အခန်း ၉
Vol. 1 Ch. 9
အခန်း (၉)
မိုးကြိုးနတ်ဘုရား ပေါ်ထွန်းခြင်း
ပိုင်ရွှီကျန်းသည် ဆက်၍ မတ်တပ်မရပ်နိုင်တော့ဘဲ ခြေထောက်များ ပျော့ခွေသွားကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့လေတော့သည်။ သူမသည် မျက်နှာကို လက်ဖြင့်အုပ်ကာ ကြာမြင့်စွာကပင် ဖိနှိပ်ထားခဲ့ သော ရှိုက်ကြီးတငင် ငိုကြွေးသံများ ထွက်ပေါ်လာခဲ့လေတော့သည်။
၎င်းမှာ သာမန်ငိုကြွေးခြင်းမျိုး မဟုတ်ဘဲ ကြီးစွာသော ဘေးဒုက္ခမှ လွတ်မြောက်လာပြီးနောက် ဖြစ်ပေါ် လာသော သက်ပြင်းချမှုတစ်ရပ်ပင် ဖြစ်ပေ၏။ ထိုအသံမှာ သူမ၏ ရင်ထဲတွင် ရှိနေခဲ့သော ဝမ်းနည်းမှု များ၊ ကြောက်ရွံ့မှုများနှင့် မျှော်လင့်ချက်မဲ့မှုများ အားလုံးကို ချေဖျက်၍ မောင်းထုတ်လိုက်သည့် အသံ ပင် ဖြစ်ပေတော့သည်။
အခြားသော ‘ကုန်ပစ္စည်းများ’ မှာမူ ဤမြင်ကွင်းကို ထုံထိုင်းစွာဖြင့်သာ ကြည့်နေကြပြီး မည်သို့မျှ စိတ်လှုပ်ရှားခြင်း မရှိကြပေ။
ဖန်းဟန်မှာမူ မလှုပ်မယှက် ရှိနေခဲ့၏။ သူသည် မြေပြင်ပေါ်တွင် ကွေးဝင်ကာ တုန်ယင်ငိုကြွေးနေသော မိန်းကလေးငယ်ကို တိတ်ဆိတ်စွာဖြင့် ကြည့်နေခဲ့လေသည်။
ပိုင်ရွှီကျန်း၏ စိတ်ခံစားမှုများ အထွတ်အထိပ်သို့ ရောက်ရှိသွားချိန်တွင်မူ ဖန်းဟန်၏ ဦးနှောက်အတွင်း၌ ရင်းနှီးနေသော စနစ်၏ အသိပေးချက်မှာ အချိန်ကိုက်ပင် ထွက်ပေါ်လာခဲ့လေတော့သည်။
[ဒင်...။ ပေါင်းစည်းရန် သတ်မှတ်ချက်နှင့် ကိုက်ညီသော ဇာတ်ကောင် ‘ပိုင်ရွှီကျန်း’ ကို စစ်ဆေးတွေ့ ရှိရပါသည်...။ ပေါင်းစည်းလိုပါသလား...။]
ရောက်လာခဲ့ပြီ ဖြစ်၏။
ဖန်းဟန်သည် ခေတ္တမျှပင် မတွန့်ဆုတ်တော့ဘဲ စိတ်ထဲမှ တုံ့ပြန်လိုက်လေသည်။
“ပေါင်းစည်းမယ်...”
[ဒင်...။ ပေါင်းစည်းခြင်း အောင်မြင်ပါသည်...။ ပိုင်ရွှီကျန်း၏ သစ္စာစောင့်သိမှု အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီး ကျေးဇူးတင်မှု တန်ဖိုး (+၁၀၀) ရရှိပါသည်...]
[ဒင်...။ ကမ္ဘာနှစ်ခုကြားတံခါး စွမ်းအင် (+၁၀၀) ရရှိပါသည်...။ လက်ရှိ စွမ်းအင် - (၁၀၀/၁၀၀)...။]
စွမ်းအင်မှာ ခဏချင်းပင် ပြန်လည် ပြည့်ဝသွားခဲ့လေပြီ။
ဖန်းဟန်သည် စိတ်အေးသွားခဲ့ရပြီး ပိုင်ရွှီကျန်းကို ကြည့်သော အကြည့်မှာလည်း အနည်းငယ် နူးညံ့လာ ခဲ့လေသည်။ သူမသည် သူ၏ ဇနီး၏ ညီမလေး ဖြစ်ရုံမျှမကဘဲ သူ၏ ဒုတိယမြောက် စွမ်းအင်ဖြည့်တင်း ပေးသူ လည်း ဖြစ်နေသည် မဟုတ်ပါလား။
သူသည် ရှေ့သို့ တိုးသွားကာ ကိုယ်ကိုကိုင်းလိုက်ပြီး တည်ငြိမ်၍ အားပါသော လေသံဖြင့် ပြောလိုက် လေသည်။
“ထလိုက်တော့...။ မင်းရဲ့ အစ်မက အိမ်မှာ စောင့်နေတယ်...။ သူမနဲ့ မတွေ့ခင်မှာ မင်းကိုယ်မင်း အရင်ဆုံး သန့်ရှင်းအောင် လုပ်ရမယ်...။”
ငိုသံများမှာ တဖြည်းဖြည်း တိတ်သွားခဲ့ပြီး ပိုင်ရွှီကျန်းသည် မျက်ရည်နှင့် ရွှံ့များ ပေကျံနေသော သူမ၏ မျက်နှာငယ်လေးကို မော့ကြည့်ကာ ဖန်းဟန်ကို ငေးငိုင်စွာ ကြည့်နေခဲ့လေ၏။ သူမသည် ခေါင်းကို အားပြင်းစွာ ညိတ်လိုက်ပြီး မြေပြင်ပေါ်မှ လူးလဲထလိုက်သော်လည်း ကြာရှည်စွာ ငတ်မွတ်ခဲ့မှုနှင့် အားနည်းမှုတို့ကြောင့် သူမ၏ ခန္ဓာကိုယ်မှာ ယိုင်နဲ့နေခဲ့လေသည်။
ဖန်းဟန်သည် နောက်ထပ် စကားမပြောတော့ဘဲ လှည့်ထွက်သွားခဲ့လေ၏။ ပိုင်ရွှီကျန်းမှာလည်း နောက် ကျကျန်ရစ်မည်ကို စိုးရိမ်သဖြင့် သူ၏နောက်မှနေ၍ ကမန်းကတန်း လိုက်ပါသွားခဲ့လေတော့သည်။ သူမသည် နောက်ဆုံးတွင် ပိုင်ရှင်ကို ပြန်လည် ရှာဖွေတွေ့ရှိသွားသော သတ္တဝါလေးတစ်ကောင်ကဲ့သို့ သူ၏အနားမှ ခွာခြင်း မရှိခဲ့ပေ။
ဖန်းဟန်သည် သူမကို ခရိုင်မြို့ရှိ အကြီးဆုံး အထည်ဆိုင်အတွင်းသို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့ လေ သည်။ ဆိုင်စောင့်သည် သူတို့၏ ဟောင်းနွမ်းနေသော အဝတ်အစားများနှင့် အထူးသဖြင့် သူ့ နောက် မှ လိုက်ပါလာသော သူတောင်းစားမလေးနှင့် တူနေသည့် မိန်းကလေးကို မြင်သောအခါ သူတို့ကို ထွက် သွားရန် ပြောဆိုတော့မည့် အသွင် ရှိနေခဲ့၏။
ဖန်းဟန်သည် သူ၏ ရင်ဘတ်အတွင်းမှ ငွေတုံးငယ် တစ်တုံးကို တိုက်ရိုက် ထုတ်ယူကာ ကောင်တာ ပေါ်သို့ ပစ်တင်လိုက်လေသည်။
“သူမအတွက် သင့်တော်တဲ့ အဝတ်အစား နှစ်စုံလောက် ရွေးပေးပါ...၊ အကောင်းဆုံး ပစ္စည်းတွေကိုပဲ သုံးစမ်း...။”
ဆိုင်စောင့်၏ မျက်လုံးများမှာ ချက်ချင်းပင် အရောင်တောက်သွားခဲ့ပြီး သူ၏ မျက်နှာပေါ်မှ မထီမဲ့မြင် ပြုမှုများမှာ နွေးထွေးလှသော အပြုံးများအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားကာ သူကိုယ်တိုင်ပင် လာရောက် ကြိုဆိုလေတော့သည်။
“ကောင်းပါပြီ ခင်ဗျာ...။ အရှင်... ကျွန်တော်တို့ဆိုင်ကို ခုတင်တင် ရောက်ရှိလာတဲ့ တိမ်တိုက်ပိုးထည် တွေနဲ့ စူးကျိုး၊ ဟန်ကျိုးက လာတဲ့ ပိုးထည်တွေကို ကြည့်ပါဦး...။”
မကြာမီမှာပင် ပိုင်ရွှီကျန်းကို ကျွမ်းကျင်လှသော ဆိုင်အကူ အမျိုးသမီးများက အတွင်းခန်းအတွင်းသို့ ခေါ်ဆောင်သွားခဲ့ကြလေသည်။
အမွှေးတိုင်တစ်တိုင် ကုန်ဆုံးချိန်ပင် မရှိသေးမီမှာပင် သူမ ပြန်လည် ထွက်ပေါ်လာသောအခါ အထည် ဆိုင် တစ်ခုလုံးမှာ ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ရလေ၏။ အစိမ်းနုရောင် ဝတ်စုံရှည်မှာ သူမ၏ သွယ်လျ လှပသော ကိုယ်လုံးကိုယ်ပေါက်ကို အထင်အရှား ပေါ်လွင်စေခဲ့လေသည်။
ကြာရှည်စွာ အာဟာရချို့တဲ့ခဲ့မှုကြောင့် သူမသည် ပိန်ပါးနေပုံ ပေါ်သော်လည်း မိန်းကလေးငယ်တစ်ဦး ၏ တက်ကြွလှပသော အရှိန်အဝါများမှာ စတင် ပေါ်လွင်လာခဲ့ပြီ ဖြစ်၏။
သူမ၏ မျက်နှာကို သန့်ရှင်းလိုက်သောအခါ သူမ၏ အစ်မ ပိုင်ကျီရို ကဲ့သို့ ရင်သပ်ရှုမောဖွယ် မရှိသော် လည်း...၊ သိမ်မွေ့လှပသော အလှတရား တစ်မျိုး ရှိနေကာ အထူးသဖြင့် သူမ၏ ဝိုင်းစက်ပြီး ကြည် လင်လှသော မျက်ဝန်းအစုံမှာ အလွန်ပင် ဆွဲဆောင်မှု ရှိနေခဲ့လေသည်။
သူမသည် စကားပြောနိုင်သော မျက်ဝန်းများနှင့် ပြည့်စုံနေခဲ့လေ၏။
သူမသည် အနည်းငယ် ရှက်ရွံ့စွာဖြင့် ရပ်နေပြီး သူမ၏ လက်ငယ်လေးများမှာလည်း အင်္ကျီအနားကို တင်းတင်းဆုပ်ကိုင်ထားခဲ့လေသည်။ သူမ၏ သန့်ရှင်းလှပလှသော ဝတ်စုံကို ကြည့်ရင်း သူမ၏ မျက်ဝန်းများတွင် အိပ်မက်ဆန်သော မယုံကြည်နိုင်မှုများ ရှိနေခဲ့လေ၏။
ဖန်းဟန်သည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး ငွေပေးချေလိုက်ကာ သူမ လဲဝတ်ခဲ့သော အဝတ် စုတ်များကို စွန့်ပစ်ရန် ဆိုင်စောင့်ကို ပြောကြားလိုက်လေသည်။
“သွားကြစို့... တစ်ခုခုသွားစားရအောင်...။”
သူတို့နှစ်ဦးသည် ခရိုင်အတွင်းရှိ အကျော်ကြားဆုံး စားသောက်ဆိုင်ဖြစ်သော ‘ကျွေရှန်းထျန်းသို့ ရောက် ရှိသွားခဲ့ကြလေ၏။ ဖန်းဟန်သည် စားသောက်ဖွယ်ရာ စာရင်းကိုပင် မကြည့်ဘဲ ဆိုင်အကူကို တန်း၍ ပြောလိုက်လေသည်။
“မင်းတို့ဆိုင်ရဲ့ နာမည်ကြီး ဟင်းလျာတွေ အကုန်လုံးနဲ့ ထမင်းအိုးကြီး တစ်လုံး ယူလာခဲ့...။”
ဖန်းဟန်၏ ရက်ရောမှုကို မြင်လိုက်ရသောအခါ ဆိုင်အကူမှာလည်း လျင်မြန်စွာပင် တုံ့ပြန်လေတော့ သည်။ မကြာမီမှာပင် ကြက်ကင်၊ ပေကျင်းဘဲကင်၊ ဝက်ခြေထောက်စွပ်ပြုတ်၊ ငါးပေါင်း... စသည့်ဖြင့် မွှေးကြိုင်လှသော ဟင်းလျာများမှာ တစ်ခုပြီးတစ်ခု ရောက်ရှိလာခဲ့ရာ စားပွဲတစ်ခုလုံးကို ပြည့်နှက်သွား စေခဲ့လေ၏။
ပိုင်ရွှီကျန်းမှာမူ လုံးဝကို မှင်တက်နေခဲ့ရလေသည်။ သူမသည် ကုလားထိုင်ပေါ်တွင် ထိုင်နေရင်း ပြင်း ထန်လှသော အသားနံ့များကို ရှူရှိုက်မိသောအခါ သူမ၏ ဝမ်းဗိုက်မှာလည်း အလိုလို မြည်ဟည်း လာခဲ့သဖြင့် သူမ၏ ပါးပြင်များမှာ ချက်ချင်းပင် နီမြန်းသွားခဲ့ရလေ၏။
“စားလေ...”
ဖန်းဟန်က သူမထံသို့ တူတစ်စုံ ကမ်းပေးလိုက်ရင်း ပြောလိုက်လေသည်။
ပိုင်ရွှီကျန်းသည် တုန်ယင်နေသော လက်များဖြင့် တူကို လှမ်းယူလိုက်ပြီး စားပွဲပေါ်ရှိ အရသာရှိလှသော အစားအစာများကို ကြည့်ရင်း သူမ၏ မျက်ဝန်းများမှာ ထပ်မံ၍ နီမြန်းလာခဲ့ပြန်လေ၏။ သူမသည် ကြက်ပေါင်တစ်ချောင်းကို ယူ၍ အသာအယာ ကိုက်ကြည့်လိုက်လေသည်။
ကြာမြင့်စွာကပင် ပျောက်ဆုံးနေခဲ့သော အဆီအသား အရသာမှာ သူမ၏ စိတ်ကို ချက်ချင်းပင် ပြိုလဲ သွားစေခဲ့လေ၏။ သူမသည် ယဉ်ကျေးမှုများကို ဂရုမစိုက်နိုင်တော့ဘဲ လက်တစ်ဖက်တွင် ကြက်ပေါင်၊ အခြားလက်တစ်ဖက်တွင် ဝက်ခြေထောက်ကို ကိုင်ဆောင်ကာ အားပါးတရ စားသုံးနေခဲ့လေတော့ရာ သူမ၏ ပါးစပ်ငယ်လေးမှာလည်း အဆီများဖြင့် ပြောင်လက်နေခဲ့လေသည်။
သူမသည် သူမ၏ ဘဝတွင် မစားခဲ့ရသော အသားများအားလုံးကို ယခုပင် အစားပြန်ဖြည့်နေသကဲ့သို့ပင် ဖြစ်ပေသည်။
ဖန်းဟန်မှာမူ သူမကို အတင်းအကျပ် မလုပ်ဘဲ လက်ဖက်ရည်ကို အေးဆေးစွာ သောက်ရင်း တိတ်ဆိတ် စွာ ကြည့်နေခဲ့လေ၏။ ထိုစားပွဲပေါ်ရှိ အစားအစာများမှာ ခဏချင်းပင် ပြောင်သလင်းခါသွားခဲ့လေ တော့သည်။
ပိုင်ရွှီကျန်းမှာမူ ဝိုင်းစက်နေသော သူမ၏ ဝမ်းဗိုက်ကို ပွတ်သပ်ရင်း ကျေနပ်စွာဖြင့် လေချဉ်တစ်ချက် တက်လိုက်ရာ သူမ၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ပြည့်နှက်နေခဲ့လေ၏။ သူမသည် နောက်ဆုံးတွင် ရှေ့မှောက်ရှိ အမျိုးသားကို သေချာစွာ ကြည့်ရှုရန် အင်အား ရှိလာခဲ့လေပြီ။
သူသည် အလွန်ပင် ငယ်ရွယ်လှပြီး သူမထက် အသက်အနည်းငယ်သာ ပိုကြီးဦးမည့်ပုံ ပေါ်ပေသည်။ သူသည် သာမန် လျှော်တေအင်္ကျီကိုသာ ဝတ်ဆင်ထားသော်လည်း သူ၏ တည်ငြိမ်လှသော အရှိန်အဝါ မှာမူ သူမ မြင်ဖူးသမျှသော မင်းညီမင်းသားများနှင့် သူဌေးသားများထက်ပင် ပိုမို အစွမ်းထက်နေခဲ့လေ ၏။
သူသည် သူမကို ကယ်တင်ခဲ့သည်၊ အဝတ်အစားသစ်များ ဝယ်ပေးခဲ့သည်၊ ထို့ပြင် အရသာရှိလှသော အစားအစာများကိုလည်း ကျွေးမွေးခဲ့လေသည်...။ ပိုင်ရွှီကျန်း၏ မျက်ဝန်းအစုံမှာ သိလိုစိတ်နှင့် ကျေးဇူး တင်မှုများဖြင့် ပြည့်နှက်နေခဲ့လေတော့သည်။
သူမသည် တိုးတိုးလေး မေးလိုက်လေ၏။
“ရှင်က... ကျွန်မအစ်မရဲ့ ခင်ပွန်းလား...။”
“ဟုတ်တယ်...”
ဖန်းဟန်က ခပ်ပြတ်ပြတ်ပင် ပြန်လည် ဖြေကြားလိုက်လေ၏။
“ကျွန်မအစ်မက... သူ...၊ သူ အဆင်ပြေရဲ့လား...။”
ပိုင်ရွှီကျန်း၏ အသံမှာ တုန်ယင်နေပြီး စိုးရိမ်မှုများ ပါဝင်နေခဲ့လေသည်။
“အရမ်းကို အဆင်ပြေပါတယ်...။”
ဖန်းဟန်က တည်ငြိမ်စွာ ပြောလိုက်လေ၏။
“သူက အခုဆိုရင် မင်းထက်တောင် ပိုပြီး အစားစားနိုင်သေးတယ်...။”
ပိုင်ရွှီကျန်းသည် အသံထွက်၍ ရယ်မောလိုက်မိပြီးနောက် အရှက်သည်းစွာဖြင့် သူမ၏ ပါးစပ်ကို အမြန်ပင် ပိတ်လိုက်လေ၏။ ဤခဲအိုအပေါ်တွင် ရှိနေခဲ့သော ကြောက်ရွံ့မှုနှင့် စိမ်းသက်မှုများမှာ ယခုအခါ တစ်ဝက်ခန့် ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်၏။ သူမ၏ အစ်မမှာ ကမ္ဘာပေါ်တွင် အကောင်းဆုံး သော လူတစ်ဦးနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်ရမည်ဟု သူမ ခံစားလိုက်ရပေသည်။
အဝစားပြီးနောက်တွင်မူ ဖန်းဟန်သည် ငွေပေးချေလိုက်ပြီး ပိုင်ရွှီကျန်းကို ခေါ်ဆောင်ကာ စားသောက် ဆိုင်မှ ထွက်ခွာလာခဲ့လေ၏။ သို့သော် သူသည် မြို့ထဲမှ ချက်ချင်း မထွက်သေးဘဲ မြင်းလှည်းငှားရမ်း သည့် နေရာသို့ သွားရောက်ကာ အမြင့်ဆုံးနှင့် အကြီးဆုံးသော မြင်းလှည်းတစ်စီးကို ငှားရမ်းလိုက်လေ သည်။
လှည်းမောင်းသမားက သိလိုစိတ်ဖြင့် မေးလိုက်လေ၏။
“အရှင်... ဘာကုန်ပစ္စည်းတွေကို သယ်ဆောင်မှာလဲ ခင်ဗျာ...။”
ဖန်းဟန်က စကားနှစ်လုံးတည်းသာ ပြောလိုက်လေသည်။
“ငါ့နောက်လိုက်ခဲ့...”
ထို့နောက်တွင်မူ ပိုင်ရွှီကျန်းသည် သူမ၏ တစ်သက်တာတွင် မေ့ပျောက်နိုင်တော့မည် မဟုတ်သော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရလေတော့သည်။
ဖန်းဟန်သည် သူမကို ခေါ်ဆောင်ကာ အကြီးအကျယ် ဈေးဝယ်ထွက်လေတော့၏။ အဆုံးတွင်မူ လက်ရှိ အိမ်တွင် စားစရာ ဘာမျှမရှိတော့သည် မဟုတ်ပါလား။ သူသည် အိမ်သို့ ပစ္စည်းများစွာ ဝယ်ယူသွားရ မည်သာ ဖြစ်၏။
ဆန်ဆိုင်တွင်မူ...။
“ဆိုင်ရှင်... အကောင်းဆုံး ဆန်ဖြူ ကျင်းနှစ်ရာ နဲ့ ဂျုံမှုန့် ကျင်း နှစ်ရာယူမယ်...။”
သားသတ်ဆိုင်တွင်မူ...။
“ဆိုင်ရှင်... ဒီ ဝက်တစ်ခြမ်းလုံးကို ငါ ယူမယ်...။”
ကုန်စုံဆိုင်တွင်မူ...။
“သံအိုးအကြီးဆုံးနဲ့ အထူဆုံး တစ်လုံး...။ ဆား (၁၀) ကျင်း...။ ပြီးတော့ ဓားတွေ၊ ပန်းကန်တွေ၊ တူတွေ အကုန်ယူမယ်...။”
အထည်ဆိုင်တွင်မူ...။
“ဆိုင်ရှင်... စောင်လုပ်ဖို့အတွက် အထူစား ဂွမ်းထည်( ၂၀) ...။ ပြီးတော့ အကောင်းစား ဂွမ်းအသစ် ကျင်း တစ်ရာကိုလည်း အထုပ်လိုက် ထည့်ပေးပါဦး...။”
လယ်ယာသုံးပစ္စည်းဆိုင်တွင်မူ...။
“ပေါက်တူး၊ တံစဉ်၊ ပုဆိန်...၊ တစ်မျိုးကို နှစ်ခုစီ ယူမယ်...။”
ဖန်းဟန်သည် စိတ်ခံစားချက် ကင်းမဲ့သော ဈေးဝယ်စက်တစ်လုံးအလား သူ ရောက်ရှိသွားသော နေရာ တိုင်းတွင် ငွေစများမှာ ရေအလား စီးထွက်သွားခဲ့လေတော့သည်။ အစပိုင်းတွင် အလွတ်ဖြစ်နေသော မြင်းလှည်းကြီးမှာ တဖြည်းဖြည်း ပြည့်နှက်လာခဲ့လေ၏။
ဆန်အိတ်များ၊ ဂျုံမှုန့်အိတ်များ၊ ဝက်သားတုံးကြီးများ၊ အထည်လိပ်များ၊ လယ်ယာသုံးပစ္စည်း အသစ် စက်စက်များ... အမျိုးမျိုးသော ထောက်ပံ့ရေး ပစ္စည်းများမှာ တောင်ပုံရာပုံ ဖြစ်နေပြီး မြင်းလှည်း ပေါ်မှပင် လျှံကျလုနီးပါး ဖြစ်နေခဲ့လေသည်။
ပိုင်ရွှီကျန်းမှာမူ နောက်မှ လိုက်ပါလာရင်း အစပိုင်းတွင် အံ့ဩနေခဲ့သော်လည်း နောက်ပိုင်းတွင်မူ လုံးဝ ထုံထိုင်းသွားခဲ့ရလေ၏။ သူမသည် ပါးစပ်အဟောင်းသားဖြင့် အမိန့်များ တရစပ် ပေးနေသော ထိုပုံရိ ပ်ကို ကြည့်ရင်း သူမ၏ ဦးနှောက်မှာ ဗလာဖြစ်နေခဲ့လေသည်။
ခဲအို... သူ... သူက ဘယ်လောက်တောင် ချမ်းသာတာလဲ...။
ညနေစောင်း အချိန်တွင်မူ နေဝင်ဆည်းဆာ အလင်းတန်းများက ကောင်းကင်တစ်ခုလုံးကို လိမ္မော်ရောင် ခြယ်သနေခဲ့လေပြီ။ ထောက်ပံ့ရေး ပစ္စည်းများ တောင်ပုံရာပုံ တင်ဆောင်ထားသော မြင်းလှည်းကြီးမှာ တကျွီကျွီ မြည်ဟည်းရင်း မြင်းအိုကြီး၏ ဆွဲယူမှုနှင့်အတူ လျိုရှီးရွာ အတွင်းသို့ တဖြည်းဖြည်း ဝင် ရောက်လာခဲ့လေတော့သည်။
ဤမြင်းလှည်းကြီး၏ ခမ်းနားလှသော ပုံစံမှာ ရွာရှိ အခြားအရာများနှင့် လုံးဝ ဆီလျော်မှု မရှိသဖြင့် လူတိုင်း၏ အကြည့်ကို ချက်ချင်းပင် ဆွဲဆောင်သွားခဲ့လေ၏။ ပေါက်တူးကို ပခုံးပေါ်တင်ကာ အိမ်ပြန် လာကြသော အမျိုးသားများမှာ ခြေလှမ်းများ ရပ်တန့်သွားခဲ့ပြီး ငေးကြည့်နေခဲ့ကြလေသည်။
တံခါးဝတွင် ကလေးများကို ထမင်းစားရန် လှမ်းခေါ်နေသော အမျိုးသမီးများမှာလည်း သူတို့ ဘာအော် ရမည်ကိုပင် မေ့သွားခဲ့ကြလေ၏။
ကုက္ကိုလ်ပင်ကြီးအောက်တွင် စကားပြောနေကြသော အဘိုးအိုအချို့မှာလည်း သူတို့၏ ဆေးတံများကို မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ကြလေသည်။
လျိုရှီးရွာ တစ်ရွာလုံးမှာ ခေတ္တမျှ ရပ်တန့်သွားခဲ့သကဲ့သို့ ထူးဆန်းစွာ တိတ်ဆိတ်သွားခဲ့ရလေ၏။
လူတိုင်း၏ အကြည့်မှာ ထိုမြင်းလှည်းပေါ်၌သာ စွဲမြဲနေခဲ့လေတော့သည်။ သူတို့၏ မျက်ဝန်းများတွင် အံ့ဩတုန်လှုပ်မှုများ၊ ကြောင်အမှုများနှင့်အတူ...၊ ပြင်းထန်လှသော မနာလိုမှုများလည်း ပြည့်နှက်နေ ခဲ့လေတော့၏။
ရွာအဝင်တွင်မူ ရန်ဟုန်မေသည် သူမ၏ တံခါးဝတွင် ဆောင့်ကြောင့်ထိုင်ကာ လယ်ထဲမှ ခုလေးတင် ခူးလာသော တောဟင်းသီးဟင်းရွက်များကို ရွေးနေပြီး အသံမမှန်သော သီချင်းတစ်ပုဒ်ကို ညည်းဆို နေခဲ့လေ၏။
သူမသည် မြင်းလှည်းကြီးကို မြင်လိုက်ရသောအခါ အစပိုင်းတွင် ဂရုမစိုက်မိသော်လည်း လှည်းပေါ်တွင် တည်ငြိမ်စွာ ထိုင်နေသော လူငယ်ကို သေချာမြင်လိုက်ရသောအခါ သူမ၏ မျက်နှာပေါ်မှ အမူအရာမှာ ချက်ချင်းပင် တောင့်တင်းသွားခဲ့လေတော့သည်။
ဖန်းဟန်လား...။
သူ... သူပါလား...။
ရန်ဟုန်မေသည် သူမ၏ တြိဂံပုံ မျက်လုံးများကို အားပါးတရ ပွတ်သပ်လိုက်မိလေသည်။ သူမ အမြင် မှားနေခြင်း ဖြစ်မည်ဟု သံသယ ဖြစ်နေခဲ့မိ၏။ ဟုတ်ပေသည်...၊ ၎င်းမှာ အလွန် ဆင်းရဲလှသော ဖန်းဟန်ပင် ဖြစ်ပေသည်။
သူမ၏ အကြည့်များမှာ ဖန်းဟန်၏ မျက်နှာမှနေ၍ သူ၏နောက်ရှိ မြင်းလှည်းဆီသို့ စက်ရုပ် တစ်ရုပ် အလား ရွှေ့လျားသွားခဲ့လေ၏။ တောင်ပုံရာပုံ ဖြစ်နေသော ဆန်အိတ်များ၊ ဂျုံမှုန့်အိတ်များနှင့် အထူး သဖြင့် လှုပ်ခါနေသော ဝက်ဆီဖုံး ဝက်သားတုံးကြီးကို မြင်လိုက်ရသောအခါ...။
“ဘုတ်...”
သူမ၏ လက်ထဲတွင် ကိုင်ထားသော တောဟင်းသီးဟင်းရွက် အစည်းမှာ မြေပြင်ပေါ်သို့ တိတ်ဆိတ်စွာ ပြုတ်ကျသွားခဲ့လေတော့သည်။ ရန်ဟုန်မေ၏ ပါးစပ်မှာလည်း တဖြည်းဖြည်း ကျယ်သည်ထက် ကျယ် လာခဲ့လေတော့သည်။