← Chapters

အခန်း ၁၁

Vol. 2 Ch. 11

အခန်း ၁၁

Vol. 2 Ch. 11

အခန်း (၁၁)

ခြေထောက်ဆေးကြောပေးခြင်း

ညနေစောင်းအချိန်သို့ ရောက်ရှိလာသောအခါ ဝင်ရိုးစွန်းနေ၏ လက်ကျန်အလင်းရောင်က ယိုယွင်းပျက်စီးနေ သော သက်ကယ်မိုးတဲလေးအား နွေးထွေးသည့် ရွှေရောင်အလင်းတန်းများ ဖြင့် လွှမ်းခြုံထားခဲ့လေသည်။

သို့သော်လည်း တဲအိမ်အတွင်း၌မူ နေဝင်ဆည်းဆာထက်ပင် ပို၍ နွေးထွေးနေခဲ့ပေသည်။

မီးဖိုပေါ်ရှိ အိုးထဲတွင် နှင်းကဲ့သို့ ဖြူဖွေးနေသော ဆန်သားများနှင့် သေသပ်စွာ တုံးတစ်ထား သည့် အဆီအသား ရောနှောနေသော အသားတုံးလေးများက ပွက်ပွက်ဆူကာ အခိုးအငွေ့များ ထွက်ပေါ်နေလျှက်ရှိလေသည်။ ဆန် နှင့် အသားတို့ ပေါင်းစပ်ထားသော ပြင်းထန်သည့် မွှေးရနံ့ က အခန်း၏ နေရာအနှံ့အပြားသို့ အင်တိုက်အားတိုက် ပျံ့နှံ့သွားခဲ့လေ၏။

မီးဖိုရှေ့တွင်မူ ပိုင်ကျီရိုနှင့် ပိုင်ရွှီကျန်း ညီအစ်မနှစ်ဦးက မီးမှုတ်ဖိုကို ကိုယ်စီ ဆွဲနေကြ လေသည်။

သူမတို့၏ မျက်နှာလေးများမှာ မီးရောင်ကြောင့် နီရဲနေပြီး နဖူးပြင်ပေါ်တွင် ချွေးသီးချွေးပေါက် များ ထွက်ပေါ် နေသော်လည်း မျက်ဝန်းများတွင်မူ ပျော်ရွှင်မှုများက တောက်ပနေခဲ့လေသည်။

ဤသည်မှာ သူတို့ကိုယ်တိုင် ဤမျှ ကြီးကျယ်ခမ်းနားသော ညစာကို ပထမဆုံးအကြိမ် ချက်ပြုတ်ဖူးခြင်းပင် ဖြစ်ပေသည်။

အိုးထဲရှိ အသားများကို ဖန်းဟန် ကိုယ်တိုင်လှီးဖြတ်ထားခြင်းဖြစ်ပြီး အတုံးတိုင်းတွင် အဆီများ ပါဝင်ကာ ဆီများ ထွက်လာသည်အထိ ဆူပွက်နေသော အိုးထဲတွင် လှော်ထားခြင်း ဖြစ်လေ သည်။ တရှဲရှဲ မြည်နေသော အသံမှာ လောကတွင် အလှပဆုံးသော ဂီတသံစဉ်တစ်ခုပင် ဖြစ် နေခဲ့ပေ၏။

မီးမွှေးနေစဉ် ပိုင်ရွှီကျန်းမှာ တံတွေးကို ခိုးမြိုချလိုက်မိပြီး သူမ၏ အစ်မဖြစ်သူအား တီးတိုး ပြောလိုက်လေ၏။

"အစ်မ... ခဲအိုကလေ... နတ်ဘုရားတစ်ပါးနဲ့ တူတယ်နော်...။"

ပိုင်ကျီရိုမှာ စကားမဆိုဘဲ အိုးထဲတွင် ပွက်ပွက်ဆူနေသော အသားယာဂုကိုသာ ကြည့်နေခဲ့ လေသည်။ သူမသည် တံခါးဝတွင် တည်ငြိမ်သော မျက်နှာထားဖြင့် မှီရပ်နေသည့် ဖန်းဟန်အား လှမ်းကြည့်လိုက်ရာ သူမ၏ မျက်ဝန်း များထဲတွင် ရေကဲ့သို့ အရည်ပျော်ကျမတတ် ကြင်နာယု ယမှုများ ပြည့်နှက်နေခဲ့လေ၏။

နတ်ဘုရားတစ်ပါး ဟုတ်လား...။

မဟုတ်ပေ...။ သူသည် သူမအား ငရဲတွင်းမှ ဆွဲထုတ်ကာ အိမ်တစ်လုံး ဖန်တီးပေးခဲ့သော အမျိုးသားတစ်ဦးပင် ဖြစ်လေသည်။

အခန်းတွင်းရှိ နွေးထွေးသော မြင်ကွင်းကို ကြည့်ရင်း ဖန်းဟန်သည် ယခင်က တစ်ကြိမ်တစ်ခါမျှ မခံစားဖူးသော ကျေနပ်မှုကို ခံစားလိုက်ရလေ၏။

ဤနွေးထွေးသော မိသားစုလေထုမှာ ခေတ်သစ်အငှားတိုက်ခန်းများတွင် စွဲထင်နေတတ်သည့် အသင့်စားခေါက် ဆွဲနှင့် ဆေးလိပ်နံ့တို့ထက် အဆသန်းပေါင်းများစွာ ပို၍ ကောင်းမွန်လှပေ သည်။

"မီးနည်းနည်း လျှော့ပြီး အေးအေးဆေးဆေး နှပ်ထားလိုက်...။ ဒါမှ ဆန်သားက နူးညံ့ပြီး အသားက မွှေးလာ မှာ...။" ဟု သူက အကြံပြုလိုက်လေသည်။

"ဟုတ်ကဲ့..."

ညီအစ်မနှစ်ဦးက တစ်ပြိုင်နက်တည်း ပြန်လည်ဖြေကြားလိုက်ကြပြီး သူတို့၏ လှုပ်ရှားမှုများမှာ ပို၍ပင် သတိထားလာကြလေသည်။

ဤဆွဲဆောင်မှု အလွန်ပြင်းထန်လှသော မွှေးရနံ့ကို ယိုယွင်းနေသော ရွှံ့နံရံများနှင့် သက်ကယ်မိုး များက တားဆီးထားနိုင်ခြင်း မရှိခဲ့ချေ။

၎င်းသည် လျင်မြန်စွာနှင့် အတားအဆီးမရှိ လွင့်ပျံသွားခဲ့ပြီး လျိုရှီးရွာ တစ်ဝက်ခန့်ကို လွှမ်းခြုံ သွားခဲ့လေသည်။

နေမင်းကြီးမှာ ယခုလေးတင် ဝင်သွားခဲ့ပြီး အိမ်တိုင်း၏ မီးခိုးခေါင်းတိုင်များမှ မီးခိုးများ ထွက် ပေါ်နေခဲ့လေ၏။ သို့သော် ဤနေ့တွင်မူ အိမ်ရှိ အစားအစာများမှာ အရသာမရှိဘဲ ပေါ့ပျက်ပျက် ဖြစ်နေသယောင် ထင်ရပေသည်။

ရွာအနောက်ဘက်စွန်းရှိ ဝမ်အာမာကျီ၏ အိမ်တွင်မူ သူ၏ ဇနီးဖြစ်သူက ကျဲကျဲနှင့် ရေများ နေသော တောဟင်း ရွက်ယာဂုအိုးကို စားပွဲပေါ်သို့ ချလိုက်လေသည်။

ဝမ်အာမာကျီသည် နှာခေါင်းရှုံ့လိုက်ပြီး ရွာအရှေ့ဘက်မှ လွင့်ပျံလာသော အသားဟင်းအနံ့ကို ရှူရှိုက်လိုက် လေ၏။ ထို့နောက် သူ၏ရှေ့ရှိ စိမ်းဖန့်ဖန့်အရာများပါသော အိုးကိုကြည့်ကာ ဒေါသထွက်သွားပြီး စားပွဲပေါ်သို့ တူကို ဆောင့်ချလိုက်လေသည်။

"စားမယ်... စားမယ်...။ မင်းတို့က ဒီဝက်စာတွေကိုပဲ စားတတ်ကြတာလား...၊ ဟို ဖန်းဟန် တို့အိမ်က အစား အစာ အနံ့ကို နမ်းကြည့်စမ်းပါဦး...။"

သူ၏ သုံးနှစ်အရွယ် ကလေးမှာ ငတ်မွတ်မှုကြောင့် ငိုယိုနေခဲ့ပြီး အသားအနံ့ကြောင့် ပို၍ပင် အသံကျယ် ကျယ်ဖြင့် အော်ဟစ်ငိုယိုလာခဲ့လေ၏။

"အသား...၊ သားသား အသားစားချင်တယ်...။ ဝါး...။"

မိန်းမဖြစ်သူမှာ မခံမရပ်နိုင်ဖြစ်ကာ ငိုချလိုက်ပြီး ပြန်လည်အော်ဟစ်လိုက်လေသည်။

"ရှင်က ဘာလို့ ကျွန်မကို လာမဲနေရတာလဲ...။ ရှင်သာ အစွမ်းအစရှိရင် ကိုယ့်ဘာသာ သွားရှာစားလေ...။"

ဤကဲ့သို့သော မြင်ကွင်းများမှာ လျိုရှီးရွာရှိ အိမ်တိုင်းလိုလိုတွင် ဖြစ်ပေါ်နေခဲ့လေသည်။

လူကြီးများမှာ ကိစ္စမရှိလှဘဲ သည်းခံနိုင်ကြသော်လည်း ကလေးများမှာမူ သည်းမခံနိုင်ကြချေ။

ရွာတစ်ရွာလုံးတွင် ကလေးများ၏ ငိုသံများ ဆူညံနေပြီး အားလုံးက အသားစားချင်ကြောင်း အော်ဟစ်တောင်း ဆိုနေကြလေတော့သည်။

လူကြီးများမှာ စိတ်အနှောင့်အယှက်ဖြစ်ကာ အစားအစာကိုလည်း တပ်မက်နေကြသဖြင့် သူတို့၏ ခြံတံခါးဝသို့ ပြေးသွားကြပြီး အားပါးတရ ရှူရှိုက်ကာ တံတွေးများကို မျိုချရင်း ဖန်းဟန်၏ အိမ်ရှိရာဘက်သို့ လှမ်းကြည့်နေ ခဲ့ကြလေသည်။

ထိုမွှေးရနံ့မှာ အလွန်ပင် ဆွဲဆောင်မှုရှိလွန်းပြီး မည်သူမျှ မတွန်းလှန်နိုင်လောက်အောင်ပင် မနာလိုစိတ်ဖြင့် ရူးသွပ်သွားစေနိုင်ပေသည်။

အသားဟင်းအနံ့များနှင့် ငိုသံများ ပြည့်နှက်နေသည့် ဤထူးဆန်းသော လေထုထဲ၌ အဝတ် အစား သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသော မာနထောင်လွှားသည့် လူငယ်တစ်ဦးက ရွာထိပ် မှနေ၍ ဝင့်ကြွားစွာ လျှောက်လှမ်းဝင်ရောက် လာခဲ့လေသည်။

သူကား ခရိုင်မြို့ရှိ ရှန်မန်လုံစားသောက်ဆိုင်တွင် စားပွဲထိုးအဖြစ် လုပ်ကိုင်လျက်ရှိသော ရန်ဟုန်မေ ၏သား ကျောက်ထျန်း ပင် ဖြစ်လေသည်။

သူသည် လွန်ခဲ့သော နှစ်ပတ်ခန့်က စုဆောင်းထားသည့် ဆုကြေးငွေများကို အသုံးပြု၍ ယနေ့ မီးဖိုချောင်ရှိ စားဖိုမှူး ဝမ်နှင့် အဆင်ပြေစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပေ သည်။

ထိုသို့လုပ်ဆောင်မှု၏ အကျိုးဆက်အနေဖြင့် ဆီစက္ကူဖြင့် ထုပ်ထားသော စားကြွင်းစားကျန် အထုပ်ငယ်လေး တစ်ခုကို ရရှိခဲ့လေ၏။ ဤသည်မှာ ရှန်မန်လုံစားသောက်ဆိုင်၏ နာမည်ကြီး ဟင်းလျာဖြစ်သော ခြင်္သေ့ခေါင်း အသားလုံးနှပ်ပင် ဖြစ်ပေသည်။

တစ်ဝက်သာ ကျန်ရှိတော့သော်လည်း ၎င်းမှာ အဆင့်မြင့်အရာရှိများနှင့် မှူးမတ်များသာ စားသုံး နိုင်သော အရာတစ်ခုပင် ဖြစ်နေသေး၏။

သူသည် စားကြွင်းစားကျန်အထုပ်ကို သယ်ဆောင်ကာ ခေါင်းကိုမော့ပြီး ရင်ကော့လျက် လျှောက်လာခဲ့ လေသည်။

သူ၏ မိခင်ဖြစ်သူ အံ့အားသင့်သွားမည့် မျက်နှာပေးနှင့် အိမ်နီးနားချင်းများ၏ မနာလိုသော အကြည့်များကို စိတ်ကူးယဉ်ရင်း သူ၏ ပါးစပ်မှာ နားရွက်တိုင်အောင် ပြုံးဖြီးနေခဲ့လေ တော့သည်။

"အမေ... သားပြန်လာပြီ...။ အမေ့အတွက် ဘာကောင်းတာတွေ ပါလာလဲ ကြည့်ပါဦး...။"

ကျောက်ထျန်း၏ အသံမှာ အိမ်သို့ပင် မရောက်သေးခင် ထွက်ပေါ်လာခဲ့လေသည်။

ရန်ဟုန်မေမှာ ခြံထဲတွင် ဘေးအိမ်မှ လွင့်ပျံလာသော အသားဟင်းအနံ့ကြောင့် စိတ်အနှောင့် အယှက် ဖြစ်နေခဲ့ သော်လည်း သူမ၏သားအသံကို ကြားလိုက်ရသောအခါ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ လင်းလက် သွားပြီး အမြန်ပင် ထွက်ကြိုလိုက်လေ၏။

"ငါ့သားလေး...၊ နောက်ဆုံးတော့ ပြန်လာပြီပေါ့...။"

ကျောက်ထျန်းသည် ရတနာတစ်ပါးကို ဆက်သနေသည့်အလား ဆီစိမ်စက္ကူထုပ်ကို ဂုဏ်ယူ ဝင့်ကြွားစွာ ကမ်းပေး လိုက်လေသည်။

"အမေ... ဒါက ရှန်မန်လုံစားသောက်ဆိုင်က ခြင်္သေ့ခေါင်း အသားလုံးနှပ်လေ...။ အမေ့အတွက် သီးသန့် ယူလာ ခဲ့တာ...။"

ရန်ဟုန်မေသည် ဆီစိမ်စက္ကူထုပ်ကို ယူကာ ဖွင့်လိုက်ရာ ပဲငံပြာရည်၏ မွှေးပျံ့သောအနံ့က သူမအား လန်းဆန်း သွားစေခဲ့လေသည်။ သို့သော် ထိုစဉ်မှာပင် ဘေးခြံမှနေ၍ ဆန်၏ ချိုမြိန်သောရနံ့နှင့် ရောနှောနေသော ပို၍ပင် လွှမ်းမိုးနိုင်စွမ်းရှိသည့် စစ်မှန်သော အသားဟင်း အနံ့က သူမ၏ နှာခေါင်းထဲသို့ နောက်တစ်ကြိမ် လွင့်ပျံဝင် ရောက်လာခဲ့လေသည်။

နှိုင်းယှဉ်ကြည့်လိုက်သောအခါ သူမ၏ လက်ထဲရှိ 'အရသာရှိသော ဟင်းလျာ' ဆိုသည့် အရာ၏ အနံ့မှာ ချက် ချင်းပင် ဖုံးလွှမ်းခံလိုက်ရလေတော့သည်။ ၎င်းသည် စားကြွင်းစားကျန်များကဲ့သို့ ချဉ်စူးစူး အနံ့ပင် ထွက်နေ သေး၏။

ရန်ဟုန်မေ၏ မျက်နှာမှာ အံ့အားသင့်မှုမှ တောင့်တင်းသွားပြီး ထိုမှတစ်ဆင့် ပြာနှမ်းသွား သည်အထိ သိသာစွာ ပြောင်းလဲသွားခဲ့လေသည်။ လက်ထဲရှိ ခြင်္သေ့ခေါင်း အသားလုံးမှာ ရုတ်တရက် အရသာမရှိတော့သလို ခံစား လိုက်ရပေသည်။

ကျောက်ထျန်းက စားသောက်ဆိုင်တွင် သူ မြင်တွေ့ကြားသိခဲ့ရသည်များကို ဆက်လက် ကြွားလုံးထုတ်လိုနေပြီး သူ၏ နှာခေါင်းကို နှစ်ချက်ခန့် ရှုံ့လိုက်လေ၏။

"ဟင်... ဘာအနံ့တွေ ဒီလောက် မွှေးနေတာလဲ...။"

သူသည် ဘေးအိမ်သို့ ဇဝေဇဝါဖြင့် ကြည့်လိုက်လေ၏။

"ဒီအနံ့က ငါတို့ ရှန်မန်လုံစားသောက်ဆိုင်ရဲ့ မီးဖိုချောင်ထက်တောင် ပိုပြီး ပြင်းနေပါလား...။"

ပြိုကျလုနီးပါး ဖြစ်နေသော ဘေးအိမ်မှ ယိုယွင်းနေသည့် သက်ကယ်မိုးတဲကို သူ လှမ်းကြည့် လိုက်လေသည်။ သူ သည် လုံးဝ မယုံကြည်နိုင်သည့် အကြည့်ဖြင့် သူ၏မိခင်အား မေးလိုက် လေသည်။

"အမေ... ဘေးအိမ်က ဘာဖြစ်နေတာလဲ...၊ ဘေးအိမ်မှာ ဘာတွေဖြစ်နေတာလဲ...။ တစ်ယောက်ယောက်ကများ စားပွဲသောက်ပွဲ လုပ်နေတာလား....။"

ရန်ဟုန်မေမှာ မျက်နှာကြီး မည်းမှောင်နေလျက် သူမ၏ လက်ထဲရှိ ခြင်္သေ့ခေါင်း တစ်ဝက် ကိုသာ စူးစိုက်ကြည့်နေ ပြီး စကားတစ်ခွန်းမျှ ထွက်မလာခဲ့ချေ။ ထိုမျက်နှာအမူအရာမှာ ယင်ကောင်တစ်ကောင်ကို မျိုချလိုက်ရသည် ထက်ပင် ဆိုးရွားနေသေး၏။

...

ညဥ့်နက်သွားခဲ့ပြီ ဖြစ်၏။

အပြင်ဘက်တွင် အေးစိမ့်သော လေများ တိုက်ခတ်နေသော်လည်း တဲအိမ်အတွင်း၌မူ ဖယောင်းတိုင်မီး တောက်တစ်ခုက အအေးဒဏ်အားလုံးကို တားဆီးပေးထားလေသည်။ ညီအစ်မနှစ်ဦးမှာ အသစ်စက်စက် စောင်များကို ခြုံကာ အိပ်ရာဝင်နေကြပြီဖြစ်ပြီး အေးချမ်းစွာဖြင့် နှစ်ခြိုက်စွာ အိပ်မောကျနေကြလေ၏။

ဖန်းဟန်သည် ခုတင်စွန်းတွင် ထိုင်လျက် တုန်ယင်နေသော ဖယောင်းတိုင်မီးရောင်ကို ကြည့်ကာ အိမ်ကို ပြုပြင် သင့်၊ မသင့် စဉ်းစားတွေးတောနေခဲ့လေသည်။

ခြေသံသဲ့သဲ့တစ်ခုက နီးကပ်လာခဲ့လေသည်။

ပိုင်ကျီရိုသည် ရေနွေးဇလုံတစ်လုံးကို ကိုင်ဆောင်ကာ တိတ်ဆိတ်စွာ ချဉ်းကပ်လာခဲ့လေသည်။ သူမသည် သန့်ရှင်းသော အဝတ်ဟောင်းတစ်စုံကို လဲလှယ်ဝတ်ဆင်ထားပြီး ရိုးရှင်းလှ သော် လည်း သူမ၏ ဆွဲဆောင်မှုရှိ သော ကိုယ်လုံးကိုယ်ပေါက်နှင့် လှပသည့် မျက်နှာလေးကိုမူ ဖုံး ကွယ်ထားနိုင်ခြင်း မရှိချေ။

ရေနွေးငွေ့များက သူမ၏ မျက်နှာပေါ်သို့ ရိုက်ခတ်နေသဖြင့် ဖြူဖွေးသော ပါးပြင်လေးများမှာ ချစ်စရာကောင်း လောက်အောင် နီသွေးဆင်နေလေသည်။ အလင်းရောင်များ တောက်ပနေ သည့် ဆွဲဆောင်မှုရှိသော မက်မွန်ပန်း မျက်ဝန်းလေးများမှာ ဖယောင်းတိုင်မီးရောင်အောက်တွင် ပို၍ပင် ညှို့အားပြင်းနေပြီး အရည်ကြည်များ ကျဆင်း လာတော့မည့်အလား ထင်မှတ် ရပေ သည်။

သူမသည် ဖန်းဟန်အနီးသို့ လျှောက်လာပြီး စကားတစ်ခွန်းမျှ မဆိုဘဲ သစ်သားဇလုံကို ချကာ ဒူးထောက်ထိုင်ချ လိုက်လေသည်။

"မင်း..."

ဖန်းဟန် စကားပြောရန် ပြင်လိုက်လေသည်။

ပိုင်ကျီရိုမှာ သူမ၏ သွယ်လျသော လက်လေးများကို ဆန့်ထုတ်ကာ သူ၏ ခြေကျင်းဝတ်ကို ညင်သာစွာ ဆုပ်ကိုင် လိုက်ပြီး နွေးထွေးသော ရေထဲသို့ သူ၏ ခြေထောက်များကို နှစ်ချပေး လိုက်လေပြီ ဖြစ်၏။ ထိုလှုပ်ရှားမှုများမှာ ရှားပါးသော ရတနာတစ်ပါးကို ကိုင်တွယ်နေ ရသည့်အလား ညင်သာလွန်းလှပေသည်။

ဖန်းဟန်၏ နှလုံးသားမှာ တစ်ချက် ခုန်သွားခဲ့ရလေသည်။

သူသည် သူ၏ရှေ့တွင် ဒူးထောက်နေသော သူကို ကြည့်လိုက်လေသည်။ ခေါင်းငုံ့ထားသဖြင့် နှင်းကဲ့သို့ ဖြူဖွေး နေသော လည်တိုင်လေး တစ်စိတ်တစ်ပိုင်းကိုသာ မြင်တွေ့နေရသည့် အမျိုးသမီးတစ်ဦးပင် ဖြစ်လေ၏။

ခြေဖဝါးဆီမှ လာသော နွေးထွေးမှုနှင့် သူမ၏ လက်ချောင်းထိပ်လေးများ၏ နူးညံ့သော အထိအတွေ့ကို ခံစား လိုက်ရလေသည်။ ဖော်ပြ၍မရနိုင်လောက်အောင် ကြီးမားလှသော ကျေနပ်မှုတစ်ခုက သူ၏ ဦးခေါင်းထဲသို့ ချက်ချင်းပင် ဆောင့်တက်သွားခဲ့လေ၏။

ဤသည်မှာ ရှေးခေတ်အမျိုးသမီးများ၏ ညင်သာမှုနှင့် နာခံမှုဆိုသည်ပင် ဖြစ်လေမည်လား...။

ကြီးကျယ်ခမ်းနားသော ကြေညာချက်များ မရှိသလို ကမ္ဘာမြေကိုပင် တုန်လှုပ်စေနိုင်သည့် ကတိကဝတ်များ လည်း မရှိခဲ့ပေ။ အရာအားလုံးမှာ ဤတိတ်ဆိတ်နေသော အဆုံးစွန်ထိ ပြုစုယုယမှုထဲတွင် ပါဝင်နေလေသည်။

သူ ငြင်းဆန်ခြင်း မပြုခဲ့ဘဲ ၎င်းတို့အားလုံးကို တည်ငြိမ်စွာဖြင့်ပင် လက်ခံလိုက်လေ၏။

သူက သူမအား တွန်းထုတ်ခြင်း မပြုသည်ကို မြင်သောအခါ ပိုင်ကျီရိုမှာ အနည်းငယ် ပို၍ ရဲ တင်းလာခဲ့လေ သည်။ သူမသည် ခေါင်းကိုမော့ကာ ရှက်သွေးဖြာနေသော်လည်း ပြတ်သား သည့် အမူအရာဖြင့် ဖန်းဟန်အား ကြည့်လိုက်ပြီးနောက် ဘေးနားရှိ အဝတ်စတစ်ခုကို ကောက် ယူကာ သေချာစွာ သုတ်သင်ပေးလိုက်လေ၏။

ခြေထောက်ဆေးကြောပြီးနောက် သူမသည် ရေဇလုံကိုယူကာ ထွက်ခွာရန် ပြင်လိုက် လေ သည်။

ဖန်းဟန်သည် ရုတ်တရက် လှမ်း၍ သူမ၏ လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်လေ၏။

ပိုင်ကျီရိုမှာ တုန်ယင်သွားခဲ့ပြီး သူမလက်ထဲရှိ သစ်သားဇလုံမှာ 'ခွမ်း' ခနဲ မြည်ကာ မြေပြင် ပေါ်သို့ ပြုတ်ကျသွားခဲ့ ရာ ရေများက သူမ၏ စကတ်ပေါ်သို့ စင်သွားခဲ့သော်လည်း သူမကမူ လုံးဝ သတိမထားမိခဲ့ချေ။

နောက်တစ်စက္ကန့်တွင်မူ ကြီးမားလှသော အင်အားတစ်ခု ရောက်ရှိလာခဲ့လေသည်။

ဖန်းဟန်သည် မြေပြင်ပေါ်မှနေ၍ သူမအား သူ၏ ရင်ခွင်ထဲသို့ ပွေ့ချီလိုက်လေသည်။

"အာ..."

ပိုင်ကျီရိုသည် တိုတောင်းသော အာမေဍိတ်သံတစ်ခု ထွက်ပေါ်သွားခဲ့ပြီး သူမ၏ ခန္ဓာကိုယ်မှာ သစ်သားတုံး တစ်တုံးကဲ့သို့ ချက်ချင်းပင် တောင့်တင်းသွားခဲ့လေသည်။ ချက်ချင်းပင် သူမသည် ကျယ်ပြန့်ပြီး ကြွက်သားများရှိ သော ရင်အုပ်ကြီးနှင့် ထိတွေ့သွားကာ လုံခြုံမှုပေးနိုင်သည့် ယောကျ်ားပီသသော အနံ့ကို ရှူရှိုက်မိလိုက်သော အခါ သူမ၏ တောင့်တင်းနေမှု များအားလုံး မှာ ချက်ချင်းပင် အရည်ပျော်ကျသွားခဲ့လေတော့သည်။

သူမသည် မျက်လုံးများကို မှိတ်ထားလိုက်ပြီး ပူထူနေသော သူမ၏ ပါးပြင်လေးများကို သူ၏ ရင်ခွင်ထဲသို့ နက်ရှိုင်းစွာ အပ်နှံထားလိုက်လေလေတော့သည်။

All Chapters