အခန်း ၉၅
Vol. 10 Ch. 95
အခန်း (၉၅) - နယ်မြေနတ်ဘုရားလေးပါး တွေ့ဆုံခြင်း
“ရှူး...”
လေအေးတစ်ချက် ရှူရှိုက်လိုက်သံနှင့်အတူ နန်းတော်သခင် အိုယန်ရွှင်လီ၏ မျက်လုံးများအတွင်း စိတ်လှုပ်ရှားမှုအရိပ်အယောင်တစ်ခု ရုတ်တရက် ဖြတ်ပြေးသွားတော့သည်။
ရိုးရိုးသားသား ဝန်ခံရလျှင် ဤသို့သောအတွေးမျိုး သူ၏ ရင်ထဲ၌ အမှန်တကယ်ပင် ကိန်းအောင်းနေခဲ့ဖူးသည်။
မည်သို့ပင်ဆိုစေ လူသားတစ်ယောက် ဖြစ်လာပြီဆိုလျှင် အထွတ်အထိပ်လမ်းစဉ်ကို လိုက်စားလိုသည့် ဆန္ဒရှိကြစမြဲပင်။
လက်ရှိအချိန်၌ သူသည် အလွန်အစွမ်းထက်သော တည်ရှိမှုတစ်ခု ဖြစ်နေပြီဆိုသော်လည်း ဤကမ္ဘာ၏ အထွတ်အထိပ်ဖြစ်သော လောကဧကရာဇ်ရာထူးဆီသို့ မည်သူကများ မလှမ်းတက်ချင်ဘဲ နေပါမည်နည်း။
ကျိုးရီထံ သူ ဝင်ရောက်ခိုလှုံခဲ့ရခြင်း၏ အဓိက အကြောင်းရင်းမှာ သူ့ကိုယ်ပိုင်ခွန်အားက လုံးဝ မလုံလောက်မှန်း သိထားသောကြောင့်ပင်။
ကျိုးရီ၏ပြိုင်ဘက် မဟုတ်သည်သာမက မိစ္ဆာဧကရာဇ်ကိုပင် သူ ယှဉ်ပြိုင်နိုင်စွမ်းမရှိခဲ့ချေ။
ထို့ကြောင့် သူ၏မာနများကို ခဝါချကာ ကျိုးရီ၏ လက်အောက်ခံအဖြစ် ခံယူပြီး ဤမိစ္ဆာကပ်ဘေးကြီးအတွင်း အသက်ရှင်ကျန်ရစ်ရန်သာ ရွေးချယ်နိုင်ခဲ့တော့သည်။
သူ့အတွေးထဲတွင် ကျိုးရီသည် လောကဧကရာဇ်ရာထူးအတွက် သေချာပေါက် ရွေးချယ်ခံရမည့်သူတစ်ဦးဟု မှတ်ယူထားခဲ့သည်။
သို့သော် ထိုရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်လိုခြင်း မရှိသည့်အပြင် သူတို့ထဲမှတစ်ဦးဦးကို ထိုနေရာသို့ ရောက်ရှိရန် ထောက်ပံ့ပေးလိုကြောင်း ပြောလာလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။
ဤသည်မှာ သူ့အတွက်တော့ ကြီးမားသော သတင်းကောင်းတစ်ရပ်ပင် ဖြစ်ပေသည်။
မျှော်လင့်ချက် လုံးဝကင်းမဲ့နေပြီဟု ထင်ထားချိန်တွင် နောက်ထပ်တစ်ကြိမ် ယှဉ်ပြိုင်ခွင့် ရှိလာပြီဟု ရုတ်တရက်ကြားသိလိုက်ရသည့်အလား ထိုစိတ်လှုပ်ရှားမှုကို စကားလုံးများဖြင့် ဖော်ပြရန်ပင် ခက်ခဲလှသည်။
သေချာသည်ကတော့ ၎င်းသည် အရေးအကြီးဆုံးအရာ မဟုတ်သေးချေ။
အရေးအကြီးဆုံးအချက်မှာ ကျိုးရီထံ မခိုလှုံမီက ဤသို့သောအတွေးမျိုး ရှိနေခဲ့လျှင်ပင် သူ့အတွက် မည်သည့်အခွင့်အရေးမျှ ရှိလာမည်မဟုတ်ခြင်းပင်။
သူ၏ လက်ရှိခွန်အားမှာ မဟာအရှင်သခင်အဆင့်တွင်သာ ရှိနေသေးသည်။ ဤအဆင့်ဖြင့် လောကဧကရာဇ်ရာထူးကို လုယူရန်မဆိုထားနှင့် နယ်မြေနတ်ဘုရားအဆင့်သို့ ချိုးဖြတ်ဝင်ရောက်ရန်ပင် အလွန်ခက်ခဲလှပေသည်။
သို့သော် ယခု ကျိုးရီ၏ အရိပ်အောက်သို့ ဝင်ရောက်လာပြီးနောက် ကျိုးရီ၏ ကျောထောက်နောက်ခံဖြင့် နယ်မြေနတ်ဘုရားအဆင့်သို့ ချိုးဖြတ်ဝင်ရောက်နိုင်ရန် မျှော်လင့်ချက်ရောင်ခြည်များ သန်းလာခဲ့ပြီဖြစ်သည်။
ဤတစ်ကြိမ် လောကဧကရာဇ်ပြိုင်ပွဲတွင် မအောင်မြင်ခဲ့လျှင်ပင် နောက်တစ်ကြိမ်တွင် မအောင်မြင်နိုင်ဘူးဟု မည်သူက တပ်အပ်အာမခံနိုင်မည်နည်း။
အကယ်၍ မကြာမီကာလအတွင်း နယ်မြေနတ်ဘုရားအဆင့်သို့ ချိုးဖြတ်နိုင်ခဲ့မည်ဆိုပါက နှစ်တစ်ထောင် ကြာသောအခါ သူသည်လည်း ဝါရင့်နယ်မြေနတ်ဘုရားတစ်ပါး ဖြစ်လာမည်သာ။
မိစ္ဆာဧကရာဇ်ရွှမ်ရဲ၏ နှလုံးသားအတွင်း၌လည်း စိတ်လှုပ်ရှားမှုလှိုင်းတံပိုးများ ရိုက်ခတ်နေသည်။
ကျိုးရီ၏ ပန်းတိုင်မှာ လောကဧကရာဇ်မဟုတ်လောက်ကြောင်း ယခင်က သူ ဝေဝါးဝါး ခန့်မှန်းမိခဲ့သော်လည်း ယခုကဲ့သို့ လက်အောက်ခံများကို ထိုရာထူးအတွက် ယှဉ်ပြိုင်ရန် တိုက်ရိုက် ဖွင့်ဟပြောဆိုလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
တစ်ချိန်တည်းမှာပင် ကျိုးရီကို သူ ပို၍ လေးစားကြည်ညိုသွားမိတော့သည်။
သို့သော် အကြောင်းအရင်း တစ်စုံတစ်ရာကြောင့် ဤအခိုက်အတန့်တွင် ထိုရာထူးအပေါ် သူ သိပ်ပြီး စိတ်ဝင်စားမှုမရှိတော့ချေ။
ယခင်က သူအလိုချင်ဆုံးအရာမှာ မိစ္ဆာမျိုးနွယ်ကို ပြန်လည်အသက်သွင်းရန်ဖြစ်သည်။
သို့သော် ကျိုးရီကဲ့သို့သော တည်ရှိမှုမျိုးကို ကြုံတွေ့ပြီးနောက် သူ၏ ယခင်ရည်မှန်းချက်များမှာ အလွန်သေးငယ်ပြီး အရေးမပါလှကြောင်း ရုတ်တရက်ခံစားလိုက်ရသည်။
အကြည့်ကို တစ်နေရာတည်းတွင် ကန့်သတ်ကာ လောကဧကရာဇ်ရာထူးတစ်ခုတည်းကိုသာ စိုက်ကြည့်နေမည့်အစား ဤကမ္ဘာလောက၏ ကန့်သတ်ချက်များထက် များစွာကျော်လွန်သော တည်ရှိမှုတစ်ခုကိုလိုက်စားရန် သူ၏အမြင်အာရုံကို ပိုမိုကျယ်ပြန့်စွာ ဖြန့်ကြက်သင့်ပေသည်။
ယခင်က ဤသို့သော အတွေးမျိုးကို ရင်ဝယ်ပိုက်ရန်ပင် သူ မဝံ့ရဲခဲ့သော်လည်း ယခု ကျိုးရီ၏ အနောက်သို့ လိုက်ပါလာပြီးနောက် ရှေ့ဆက်နိုင်လိမ့်မည်ဟု ယုံကြည်လာမိသည်။
ကျိုးရီက သူ့အတွေးများကို အကြည့်တစ်ချက်တည်းဖြင့် ထိုးထွင်းသိမြင်သွားကာ စိတ်ထဲမှကျိတ်၍ ချီးကျူးမိသွား၏။
မည်သို့ပင်ဆိုစေ သူသည် မိစ္ဆာဧကရာဇ်တစ်ပါးဖြစ်ပြီး သာမန်လူများနှင့် အနည်းငယ်တော့ ကွာခြားနေဆဲပင်။ ဤစိတ်နှလုံးကြံ့ခိုင်မှုအခြေအနေက အခြားသူများ ယှဉ်ပြိုင်နိုင်စွမ်းမရှိသော အရာတစ်ခုပင်။
အနာဂတ်တွင် ဤကောင်လေးကို ကောင်းကောင်း ပြုစုပျိုးထောင်ပေးနိုင်မည်ဆိုပါက အတော်ဝေးဝေးထိ ရောက်နိုင်လောက်ပေသည်။
တကယ်တမ်း၌ သူကိုယ်တိုင်လည်း ဤကမ္ဘာတွင် ထာဝရနေထိုင်သွားမည်မဟုတ်ချေ။
အနာဂတ်တွင် မဟာကန္တာရကမ္ဘာကို သိမ်းပိုက်ရန် သူ့နောက်သို့ လိုက်ပါနိုင်မည့် စွမ်းဆောင်ရည်ပြည့်ဝသော လက်အောက်ခံတစ်ဦး ရှိလာမည်ဆိုလျှင် အဘယ်ကြောင့် ငြင်းဆန်ရမည်နည်း။
အချိန်များက လျင်မြန်စွာ ကုန်ဆုံးနေပြီး မျက်စိတစ်မှိတ်အတွင်း နှစ်ရက်ကြာသွားခဲ့ပြီဖြစ်သည်။
ဤနေ့တွင် တစ်ခါမျှ မမြင်တွေ့ဖူးသော သူစိမ်းဧည့်သည်သုံးဦး စားသောက်ဆိုင်သို့ ရောက်ရှိလာကြသည်။
ဧည့်သည်တစ်ဦးမှာ ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူများဖြင့် အင်မော်တယ်တစ်ပါးကဲ့သို့ ခန့်ညားလှသည်။
အခြား ဧည့်သည်တစ်ဦးမှာ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ထိုနေရာတွင် ထိုင်နေရုံဖြင့်ပင် ရှင်းပြ၍မရနိုင်သော ဖိအားများကို အလိုအလျောက် ထုတ်လွှတ်နေကာ အဖိုးတန် ဓားတစ်လက်၌သာ တွေ့ရတတ်သည့် ထက်ရှမှုမျိုးကိုလည်း သယ်ဆောင်ထားပေသည်။
နောက်ဆုံးတစ်ဦးမှာမူ ရင့်ကျက်တည်ငြိမ်သော အမျိုးသမီးတစ်ဦး ဖြစ်ပေသည်။
သူတို့ သုံးဦး စားသောက်ဆိုင်အတွင်း ဝင်ရောက်လာချိန်တွင် မည်သူကမျှ ဆိုင်အတွင်းသို့ ထပ်မံဝင်ရောက်လာခြင်း မရှိတော့ချေ။
အခြားသူများက ဤသုံးဦးကို မြင်တွေ့သွား၍ မဟုတ်ဘဲ ဆိုင်ပေါက်ဝသို့ ရောက်လာသူ အများအပြားမှာ ရှင်းပြ၍မရသော အကြောင်းပြချက်များဖြင့် သူတို့ဘာသာ ပြန်လည်ထွက်ခွာသွားရန် ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။
စားသောက်ဆိုင်အတွင်း၌ အလွန် ထူးခြားလှသော အငွေ့အသက်တစ်ခုက ကျူးကျော်ဝင်ရောက်သူများ သေရမည်ဟူ၍ သတိပေးနေသည့်အလားပင်။
အခြားနှစ်ဦးနှင့် နှိုင်းယှဉ်လျှင် အဘိုးအိုမှာ ပို၍ သဘောထားကြီးဟန်ရှိပြီး တဟားဟား ရယ်မောလိုက်သည်။
“လွန်ခဲ့တဲ့ နှစ်တစ်ထောင်က မိစ္ဆာကပ်ဘေးကြီး ပြီးကတည်းက ဒီနေ့လိုမျိုး နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူသုံးယောက် တစ်ပြိုင်နက်တည်း စုစည်းနိုင်တဲ့နေရာမျိုး ဒီကမ္ဘာမှာ ရှိတော့မှာမဟုတ်ဘူး၊ ဒီနေ့က တကယ်ကို ရှားပါးတဲ့ နေ့တစ်နေ့ပဲ”
သက်လတ်ပိုင်းအမျိုးသား၏ အကြည့်များက အေးစက်နေသည်။
“စီနီယာလင်းက နောက်ပြောင်ချင်တဲ့ စိတ်ကူးရှိနေတုန်းပဲကိုး၊ ခင်ဗျားရဲ့ အဖိုးတန်တပည့်လေး ခိုးပြေးခံရတာတောင် ရယ်နိုင်သေးတယ်ပေါ့”
“ဟီးဟီး... ယောကျာ်းလေးတွေကလည်း အိမ်ထောင်ပြုမှာပဲ၊ မိန်းကလေးတွေကလည်း အိမ်ထောင်ပြုမှာပဲလေ။ ကလေးတွေ ကြီးလာပြီပဲ၊ ဘယ်သူကများ တားဆီးနိုင်မှာလဲ”
“ဒါပေမဲ့ အခု ပြဿနာက အဲ့ဒါမဟုတ်ဘူး၊ အဲ့ဒီကောင်လေးက ငါတို့ကို တက်တက်ကြွကြွ ဖိတ်ခေါ်ခဲ့တာ။ သူ ဒီလောက် ရဲတင်းနေတာ ဘယ်သူကများ သူ့ကို အတောင်ပံတပ်ပေးလိုက်လို့လဲဆိုတာကို ငါ တော်တော်လေး သိချင်နေတာ”
“နယ်မြေနတ်ဘုရားသုံးပါးကို တစ်ပြိုင်နက်တည်း တွေ့ဆုံရဲတယ်ဆိုတော့၊ သူ့နောက်ကွယ်မှာ နောက်ထပ်နယ်မြေနတ်ဘုရားတစ်ပါး ရှိနေရုံနဲ့တော့ ဒီလောက်အထိ မရဲတင်းနိုင်လောက်ဘူးမလား”
“ဒီကိစ္စမှာ တစ်ခုခုထူးဆန်းနေတယ်လို့ မင်းတို့ မခံစားရဘူးလား”
ရင့်ကျက်သော အမျိုးသမီး၏ မျက်လုံးများထဲတွင် သံသယအရိပ်အယောင်အချို့ ပေါ်လွင်လာသည်။
“စီနီယာလင်း၊ နတ်ဘုရားကုန်းစွန်း... ဒီလောကမှာ ထိပ်တန်းအစွမ်းထက်ပုဂ္ဂိုလ် ဒါမှမဟုတ် ထူးဆန်းတဲ့ ပါရမီရှင်တစ်ယောက်ယောက်များ ရှိခဲ့ဖူးသလား”
“အဲ့ဒါကိုတော့ ငါ မသိဘူး၊ ဒါပေမဲ့... ဒီအရက်က သာမန်လူတွေ ပေါ့ပေါ့ပါးပါးဖန်တီးနိုင်တဲ့ အရာမျိုးတော့ မဟုတ်ဘူး”
နယ်မြေနတ်ဘုရားလင်းက အရက်တစ်ငုံ မော့သောက်လိုက်သည်။ ၎င်းအတွင်း ပါဝင်သော ကြွယ်ဝလှသည့် စွမ်းအင်များက နယ်မြေနတ်ဘုရားတစ်ပါးဖြစ်သော သူ့ကိုပင် အနည်းငယ် မူးယစ်သွားစေသည်။
ပစ္စည်းကောင်း၊ လုံးဝကို ပစ္စည်းကောင်းပင်။
ဤကဲ့သို့သော အရက်ကောင်းမျိုးကို ဖန်တီးနိုင်သူ၏ ခွန်အားမှာ အနည်းဆုံးတော့ နယ်မြေနတ်ဘုရားအဆင့်တွင် ရှိရမည်ဖြစ်ပြီး သာမန်နယ်မြေနတ်ဘုရားမျိုး မဟုတ်သည်မှာ သေချာလှသည်။
အလွန် အစွမ်းထက်သော နယ်မြေနတ်ဘုရားတစ်ပါး ဖြစ်ပေလိမ့်မည်။
“ဒီလောကမှာ ဒီလိုထူးဆန်းတဲ့သူမျိုး ဘယ်တုန်းက ပေါ်လာတာလဲ၊ ငါတို့ သိထားတဲ့ မိတ်ဆွေဟောင်းတွေထဲက တစ်ယောက်များလား၊ ဒါမှမဟုတ် တစ်ခါမှ မမြင်ဖူးသေးတဲ့ လူသစ်တစ်ယောက်လား။ ဒါမှမဟုတ် ဒီကမ္ဘာလောကရဲ့ အပြင်ဘက်က တည်ရှိမှုတစ်ခုများလား”
မည်သို့ပင်ဆိုစေ လက်ရှိကမ္ဘာလောကကို ကျူးကျော်ဝင်ရောက်ခြင်းမဟုတ်သရွေ့ အခြားကမ္ဘာများမှ နယ်မြေနတ်ဘုရားများသည်လည်း ဤကမ္ဘာလောကသို့ လာရောက်နိုင်ကြပေသည်။
နယ်မြေနတ်ဘုရားများကို နယ်မြေနတ်ဘုရားများဟု ခေါ်ဆိုရခြင်း၏ အဓိကအကြောင်းရင်းမှာ ကမ္ဘာလောကတိုင်းကို လွတ်လွတ်လပ်လပ် ဖြတ်သန်းသွားလာနိုင်စွမ်း ရှိသောကြောင့်ပင်။
သူ ဤသို့ပြောလိုက်ချိန်တွင် အခြားနှစ်ဦးမှာလည်း သူတို့၏ အရက်ခွက်များကို သတိပြုမိသွားကြပြီး သေချာ စစ်ဆေးကြည့်လိုက်ပြီးနောက် သူတို့၏ မျက်လုံးများအတွင်း အံ့အားသင့်မှုအရိပ်အယောင်များ ပေါ်လွင်လာတော့သည်။
“အစွမ်းထက်လှချည်လား”
ပြိုင်တူရေရွတ်သံများ ထွက်ပေါ်လာသည်။
အကယ်၍ ဤအရာက ဆေးလုံးတစ်လုံးသာ ဖြစ်မည်ဆိုပါက သူတို့ကို ဤမျှလောက် အံ့အားသင့်စေမည်မဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် သူတို့၏ အဆင့်တွင် ဆေးလုံးများက အသုံးဝင်ဆဲဖြစ်ပြီး ကျင့်ကြံခြင်းအတွက် မရှိမဖြစ်လိုအပ်သောကြောင့်ဖြစ်သည်။
သို့သော် အရက်မှာမူ ကွာခြားလှသည်။
ဤအရက်၌ အလွန်အားကောင်းသော စွမ်းအင်များ ပါဝင်နေပြီး သူတို့ကို ထိရောက်သော စွမ်းအင်အချို့ ထောက်ပံ့ပေးနိုင်၏။
ဝိညာဉ်စွမ်းအင်အရက်ကို များသောအားဖြင့် အရသာ ပိုမိုကောင်းမွန်စေရန်နှင့် အရက်၏ အရည်အသွေးကို မြှင့်တင်ရန်အတွက်သာ အသုံးပြုလေ့ရှိကြသည်။
သို့မဟုတ်ပါက နယ်မြေနတ်ဘုရားအဆင့်ရှိသူများ သောက်သုံးရာတွင် မည်သည့်ခံစားချက်မျှ ရရှိမည်မဟုတ်ပေ။
ထို့ကြောင့် အရက်ကို ဤအဆင့်ထိ ဖန်တီးနိုင်ခြင်းမှာ သူတို့ စိတ်ကူးယဉ်ထားသည်ထက် များစွာ သာလွန်သော အလဟဿ ဖြုန်းတီးမှုတစ်ခု ဖြစ်ပေသည်။
သို့သော် အခြားရှုထောင့်မှ တွေးကြည့်မည်ဆိုလျှင် တစ်ဖက်လူ၏ အရင်းအမြစ်များမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြွယ်ဝနေရမည်ဖြစ်သည်။
ကျိုးရီက အခန်းအတွင်းမှ ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။
လီရွှန်ကျိုးက လမ်းကြားအဝတွင် သူ့ကို စောင့်ဆိုင်းနေပြီး သူ့ဘေးတွင်မူ အမျိုးသမီးသုံးဦး ရှိနေသည်။
ရဲ့ချိုးရွှေအပြင် သူတစ်ခါမျှ မမြင်တွေ့ဖူးသော အခြားအမျိုးသမီးနှစ်ဦးလည်း ပါဝင်ပြီး နှစ်ဦးလုံးမှာ ရင်သပ်ရှုမောဖွယ် အလှတရားများကို ပိုင်ဆိုင်ထားကြသည်။