← Chapters

အခန်း ၂

Vol. 1 Ch. 2

အခန်း ၂

Vol. 1 Ch. 2

အခန်း (၂) နေ့စဉ် လျှို့ဝှက်သေတ္တာဖွင့်စနစ်

“နေ့စဉ် လျှို့ဝှက်သေတ္တာဖွင့်စနစ်လား...”

လီလန်၏ ဦးနှောက်ထဲတွင် အီလက်ထရောနစ် အသိပေးသံများ ပေါ်ထွက်လာသဖြင့် သူ အနည်းငယ် တုန်လှုပ်သွားသည်။ သူ ပြန်လည်မတုံ့ပြန်နိုင်သေးခင်မှာပင် ထိုအသံက ထပ်မံထွက်ပေါ်လာ၏။

[နေ့စဉ်လျှို့ဝှက်သေတ္တာတွင် အဆင့် (၁၀) ဆင့်ရှိသည်။ ပိုင်ရှင်သည် နှစ်သက်ခြင်းအမှတ်များကို စုဆောင်းခြင်းဖြင့် နေ့စဉ် လျှို့ဝှက်သေတ္တာကို ဖွင့်လှစ်နိုင်သည်…]

[အဆင့် (၁) လျှို့ဝှက်သေတ္တာအတွက် ‘နှစ်သက်ခြင်းအမှတ်’ (၁၀၀) လိုအပ်သည်…]

[အဆင့် (၂) လျှို့ဝှက်သေတ္တာအတွက် ‘နှစ်သက်ခြင်းအမှတ်’ (၅၀၀) လိုအပ်သည်…]

[အဆင့် (၃) လျှို့ဝှက်သေတ္တာအတွက် ‘နှစ်သက်ခြင်းအမှတ်’ (၁၀၀၀) လိုအပ်သည်…]

“...”

[ပိုင်ရှင်သည် လျှို့ဝှက်သေတ္တာကို ဖွင့်လှစ်ခြင်းဖြင့် သတင်းအချက်အလက်များ၊ ငွေသား၊ အစားအစာ ဘောက်ချာများ၊ ပစ္စည်းကိရိယာများ၊ ကျွမ်းကျင်မှုများ၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုစသည်တို့ကို ကျပန်းရရှိမည်ဖြစ်သည်…]

[နေ့စဉ် လျှို့ဝှက်သေတ္တာသည် နေ့လယ် (၁၂) နာရီတွင် အချိန်ကိုက် ပြန်လည်စတင်လာမည်ဖြစ်သည်…]

[ပိုင်ရှင် အခြားသူများ၏ နှစ်သက်မှုကို ရရှိအောင် ကြိုးပမ်းပြီး ‘နှစ်သက်ခြင်းအမှတ်’များ စုဆောင်းပါ]

“ဒါက ငါ့ရဲ့ ရွှေလက်ချောင်းလား...”

ယခင်ဘဝက လီလန်သည် ဖုန်းတွင် အင်တာနက်သုံးတတ်အောင် သင်ယူခဲ့ပြီး ချီမောင်ဝတ္ထုကွန်ရက်တွင် ဝတ္ထုများ မကြာခဏ ဖတ်ရှုလေ့ရှိသည်။ ထို့ကြောင့် ဤ နေ့စဉ် လျှို့ဝှက်သေတ္တာဖွင့်စနစ်နှင့် ပတ်သက်၍ သူ သေချာပေါက် ရင်းနှီးကျွမ်းဝင်နေသည်။

စနစ်တစ်ခုဆိုသည်မှာ ပြန်လည်မွေးဖွားလာသူတိုင်းအတွက် မရှိမဖြစ်လိုအပ်သည့် လှည့်ကွက်တစ်ခုပင် မဟုတ်ပါလော။

“ပြန်လည်မွေးဖွားလာပြီးနောက်မှာတောင် ဒီလိုမျိုး ရွှေလက်ချောင်းတစ်ခု ရလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး...”

လီလန်မှာ ဝမ်းသာအားရ ဖြစ်သွားသည်။

ဤရွှေလက်ချောင်းဖြင့်ဆိုလျှင် ကောက်ပဲသီးနှံများ ပျက်စီး၍ အငတ်ဘေးဆိုက်နေသော ဤခေတ်ကာလတွင် သူ၏ အဖေနှင့် ညီမများ မိသားစုတစ်စုလုံးကို ကျွေးမွေးနိုင်လိမ့်မည်ဟု သူ ယုံကြည်ချက်အပြည့် ရှိနေသည်။

[ဒင်... ပိုင်ရှင်အနေဖြင့် စနစ်ကို ပထမဆုံးအကြိမ် စတင်အသုံးပြုခြင်းဖြစ်သောကြောင့် ‘လူသစ်စတင်သူအတွက် လက်ဆောင်ထုတ်’ကို ချီးမြှင့်လိုက်သည်]

[ပိုင်ရှင် လက်ဆောင်ထုတ်ကို ဖွင့်လှစ်လိုပါသလား…]

“သား... သား ခုနက ဘာပြောလိုက်တာလဲ…”

လီလန်က လက်ဆောင်ထုတ်ကို ဖွင့်ရန် ပြင်ဆင်နေစဉ် လီတာ့ဟိုင်က သူ၏လက်မောင်းကို ဆွဲကိုင်လိုက်သည်။ သူ၏ အိုမင်းနေသော မျက်လုံးများထဲတွင် မျက်ရည်များ ဝဲတက်လာပြီး အသံတုန်ယင်စွာဖြင့် မေးလိုက်၏။

[ဒင်… လီတာ့ဟိုင်၏ နှစ်သက်ခြင်းအမှတ် +၂]

“အဖေ... ပြန်ကြရအောင်။ တင်တောင်းစရိတ်နဲ့ အပ်ချုပ်စက်တွေ မတောင်းတဲ့ သဘောကောင်းတဲ့ ချွေးမကောင်းတစ်ယောက်ကို အဖေ့အတွက် ရှာပေးပါ့မယ်...”

[ဒင်… လီတာ့ဟိုင်၏ နှစ်သက်ခြင်းအမှတ် +၂]

[ဒင်… လီတာ့ဟိုင်၏ နှစ်သက်ခြင်းအမှတ် +၂]

“ကောင်းတယ်... ကောင်းတယ်... တကယ့်ကို ကောင်းတယ်...”

လီတာ့ဟိုင်သည် ‘ကောင်းတယ်’ ဟူသော စကားကို (၃) ကြိမ်တိတိ ထပ်ခါတလဲလဲ ပြောဆိုပြီး လီလန်အား ကျောပေးလိုက်သည်။ ထို့နောက် သူ၏ ညစ်ပေနေသော အင်္ကျီလက်ဖြင့် မျက်ရည်များကို သုတ်လိုက်၏။

သူ၏သားမှာ မျက်စိပွင့်သွားခဲ့ပြီ။ ယခင်ကကဲ့သို့ မိုက်မဲမနေတော့ပြီ။ ဤသည်မှာ အလွန်ကောင်းသော၊ အလွန်ပင် ကောင်းသော ကိစ္စဖြစ်သည်။ လီတာ့ဟိုင်မှာ သူ၏သား အိမ်ထောင်မပြုနိုင်မှာကို အလွန်ပင် စိုးရိမ်နေခဲ့သည်။

ပြီးခဲ့သည့်ရက်အနည်းငယ်က တင်တောင်းစရိတ် ယွမ်တစ်ရာအတွက် သူမှာ အလွန်ပင် ပင်ပန်းနွမ်းနယ်နေခဲ့ရသည်။ ပူလောင်နေသော ဒယ်အိုးပေါ်က ပုရွက်ဆိတ်ကဲ့သို့ စိတ်ပူပန်နေရပြီး၊ သူတစ်ပါးဆီမှ ငွေချေးရန်အတွက် အောက်ကျခံခဲ့ရကာ၊ အနိုင်နိုင်စုဆောင်းထားသည့် ယွမ်တစ်ဒါဇင်ခန့်သာ ရှိတော့သည်။

ဤခေတ်တွင် လူတိုင်းမှာ စားစရာပင် မလောက်ငှကြသဖြင့် တစ်ပါးသူကို ချေးငှားရန် ငွေပိုငွေလျှံ ရှိကြသူမှာ မရှိသလောက်ပင်ဖြစ်သည်။

သူ၏ အဖေဖြစ်သူကို ထိုသို့ မြင်တွေ့ရသောအခါ လီလန်မှာ ရင်ထဲတွင် အလွန်ပင် နာကျင်သွားသည်။ လီရှန်းဟွာကို လက်ထပ်နိုင်ရန်အတွက် သူ၏အဖေကို သွေးရောင်းခိုင်းခဲ့သော ယခင်ဘဝက သူ့ကိုယ်သူ ပြန်တွေးမိပြီး သူမှာ အလွန်ပင် မိုက်ရူးရဲဆန်ခဲ့ကြောင်း နားလည်လိုက်သည်။

“အဖေ... သွားကြရအောင်...”

လီလန်သည် ထိုင်ချလိုက်ပြီး တောဝက်သားနှင့် ငါးကြင်းကြီးတစ်ကောင် ပါဝင်သော တောင်းနှစ်လုံးကို ထမ်းပိုးဖြင့် ထမ်းလိုက်သည်။ သူသည် လီရှန်းဟွာကို လက်ထပ်တော့မည် မဟုတ်သဖြင့် တောင်းရမ်းလက်ဖွဲ့များကိုလည်း ပြန်ယူသွားရမည်မှာ အမှန်ပင်ဖြစ်သည်။

လီရှန်းဟွာ၏ အမေဖြစ်သူ မုဆိုးမ ဝူအိုက်ရုံသည် လီမိသားစုသားအဖမှာ လက်ဖွဲ့များကို ပြန်ယူသွားသည်ကို မြင်လိုက်ရသောအခါ ငြိမ်ထိုင်မနေနိုင်တော့ပေ။ သူမသည် အပူပေးထားသည့် အုတ်ကုတင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး လီတာ့ဟိုင်ကို ပိတ်ဆို့ရန်အတွက် တံခါးဝသို့ ပြေးသွားလိုက်သည်။

“ဘာလုပ်မလို့လဲ... ဒါတွေက ဘာတွေလဲ...”

“လောင်လီ... ရှင်တို့ ဒီနေ့ စေ့စပ်ဖို့ လာတာလေ။ ကိစ္စက မပြီးပြတ်သေးဘဲနဲ့ ဘာလို့ ပြန်ကြမလို့လဲ...”

“နောက်တစ်ခေါက် ထပ်ဆွေးနွေးကြတာပေါ့...”

ဝူအိုက်ရုံသည် သူမ၏သမီးကို မျက်စပစ်ပြရင်း ပြောလိုက်၏။

*သမီးရယ် ဒီကိစ္စ ဖြစ်လာသည်ဖြစ်စေ မဖြစ်လာသည်ဖြစ်စေ လက်ဖွဲ့တွေကိုတော့ သိမ်းထားရမယ်။ တောဝက်သား၊ ယုန်သား၊ ငါးကြင်းကြီးနဲ့ သကြားတွေက တန်ဖိုးကြီးတဲ့ ပစ္စည်းတွေပဲ*

ဝူအိုက်ရုံက လီရှန်းဟွာကို အသည်းအသန် မျက်စပစ်ပြနေသည်ကို မြင်သောအခါ လီလန်မှာ မဲ့ပြုံး ပြလိုက်သည်။ လီရှန်းဟွာ၏ အမေမှာလည်း ငွေကိုသာ အသက်ထက်မက်သည့် အဘွားအိုတစ်ယောက်သာ ဖြစ်သည်။ သူမ၏ နာမည်မှာ ‘အိုက်ရုံ’ (ဘုန်းကျက်သရေကို မြတ်နိုးခြင်း) ဖြစ်သော်လည်း တကယ်တမ်းတွင်မူ အချောင်သမားနှင့် ဝါသနာကြီးသူသာဖြစ်၏။ ယခင်ဘဝက လီရှန်းဟွာ သူနှင့် ကွာရှင်းရန် ပြတ်ပြတ်သားသား ပြောဆိုခဲ့စဉ်က သူမနောက်ကွယ်မှ တိုက်တွန်းနေသူမှာ ဤ ဝူအိုက်ရုံပင်ဖြစ်သည်။ ဤမုဆိုးမအိုကြီးမှာ မကောင်းကြံတတ်သည့် စိတ်ဓါတ်များဖြင့် ပြည့်နှက်နေ၏။

“လီလန်... ရှင် ခုနက ဘာပြောလိုက်တာလဲ...”

လီရှန်းဟွာသည် သူမ၏အမေကို ဂရုမစိုက်တော့ဘဲ လီလန်ကို တည့်တည့်ကြည့်၍ မေးလိုက်သည်။

“ရှင် အဲဒီစကားကို ထပ်ပြောရဲလား...”

လီရှန်းဟွာ၏ အသံမှာ အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။ သူမမှာ အသားအရေနှင့် ရုပ်ရည်မှာ ကောင်းမွန်သဖြင့် ရွှမ်းရွှေရွာတွင် သူမကို လက်ထပ်လိုသော အမျိုးသားများစွာရှိသည်။ ဤလီလန်က သူမကို မယူတော့ဟု ပြောရဲသည့်အထိ ဖြစ်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

လီလန်သည် တောင်းများကို ချလိုက်ပြီး လီရှန်းဟွာကို အေးစက်စက် အကြည့်ဖြင့် လှည့်ကြည့်လိုက်၏။

“မင်းက ငါတို့ လီမိသားစုထဲ ဝင်လာဖို့ မထိုက်တန်ဘူးလို့ပြောတာ... ဘာဖြစ်လို့လဲ...”

“မင်းကိုယ်မင်း အရင်ကြည့်ဦးလေ... တင်တောင်းစရိတ် ယွမ်တစ်ရာတောင်းဆိုရဲတာ မင်းတို့ကိုယ်မင်းတို့ မြို့သားတွေလို့ ထင်နေတာလား...”

“ဖားတစ်ကောင်က ငှက်သားကို စားချင်တယ်ဆိုရင်တောင် သူက ဖားတစ်ကောင်တော့ ဖြစ်ရဦးမယ်။ မင်းကရော ဘာလဲ...”

လီလန်၏ စကားလုံးများမှာ ပြတ်သားလွန်းလှသည်။

“လီလန်... ရှင်...”

လီရှန်းဟွာ၏ မျက်နှာမှာ အလွန်ပင် မကြည့်ကောင်းတော့ပေ။ လီလန်က သူမကို ဖားတစ်ကောင်ထက်ပင် ပိုမိုဆိုးရွားသည်ဟု ဆိုလိုက်သဖြင့် သူမ အလွန်အံ့အားသင့်သွားသည်။ ယခင်က သူမ၏ အမိန့်ကို နာခံလေ့ရှိသော လီလန်က ယနေ့တွင် လုံးဝ ပြောင်းလဲသွားလိမ့်မည်ဟု သူမ မထင်ခဲ့ပေ။

“ဒီပစ္စည်းတွေကို ချထားခဲ့လိုက်စမ်း”

“ရှင် ဒီနေ့ စေ့စပ်ဖို့ လာပြီးတော့ အခုလိုမျိုး မယူတော့ဘူးလို့ ပြောရဲတယ်ပေါ့လေ။ ဒီကိစ္စသာ ရွာထဲပျံ့သွားရင် ကျွန်မ လီရှန်းဟွာ ဘယ်လို မျက်နှာနဲ့နေရမလဲ...”

“ဒီလက်ဖွဲ့တွေက ကျွန်မအတွက် လျော်ကြေးပဲ”

ဤခေတ်တွင် အမျိုးသမီးတစ်ယောက်အတွက် ဂုဏ်သိက္ခာမှာ အရေးကြီးဆုံးဖြစ်သည်။ လီရှန်းဟွာနှင့် လီလန် စေ့စပ်ကြောင်းလမ်းသည်ကို ရွာသားအားလုံး သိရှိပြီးဖြစ်သည်။ ယခုအခါ လီလန်က မယူတော့ဟု ပြောဆိုလိုက်ပါက လီရှန်းဟွာမှာ ရယ်စရာအဖြစ်ဆုံး ဖြစ်သွားပေလိမ့်မည်။ သူမမှာ မဖြစ်မနေ လက်ထပ်လိုသေးသည်။

“မင်း ဂုဏ်သိက္ခာ ပျက်မပျက်ဆိုတာ ငါနဲ့ ဘာမှ မသက်ဆိုင်ဘူး”

“ငါ့ပိုက်ဆံနဲ့ ဝယ်ထားတဲ့ ပစ္စည်းတွေကို ဘာလို့ မင်းကို ပေးရမှာလဲ...”

“အဖေ... သွားကြရအောင်...”

လီလန်မှာ ဤမိန်းမယုတ်နှင့် စကားများနေရန် အချိန်မရှိပေ။ သူသည် အဖေဖြစ်သူ၏ လက်ကို ဆွဲကာ တောင်းများကို ထမ်း၍ ထွက်ခွာသွားလိုက်သည်။

“လီလန်”

“လီလန်... စောင့်နေ ကျွန်မရဲ့ မောင်တွေ အမဲလိုက်ရာက ပြန်လာရင် ရှင်နဲ့ တွေ့မယ်”

လီရှန်းဟွာတွင် လီလုံနှင့် လီဟူဆိုသော မောင်နှစ်ယောက်ရှိပြီး ယနေ့တွင် ရွာ၏ အမဲလိုက်အဖွဲ့နှင့်အတူ တောင်ပေါ်သို့ တက်သွားကြသည်။ လီမိသားစု သားအဖ ထွက်သွားသည်ကိုကြည့်ရင်း ဝူအိုက်ရုံမှာ သက်ပြင်းချကာ သမီးဖြစ်သူကို အပြစ်တင်လိုက်သည်။

“ရှန်းဟွာ... အဲဒီအရူးကို တင်တောင်းစရိတ် ယွမ်တစ်ရာ ပေးဖို့အတွက် ဒီနေ့ လာခိုင်းတာ မဟုတ်ဘူးလား... ဘာလို့ သူက ဒီနေ့ကျမှ ပြောင်းလဲသွားရတာလဲ...”

“သမီးလည်း မသိဘူးလေ... အဲဒီအရူးက ဒီနေ့မှ ထူးဆန်းနေတာ။ သူ ဘယ်လိုလုပ်ပြီး မျက်စိပွင့်သွားလဲ မသိဘူး...”

“ဟူး... ထားပါတော့။ တောဝက်သားနဲ့ ယုန်သားတွေကိုတော့ နှမြောလိုက်တာ။ ဒါတွေကိုသာ ရခဲ့ရင် ဒီနေ့တော့ ငါတို့သားအမိ နည်းနည်းတော့ အရသာရှိရှိ စားရမှာ...”

“သား... သား တကယ်ပဲ လီရှန်းဟွာကို မယူတော့ဘူးလား...”

အပြန်လမ်းတွင် လီတာ့ဟိုင်မှာ အိပ်မက်မက်နေသကဲ့သို့ ခံစားနေရဆဲဖြစ်ပြီး ထပ်မံမေးမြန်းလိုက်သည်။

“မယူတော့ဘူး အဖေ... သူမက မကောင်းတဲ့မိန်းမပါ။ သူမကို လက်ထပ်လိုက်ရင် မိသားစုအတွက် ဘေးဥပဒ်သာ ဖြစ်လာလိမ့်မယ်...”

လီလန်က ခေါင်းခါလိုက်သည်။

လီရှန်းဟွာ၏ မောင်နှစ်မကို အလွန်အမင်း အလိုလိုက်ခြင်းနှင့် ငွေကိုသာ အသက်ထက်မက်ခြင်းမှာ သာမန်အမျိုးသားတစ်ယောက်အတွက်ပင် စက်ဆုပ်ရွံရှာစရာ ဖြစ်သည်။ သူမကို လက်ထပ်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။

“ဒါဆိုရင်လည်း အဖေ စိတ်အေးရပါပြီ...”

လီတာ့ဟိုင် သက်ပြင်းချလိုက်သည်။ သို့သော် သူ၏ မျက်နှာမှာမူ စိုးရိမ်ပူပန်မှုများဖြင့် ပြန်လည်ပြည့်နှက်လာ၏။

“နောက်မှ လီလုံနဲ့ လီဟူတို့က ဒီအကြောင်းကို သိသွားပြီး သားကို လာပြီး လက်တုံ့ပြန်ရင် ဘယ်လိုလုပ်မလဲ...”

“အဖေ... ကိစ္စမရှိပါဘူး။ သူတို့သာ လာရဲရင် သူတို့ရဲ့ ခြေထောက်တွေကို ချိုးပစ်လိုက်မယ်လို့ ကျွန်တော် ကတိပေးတယ်”

ယခင်ဘဝက လီလန်၏ ညာဘက်ခြေထောက်မှာ ဤညီအစ်ကိုနှစ်ယောက်ကြောင့် ကျိုးပဲ့ခဲ့ရသည်။ ခြေထောက် ကျက်သွားပြီးနောက်တွင်လည်း ချို့တဲ့သူ ဖြစ်သွားခဲ့ရပြီး မိုးရွာတိုင်း နာကျင်ကိုက်ခဲမှုများဖြင့် နှစ်ပေါင်းများစွာ ဒုက္ခရောက်ခဲ့ရသည်။

“စနစ်... လူသစ်စတင်သူအတွက် လက်ဆောင်ထုတ်ကို ဖွင့်လှစ်ပေးပါ...”

[ဒင်… လူသစ်စတင်သူအတွက် လက်ဆောင်ထုတ်ကို ဖွင့်လှစ်နေသည်…]

[ဂုဏ်ယူပါတယ် ပိုင်ရှင်... သင်သည် တရုတ်ရိုးရာ ကိုယ်ခံပညာရပ်များအားလုံးကို အထူးကျွမ်းကျင်နှံ့စပ်သွားစေသည့် စွမ်းရည်ကို ရရှိသွားပါပြီ]

All Chapters