အခန်း ၁၁၇
Vol. 12 Ch. 117
အခန်း (၁၁၇) မျှော်လင့်ချက် အရင်..ထို့နောက် မျှော်လင့်ချက်မဲ့မှု
တခြားသူများသည် ရှားချင်းယွဲ့ကို နားမလည်နိုင်သော်လည်း သူမ၏ခင်ပွန်းဖြစ်ခဲ့ပြီး အိပ်ယာတစ်ခုတည်းကို မျှဝေခဲ့သော ချန်ချင်းသည် သူမကို တစ်ချက်ကြည့်ရုံဖြင့် သဘောပေါက်လိုက်၏။ ရှားချင်းယွဲ့သည် တာအိုကောင်းကင်ဂိုဏ်းမှ လူများကို မျှော်လင့်ချက် အရင်ပေးပြီးနောက် ထိုအရာကို လုံးလုံးလျားလျား ငြိမ်းသတ်ပစ်ရန် ရည်ရွယ်ထားခြင်းပင်။
ဤသည်မှာ သူမ၏မဟာဧကရာဇ် ကျင့်ကြံခြင်းသည် အစစ်လား အတုလားဆိုသည်ကို လူတိုင်းအား သိစေရန် ဖြစ်ပေ၏။
မျှော်လင့်ထားသည့်အတိုင်း တခြားဂိုဏ်းများအပေါ် ကျရောက်ခဲ့သော ကြေကွဲဖွယ်ရာများကို လုံးဝမသိရှိသော လီမော့သည် ဝင်္ကပါတစ်ခုကို ခင်းကျင်းပြီးဖြစ်ကာ ထိုအရာ၏အလယ်ဗဟိုတွင် ထိုင်နေသည်။
သောင်းနှင့်ချီသောတပည့်များနှင့် ဂိုဏ်းအကြီးအကဲများသည် ဝင်္ကပါ၏အပြင်ဘက်တွင် မတ်တတ်ရပ်ကာ သူ့ကို စိတ်ဝိညာဉ်စွမ်းအားများ ထောက်ပံ့ပေးနေပြီး မဟာဧကရာဇ်တစ်ပါး ဖြစ်လာမည့် သူ၏ခရီးစဉ်ကို စတင်ခဲ့သည်။
"လူတစ်သောင်းရဲ့ စွမ်းအားနဲ့ မဟာဧကရာဇ်နယ်ပယ် ကို တက်လှမ်းတာက... တော်တော်လေး ကောင်းတဲ့ နည်းလမ်းပဲ..."
"အဲ့ဒါထက်ပိုတာက... ဒီဝင်္ကပါက စူးစမ်းလေ့လာမှုတွေ အများကြီး လုပ်ထားတာ သိသာထင်ရှားတယ်... ဒါက မယုံနိုင်လောက်အောင် နက်နဲသိမ်မွေ့တယ်..."
"လီမော့က လွန်ခဲ့တဲ့ အနှစ်တစ်ထောင်က အထက်ဘုံ မှာ နံပါတ်တစ် ပါရမီရှင် ဖြစ်ခဲ့တာ... သူက တကယ်ပဲ မဟာဧကရာဇ်အသစ် ဖြစ်လာနိုင်တယ်..."
ရှားချင်းယွဲ့နှင့် ပတ်သက်သော အကြောင်းအရာများကို မဆွေးနွေးရန် သူတို့ အစွမ်းကုန် ကြိုးစားခဲ့ကြသည်။
လီမော့သည် မဟာဧကရာဇ်နယ်ပယ်သို့ အောင်မြင်စွာ တက်လှမ်းသွားသည်နှင့် တပြိုင်နက် သူသည် ရှားချင်းယွဲ့ကို ဦးစွာပစ်မှတ်ထားမည်မှာ သိသာရှင်းလင်းလှသည်။
ဂိုဏ်းချုပ်တစ်ယောက် အသတ်ခံရခြင်းကို မဟာဧကရာဇ် တစ်ပါးအနေဖြင့် သူ မည်သို့ သည်းခံနိုင်မည်နည်း...
အရေးအကြီးဆုံးမှာ သူသည် သူ၏ ကိုယ်ပိုင် အဆင့်အတန်းကို ခြိမ်းခြောက်နိုင်သော အလားအလာရှိသည့် ပြိုင်ဘက်တစ်ဦးကို ဖယ်ရှားပေလိမ့်မည်။
ရှားချင်းယွဲ့သည် ယခင်ကဲ့သို့ လူများကို အတင်းအကြပ် မသတ်ဖြတ်ဘဲ မဟာမိတ်အဖွဲ့ ခေါင်းဆောင်၏ ထိုင်ခုံတွင် မလှုပ်မယှက် ထိုင်နေသည်ကို မြင်သောအခါ လီမော့သည် သူ၏တက်လှမ်းမှုတွင် အောင်မြင်ပြီး မဟာဧကရာဇ် တစ်ပါး ဖြစ်လာရန် အလွန်ဖြစ်နိုင်ခြေ များကြောင်း သူတို့ ပို၍ပင် ယုံကြည်လာကြ၏။
"ခင်ပွန်း... ခဏနေရင် သူတို့ရဲ့ မျက်နှာပေါ်မှာ ဘယ်လို အမူအရာမျိုး ရှိနေမယ်လို့ ရှင် ထင်လဲ..."
ရှားချင်းယွဲ့က ချန်ချင်းကို ကြည့်ကာ သူတို့နှစ်ဦးသာ ကြားနိုင်သော လေသံဖြင့် မေးလိုက်သည်။
"ငါ သေချာတော့ မသိဘူး... ဒါပေမဲ့ အဲ့ဒါက သေချာပေါက် စိတ်ဝင်စားစရာ ကောင်းမှာပဲ..."
ချန်ချင်းက တုံ့ပြန်အဖြေပေးသည်။
"ဟုတ်တယ်... အဲ့ဒါက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းမှာပဲ..."
ရှားချင်းယွဲ့သည် ထိုအရာကို မျှော်လင့်နေလေပြီ။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ကာ ကောင်းကင်ကြီး တဖြည်းဖြည်း မှောင်မိုက်လာခဲ့သည်။
ရှားချင်းယွဲ့ စကားမပြောသဖြင့် ဂိုဏ်းအသီးသီးမှ ဂိုဏ်းချုပ်များသည်လည်း စကားတစ်ခွန်းမျှ မပြောရဲဘဲ သူတို့၏မူလနေရာများတွင် နာခံရို့ကျိုးစွာ ထိုင်နေကြသည်။
လီမော့ မဟာဧကရာဇ်နယ်ပယ်သို့ အောင်မြင်စွာ မတက်လှမ်းမီ ရှားချင်းယွဲ့သည် အားအကောင်းဆုံး ဖြစ်နေဆဲဆိုသည်မှာ သံသယဝင်စရာ မရှိချေ။
သို့သော် သူတို့ နားမလည်နိုင် သို့မဟုတ် သဘောမပေါက်နိုင်သောအရာမှာ ရှားချင်းယွဲ့သည် တာအို ကောင်းကင်ဂိုဏ်းသို့ အပြေးအလွှား သွားရောက်ပြီး လီမော့ မဟာဧကရာဇ် ဖြစ်လာခြင်းမှ တားဆီးရန် အချိန်လုံလောက်စွာ ရှိနေသည်မှာ ရှင်းလင်းနေသော်လည်း မည်သည်ကြောင့် မည်သည့် လုပ်ရပ်မျှ မလုပ်ဆောင်ခဲ့သနည်း ဆိုသည်ပင်။
ကံကြမ္မာက သတ်မှတ်ထားပြီးဖြစ်သည်ကို မြင်သဖြင့် သူမသည် လွယ်လင့်တကူ လက်လျှော့လိုက်သလော...
"ကြည့်ရတာ သူ အောင်မြင်တော့မယ့်ပုံပဲ..."
ချန်ချင်းက ရုတ်တရက် ပြောလိုက်၏။
ရှားချင်းယွဲ့ မော့ကြည့်လိုက်ရာ သူမ၏ နတ်ဘုရားမျက်လုံးများ အသက်ဝင်လာသည်နှင့်အမျှ သူမ၏ မျက်လုံးအရောင် မသိမသာ ပြောင်းလဲသွားသည်။
မရေမတွက်နိုင်သော ကြယ်များအလား ကောင်းကင်တာအိုကံကြမ္မာများသည် တာအိုကောင်းကင်ဂိုဏ်းဆီသို့ စီးဆင်းသွားသည်ကို သူမ အမှန်တကယ် မြင်တွေ့ခဲ့သည်။
မကြာမီ ကောင်းကင်ကြည့်မှန်ထဲရှိ မြင်ကွင်း ရုတ်တရက် ပြောင်းလဲသွားသည်။ ဤသည်မှာ ညအချိန်ဖြစ်သည့်တိုင် ရုတ်တရက် နေ့လယ်ခင်းကဲ့သို့ လင်းထိန်သွားပြီး ကောင်းကင်ဘုံ သဘာဝလွန်ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာခဲ့လေ၏။ ဤသည်မှာ အရှေ့ဘက်မှ ခရမ်းရောင်ချီများ ထွက်ပေါ်လာခြင်းပင်။
"ကောင်းကင်ဘုံ သဘာဝလွန်ဖြစ်စဉ်တစ်ခုပဲ... ဆိုလိုတာက သူက မဟာဧကရာဇ်နယ်ပယ်ကို အောင်မြင်စွာ တက်လှမ်းတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ..."
တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် အံ့အားတသင့် ရေရွတ်လိုက်သည်။
တခြားသူများ မတုံ့ပြန်နိုင်မီ နောက်တခဏတွင် လီမော့၏နောက်၌ ထွက်ပေါ်လာသော မဟာဧကရာဇ် နတ်ဘုရား ရောင်ဝါစက်ဝန်းသည် အရာအားလုံးကို ရှင်းပြပြီး ဖြစ်လေ၏။
ထျန်းရွှမ်မဟာဧကရာဇ်အသစ် မွေးဖွားလာခဲ့လေပြီ။
လီမော့ မဟာဧကရာဇ်နယ်ပယ်သို့ တက်လှမ်းရန် ကူညီရာတွင် တာအိုကောင်းကင်ဂိုဏ်း၏ တပည့်များနှင့် အကြီးအကဲများသည် အမှန်တကယ်ကို များစွာစတေးခဲ့ကြသည်။ သူတို့၏ချီပင်လယ်များထဲတွင် သိမ်းဆည်းထားသော စိတ်ဝိညာဉ်စွမ်းအားများ လုံးလုံးလျားလျား ကုန်ခမ်းသွားခဲ့သည်။
ဆေးလုံးများ၏အကူအညီ မပါလျှင် ထိုစွမ်းအားများကို ပြန်လည်ဖြည့်တင်းရန် သူတို့သည် အနည်းဆုံး နှစ်ရက် သို့မဟုတ် သုံးရက်ခန့် အနားယူရပေမည်။
ကံကောင်းထောက်မစွာဖြင့် သူတို့၏ ကြိုးစားအားထုတ်မှုများသည် အလဟဿ မဖြစ်ခဲ့ချေ။ ယခုချိန်မှစ၍ တာအိုကောင်းကင်ဂိုဏ်းတွင် မဟာဧကရာဇ်တစ်ပါး ရှိလာလေပြီ။
အချိန်တခဏကြာမျှ ပြန်လည်ကုစားပြီးနောက် သူတို့သည် သူတို့၏ ကိုယ်ဟန်အနေအထားများကို အလျင်အမြန် ထိန်းညှိကာ ဒူးထောက်၍ အရိုအသေပြုလိုက်ကြ၏။
"မဟာဧကရာဇ်ကို အရိုအသေပြုပါတယ်..."
လူသောင်းနှင့်ချီ၍ တပြိုင်နက်တည်း ဂုဏ်ပြုပြီး ဦးညွှတ်လိုက်ကြရာ သူတို့၏အသံများမှာ အလွန် ကြီးကျယ်ခမ်းနားလွန်းသဖြင့် ကောင်းကင်ကိုပင် မှောက်လှန်လုနီးပါး ဖြစ်သွားခဲ့သည်။
လီမော့က ပြုံးလိုက်ပြီးနောက် ရယ်မောလိုက်ကာ ပို၍ပို၍ ထိန်းမနိုင်သိမ်းမရ ဖြစ်လာပြီး ပို၍ပို၍ မောက်မာလာသည်။
"အဲ့ဒီအဘိုးကြီးတွေက အချိန်အတော်ကြာတဲ့အထိ အချင်းချင်း အကြံအစည်တွေ လုပ်နေခဲ့ကြတာ... ဒါပေမဲ့ ဒီမဟာဧကရာဇ်နေရာကို နောက်ဆုံးတော့ ဒီ အညတရက... မဟုတ်ဘူး... ဒီဧကရာဇ်က ရရှိသွားပြီ.."
သူ စိတိကျေနပ်နေချိန်မှာပင် ကူးပြောင်းရေး တံခါး တစ်ခုက လီမော့၏ခေါင်းပေါ်တွင် ရုတ်တရက် ထွက်ပေါ်လာသည်။
လီမော့ မတုံ့ပြန်နိုင်မီ ကူးပြောင်းရေးတံခါးသည် သူ့အပေါ်သို့ ကျဆင်းလာပြီး သူ့ကို ခေါ်ဆောင်သွားခဲ့လေ၏။
တာအိုကောင်းကင်ဂိုဏ်းတပည့်များ၏ အပြုံးများ အေးခဲတောင့်တင်းသွားပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
'ငါတို့ရဲ့ မဟာဧကရာဇ် ဘယ်ရောက်သွားတာလဲ'
သူတို့ ထိုမေးခွန်းကို အမှန်တကယ် မေးလိုကြသည်။
ဂိုဏ်းတစ်ရာ မဟာမိတ်မှ လူများသည်လည်း အလားတူ ဇဝေဇဝါ ဖြစ်နေကြသည်။ ထိုကူးပြောင်းရေးတံခါးသည် မည်သည့်နေရာက ရောက်လာသနည်း။ ထို့ပြင် မည်သူမျှ မသိဘဲ မဟာဧကရာဇ် တစ်ပါးကို မည်သို့ အတင်းအကျပ် ခေါ်ဆောင်သွားနိုင်သနည်း။
ရုတ်ချည်းဆိုသလိုပင် သူတို့၏ရှုပ်ထွေးမှုများအားလုံး ဖြေရှင်းပြီးသား ဖြစ်သွားခဲ့သည်။ အကြောင်းအရင်းမှာ ဂိုဏ်းတစ်ရာ မဟာမိတ် ခန်းမအတွင်း၌ ကူးပြောင်းရေးတံခါးတစ်ခု ထွက်ပေါ်လာပြီး လူတစ်ယောက်သည် ထိုအရာထဲမှ ပစ်ချခံလိုက်ရသောကြောင့်ပင်။
သူ၏ အသွင်အပြင်ကို ဒုတိယအကြိမ် ကြည့်ရန် သို့မဟုတ် သေချာစွာ အတည်ပြုရန် မလိုအပ်ချေ။ သူသည် ယခုလေးတင် မဟာဧကရာဇ်နယ်ပယ်သို့ အောင်မြင်စွာ တက်လှမ်းခဲ့သော လီမော့ဖြစ်ကြောင်း သူတို့ ချက်ချင်း မှတ်မိနိုင်သည်။
လူတိုင်း ရုတ်တရက် နားလည်သွားကြ၏။ ရှားချင်းယွဲ့သည် လီမော့ကို ဝမ်ကျန်းမြို့ သို့ ခေါ်ဆောင်လာရန် ကူးပြောင်းရေးတံခါးကို အသုံးပြုခဲ့ခြင်းပင်။
သို့သော် လူတိုင်း၏စိတ်ထဲတွင် ပို၍ ကြီးမားသော မေးခွန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
လီမော့သည် စစ်မှန်သော မဟာဧကရာဇ် တစ်ပါး ဖြစ်ရာ ရှားချင်းယွဲ့သည် သူ့ကို ဤကဲ့သို့ နေရာမျိုးသို့ မည်သည်ကြောင့် ခေါ်ဆောင်လာခဲ့သနည်း ဆိုသည်ကို သူတို့ နားမလည်နိုင်ခဲ့ကြချေ။ ဤသည်မှာ သေလမ်းရှာနေခြင်း မဟုတ်လော။
လီမော့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ဤနေရာသည် ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့ရှိရာ ဝမ်ကျန်းမြို့ အမှန်တကယ် ဖြစ်နေကြောင်း လျှင်မြန်စွာ နားလည်သဘောပေါက်သွားသည်။
ထို့နောက် သူ၏မျက်လုံးအကြည့်သည် ရှားချင်းယွဲ့ထံသို့ လျင်မြန်စွာ ရောက်ရှိသွားပေ၏။ သူမသည် ထိုနေရာတွင် အားအကောင်းဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း သူ မြင်သောကြောင့် မဟုတ်ဘဲ တာအိုကောင်းကင်ဂိုဏ်း နှင့် သက်ဆိုင်သင့်သော မဟာမိတ်အဖွဲ့ ခေါင်းဆောင် ၏နေရာတွင် သူမ ထိုင်နေသောကြောင့်ပင်။
"မဟာဧကရာဇ်ကို မြင်တာတောင်... မင်းက ဘာလို့ ဦးမညွှတ်တာလဲ... မင်းက ဒီဧကရာဇ်ကို ဖီဆန်ဖို့ ရည်ရွယ်ထားလို့လား..."
လီမော့သည် လေထဲတွင် လွင့်မျောကာ အထက်စီးမှ ငုံ့ကြည့်ပြီး ပြောလိုက်စဉ် သူ၏နောက်တွင် မဟာဧကရာဇ် နတ်ဘုရားရောင်ဝါစက်ဝန်း ထွက်ပေါ်လာကာ ကောင်းကင်ယံရှိ ငွေရောင်လမင်းနှင့် ယှဉ်ပြိုင်နိုင်လောက်အောင် တောက်ပသော အလင်းတန်းများ ဖြာထွက်နေသည်။
မိုးကောင်းကင်တာအို သဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးထားသော ဂိုဏ်းများ၏ဂိုဏ်းချုပ် များသည် အချင်းချင်းကြည့်ကာ အလယ်တွင် ချောင်ပိတ်မိနေပြီး အကျပ်ရိုက်နေကြသည်။
ဤမဟာဧကရာဇ်ကို ဦးညွှတ်ခြင်းကလည်း မမှန်သလို ဦးမညွှတ်ခြင်းကလည်း မမှန်ချေ။
သို့သော် ထိုအချိန်တွင် ရှားချင်းယွဲ့က အံ့အားသင့်ဖွယ်ကောင်းသော စကားတစ်ခွန်းကို ပြောလိုက်သည်အား သူတို့ ကြားလိုက်ရသည်။
"ရှင့်ရဲ့ နောက်ဆုံးစကားတွေ ပြီးပြီလား..."
'နောက်ဆုံး စကားတွေ...'
လီမော့၏ပါးစပ် အနည်းငယ် မဲ့ရွဲ့သွားပြီး သူ၏စိတ်အတွင်းရှိ ဒေါသကို ဖုံးကွယ်ရန် အသည်းအသန် ကြိုးစားနေစဉ် သူ၏နဖူးပေါ်တွင် သွေးကြောများ ထောင်ထလာသည်။
မဟာဧကရာဇ် တစ်ပါးအနေဖြင့် သူ၏ စိတ်ခံစားမှုများကို မျက်နှာပေါ်တွင် ဘယ်လိုလုပ် အလွယ်တကူ ပြသနိုင်မည်နည်း။
သို့သော် ဤအရာက ရှားချင်းယွဲ့အပေါ် ထားရှိသော သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ ပြင်းထန်မှုကို မဟန့်တားနိုင်ခဲ့ချေ။
ချန်ချင်းသည် ဤစကားကို ကြားသောအခါ တခြားသူများကို အလားတူ မေးခွန်းမျိုး ယခင်က သူ မေးခဲ့ဖူးကြောင်း ရှင်းလင်းစွာ မှတ်မိနေသည်။
"ဒါက မင်းရဲ့ နောက်ဆုံး စကားတွေလား..."
လီမော့က ပြန်လည်ချေပလိုက်ပေသည်။
ထိုကဲ့သို့ အဖြေကို ကြားသောအခါ ရှားချင်းယွဲ့သည် နောက်ထပ် စကားမပြောတော့ချေ။ သူမ၏လက်ကို မြှောက်လိုက်ရာ ကျန်းတစ်ရာရှိသော ရေခဲကြာပန်း တစ်ပွင့် ဖြစ်ပေါ်လာပြီး လီမော့၏ခေါင်းပေါ်တွင် ထွက်ပေါ်လာပေ၏။
ထိုရေခဲကြာပန်း ကျဆင်းလာသည်နှင့် နံဘေးမှ ကြည့်နေသူများပင် သူတို့၏ခန္ဓာကိုယ်များပေါ်တွင် ရေခဲလွှာ ပါးပါးလေးတစ်ခု ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရသည်။
ပြင်းထန်သော အအေးဓာတ်က နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
လီမော့ပင်လျှင် အရိုးထဲထိ စိမ့်ဝင်သွားမည့် အအေးဒဏ်ကို ခံစားလိုက်ရသည်။
ဤသည်မှာ သူ ယခင်က တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသော အအေးဒဏ်ပင်။
တစ်ချိန်တည်းမှာပင် သူ၏တစ်ကိုယ်လုံးတွင် ကြက်သီးများထလာပြီး သူ၏အသွေးအသား တစ်လက်မတိုင်းက ဤအရာကို အလေးအနက်ထားရန် လီမော့အား သတိပေးနေသည့်အလားပင်။ ထိုသို့မဟုတ်ပါက ရလဒ်တစ်ခုတည်းသာ ရှိနေပြီး ဤသည်မှာ သေခြင်းတရားပင်။
သူက တည်ငြိမ်ဟန်ဆောင်ကာ ခပ်အုပ်အုပ် ရယ်မောလိုက်၏။
"ဒီလို အသေးအဖွဲ လှည့်ကွက်လေးနဲ့တော့... ဒီဧကရာဇ်ကို မင်း ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး..."
သူသည် လက်ဆန့်တန်းကာ ဓားတစ်လက်ကို ဆွဲထုတ်လိုက်ပြီး လခြမ်းပုံဓားချီတစ်ခုကို ထုတ်လွှတ်လိုက်ရာ ထိုအရာမှာ မီတာဒါဇင်ပေါင်းများစွာ ရှည်လျားသည်။
ရှားချင်းယွဲ့၏ ရေခဲကြာပန်းတိုက်ခိုက်မှုကို ချိုးဖျက်ရန်အတွက် ဤဓားလှုပ်ရှားမှုကို အသုံးပြုရန် သူ ရည်ရွယ်ခဲ့သည်။
ရလဒ်မှာ ဓားချီသည် ရေခဲကြာပန်းကို ထိရန် သို့မဟုတ် တိုက်ရိုက်ယှဉ်ပြိုင်ရန်ပင် အချိန်မရလိုက်ဘဲ အေးခဲပြီး အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားခြင်းပင်။
'ဓားချီကိုတောင် အေးခဲသွားစေနိုင်တာလား...'
လီမော့ အလွန်အမင်း ထိတ်လန့်သွားပေ၏။
သူ၏အန္တရာယ် အာရုံခံစားမှု မြင့်တက်လာခဲ့သည်။ သူသည် တခြားလှုပ်ရှားမှုများကို အသုံးပြုချင်သော်လည်း သူ၏ခန္ဓာကိုယ်က မနာခံတော့ကြောင်း သူ တွေ့ရှိလိုက်ရသည်။
သူ ငုံ့ကြည့်ရန် ကြိုးစားလိုက်ရာ သူ၏လည်ပင်း၊ ခန္ဓာကိုယ်နှင့် ခြေလက်များသည် အေးစက်သော ချီ များကြောင့် လုံးဝအေးခဲသွားပြီဖြစ်ပြီး သူ၏ သွေးကြောများထဲသို့ ထိုးဖောက်ဝင်ရောက်ကာ သူ၏ ရိုးတွင်းခြင်ဆီအထိ ရောက်ရှိသွားကြောင်း ရုတ်တရက် နားလည်သဘောပေါက်သွားတော့သည်။
"ဒါ... ဒါက မဟုတ်သေးဘူး... ဒီဧကရာဇ်က မဟာဧကရာဇ် တစ်ပါးပဲ... ဒီဧကရာဇ်က မဟာဧကရာဇ် တစ်ပါးပဲ..."
ရေခဲကြာပန်း ပွင့်ဖတ်များ ပွင့်လန်းလာသည်နှင့်အမျှ ယခုချိန်တွင် မဟာဧကရာဇ်တစ်ပါးဖြစ်သည့်တိုင် လီမော့သည် ရူးသွပ်စွာ အော်ဟစ်ရန်သာ တတ်နိုင်တော့သည်။
ရေခဲကြာပန်းသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ဝါးမြိုသွားပြီးနောက် ပွင့်ဖတ်များကိုပိတ်ကာ လှောင်ချိုင့်တစ်ခုအဖြစ် ပြောင်းလဲသွားသည်အား လူတိုင်း မျက်မြင်တွေ့ရှိလိုက်ရသည်။