အခန်း ၃
Vol. 1 Ch. 3
အခန်း (၃)
နတ်ဘုရားဆန်သော နည်းလမ်းများ
သူ၏ စကားသံ ဆုံးသည်နှင့် တစ်ပြိုင်နက် ဖန်းဟန်၏ ရှေ့မှောက်ရှိ လေထုမှာရေမျက်နှာပြင်ကဲ့သို့ လှိုင်းများထလာခဲ့လေ၏။
အဖြူရောင် အလင်းတန်းတစ်ခု လေထဲတွင် ပေါ်ပေါက်လာပြီး လူတစ်ရပ်စာထက် မြင့်မားသော ဘဲဥပုံ အလင်းတံခါးအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့လေသည်။ ထိုတံခါးအတွင်း၌မူ အလင်းတန်းများ မှာ လည်ပတ်စီးဆင်းနေသဖြင့် အခြားတစ်ဖက်မှ မြင်ကွင်းကို ဖုံးကွယ်ထားသော်လည်း ဖော်ပြ၍မရနိုင် သော လျှို့ဝှက်ဆန်းပြားမှုတစ်ခုကို ထုတ်လွှတ်နေခဲ့လေသည်။
သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်များထဲတွင်ကဲ့သို့ ထူးခြားသော အသံဗလံများ မရှိဘဲ အရာအားလုံးမှာ တိတ် ဆိတ်စွာပင် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်ပေသည်။
ဖန်းဟန်သည် နောက်ထပ် မတွန့်ဆုတ်နေတော့ဘဲ ပေါက်စီနှစ်လုံးပါသော ပလတ်စတစ်အိတ်ကို ကိုင် ဆောင်ကာ တံခါးအတွင်းသို့ ဝင်ရောက်သွားခဲ့လေတော့သည်။
သူ၏ရှေ့မှောက်ရှိ မြင်ကွင်းမှာ ရုတ်ခြည်းပင် ပြောင်းလဲသွားခဲ့လေ၏။
မီးခိုးနံ့စွဲနေသော သက်ကယ်မိုး အိမ်ခေါင်မိုးမှာ ပျောက်ကွယ်သွားပြီး အက်ကြောင်းများဖြင့် ပြည့်နှက် နေသော အဖြူရောင် မျက်နှာကြက်တစ်ခုက အစားထိုး ဝင်ရောက်လာခဲ့လေသည်။ မြေသားနံရံမှာ လည်း ဝါကျင်ကျင် နံရံကပ်စက္ကူများ ကပ်ထားသော အကန့်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အခန်း ထောင့်တွင် ရက်အနည်းငယ်စာ စားကြွင်းစားကျန် ဘူးခွံများ စုပုံနေလျက် ရှိနေ၏။
ကွန်ပျူတာ စကရင်မှာမူ ‘ဂုဏ်ကျက်သရေရှိသော ဘုရင်’ ဂိမ်း၏ ရလဒ်စာမျက်နှာကို ပြသနေဆဲဖြစ်ပြီး “ရှုံးနိမ့်ခြင်း” ဟူသော နီရဲသည့် စာလုံးနှစ်လုံးမှာ ထင်းလင်းစွာ ရှိနေကာ ၎င်းဘေးရှိ ပြာခွက်ထဲတွင် လည်း စီးကရက်တိုများ လျှံကျနေခဲ့လေသည်။
လေထုထဲတွင် အသင့်စား ခေါက်ဆွဲခြောက်နံ့၊ စီးကရက်နံ့နှင့် လူပျိုသိုးနံ့တို့ ရောနှောနေသော ရင်းနှီးလှ သည့် အနံ့အသက်များက ပြည့်နှက်နေခဲ့လေ၏။
ငါ ပြန်ရောက်လာခဲ့ပြီ...။
ငါ တကယ်ပဲ ပြန်ရောက်လာခဲ့ပြီ...။
သို့သော် အချိန်နှင့် နေရာလွဲမှားမှုကြောင့် ဖြစ်ပေါ်လာသော ပြင်းထန်သော ခံစားချက်က ဖန်းဟန်၏ ခြေ ထောက်များကို အားနည်းသွားစေသဖြင့် သူသည် ဒူးထောက်လဲကျလုနီးပါး ဖြစ်သွားခဲ့ရလေသည်။
သူသည် လက်ထဲမှ အိတ်ကို ချလိုက်ပြီး စားပွဲဆီသို့ အပြေးအလွှား သွားကာ ဖုန်းကို ကောက်ကိုင်လိုက် လေ၏။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၂ ရက်၊ ၂၁:၃၇ နာရီ။
အချိန်မှာ ကုန်ဆုံးသွားခြင်း မရှိသလောက်ပင် ဖြစ်ချေသည်။
ဖန်းဟန်သည် ရင်းနှီးနေသော အက်ပလီကေးရှင်း ပုံလေးများကို ကြည့်ရင်း မျက်ရည်များပင် ဝဲလာခဲ့မိ ၏။ သူသည် အစားအစာ မှာယူသည့် အက်ပလီကေးရှင်းကို ဖွင့်လိုက်ပြီး သူ၏လက်ချောင်းများက စကရင်ပေါ်တွင် လျင်မြန်စွာ လှုပ်ရှားနေခဲ့လေသည်။
ပိုင်ကျီရိုသည် ပြင်းထန်သော အဖျားဝေဒနာကို ခံစားနေရသဖြင့် အဖျားကျဆေးနှင့် ကာကွယ်မှုအတွက် ပဋိဇီဝဆေးအချို့ လိုအပ်ပေသည်။
အိုင်ဗျူပရိုဖန် (၂) ဘူး၊ အမောက်စလင် (၂) ဘူး၊ ပြဒါးအပူချိန်တိုင်းကိရိယာ (၁)ခု...။
ရှေးဟောင်းကာလတွင် အစားအစာနှင့် အဝတ်အထည်မှာ ရှားပါးလှသဖြင့် ပေါက်စီစားရုံမျှနှင့် မလုံ လောက်ပေ။ သူသည် စွမ်းအင်ကို လျင်မြန်စွာ ဖြည့်တင်းပေးနိုင်ပြီး ရေရှည်သိမ်းဆည်းထားနိုင်သော အစားအစာများ လိုအပ်၏။
လေစုပ်အိတ်ဖြင့် ထုပ်ပိုးထားသော ဆန် (၅) ကီလိုဂရမ်၊ အဆီအသားမျှတသော ဝက်သား (၅) ပိဿာ ခန့် (၂.၅ ကီလိုဂရမ်) နှင့် အမဲသားအရသာ အသင့်စားခေါက်ဆွဲခြောက် (၁၀) ထုပ်...။
သူမ၏ အဝတ်အစားများမှာ ဟောင်းနွမ်းစုတ်ပြတ်နေပြီး နွေးထွေးမှုပေးရန် လုံးဝမလုံလောက်ပေ။ အမျိုးသားနှင့် အမျိုးသမီးဝတ် အနွေးအတွင်းခံ အင်္ကျီတစ်စုံစီ...။
အော်ဒါမှာယူပြီးနောက် “ချက်ချင်းပို့ဆောင်ရန်” ကို ရွေးချယ်ခဲ့သော်လည်း ဖန်းဟန်မှာ စိတ်မအေးနိုင် သေးသဖြင့် မှတ်ချက်ကွက်တွင် စာတစ်စောင် ရေးသားလိုက်လေ၏။
“အလွန်အရေးကြီးပါသည်...၊ လူ့အသက်ကို ကယ်တင်ရန်အတွက် ဖြစ်သဖြင့် ကျေးဇူးပြု၍ အမြန်ဆုံး ပို့ပေးပါ...။”
ဤအရာများအားလုံးကို လုပ်ဆောင်ပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲမှ အင်အားများ အကုန်အစင် ကုန်ခန်း သွားသကဲ့သို့ ခံစားလိုက်ရပြီး ကုလားထိုင်ပေါ်သို့ မှီချလိုက်လေသည်။ သူ၏အကြည့်များက စားပွဲ ထောင့်ဆီသို့ ရောက်ရှိသွားရာ သူသည် မတ်တပ်ထရပ်လိုက်ပြီး ရေခဲသေတ္တာအသေးလေးကို ဖွင့်ကာ နောက်ဆုံးကျန်ရှိနေသော အေးစက်နေသည့် ဘီယာတစ်ပုလင်းကို ထုတ်ယူလိုက်လေ၏။
“ရှူး...”
ပုလင်းအဖုံးကို ဖွင့်လိုက်ပြီး အေးစိမ့်သော အရည်များက သူ၏လည်ချောင်းအတွင်းသို့ စီးဝင်သွားခဲ့လေ သည်။ ရင်းနှီးနေသော ခါးသက်သက် အရသာနှင့် မုယောစပါးနံ့က သူ၏မျက်ရည်များကို ကျလာစေ တော့မတတ် ဖြစ်စေခဲ့၏။
ဤသည်မှာ လူတစ်ယောက် နေထိုင်သင့်သည့် ဘဝမျိုးပင် ဖြစ်ပေသည်...။
မိနစ်နှစ်ဆယ်ပင် မပြည့်မီမှာပင် တံခါးခေါက်သံ အဆက်မပြတ် ထွက်ပေါ်လာခဲ့လေသည်။ ဖန်းဟန် သည် ပို့ဆောင်ပေးသူထံမှ အိတ်အကြီးအချို့ကို လွှဲပြောင်းယူလိုက်ပြီး ကျေးဇူးအထပ်ထပ် တင်လိုက် လေ၏။
သူသည် ဆေးဝါးများ၊ ဆန်၊ အသား၊ အသင့်စား ခေါက်ဆွဲခြောက်များ၊ အနွေးထည်များနှင့် သူ၏ဘီယာ များကို ကြမ်းပြင်ပေါ်တွင် စုပုံလိုက်လေသည်။ စနစ်က တစ်ကြိမ်လျှင် (၁၀) ကီလိုဂရမ်သာ သယ်ဆောင် နိုင်ကြောင်း အသိပေးထားခဲ့လေ၏။
ဆန် (၅) ကီလိုဂရမ်၊ ဝက်သား (၂.၅) ကီလိုဂရမ်နှင့် အခြားအသေးအဖွဲ ပစ္စည်းများမှာ ထိုကန့်သတ်ချက် သို့ ရောက်ရှိလုနီးပါး ဖြစ်နေချေသည်။ သူသည် အရာအားလုံးကို ခိုင်ခံ့သော အိတ်ကြီးတစ်ခုအတွင်းသို့ ထည့်လိုက်ပြီး ပခုံးပေါ်သို့ ထမ်းကာ အသက်ပြင်းပြင်းရှူလိုက်ရင်း စိတ်ထဲမှ ခပ်တိုးတိုးရေရွတ်လိုက် လေသည်။
“စနစ်…၊ကမ္ဘာနှစ်ခုကြားတံခါး... စတင်အသက်သွင်းမည်...။”
အလင်းတံခါးမှာ ပြန်လည် ပေါ်ပေါက်လာခဲ့လေ၏။ ဖန်းဟန်သည် လေးလံသော အိတ်ကို ထမ်းလျက် တံခါးအတွင်းသို့ နောက်တစ်ကြိမ် မတွန့်မဆုတ် ဝင်ရောက်သွားခဲ့လေတော့သည်။
အေးစက်ပြီး ယိုယွင်းပျက်စီးနေသော သက်ကယ်မိုးတဲအတွင်း၌မူ အလင်းတံခါးမှာ တိတ်ဆိတ်စွာ ပေါ်လာပြီးနောက် ဘာမျှမရှိခဲ့သကဲ့သို့ ပြန်လည် ပျောက်ကွယ်သွားခဲ့လေ၏။ ပြင်ပမှ လေပြင်းများက ပိုမို အားကောင်းလာပြီး ဟောင်းနွမ်းနေသော သစ်သားတံခါးမှာ တကျွီကျွီ မြည်ဟည်းနေခဲ့လေသည်။
ပိုင်ကျီရိုမှာ ခုတင်ပေါ်တွင် အဖျားတက်ကာ အိပ်ပျော်နေဆဲဖြစ်ပြီး သူမ၏မျက်ခုံးများမှာ တွန့်ချိုးနေကာ သတိလွတ်ကာ တီးတိုးရေရွတ်နေလျက်ရှိပြီး သူမ၏ မျက်နှာငယ်လေးမှာလည်း နီမြန်းနေခဲ့လေ၏။
ဖန်းဟန်သည် အိတ်ကို ချလိုက်ပြီး အပူချိန်တိုင်းကိရိယာကို သူမ၏ ဂျိုင်းအောက်တွင် ထည့်ပေးလိုက် လေသည်။ ငါးမိနစ်ခန့် ကြာပြီးနောက်တွင်မူ မီးဖိုမှ ထွက်ပေါ်နေသော အလင်းဖျော့ဖျော့ကို အသုံးပြု ကာ ကြည့်ရှုလိုက်ရာ (၃၉.၈) ဒီဂရီ ဆဲလ်စီးယပ်စ် ဖြစ်နေသည်ကို တွေ့လိုက်ရလေ၏။
အကယ်၍ အဖျားဆက်တက်နေပါက သူမ အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။
သူသည် အိုင်ဗျူပရိုဖန်နှင့် အမောက်စလင် ဆေးတောင့်များကို ထုတ်ယူလိုက်ပြီးနောက် အနားပဲ့နေ သော မြေအိုးခွက်ထဲသို့ ကြိုချက်ထားသည့် ရေနွေးများကို လောင်းထည့်လိုက်ကာ ရေအနည်းငယ် အေးသွားသည်အထိ စောင့်ဆိုင်းလိုက်လေ၏။ ထို့နောက် ပိုင်ကျီရိုကို ထူမကာ သူ့အား မှီထားစေလိုက် သည်။
သူမ၏ ခန္ဓာကိုယ်မှာ ဂွမ်းလုံးလေးတစ်ခုကဲ့သို့ နူးညံ့နေပြီး နှုတ်ခမ်းများမှာလည်း တင်းတင်းစေ့ထား လေ၏။ ဖန်းဟန်မှာ အနည်းငယ် အခက်တွေ့သွားခဲ့ရပေသည်။ သူသည် ဆေးကို ပါးစပ်ဖြင့် ခွံ့ပေးရန်မှာ မဖြစ်နိုင်ပေ။
သူသည် ခေတ္တမျှ ဝေခွဲမရဖြစ်နေပြီးနောက် သူမ၏ မေးစေ့လေးကို လက်ဖြင့် အသာအယာ ဖိညှစ်ကာ ဆေးတောင့်နှစ်လုံးကို ထည့်လိုက်ပြီး ရေနွေးကို နှုတ်ခမ်းထောင့်မှတစ်ဆင့် ဂရုတစိုက် လောင်းထည့် ပေးလိုက်လေသည်။
ရှင်သန်လိုသော စိတ်ဆန္ဒကြောင့် ဖြစ်ရမည်...၊ ပိုင်ကျီရို၏ လည်ချောင်းမှာ လှုပ်ရှားသွားပြီး ဆေးနှင့် ရေကို သတိလွတ်စွာ မျိုချလိုက်လေတော့သည်။
ဆေးတိုက်ပြီးနောက် ဖန်းဟန်မှာ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိလေ၏။ သူသည် ချက်ချင်း အိပ်စက်ခြင်းမရှိဘဲ သန့်ရှင်းသော အဝတ်စတစ်ခုကို ရေနွေးထဲတွင် စိမ်ကာ ပိုင်ကျီရို၏ နဖူး၊ လက်ဖဝါးနှင့် လည်ပင်းတို့ကို အပူကျစေရန် အကြိမ်ကြိမ် ပွတ်သပ်ပေးနေခဲ့လေသည်။
ထိုညတွင် သူသည် မျက်စိပင် မမှိတ်နိုင်ခဲ့ပေ။
ပြတင်းပေါက်အပြင်ဘက်ရှိ ကောင်းကင်ယံမှာ မှောင်မည်းရာမှ တဖြည်းဖြည်း လင်းစပြုလာခဲ့ပြီး အိမ် ခေါင်မိုးပေါ်ရှိ အပေါက်ငယ်မှ ပထမဆုံးသော နေရောင်ခြည်တန်းလေး တိုးဝင်လာချိန်တွင်မူ ဖန်းဟန် သည် သန်းဝေလိုက်ပြီး ပိုင်ကျီရို၏ နဖူးကို စမ်းသပ်ကြည့်လိုက်လေသည်။
သူမ၏ ကိုယ်မှာ မပူတော့ပေ။
သူသည် အပူချိန်ကို နောက်တစ်ကြိမ် တိုင်းတာကြည့်ရာ (၃၇.၂) ဒီဂရီ ဆဲလ်စီးယပ်စ်သာ ရှိတော့သဖြင့် အဖျားကျသွားခဲ့ပြီ ဖြစ်ကြောင်း သိလိုက်ရလေ၏။
ထိုစဉ်မှာပင် ခုတင်ပေါ်ရှိ မိန်းကလေး၏ မျက်တောင်များမှာ အနည်းငယ် လှုပ်ရှားသွားပြီး သူမ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်လေသည်။ ဖျားနာမှုကြောင့် မှေးမှိန်နေခဲ့သော သူမ၏ မက်မွန်ပွင့်သဏ္ဍာန် မျက်ဝန်းများမှာ ယခုအခါ ကြည်လင်လာခဲ့ပြီး နိုးထစဖြစ်သဖြင့် ဝေဝါးနေသည့် အသွင် ရှိနေခဲ့၏။
ပိုင်ကျီရိုသည် အေးစက်သော မြစ်ရေများ၊ အဆုံးမဲ့ မှောင်မိုက်မှုများနှင့် ပြင်းထန်သော ချောင်းဆိုးသံ များ ပါဝင်သည့် အလွန်ရှည်လျားသော အိပ်မက်တစ်ခုကို မက်ခဲ့ရသကဲ့သို့ ခံစားလိုက်ရလေသည်။
သို့သော် ယခုအခါ သူမ နိုးထလာခဲ့ပြီ ဖြစ်၏။
သူမ၏ ခန္ဓာကိုယ်အတွင်းရှိ လေးလံပြီး ပူလောင်သော ခံစားချက်များမှာ အစအနပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့လေသည်။ ထိုအရာများအစား တစ်ခါဖူးမျှ မခံစားဖူးသော ပေါ့ပါးမှုကို ခံစားလိုက်ရ သဖြင့် သူမသည် ထိုင်လိုက်ရန် ကြိုးစားကြည့်ရာ မူးဝေခြင်းပင် မရှိဘဲ ချောမွေ့စွာပင် ထိုင်နိုင်ခဲ့လေ၏။
သူမမှာ လုံးဝကို မှင်တက်သွားခဲ့ရပေသည်။
ဘာတွေ ဖြစ်ပျက်နေတာလဲ...။
သူမ၏ ကိုယ်ခန္ဓာအခြေအနေကို သူမကိုယ်တိုင် သိရှိပေသည်။ ထိုပြင်းထန်သော အအေးမိဖျားနာမှုမှာ သူမအား အသက်ဆုံးရှုံးစေနိုင်သည်အထိ ဖြစ်ခဲ့ရာ အကယ်၍ မသေဆုံးလျှင်တောင် အနည်းဆုံး ဆယ် ရက်မှ ရက်သတ္တပတ် နှစ်ပတ်ခန့် ခုတင်ပေါ်တွင် လဲလျောင်းနေရမည် ဖြစ်၏။
တစ်ညတည်းဖြင့် မည်သို့ ပြန်လည် ကျန်းမာလာနိုင်ပါသနည်း။
သူမသည် မိမိကိုယ်ကိုယ် ပြန်လည်ကြည့်ရှုလိုက်ရာ သူမသည် ဟောင်းနွမ်းနေသော အဝတ်အစားများ နှင့် မာကျောသော သစ်သားခုတင်ပေါ်တွင် ရှိနေဆဲ ဖြစ်ပေသည်။
ဒါက... သေခါနီး လူတစ်ယောက်ရဲ့ နောက်ဆုံးအင်အားများလား...။
သူမ စဉ်းစားနေစဉ်မှာပင် အလွန်ပြင်းထန်လှသော မွှေးရနံ့တစ်ခုက သူမ၏ နှာခေါင်းအတွင်းသို့ အသိ ပေးခြင်း မရှိဘဲ တိုးဝင်လာခဲ့လေ၏။
၎င်းမှာ ဂျုံ၏ လတ်ဆတ်သော ရနံ့မဟုတ်သလို၊ တောဟင်းသီးဟင်းရွက်များ၏ ခါးသက်သော ရနံ့ လည်း မဟုတ်ဘဲ မွှေးကြိုင်ပြီး ထူးခြားလှသည့် အသားနံ့တစ်ခု ဖြစ်ပေသည်။ ထိုအနံ့ကို ရှူရှိုက်ရုံမျှနှင့် သူမ၏ ကိုယ်တွင်းအင်္ဂါများမှာ ဆာလောင်မှုကြောင့် လှုပ်ရှားသွားပြီး တံတွေးများပင် အလိုလို ထွက် ပေါ်လာခဲ့ရလေ၏။
သူမသည် ထိုရနံ့ရှိရာသို့ ကြည့်လိုက်မိလေသည်။
ဖန်းဟန်သည် အနားပဲ့နေသော မြေအိုးခွက်ကို ကိုင်ဆောင်ကာ မီးဖိုချောင်ဘက်မှ လျှောက်လာသည်ကို တွေ့လိုက်ရလေသည်။
ထိုခွက်အတွင်း၌မူ အငွေ့တလူလူ ထွက်နေသော ဆန်ပြုတ်တစ်ခွက် ရှိနေပြီး ၎င်းကို အလွန် ကောင်း မွန်စွာ ချက်ပြုတ်ထားပုံ ပေါ်ပေသည်။ ဆန်လုံးများမှာ ဝိုင်းစက်ကာ ပွင့်အာနေပြီး ဆန်ပြုတ်ရည်မှာ ပျစ်နှစ်နေကာ နူးညံ့လှသော အသားစများနှင့် ကြက်သွန်မြိတ်များမှာ အပေါ်ယံတွင် ပေါ်လောပေါ်နေ လျက် ရှိလေသည်။
ဆန်များမှာ ခေတ်သစ်ကမ္ဘာ၏ ကြည်လင်သော ဆန်များဖြစ်ပြီး အသားမှာလည်း အဆီအသား မျှတ လှသော ခေတ်သစ်ဝက်သားများ ဖြစ်ပေသည်။
ထိုစွဲမက်ဖွယ် မွှေးရနံ့မှာ သက်ကယ်မိုးတဲအတွင်းသို့ ချက်ချင်းပင် ပျံ့နှံ့သွားခဲ့လေတော့သည်။
၎င်းရနံ့မှာ နံရံရှိ အက်ကြောင်းများမှတစ်ဆင့် အပြင်ဘက်သို့ပင် လွှင့်ပျံ့နေခဲ့လေ၏။