အခန်း ၉၃
Vol. 10 Ch. 93
အခန်း (၉၃) - မဟာအလင်းမြတ်စွာဘုရား (၁)
ဤရွှေရောင်အလင်းတန်းကို မြင်တွေ့ရသူတိုင်း လက်အုပ်ချီကာ မချီးမွမ်းဘဲ မနေနိုင်ကြတော့ချေ။
“နမော အမိတာဘ၊ လောကအရှင်သခင် မဟာအလင်းမြတ်စွာဘုရားကို ရှိခိုးဦးညွှတ်ပါ၏”
ဤအခိုက်အတန့်မှာပင် မျှော်လင့်မထားသော အရာတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။ မဟာအလင်းမြတ်စွာဘုရားထံမှ သတ်ဖြတ်လိုသော အငွေ့အသက်တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခြင်းပင်။
ထို့အပြင် ဤသတ်ဖြတ်လိုသော အငွေ့အသက်က ယုံကြည်နိုင်စရာမရှိလောက်အောင် အလွန်ပြင်းထန်လှသည်။
မျက်စိတစ်မှိတ်အတွင်း ဘုရားရှင်၏ အလင်းရောင်အောက်ရှိ သက်ရှိအားလုံး ပြင်းထန်စွာ တုန်ယင်သွားသည်။
ဘေးရှိ ဗောဓိသတ္တတစ်ပါးက သိချင်စိတ်ဖြင့် မေးမြန်းလာသည်။
“လောကအရှင်သခင်၊ ဘာဖြစ်သွားတာလဲ။ အရှင့်ကို ဒီလောက်ကြီးမားတဲ့ စိတ်ခံစားချက်မျိုး ဖြစ်ပေါ်လာပို့ ဘယ်အရာက တွန်းအားပေးလိုက်တာများလဲ”
မဟာအလင်းမြတ်စွာဘုရားက ကောင်းကင်နှင့် မြေပြင်ကို ထိုးထွင်းမြင်နိုင်သည့်အလား အဝေးဆီသို့ လှမ်းမျှော်ကြည့်လိုက်၏။
အကြည့်တစ်ချက်က မိုင်သန်းရာချီဝေးကွာသော တောင်တန်းများကို ဖြတ်သန်းသွားသည်။
“အမိတာဘ၊ အဝေးတစ်နေရာမှာ ဘုရားသားတော်တွေကို တစ်စုံတစ်ယောက်က သတ်ဖြတ်နေတာကို ငါအရှင် မြင်တွေ့လိုက်ရတယ်”
ဗောဓိသတ္တ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် အေးစက်သွားတော့သည်။
“ဘယ်သူက ဒီလောက်တောင် ရဲတင်းနေရတာလဲ။ ငါတို့ ဗုဒ္ဓတပည့်တွေကို သတ်ဖြတ်ရဲတယ်ပေါ့၊ သူက အသက်ရှင်ရတာ ငြီးငွေ့နေပြီလား”
အခြား ရွှေရောင်ဘုရားငယ်တစ်ပါးကလည်း ဝင်ရောက်ကြိမ်းမောင်းလာသည်။
“ဒီလူယုတ်မာက ဒီလိုမျိုး လုပ်ရဲတယ်ပေါ့၊ လောကအရှင်သခင်၊ သူ့ကို ဖမ်းဆီးပြီး အရှင်သခင်ကိုယ်တိုင် အရေးယူနိုင်ဖို့အတွက် ပြန်ခေါ်လာခွင့်ပြုပါ”
မဟာအလင်းမြတ်စွာဘုရားက ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပြီ။ ဒီလိုမှတော့ ပူဇော်ခြင်းဘုရားနဲ့ တောင်စဉ်ဖိနှိပ်ခြင်းဘုရားတို့က ရဟန္တာနှစ်ရာကို ဦးဆောင်ပြီး သူ့ကို အရှင်ဖမ်းလာခဲ့ကြ”
“လောကအရှင်သခင်ရဲ့ အမိန့်တော်ကို နာခံပါ့မယ်”
အမိန့်တော်ကို ခံယူပြီးနောက် မြတ်စွာဘုရားနှစ်ပါးက ရဟန္တာများကို ဦးဆောင်ကာ ချက်ချင်းထွက်ခွာသွားကြသည်။
သူတို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း မဟာအလင်းမြတ်စွာဘုရားက ထပ်မံ မိန့်ဆိုလာသည်။
“အမိတာဘ၊ ကောင်းကင်ကံကြမ္မာက ပြောင်းလဲသွားပြီ။ လောကဧကရာဇ်အတွက်တိုက်ပွဲက မကြာခင် စတင်တော့မယ်ထင်တယ်၊ ဒီတစ်ကြိမ်မှာ ငါတို့ ဗုဒ္ဓဂိုဏ်းက ဘာပဲဖြစ်ဖြစ် လောကဧကရာဇ်အဖြစ်နဲ့ ဒီကမ္ဘာကြီးကို အပြည့်အဝ ထိန်းချုပ်နိုင်ရမယ်”
“အဲ့ဒီအချိန်ကျရင် ဒီကမ္ဘာ့ဆန္ဒက ငါအရှင်ရဲ့ အမိန့်တွေကို အပြည့်အဝ နာခံလာပြီး လူတိုင်းက ဗုဒ္ဓတရားတော်တွေကို ကျင့်ကြံကြလိမ့်မယ်၊ အဲ့ဒီလိုသာ ဖြစ်လာရင် ငါတို့ဂိုဏ်းက သေချာပေါက် ကြီးပွားတိုးတက်လာမှာပဲ”
“အမိတာဘ။ လောကအရှင်သခင်ရဲ့ ဉာဏ်ပညာက ဒီလောကမှာ ပြိုင်ဘက်ကင်းပါပဲ”
နတ်ဘုရားများနှင့် ဘုရားငယ်များအားလုံးက လက်အုပ်ချီကာ ရိုသေစွာဖြင့် ချီးမွမ်းလိုက်ကြသည်။
ကျိုးရီသည်လည်း တစ်စုံတစ်ရာကို ဝေဝါးဝါးအာရုံခံမိသွားပြီး အနောက်ဘက်ကမ္ဘာဆီသို့ လှမ်းမျှော်ကြည့်လိုက်သည်။
“အနောက်ဘက်က တစ်ယောက်ကတော့ လှုပ်ရှားလာပြီထင်တယ်”
သူတို့၏ အဆင့်သို့ ရောက်ရှိနေသော ကျင့်ကြံသူများသည် သာမန်လူများထက် များစွာသာလွန်သော အာရုံခံနိုင်စွမ်းကို ပိုင်ဆိုင်ထားကြသည်။
အလွန်ဝေးကွာနေသော်လည်း ပုံမှန်မဟုတ်သော ပြောင်းလဲမှုအချို့ကို သူတို့ အာရုံခံမိနိုင်ဆဲပင်။
သူက ကောင်းကင်လျှို့ဝှက်ချက်ပေတံကို ထုတ်ယူကာ တွက်ချက်ကြည့်လိုက်သော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရရှိခဲ့ပေ။
“ကောင်းကင်လျှို့ဝှက်ချက်ပေတံနဲ့တောင် တွက်ချက်လို့ မရဘူးပဲ”
ကျိုးရီ ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သော်လည်း သိပ်ပြီး စိတ်ပျက်မသွားချေ။
အဘယ်ကြောင့်ဆိုသော် ဤမှော်ရတနာက နတ်ဘုရားလက်နက်တစ်ခုပင် မဟုတ်ဘဲ နတ်ဘုရားလက်နက်တစ်ဝက်အဆင့်သာ ရှိသေး၏။
မဟုတ်ပါက ၎င်းသည် ထျန်းကျီဂိုဏ်း၏ လက်ထဲတွင် ရှိနေမည်မဟုတ်ဘဲ အစွမ်းထက်ကျင့်ကြံသူတစ်ဦးဦး၏ လုယူခြင်းကို ခံခဲ့ရသည်မှာ ကြာမြင့်နေလောက်လေပြီ။
ထို့ကြောင့် ၎င်းသည် သူ့ခွန်အားထက် များစွာ နိမ့်ကျသူများ၏ တည်ရှိမှုကိုသာ တွက်ချက်နိုင်စွမ်းရှိ၏။
ထိုသို့မဟုတ်ပါက တစ်ဖက်လူ၏ သွေးအနှစ်သာရကို ရထားမှသာ တွက်ချက်နိုင်မည်ဖြစ်သည်။
သို့သော် သူနှင့် မည်သည့်ပတ်သက်မှုမျှ မရှိသော ထိပ်တန်းကျွမ်းကျင်သူများနှင့် ရင်ဆိုင်ရချိန်တွင်မူ တွက်ချက်နိုင်စွမ်း မရှိတော့ချေ။
“ဒီရတနာထဲမှာ ကမ္ဘာကြီးရဲ့ မဟာတာအို၊ နက်နဲတဲ့ သဘောတရားတချို့ ပါဝင်နေသင့်တယ်။ အဲ့ဒါကြောင့်ပဲ ဒီလို အံ့ဖွယ်စွမ်းရည်မျိုး ရှိနေတာ၊ ဒါပေမဲ့ ပါဝင်တဲ့ ပမာဏက အရမ်းနည်လွန်းလို့ ကြီးမားတဲ့ အကျိုးသက်ရောက်မှုမျိုး မရှိတာ ဖြစ်နိုင်တယ်”
“တစ်ခါတလေ... ဒီကမ္ဘာနဲ့ ပတ်သက်တဲ့ မဟာတာအို သဘောတရားတွေရဲ့ တစ်စိတ်တစ်ပိုင်းကို ငါ့ခန္ဓာကိုယ်ထဲ တိုက်ရိုက် စုပ်ယူလိုက်မယ်ဆိုရင် ငါ ပိုပြီးအစွမ်းထက်လာနိုင်တယ်”
“ငါ့ကို ပိုအစွမ်းမထက်စေရင်တောင်မှ အနည်းဆုံးတော့ အထူးစွမ်းအားတချို့ ရလောက်တယ်”
တွေးပြီးသည်နှင့်တစ်ပြိုင်နက် ကောင်းကင်လျှို့ဝှက်ချက်ပေတံကို တိုက်ရိုက်ချေမွလိုက်ပြီး ၎င်းအတွင်းရှိ စွမ်းအင်များကို ထုတ်ယူလိုက်သည်။
နောက်တစ်စက္ကန့်တွင် ထိုအရာအတွင်းမှ သိမ်မွေ့သော စွမ်းအားတစ်ခုကို သူ သတိထားမိသွားသည်။
ဝေဝါးဝါး အငွေ့အသက်လေးမျှသာ ဖြစ်သော်လည်း သူ့အာရုံခံနိုင်စွမ်းမှ မလွတ်မြောက်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ခွန်အားက ကြီးမားလွန်းလှသောကြောင့်ဖြစ်သည်။
နယ်မြေနတ်ဘုရားအဆင့်သည် ဤကမ္ဘာ၏ မူလလျှို့ဝှက်ချက်များကို ကြိုတင်မြင်တွေ့နိုင်စွမ်း ရှိနေပြီဖြစ်သည်။
ဤစွမ်းအားသည် ပေါ်လာသည်နှင့်တစ်ပြိုင်နက် ထွက်ပြေးရန် ကြိုးစားသော်လည်း ကံမကောင်းစွာဖြင့်ပင် ကျိုးရီ၏ အာရုံခံနိုင်စွမ်းမှ မလွတ်မြောက်နိုင်ခဲ့ပေ။
ကျိုးရီက ပို၍ မြန်ဆန်ကာ စွမ်းအားကလည်း ပို၍ ကြီးမားလှသည်။
ထွက်ပြေးရန် ရည်ရွယ်၍ လှုပ်ရှားလိုက်သည့်အချိန်တွင်ပင် ကျိုးရီ၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားကာ လက်ဖဝါးထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားခံလိုက်ရသည်။
“ထွက်ပြေးချင်နေတာလား။ ငါ့ခွင့်ပြုချက်မရဘဲ မင်းပြေးလို့လွတ်နိုင်မလား”
ဤစွမ်းအင်မှာ သူ့လက်ထဲမှ ခုန်ထွက်ရန် ကြိုးစားရင်း ဆက်လက် ရုန်းကန်နေဆဲပင်။
သို့သော် ကျိုးရီက သနားညှာတာမှု ကင်းမဲ့စွာဖြင့် တိုက်ရိုက် သန့်စင်ပစ်လိုက်သည်။
ဤစွမ်းအင်ကို သန့်စင်ပြီးနောက် ကျိုးရီသည် သူ့အသိစိတ်က အမှတ်တစ်ခုခုကို ထိတွေ့သွားသကဲ့သို့ ချက်ချင်း ခံစားလိုက်ရသည်။
ဤခံစားချက်က နံရံကို အပေါက်ဖောက်ပြီး အလင်းရောင်၀င်လာအောင် လုပ်ယူနေသည့်အလားပင်။
ဤကမ္ဘာ၏ တစ်နေရာရာကို အပေါက်ဖောက်လိုက်ပြီး ထိုအပေါက်မှတစ်ဆင့် ယခင်က သူ အာရုံမခံနိုင်ခဲ့သော အရာများစွာကို မြင်တွေ့နိုင်စွမ်း ရှိလာသည်။
နယ်မြေနတ်ဘုရား၏ အာရုံခံနိုင်စွမ်းက အလွန်အားကောင်းသော်လည်း အရာဝတ္ထုများကို အာရုံခံနိုင်ရုံသာဖြစ်ပြီး မည်သည့်အရာများ အတိအကျ ဖြစ်ပျက်နေသည်ကို ရှင်းရှင်းလင်းလင်း မသိနိုင်ချေ။
ခုနက သူ အာရုံခံမိခဲ့သကဲ့သို့ပင် အကွာအဝေးကြောင့် သူ့အတွက် အန္တရာယ်တစ်ခုခု ရှိနေသည်ကို ခံစားနိုင်ရုံမျှသာ ဖြစ်သည်။
သို့သော် ယခု ဤစွမ်းရည်ဖြင့်မူ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို သူ အတိအကျစစ်ဆေးနိုင်ပြီဖြစ်သည်။
“ဒိဗ္ဗစက္ခုကောင်းကင်မျက်လုံး ပွင့်သွားသလို ဘာလို့ခံစားနေရတာလဲ။ နည်းနည်းတော့ စိတ်ဝင်စားစရာပဲ”
ကျိုးရီ ချက်ချင်း စမ်းသပ်ကြည့်လိုက်၏။ သေချာသည်ကတော့ သူ ပထမဆုံး ပြုလုပ်ခဲ့သည့်အရာမှာ အနောက်ဘက်သို့ တိုက်ရိုက် လှမ်းမျှော်ကြည့်လိုက်ခြင်းပင်။
မကြာမီတွင် အနောက်ဘက်ရှိ မဟာအလင်းမြတ်စွာဘုရားနှင့် ဗုဒ္ဓနိုင်ငံတော်တစ်ခုလုံးကို သူ ရှာဖွေတွေ့ရှိသွားသည်။
သူ့ကို ဖမ်းဆီးရန် မဟာအလင်းမြတ်စွာဘုရားက လူလွှတ်လိုက်သည့် ကိစ္စကိုပင် သူ ကြိုတင်မြင်တွေ့ခဲ့ရသည်။
“ဒီကောင်က ဒီလောက်မြန်မြန် လူလွှတ်လိုက်မယ်လို့ မထင်ထားဘူး”
ဆိုးရွားသော အရာအချို့ကို သူ ကြိုတင်မြင်တွေ့နိုင်သကဲ့သို့ တစ်ဖက်လူကလည်း သူ့တပည့်များအား သတ်ဖြတ်ခဲ့ကြောင်းကို ကြိုတင် မြင်တွေ့နိုင်ပေမည်။
နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူသူများအတွက် မရေမတွက်နိုင်သော မိုင်ပေါင်း ဘီလီယံချီ အကွာအဝေးမှနေ၍ အာရုံခံနိုင်စွမ်းရှိနေခြင်းမှာ ပုံမှန်ကိစ္စပင်။
ကျိုးရီ ထိတ်လန့်နေစရာ အကြောင်းမရှိချေ။ ထိုမဟာအလင်းမြတ်စွာဘုရား၏ ခွန်အားက သူနှင့် ရင်ပေါင်တန်းနိုင်ရုံမျှသာ။
သူတို့နှစ်ဦးလုံးက နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူများ ဖြစ်ကြသောကြောင့် ဘယ်သူက ဘယ်သူ့ကို ကြောက်ရမည်ဆိုသော မေးခွန်းမျိုး မရှိတော့ပေ။
လက်ရှိအဆင့်တွင် တစ်ဦးချင်း ယှဉ်ပြိုင်တိုက်ခိုက်ရာ၌ မည်သူကမျှ သူ့ပြိုင်ဘက် မဖြစ်နိုင်ဟုပင် ကြွေးကြော်နိုင်သည်။
ဤမဟာအလင်းမြတ်စွာဘုရားက အားကောင်းလှသော်လည်း သူ့ပြိုင်ဘက်တော့ မဟုတ်သေးချေ။
တစ်ချက်မျှ ကြည့်လိုက်ပြီးနောက် ကျိုးရီ စိတ်ဝင်စားမှု ပျောက်ဆုံးသွားကာ တစ်ဖက်လူကို ထပ်မံကြည့်ရှုမနေတော့ပေ။
‘မုန်တိုင်းလာရင် တားဆီးမယ်၊ ရေကြီးလာရင် မြေဖို့ရုံပေါ့’
သူ့ကို ပြဿနာလာရှာရဲသရွေ့ အကောင်းအတိုင်း ပြန်သွားရသူမရှိစေရန် သူ သေချာပေါက် အာမခံနိုင်ပေသည်။
သူ့အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ချိန်တွင် လီရွှန်ကျိုးနှင့် ရဲ့ချိုးရွှေတို့လည်း ရောက်ရှိလာကြသည်။
အနောက်ဘက် ဗုဒ္ဓနိုင်ငံတော်အတွင်း၌ တရားကျင့်ကြံခြင်းအခြေအနေသို့ ပြန်လည်ဝင်ရောက်သွားသော မဟာအလင်းမြတ်စွာဘုရားသည် မျက်လုံးများ ထပ်မံပွင့်လာ၏။
သူ့မျက်နှာပေါ်တွင် ရှုပ်ထွေးနေသော အမူအရာများ ပေါ်လွင်နေသည်။
“ခုနက ခံစားချက်က ဘာလဲ၊ ထူးဆန်းလိုက်တာ၊ တစ်စုံတစ်ယောက်က ချောင်းကြည့်နေသလို ဘာလို့ခံစားလိုက်ရတာလဲ”
ဘေးရှိ ဗောဓိသတ္တများနှင့် ဘုရားငယ်များက သိချင်စိတ်ဖြင့် မေးမြန်းလာကြသည်။
“လောကအရှင်သခင်၊ ဘာများဖြစ်လို့လဲ”
“ဘာမှမဖြစ်ပါဘူး၊ စိတ်ထင်တာနေမှာအါ”
မဟာအလင်းမြတ်စွာဘုရားက မျက်လုံးပြန်မှိတ်ကာ တရားကျင့်ကြံနေလိုက်သည်။
လက်ရှိလောကတွင် အစွမ်းထက်ဆုံးသူများမှာ နယ်မြေနတ်ဘုရားများသာ ဖြစ်ကြသည်။ သူက ဤအဆင့်သို့ ရောက်ရှိပြီးဖြစ်သောကြောင့် ခွန်အားအရ မည်သူကမျှ သူ့ထက် များစွာ သာလွန်နေရန် မဖြစ်နိုင်သလို သူ့ကို အလွယ်တကူ စောင့်ကြည့်နိုင်ရန်လည်း မဖြစ်နိုင်ချေ။
လောကဧကရာဇ်တစ်ပါးပင်လျှင် ကမ္ဘာ့ဆန္ဒ၏ အကူအညီကို မယူဘဲ သူ့ကို အလွယ်တကူ စောင့်ကြည့်နိုင်မည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် လောကဧကရာဇ်ဆိုသည်မှာ အနည်းငယ် ပို၍ အစွမ်းထက်သော နယ်မြေနတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦးမျှသာ ဖြစ်သောကြောင့်ပင်။
ကျိုးရီ၏ စားသောက်ဆိုင်ငယ်လေးအတွင်းသို့ လီရွှန်ကျိုးနှင့် ရဲ့ချိုးရွှေတို့ ရောက်ရှိလာကြပြီး နှစ်ဦးလုံး၏ မျက်နှာထားများမှာလည်း အနည်းငယ် လေးနက်နေကြသည်။
“ဘာဖြစ်လို့လဲ။ ဒီလို မျက်နှာထားမျိုးက မင်းတို့ပုံစံ မဟုတ်ပါဘူး”
တစ်ဦးက ရဲရင့်ကာ ပေါ့ပေါ့ပါးပါးနေတတ်ပြီး အခြားတစ်ဦးက အချစ်ကြီးသူ ဖြစ်ကာ တူညီသော ကိုယ်ရည်ကိုယ်သွေးမျိုး ရှိကြသည်။
သို့မဟုတ်ပါက သူတို့နှစ်ဦး ဤမျှအထိ သင့်မြတ်နေကြမည်မဟုတ်ပေ။
“မင်းပဲ ပြောလိုက်ပါ”
လီရွှန်ကျိုးက ရဲ့ချိုးရွှေကို လှမ်းကြည့်လိုက်ရာ ရဲ့ချိုးရွှေက သူ့ကို ဒေါသတကြီးဖြင့် ပြန်ကြည့်လာသည်။
“ရှင် ပြဿနာရှာထားလို့ ဖြစ်ရတာ”
ထိုသို့ပြောလိုက်ရင်း သူမက ကျိုးရီထံသို့ တိုင်တန်းလာသည်။
“သခင်လေးကျိုး၊ သူ့ရဲ့ ချစ်သူနှစ်ယောက် ရောက်နေကြတယ်”
ကျိုးရီ အနည်းငယ်ဆွံ့အသွားပြီးနောက် လီရွှန်ကျိုး ယခင်က ပြောခဲ့ဖူးသည့် စကားများကို ပြန်အမှတ်ရသွားသည်။