အခန်း ၃၀
Vol. 3 Ch. 30
အခန်း (၃၀)
လျူရူမေ၏ ကျေးဇူးဆပ်ခြင်း
ဤအဓိပ္ပာယ်မဲ့သည့် သင်္ကေတများနှင့် နက်နဲသော တွက်ချက်နည်းများမှာ ပိုင်ကျီရိုအတွက် လုံးဝကွဲပြားခြား နားသော ကမ္ဘာသစ်တစ်ခု၏ တံခါးကို ဖွင့်ပေးလိုက်သကဲ့သို့ပင် ဖြစ်သည်။ ပိုင်ကျီရို၏ မျက်ဝန်းတို့မှာ အာရဗီ ဂဏန်းများကို ကြည့်ရင်း တောက်ပလျက်ရှိသည်။
ဖန်းဟန်သည် သူမ၏ စိတ်လှုပ်ရှားနေသော အမူအရာကို ကြည့်ကာ ပြုံးလိုက်ပြီးနောက် အိတ်ကပ်ထဲမှ ဆီစိမ် စက္ကူဖြင့် ပတ်ထားသော အနက်ရောင်၊ ဆီပြန်နေသည့် အရာအချို့ကို ထုတ်ယူကာ သူမတို့ သုံးဦးအား ဝေပေး လိုက်လေသည်။
“စားကြည့်ကြ...။ ဒါက မင်းတို့အတွက် ဆုလာဘ်ပဲ…။”
ပိုင်ရွှီကျန်းမှာမူ သူမ၏ အစ်ကိုဝမ်းကွဲဖြစ်သူ၏ အင်္ကျီလက်ကြားမှ အဆုံးအစမရှိ ထွက်ပေါ်လာတတ်သော ရတနာများကို အသားကျနေပြီ ဖြစ်သည်။ သူမသည် စပ်စုလိုစိတ်ဖြင့် တစ်ခုကို ကောက်ယူလိုက်ပြီး ဖန်းဟန်ကို အတုယူကာ ဆီစက္ကူကို ခွာလိုက်၏။ ထိုစဉ် သင်းပျံ့ပြီး ထူးခြားသော ချိုမြိန်သည့်ရနံ့တစ်ခုက နှာခေါင်းထဲသို့ ချက်ချင်းပင် ရောက်ရှိလာသည်။ သူမသည် သတိထား၍ အနည်းငယ် ကိုက်စားကြည့်လိုက်၏။
နောက်တစ်စက္ကန့်တွင် ထိုမိန်းကလေးငယ်၏ မျက်လုံးတို့မှာ အံ့အားသင့်စွာဖြင့် ပြူးကျယ်သွားတော့သည်။ ယခင်က တစ်ခါမျှ မစားဖူးခဲ့သော ထူးခြားသည့်အရသာ...။ နူးညံ့ပြီး ချိုမြိန်ကာ ခါးသက်သက် အရသာလေး တစ်ချက် ပါဝင်နေသည်။ အလွန်ပင် နူးညံ့သိမ်မွေ့သော ဒီရေလှိုင်းတစ်ခုအလား သူမ၏ ပါးစပ်တစ်ခုလုံးကို ချက်ချင်းပင် လွှမ်းခြုံသွားလေသည်။
အနက်ရောင် အရာဝတ္ထုမှာ လျှာဖျား၏ အပူချိန်နှင့် ထိတွေ့သည်နှင့် ချက်ချင်းပင် အရည်ပျော်သွားကာ ပူနွေးပြီး ကြွယ်ဝသော အရသာအဖြစ် ပြောင်းလဲသွားပြီး လည်ချောင်းထဲသို့ စီးဆင်းသွားလေသည်။
“အင်း…။”
ပိုင်ရွှီကျန်းသည် ကျေနပ်အားရသည့် အသံလေးတစ်ခုကို ညည်းညူလိုက်ပြီး တစ်ကိုယ်လုံး အရည်ပျော်သွား သကဲ့သို့ ခံစားလိုက်ရသည်။ သူမသည် အစာစားပြီးနောက် အိပ်ပျော်နေသော ကြောင်လေးတစ်ကောင်ကဲ့သို့ မျက်လုံးတို့ကို အသာမှေးစင်းလိုက်ရာ သူမ၏ မျက်နှာလေးမှာ အထွတ်အထိပ်သို့ ရောက်ရှိနေသည့် ပျော်ရွှင်မှု တို့ဖြင့် ပြည့်နှက်နေ၏။
လျူရူမေသည်လည်း အတုယူကာ ထိုအနက်ရောင်အရာလေးကို ပါးစပ်ထဲ ထည့်လိုက်သည်။ ထိုကြွယ်ဝပြီး ပြင်းထန်သော အချိုဓာတ်မှာ ယခင်က ဘာမျှမစားဖူးခဲ့သည့် သူမ၏ လျှာဖျားကို ချက်ချင်းပင် ရိုက်ခတ်သွား သည်။ သူမသည် နှစ်ပေါင်းများစွာ စားခဲ့ရသည့် ဖွဲနုနှင့် တောဟင်းရွက်များကြားတွင် အဖိနှိပ်ခံခဲ့ရသူ ဖြစ်သည်။
သို့သော် ဤကမ္ဘာတွင် ဤမျှလောက် ချိုမြိန်သည့်အရာ ရှိလိမ့်မည်ဟု သူမ မည်သို့မျှ မတွေးထင်ခဲ့မိပေ။ ဤချိုမြိန်မှုမှာ ပါးစပ်ထဲတွင်သာမက နှလုံးသားထဲသို့ တိုက်ရိုက် စီးဝင်သွားသကဲ့သို့ပင်။ ၎င်းက သူမ၏ အတိတ် က ခါးသီးမှုများနှင့် ဝမ်းနည်းမှုများကို ဆေးကြောပေးလိုက်သကဲ့သို့ ရှိသည်။
သူမ၏ မျက်ဝန်းတို့မှ မျက်ရည်တို့မှာ အကြောင်းမဲ့ စီးကျလာခဲ့သည်။ ပူနွေးသည့် မျက်ရည်စက်တို့မှာ သူမ၏ သနားစရာကောင်းသော မျက်နှာလေးပေါ်မှ စီးဆင်းကာ လက်ဖမိုးပေါ်သို့ ကျရောက်သွားသည်။ ဤသည်မှာ သူမဘဝတွင် အကောင်းဆုံးစားဖူးသည့်အရာ မဟုတ်သော်လည်း၊ အကောင်းဆုံးအရသာကို ခံစားခဲ့ရခြင်းပင် ဖြစ်သည်။
ညီမငယ်နှစ်ဦး၏ တုံ့ပြန်မှုကို မြင်လိုက်ရသော ပိုင်ကျီရိုသည်လည်း အနည်းငယ်စီ ကိုက်စားကြည့်လိုက်သည်။ နူးညံ့သိမ်မွေ့သည့် အသားဓာတ်နှင့် ကြွယ်ဝသော ချိုမြိန်သည့် အရသာတို့က သူမ၏ အမြင်သစ်ကို ထပ်မံ၍ ကျယ်ပြန့်သွားစေသည်။ သူမသည် ဖန်းဟန်ကို မော့ကြည့်လိုက်၏။ ထူးဆန်းသော ပစ္စည်းမျိုးစုံကို အမြဲတစေ ထုတ်ပေးနိုင်ပြီး သူတို့အား အဆုံးမရှိသော အံ့အားသင့်မှုများ ပေးစွမ်းနိုင်သည့် ဤလူသားကို ကြည့်သည့် သူမ၏ မျက်ဝန်းတို့တွင် ချစ်ခြင်းမေတ္တာနှင့် ကိုးကွယ်လိုစိတ်တို့ လျှံကျနေတော့သည်။
[ဒင်…။ ပိုင်ကျီရို၏ ချစ်ခင်မှုအဆင့် (+၁၀)၊ ကမ္ဘာနှစ်ခုကြားတံခါးစွမ်းအင် (+၁၀)…။]
[ဒင်…။ ပိုင်ရွှီကျန်း၏ ပျော်ရွှင်မှုတန်ဖိုး (+၁၀)၊ ကမ္ဘာနှစ်ခုကြားတံခါးစွမ်းအင် (+၁၀)…။]
[ဒင်။ လျူရူမေ၏ ကျေးဇူးတင်မှုတန်ဖိုး (+၁၀) ၊ ကမ္ဘာနှစ်ခုကြားတံခါးစွမ်းအင် (+၁၀)…။]
သူ၏ ဦးနှောက်ထဲတွင် စနစ်၏ အသိပေးသံများ တသီတတန်းကြီး ထွက်ပေါ်လာပြီး လျော့နည်းနေသော စွမ်းအင်တန်းမှာ လျင်မြန်စွာ ပြည့်ဝသွားခဲ့လေသည်။ ထိုအချိန်တွင် စွမ်းအင်တို့မှာ အရှိန်အဟုန်ဖြင့် တိုးတက် လာပြီး အမြင့်ဆုံးပမာဏသို့ ချက်ချင်းပင် ရောက်ရှိသွားခဲ့လေသည်။
ဖန်းဟန်၏ နှလုံးသားမှာ တစ်ချက်ခုန်သွားခဲ့သည်။ စွမ်းအင် လုံလောက်သွားပြီ ဖြစ်၏။ သူသည် ပြတင်းပေါက် ပြင်ပမှ မှောင်ရီပျိုးစပြုနေသည့် ကောင်းကင်ကို တစ်ချက်ကြည့်လိုက်သည်။ အခန်းထဲတွင် ပျော်ရွှင်မှုတို့ဖြင့် နစ်မွန်းနေသည့် အမျိုးသမီးသုံးဦးကို ကြည့်လိုက်ရာ သူ၏ အကြည့်တို့မှာ အလွန်ပင် ပြတ်သားသွားခဲ့သည်။
အချိန်တန်ပြီ...။
သံပြားများကိုပင် ဖောက်ထွင်းနိုင်သည့် ထိုအထွတ်အထိပ် လက်နက်ကို သွားယူရမည့်အချိန်တန်ပြီ။ သေနတ် များမှာ ထက်မြက်သော်လည်း နောက်ဆုံးတွင်မူ လုံခြုံမှုမရှိပေ။
ညဉ့်ဦးယံသို့ ရောက်သော်...။
သူ၏အပေါ်တွင် အလွန်ပင် မှီခိုနေကြသည့် အမျိုးသမီးသုံးဦးကို နှစ်သိမ့်ပေးပြီးနောက် ဖန်းဟန်သည် အခန်း ထဲသို့ တစ်ဦးတည်း ပြန်ဝင်လာခဲ့သည်။ မည်သူမျှ မရှိတော့ကြောင်း သေချာသည့်အခါ သူသည် အတွေးတစ်ခုကို စတင်လိုက်သည်။
“စနစ်... ကူးပြောင်းမယ်…။”
...
ရင်းနှီးနေသော အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီးနောက် သက်ကယ်မိုးအိမ်နှင့် ဖယောင်းတိုင်မီးရောင်တို့မှာ ငှားရမ်းနေထိုင်သည့် အခန်းထဲမှ အေးစက်သော မီးရောင်များနှင့် ရှုပ်ပွနေသော ပစ္စည်းများဖြင့် အစားထိုးခံလိုက် ရသည်။
ဖန်းဟန်သည် မည်သည့်အချိန်မျှ မဆိုင်းမတွဘဲ လန်ကျိုးမြို့သို့ သွားရန်အတွက် အစောဆုံး လေယာဉ်လက်မှတ် ကို ဖုန်းဖြင့် ချက်ချင်း ကြိုတင်စာရင်းသွင်းလိုက်သည်။ ထို့နောက် ကုတင်အောက်မှ လေးလံသော ခရီးဆောင် အိတ်တစ်လုံးကို ဆွဲထုတ်လိုက်၏။ ထိုအိတ်ထဲတွင် သခင်လေးဝမ်က ကြိုတင်ပြင်ဆင်ပေးထားသည့် ငွေစက္ကူ အသစ်စက်စက်များဖြင့် ပြည့်နှက်နေခဲ့လေသည်။
နာရီအနည်းငယ် ကြာပြီးနောက် လေယာဉ်သည် လန်ကျိုးလေဆိပ်သို့ ဆင်းသက်လာသည်။ ဖန်းဟန်သည် ရိုးရှင်းသော ကျောပိုးအိတ်ကို လွယ်ကာ တက္ကစီဖြင့် မြို့စွန်သို့ တိုက်ရိုက်သွားလိုက်၏။ နောက်ဆုံးတွင် ကား သည် မြေပုံပေါ်တွင်ပင် ရှာမတွေ့နိုင်သော စွန့်ပစ်ထားသည့် ကားပြင်ဆိုင်ရှေ့တွင် ရပ်တန့်သွားခဲ့လေသည်။
ထိုနေရာမှာ လူသူကင်းမဲ့နေပြီး သံချေးတက်နေသော သံတံခါးမှာ တစ်ဝက်တစ်ပျက် ပိတ်လျက်ရှိကာ ဝင်းထဲ တွင် ပေါင်းပင်များ ဖုံးလွှမ်းနေသည်။ နေရာအနှံ့တွင် အစိတ်စိတ်အမွှာမွှာ ဖြစ်နေသည့် ကားအပျက်များရှိနေပြီး လေထုထဲတွင် အင်ဂျင်ဝိုင်နံ့နှင့် သံချေးနံ့တို့ ရောထွေးနေသည်။
ဖန်းဟန်သည် တံခါးကို တွန်းဖွင့်၍ အထဲသို့ ဝင်သွားလိုက်သည်။ မြေပြင်တွင် ထိုင်ကာ ဆေးလိပ်ဖွာနေသည့် လူထွားကြီးတစ်ယောက်မှာ ချက်ချင်းပင် မတ်တတ်ထရပ်လိုက်၏။ ဤလူမှာ အနည်းဆုံး အရပ် (၁.၉) မီတာရှိ ပြီး သန်မာသော ခန္ဓာကိုယ်နှင့် မျက်လုံးထောင့်မှ မေးစေ့အထိ ဆန့်တန်းနေသည့် အမာရွတ်ကြီး ရှိနေသည်။
သူ၏ ဖန်းဟန်ကို ကြည့်သည့်အကြည့်မှာ သားကောင်ကို ဝါးမြိုရန် အသင့်ရှိနေသည့် တောရိုင်းတိရစ္ဆာန်ကဲ့သို့ ရက်စက်လှသည်။
“ကောင်းကင်ဘုံဧကရာဇ်က မြေကမ္ဘာကျားကို ဖုံးလွှမ်းထားတယ်…။”
ဖန်းဟန်သည် သခင်လေးဝမ် ပေးထားသည့် စကားဝှက်ကို တည်ငြိမ်စွာ ပြောလိုက်သည်။
လူထွားကြီး၏ ရက်စက်သော အကြည့်တို့မှာ အနည်းငယ် ပျော့ပျောင်းသွားပြီး
“စေတီတော်က မြစ်မိစ္ဆာကို နှိမ်နင်းတယ်…။” ဟု တီးတိုး ရေရွတ်လိုက်၏။
စကားဝှက် လဲလှယ်ပြီးနောက် သူတို့မှာ အပိုစကားများ မပြောတော့ဘဲ ဆေးလိပ်ကို ဖျစ်ညှစ်သတ်ကာ ဆိုင်၏ နောက်ဆုံးတွင်ရှိသော သံဖြူတဲဆီသို့ လျှောက်သွားကြသည်။ ဖန်းဟန်လည်း နောက်မှ လိုက်သွား၏။ လူထွား ကြီးမှာ သံဖြူတဲထဲမှ ကြမ်းပြင်ပြားတစ်ခုကို ဆွဲဖွင့်လိုက်ရာ အမှောင်ထုထဲသို့ ဆင်းသွားသည့် လှေကားထစ် တစ်ခု ပေါ်လာသည်။ အေးစက်ပြီး စိုစွတ်သော လေထုတစ်ခု တိုးဝင်လာပြီးနောက် သူသည် ဖန်းဟန်ကို မြေအောက်ခန်းထဲသို့ ခေါ်ဆောင်သွားခဲ့လေသည်။
မြေအောက်ခန်းထဲတွင် ဝါးလုံးမီးလုံး အမှိန်လေးတစ်ခုသာ ရှိပြီး ပတ်ပတ်လည်တွင် အရိပ်တို့ ထင်ဟပ်နေသည်။ အလယ်ဗဟိုရှိ သံစားပွဲတစ်ခုပေါ်တွင် ကြီးမားသော အနက်ရောင် သတ္တုသေတ္တာတစ်လုံး တင်ထားသည်။
“ငွေ…။”
လူထွားကြီးက တိုတိုတုတ်တုတ် ပြောလိုက်သည်။
ဖန်းဟန်သည် ယူလာသော ခရီးဆောင်အိတ်ကို ကြမ်းပြင်ပေါ်တင်ကာ ဖွင့်လိုက်၏။ ငွေစက္ကူအပြည့်ပါသည့် သေတ္တာမှာ မှိန်ဖျော့သော အလင်းရောင်အောက်တွင် တောက်ပနေသည်။ လူထွားကြီး၏ မျက်လုံးတို့မှာ အရောင်လက်သွားခဲ့လေသည်။
သူသည် အနားသို့ ကပ်သွားကာ ငွေစက္ကူအထပ်အချို့ကို ဆွဲထုတ်၍ စက်ဖြင့် စစ်ဆေးကြည့်ပြီးနောက် မှန်ကန်ကြောင်း အတည်ပြုကာ ခေါင်းညိတ်လိုက်သည်။ သူသည် သံစားပွဲဆီသို့ လျှောက်သွားကာ စကားဝှက် ရိုက်ထည့်လိုက်ပြီးနောက် သံသေတ္တာကို ဖွင့်လိုက်၏။
သေတ္တာထဲမှ အေးစက်ပြီး ပြင်းထန်သော အရှိန်အဝါတစ်ခု ချက်ချင်းပင် ပျံ့နှံ့လာသည်။ ဖန်းဟန်၏ အကြည့် တို့မှာ သေတ္တာထဲရှိ ပစ္စည်းပေါ်သို့ ချက်ချင်းပင် ရောက်ရှိသွားပြီး သူ၏ မျက်ဆံတို့မှာ အလွန်ပင် ကျုံ့ဝင်သွားခဲ့ သည်။ အလွန်ကြီးမားပြီး ထူးခြားသော ဒီဇိုင်းဖြင့် ပြုလုပ်ထားသည့် အမဲလိုက်သေနတ်ကြီးတစ်လက်မှာ အနက် ရောင် ရေမြှုပ်ကူရှင်ပေါ်တွင် ငြိမ်သက်စွာ ရှိနေလေသည်။
၎င်း၏ ပြောင်းဝမှာ ထူထဲရှည်လျားပြီး အနက်ရောင် အရောင်စိုဖြင့် စက်မှုလက်မှု စွမ်းအားတို့ကို ထုတ်လွှတ် နေပေသည်။ ဤသည်မှာ အမဲလိုက်သေနတ် မဟုတ်ပါ၊ ခရီးဆောင် အမြောက်ကြီးပင် ဖြစ်သည်။ ၎င်း၏ ပုံစံမှာ ဘာရက် နှင့် အတိအကျတူညီနေသည်။
သေနတ်ဘေးတွင် ကျည်ဆန်အစီအရီတို့ကို သပ်ရပ်စွာ စီထားသည်။ ကျည်ဆန်တစ်ခုချင်းစီမှာ ဖန်းဟန်၏ လက်မထက် ပို၍ထူပြီး ကြေးဝါအိမ်ဖြင့် ပြုလုပ်ထား၏။ နက်မှောင်သော အနီရောင် ကျည်ဆန်တို့မှာ ကြောက် မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ဖန်းဟန်၏ အသက်ရှူနှုန်းမှာ အလိုအလျောက် မြန်ဆန်လာသည်။
သူသည် လက်ကိုဆန့်ထုတ်ကာ သေနတ်ကို သေတ္တာထဲမှ ထုတ်ယူလိုက်သည်။ အံ့အားသင့်ဖွယ် အလေးချိန် တစ်ခုမှာ သူ၏လက်ထဲသို့ ရောက်ရှိလာပြီး သူယခင်က ကိုင်တွယ်ဖူးသော သေနတ်များနှင့် မတူညီပေ။
အေးစက် မာကျောသော သတ္တုထိတွေ့မှုမှာ လက်ဖဝါးမှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပြေးသွားရာ သူ၏ သွေးကြောတို့မှာ ပို၍မြန်ဆန်စွာ စီးဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ နှလုံးသားမှာ ထိန်းချုပ်မ ရအောင်ပင် ခုန်ပေါက်နေတော့သည်။
ဤသည်မှာ... တစ်ချက်တည်းဖြင့် သံပြားများကို ဖောက်ထွင်းနိုင်သည့် ဘီလူးတစ်ကောင်ပင် ဖြစ်သည်။ သူ မဆိုင်းမတွဘဲ သေတ္တာကို ပိတ်လိုက်ပြီး အကြမ်းဖက်မှု အပြည့်ပါဝင်သည့် ထိုသေတ္တာကို ဆွဲကိုင်ကာ မှောင် မည်းနေသော မြေအောက်ခန်းထဲမှ အပြင်ဘက်သို့ လျှောက်ထွက်လာခဲ့လေသည်။
(လေးစားအပ်ပါသော စာဖတ်သူများခင်ဗျာ…၊ “ ကမ္ဘာကူးပြောင်းခြင်း - ရှေးခေတ်မှာ ဇနီးတစ်ယောက်ရဖို ပေါက်စီနှစ်လုံးနဲ့ လဲလှယ်ခဲ့တယ်” (ဖန်းဟန်) ကို (၁.၆.၂၀၂၆) မှာ အရောင်းစထွက်ပါမယ်ခင်ဗျာ။ ဒီလမှာ ကမ္ဘာလုံးဆိုင်ရာ ငွေစျေးကျခြင်း (လျန်ထန်း) စာအုပ်လေး လက်စသတ်နေတာမို့ပါ..။အားလုံးပဲ ဖတ်ရှုအား ပေးမှုအတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ…။)