အခန်း ၉၆
Vol. 10 Ch. 96
အခန်း (၉၆) - ကျိုးရီ၏ အကြံအစည်
သို့သော် ကျိုးရီ၏ မျက်လုံးထဲတွင်မူ ထိုအရာများက ဖော်ပြရလောက်အောင် အရေးပါမနေချေ။
သူ၏ လက်ရှိခွန်အားက ကြီးမားလွန်းလှသဖြင့် သူ အမှန်တစ်ကယ် မျက်စိကျနိုင်လောက်သည့် အမျိုးသမီးတစ်ဦးသည် အလွန်လှပသော ရုပ်ရည်နှင့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားဖို့လိုရုံသာမက ပို၍ အရေးကြီးသည်မှာ ပါရမီနှင့် ခွန်အားကိုပါ ပိုင်ဆိုင်ထားရမည်ဖြစ်သည်။
နယ်မြေနတ်ဘုရားမတစ်ပါးပင်လျှင် သူ့မျက်လုံးထဲ၌ သိပ်အရေးမပါပေ။
ကျိုးရီသည် သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် အားနည်းသော အမျိုးသမီးတစ်ဦးကို မည်သည့်အခါမျှ ရှာဖွေမည်မဟုတ်ပေ။
မည်သို့ပင်ဆိုစေ ထိုအမျိုးသမီးသုံးဦးနှင့် အတူရှိနေပြီးနောက် လီရွှန်ကျိုး၏ကံကြမ္မာစွမ်းအင်များ ပို၍ပင် အားကောင်းလာသည်ကို ကျိုးရီ သတိပြုမိလိုက်သည်။
ဤသည်မှာ ကောင်းကင်လျှို့ဝှက်ချက်ပေတံအတွင်းရှိ စွမ်းအင်များကို ဝါးမျိုပြီးနောက် သူ ရရှိလာခဲ့သော နောက်ထပ်စွမ်းရည်တစ်ခုပင်။
အခြားသူများကို အဝေးမှ ချောင်းကြည့်နိုင်သည့်အပြင် လူတစ်ဦး၏ ကံကြမ္မာအပြောင်းအလဲများကိုလည်း ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်စွမ်းရှိလာခြင်းဖြစ်သည်။
တကယ်တော့ ဤစွမ်းရည်ကို သူ ပိုင်ဆိုင်ထားခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်သော်လည်း ထိုအချိန်က ဤစွမ်းရည်ကို အထွတ်အထိပ်အထိ ရောက်ရှိအောင် ကျင့်ကြံထားရခြင်း မရှိသေးချေ။
ယခုမူ သူက ပို၍ တိတိကျကျ မြင်တွေ့နိုင်နေပြီဖြစ်ပြီး ရာခိုင်နှုန်းအချို့ သတ်မှတ်ပေးနိုင်လောက်အောင် ချဲ့ကားနိုင်စွမ်း ရှိနေပြီဖြစ်သည်။
ယခင်က ပန်းကန်ကွဲတစ်လုံးဖြင့် နိုင်ငံတစ်နိုင်ငံကို တည်ထောင်နိုင်ခဲ့သော လီရွှန်ကျိုးသည် ယခုအခါ သူ့ပြုစုပျိုးထောင်မှုအောက်တွင် ဒုတိယမြောက် အထွတ်အထိပ်အချိန်ကာလကို ပိုင်ဆိုင်လာနိုင်ခြေရှိပေသည်။
ထိုအချိန်ရောက်လျှင် သူ့ကို လောကဧကရာဇ်အဖြစ် တင်မြှောက်ပြီး သူကိုယ်တိုင်က နောက်ကွယ်မှနေ၍ ထိန်းချုပ်ကာ ဤနယ်မြေအတွင်းရှိ မဟာကမ္ဘာသုံးခုကို စူးစမ်းလေ့လာခိုင်းမည်ဖြစ်သည်။
သို့မှသာ သူကိုယ်တိုင် အပြင်ထွက်ရခြင်းကို ရှောင်ရှားနိုင်မည်ဖြစ်ပြီး သူ့အတွက် အသက်အန္တရာယ်များ သယ်ဆောင်လာနိုင်သည့် အလွန်အစွမ်းထက်သော တည်ရှိမှုအချို့နှင့် ကြုံတွေ့ရနိုင်ခြေကိုလည်း တားဆီးနိုင်မည်ဖြစ်သည်။
“ဇီယန်၊ ယွီရွှင်... ဒါက သခင်လေးကျိုးပဲ”
“သခင်လေးကျိုးကို ဂါရဝပြုပါတယ်”
အမျိုးသမီးနှစ်ဦးက တညီတညွတ်တည်း အရိုအသေပေးလိုက်ကြသည်။ သူတို့၏ နှိမ့်ချသော အမူအရာများကြောင့် ကျိုးရီ ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။
“အင်း...”
“ရွှန်ကျိုးက သခင်လေးကျိုးအကြောင်း ပြောပြတာကို ကျွန်မတို့ မကြာခဏ ကြားဖူးပါတယ်။ ဒီနေ့ လူချင်းတွေ့ရတော့မှ ယုံတော့တယ်၊ တကယ်ကို ထူးခြားတာပဲ”
“တစ်ကယ်လို့ ဒီဂျူနီယာတွေက အနာဂတ်မှာ အမှားအယွင်း တစ်ခုခု လုပ်မိခဲ့ရင် ကျေးဇူးပြုပြီး သည်းခံခွင့်လွှတ်ပေးပါ သခင်လေးကျိုး”
“ဒီနေ့ကိစ္စအတွက် သခင်လေးကျိုးကိုပဲ အကုန်လုံး ပုံအပ်ထားတယ်နော်”
“ငါ ဖိတ်ထားတာဆိုတော့ မင်းတို့တွေ စိတ်ချလက်ချ နေလို့ရပါတယ်”
သူ့စကားများက မှန်ကန်နေသော်လည်း အခြားလူအနည်းငယ်၏ မျက်နှာအမူအရာများမှာ လေးနက်နေဆဲပင်။
လီရွှန်ကျိုးက ကျိုးရီ၏ အနီးသို့ ကပ်လာသည်။
“သခင်လေးကျိုး၊ ဒါက နောက်နေတာမဟုတ်ဘူးနော်။ ဒီနေ့ ကိစ္စတွေသာ လွဲချော်သွားပြီး တိုက်ပွဲဖြစ်သွားရင် အသေအပျောက် များလိမ့်မယ်”
“တခြားသူတွေက ဒီလိုပြောရင် နားလည်ပေးလို့ ရပေမဲ့ ကောင်လေး၊ မင်းက ဘယ်လို မျက်နှာပြောင်တိုက်ပြီး ဒီစကားကို ပြောထွက်ရတာလဲ၊ မင်း ဖန်တီးခဲ့တဲ့ အချစ်ရေးအရှုပ်အထွေးကြီးသာ မရှိခဲ့ရင် ဒီလောက်ကြီးမားတဲ့ ပြဿနာကြီးက ဘယ်လိုလုပ်ပေါ်လာမှာလဲ”
လီရွှန်ကျိုးက သူ့နှာခေါင်းသူ ပွတ်သပ်လိုက်သည်။
“အဟမ်း... အဟမ်း... သခင်လေးကျိုးရယ်၊ ကောင်းကင်နဲ့ မြေကြီးက အသိပါပဲ၊ သူတို့က ကျွန်တော့်ကို သဘောကျခဲ့တာပါ။ အစတုန်းက ကျွန်တော် လက်မခံခဲ့ပါဘူး”
“သခင်လေးက ကျွန်တော့်ကို ကာကွယ်ပေးနိုင်တယ်လို့ ပြောခဲ့လို့သာ ကျွန်တော် လက်ခံခဲ့တာ၊ ရှေ့နှစ်ရက်လောက်ကတောင် ကျွန်တော် ထွက်ပြေးဖို့ အဆင်သင့်ဖြစ်နေပြီ”
“မင်းစကားများနေတာ တော်လောက်ပြီ”
ကျိုးရီက စားသောက်ဆိုင်ငယ်လေးဆီသို့ လျှောက်သွားလိုက်သည်။ ထိုသုံးဦး၏ အငွေ့အသက်ကို သူ အစောကတည်းက အာရုံခံမိပြီးသားဖြစ်ပေသည်။
ကျိုးရီ စားသောက်ဆိုင်ငယ်လေးးအတွင်းသို့ ဝင်ရောက်သွားချိန်တွင် နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူသုံးဦး၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားကြသည်။
‘သူတို့ ရောက်လာပြီပဲ’
မျက်စိတစ်မှိတ်အတွင်းမှာပင် ကျိုးရီက အဓိကပုဂ္ဂိုလ်ဖြစ်ကြောင်း သူတို့ အတည်ပြုလိုက်ကြသည်။
အဘယ်ကြောင့်ဆိုသော် သူတို့သုံးဦး၏ အငွေ့အသက်က အလွန်အစွမ်းထက်သောကြောင့် ဤနေရာသို့ ရောက်လာသူတိုင်း ပြန်လှည့်ထွက်သွားကြသော်လည်း ဤလူကမူ သူတို့၏ အငွေ့အသက်ကို လုံးဝ ဂရုမစိုက်ဘဲ ဆိုင်အတွင်းသို့ တည်ငြိမ်စွာ ဝင်ရောက်လာသောကြောင့်ပင်။
ဤအချက်တစ်ခုတည်းနှင့်ပင် သူသည်လည်း နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း အတည်ပြုနိုင်ပေသည်။
သို့သော် လူတိုင်းကို တွေဝေသွားစေသောအချက်မှာ ကျိုးရီ၏ခွန်အားကို သူတို့ ထိုးဖောက်မမြင်နိုင်ခြင်းဖြစ်ပြီး ဤအချက်က သူတို့၏ မျက်နှာအမူအရာများကို အနည်းငယ် လေးနက်သွားစေသည်။
ပုံမှန်အခြေအနေမျိုးတွင် သူတို့၏အဆင့်၌ တစ်ဖက်လူနှင့် ပတ်သက်သော သဲလွန်စအချို့ကို အနည်းနှင့်အများ မြင်တွေ့နိုင်စွမ်းရှိကြသည်။
သူတို့သုံးဦးလုံးမှာ နယ်မြေနတ်ဘုရားအဆင့်သို့ ယခုမှ ဝင်ရောက်လာကြသော လူသစ်များ မဟုတ်ကြပေ။
သူတို့ သုံးဦးသည်လည်း ဤအဆင့်တွင် ရှိနေသည်မှာ အချိန်အတော်ကြာပြီဖြစ်ပြီး သူတို့၏ ကျင့်ကြံမှုများမှာ နယ်မြေနတ်ဘုရား အလယ်အလတ်အဆင့်နှင့် နှောင်းပိုင်းအဆင့်များသို့ ရောက်ရှိနေခဲ့သည်မှာပင် ကြာလှပြီဖြစ်သည်။
သို့သော်လည်း ဤအဆင့်အထိ ရောက်နေပါလျက်နှင့် တစ်ဖက်လူ၏ ကျင့်ကြံခြင်းအဆင့်ကို သူတို့ ထိုးဖောက်မမြင်နိုင်သေးချေ။
တစ်ဖက်လူက ဤစားသောက်ဆိုင်ထဲသို့ ဝင်ရောက်လာသောကြောင့်သာ သူသည် နယ်မြေနတ်ဘုရားတစ်ပါးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
ဤသည်မှာ အမှန်တကယ်ပင် အနည်းငယ် ချဲ့ကားလွန်းရာကျနေပေသည်။
မကြာမီတွင် နယ်မြေနတ်ဘုရားလင်းက ပထမဆုံး မတ်တပ်ရပ်ကာ အရိုအသေပေးလိုက်သည်။
“မေးခွင့်ပြုပါ လူကြီးမင်း... လူကြီးမင်းက လီရွှန်ကျိုးရဲ့ နောက်ကွယ်က စီနီယာများလား”
ကျိုးရီက တည်ငြိမ်စွာ ပြုံးပြလိုက်သည်။
“ဟုတ်ပါတယ်”
“တကယ်ပဲကိုး... လူကြီးမင်းက ဘယ်သူဖြစ်မလဲဆိုတာ အရင်က ကျွန်တော်တို့အားလုံး ခန့်မှန်းနေခဲ့ကြတာ။ အရင်က ကျွန်တော်တို့ရဲ့ မိတ်ဆွေဟောင်းတွေထဲက တစ်ယောက်များ ဖြစ်နေမလားလို့ပေါ့”
“အခုကြည့်ရတာတော့ မဟုတ်တဲ့ပုံပဲ။ လူကြီးမင်းက ဒီကမ္ဘာကနေ အဆင့်ဆင့်ကျင့်ကြံလာခဲ့တာလား၊ ဒါမှမဟုတ် တခြားကမ္ဘာကနေ ရောက်လာတာလား ဆိုတာကို သိလို့ရမလား”
“ဒီ ကျိုးမျိုးရိုးက ဒီကမ္ဘာကနေပဲ အဆင့်ဆင့် ကျင့်ကြံလာခဲ့တာပါ၊ ဒါပေမဲ့ အထူးအကြောင်းပြချက်တချို့ကြောင့် ကျွန်တော့်ရဲ့ တိုးတက်မှုနှုန်းက အရမ်း မြန်နေခဲ့တယ်”
“ထားပါ၊ အဲ့ဒါက အဓိကအချက်မဟုတ်ဘူး၊ ဒီနေ့ ကျွန်တော်တို့ ဆွေးနွေးကြမယ့် အကြောင်းအရာကမှ အဓိကအချက်ပါ”
သူတို့ သုံးဦးလုံး အနည်းငယ်တုန်လှုပ်သွားကြသည်။
အကယ်၍ ကျိုးရီက အခြားကမ္ဘာတစ်ခုတွင် ကြီးပြင်းလာပြီးနောက် ဤကမ္ဘာလောကသို့ ရောက်ရှိလာခြင်းသာ ဖြစ်မည်ဆိုပါက သူတို့ လက်ခံနိုင်ကောင်း လက်ခံနိုင်ပေမည်။
သို့သော် ယခု ကျိုးရီသည် ဤကမ္ဘာထဲတွင်သာ ကြီးပြင်းလာခဲ့ကြောင်း သူတို့ သိလိုက်ရသည်။
ဆိုလိုသည်မှာ သူတို့အားလုံး၏ မျက်စိအောက်…. အလွန် တိုတောင်းလှသော အချိန်ကာလတစ်ခုအတွင်းမှာပင် ဤမျှအထိ အစွမ်းထက်လာခဲ့ခြင်းဖြစ်၏။
ဤလူက တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှသည်။
သူ၏ ပါရမီနှင့် ပါးနပ်မှု အလွန်ကြောက်မက်ဖွယ်ကောင်းလွန်းလှသဖြင့် နယ်မြေနတ်ဘုရားအဆင့်သို့ အခိုင်အမာ အခြေကျပြီးသားဖြစ်သော သူတို့ သုံးဦးပင်လျှင် အနည်းငယ် တုန်လှုပ်ချောက်ချားသွားမိတော့သည်။
“နယ်မြေနတ်ဘုရားကျိုးက လီရွှန်ကျိုးအကြောင်း ဆွေးနွေးဖို့ ဒီကို ရောက်လာတာလား။ တစ်ကယ်လို့ အဲဒီလိုသာဆိုရင် ကျွန်မကို တစ်ခုပြောခွင့်ပြုပါ”
“ကျွန်မရဲ့ တပည့်ကို တခြားလူတစ်ယောက်ရဲ့ မယားငယ်အဖြစ် ကိုယ့်ကိုယ်ကိုယ် လုံးဝ နှိမ့်ချခွင့်ပြုမှာမဟုတ်ဘူး”
အမျိုးသမီး နယ်မြေနတ်ဘုရားက ပထမဆုံး စတင်ပြောဆိုလာသည်။
“နယ်မြေနတ်ဘုရားချင်မဟုတ်လား။ ခင်ဗျားက မဟာအရှင်သခင် မုဇီယန်ရဲ့ ဆရာသခင်ပဲ”
“ဟုတ်ပါတယ်”
“ဒီဂျူနီယာတွေရဲ့ အချစ်ရေးကိစ္စတွေက တကယ်တော့ သပ်သပ်အကြောင်းအရာတစ်ခုပါပဲ၊ ဒီကိစ္စကို ဒီနေ့ ကျွန်တော်တို့ရဲ့ အဓိက ခေါင်းစဉ်တစ်ခုလို့ ကျွန်တော် မသတ်မှတ်ထားဘူး”
“ခင်ဗျားတို့အားလုံးကို ဒီနေ့ ဖိတ်ခေါ်ရတဲ့ အကြောင်းရင်းက ကိစ္စတစ်ခုအတွက်ပါ”
“အဲ့ဒါက လောကဧကရာဇ်ရာထူး လုယူမယ့် ပြိုင်ပွဲနဲ့ ပတ်သက်နေတယ်”
နယ်မြေနတ်ဘုရားချင်နှင့် အခြားနှစ်ဦး၏ မျက်နှာအမူအရာများ ထပ်မံပြောင်းလဲသွားကြပြီး အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် စကားဆိုလာကြသည်။
“နယ်မြေနတ်ဘုရားကျိုးက လောကဧကရာဇ်ရာထူးအတွက် ယှဉ်ပြိုင်ဖို့ ကျွန်တော်တို့နဲ့ မဟာမိတ်ဖွဲ့ချင်တာလား။ ဒါမှမဟုတ် လောကဧကရာဇ် ရာထူးအတွက် ယှဉ်ပြိုင်ဖို့ ကျွန်တော်တို့ကို ကူညီပေးစေချင်တာလား”
“တစ်ကယ်လို့ ခင်ဗျားဆီမှာ အဲ့ဒီလိုအတွေးမျိုး ရှိနေရင်တော့ ဖျောက်ဖျက်ပစ်ဖို့ အကြံပေးပါရစေ၊ လောကဧကရာဇ်မှာ စည်းမျဉ်းတွေရှိတယ်၊ ဘယ်နယ်မြေနတ်ဘုရားမှ မဟာမိတ်ဖွဲ့ပြီး တခြားနယ်မြေနတ်ဘုရားတွေကို တိုက်ခိုက်ခွင့်မရှိဘူး”
“ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ လက်ရှိကမ္ဘာမှာက လောကဧကရာဇ်ရာထူးအတွက် ယှဉ်ပြိုင်ဖို့သက်သက်တင် မဟုတ်ဘူး၊ လောကဧကရာဇ်နဲ့ နယ်မြေနတ်ဘုရားတွေက ဒီကမ္ဘာလောကကြီးကို ပူးပေါင်းပြီး ကာကွယ်ပေးနေကြတာလေ”
သဘာ၀ကျကျပင် ကျိုးရီသည်လည်း ဤကိစ္စနှင့်ပတ်သက်၍ သိရှိထားပြီးဖြစ်သည်။
ဤအကြောင်းကို သူ သိထားခဲ့သည်မှာ အချိန်အတော်ကြာလေပြီ။
နယ်မြေနတ်ဘုရားများ မည်သို့ပင် ယှဉ်ပြိုင်ကြစေကာမူ တစ်ဦးတည်းသာ တိုက်ခိုက်ရမည်ဖြစ်ပြီး လူအများအပြား ပူးပေါင်း၍ လူတစ်ယောက်တည်းအား ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခွင့်မပြုထားချေ။
ဤမူဝါဒမှာ အမှန်တကယ်တော့ လက်ရှိကမ္ဘာ၏ အဓိက အဆင့်မြင့်ပုဂ္ဂိုလ်များ ပိုမိုဆုံးရှုံးသွားခြင်းကို ရှောင်ရှားရန်ပင်။
ဤသည်က ကမ္ဘာ့ဆန္ဒမှ သူတို့ကို ပေးအပ်ထားသော အကာအကွယ်၊ သို့မဟုတ် ကိုယ်ပိုင်အကာအကွယ်တစ်မျိုး ဟုလည်း ဆိုနိုင်သည်။
လောကဧကရာဇ်ရာထူးအတွက် ယှဉ်ပြိုင်ခြင်းက ပြိုင်ပွဲတစ်ခုမျှသာ ဖြစ်ပြီး ကမ္ဘာ့ဆန္ဒအတွက်မူ မည်သူက လောကဧကရာဇ်ဖြစ်လာသည်ဖြစ်စေ ကိစ္စမရှိချေ။
သို့သော် နယ်မြေနတ်ဘုရားအများအပြား ဆုံးရှုံးသွားမည်ဆိုပါက လက်ရှိကမ္ဘာကို ကျူးကျော်လာမည့် စစ်ပွဲတစ်ခုနှင့် ကြုံတွေ့ရချိန်တွင် အခြားကမ္ဘာများ၏ ကျူးကျော်မှုကို မခုခံနိုင်တော့ပါက ကြီးမားသော ဘေးဒုက္ခကြီးတစ်ခု ဖြစ်လာပေမည်။
ကမ္ဘာ့ဆန္ဒပင်လျှင် အခြားသော ကမ္ဘာ့ဆန္ဒ၏ ဝါးမျိုခြင်းကို ခံရနိုင်ခြေရှိသည်။
ထို့ကြောင့် ဤသည်မှာ အလွန်အရေးကြီးသော ကိစ္စတစ်ခုဖြစ်ပေသည်။