အခန်း ၁၃၉
Vol. 14 Ch. 139
အခန်း (၁၃၉)
မကောင်းဆိုးဝါးဆန်သော ပါရမီရှင်၊ ဓားဘုရင်တစ်ယောက်၏ အရှိန်အဝါ၊ တောင်ပိုင်းပါရမီရှင်များ၏တိုက်ပွဲ
စကားလုံးများ ထွက်ပေါ်လာသည်နှင့် နေရာတစ်ခုလုံး ပေါက်ကွဲထွက်သွားပြီး အုတ်အုတ်သောင်းနင်းဖြစ်သွားခဲ့သည်။
လူတိုင်းက စိတ်လှုပ်ရှားပြီး ရင်ခုန်နေခဲ့ကြသည်။
ဘာပဲဖြစ်ဖြစ် ဤသို့သောရလဒ်မျိုး ဖြစ်လာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။
အနိုင်ရရှိသူက တွမ့်မူလုံချွဲ မဟုတ်ဘဲ အစပိုင်းတွင် အထင်သေးခံခဲ့ရသည့် မုန့်ချန်ချင်း ဖြစ်နေခဲ့သည်။
“ဒီအသက်အရွယ်မှာ ဓားရည်ရွယ်ချက်ကို ပိုင်ဆိုင်ထားတယ်... တကယ်ကို ကောင်းကင်ဘုံကပေးတဲ့ ဒဏ္ဍာရီလာ ပါရမီရှင်ပဲ...”
“ဒီတော့ ထိုက်ရွှမ်းဂိုဏ်းရဲ့ တကယ့် ဝှက်ဖဲက ဟန်လျိုယု မဟုတ်ဘဲ မုန့်ချန်ချင်း ဖြစ်နေတာပေါ့...”
“သူတို့က ဒီကောင်လေးကို တော်တော်လေး ဝှက်ထားနိုင်တာပဲ...”
“ဒီလောက် ထူးခြားဆန်းကြယ်တဲ့ ပါရမီစွမ်းရည်မျိုးနဲ့ဆိုရင် ထိုက်ရွှမ်းဂိုဏ်းရဲ့ အနာဂတ်က စိတ်ကူးယဉ်ဖို့တောင် ခက်ခဲလောက်အောင်ပဲ...”
“အဆင့် ၁ ဂိုဏ်းလောက်တင်မကဘူး... သန့်စင်သောမြေတွေပြီးရင် ဒုတိယဖြစ်တဲ့ ဂိုဏ်းကြီးတစ်ခု ဖြစ်လာနိုင်တယ်...”
တစ်ခဏအတွင်းမှာပင် လူတိုင်း စကားအမျိုးမျိုး ပြောဆိုနေခဲ့ကြသည်။
“ငါတို့ရဲ့ သခင်လေး ပထမနေရာ ရသွားပြီ...”
မုန့်မိသားစုဝင်များလည်း အလွန်အမင်း ပျော်ရွှင်နေခဲ့ကြသည်။
ရိုးရိုးသားသားပြောရလျှင် လူအများစုကဲ့သို့ပင် ၎င်းတို့၏ စိတ်ထဲတွင် မျှော်လင့်ချက် မရှိခဲ့ကြချေ။
သူတို့က တုံ့ပြန်ရုံသာ တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း သခင်လေးက သူတို့ကို ပြိုင်ဘက်ကင်း အံ့ဩသင့်စရာတစ်ခုကို ပေးအပ်ခဲ့သည်။
“အစောပိုင်းက ပြန်ရင် တွားသွားထွက်သွားမယ်လို့ ပြောခဲ့တာ ဘယ်မှာလဲ... အခု ထွက်လာခဲ့စမ်း...”
ဤအခိုက်အတန့်တွင် မိသားစုဝင်များက ဂုဏ်ယူစွာဖြင့် မတ်တတ်ရပ်နေခဲ့ကြသည်။
အဟွတ်...
လူများစွာ ၎င်းတို့၏ ဦးခေါင်းကို အမြန်ပင် လှည့်ကြည့်လိုက်ကြသည်။
မည်သူက ဝန်ခံရဲမည်နည်း။
“မင်းတို့ မုန့်မိသားစုအကြောင်း ကြားဖူးလား...”
တစ်ယောက်ယောက်က မေးမြန်းလိုက်သည်။
“မကြားဖူးဘူး၊ ဒါပေမဲ့ ဒီမုန့်မိသားစုဝင်တွေရဲ့ ကျင့်ကြံရေးကို ကြည့်ရင် သေးငယ်တဲ့ မိသားစုလေးပဲ ဖြစ်ရမယ်... ဒီလောက် ကြောက်မက်ဖွယ်ကောင်းတဲ့ မျိုးဆက်သစ်ကို မွေးထုတ်ပေးနိုင်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ... တကယ်ကို မနာလိုစရာပဲ...”
ဤအရာကို ကြားလိုက်ရချိန်တွင် လူတိုင်းက အလားတူ ခံစားချက်မျိုးကို ခံစားလိုက်ရသည်။
၎င်းတို့က ထျန်းလင်းစီရင်စုတွင် အင်အားကြီးမားသော မိသားစုတစ်ခု တက်လာတော့မည်ကို မြင်ယောင်နေကြသကဲ့သို့ပင်။
“ငါတို့ နိုင်သွားပြီ...”
မြင့်မားသော စင်မြင့်ထက်တွင် တပည့်အများအပြား ပျော်ရွှင်စွာဖြင့် ခုန်ပေါက်နေပြီး မျက်နှာများတွင် အံ့ဩမှုနှင့် ပျော်ရွှင်မှုတွေ အထင်းသားပင်။
ယနေ့က တကယ်ကို အလှည့်အပြောင်းများဖြင့် ပြည့်နှက်နေခဲ့၏။
စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှသည်။
အမြဲတမ်း အခွင့်အရေးရနေတတ်သည့် ဂျူနီယာညီလေး မုန့်က ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ဝှက်ထားခဲ့လိမ့်မည်ဟု သူတို့ လုံးဝ မမျှော်လင့်ထားခဲ့ကြချေ။
ကံကောင်းထောက်မစွာဖြင့် ဂျူနီယာညီလေး မုန့် ရှိနေခဲ့သည်။
မဟုတ်ပါက ထိုက်ရွှမ်းဂိုဏ်း၏ ယနေ့မြှင့်တင်မှုက အလကား ဖြစ်သွားခဲ့ပေလိမ့်မည်။
“အနိုင်ရရှိသူ ထိုက်ရွှမ်းဂိုဏ်း မုန့်ချန်ချင်း...”
အောက်ဘက်ရှိ ဒိုင်လူကြီး၏ အသံ ထွက်ပေါ်လာခဲ့သည်။
“အကြီးအကဲ ယွမ်... မင်း အဲ့တာကို မကြေညာတော့ဘူးလား...”
ရှီယင်ချင်းက ယွမ်ချန်ကို ကြည့်လျက် အနည်းငယ် ပြုံးကာ ပြောလိုက်သည်။
“ထိုက်ရွှမ်းဂိုဏ်းရဲ့ ကံကြမ္မာက ကျန်ရှိနေသေးပုံပဲ... ဒီအချိန်မှာတောင် ဒီလောက် ထူးချွန်တဲ့ တပည့်တစ်ယောက် ပေါ်လာနိုင်သေးတယ်...”
ယွမ်ချန်က ခပ်ဖွဖွ ပြောလိုက်သည်။
“ငါတို့ရဲ့ ဘိုးဘေးတွေရဲ့ စောင့်ရှောက်မှုကြောင့်ပါ... ဘာမှ မဟုတ်ပါဘူး...”
ရှီယင်ချင်းက ဆိုသည်။
“ထိုက်ရွှမ်းဂိုဏ်းက သတ်မှတ်ချက်တွေနဲ့ ကိုက်ညီ၍ အဆင့် ၁ ဂိုဏ်းအဖြစ် မြှင့်တင်ပေးလိုက်ပြီ...”
ယွမ်ချန်က အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
သူ၏ အသံက ကောင်းကင်နှင့်မြေကြီးအကြားတွင် ဟိန်းထွက်သွားခဲ့သည့် မိုးခြိမ်းသံအလားပင်။
စကားလုံးများ ထွက်ပေါ်လာသည်နှင့် ဝမ်းမြောက်ဝမ်းသာ အော်ဟစ်သံများက လှိုင်းလုံးများအလား ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ထိုက်ရွှမ်းဂိုဏ်း၏ ထောင့်တိုင်းကို ဖြည့်ဆည်းသွားခဲ့သည်။
ယခုအချိန်မှစ၍ ထျန်းစီရင်စုအတွင်းတွင် အင်းအားစုကြီးလေးခုဟူ၍ မရှိတော့ဘဲ အုပ်စိုးရှင်အင်အားစုတစ်ခုသာ ရှိတော့မည် ဖြစ်သည်။
ထိုအရာက ထိုက်ရွှမ်းဂိုဏ်းပင် ဖြစ်သည်။
ဝှစ်!
ဓားအလင်းတန်းတစ်ခု ပျံတက်သွားပြီး မြင့်မားသော စင်မြင့်ထက်သို့ ဆင်းသက်လာခဲ့သည်။
ထိုအရာက မုန့်ချန်ချင်းပင် ဖြစ်သည်။
လူတိုင်း၏ အကြည့်များက ချက်ချင်းပင် သူ့ထံသို့ ရောက်ရှိသွားကြသည်။
“ဂျူနီယာညီလေး မုန့်...”
ပထမဆုံးအကြိမ်အဖြစ် ပါရမီရှင်များအားလုံး၏ မျက်လုံးများထဲတွင် သံသယများ မရှိတော့ဘဲ လေးစားမှုနှင့် ရိုသေမှုများဖြင့် ပြည့်နှက်သွားခဲ့ကြသည်။
ပါရမီရှင်များကို လေးစားအောင် လုပ်ဖို့က ခက်ခဲသော အရာမဟုတ်ချေ။
သို့သော်လည်း ၎င်းတို့ကို ရိုသေစေရန်မှာမူ အကြွင်းမဲ့ လွှမ်းမိုးနိုင်သော စွမ်းအား လိုအပ်သည်။
ထို့ပြင် ယခု သူတို့၏ စိတ်ထဲတွင် မုန့်ချန်ချင်းက အဆင့်မြင့် ပါရမီရှင်များ၏ အဆင့်ကို လုံးဝ ကျော်လွန်သွားခဲ့ပြီ ဖြစ်၏။
သူက ဒဏ္ဍာရီလာ ခေါင်းစဉ်တစ်ခုဖြင့် ရည်ညွှန်းခံရနိုင်သည်။
ထိုအရာက... လောကကြီးကို ဆန့်ကျင်မည့် ဒဏ္ဍာရီလာ ပါရမီရှင် ဖြစ်သည်။
“ဒီလို သေးငယ်တဲ့ ထျန်းလင်းစီရင်စုကနေ လောကကြီးကို ဆန့်ကျင်တဲ့ ဒဏ္ဍာရီလာ ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာနိုင်လိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ... မင်း ငါ့ရဲ့ ဝမ်ရှန်းအဆောက်အဦးကို လာဖို့ စိတ်ကူးရှိလား...”
ယွမ်ချန် မုန့်ချန်ချင်းကို ကြည့်လျက် ပြုံးကာ ပြောလိုက်သည်။
“ဓားဘုရင်လို အရှိန်အဝါမျိုးနဲ့ မင်း ဒီမှာ မြှုပ်နှံထားခံရတာ မဖြစ်သင့်ဘူး...”
ယွမ်ချန်က သူ့ကို တိုက်ရိုက် ခေါ်ဆောင်ရန် ကြိုးစားလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ချေ။
“ဖိတ်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲ.... ဒါပေမဲ့ ကျွန်တော် ဒီမှာနေရတာ ကျင့်သားရနေပြီမို့လို့ ရွှေ့ပြောင်းဖို့ အစီအစဉ် မရှိဘူး...”
မုန့်ချန်ချင်း တုံ့ဆိုင်းမနေခဲ့ချေ။
သူက အမှတ်တရများကို တန်ဖိုးထားတတ်သူ ဖြစ်သည်။
တစ်နေရာရာတွင် ကျင့်သားရသွားပြီဆိုလျှင် ၎င်းက သန်မာသည်ဖြစ်စေ၊ အားနည်းသည်ဖြစ်စေ တကယ်တမ်း အခြားရွေးချယ်စရာ မရှိတော့သည့်တိုင်အောင် အလွယ်တကူ ထွက်ခွာသွားမည် မဟုတ်ချေ။
မုန့်ချန်ချင်း၏ တုံ့ဆိုင်းမှုမရှိသော အဖြေကို ကြားလိုက်ရချိန်တွင် ရှီယင်ချင်းနှင့် တောင်ထိပ်သခင်များအားလုံး ပြုံးလိုက်ကြသည်။
“ဟမ့်... လူငယ်တွေ ဝမ်ရှန်းအဆောက်အဦးက ဘာကို ဆိုလိုသလဲဆိုတာ မသိသေးပုံပဲ...”
ယွမ်ချန်၏ မျက်နှာက အနည်းငယ် အေးစက်သွားခဲ့ပြီး ခေါင်းကို ခါယမ်းလိုက်သည်။
“ယွမ်ချန်... မင်း စကားတွေ များလွန်းနေပြီ... မင်း ထျန်းလင်းစီရင်စုကနေ ထွက်မသွားချင်တော့ဘူးလား...”
ရှီယင်ချင်းက ဆိုလိုက်သည်။
“ရှီယင်ချင်း... မင်းက အခုထိ အာဏာရှင်ဆန်နေတုန်းပဲ.... ဒါပေမဲ့ ဘာအသုံးဝင်မှာလဲ...”
ယွမ်ချန်က ပိုမို ပြောချင်သော်လည်း ရှီယင်ချင်း၏ ပိုမိုအေးစက်လာသော မျက်လုံးများနှင့် ဆုံမိသွားချိန်တွင် သူ၏ နှလုံးသားက မသိစိတ်အရ တုန်ခါသွားခဲ့ရသည်။
သူ လက်လျှော့လိုက်ရတော့သည်။
သို့သော်လည်း ဝမ်ရှန်းအဆောက်အဦး၏ အဆင့်မြင့်အကြီးအကဲတစ်ဦးအနေဖြင့် သူက အရှိန်အဝါပိုင်းတွင် အရှုံးမပေးနိုင်ချေ။
ထို့ကြောင့် အပြုံးတစ်ခုကို ဆက်လက် ထိန်းသိမ်းထားခဲ့သည်။
“ဒါနဲ့... နောက်ထပ် ခြောက်လအတွင်းမှာ တောင်ပိုင်းပါရမီရှင်များ တိုက်ပွဲ ရှိလိမ့်မယ်... အဲဒီအချိန်ကြရင် ငါမင်းကို တွေ့ရဖို့ မျှော်လင့်တယ်...”
ယွမ်ချန် မုန့်ချန်ချင်းကို ကြည့်လျက် ခပ်ဖွဖွ ပြောလိုက်သည်။
အထူးသဖြင့် နောက်ဆုံးစကားလုံးကို သူက တစ်စုံတစ်ခုကို ရည်ညွှန်းနေသည့်အလား လေးနက်စွာ အလေးပေး ပြောဆိုလိုက်သည်။
ဤအရာကို ကြားလိုက်ရချိန်တွင် မုန့်ချန်ချင်းမျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။
သူ၏ ဂိုဏ်းနှင့် ဤ ဝမ်ရှန်းအဆောက်အဦးတို့က ဆက်ဆံရေးကောင်းပုံမရပြီး တစ်စုံတစ်ရာသော ရန်ငြိုးမျိုး ရှိနေပုံရသည်။
မဟုတ်ပါက ‘ကြားနေ’ သည်ဟု ဆိုသော ဝမ်ရှန်းအဆောက်အဦးက ဤသို့သော သဘောထားမျိုး မရှိသင့်ချေ။
စကားပြောဆိုပြီးနောက် ယွမ်ချန် ဝမ်ရှန်းအဆောက်အဦးမှ လူများကို ဦးဆောင်ကာ ထွက်ခွာသွားခဲ့သည်။
“ထိုက်ရွှမ်းဂိုဏ်း...”
တွမ့်မူယန် ရှီယင်ချင်းကို မုန်းတီးမှုများဖြင့် ကြည့်လိုက်ပြီးနောက် မုန့်ချန်ချင်းကို ကြည့်ကာ နောက်ဆုံးတွင် နက်ရှိုင်းစွာ သက်ပြင်းချလျက် ထွက်ခွာသွားခဲ့သည်။
ထို့နောက် ဘီးလူးဝိညာဥ်ဂိုဏ်းလည်း အလားတူ လုပ်ဆောင်ခဲ့သည်။
လေတိမ်မြို့တော်၏ မြို့တော်ဝန်ဟောင်းတစ်ဦးသာ ရှီယင်ချင်းကို ဦးညွှတ်ခဲ့သည်။
နျဲ့မိသားစုက ဤသိုင်းပညာစုဝေးပွဲတွင် ပါဝင်ပတ်သက်မှု အချို့ ရှိခဲ့သော်လည်း ခေတ်ရေစီးကြောင်းအရ နျဲ့မိသားစုမှာ အမှန်ပင် အကူညီမဲ့နေခဲ့သည်။
ယုတ္တိရှိရှိ ပြောရလျှင် ထိုအရာက နားလည်ပေးလို့ရ၏။
“ဂိုဏ်းချုပ်, တောင်ထိပ်သခင်များ... ကျွန်တော် ဂိုဏ်းချုပ်တို့ကို မျက်နှာမပျက်စေဘူးမလား...”
မုန့်ချန်ချင်းက သူ၏ အကြည့်ကို ရုပ်သိမ်းလိုက်ပြီး လက်ချင်းယှက်ကာ ပြောလိုက်သည်။
“တော်တယ်...”
မိုဆူကွမ်း ရှေ့တိုးလာပြီး မုန့်ချန်ချင်း ပခုံးကို ပုတ်ကာ ရယ်မောလိုက်သည်။
“မင်းရဲ့ အသက်အရွယ်မှာ ဓားရည်ရွယ်ချက်ကို သဘောပေါက်တာက ငါ့ရဲ့ မျှော်လင့်ချက်တွေကို တကယ်ပဲ ကျော်လွန်သွားခဲ့ပြီ... အနည်းဆုံး နတ်ဘုရားရရှိခြင်းနယ်ပယ် ရောက်မှ နားလည်မယ်လို့ ငါက ထင်ထားခဲ့တာ... အဆုံးမှာတော့ ငါတို့ဂိုဏ်းရဲ့ ပထမဆုံးဂိုဏ်းချုပ်က နတ်ဘုရားရရှိခြင်းနယ်ပယ်မှာမှ သဘောပေါက်ခဲ့တာလေ...”
“အခုကြည့်ရတာ မင်းက ဘိုးဘေးတွေထက်တောင် ပိုတော်နေပြီပဲ...”
ရှီယင်ချင်းက ပြုံးလျက် ပြောလိုက်သည်။
သူ၏ စကားလုံးများက လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။
ဤကဲ့သို့ ချီးကျူးခြင်းက ဂိုဏ်းချုပ်ခန်းမ တုန်းကထက်ပင် ပိုကြီးမားနေခဲ့သည်။
ပထမဆုံး ဂိုဏ်းချုပ်ဆိုသည်မှာ ထိုက်ရွှမ်းဂိုဏ်းကို တည်ထောင်သူ ဖြစ်ပေသည်။
သူက အလွန်တရာ ပါရမီထူးချွန်သူတစ်ဦး ဖြစ်သည်ဟု ပြောစမှတ်ပြုကြသည်။
ဂိုဏ်းချုပ်က မုန့်ချန်ချင်းကို တည်ထောင်သူထက် ပိုတော်သည်ဟု ပြောလိုက်သည်။
အရင်တုန်းကဆိုလျှင် သူတို့က လက်ခံမည် မဟုတ်သော်လည်း အခုတော့ စစ်မှန်စွာပင် အသိအမှတ်ပြုလိုက်ရပြီ ဖြစ်၏။
သမိုင်းတစ်လျှောက်တွင် ဤအသက်အရွယ်၌ အမြင့်မြတ်ဆုံးသော ဓားရည်ရွယ်ချက်ကို သဘောပေါက်သူ ဘယ်နှစ်ယောက် ရှိခဲ့သနည်း။
လက်တစ်ဖက်ဖြင့်ပင် ရေတွက်နိုင်သည်မဟုတ်လား။