုလိုလားလား အညံ့ခံမည် မဟုတ်ကြောင်း ချန်ချင်း ရှင်းလင်းစွာ နားလည်ထားလေ၏။
ကောင်းကင်အမိန့်တော် အမျိုးသား ဇာတ်လိုက်ကဲ့သို့ပင် ကောင်းကင်အမိန့်တော် အမျိုးသမီး ဇာတ်လိုက် သည်လည်း အမျိုးမျိုးသော ပစ်မှတ်ထားခံရမှုများနှင့် မလွဲမသွေ ရင်ဆိုင်ရပေမည်။
ကောင်းကင်ကြည့်မှန်ကို အသက်သွင်းလိုက်ချိန်၌ ကလဲ့စားချေရန် အတွေးများ ရှိနေသူများ ရှိနေခဲ့သည်။
ရှားချင်းယွဲ့၏ ထွက်ပေါ်လာမှုကြောင့် ဧကရာဇ် တာအို ကို အချိန်မတိုင်မီ အောင်မြင်လိုသူ အများအပြားလည်း ရှိနေပေ၏။
"ကောင်းကင်တာအို ကံကြမ္မာက ရှိနေသေးတာလား... သူက မဟာဧကရာဇ် တစ်ပါး မဟုတ်ဘူးလား..."
"မဟာဧကရာဇ် နတ်ဘုရား ရောင်ဝါစက်ဝန်းကတော့ အတု မဖြစ်နိုင်ဘူးမလား..."
"ငါ့ကို မကြည့်နဲ့... ငါလည်း မသိဘူး..."
လူတချို့က မခွဲခြားနိုင်ကြောင်း ကြားသောအခါ ချန်ချင်း၏ အပင်ပန်းခံ ကြိုးစားအားထုတ်မှုများကို နားလည်သော ရှားချင်းယွဲ့သည် သူတို့ကို ရှင်းလင်းစွာ ခွဲခြားခွင့်ပြုရန် ဝန်မလေးချေ။
မိုင်ထောင်ချီ၍ ကွာဝေးနေသော်လည်း ရှားချင်းယွဲ့သည် သူမ၏လက်ချောင်းထိပ်ကို လှုပ်ရှားလိုက်ရာ အေးစက်သော ချီလှိုင်းလုံးတစ်ခု ချက်ချင်းကျဆင်းလာပြီး လှုပ်ရှားရန် အချိန်မရလိုက်သော နက်နဲသည့် ကျွမ်းကျင်သူများ၊ မဟာအကြီးအကဲများနှင့် အတွင်းစည်းအကြီးအကဲများအားလုံးကို ချက်ချင်းအေးခဲတောင့်တင်းသွားစေသည်။
"..."
ဤကောင်းကင်ကို အန်တုသော နည်းလမ်းသည် လက်ရှိနေရာတွင် ရှိနေသူများအားလုံးကို တုန်လှုပ်သွားစေပြီး သူတို့၏နှုတ်ခမ်းများကို တင်းကျပ်စွာ ပိတ်ထားစေကာ ကျယ်လောင်စွာ အသက်မရှူရဲအောင် ဖြစ်သွားစေခဲ့သည်။
ရေခဲဖြင့် အေးခဲသွားသူများသည် မှန်ထဲတွင် မဟုတ်ဘဲ မှန်အပြင်ဘက်ရှိ သူတို့ ကိုယ်တိုင် ဖြစ်နေသည့်အလားပင်။
နှစ်ဖက်ကြားတွင် ကြီးမားသော တိုက်ပွဲကြီးတစ်ခု ဖြစ်လာမည်အား ရှောင်လွှဲ၍မရနိုင်ဟု သူတို့ ခံစားလိုက်ရသည်။
သို့သော် အချိန်ကုန်လွန်သွားသည်နှင့်အမျှ တစ်ခုခုမှားယွင်းနေသည်ဟု သူတို့ ခံစားမိလေ၏။
ထိုခြေလှမ်းတစ်ဝက် ဧကရာဇ် ကျွမ်းကျင်သူများနှင့် မဟာအကြီးအကဲများသည် သူတို့မျှော်လင့်ထားသလို ရေခဲစည်းတံဆိပ်ကို ချိုးဖျက်ပြီး ဝမ်ကျန်းမြို့သို့ ပြေးမလာခဲ့ကြချေ။
ရှားချင်းယွဲ့သည် စိတ်ကို မဖတ်တတ်သော်လည်း အကယ်၍ သူမထံတွင် ဤမျှလောက်ပင် ခွဲခြားသိမြင်နိုင်စွမ်း မရှိခဲ့ပါက သူမသည် မည်သို့ ဧကရီ တစ်ပါး ဖြစ်လာပြီး ချန်ချင်းကို သူမ၏ခြေထောက်အား ဖက်တွယ်ကာ အပါးခိုခွင့် ပြုနိုင်မည်နည်း။
သူမ၏အတွေးတစ်ချက်ဖြင့် ရေခဲရုပ်ခုများသည် ချက်ချင်း အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားပြီး ထိုလူစု၏ မျှော်လင့်ချက်များကို လုံးလုံးလျားလျား ခြေမွှဖျက်ဆီးလိုက်၏။
သူတို့သည် အံ့အားသင့်သွားပြီး စကားမပြောနိုင်တော့ချေ။
သူတို့၏ကျင့်ကြံဆင့်နယ်ပယ်အရပင် အထွတ်အထိပ် ကျွမ်းကျင်သူများအဖြစ် သတ်မှတ်ခံထားရသော ထိုတည်ရှိမှုများကို ရှားချင်းယွဲ့က မျက်စိတမှိတ်အတွင်း လုံးလုံးလျားလျား ဖျက်ဆီးပစ်လိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြချေ။
အချိန်တခဏတွင် ထိုတည်ရှိမှုများသညိ အကောင်းပကတိ ရှိနေပြီး နောက်တခဏတွင် ရေခဲ အပိုင်းအစများအဖြစ် ပြောင်းလဲသွားသည်။
သို့သော် မကြာမီ တစ်စုံတစ်ယောက်သည် လူတိုင်း အေးခဲမသွားကြောင်း တွေ့ရှိခဲ့ရပြီး ချွင်းချက်များ ရှိနေသည်။
သူတို့၏ ကျင့်ကြံခြင်း ဝတ်ရုံများအရ သူတို့သည် တာအိုကောင်းကင်ဂိုဏ်းမှ လူများ ဖြစ်ပုံရသည်။
ရှားချင်းယွဲ့၏စွမ်းအားက သူတို့ကို ကိုင်တွယ်ရန် မလုံလောက်သလော...
တခြားသူများမှ ထိုကဲ့သို့ ထင်ကောင်းထင်နိုင်သော်လည်း ချန်ချင်းသည် ဤအချက်ကို သဘောပေါက်ပြီး သူ့ဇနီး၏ လိမ္မာပါးနပ်သော အပိုင်းကို အသိအမှတ်ပြုလိုက်၏။