အခန်း ၄
Vol. 1 Ch. 4
အခန်း (၄)
ဘိုးဘွားပိုင် ဖန်ပုလင်းကို ရောင်းချခြင်းနှင့် ပိုင်ကျီရို၏ ကျေးဇူးတရား
ပိုင်ကျီရိုသည် ရှေ့မှောက်ရှိ ဆန်ပြုတ်ခွက်ကို ကြည့်ရင်း လုံးဝ မှင်တက်နေခဲ့မိလေ၏။
ထိုခွက်မှာ ယခင်ကကဲ့သို့ပင် အနားပဲ့နေဆဲ ဖြစ်သော်လည်း ၎င်းအတွင်းရှိ အရာများမှာမူ ဤလောကနှင့် မသက်ဆိုင်သကဲ့သို့ပင် ထင်မှတ်ရပေသည်။ ဆန်လုံးတိုင်းမှာ ကြည်လင်ဝင်းပကာ ပွင့်အာနေလျက်ရှိပြီး ဆန်ပြုတ်ရည်မှာလည်း ခဲနေသော ဆီဥကဲ့သို့ ပျစ်နှစ်နေခဲ့လေ၏။
နူးညံ့လှသော အသားစများမှာ အဆီနှင့်အသား မျှတစွာဖြင့် အငွေ့များကြားတွင် လှုပ်ရှားနေလျက်ရှိပြီး ဆွဲဆောင်မှုရှိသော မွှေးရနံ့များကို ထုတ်လွှတ်နေခဲ့လေသည်။ ထိုအထဲမှ အစိမ်းရောင် အစက်အပြောက် အချို့ကိုမူ သူမသည် ကြက်သွန်မြိတ်များဖြစ်ကြောင်း သိရှိလိုက်ပေသည်။
သို့သော် ထိုကြက်သွန်မြိတ်များမှာပင် သူမ တစ်သက်တာ မြင်ဖူးသမျှထက် ပိုမို နုပျိုလတ်ဆတ်နေခဲ့ လေ၏။ ဤအရာမှာ ဆန်ပြုတ်အစစ် ဖြစ်ပါသလား...။ မဟုတ်ပေ...၊ ဤသည်မှာ နတ်ဘုရားတို့၏ နန်းတော်တွင် သိကြားမင်း စားသုံးသော နတ်သုဒ္ဓါ ဆန်ပြုတ်များပင် ဖြစ်ရပေမည်...။
သူမသည် အရာရှိမျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်သဖြင့် မည်ကဲ့သို့သော အရသာရှိသည့် အစားအစာ များကို မမြင်ဖူးဘဲ ရှိနိုင်ပါမည်နည်း။ သို့သော် ထိုစဉ်က ခရိုင်အုပ်ချုပ်ရေးမှူးရုံး၏ မီးဖိုဆောင်တွင် အကောင်းဆုံး ဆန်သစ်နှင့် ဝက်သားကို အသုံးပြု၍ ချက်ပြုတ်ထားသော အသားဆန်ပြုတ်မှာပင် ယခု သူမရှေ့မှောက်ရှိ ခွက်ထဲမှ ဆန်ပြုတ်၏ တစ်သောင်းပုံ တစ်ပုံကိုပင် မမီနိုင်ပေ။
ဆန်၊ အသားနှင့် ကြက်သွန်မြိတ်တို့၏ ရနံ့မှာ တစ်သားတည်း ရောနှောနေပြီး သူမ၏ ဝိညာဉ်ကိုပင် ဖမ်းစားထားကာ ဟောင်းလောင်းဖြစ်နေသော သူမ၏ ဝမ်းဗိုက်ကိုလည်း ပိုမို ဆာလောင်လာစေခဲ့ လေသည်။
ဖန်းဟန်က ခွက်ကို သူမထံသို့ ကမ်းပေးလိုက်ပြီး တည်ငြိမ်သော လေသံဖြင့် ပြောလိုက်လေ၏။
“စားလိုက်ပါ...။ အစာစားမှ အမြန်ဆုံး ပြန်ကျန်းမာလာမှာ...။”
ပိုင်ကျီရိုသည် တုန်ယင်နေသော လက်များဖြင့် ခွက်ကို လှမ်းယူလိုက်ပြီး ဇွန်းဖြင့် အသာအယာ ခပ်ယူ ကာ မြည်းစမ်းကြည့်လိုက်လေသည်။
“ဝုန်း...”
ပူနွေးသော ဆန်ပြုတ်မှာ ပါးစပ်အတွင်းသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ကြွယ်ဝပြီး ချိုမြိန်လှ သော အရသာမှာ လျှာပေါ်တွင် ချက်ချင်းပင် ပေါက်ကွဲသွားခဲ့လေ၏။ ဆန်လုံးများမှာ နူးညံ့အိစက်ကာ ချိုမြိန်နေပြီး အသားစများမှာလည်း ဆီမပြန်ဘဲ ပါးစပ်ထဲတွင် အရည်ပျော်သွားကာ ထိုအရသာမှာ လည်ချောင်းအတွင်းသို့ စီးဝင်သွားခဲ့လေသည်။
၎င်းမှာ နွေးထွေးသော စမ်းရေအလား သူမ၏ ခန္ဓာကိုယ်အတွင်းရှိ နောက်ဆုံးကျန်ရှိနေသော အအေး ဒဏ်နှင့် အားနည်းမှုများကို ချက်ချင်း ဖယ်ရှားပေးလိုက်ပြီး သူမ၏ ကိုယ်လက်အင်္ဂါ တစ်ခုလုံးသို့ စီးဝင်သွားခဲ့လေ၏။
အလွန် အရသာရှိလွန်းလှပေသည်...။ အရသာရှိလွန်းသဖြင့် သူမ ငိုတောင် ငိုချင်မိလေ၏။
သူမ၏ မိသားစု ဘဝပျက်သွားခဲ့သည့် အချိန်မှစ၍ မှိုတက်နေသော ပေါက်စီများ သို့မဟုတ် ဝက်စာကဲ့ သို့သော ဟင်းရွက်စုတ်များကိုသာ စားခဲ့ရသဖြင့် သူမ၏ အရသာခံနိုင်စွမ်းမှာ ကြာမြင့်စွာကပင် ထုံထိုင်း နေခဲ့ပြီ ဖြစ်သည်။ သူမ၏ ဘဝတွင် ဤကဲ့သို့သော အရသာမျိုးကို နောက်တစ်ကြိမ် ထပ်မံစားသုံးရ တော့မည် မဟုတ်ဟုပင် ထင်မှတ်ထားခဲ့မိချေ၏။
ကြာမြင့်စွာကပင် ပျောက်ဆုံးနေခဲ့သော အင်အားများမှာ သူမ၏ ဝမ်းဗိုက်မှတစ်ဆင့် မြစ်ဖျားခံကာ ခြောက်သွေ့နေသော သူမ၏ ခန္ဓာကိုယ်ကို အာဟာရ ဖြည့်တင်းပေးနေခဲ့လေသည်။
သူမသည် သူမ၏ မျက်ရည်များကို ထိန်းချုပ်နိုင်တော့ဘဲ တစ်စက်ချင်းစီမှာ ဆန်ပြုတ်ခွက်အတွင်းသို့ ကျဆင်းကာ ရောနှောသွားခဲ့လေ၏။ သို့သော် သူမသည် ထိုအရာကို ဂရုမစိုက်နိုင်တော့ဘဲ အလွန်ပင် တန်ဖိုးထားလှသော ဆန်ပြုတ်ကို တစ်လုတ်ချင်း ဂရုတစိုက် စားသုံးနေခဲ့လေတော့သည်။
[ဒင်...။ ပိုင်ကျီရိုထံမှ ပြင်းထန်သော စိတ်လှုပ်ရှားမှုကို စစ်ဆေးတွေ့ရှိရပါသည်...။ ပျော်ရွှင်ခြင်း စွမ်းအင် ပြည့်လျှံနေပြီး ခင်မင်ရင်းနှီးမှု အဆင့် (+၂၀) ရရှိပါသည်...။]
[ဒင်...။ ကမ္ဘာနှစ်ခုကြားတံခါး စွမ်းအင်( +၂၀) ရရှိပါသည်...။ လက်ရှိ စွမ်းအင် (၂၀/၁၀၀...)။]
ဖန်းဟန်သည် သူ၏ ဦးနှောက်အတွင်းမှ စနစ်၏ အသိပေးချက်ကို ကြားလိုက်ရသောအခါ သူ၏ နှုတ်ခမ်းထောင့်များမှာ အနည်းငယ် ကွေးညွတ်သွားခဲ့လေ၏။
အသားဆန်ပြုတ်၏ မွှေးရနံ့မှာ အလွန်ပင် ပြင်းထန်လှသဖြင့် မြေသားနံရံရှိ အက်ကြောင်းများမှတစ် ဆင့် အတင်းအဓမ္မ တိုးထွက်သွားခဲ့လေသည်။ ၎င်းရနံ့မှာ မမြင်ရသော လက်တစ်ဖက်ကဲ့သို့ အိမ်နီး နားချင်းများ၏ စိတ်ကို ဆွဲဆောင်နေခဲ့လေ၏။
ဘေးအိမ်ရှိ ရန်ဟုန်မေသည် သူမ၏ ခြံဝင်းအတွင်း၌ ကြက်စာကျွေးနေစဉ် ထိုမွှေးရနံ့ကို ရလိုက်သဖြင့် သူမ၏ လက်ထဲမှ ဖွဲနုများမှာ ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲသွားခဲ့ရလေသည်။
“ဘယ်အိမ်ကလဲ...။ ဘယ်သူများ အသားချက်နေတာလဲ...။”
သူမသည် အမဲလိုက်ခွေးတစ်ကောင်ကဲ့သို့ နှာခေါင်းကို ရှုံ့ကာ ရနံ့နောက်သို့ လိုက်ပါသွားရာ နောက်ဆုံး တွင် ဖန်းဟန်၏ အိမ်ရှေ့တွင် ရပ်တန့်သွားခဲ့လေ၏။ သူမ၏ မျက်နှာတွင် သံသယများ ပြည့်နှက်နေခဲ့ လေသည်။
ဖန်းဟန်ရဲ့ အိမ် ဟုတ်လား...။ မဖြစ်နိုင်တာ...။
ထိုကောင်လေးမှာ ဘောင်းဘီပင် မြဲအောင် မဝတ်နိုင်လောက်အောင် ဆင်းရဲသူ ဖြစ်ရာ မည်သည့်နေရာမှ အသား ရနိုင်ပါမည်နည်း။ သူမသည် ခြေဖျားထောက်ကာ နံရံအက်ကြောင်းကို မှီ၍ ပေါင်းမြက်များကို ဖယ်ရှားကာ အတွင်းသို့ ချောင်းကြည့်လိုက်လေသည်။
သူမ မကြည့်မိလျှင် ဘာမျှမဖြစ်သော်လည်း ကြည့်လိုက်မိသောအခါတွင်မူ သူမ၏ မျက်လုံးများမှာ ပြူးထွက်သွားခဲ့ရလေ၏။
အိမ်အတွင်း၌မူ မနေ့က သေလုနီးပါး ဖြစ်နေပြီး နောက်ဆုံးထွက်သက်ကို စောင့်စားနေသည့် ထိုဖျားနာ နေသော အမျိုးသမီးမှာ ယခုအခါ ခွက်ကိုကိုင်၍ ဆန်ပြုတ်သောက်နေသည်ကို တွေ့လိုက်ရလေသည်။ အံ့အားသင့်စရာ အကောင်းဆုံးအချက်မှာ ထိုခွက်အတွင်း၌ အသားစများမှာ သိသာထင်ရှားစွာ ပေါ လောပေါ်နေခြင်းပင် ဖြစ်ပေသည်။
သူမ အသက်ရှင်နေတာလား...။
တကယ်ပဲ ကျန်းမာသွားတာလား...။
ဒါ့အပြင် အသားကိုတောင် စားနေတာလား...၊ သွားပြီ...။
ရန်ဟုန်မေသည် သူမ၏ တြိဂံပုံ မျက်လုံးများကို အားပြင်းစွာ ပွတ်သပ်လိုက်ပြီး သူမ နိုးကြားနေခြင်း ရှိမရှိကို သံသယ ဖြစ်နေခဲ့မိ၏။
သူမ အမြင်မှားနေခြင်း များလား...။
သို့သော် ထိုပြင်းထန်လှသော အသားနံ့မှာ သူမ၏ နှာခေါင်းထဲသို့ ငြင်းမရအောင် တိုးဝင်နေသဖြင့် သူမ ၏ သွားရည်များမှာလည်း ယိုကျလာခဲ့လေ၏။ သူမမှာ လုံးဝပင် ကြောင်အသွားခဲ့ရပေသည်။ သူမ၏ ဦးနှောက်မှာ ဗလာဖြစ်သွားပြီး “သရဲ မြင်နေတာလား” ဆိုသည့် အတွေးတစ်ခုသာ ကျန်ရှိတော့၏။
နောက်တစ်စက္ကန့်တွင်မူ သူမသည် အမြီးနင်းခံလိုက်ရသော ကြောင်တစ်ကောင်ကဲ့သို့ လှည့်ထွက်သွား ပြီး ရွာအတွင်းသို့ အော်ဟစ်ကာ ပြေးသွားခဲ့လေတော့သည်။
“ထူးဆန်းတဲ့ အရာတွေ ဖြစ်နေပြီ...။ ထူးဆန်းတဲ့ အရာတွေ ဖြစ်နေပြီ...။ ဖန်းဟန်အိမ်က သေခါနီး မိန်းမက အသက်ရှင်နေတယ်...။ သူက အသားဆန်ပြုတ်တောင် သောက်နေပြီ...။”
သူမ၏ အသံမှာ စူးရှကျယ်လောင်လှသဖြင့် လျိုရှီးရွာ၏ နံနက်ခင်း တိတ်ဆိတ်မှုကို ချက်ချင်းပင် ဖြိုခွဲ လိုက်လေ၏။ ဤစကားများမှာ တည်ငြိမ်နေသော ရေကန်ထဲသို့ ကျောက်တုံးကြီးတစ်တုံး ပစ်ချလိုက် သကဲ့သို့ပင် ရွာတစ်ရွာလုံးကို လှုပ်ခတ်သွားစေခဲ့လေသည်။
မနေ့က ကုက္ကိုလ်ပင်ကြီးအောက်တွင် ဖန်းဟန်ကို လှောင်ပြောင်ခဲ့ကြသော ရွာသားများသည် ယခုအခါ အိမ်ထဲမှ ခေါင်းပြူထွက်လာကြပြီး သူတို့၏ မျက်နှာများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေခဲ့လေ၏။
“ဘာလဲ...။ ရန်ဟုန်မေ... နင် လျှောက်ပြောနေတာ မဟုတ်ဘူးမလား...။ အဲဒီ ဖျားနေတဲ့ မိန်းမက အသက်ရှင်နေတယ် ဟုတ်လား...။”
“ပြီးတော့ အသားဆန်ပြုတ်တောင် သောက်နေတယ် ဟုတ်လား...။ ဖန်းဟန်က အသားဝယ်ဖို့ ပိုက်ဆံ ဘယ်ကရမှာလဲ...။ မနေ့ကမှ သူမကို ပေါက်စီနှစ်လုံးနဲ့ လဲလာတာ မဟုတ်ဘူးလား...။”
“သွားကြစို့... သွားကြည့်ကြရအောင်...။”
လူအုပ်ကြီးမှာ ဖန်းဟန်၏ အိမ်ဆီသို့ အပြေးအလွှား သွားကြလေ၏။ သူတို့သည် အနီးကပ် မသွားဝံ့ဘဲ ခြံဝင်းပြင်ပတွင်သာ လည်ပင်းကို ဆန့်ငံ့ကြည့်ရှုရင်း တီးတိုး ပြောဆိုနေကြလေသည်။
“ဒါက အစစ်လား အတုလား...။ ငါလည်း အသားနံ့ ရနေသလိုပဲ...။”
“ဘုရားရေ... ဖန်းဟန်က ဘယ်လို ကံကောင်းခြင်းမျိုးနဲ့ တွေ့နေတာလဲ...။ သူက သူ့မိဘတွေ ဝှက်ထား တဲ့ ငွေစတွေကို တူးဖော်မိတာလား...။”
“ငါတော့ မထင်ဘူး...။ ဟို မိန်းမငယ်လေးက မြေခွေးမလေးနဲ့ တူတယ်...။ သူမက ဖန်းဟန်ကို ပြုစား ထားတဲ့ မိစ္ဆာတစ်ကောင်များလား...”
မနေ့က ဖန်းဟန်ကို လှောင်ပြောင်ခဲ့ပြီး သူ အလောင်းကို မည်သို့ စီမံမည်ကို စောင့်ကြည့်ချင်နေကြ သူများမှာ ယခုအခါ တိတ်ဆိတ်သွားခဲ့ကြလေ၏။ သူတို့၏ မျက်နှာများမှာလည်း အရှက်ရမှုကြောင့် ပူထူနေခဲ့လေသည်။
ဖန်းဟန်မှာမူ အပြင်ဘက်မှ ဆူညံမှုများကို ဂရုမစိုက်ဘဲ ရှိနေခဲ့၏။
အသားဆန်ပြုတ် တစ်ခွက်သောက်ပြီးနောက် ပိုင်ကျီရို၏ မျက်နှာပေါ်တွင် သွေးရောင်ပြန်လည် လွှမ်းမိုး လာခဲ့လေသည်။ သူမသည် တစ်ကျော့ပြန် အသက်ဝင်လာသကဲ့သို့ ခံစားလိုက်ရပြီး သူမ၏ အရိုးများ အထိပင် သက်သောင့်သက်သာ ရှိနေခဲ့လေ၏။
သူမ အစာစားပြီးသည်ကို မြင်သောအခါ ဖန်းဟန်သည် ခေတ်သစ်ကမ္ဘာမှ ယူဆောင်လာခဲ့သော ရက်ကန်း အိတ်အတွင်းမှ အဝတ်အစားသစ် တစ်စုံကို ထုတ်ယူကာ သူမထံသို့ ကမ်းပေးလိုက် လေသည်။
“မင်းဝတ်ထားတဲ့ ဝတ်စုံက အရမ်း စုတ်ပြတ်နေပြီ...၊ ဒါလေး လဲဝတ်လိုက်ပါ...။”
၎င်းမှာ ပန်းရောင် အနွေးအတွင်းခံ အင်္ကျီတစ်စုံ ဖြစ်ပေသည်။
ပိုင်ကျီရို၏ အကြည့်များမှာ ထိုအဝတ်အစားများအပေါ်သို့ ကျရောက်သွားပြီး သူမမှာ ထပ်မံ မှင်တက် သွားခဲ့ရပြန်၏။ သူမသည် လက်ကို ဆန့်ကာ ထိုအထည်ကို အသာအယာ ထိတွေ့ကြည့်လိုက်လေသည်။
ထိုခံစားချက်မှာ သူမ တစ်ခါဖူးမျှ မကြုံတွေ့ဖူးသော အတွေ့အကြုံမျိုး ဖြစ်ပေသည်။
ကျန်းနန်မှ အကောင်းဆုံး ပိုးသားထက်ပင် ပိုမို နူးညံ့နေပြီး လတ်ဆတ်သော ဂွမ်းများထက်ပင် ပိုမို ပေါ့ပါးနေခဲ့လေ၏။ ထို့ပြင် ၎င်းပေါ်တွင် နူးညံ့လှသော အမွေးနုလေးများလည်း ရှိနေကာ ထိတွေ့ လိုက်ရသည်မှာ ကြောင်ပေါက်လေးတစ်ကောင်၏ ဝမ်းဗိုက်ကို ပွတ်သပ်နေရသကဲ့သို့ အလွန်ပင် နွေးထွေးပြီး ချောမွေ့လှပေသည်။
ဤသည်မှာ မည်သည့် ပစ္စည်းအမျိုးအစား ဖြစ်ပါသနည်း။ ၎င်းမှာ နတ်ဘုရားတို့၏ နန်းတော်ရှိ တိမ်တိုက်များဖြင့် ရက်လုပ်ထားခြင်းများဖြစ်နိုင်ပါသလား...။
သူမသည် အဝတ်အစားများကို ကိုင်ဆောင်ရင်း ဝေခွဲမရ ဖြစ်နေခဲ့ပြီး ခေတ္တမျှ စကားပင် မပြောနိုင်ဘဲ ရှိနေခဲ့လေ၏။
[ဒင်...။ ပိုင်ကျီရိုထံမှ ပြင်းထန်သော စိတ်လှုပ်ရှားမှုကို စစ်ဆေးတွေ့ရှိရပါသည်...။ အံ့အားသင့်မှု တန်ဖိုး (+၃၀) ရရှိပါသည်...။]
[ဒင်...။ ကမ္ဘာနှစ်ခုကြားတံခါး စွမ်းအင် (+၃၀) ရရှိပါသည်...။ လက်ရှိ စွမ်းအင် (၅၀/၁၀၀) ...။]
ဖန်းဟန်သည် စနစ်မျက်နှာပြင်ရှိ နံပါတ်များကို ကြည့်ရင်း သူ၏ ဦးနှောက်အတွင်းမှ တွက်ချက်နေခဲ့ လေသည်။
စွမ်းအင်ပြန်လည် ဖြည့်တင်းရန်အတွက် သူ၏ ဇနီးအား ပျော်ရွှင်အောင် လုပ်ဆောင်ရုံမျှနှင့်မူ အလွန် နှေးကွေးနေဆဲ ဖြစ်ပေသည်။ ထို့ပြင် ရှေးဟောင်းကာလဖြစ်စေ၊ ခေတ်သစ်ကာလဖြစ်စေ ပိုက်ဆံ မရှိပါက မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ အဆုံးတွင်မူ သူ၏ ခေတ်သစ်ကမ္ဘာမှ စုဆောင်းငွေမှာ ယွမ် (၅၀၀၀) ခန့်သာ ရှိချေသည်။
ထိုပမာဏမှာ များပြားလှသည် မဟုတ်ပေ။
သူသည် ပိုက်ဆံရရှိရန် နည်းလမ်းတစ်ခုကို ရှာဖွေရမည် ဖြစ်၏။
သူ၏ အကြည့်များမှာ သက်ကယ်မိုးတဲအတွင်းသို့ ဝေ့ဝဲသွားရာ နောက်ဆုံးတွင် အခန်းထောင့်တစ်နေရာ ၌ ရပ်တန့်သွားခဲ့လေသည်။ ထိုနေရာတွင်မူ သူ ခေတ်သစ်ကမ္ဘာမှ ပြန်လည် ယူဆောင်လာခဲ့သော ဘီယာ ပုလင်းခွံတစ်ခု ရှိနေခဲ့လေ၏။
ထို နက်မှောင်သော စိမ်းရောင် ပုလင်းကိုယ်ထည်မှာ အိမ်ခေါင်မိုးရှိ အပေါက်ငယ်မှ တိုးဝင်လာသော နေရောင်ခြည်အောက်တွင် ကြည်လင်တောက်ပသော အလင်းတန်းများကို ရောင်ပြန်ဟပ်နေခဲ့လေ သည်။
ဖန်းဟန်သည် လျှောက်သွားကာ ထိုဘီယာပုလင်းကို ကောက်ကိုင်လိုက်လေ၏။
ပုလင်းမှာ ချောမွေ့နေပြီး အစအနနှင့် လေပူဖောင်းများ လုံးဝမရှိဘဲ မြစိမ်းရောင်အသွင် ရှိနေခဲ့လေ သည်။
ဤကာလ၏ ကုန်ထုတ်လုပ်မှု စွမ်းအားအရမူ ဤအရာမှာ တန်ဖိုးကြီးလှသော ဖန်ထည် ပစ္စည်းတစ်ခု ဖြစ်ပြီး အလွန်ပင် တန်ဖိုးကြီးမားလှပေသည်...။
အချိန်တန်သောအခါတွင်မူ ၎င်းကို ခရိုင်မြို့သို့ သွားရောက်ရောင်းချပါက ငွေစများစွာ ရရှိမည်မှာ သေချာလှပေသည်။
ချမ်းသာကြွယ်ဝရန် လမ်းစကို ရှာတွေ့ခဲ့ပြီ ဖြစ်၏။
သူသည် သူ၏ ဦးနှောက်အတွင်း၌ ပျော်ရွှင်စွာ စီစဉ်နေစဉ်မှာပင် နောက်ဘက်မှ ခြေသံအနည်းငယ် ထွက်ပေါ်လာခဲ့လေသည်။
ဖန်းဟန်သည် လှည့်ကြည့်လိုက်လေ၏။
ပိုင်ကျီရိုသည် ပန်းရောင် အနွေးအတွင်းခံ အင်္ကျီကို လဲဝတ်ပြီးသွားပြီ ဖြစ်ပေသည်။ ထို အဝတ်အစား များမှာ သူမနှင့် ကွက်တိဖြစ်နေပြီး သူမ၏ သွယ်လျလှပသော ကိုယ်လုံးကိုယ်ပေါက်ကို အထင်အရှား ပေါ်လွင်စေခဲ့လေ၏။
သူမသည် ၎င်းအပေါ်မှ ဟောင်းနွမ်းနေသော လျှော်တေအင်္ကျီကို ထပ်ဝတ်ထားသော်လည်း သူမထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာမူ အတွင်းမှ အပြင်သို့ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပေသည်။
သူမ၏ ဆံနွယ်များကို ရိုးရှင်းစွာ စုစည်းထားပြီး မျက်နှာပေါ်ရှိ ဖုန်မှုန့်များကို သန့်ရှင်းလိုက်သောအခါ သူမ၏ မူလ တင့်တယ်လှပမှုမှာ ပေါ်လွင်လာခဲ့လေ၏။
အသားဆန်ပြုတ် တစ်ခွက်နှင့် ကောင်းမွန်စွာ အိပ်စက်ခဲ့ရမှုကြောင့် သူမ၏ ဖြူဖျော့နေသော ပါးပြင် ပေါ်တွင် သွေးရောင်များ လွှမ်းမိုးလာခဲ့ပြီး သူမ၏ မက်မွန်ပွင့်သဏ္ဍာန် မျက်ဝန်းများမှာလည်း စမ်းရေ အလား ကြည်လင်တောက်ပနေခဲ့လေသည်။
ဖျားနာမှုများ ကွယ်ပျောက်သွားခဲ့သဖြင့် သူမ၏ ပြိုင်ဘက်ကင်းသော အလှတရားမှာ စတင် ပေါ်လွင် လာခဲ့ပြီ ဖြစ်ချေ၏။
သူမသည် ဖန်းဟန်ထံသို့ လျှောက်လာကာ ခေါင်းကို အနည်းငယ် ငုံ့ထားပြီး သူမ၏ အသံမှာ ခြင် တစ်ကောင်၏ အော်သံအလား သိမ်မွေ့လှပေသည်။
“ကျွန်မကို ကယ်တင်ပေးခဲ့တဲ့အတွက်...၊ ကျေးဇူးတင်ပါတယ်ရှင်...။”