← Chapters

အခန်း ၁၃၅

Vol. 14 Ch. 135

အခန်း ၁၃၅

Vol. 14 Ch. 135

အခန်း (၁၃၅)

မြွေတစ်သောင်းနှလုံးဝါးမျိုမီးတောက်၊ မီးတောက်အကြွင်းအကျန်၏ စွမ်းအား၊ သတ်မှတ်ပြီးသား ရလဒ်

နားကွဲလုမတတ် စူးရှသော အော်ဟစ်သံကြီးတစ်ခု ကောင်းကင်နှင့်မြေပြင်အနှံ့ ပဲ့တင်ထပ်သွားခဲ့သည်။

တွမ့်မူလုံချွဲ၏ ခန္ဓာကိုယ်မှ အစိမ်းရင့်ရောင် မီးလျှံများ ပေါက်ကွဲထွက်လာခဲ့ပြီး ယခင် ကြက်သွေးရောင် မီးတောက်များကို လုံးဝ ဝါးမြိုပစ်လိုက်တော့သည်။

တစ်ပြိုင်နက်တည်းမှာပင် သိုင်းပြိုင်ကွင်းတစ်ခုလုံးက အစိမ်းရောင် မီးပင်လယ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

တွမ့်မူလုံချွဲ မီးလျှံပင်လယ်၏ အထက်တွင် မတ်တတ်ရပ်နေခဲ့ပြီး သူ၏ နောက်ကျောဘက်တွင် ကြီးမားလှသော မီးလျှံမြွေကြီးတစ်ကောင် တဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်။

ထိုမြွေကြီးက အသက်ဝင်လွန်းလှပြီး အထူးသဖြင့် ၎င်း၏ မျက်လုံးများက အသိဉာဏ်အရိပ်အယောင်များဖြင့် တောက်ပနေခဲ့ရာ သက်ရှိသတ္တဝါတစ်ကောင်နှင့်ပင် တူညီနေခဲ့ပေသည်။

၎င်း၏ တည်ရှိမှုက သိုင်းကွင်းတစ်ခုလုံး၏ အပူချိန်ကို အဆက်မပြတ် မြင့်တက်လာစေ၏။

ကာကွယ်ရေး အစီရင်သာ မရှိပါက စင်မြင့်ထက်ရှိ ကြည့်ရှုသူ အများစုမှာ တောင့်ခံနိုင်ကြမည် မဟုတ်ဘဲ ထိုနေရာတင် ပြာအဖြစ် လောင်ကျွမ်းသေဆုံးသွားကြပေလိမ့်မည်။

ကောင်းကင်နှင့်မြေကြီး ဆန်းကြယ်မီးတောက်...

ဟန်လျိုယု၏ စကားလုံးများက လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။

ဤအရာက ဒဏ္ဍာရီလာ တည်ရှိမှုတစ်ခု ဖြစ်၏။

အလွန်အမင်း ရှားပါးပြီး ဆေးဖော်စပ်သူ အားလုံး၏ နှလုံးသားထဲမှ နတ်ဘုရားမီးတောက်လည်း ဖြစ်ပေသည်။

၎င်းကို ယနေ့တွင် ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရလိမ့်မည်ဟု မည်သူမှ မျှော်လင့်မထားခဲ့ကြချေ။

“ဘုရားရေ... တွမ့်မူလုံချွဲက တကယ်ပဲ ကောင်းကင်နှင့်မြေကြီး ဆန်းကြယ်မီးတောက်ကို ပိုင်ဆိုင်ထားတာလား...”

“သူ ဒါကို ဘယ်လိုလုပ်လိုက်တာလဲ... ဆန်းကြယ်မီးတောက်က အလွန်အမင်း ကြမ်းကြုတ်ပြီး ထိန်းချုပ်နိုင်ဖို့ အနည်းဆုံး သာလွန်မြင့်မြတ်ခြင်း အဆင့်ရှိမှသာ အခွင့်အရေး အနည်းငယ် ရှိတယ်လို့ ပြောကြတာ မဟုတ်ဘူးလား...”

“မင်း မေ့နေတာလား... တွမ့်မူလုံချွဲက မွေးရာပါ မီးလျှံခန္ဓာကို ပိုင်ဆိုင်ထားတာလေ... သူက မီးတောက်တွေအပေါ်မှာ မွေးရာပါ ထိန်းချုပ်နိုင်စွမ်း ရှိတယ်...”

“ဒါပေမဲ့ ဒါက ကောင်းကင်နှင့်မြေကြီး ဆန်းကြယ်မီးတောက်လေ... သာမန် မီးတောက်အသေးစားတွေ မဟုတ်ဘူး... မွေးရာပါ မီးလျှံခန္ဓာ ရှိနေရင်တောင်မှ တာအိုဖန်တီးခြင်းနယ်ပယ်နဲ့ ဒါကို မထိန်းချုပ်နိုင်သင့်ဘူး...”

ကြည့်ရှုသူများအကြား ဆွေးနွေးသံများ ဆူညံသွားခဲ့သည်။

အစောပိုင်း စိတ်ဓာတ်ကျနေခဲ့ကြသည့် နေမီးတောက်တောင်ကြားနှင့် ဘီလူးဝိညာဉ်ဂိုဏ်းတို့မှ တပည့်များ ရုတ်တရက် ပြုံးရွှင်သွားခဲ့ပြီး ထိုက်ရွှမ်းဂိုဏ်း တပည့်များကတော့ ပြုံးရယ်နိုင်စွမ်း မရှိတော့ဘဲ စိုးရိမ်ပူပန်သွားခဲ့ကြသည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

မြင့်မားသော စင်မြင့်ထက်တွင် ပါရမီရှင် တပည့်အများအပြား၏ မျက်နှာများ သိသိသာသာ ပြောင်းလဲသွားခဲ့ရပြီး ၎င်းတို့၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

၎င်းတို့အားလုံးက တူညီသော အတွေးတစ်ခုကို တွေးလိုက်ကြသည်။

“ဒါက တကယ် ကောင်းကင်နှင့်မြေကြီး ဆန်းကြယ်မီးတောက်ပဲ... အဲဒီကောင် အစောပိုင်းက ငါနဲ့ တိုက်တုန်းက ထိန်ချန်ထားခဲ့တာပဲ...”

မိုရှောင်ယု သူမ၏ လက်များကို ချလိုက်ပြီး ကောင်းကင်ယံမှ မီးလျှံများကို ချစ်စရာမျက်နှာလေး၌ မကျေနပ်သည့်အမူအရာဖြင့် ကြည့်လိုက်သည်။

“ဒီတော့, ဒါက နေမီးတောက်တောင်ကြားရဲ့ ဝှက်ဖဲပေါ့...”

မုန့်ချန်ချင်းကတော့ အနည်းငယ် အံ့ဩသွားခဲ့ရသော်လည်း အလွန်အမင်း တုန်လှုပ်ခြင်း မရှိချေ။

အစောပိုင်းက ဂိုဏ်းချုပ်နှစ်ဦး၏ တုံ့ပြန်မှုများက အရေးကြီးသောအရာတစ်ခု ရှိနေကြောင်း အရိပ်အမြွက် ပြသနေခဲ့သည်။

၎င်းက ဆန်းကြယ်မီးတောက် ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ခြင်းသာ ဖြစ်သည်။

“ဒါပေမဲ့... ဒီဆန်းကြယ်မီးတောက်က တစ်ခုခုတော့ မှားနေသလိုပဲ...”

တတိယအဆင့် ဆေးဖော်စပ်သူတစ်ဦးအနေဖြင့် မုန့်ချန်ချင်းက ပြဿနာကို သဘာဝကျကျ မြင်တွေ့လိုက်ရသည်။

ကောင်းကင်နှင့်မြေပြင် ဆန်းကြယ်မီးလျှံတိုင်းက ပြည့်စုံသောစိတ်ဝိညာဥ်ကို ပိုင်ဆိုင်ထားကြသည်။

ဆိုလိုသည်မှာ ၎င်းတို့တွင် အသိဉာဏ် ရှိကြသည်။

သို့သော် ဤအစိမ်းရောင် ဆန်းကြယ်မီးတောက်မှာမူ စိတ်ဝိညာဥ် အနည်းငယ် ရှိနေသော်လည်း အလွန်အမင်း လိုအပ်ချက် ရှိနေဆဲ ဖြစ်၏။

ထို့အပြင် စွမ်းအားကလည်း ဆန်းကြယ်မီးတောက်တစ်ခုတွင် ရှိသင့်သည့် အဆင့်သို့ ရောက်မနေချေ။

"အကြွင်းအကျန်မီးတောက်လား..."

မုန့်ချန်ချင်း၏ မျက်ခုံးများ အနည်းငယ် မြင့်တက်သွားခဲ့သည်။

ဤအရာက အဓိပ္ပာယ်ရှိ၏။

အကယ်၍ ၎င်းက အကြွင်းအကျန်မီးတောက်သာ မဟုတ်ပါက မွေးရာပါ မီးလျှံခန္ဓာ ရှိနေလျှင်ပင် တွမ့်မူလုံချွဲ ဤအရာကို ထိန်းချုပ်နိုင်မည် မဟုတ်ချေ။

ဆန်းကြယ်မီးတောက်၏ စွမ်းအားက ရုပ်ခန္ဓာ ဖိနှိပ်ချုပ်ချယ်မှုသာမက သန်မာသည့်စိတ်ဆန္ဒကိုလည်း လိုအပ်သည်။

နတ်ဘုရားရရှိခြင်းနယ်ပယ်သို့ မရောက်ရှိဘဲ ကျင့်ကြံသူတစ်ဦး၏ စိတ်ဝိညာဉ်က ထိုအမြင့်သို့ မရောက်ရှိနိုင်ချေ။

“ဟားဟားဟား... ဂိုဏ်းချုပ်ရှီ... ဒါကို မျှော်လင့်မထားဘူး မဟုတ်လား...”

တွမ့်မူယန်က မတ်တတ်ရပ်လျက် ရယ်မောလိုက်ပြီး ရှီယင်ချင်း၏ မျက်နှာထက်တွင် ပျာယာခတ်သွားမည့် အမူအရာကို မြင်တွေ့ရန် မျှော်လင့်နေခဲ့သည်။

သို့သော်လည်း... ရှိမနေခဲ့ချေ။

အမြဲတမ်းရှိနေကျ တည်ငြိမ်သော အမူအရာသာ ဖြစ်နေခဲ့ပြီး တွမ့်မူယန်၏ ထိုးနှက်ချက်က ဝါးကွမ်းပေါ်ကျသွားသည့် လက်သီးချက်ကဲ့သို့ ခံစားသွားရစေသည်။

သူ အချိန်အတော်ကြာ ပြင်ဆင်ထားခဲ့သော စကားလုံးများလည်း လည်ချောင်းဝတွင် တစ်ဆို့သွားခဲ့ပြီး မပြောနိုင်တော့ချေ။

ရှီယင်ချင်းသာမက အခြားသော တောင်ထိပ်သခင်များကလည်း တည်ငြိမ်နေခဲ့ကြပြီး ၎င်းတို့က ဤအရာကို ကြိုတင်မျှော်လင့်ထားခဲ့သည့်အလား ဖြစ်နေခဲ့သည်။

“မင်းတို့ ဒါကို ကြိုသိနေတာလား...”

တွမ့်မူယန်က မယုံကြည်နိုင်စွာ မေးမြန်းလိုက်သည်။

“ငါတို့ဂိုဏ်းက ပြောပြီးသားပဲလေ... သတ်မှတ်ပြီးသား ရလဒ်တစ်ခုပါဆို...”

ရှီယင်ချင်းက တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်သည်။

“ဟွန်း... ကြိုသိနေရင်တောင်မှ ဟန်လျိုယုက ရှုံးနိမ့်ဦးမှာပဲဆိုတဲ့ အချက်ကိုတော့ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး...”

တွမ့်မူယန်က အေးစက်စွာ ပြောဆိုလျက် ပြန်ထိုင်လိုက်သည်။

သူက ရှီယင်ချင်းထံမှ စိတ်ကျေနပ်မှုကို မရရှိခဲ့သော်လည်း သူ၏ ယနေ့ အဓိက ပန်းတိုင်မှာ ထိုက်ရွှမ်းဂိုဏ်း၏ အဆင့်တက်လှမ်းမှုကို တားဆီးရန် ဖြစ်ပေသည်။

၎င်းကို အောင်မြင်သရွေ့တော့ လုံလောက်ပေသည်။

“ဒါက ဆန်းကြယ်မီးတောက်စာရင်းမှာ အဆင့် ၄၉ ရှိတဲ့ မြွေတစ်သောင်းနှလုံးဝါးမျိုမီးတောက် ဖြစ်ရမယ်...”

ရှီယင်ချင်းက ရုတ်တရက် ပြောလိုက်သည်။

“ဂိုဏ်းချုပ်ရှီကတော့ အမြင်စူးရှသားပဲ...”

ဝမ်ရှန်းအဆောက်အဦးမှ ယွမ်ချန်က ပြုံးလျက် ပြောလိုက်သည်။

"ငါမှတ်မိပါသေးတယ်, လွန်ခဲ့နှစ်တွေ မဟာတိုက်ပွဲကြီးတုန်းက အစွမ်းထက်အားတစ်ခုက ဒီမီးတောက်ကို အပိုင်းပိုင်းဆုတ်ဖြဲပစ်လိုက်လို့ ဆန်းကြယ်မီးတောက်စာရင်းက ပြုတ်ကျသွားတာမလား.... တစ်စုံတစ်ယောက်က အကြွင်းအကျန်တွေ ပြန်စုစည်းပြီ ပြန်ပုံသွင်းထားမယ်လို့ မမျှော်လင့်ထားဘူး..."

ရှီယင်ချင်းက ခပ်တိုးတိုး ပြောလိုက်သည်။

"ဒါပေမဲ့ ဒါက အကြွင်းအကျန်မီးတောက်တစ်ခုပါပဲ... ဆန်းကြယ်မီးတောက်ရဲ့ စစ်မှန်တဲ့ စွမ်းအားမျိုး မရှိဘူး... ဒါကြောင့်မို့လို့ပဲ တာအိုဖန်တီးခြင်းနယ်ပယ် မွေးရာပါ မီးလျှံခန္ဓာက ဒါကို ထိန်းချုပ်နိုင်တာ...”

“ကျန်ကြွင်းမီးလျှံ ဖြစ်နေရင်တောင်မှ ဒါက သာမန် သားရဲမီးတွေ ဒါမှမဟုတ် အနှစ်သာရမီးတွေထက် အများကြီး သာလွန်တယ်... မင်းတို့ဂိုဏ်းက ဟန်လျိုယုကို အနိုင်ယူဖို့အတွက် လုံလောက်ပါတယ်...”

တွမ့်မူယန်က အေးစက်စွာ ပြောလိုက်သည်။

၎င်းကို ကြားလိုက်ရချိန်တွင် ရှီယင်ချင်း ခပ်ဖွဖွ ပြုံးလိုက်သော်လည်း ဘာမှ ထပ်မပြောတော့ချေ။

အောက်ဘက်ရှိ သိုင်းပြိုင်ကွင်းအတွင်းတွင်မူ တွမ့်မူလုံချွဲ၏ အရှိန်အဝါက ဟန်လျိုယုကို တဖြည်းဖြည်းချင်း ဖိနှိပ်လာခဲ့သည်။

အစိမ်းရောင် မီးလျှံမြွေကြီးက ပိုမိုကြီးမားလာခဲ့ပြီး မီတာငါးရာခန့်အထိ မြင့်မားလာခဲ့၏။

၎င်း မှုတ်ထုတ်လိုက်သော မီးလျှံများက လေထုကိုပင် ပုံပျက်ပန်းပျက် ဖြစ်သွားစေခဲ့သည်။

တွမ့်မူလုံချွဲက မီးလျှံမြွေကြီး၏ ဦးခေါင်းထက်တွင် မတ်တတ်ရပ်လျက် သူ၏ တစ်ချိန်က အသန်မာဆုံး ပြိုင်ဘက်ဖြစ်ခဲ့သော ဟန်လျိုယုကို ငုံ့ကြည့်လိုက်သည်။

“ဟန်လျိုယု... မင်း အခု ဘာလုပ်နိုင်ဦးမှာလဲ...”

တွမ့်မူလုံချွဲ၏ နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။

“မင်း ဆန်းကြယ်မီးတောက်တစ်ခုကို ရှာတွေ့လိမ့်မယ်လို့ ငါ မထင်ထားဘူး...”

ဟန်လျိုယု၏ မျက်နှာက နောက်ဆုံးတွင် အလွန်အမင်း တည်ကြည်လေးနက်သွားခဲ့ရသည်။

အမှန်စင်စစ် သူက တွမ့်မူလုံချွဲ၏ ပြိုင်ဘက် မဟုတ်တော့ချေ။

ဤဆန်းကြယ်မီးတောက်က ဒဏ္ဍာရီထဲကလောက် စွမ်းအားမရှိသော်လည်း ၎င်းက သူ တုံ့ပြန်နိုင်စွမ်းရှိသည့် အဆင့်ထက် ကျော်လွန်နေဆဲ ဖြစ်၏။

“ငါက ငါ့ရဲ့ ဆရာနဲ့ ဂိုဏ်းကို စိတ်ပျက်အောင် လုပ်မိတော့မှာလား...”

ဟန်လျိုယုက သူ၏ လက်သီးများကို တင်းတင်းဆုပ်လိုက်ပြီး သူ၏ ယုံကြည်ချက်များ ပျောက်ကွယ်သွားခဲ့ကာ မကျေမနပ်ဖြစ်မှုများဖြင့် ပြည့်နှက်လာခဲ့သည်။

သူက ခြေလှမ်းတစ်လှမ်းတည်းသာ လိုတော့တာလေ... အကယ်၍ သူ တွမ့်မူလုံချွဲကို အနိုင်ယူနိုင်ပါက သူ့ဆရာထံမှ စစ်မှန်သော အသိအမှတ်ပြုမှုကို ရရှိပြီး ဂိုဏ်းကို အဆင့်တက်လှမ်းနိုင်အောင် ကူညီပေးနိုင်မည် ဖြစ်သည်။

“နောက်ထပ် နည်းနည်းလေးပဲ လိုတော့တာကို...”

ဟန်လျိုယုက အော်ဟစ်လိုက်ပြီး သူ၏ အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့သည်။

အနိုင်ရရှိရန် အခွင့်အရေး မရှိလျှင်ပင် အသက်နှင့်လဲ၍ တိုက်ခိုက်ရမည်ဖြစ်သည်။

“အထွတ်အထိပ် နဂါးအရှင်သခင်အတတ် - လေနတ်ဘုရားဟိန်းသံ...”

ဟန်လျိုယုက အထက်သို့ ခုန်တက်လိုက်ရာ ပြင်းထန်သော လေပြင်းများက ဝန်းရံသွားခဲ့ပြီး ကြီးမားသော အရိပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ထိုအရိပ်ကြီးက သူ့ပုံစံအတိုင်း ဟန်တုကာ ညာလက်သီးကို တွမ့်မူလုံချွဲရှိရာသို့ ဦးတည်လိုက်၏။

“ဟန်လျိုယု... အခုကစပြီး မင်းက ငါ့ရဲ့ အရိပ်အောက်မှာပဲ အမြဲတမ်း ရှင်သန်သွားရတော့မယ်...”

တွမ့်မူလုံချွဲက သူ အကြာကြီး ထိန်းချုပ်ထားခဲ့ရသော မကောင်းသည့် ခံစားချက်များကို ထုတ်ဖော်လျက် အော်ဟစ်လိုက်သည်။

“မီးတောက်တစ်သောင်းကောင်းကင်ကျမ်း - မီးတောက်နဂါးအကျဥ်းထောင်လက်ဝါး...”

အစိမ်းရောင် မြွေကြီး ဟိန်းဟောက်လိုက်ပြီး အကြွင်းအကျန်မီးတောက်၏ စွမ်းအားများက တွမ့်မူလုံချွဲ၏ လက်ဝါးများထဲသို့ စီးဆင်းသွားခဲ့သည်။

ထို့နောက် ကြီးမားလှသော အစိမ်းရောင် မီးလျှံလက်ဝါးချက်ကြီး တစ်ချက် ထွက်ပေါ်လာခဲ့၏။

ဘုန်း!

တိုက်ခိုက်မှုနှစ်ခု ထိပ်တိုက်တွေ့ဆုံသွား၏။

လက်ဝါးချက်၏ ပြိုင်ဘက်ကင်းစွမ်းအားက ကြီးမားလှသော အရိပ်ကြီးကို အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးပစ်လိုက်သည်။

ထိုအခါ လောင်ကျွမ်းနေသော ပုံရိပ်တစ်ခု နောက်သို့ လွင့်စင်သွားခဲ့ပြီး မကျဆုံးခင်မှာပင် ရင်းနှီးသော ခွန်အားတစ်ခုက ဖမ်းထိန်းကာ မြင့်မားသော စင်မြင့်ထက်သို့ ပျံတက်လာခဲ့စေသည်။

“စီနီယာအစ်ကိုဟန်...”

ပတ်ဝန်းကျင်ရှိ ပါရမီရှင် တပည့်များ အလျင်အမြန် ပြေးဝင်လာခဲ့ကြပြီး ၎င်းတို့၏ အမူအရာများက ရှုပ်ထွေးနေခဲ့ကြသည်။

မည်သူမှ ဤကဲ့သို့ရလဒ်မျိုးကို မျှော်လင့်မထားခဲ့ကြချေ။

“ဆရာ...”

ရှီယင်ချင်းကို မြင်တွေ့လိုက်ရချိန်တွင် ဟန်လျိုယု အံ့ကြိတ်ပြီး နှလုံးသားထဲတွင် အပြစ်မကင်းမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

“ကျွန်တော် ဆရာ့ကို စိတ်ပျက်အောင် လုပ်မိပါပြီ...”

“ရပါတယ်... မင်း အကောင်းဆုံး လုပ်ခဲ့တာပဲ...”

ရှီယင်ချင်း ညာလက်ကို ဝှေ့ယမ်းလိုက်ရာ အားကောင်းသည့်အသက်ဓာတ်တစ်ခု ဟန်လျိုယုကိုယ်ထဲ ဝင်ရောက်သွားပြီး ဒဏ်ရာများကို အလျင်အမြန် ကုသပေးလိုက်သည်။

“ဟားဟား... ရှီယင်ချင်း... ကြည့်ရတာ ထိုက်ရွှမ်းဂိုဏ်းရဲ့ အဆင့်တက်လှမ်းမယ့် အိပ်မက်ကတော့ ဒီနေရာမှာတင် ပြီးဆုံးသွားပြီ ထင်တယ်...”

တွမ့်မူယန် အောင်နိုင်သူတစ်ဦးအလား ကြွားဝါစုတ်သတ်လျက် ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။

All Chapters