အခန်း ၁၁၈
Vol. 12 Ch. 118
အခန်း (၁၁၈) တက်ရောက်စာရင်းသွင်းရန်... ကျရှုံးပါသည်
ကြာပန်း လုံးဝပိတ်သွားသောအခါ ကြည်လင်သောရေခဲကြာပန်း၏ အလယ်ဗဟိုတွင်ရှိနေသော ဧကရာဇ် လီမော့သည် ကာကွယ်ရေး အနေအထားကို ထိန်းသိမ်းထားဆဲဖြစ်ပြီး သူ၏မျက်နှာတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။
ဤမြင်ကွင်းက လူတိုင်းကို ယူဆောင်လာပေးသောစိတ်ပိုင်းဆိုင်ရာရိုက်ခတ်မှုသည် လောကကြီး ပျက်စီးသွားခြင်းထက် မလျော့နည်းချေ။
သူတို့၏ နားလည်မှုအရ ဧကရာဇ်လမ်းစဉ်သည် ပြိုင်ဘက်ကင်း လမ်းစဉ်တစ်ခုဖြစ်ပြီး ဧကရာဇ် တစ်ပါး ဖြစ်လာခြင်းသည် ပြိုင်ဘက်ကင်းစွမ်းအားကို ပိုင်ဆိုင်ခြင်းဖြစ်သည်ဟု သူတို့ အခိုင်အမာ ယုံကြည်ခဲ့ကြသည်။
သို့သော် လီမော့၏ထွက်ပေါ်လာမှုက သူတို့ အားလုံးကို ပြင်းပြင်းထန်ထန် ပါးရိုက်လိုက်ပြီး ဧကရာဇ် တစ်ပါးအနေဖြင့်ပင် လှုပ်ရှားမှု တစ်ချက်တည်းဖြင့် ချက်ချင်းအသတ်ခံရနိုင်ခြေ ရှိသေးကြောင်း အမှန်တရားများဖြင့် ရှင်းလင်းစွာ ပြောပြလိုက်၏။
"ဧကရာဇ် အသစ်က... သေသွားပြီလား... သူ သေသွားပြီလား..."
"သူ့ဆီက ဘယ်လို သက်ရှိအငွေ့အသက်ကိုမှ ငါ အာရုံမခံနိုင်တော့ဘူး... သူ တကယ် သေသွားပြီပဲ..."
"အဲ့ဒီအမျိုးသမီးရဲ့ စွမ်းအားက အရမ်းကြီးမားလွန်းလို့... ဧကရာဇ်အဆင့် ကျွမ်းကျင်သူတောင်မှ သူ့ရဲ့ပြိုင်ဘက် မဟုတ်တော့ဘူးလား..."
"ပြိုင်ဘက်... ဟုတ်လား... အဲ့ဒီလူက သူ့ရဲ့ ပြိုင်ဘက်လို့ ခေါ်ဖို့ အရည်အချင်း ပြည့်မီတယ်လို့ မင်း သေချာလို့လား..."
"ဧကရာဇ် တစ်ပါးနဲ့ သရေကျအောင် တိုက်ခိုက်နိုင်တာကကို စိတ်ကူးယဉ်လို့ မရနိုင်လောက်အောင် ဖြစ်နေပြီ... ဧကရာဇ်တစ်ပါးကို တစ်ဖက်သတ် ဖိနှိပ် သတ်ဖြတ်နိုင်တယ် ဆိုတာက... သူက ဘယ်သူမှ မဝင်ဖူးသေးတဲ့ နယ်ပယ်သစ်တစ်ခုထဲကို ခြေချလိုက်ပြီ ဆိုတဲ့ အဓိပ္ပာယ် မဟုတ်လား..."
ဤစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ထိုအရာသည် လူတိုင်းကို ဥာဏ်အလင်းပွင့်သွားစေခဲ့သည်။
ရှားချင်းယွဲ့သည် ဧကရာဇ် နတ်ဘုရား ရောင်ဝါစက်ဝန်းကို မည်သည်ကြောင့် ပြသနိုင်သနည်း ဆိုသည်နှင့် သူမ ထိုသို့ ပြုလုပ်ပြီးနောက်တွင်ပင် လီမော့က ဧကရာဇ်လမ်းစဉ်သို့ အဘယ်ကြောင့် အောင်မြင်စွာ တက်လှမ်းနိုင်သေးသနည်း ဆိုသည်ကို သူတို့ ရုတ်တရက် နားလည်သွားခဲ့ကြသည်။
သူမ၏ စွမ်းအားကို 'ဧကရာဇ် ' ဟူသော စကားလုံးဖြင့် ရိုးရှင်းစွာ ဖော်ပြ၍ မရနိုင်တော့ချေ။
အကယ်၍ သူမက ခွင့်မပြုပါက ထိုနေရာသည် လွတ်နေလျှင်ပင် ဤလောကတွင် ဧကရာဇ်များ နောက်ထပ်ရှိတော့မည် မဟုတ်ချေ။
ရှားချင်းယွဲ့သည် သာမန်လူမှ အင်မော်တယ်အဖြစ်သို့ ပြောင်းလဲသွားပြီး အင်မော်တယ်နယ်ပယ်သို့ ခြေချသွားပြီဟု သူတို့ မယုံကြည်ဘဲနေရန် ခက်ခဲလှသည်။
မိုးကောင်းကင်တာအို သဘောတူညီချက်စာချုပ် မရှိလျှင်ပင် သူတို့သည် အရာအားလုံးကို နားလည်ပြီးနောက် သစ္စာဖောက်ရန် သို့မဟုတ် မနာခံရန် မည်သည့် အတွေးမျိုးကိုမျှ မမွေးမြူရဲတော့ချေ။
ထို့နောက် ချန်ချင်းသည် လက်ကို ဝှေ့ယမ်းကာ ကူးပြောင်းရေးတံခါးတစ်ခုကို ဖွင့်လိုက်ပြီး ရေခဲကြာပန်းနှင့် လီမော့၏အလောင်းကို လာရာလမ်းသို့ ပြန်ပို့လိုက်၏။
ဂိုဏ်းရင်ပြင်တွင် ပလ္လင်ခွေထိုင်နေကြသော အကြီးအကဲများနှင့်တပည့်များသည် သူတို့၏ချီများကို လျင်မြန်စွာ စုပ်ယူပြီး ပြန်လည်ကောင်းမွန်အောင် ပြုလုပ်နေဆဲပင်။
ရင်းနှီးသော ကူးပြောင်းရေးတံခါးက သူတို့၏ ခေါင်းပေါ်တွင် ပွင့်လာသည်ကို မျက်မြင်တွေ့ရှိပြီးနောက် လီမော့သည် သူတို့၏ဂိုဏ်းချုပ်ကို သတ်ခဲ့သော လူသတ်သမားကို ကိုင်တွယ်ပြီး ပြန်လာပြီဖြစ်ကာ တာအို ကောင်းကင်ဂိုဏ်းတစ်ခုလုံးကို ပြိုင်ဘက်ကင်း လွှမ်းမိုးသူတစ်ဦး၏ လမ်းကြောင်းပေါ်သို့ ဦးဆောင်နိုင်တော့မည်ဟု သူတို့ ထင်မှတ်ခဲ့ကြသည်။
သို့သော် သူတို့သည် အဖြေမှန်၏တစ်ဝက်ကိုသာ မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သည်။
လီမော့ အမှန်တကယ် ပြန်လာခဲ့သော်လည်း ပြန်လာသောအရာမှာ အေးစက်နေသော အလောင်းတစ်လောင်းသာ ဖြစ်လေ၏။
ပြိုင်ဘက်ကင်း လွှမ်းမိုးသူရဲ့ လမ်းကြောင်းကို လျှောက်လှမ်းမယ်... ဟုတ်လား...
တာအိုကောင်းကင်ဂိုဏ်းသည် ခေါင်းမာမာဖြင့် ဆက်နေရန်နှင့် ချန်ချင်း၊ရှားချင်းယွဲ့တို့၏ ရန်သူများအဖြစ် ဆက်လက် တည်ရှိနေရန် ဆုံးဖြတ်လိုက်သည့် အခိုက်အတန့်တွင် 'အနာဂတ်' ဟူသော စကားလုံးမှာ ပြတ်တောက်သွားခဲ့လေပြီ။
ရေခဲကြာပန်းသည် မြေကြီးပေါ်သို့ ကျလာပြီး ပြင်းထန်သော အေးစက်သည့်ချီများသည် တာအို ကောင်းကင်ဂိုဏ်းတစ်ဂိုဏ်းလုံးနှင့် ထိုနယ်မြေအတွင်းရှိ သက်ရှိများအားလုံးကို ချက်ချင်းအေးခဲသွားစေသည်။
ယခုမှစ၍ တာအိုကောင်းကင်ဂိုဏ်းဟူသော အမည်သည် ထျန်းရွှမ်ကုန်းမြေမှ လုံးဝဖယ်ရှားခံလိုက်ရပြီး တည်ရှိခြင်း မရှိတော့ချေ။
ဤမြင်ကွင်းကို ဂိုဏ်းတစ်ရာ မဟာမိတ်၏ အဖွဲ့ဝင် အားလုံးကလည်း ကောင်းကင်ကြည့်မှန်မှတဆင့် ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။
ကောင်းကင်ကြည့်မှန် ပျောက်ကွယ်သွားပြီး လူတိုင်း တုံ့ပြန်နိုင်ချိန်တွင် ချန်ချင်းနှင့်ရှားချင်းယွဲ့တို့လည်း ပျောက်ကွယ်သွားခဲ့လေပြီ။
သူတို့ ထိုနေရာတွင် မရှိတော့သော်လည်း သူတို့ ယူဆောင်လာခဲ့သော ကြောက်ရွံ့မှုနှင့် တုန်လှုပ်မှုများသည် အနည်းငယ်မျှ လျော့ပါးမသွားဘဲ ဆက်လက်၍ မြင့်တက်နေသည်။
"အင်မော်တယ် ... ဒီလောကမှာ သူ့ထက် မသေမျိုး လို့ ခေါ်ဆိုခံရဖို့ ပိုပြီးအရည်အချင်း ပြည့်မီတဲ့သူ မရှိလောက်ဘူး..."
"ဂိုဏ်းတစ်ရာမဟာမိတ်မှာ အားအကောင်းဆုံး ဂိုဏ်းက သူက အတွေးတစ်ချက်တည်းနဲ့ အလွယ်တကူ ဖျက်ဆီးနိုင်တဲ့ အားနည်းသူ တစ်ယောက်ထက် မပိုဘူး..."
"ကံကောင်းလို့ ငါတို့က အရင်က သူရဲ့ ရန်သူတွေ မဖြစ်ခဲ့တာ... မဟုတ်ရင်... အခုအချိန်လောက်ဆို ငါတို့လည်း ရေခဲရုပ်ထုတွေ ဖြစ်နေလောက်ပြီ..."
အံ့အားတသင့်ရေရွတ်သံများ ဆက်လက်၍ထွက်ပေါ်နေသည်။ အထက်ဘုံရှိ ဤထင်ရှားသော ပုဂ္ဂိုလ်များ အားလုံး၏ မျက်နှာများပေါ်တွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ကျန်ရှိနေဆဲပင်။
တစ်ချိန်တည်းမှာပင် ဧကရာဇ်အသစ် မွေးဖွားခြင်းနှင့် သေဆုံးခြင်း သတင်းများသည် သေချာပေါက် ပျံ့နှံ့သွားပေမည်။
တစ်ဆင့်စကားတစ်ဆင့်နားနှင့် ကျင့်ကြံခြင်းလောကသတင်းအင်အားစုနှင့် ထျန်းကျီခန်းမဆောင်ကဲ့သို့ ထောက်လှမ်းရေးအဖွဲ့အစည်းများ၏ မြှင့်တင်မှုများမှတစ်ဆင့် ဤကိစ္စကို လူပို၍များများ သိရှိလာကြသည်။
ဂိုဏ်းတစ်ရာ မဟာမိတ် ပြင်ပရှိ ဂိုဏ်းများမှ ဂိုဏ်းချုပ် များစွာသည် ဤကိစ္စကို သိရှိပြီးနောက် အိပ်ယာထဲမှ ချက်ချင်းထကာ အကြီးအကဲများကို ဆင့်ခေါ်ရန် လူများ စေလွှတ်ပြီး အရေးပေါ် ဂိုဏ်းအစည်းအဝေးတစ်ခုကို ကျင်းပခဲ့ကြပေ၏။
ဧကရာဇ် အဆင့် ကျွမ်းကျင်သူတစ်ဦးကို လွယ်လင့်တကူ သတ်ပစ်နိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုတစ်ခုဖြစ်သော ရှားချင်းယွဲ့ကို မည်သို့ ကိုင်တွယ်ရမည်အား သူတို့ ဆွေးနွေးခဲ့ကြသည်။
သူတို့သည် သူမကို အနိုင်မယူနိုင်သဖြင့် ဂိုဏ်းတစ်ရာ မဟာမိတ်သို့ ဝင်ရောက်ပြီး ရှားချင်းယွဲ့အား သစ္စာခံခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်လာခဲ့သည်။
ဂိုဏ်းအသီးသီးသည် သူတို့၏ မူလမဟာမိတ်အဖွဲ့ များမှ နုတ်ထွက်ရန် အဆက်မပြတ် ရွေးချယ်ခဲ့ကြပြီး သူတို့၏ဂိုဏ်းချုပ်များသည် လျှောက်လွှာတင်သွင်းရန်အတွက် ဂိုဏ်းတစ်ရာမဟာမိတ်သို့ ညတွင်းချင်း ထွက်ခွာသွားတော့သည်။
သူတို့၏အမြင်အရ ဂိုဏ်းတစ်ရာ မဟာမိတ်သို့ ဝင်ရောက်ခြင်းသည် အသက်ရှင်သန်ရန် အခွင့်အရေး တစ်ခုရရှိခြင်းနှင့် ညီမျှလေ၏။
ဧကရာဇ် တစ်ပါးပင်လျှင် ပြိုင်ဘက် မဟုတ်ပါက ခြေလှမ်းတစ်ဝက် ဧကရာဇ် များဖြစ်သော သူတို့ကိုမူ ဆိုဖွယ်ရာပင် မရှိတော့ချေ။ ဂိုဏ်းတစ်ဂိုဏ်းလုံးကို စတေးလိုက်ရင်ပင် အသေအပျောက် နည်းနည်းပိုများသွားရုံသာ ရှိပေမည်။
အကြွင်းမဲ့စွမ်းအားကို ရင်ဆိုင်ရချိန်၌ လူအများစုသည် ဆင်ခြင်တုံတရားဖြင့် တွေးတောမှုကို ထိန်းသိမ်းထားနိုင်ကြသည်။
'အားကြီးသူကို လေးစားသည်' ဟူသော သဘောတရားကို လူတိုင်း သိထားကြသည်။
ရှားချင်းယွဲ့၏ ဧကရာဇ် လမ်းစဉ်သည်လည်း တစတစ ပို၍ကျယ်ပြန့်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် တာ့မန်တောင်တန်း၌...
တစ်ရက်တိတိ မနားမနေ ကြိုးစားအားထုတ်ပြီးနောက် ယဲ့ဖုန်းသည် နောက်ဆုံးတွင် သူ၏ ကျင့်ကြံခြင်းကို ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် တတိယအဆင့်သို့ မြှင့်တင်နိုင်ခဲ့သည်။
ဤသည်မှာ သံသယဝင်စရာမလိုဘဲ သူ့အတွက် ဂုဏ်ပြုထိုက်သော သတင်းကောင်းတစ်ခုပင်။
သူသည် မျက်လုံးများကို ဖွင့်ကာ သူ၏ချီများကို တည်ငြိမ်စေပြီး အချိန်မီ အသစ်ပြန်ဖြစ်နသော နေ့စဉ်တက်ရောက်စာရင်းသွင်းခြင်း ရွေးချယ်ခွင့်ကို ကြည့်လိုက်၏။
ယဲ့ဖုန်းသည် ဤအချိန်တွင် သူ၏ကံကောင်းမှုအပေါ် အပြည့်အဝ ယုံကြည်မှု ရှိနေခဲ့သည်။
[နေ့စဉ်တက်ရောက်စာရင်းသွင်းခြင်းကို ပြုလုပ်လိုပါသလား...]
[ပြုလုပ်မယ်...]
သူသည် တွေဝေတုံ့ဆိုင်းမှုမရှိဘဲ နှိပ်လိုက်၏။
[နေ့စဉ်တက်ရောက်စာရင်းသွင်းခြင်း ကို ပြုလုပ်နေပါသည်...]
[နေ့စဉ် တက်ရောက်စာရင်းသွင်းခြင်း ... တက်ရောက်စာရင်းသွင်းခြင်းနေပါသည်...]
"ဟင်..."
ယဲ့ဖုန်း၏မျက်နှာပေါ်ရှိ အပြုံး ပျောက်ကွယ်သွားသည်။ ဤစနစ်သည် အနည်းငယ် မှားယွင်းနေပုံ ရလေ၏။
[နေ့စဉ်တက်ရောက်စာရင်းသွင်းခြင်း အောင်မြင်ပါသည်...]
ဤစကားလုံးများကို မြင်လိုက်ရသောအခါ ထိုအရာမှာ ယာယီစနစ် အမှားအယွင်းတစ်ခုသာ ဖြစ်သည်ဟု တွေးတောကာ ယဲ့ဖုန်း သက်ပြင်းမချနိုင်မီမှာပင် စနစ်မျက်နှာပြင်သည် မှိတ်တုတ်မှိတ်တုတ် ဖြစ်လာပြီး တည်ငြိမ်မှု မရှိတော့သည်ကို သူ မြင်တွေ့လိုက်ရသည်။
နောက်ဆုံးတွင် ထိုအရာသည် ပြန်လည်ကောင်းမွန်လာပြီးနောက် မျက်နှာပြင်ပေါ်တွင် ပေါ်လာသော စာကြောင်းက သူ့ကို အလွန်အမင်း စိတ်လေးလံပြီး စိတ်ရှုပ်ထွေးသွားစေသည်။
[နေ့စဉ်တက်ရောက်စာရင်းသွင်းခြင်း အောင်မြင်ပါသည်... ဆုလာဘ်ဖြန့်ဝေမှု ကျရှုံးပါသည်...]
ယဲ့ဖုန်း အချိန်အတော်ကြာ ယူလိုက်ရပြီးနောက် မေးခွန်းထုတ်လိုက်သည်။
"'ဆုလာဘ် ဖြန့်ဝေမှု ကျရှုံးပါသည်' ဆိုတာက ဘာသောက်ချိုးလဲ... တက်ရောက်စာရင်းသွင်းတာ အောင်မြင်တယ်လို့ ရှင်းရှင်းလင်းလင်း ရေးထားတာကို... ဘာလို့ ဆုလာဘ်ဖြန့်ဝေမှုက ကျရှုံးရတာလဲ..."
သူ နားမလည်ခဲ့ချေ။ သူ အမှန်တကယ်ကို နားမလည်ခဲ့ပါချေ။
ထိုအရာမှာ ယာယီစနစ်အမှားအယွင်း သို့မဟုတ် ချို့ယွင်းချက် တစ်ခုသာ ဖြစ်မည်ဟု သူ ထင်ပြီး အချိန်အနည်းငယ် ပေးလိုက်ပါက အလိုအလျောက် ပြင်ဆင်သွားလိမ့်မည်ဟု တွေးတောလိုက်သည်။
ဤအတွေးဖြင့် ယဲ့ဖုန်းသည် သူ၏ကျင့်ကြံခြင်း အခြေအနေသို့ ဆက်လက်၍ ဝင်ရောက်သွားသည်။
အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာခန့် ကြာမြင့်ပြီးနောက်...
ယဲ့ဖုန်းသည် သူ၏မျက်လုံးများကို ဖွင့်ကာ စနစ်မျက်နှာပြင်ကို ဆင့်ခေါ်လိုက်သော်လည်း ထိုအရာပေါ်တွင် ပြသထားသော အကြောင်းအရာမှာ ပြောင်းလဲခြင်း မရှိချေ။
[နေ့စဉ် အကောင့်ဝင်ခြင်း အောင်မြင်ပါသည်... ဆုလာဘ်ဖြန့်ဝေမှု ကျရှုံးပါသည်...]
ထိုအရာမှလွဲ၍ ယဲ့ဖုန်းသည် တခြားမည်သည့် လုပ်ဆောင်ချက်ကိုမျှ မလုပ်ဆောင်နိုင်ခဲ့ချေ။ စနစ်သည် သူ့ကို တက်ရောက်စာရင်းသွင်းရန် အခွင့်အရေး တစ်ခုအတွက် လျော်ကြေးပေးရန် ရည်ရွယ်ချက် မရှိသည်မှာ သိသာရှင်းလင်းသည်။
ထို့နောက် ယဲ့ဖုန်းသည် သူ၏ကျင့်ကြံခြင်း အခြေအနေမှ အကြိမ်ကြိမ် အဝင်အထွက် ပြုလုပ်ကာ စနစ်မျက်နှာပြင်ကို ဖွင့်လိုက်၏။
သို့သော် ရလဒ်မှာ ပြောင်းလဲမသွားခဲ့ချေ။
ဒုတိယနေ့တွင် နေ့စဉ်အကောင့်ဝင်ခြင်း အကြိမ်အရေအတွက် ပြန်အသစ်ဖြစ်လာသည့်အချိန်အထိ ဤအတိုင်း ဆက်ဖြစ်နေခဲ့ပြီး တစ်ခုခု ထူးခြားနေခဲ့သည်။
သူ ပျော်ရွှင်နေလား...
အနည်းဆုံးအနေဖြင့် ယဲ့ဖုန်း မပြုံးနိုင်ခဲ့ချေ။
သူ ဘာလို့ မပြုံးနိုင်တာလဲ...
အကြောင်းအရင်းမှာ စနစ်သည် သူ၏ တက်ရောက်စာရင်းသွင်းရန် အခွင့်အရေး တစ်ခုကို ဝါးမျိုသွားပြီး မည်သည့်လျော်ကြေးမျှ မပေးဘဲ ဘာမှမဖြစ်ခဲ့သကဲ့သို့ ပြုမူနေသောကြောင့်ပင်။
သူ ကျိန်ဆဲနေရုံဖြင့် မည်သည့် ပြဿနာကိုမျှ မဖြေရှင်းနိုင်ချေ။
ယဲ့ဖုန်းသည် သက်ပြင်းသာ ချနိုင်ပြီး ခါးသီးသော ဆေးတစ်ခွက်ကို မျိုချရသကဲ့သို့ သဘောထားကာ အတင်းအကြပ် သည်းခံလိုက်ရသည်။
သူ တခြားမည်သည့်အရာကိုမျှ လုပ်ဆောင်၍မရသဖြင့် ဆက်လက်ပြီး တက်ရောက်စာရင်းသွင်းရုံသာ တတ်နိုင်တော့သည်။
ဤတစ်ကြိမ်တွင် အမှားအယွင်းများ မရှိတော့ရန်သာ သူ မျှော်လင့်နိုင်တော့သည်။
သူက တက်ရောက်စာရင်းသွင်းရန်ကို နှိပ်လိုက်၏။
[နေ့စဉ် တက်ရောက်စာရင်းသွင်းခြင်းကို ပြုလုပ်နေပါသည်...]
[နေ့စဉ် တက်ရောက်စာရင်းသွင်းခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျင့်ကြံခြင်း အတွေ့အကြုံ လက်ဆောင်ထုပ်တစ်ခုကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်... အိမ်ရှင့်ရဲ့ လက်ရှိ ကျင့်ကြံခြင်းကို ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် ပဉ္စမအဆင့်သို့ မြှင့်တင်ပေးလိုက်ပါပြီ...]
သူသည် အဆင့်ငယ်နှစ်ခုသာ တက်လှမ်းနိုင်ခဲ့သော်လည်း စနစ်သည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီး သူ၏ ဆုလာဘ်ကို ဝါးမျိုမသွားကြောင်း အတည်ပြုပြီးနောက် ယဲ့ဖုန်းသည် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်၏။
စနစ်သည် အကြောင်းပြချက် မရှိဘဲ ဆုလာဘ်များ ဖြန့်ဝေရန် မည်သည်ကြောင့် ကျရှုံးရသနည်း ဆိုသည်ကိုမူ သူ နားမလည်နိုင်သေးချေ။