အခန်း ၁၃၁
Vol. 14 Ch. 131
အခန်း (၁၃၁)
ဒီကလေးက ဖုန်းကွယ်ထားတာတွေက ဘယ်လောက်တောင်များတာလဲ
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
သူ၏ နတ်ဘုရားမီးလျှံ နေမင်းချိုးရေစင် အလွယ်တကူ ဖြိုခွဲခံလိုက်ရတာမြင်တော့ ကျဲ့လော့မျက်လုံးတွေ ချက်ချင်း မယုံကြည်နိုင်မှုတွေနှင့် ပြည့်နှက်သွားခဲ့သည်။
ဒါက သူ၏ အသန်မာဆုံး လှုပ်ရှားမှုဖြစ်ပြီး လက်ဝါးချီဖြင့်လည်း မြှင့်တင်ထား၏။
အမှန်တော့, ပြင်းထန်သည့်သတ်ဖြတ်ခြင်းအရှိန်အဝါ ထွက်ပေါ်လာကတည်းက သူ့တွင် မကောင်းသော နိမိတ်တစ်ခု ရနေခဲ့ပြီး ဖြစ်သည်။
အဆုံးမှာတော့ သာမန်လူတစ်ယောက်အနေဖြင့် ဤမျှအထိ ကြီးမားလှသော သတ်ဖြတ်ခြင်းအရှိန်အဝါကို ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်မည်နည်း။
၎င်းကို ရရှိရန်အတွက် လူပေါင်း မည်မျှအထိ သတ်ဖြတ်ခဲ့ရမည်နည်း။
ဟစ်!
ကြည့်ရှုသူများလည်း ထိတ်လန့်တုန်လှုပ်လျက် အာမေဍိတ်သံများ ထွက်ပေါ်လာခဲ့ကြသည်။
ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်ခြင်းဓားသိုင်းမျိုးကို တကယ်ပင် မကြားဖူးခဲ့ပေ။
၎င်းက အဓိပ္ပာယ်မရှိလောက်အောင် အစွမ်းထက်လွန်းလှသည်။
နတ်ဘုရားမီးလျှံ နေမင်းချိုးရေစင်ပင် ထိုအရာကို တောင့်မခံနိုင်ခဲ့ချေ။
“ဒါ ထိုက်ရွှမ်းဂိုဏ်းရဲ့ သန့်စင်သောဝိညာဉ်သတ်ဖြတ်ခြင်း ဓားသိုင်းပဲ...”
တစ်စုံတစ်ယောက်က ရုတ်တရက် ပြောလိုက်သည်။
“ဒီတော့, အဲ့ဓားသိုင်းကိုး...”
သက်ပြင်းချသံများ ထွက်ပေါ်လာခဲ့သည်။
“ဒါက ကောင်းကင်အဆင့်ကို ရောက်လုနီးပါး ဖြစ်နေတဲ့ အစွမ်းထက်ဓားသိုင်းတစ်ခုပဲ... ဒါပေမဲ့ အများအပြား သတ်ဖြတ်ရတာကြောင့် လူတစ်ယောက်ရဲ့ စိတ်ဆန္ဒကို လွယ်လွယ်ကူကူ သက်ရောက်စေပြီး သတ်ဖြတ်ခြင်းလမ်းစဉ်ထဲ ကျရောက်သွားနိုင်တယ်...”
“ဒါကြောင့် လူအများစုက မကျင့်ကြံကြတာပဲ...”
“ဒါပေမဲ့ ကျွမ်းကျင်သွားပြီဆိုရင်တော့ စွမ်းအားက မြေကမ္ဘာအဆင့် သိုင်းပညာရပ်တွေထဲမှာ သေချာပေါက် ထိပ်ဆုံးပဲ...”
“ကျဲ့လော့ရဲ့ နတ်ဘုရားမီးလျှံ နေမင်းချိုးရေစင်က တကယ်ကို အစွမ်းထက်ပြီး မြေကမ္ဘာအဆင့်မြင့် သိုင်းပညာရပ်တစ်ခု ဖြစ်နေတာမှန်ပေမဲ့... သန့်ရှင်းသောဝိညာဉ်သတ်ဖြတ်ခြင်း ဓားသိုင်းနဲ့တော့ နှိုင်းယှဉ်လို့မရနိုင်ဘူး...”
ရှင်းပြချက်ကို ကြားပြီးနောက်တွင် လူတိုင်း ချက်ချင်း သဘောပေါက်သွားကြသည်။
ဒီလိုကိုး...
ကျဲ့လော့မှာတော့ ပတ်ဝန်းကျင်မှ ဆွေးနွေးမှုများကို နားထောင်ရန် အချိန်မရှိခဲ့ပေ။
အစောပိုင်း ပေါ့ပါးမှုနှင့် ယုံကြည်ချက်များလည်း အချိန်အတော်ကြာကတည်းက ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
သူ၏ နှလုံးသားက လည်ပင်းဝအထိ ဆောင့်တက်လာခဲ့ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းက အန္တရာယ်ရှိနေကြောင်း အချက်ပြချက်များကို ပေးပို့နေခဲ့သည်။
ဤဓားချက်... သူ တောင့်ခံနိုင်ဖို့ နည်းလမ်းမရှိပေ။
သို့သော်လည်း ဤနေရာက သိုင်းကွင်းဖြစ်နေသဖြင့် ပုန်းကွယ်ရန် နေရာမရှိခဲ့ချေ။
မဟုတ်လျှင် ခန္ဓာကိုယ်လှုပ်ရှားမှုနည်းစနစ်ကို အသုံးပြုပြီး အခွင့်အရေးကို ရှာဖွေနိုင်မည် ဖြစ်သည်။
“သေစမ်း... ဒါ ဘယ်လိုဓားသိုင်းမျိုးလဲ... ကောင်းကင်အဆင့်လား... ဘယ်လိုလုပ် ဒီလောက်အထိ သန်မာနေရတာလဲ...”
ကျဲ့လော့ စိတ်ထဲကနေ အော်ဟစ်လိုက်သည်။
သူ ပင်ပန်းကြီးစွာဖြင့် ပြီးပြည့်စုံအောင် လေ့ကျင့်ထားခဲ့သည့် လက်ဝါးနည်းစနစ်က ဤမျှလွယ်လွယ်ကူကူ ဖြိုခွဲခံလိုက်ရသည်ကို လက်မခံနိုင် ဖြစ်နေခဲ့သည်။
သို့ပေမယ့် လက်တွေ့ကတော့ အမြဲတမ်း ပြင်းထန်ပြီး မညှာတာတတ်ပေ။
ဘုန်း!
ကောင်းကင်ထိ မြင့်မားသည့် ဓားကြီးက ခုတ်ချလာခဲ့ပြီး သိုင်းပြိုင်ကွင်းတစ်ခုလုံး တုန်ခါသွားခဲ့ည်။
ချက်ချင်းပဲ ဖုန်မှုန့်များနှင့် မီးခိုးငွေ့များ ပတ်ပတ်လည်တွင် မြင့်တက်လာခဲ့သည်။
ဖုန်မှုန့်များ ငြိမ်သက်သွားခဲ့ချိန်တွင် အတွင်းမှ မြင်ကွင်းက ပေါ်ထွက်လာခဲ့၏။
ကျဲ့လော့က မတ်မတ်ရပ်နေနိုင်ဆဲဖြစ်သော်လည်း အခြေအနေကတော့ သနားစရာကောင်းလှပေသည်။
ခန္ဓာကိုယ်တစ်ခုလုံးတွင် ဓားဒဏ်ရာများဖြင့် ပြည့်နှက်နေခဲ့ပြီး မရေမတွက်နိုင်သည့် ဓားစွမ်းအင်များ၏ ဖျက်ဆီးခြင်းကို ခံထားရသည့်အလား သွေးများ အဆက်မပြတ် စီးကျနေခဲ့သည်။
သူ၏ ဘေးတွင်လည်း တုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခု ရှိနေခဲ့၏။
ကြီးမားလှသော ကွဲအက်ကြောင်းကြီးတစ်ခုက ချောက်ကမ်းပါးကြီးတစ်ခုအလား ဖြစ်ပေါ်နေခဲ့သည်။
ဧရာမဓားကြီးက ၎င်းအတွင်း၌ စိုက်ဝင်နေဆဲဖြစ်ပြီး ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းအရှိန်အဝါက အဝေးကကြည့်လျှင်ပင် အရိုးထဲအထိ အေးစိမ့်သွားစေခဲ့သည်။
ထိုအရာက သူတို့မျက်စိရှေ့ရှိ အဆုံးမရှိသည့် သွေးပင်လယ်နှင့် အလောင်းပုံကြီးလိုပင်။
လူအများအပြားမှာ ထိတ်လန့်လွန်းသဖြင့် သူတို့၏ ထိုင်ခုံများကနေ မတ်တတ်ရပ်လိုက်ကြပြီး ချွေးစေးများ ပြန်လာခဲ့ကြသည်။
ဝေါ့...
ကျဲ့လော့က ပါးစပ်အပြည့် သွေးအန်လိုက်ရသည်။
ထို့နောက် တယိမ်းတယိုင်ဖြင့် ဒူးတွေပျော့ခွေလာကာ မုန့်ချန်ချင်းကို မျက်နှာချင်းဆိုင်ပြီး ဒူးထောက်ကျသွားခဲ့သည်။
“မင်း...”
ကျဲ့လော့၏ နှလုံးသားက ထိတ်လန့်မှုနှင့် ဒေါသတို့ဖြင့် ပြည့်နှက်နေခဲ့သော်လည်း ဘာမှတတ်နိုင်ခြင်း မရှိခဲ့ပေ။
ဤဓားချက်က သူ့ကို သတ်ပစ်နိုင်စွမ်း ရှိသည်ကို သူ သိသည်။
မုန့်ချန်ချင်း ပြန်ထိန်းထားခဲ့ခြင်းဖြစ်သည်။
ဓားချက်က ဘေးကနေသာ ဖြတ်သန်းသွားခဲ့ခြင်းဖြစ်သော်လည်း ထိုမျှနှင့်ပင် သူလုံးဝတောင့်မခံနိုင်ဘဲ အပြင်းအထန်ဒဏ်ရာရသွားခဲ့သည်။
အရေးကြီးဆုံးအချက်မှာ သတ်ဖြတ်ခြင်းရည်ရွယ်ချက်က အရိုးထဲထိကိုက်ခဲနေသည့်ပိုးကောင်ကဲ့သို့ သူ၏စိတ်အာရုံကို အဆက်မပြတ် သက်ရောက်နခဲ့သည်။
ထိုအရာကြောင့် ဒေါသတွေထိန်းမရသိမ်းမရဖြစ်နေပြီး သွေးချီတွေကိုဆူပွက်စေကာ စစ်မှန်အနှစ်အသာရကို မတည်မငြိမ်ဖြစ်စေ၏။
ထို့ကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို မထိန်းချုပ်နိုင် ဖြစ်နေခဲ့ရသည်။
မုန့်ချန်ချင်း၏ အမူအရာကတော့ မပြောင်းမလဲရှိနေပြီး အမူအရာကင်းမဲ့နေခဲ့သည်။
အတွေးတစ်ချက်ဖြင့် ဧရာမဓားကြီး မရေမတွက်နိုင်သည့် မီးခိုးရောင်ဓားအလင်းတန်းတွေအဖြစ်ပြောင်းကာ သူ့လက်ချောင်းထိပ်ရှိ ဓားအမှတ်အသားဆီသို့ ပြန်လည်ဝင်ရောက်သွားခဲ့၏။
ဤအရာက ဓားသိုင်း၏ အသန်မာဆုံး လှုပ်ရှားမှု မဟုတ်သေးပေ။
၎င်းကို အလယ်အလတ်အဆင့်ဟုသာ သတ်မှတ်နိုင်၏။
သို့ပေမယ့် သာမန်မြေကမ္ဘာအဆင့်မြင့် သိုင်းပညာရပ်များ ယှဉ်နိုင်သည့်အရာမဟုတ်ပေ။
ထို့အပြင် လင်းလုံမဟာကြော့ကွင်းကောင်းကင်ကိုလည်း ပေါင်းစပ်အသုံးပြုခဲ့ရာ စစ်မှန်အနှစ်သာရကို ပိုမိုအားကောင်းစေခဲ့သည်။
ထိုအရာက ကျဲ့လော့ ခုခံနိုင်စွမ်းရှိသည့် အဆင့်ထက် ပိုမိုကျော်လွန်နေခဲ့ခြင်း ဖြစ်ပေသည်။
“ဒီလှုပ်ရှားမှုတစ်ခုတည်းနဲ့တင် ငါက ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်နိုင်လောက်တယ်...”
မုန့်ချန်ချင်း လက်ကိုပြန်ချလိုက်ပြီး တစ်ကိုယ်လုံးရှိ အရှိန်အဝါတွေ ပြန်လည်တည်ငြိမ်သွားခဲ့သည်။
ယခုအခါတွင် သူက သာမန်မြင့်မြတ်သော သခင်လေးတစ်ဦးအလား ကြည့်ကောင်းပြီး အန္တရာယ်ရှိပုံမပေါ်ပေ။
အစောပိုင်းက မြင်တွေ့ခဲ့ရသည့် သတ်ဖြတ်ခြင်းအရှင်သခင်နှင့် လုံးဝ ကွဲပြားခြားနားနေခဲ့သည်။
“အနိုင်ရရှိသူကတော့ ထိုက်ရွှမ်းဂိုဏ်း မုန့်ချန်ချင်း...”
ဝမ်ရှန်းအဆောက်အဦးမှ ဒိုင်လူကြီး သူ၏ အံ့ဩမှုများကနေ ရုန်းထွက်လိုက်ပြီးနောက် ချက်ချင်း ကြေညာလိုက်သည်။
“သခင်လေး...”
“သခင်လေးက တကယ် အစွမ်းထက်တာပဲ...”
မုန့်မိသားစုဝင်များက ပထမဆုံး တုံ့ပြန်နိုင်ခဲ့ကြပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။
သူတို့က ပတ်ဝန်းကျင်ရှိ လူများကိုပင် မျက်စိမှိတ်ပြလိုက်ကြပြီး...
“မင်းတို့ရဲ့ အကဲဖြတ်မှုကို ကြည့်လိုက်ဦး... ငါတို့ သခင်လေးက ဒီလောက်အထိ သန်မာတာကို မင်းတို့က သေချာပေါက် ရှုံးလိမ့်မယ်လို့ ထင်ထားကြတယ်ဟုတ်လား... မင်းတို့ ပြောနေတဲ့ အဆင့် ၂၇ မှာ ရှိတဲ့ ကျဲ့လော့က အခု တစ်ချက်တည်းနဲ့ ရှုံးသွားတာ မဟုတ်ဘူးလား”
ဟု ပြောနေသည့်အလား ဖြစ်၏။
အစောပိုင်းက ဆွေးနွေးနေခဲ့ကြသူများသည် အနည်းငယ် အနေရခက်သွားခဲ့ကြရသည်။
သို့သော်လည်း ၎င်းတို့ကို အပြစ်တင်၍မရပေ။
ဘာပဲဖြစ်ဖြစ် မုန့်ချန်ချင်းက ကျဲ့လော့ကဲ့သို့ လူသိများခြင်း မရှိရာ သူတို့က သူ့ကို ကောင်းကောင်း မသိကြပေ။
ဟမ့်!
စင်မြင့်ပေါ်တွင် တွမ့်မူယန်၏ မျက်နှာ ရုတ်တရက် မည်းမှောင်သွားခဲ့သည်။
သူက ညာဘက်လက်ဖြင့် ဘေးရှိစာပွဲခုံကို ရိုက်ခွဲပစ်လိုက်ပြီး မျက်လုံးများထဲတွင် ဒေါသများက သိသာထင်ရှားနေခဲ့၏။
ဤအရာက ကျဲ့လော့ဖြစ်၏။
သိုင်းပညာပြိုင်ပွဲကြီး၏ ထိပ်ဆုံး အယောက်သုံးဆယ်စာရင်းအတွက် သေချာသည့်လူဖြစ်သည်။
သို့သော် ယခုအခါတွင်မူ ဤမျှလောက်မြန်မြန် ရှုံးနိမ့်သွားခဲ့ရပြီ ဖြစ်၏။
ချက်ချင်းပင် သူက ထိုက်ရွှမ်းဂိုဏ်းရှိရာဘက်သို့ လှမ်းကြည့်လိုက်ပြီး
“မင်းတို့ တကယ်ကောင်းကောင်းဖုံးကွယ်ထားတာပဲ.... သန့်စင်သောသတ်ဖြတ်ခြင်းဓားသိုင်းတတ်တဲ့ တပည့်တစ်ယောက် ရှိနေတာပဲ...” ဟုပြောချင်နေခဲ့သည်။
သို့သော်လည်း လှမ်းကြည့်လိုက်ချိန်တွင် ထိုက်ရွှမ်းဂိုဏ်း၏ တောင်ထွတ်သခင်များအပါအဝင် ရှီယင်ချင်းပါ အနည်းငယ် အံ့အားသင့်နေကြသည်ကို သူ မြင်တွေ့လိုက်ရသည်။
သိသိသာသာပင် သူတို့လည်း သိရှိထားကြခြင်း မရှိချေ။
ထို့ကြောင့် ဤအရာက မမျှော်လင့်ပဲပေါ်လာသည့် မြင်းနက်တစ်ကောင်ဖြစ်ရမည်ပင်။
“သေစမ်း...”
“ထိုက်ရွှမ်းဂိုဏ်းက တကယ်ပဲ ကောင်းကင်ဘုံရဲ့ မျက်နှာသာပေးမှုကို ခံရတာလား...”
တွမ့်မူယန်နှင့် ဘီလူးဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ် ချင်ဟုန်တို့ အကြည့်ချင်းဆုံသွားခဲ့ကြပြီး နှစ်ဦးစလုံး လေးနက်သော အမူအရာများကို ပြသလိုက်ကြသည်။
ပွဲစဉ် အနည်းငယ်သာ ကုန်လွန်သွားခဲ့သေးသော်လည်း ဤအရာက ကောင်းသော နိမိတ်တစ်ခု မဟုတ်ပေ။
“ဆရာ... အဲဒါ တကယ်ပဲ သန့်စင်သောဝိညာဉ်သတ်ဖြတ်ခြင်း ဓားသိုင်းလား...”
မိုရှောင်ယု မှိန်မောနေရာမှအသိပြန်ဝင်လာပြီး မိုဆူကွမ်း၏ အင်္ကျီလက်ကို အလျင်အမြန် ဆွဲလျက် အလောတကြီး မေးလိုက်သည်။
“ဟုတ်တယ်...”
မိုဆူကွမ်း အသက်ပြင်းပြင်း ရှူလိုက်၏။
မုန့်ချန်ချင်း ဤဓားသိုင်းကို လေ့ကျင့်နေသည်ကို သူ သိသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းကို ယွင်ပုကျွယ်က သင်ကြားပေးခဲ့ခြင်းကြောင့် ဖြစ်သည်။
သို့သော် မုန့်ချန်ချင်းအနေဖြင့် ဤမျှတိုတောင်းသော အချိန်ကာလအတွင်းမှာ ၎င်းကို ပြီးပြည့်စုံသော အဆင့်အထိ တတ်မြောက်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့မိချေ။
ထိုအရာက တကယ်ကို အထင်ကြီးစရာကောင်းလှသည်။
အပြစ်ပေးတောင်ထိပ်၏ လေးလွှာရှိသက်ရှိတွေကို သတ်ဖြတ်ရုံဖြင့် လုံးလောက်သွားသည်လား။
သို့သော် မုန့်ချန်ချင်း၏ နားလည်နိုင်စွမ်းနှင့် သူတတ်မြောက်ထားပြီးဖြစ်သည့် အချက်ကို တွေးလိုက်ချိန်တွင်မူ... ထိုအရာက မဖြစ်နိုင်ဘူးဟု မဆိုနိုင်တော့ပေ။
မသိစိတ်အရ မိုဆူကွမ်းက အခြားသော တောင်ထွတ်သခင်များကို လှမ်းကြည့်လိုက်သည်။
၎င်းတို့အားလုံးက ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်ကြ၏။
“ဒီကလေးမှာ... ဖုံးကွယ်ထားတဲ့အရာတွေ ဘယ်လောက်တောင်ရှိနေတာလဲ...”
မိုဆူကွမ်း မပြုံးဘဲ မနေနိုင်တော့ချေ။
အခြားသော ပါရမီရှင်တပည့်များလည်း ဂိုဏ်းချုပ်အနေဖြင့် ခန်းမဆောင်ကြီးအတွင်း၌ သူ့ကို အဘယ်ကြောင့် ဤမျှအထိ ချီးမွမ်းခဲ့ရသနည်းဆိုသည်ကို နောက်ဆုံးတွင် သဘောပေါက်သွားခဲ့ကြပြီ ဖြစ်သည်။
သန့်စင်သောဝိညာဉ်သတ်ဖြတ်ခြင်း ဓားသိုင်းက ဂိုဏ်း၏ ထိပ်တန်း မြေကမ္ဘာအဆင့် သိုင်းပညာရပ်များထဲမှ တစ်ခု ဖြစ်သည်။
အဓိကတောင်ထိပ်မှလွဲ၍ အခြားမည်သည့်အရာမှ ၎င်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် အဆင့်တွင် ရှိမနေခဲ့ပေ။
“သန့်စင်သောဝိညာဉ်သတ်ဖြတ်ခြင်း ဓားသိုင်း...”
ဟန်လျိုယုက ရှီယင်ချင်း၏ ဘေးတွင် မတ်တတ်ရပ်နေရင်း မျက်လုံးများကို မှေးကျဥ်းလိုက်သည်။
နောက်ပစ်ထားသည့်လက်တွေလည်း အနည်းငယ် တင်းကျပ်သွားပြီး ပြန်လည်ဖြေလျှော့လိုက်၏။
ဤဓားသိုင်းက တကယ်ကို အစွမ်းထက်လှသော်လည်း သူကလည်း အားနည်းသူတစ်ယောက် မဟုတ်ပေ။
“ဂျူနီယာညီလေးမုန့်က ဒီဓားသိုင်းကို အဓိကထားပြီး လေ့ကျင့်ထားလိမ့်မယ်လို့ မထင်ထားဘူး...”
လန်ချန်းက ရယ်မောလိုက်သည်။
“အခုလေးတင် သုံးလိုက်တဲ့ ဓားချက်က ‘ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးခြင်း’ ဖြစ်ရမယ်... ဒါက ဓားသိုင်းရဲ့ အသန်မာဆုံး လှုပ်ရှားမှု မဟုတ်သေးဘူး...”
“အခြားတစ်ခု ရှိသေးတာ ကျွန်တော်မှတ်မိသေးတယ်...”
“ဓားတစ်ချက်, အသက်ပျောက်, ရှင်သန်ခြင်းပျက်သုဥ်း...”
မိုဆူကွမ်းက ဖြည်းညှင်းစွာ ပြောလိုက်သည်။
သူ့အသံက တည်ငြိမ်နေသော်လည်း လူများ၏ ကျောရိုးကို တုန်ခါသွားစေပြီး အသက်ဇီဝိန်ကို နုတ်ယူခံရကာ သေခြင်းနယ်မြေအတွင်း နစ်မြုပ်သွားရသကဲ့သို့ ခံစားလိုက်ကြရသည်။