အခန်း ၁၄၀
Vol. 14 Ch. 140
အခန်း (၁၄၀)
သခင်လေးက ဂိုဏ်းချုပ်ငယ် ဖြစ်လာတာလား?
“ဂိုဏ်းချုပ် ချီးကျူးလွန်းနေပါပြီ...”
မုန့်ချန်ချင်း နှိမ့်ချစွာ ပြောလိုက်သည်။
အမှန်စင်စစ် သူ၏ အသက်အရွယ်တွင် ဓားရည်ရွယ်ချက်ကို ပိုင်ဆိုင်ထားခြင်းက တကယ်ကို ထူးခြားဆန်းကြယ်လှသော အောင်မြင်မှုတစ်ခု ဖြစ်သည်။
“နှိမ့်ချနေဖို့ မလိုပါဘူး။ မင်းက အလင်းရောင်တစ်ခုဆိုရင် လင်းထိန်နေအောင် တောက်ပနေသင့်တယ်... မင်းရဲ့ အနာဂတ်လမ်းကြောင်းကလည်း ဒီလိုပဲ ဆက်သွားနေမှာ...”
ရှီယင်ချင်းက ပြုံးလျက် ပြောလိုက်သည်။
ထို့နောက် ရှေ့ကိုလှမ်းလိုက်ပြီး လေ့ကျင့်ရေးကွင်းပြင်ကြီး၏ အထက် ကောင်းကင်ယံသို့ ပျံတက်သွားခဲ့သည်။
ဤအခိုက်အတန့်တွင် အဓိက အင်အားစုကြီး သုံးခုနှင့် ဝမ်ရှန်းအဆောက်အဦးမှ လူများသာ ထွက်ခွာသွားကြပြီး ဖိတ်ကြားထားသော အခြားအင်အားစုများကမူ ရှိနေဆဲ ဖြစ်သည်။
“နောက်ထပ် ငါ ကြေညာစရာတစ်ခု ရှိတယ်...”
ရှီယင်ချင်းက သူ၏ လက်များကို နောက်ပစ်လျက် မတ်တတ်ရပ်ကာ ပြောလိုက်သည်။
လူတိုင်းက ရှီယင်ချင်း ဘာပြောမလဲဆိုသည်ကို အလွန်အမင်း သိချင်နေကြသဖြင့် ချက်ချင်းပင် မော့ကြည့်လိုက်ကြသည်။
အဆုံးမှာတော့ ဂိုဏ်း၏ အဆင့်မြှင့်တင်ခြင်းထက် ပိုမိုအရေးကြီးသောအရာ ဘာရှိနိုင်ဦးမည်နည်း?
ထို့ပြင် ဂိုဏ်း၏ အဆင့်မြှင့်တင်ခြင်းကိုလည်း ဝမ်ရှန်းအဆောက်အဦးက ကြေညာပြီးသွားခဲ့ပြီ ဖြစ်သည်။
“အခုအချိန်မှစပြီး မုန့်ချန်ချင်းက ဒီဂိုဏ်းရဲ့ ဆက်ခံသူ, ထိုက်ရွှမ်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ငယ် ဖြစ်လာလိမ့်မယ်...”
စကားလုံးများ ထွက်ပေါ်လာသည်နှင့် နေရာတိုင်း၌ အံ့အားသင့်ပင့်သက်ရှိုက်သံတွေ ပဲ့တင်ထပ်လာခဲ့သည်။
ဂိုဏ်းချုပ်ငယ်... အဆင့် ၁ ဂိုဏ်းတစ်ခု၏ ဆက်ခံသူ...
ဤခေါင်းစဉ်က မည်မျှကြီးမားသော အာဏာနှင့် အဆင့်အတန်းကို ဆောင်ကျဉ်းပေးသနည်းဆိုလျှင် နယ်ပယ်တစ်ခုလုံး၏ အနာဂတ် အုပ်စိုးရှင်နှင့် ညီမျှပေသည်။
“အကြီးအကဲ... ငါတို့ နားကြားများမှားသွားတာလား... သခင်လေးက ထိုက်ရွှမ်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ငယ် ဖြစ်လာတာလား...”
မုန့်မိသားစုဝင်တစ်ဦး သူ၏ မျက်နှာတွင် မယုံကြည်နိုင်စရာ အမူအရာများဖြင့် ပြည့်နှက်နေပြီး မနေနိုင်ပဲမေးလိုက်သည်။
“မင်း ကြားတာ မှန်တယ်...”
မိသားစုအကြီးအကဲ စိတ်လှုပ်ရှားလွန်းသဖြင့် တုန်ရင်နေခဲ့သည်။
သူ၏ သက်တမ်း အနှစ်တစ်ရာနီးပါးအတွင်း ယနေ့ကဲ့သို့ စိတ်လှုပ်ရှားစရာကောင်းသော နေ့မျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ရကြောင်း ကျိန်ဆိုရဲပေသည်။
ထိုက်ရွှမ်းဂိုဏ်း၏ ဂိုဏ်းချုပ်ငယ်...
ဤကဲ့သို့သော အခြေအနေမျိုးကို ဖန်တီးနိုင်ရန် မည်မျှကြီးမားသော ဘိုးဘေးတို့၏ ကောင်းချီးပေးမှုမျိုး လိုအပ်ပါသနည်း?
သူက မိသားစုသည် ထျန်းလင်းစီရင်စုတွင် အဓိက မျိုးနွယ်စုကြီးတစ်ခု ဖြစ်လာတော့မည်ကို မြင်ယောင်နေခဲ့သကဲ့သို့ပင် ဖြစ်သည်။
"တည်တည်ငြိမ်ငြိမ်နေကြစမ်း..."
မုန့်မိသားစု၏ တတိယအကြီးအကဲ တည်ငြိမ်ချင်ယောင်ဆောင်ကာ ခပ်ဖွဖွ ချောင်းဟန့်လိုက်သည်။
သို့သော်လည်း သူ၏ လက်များက အင်္ကျီလက်အောက်တွင် တုန်ရင်နေခဲ့ချေပြီ။
မြင့်မားသော စင်မြင့်ထက်တွင် ပါရမီရှင်များကလည်း တုန်လှုပ်နေခဲ့ကြသည်။
ဤသတင်းက ရုတ်တရက် ဆန်လွန်းသဖြင့် ၎င်းတို့ကို လုံးဝ သတိလက်လွတ် ဖြစ်သွားစေခဲ့သည်။
ထို့ပြင် ၎င်းတို့၏ စိတ်ထဲတွင် ဆက်ခံသူဆိုသည်မှာ အမြဲတမ်း...
မသိစိတ်အရ လူတိုင်း ဟန်လျိုယုကို ကြည့်လိုက်ကြသည်။
ဟန်လျိုယု နှုတ်ခမ်းများက အနည်းငယ်ဟသွားသော်လည်း အမူအရာ သိပ်မပြခဲ့ချေ။
သူ၏ဆရာက သူ့ကို ဆက်ခံသူအဖြစ် မည်သည့်အခါမှ မွေးမြူခဲ့ခြင်း မဟုတ်ဘဲ တပည့်တစ်ဦးသက်သက်အဖြစ်သာ မွေးမြူခဲ့ခြင်းဖြစ်ကြောင်း သူသိသည်။
အကယ်၍ သူ၏ဆရာက ယနေ့တွင် သူနှင့် အလားတူသူတစ်ဦးကို ရွေးချယ်ခဲ့မည်ဆိုလျှင် သူက တိုက်ခိုက်လိမ့်မည် ဖြစ်သည်။
သို့သော်လည်း မုန့်ချန်ချင်း ပြသခဲ့သည့် အလားအလာနှင့် ခွန်အားမှာ သူ့ထက်များစွာသာလွန်နေ၍ ဘာမှအထွန့်တက်စရာမရှိပေ။
ဤအရာကို တွေးတောလျက် ဟန်လျိုယု မုန့်ချန်ချင်းကို လက်ချင်းယှက် အရိုအသေပေးလိုက်သည်။
“ဂိုဏ်းချုပ်ငယ်ကို ဂါရဝပြုပါတယ်...”
ဟန်လျိုယု၏ သဘောထားကို မြင်လိုက်ရချိန်တွင် အခြားသူများကလည်း ကန့်ကွက်ရန် မရှိတော့ဘဲ လေးစားစွာဖြင့် ဦးညွှတ်လိုက်ကြသည်။
တစ်ခဏအတွင်းမှာပင် ဂိုဏ်းချုပ်ငယ် ဟူသော စကားလုံးသုံးလုံးက ထိုက်ရွှမ်းဂိုဏ်းတစ်ခုလုံးတွင် ဟိန်းထွက်သွားခဲ့တော့သည်။
မုန့်ချန်ချင်းကမူ မျှော်လင့်မထားသော ဤအခြေအနေကြောင့် အနည်းငယ် ကြောင်အမ်းသွားခဲ့ရသည်။
“တကယ်တော့ မင်း အတွင်းဂိုဏ်းကို ဝင်ကတည်းက ဂိုဏ်းက ဒါကို စီစဉ်ထားပြီးသား...”
မိုဆူကွမ်းက ပြုံးလျက် ပြောလိုက်သည်။
“အတွင်းဂိုဏ်းကို ဝင်ကတည်းက?...”
မုန့်ချန်ချင်းက ဇဝေဇဝါ ဖြစ်သွားပြီးမှ နားလည်သွားခဲ့သည်။
၎င်းက သူ အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်တွင်ရှိစဉ်က ဓားချီရရှိခဲ့သည့်အချိန် ဖြစ်ရပေမည်။
“ဒါဆိုရင် ဘာလို့...”
မုန့်ချန်ချင်းက အကယ်၍ ထိုသို့သော ရည်ရွယ်ချက်မျိုး ရှိခဲ့ပါလျှင် သူသည် အဘယ်ကြောင့် အချိန်အတော်ကြာ လျစ်လျူရှုခံထားခဲ့ရသနည်းဟု မေးမြန်းချင်နေခဲ့သည်။
သင့်တော်သော အရင်းအမြစ်များသာ ရှိခဲ့လျှင် သူသည် ယနေ့တွင် တာအိုဖန်တီးခြင်းနယ်ပယ်၏ အဆင့် ၂ တွင် ရှိနေမည် မဟုတ်ချေ။
သူသည် အဆင့် ၉ သို့ပင် ရောက်ရှိနေလောက်ပြီ ဖြစ်သည်။
“အသေးစိတ်ကိုတော့ နောက်မှ ဂိုဏ်းချုပ် မင်းကို ရှင်းပြလိမ့်မယ်...”
မိုဆူကွမ်း မုန့်ချန်ချင်း ဘာတွေးနေသည်ကို သိနေသည့်အလား ပြောလိုက်သည်။
“ကောင်းပါပြီ...”
မုန့်ချန်ချင်းက ခေါင်းညိတ်လိုက်ပြီး မလှမ်းမကမ်းရှိ မိုရှောင်ယုထံသို့ လှမ်းကြည့်လိုက်သည်။
သူတို့၏ အကြည့်များ ဆုံမိသွားသည့် အခိုက်အတန့်တွင် မိုရှောင်ယု တုန်လှုပ်သွားပြီး ပတ်ဝန်းကျင်ကို ပျာပျာသလဲ ကြည့်လိုက်သည်။
ဤအရာကို မြင်သော် မုန့်ချန်ချင်း ခပ်ဖွဖွ ပြုံးကာ လျှောက်သွားလိုက်သည်။
“ကဲ... ပါရမီရှင်လေး... မင်းရဲ့ ကတိကို တည်တော့မှာလား...”
“ဟွန်း...”
မိုရှောင်ယု သူမ ရှောင်လွှဲ၍ မရနိုင်တော့မှန်း သိသဖြင့် စိတ်ဆိုးမာန်ဆိုးဖြင့် နှုတ်ခမ်းကို စူလိုက်သည်။
“နင် ဒီလောက် သန်မာလိမ့်မယ်လို့ ငါ မထင်ထားဘူး... ဒါပေမဲ့ နင့်ကြောင့်ပဲ ငါတို့ဂိုဏ်း ဒီနေ့ ကယ်တင်ခံခဲ့ရတာ.... ငါ မိုရှောင်ယုက ကတိတည်ပြီး အခုကစလို့ နင့်ရဲ့ မိတ်ဆွေ ဖြစ်ပေးမယ်...”
[ဒင်! မိုရှောင်ယုကို မိတ်ဆွေအဖြစ် အောင်မြင်စွာ ထည့်သွင်းပြီးပါပြီ]
[လက်ရှိ နှစ်သက်မှု - ကြယ် ၁ လုံး]
[စွမ်းရည်များ ရွေးချယ်ရမည်]
[အပိုဆောင်းဆုလဒ် - မြေကမ္ဘာအဆင့်ကျွမ်းကျင်ကဒ် ၃ ကဒ်]
စနစ်၏ အသံ မုန့်ချန်ချင်း၏ စိတ်ထဲတွင် ဟိန်းထွက်သွားခဲ့ပြီး သူ၏ မျက်နှာထက်တွင် အပြုံးတစ်ခုပေါ်လာခဲ့သည်။
မဆိုးဘူး...
သူသည် နောက်ဆုံးတွင် ဤမိန်းကလေးနှင့် မိတ်ဆွေဖြစ်သွားခဲ့ပြီး ထပ်ဆောင်းဆုလာဘ်လည်း ရရှိခဲ့သည်။
သူက ကျွမ်းကျင်ကဒ်တွေကို လိုအပ်နေပြိး အထူးသဖြင့် ရှီညီအကိုဆီမှ ဧကရာဇ်ကောင်းကင်ရတနာကျမ်း ကဲ့သို့ သိုင်းပညာတွေအတွက်ဖြစ်သည်။
ထိုအရာကို သူတို့၏ ဆရာထံမှ ရရှိနိုင်လျှင် ပိုကောင်း၏။
သူ၏ကျွမ်းကျင်မှုက ရှီညီအစ်ကိုများထက် များစွာ သာလွန်ပေသည်။
သို့သော်လည်း တောင်ထိပ်သခင်အဆင့်ရှိသူတစ်ဦးနှင့် မိတ်ဆွေဖွဲ့ရန်မှာ စောင့်ရှောက်သူအကြီးအကဲနှင့်ကဲ့သို့ လွယ်ကူလှသည် မဟုတ်ချေ။
သို့သော်ငြား ထိုသို့သော အတွေးရှိရန်က အရေးကြီးပေသည်။
မည်သူသိနိုင်မည်နည်း။
တစ်နေ့တွင် ထိုအရာက အမှန်တကယ် ဖြစ်လာနိုင်သည် မဟုတ်လား။
ဤတောင်ထိပ်သခင်များက ရတနာများ ဖြစ်ကြသည်။
၎င်းတို့ထံမှ မည်သည့် စွမ်းရည်မဆို သူ၏ ခွန်အားကို များစွာ တို့်မြင့်ပေးနိုင်သည်။
“မွေးရာပါဓားခန္ဓာ... နောက်ဆုံးတော့ ရပြီ...”
မုန့်ချန်ချင်းအပြုံး ပိုမိုကျယ်ပြန့်လာခဲ့သည်။
ဤအရာက သူ အမြဲတမ်း လိုချင်ခဲ့သောအရာ ဖြစ်သည်။
အော်... ထို့ပြင် သူက အရှင်သခင်သွေးကြောကိုလည်း ရယူရန် လိုအပ်သေးသည်။
လူသားများက တကယ်ကို လောဘကြီးတတ်ကြသည်။
တစ်ခုခုကို ရရှိသွားပြီးလျှင် ပို၍ လိုချင်လာကြစမြဲ ဖြစ်၏။
“ဟေး... ငါက နင်နဲ့ မိတ်ဆွေဖြစ်ဖို့ သဘောတူလိုက်ရုံနဲ့တင် ဒီလောက်တောင် ပျော်ဖို့ လိုလို့လား...”
မုန့်ချန်ချင်း၏ စစ်မှန်သော အပြုံးကြောင့် မိုရှောင်ယု၏ မျက်လုံးများက ဝေ့ဝဲသွားခဲ့ပြီး သူမ၏ ပါးပြင်များက အနည်းငယ် နီမြန်းသွားခဲ့သည်။
“ဒါပေါ့...”
မုန့်ချန်ချင်းက ထိုအရာကို သိပ်ပြီး အလေးအနက် မတွေးမိခဲ့ချေ။
သူက ပြန်သွားပြီး စွမ်းရည်များကို ရွေးချယ်ကာ ၎င်းတို့ကို ပေါင်းစပ်ချင်ရုံသာ ဖြစ်သည်။
အဖြေကို ကျေနပ်သွားပြီး မိုရှောင်ယု မျက်နှာလွှဲလိုက်ကာ သူမ၏ မျက်လုံးကြီးများက မသိနိုင်သော အတွေးများဖြင့် ဝေ့ဝဲနေခဲ့သည်။
“ကဲ... သိုင်းပညာပြိုင်ပွဲကြီး ပြီးဆုံးသွားပြီ... အားလုံး လူစုခွဲကြတော့... အဆင့်သတ်မှတ်ချက် ဆုလာဘ်တွေကိုတော့ နောက်မှ ဂိုဏ်းကနေ ဖြန့်ဝေပေးလိမ့်မယ်...”
မိုဆူကွမ်း ကြေညာလိုက်သည်။
အဆင့်သတ်မှတ်ချက်ဟု ဆိုသော်လည်း တကယ်တမ်း၌ စင်မြင့်ဆုလာဘ်များသာ ဖြစ်ကြသည်။
“ဟုတ်ကဲ့...”
တပည့်များအားလုံးက တုံ့ပြန်လိုက်ကြပြီး စတင်ထွက်ခွာသွားကြသလို တောင်ထိပ်သခင်များလည်း ထို့အတူပင် ဖြစ်သည်။
“မင်းကတော့ ဒီမှာပဲ နေခဲ့ပါ... ဂိုဏ်းချုပ်က မင်းကို ပြောစရာတွေ ရှိလိမ့်ဦးမယ်...”
မိုဆူကွမ်း ပြောဆိုပြီးနောက် မိုရှောင်ယုနှင့်အတူ ထွက်ခွာသွားခဲ့သည်။
မကြာမီမှာပင် ရှီယင်ချင်း ပေါ်လာခဲ့သည်။
“ဂိုဏ်းချုပ်...”
မုန့်ချန်ချင်းက လက်ချင်းယှဥ် အရိုအသေပေးလိုက်သည်။
“မုန့်မိသားစုက ဒီနေ့ ဒီကို ရောက်နေတယ်... ငါ သူတို့ကို ဝိညာဉ်တောင်ထိပ်မှာ မင်းနဲ့ တွေ့ဖို့ အကြောင်းကြားထားပြီးပြီ... အရင်ဆုံး မင်းရဲ့ မိသားစုနဲ့ သွား စကားပြောလိုက်ဦး... ပြီးရင် ငါ့ကို တွေ့ဖို့ ဂိုဏ်းချုပ်ခန်းမကို လာခဲ့ပါ...”
ရှီယင်ချင်းက ပြုံးလျက် ပြောလိုက်သည်။
“ဟုတ်ကဲ့...”
မုန့်ချန်ချင်းက ခေါင်းညိတ်လိုက်သည်။
နောက်တစ်ခဏ၌ ရှီယင်ချင်း သူ့မျက်စိရှေ့မှ ပျောက်ကွယ်သွားခဲ့သည်။
ထိုအရာက အရှိန်မြန်ရုံတင်မဟုတ်ပဲ လုံးဝပျောက်ကွယ်သွားခြင်းဖြစ်သည်။
ဤလေဟာနယ်ထဲမှ ပျောက်ကွယ်သွားသလိုပင်။
“ဒါက ဂိုဏ်းချုပ်ရဲ့ စွမ်းအားလား...”
မုန့်ချန်ချင်း မျက်လုံးများ အရောင်လက်သွားခဲ့သည်။
နယ်ပယ် ပိုမြင့်မားလာလေလေ ကျင့်ကြံရေး၏ အနှစ်သာရက ပိုမိုပြောင်းလဲလာလေလေ ဖြစ်ပြီး မိမိကိုယ်တိုင်မှသည် ကောင်းကင်နှင့်မြေကြီး၏ နိယာမများအဖြစ် ကူးပြောင်းသွားသည်ဟု ဆိုကြသည်။
ဖြစ်နိုင်သည်မှာ ဂိုဏ်းချုပ်က ဤအဆင့်သို့ ရောက်ရှိနေခြင်း ဖြစ်ရပေမည်။
“ကောင်းကင်နှင့်မြေကြီး နိယာမတွေ...”
မုန့်ချန်ချင်း ရေရွတ်လိုက်ပြီးနောက် ခေါင်းကို ခါယမ်းလိုက်သည်။
ထိုအရာက သူ့အတွက်တော့ ဝေးကွာလွန်းလှသေးသော အယူအဆတစ်ခု ဖြစ်သည်။
လာမည့်အချိန်များတွင် သူသည် ကျင့်ကြံရေးကို အာရုံစိုက်ရန် လိုအပ်ပြီး အရင်ဆုံး နတ်ဘုရားရရှိခြင်းနယ်ပယ်သို့ ရောက်ရှိအောင် လုပ်ရမည် ဖြစ်သည်။
စိတ်ဝိညာဥ်ဆိုင်ရာလျို့ဝှက်ချက်များ...
ထိုအရာက လူသားခန္ဓာကိုယ်၏ အဆန်းကြယ်ဆုံးနှင့် အစွမ်းထက်ဆုံးသော လျို့ဝှက်ချက် ဖြစ်သည်။