← Chapters

အခန်း ၃

Vol. 1 Ch. 3

အခန်း ၃

Vol. 1 Ch. 3

အခန်း (၃) သတင်းအချက်အလက်

“တရုတ်ကိုယ်ခံပညာရပ်ပါလား... ဒါက တကယ့်ကို အဖိုးတန်တဲ့အရာပဲ...”

လီလန်သည် စိတ်လှုပ်ရှားစွာဖြင့် တွေးလိုက်ပြီး ထိုစွမ်းရည်ကို ချက်ချင်းပင် စုပ်ယူလိုက်သည်။ နွေးထွေးသော စွမ်းအင်စီးကြောင်းတစ်ခုသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ အရိုးအဆစ်များမှတစ်ဆင့် စီးဆင်းသွား၏။ သူ၏ လမ်းကြောင်းများ ပွင့်သွားသကဲ့သို့ ခံစားလိုက်ရပြီး သွေးသားတို့မှာ တစ်ကိုယ်လုံးသို့ လှည့်ပတ်စီးဆင်းနေသည်။

ရှောင်လင် လိုဟန်လက်သီး၊ ရှင့်ယီချွမ်း၊ ဝင်းချွန်း၊ ပါကွားကျန်း၊ နန်ချွမ်း၊ ပါကျိချွမ်း…

သူသည် ဤတရုတ်ကိုယ်ခံပညာရပ်အားလုံးကို ကျွမ်းကျင်နှံ့စပ်သွားလေပြီ။ ဤသည်မှာ စနစ်၏ ကျေးဇူးကြောင့် ရရှိလာသော အကျိုးကျေးဇူးပင် ဖြစ်သည်။

“အဲ့ဒီအရူးအမူးကောင်တွေဖြစ်တဲ့ လီလုံနဲ့ လီဟူသာ ငါ့ဆီ လာပြီး ဒုက္ခပေးကြည့်ပါလား... လိုဟန်လက်သီးရဲ့ အစွမ်းကို သူတို့ကို မြည်းစမ်းခိုင်းလိုက်မယ်...”

“အဖေ၊ အစ်ကို... ပြန်လာပြီလား...”

လီလန်သည် အဖေဖြစ်သူနှင့်အတူ အိမ်သို့ ပြန်ရောက်လာပြီး ဝန်စည်စလွယ်များကို အိမ်ဝင်းအတွင်း ချလိုက်သည်။ ဤအိမ်ဟောင်းလေးကို ကြည့်လိုက်သည့်အခါ လီလန်သည် ရင်းနှီးကျွမ်းဝင်မှု တစ်ခုကို အကြီးအကျယ် ခံစားလိုက်ရသည်။ အိမ်မှာ သစ်သားဖြင့် ဆောက်လုပ်ထားပြီး မြက်မိုးထားသည်။ ပြတင်းပေါက်များမှာလည်း သစ်သားဘောင်များသာ ဖြစ်ကာ အလွှာပါးလေးဖြင့် ကာထားသည့် ရှေးဆန်ပြီး နောက်ကျကျန်ခဲ့သော အိမ်လေးဖြစ်သည်။

သို့သော် လီလန်သည် ဤသစ်သားအိမ်ဟောင်းကို လုံးဝ မမုန်းတီးပေ။ အိမ်မှာ ဟောင်းနွမ်းနေသော်လည်း အဖေ ရှိနေဆဲဖြစ်ပြီး ဒုတိယညီမလေးမှာလည်း ကြီးပြင်းမလာသေးပေ။ ဤသည်မှာ အိမ်၏ အရသာပင်ဖြစ်သည်။

ခြင်းတောင်းကို ချလိုက်သည်နှင့် ပန်းပွင့်ဖတ်ပုံစံ ဝါဂွမ်းဂျာကင်လေးများကို ဝတ်ဆင်ထားသော ကလေးမလေး နှစ်ယောက်မှာ အခန်းထဲမှ ခုန်ပေါက်ပြီး ပြေးထွက်လာကြသည်။

“ဒုတိယညီမလေး၊ ညီမငယ်လေး...”

လီလန်၏ မျက်လုံးများမှာ နီရဲလာသည်။

ဒုတိယညီမလေးမှာ ၁၅ နှစ်သာ ရှိသေးပြီး ညီမငယ်လေးမှာ ၈ နှစ်သာ ရှိသေးသည်။ အဖေဖြစ်သူ တောဝက် ကိုက်သတ်ခံရပြီးနောက် မကြာမီမှာပင် လီလန်သည် လီရှန်းဟွာနှင့် ကွာရှင်းလိုက်ပြီး ညီမနှစ်ယောက်ကို ဝန်ထုတ်ဝန်ပိုးဟု သဘောထားကာ ဂရုမစိုက်နိုင်ခဲ့ပေ။ ဒုတိယညီမလေး ၁၆ နှစ်အရွယ်သာ ရှိသေးချိန်တွင် သူသည် အိမ်နီးချင်းရွာတစ်ရွာမှ မိသားစုတစ်ခုကို ရှာဖွေပြီး တင်တောင်းစရိတ် ယွမ်သုံးဆယ် တောင်းကာ ညီမဖြစ်သူကို လက်ထပ်ပေးလိုက်သည်။

ဒုတိယညီမလေး၏ခင်ပွန်းမှာ အရက်သမားဖြစ်ကြောင်း မည်သူ သိပါ့မလဲ။ သူအရက်သောက်တိုင်း ဒုတိယညီမလေးကို ရိုက်နှက်တတ်သဖြင့် ညီမလေး၏ ခန္ဓာကိုယ်မှာ အမြဲတမ်း အပြာရောင်အညိုအမည်းစွဲနေတတ်သည်။ လက်ထပ်ပြီး ဒုတိယနှစ်တွင်ပင် သူမသည် သည်းမခံနိုင်တော့ဘဲ ပိုးသတ်ဆေးသောက်၍ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်။

ညီမငယ်လေးမှာမူ ပို၍ပင် သနားစရာ ကောင်းသည်။ အိမ်တွင် စားစရာမရှိသဖြင့် ဗိုက်ဆာလွန်း၍ တောင်ပေါ်သို့ တက်ကာ တောမှိုများရှာရင်း ဝံပုလွေအုပ်နှင့် တွေ့ကာ အရှင်လတ်လတ် အကိုက်ခံလိုက်ရပြီး အလောင်းပင် မကျန်တော့ပေ။ သူမမှာ ၁၂ နှစ်အရွယ် ကလေးသာ ရှိသေးပြီး ဝံပုလွေများ၏အစာ ဖြစ်သွားခဲ့ရသည်။

နောင်ဘဝတွင် လီလန်သည် ထိုအကြောင်းကို တွေးမိတိုင်း ကိုယ့်မျက်နှာကိုယ် ပြန်ရိုက်ချင်စိတ်ပေါက်သည်။ သူသည် လူယုတ်မာဖြစ်ခဲ့မိသည့်အတွက် ဒုတိယညီမလေးအတွက် ကောင်းမွန်သော မိသားစုကို မရှာပေးနိုင်ခဲ့သည့်အတွက်နှင့် ညီမငယ်လေးကို ကောင်းကောင်း မစောင့်ရှောက်နိုင်ခဲ့သည့်အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းတီးမိသည်။

“ဒီဘဝမှာတော့ ငါ ညီမလေးတွေကို ကောင်းကောင်း ဆက်ဆံရမယ်...”

လီလန်သည် စိတ်ထဲတွင် လျှို့ဝှက်စွာ ကျိန်ဆိုလိုက်သည်။

“အဖေ၊ အစ်ကို... ဘာလို့ ဒီပစ္စည်းတွေကို ပြန်သယ်လာကြတာလဲ...”

ဒုတိယညီမလေးက အံ့ဩစွာ မေးလိုက်သည်။

“မင်းအစ်ကို လီရှန်းဟွာကို ထပ်မယူတော့ဘူးလေ...”

လီတာ့ဟိုင်သည် ပြတင်းပေါက်စပ်မှ ဆေးတံအိုတစ်ချောင်းကို ယူကာ ဆေးရွက်ကြီးများ ထည့်လိုက်သည်။ မီးခြစ်ဖြင့် မီးညှိပြီးနောက် "ဖတ်... ဖတ်..." ဟူသော အသံဖြင့် ဆေးလိပ်နှစ်ချက်ဖွာလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။

“ဟာ... အစ်ကို... အစ်ကိုက ဝူအိုက်ရုံရဲ့ သမီးကို ထပ်မယူတော့ဘူးပေါ့...”

ဒုတိယညီမလေးသည် အစ်ကိုဖြစ်သူ လီလန်ကို လှည့်ကြည့်လိုက်သည်။

“ဟုတ်တယ်... အစ်ကို သူ့ကို မယူတော့ဘူး...”

လီလန်သည် ဒုတိယညီမလေး လီထျန်း၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

“ဒါဆို အကောင်းသားပဲ အစ်ကိုရယ်... အစ်ကို့အိမ်ထောင်ရေးကိစ္စအတွက် အဖေ ဘယ်လောက်တောင် စိုးရိမ်နေရလဲ မသိဘူး... ထမင်းတောင် ကောင်းကောင်း မစားနိုင်ဘဲနဲ့ ကိုယ်အလေးချိန်တွေတောင် အများကြီး လျော့သွားတယ်...”

ဒုတိယညီမလေးသည် ဆေးလိပ်ဖွာနေသော အဖေကို ကြည့်ကာ စိတ်မကောင်းစွာ ပြောလိုက်သည်။

“အစ်ကိုက အရူးပဲ... အစ်ကို မှားခဲ့တာပါ...”

ဒုတိယညီမလေးက သူထက်ပင် ရင့်ကျက်နေသည်ကို မြင်ရသဖြင့် လီလန်၏ နှာခေါင်းများ ပူတက်လာပြီး အမြန်ပင် တောင်းပန်လိုက်သည်။

“ခြင်းတောင်းထဲမှာ သကြားဖြူတွေ ပါတယ်... အိမ်ထဲယူသွားပြီး ညီမငယ်လေးနဲ့ မင်းအတွက် သကြားရည် ဖျော်သောက်ကြ...”

လီလန်သည် အာဟာရချို့တဲ့ပြီး ပိန်လှီနေသော ညီမနှစ်ယောက်ကို ကြည့်ကာ စိတ်မကောင်းစွာ ပြောလိုက်သည်။

ရွာတွင် အငတ်ဘေးကြုံနေရပြီး အိမ်တွင် စားစရာ မရှိပေ။ ပြောင်းဖူးမှုန့်ပင် မရှိသဖြင့် အဖေ တောင်ပေါ်မှ တူးလာသော တောဟင်းရွက်များကိုသာ စားကြရသည်။ အသားစားရသည်မှာ ကြာလှပြီ ဖြစ်သဖြင့် ညီမနှစ်ယောက်၏ ပါးပြင်များမှာ ဗိုက်ဆာလွန်း၍ ချိုင့်ဝင်နေကြသည်။

တောဝက်သား သုံးကျင်းနှင့် ယုန်သား ငါးကျင်းမှာ အဖေက ထုတ်လုပ်ရေးအဖွဲ့ ခေါင်းဆောင်ဆီမှ ချေးယူလာခြင်းဖြစ်သည်။ ငါးကြင်းကြီးနှစ်ကောင်မှာ အိမ်နီးချင်း ဦးလေးဝမ်ဆီမှဖြစ်ပြီး သကြားဖြူနှင့် ပန်းပွင့်ဖတ်အထည်များကို အဖေက ဝယ်လာခြင်း ဖြစ်သည်။

“အဖေ... အဲ့ဒီပစ္စည်းတွေကို သူတို့ကို ပြန်ပေးလိုက်ရအောင်...”

လီလန်သည် တောဝက်သားနှင့် ယုန်သား ခြင်းတောင်းနှစ်လုံးကို ညွှန်ပြကာ လီတာ့ဟိုင်ကို ပြောလိုက်သည်။ ဒုတိယညီမလေးနှင့် ညီမငယ်လေးသည် အမဲသားများကို ကြည့်ကာ တံတွေးမြိုချနေကြသော်လည်း အလွန်လိမ္မာသဖြင့် အသားတောင်းဆိုခြင်း မရှိကြပေ။

“ဒုတိယညီမလေး... ညီမလေးကို ခေါ်ပြီး အိမ်ထဲမှာ သကြားရည်သွားဖျော်လိုက်...”

“ညီမလေး... လိမ္မာတယ်နော်... ဒုတိယညီမလေးနဲ့အတူ သကြားရည် သွားသောက်လိုက်ဦး... အစ်ကို နောက်မှ ညီမလေးအတွက် ယုန်တွေ ဖမ်းပေးမယ်၊ ဟုတ်ပြီလား...”

လီလန်သည် ညီမငယ်လေး လီရွှယ်၏ ခေါင်းကို ချစ်ခင်စွာ ပွတ်သပ်ပေးလိုက်သည်။

“ဟုတ်...”

“အစ်ကိုက အကောင်းဆုံးပဲ...”

[ဒင်…လီထျန်း၏ နှစ်သက်မှုအမှတ် +၂]

[ဒင်…လီရွှယ်၏ နှစ်သက်မှုအမှတ် +၂]

ကလေးငယ်နှစ်ယောက်သည် သကြားဖြူကို ဂရုတစိုက် ကိုင်ဆောင်ကာ အိမ်ထဲသို့ ပြေးဝင်သွားသည်ကို ကြည့်ပြီး လီလန်၏ ရင်ထဲမှာ နွေးထွေးသွားသည်။ သူသည် အဖေနှင့် ညီမလေးများအတွက် အာဟာရဖြစ်စေမည့် အစားအစာများကို အမြန်ဆုံး ရှာပေးရမည်။

“သား... အဖေ ကျိုးခေါင်းဆောင်နဲ့ ပြောကြည့်မယ်... ဒီ‌တောဝက်သားထဲက နည်းနည်းချန်ထားပြီး နောက်မှ ပြန်ပေးမယ်ဆိုရင်ရော...”

မိသားစုမှာ စားစရာရှားပါးနေသဖြင့် သမီးလေးတွေ တောဟင်းရွက်တွေ စားနေရသည်ကို မြင်ရသည့်အတွက် လီတာ့ဟိုင် စိတ်မကောင်းဖြစ်ရသည်။ သို့သော် အငတ်ဘေးကာလတွင် အမဲလိုက်ရသည်မှာ ခက်ခဲသဖြင့် အခြားရွေးချယ်စရာ မရှိပေ။

“ကောင်းပြီ အဖေ... တောဝက်သား နှစ်ကျင်းလောက် ချန်ထားလိုက်ပါ... ကျန်တာတွေကို ပြန်ပေးလိုက်ပါ...”

လီတာ့ဟိုင်သည် ခေါင်းမာပြီး မဖြစ်မနေလိုအပ်မှသာ အကူအညီတောင်းလေ့ရှိသူဖြစ်ကြောင်း လီလန် သိသည်။ ဤတစ်ခါတွင်မူ သူ့၏ အိမ်ထောင်ရေးကိစ္စအတွက် အမဲလိုက်အဖွဲ့ခေါင်းဆောင် ကျိုးထံတွင် အရှက်ခံ၍ အကူအညီ တောင်းခဲ့ရခြင်း ဖြစ်သည်။

လီတာ့ဟိုင်သည် မီးဖိုချောင်သို့ ပြန်သွားပြီး ဝက်သားတုံးနှစ်ကျင်းကို ခုတ်ဖြတ်ကာ သိမ်းဆည်းလိုက်သည်။ ထို့နောက် တုတ်ကို ထမ်းလျက် အိမ်နီးချင်းများနှင့် ကျိုးခေါင်းဆောင်ထံ အသားနှင့် ငါးများကို ပြန်ပေးရန် ထွက်ခွာသွားသည်။ လီလန်သည် တောဝက်သားကို ယူ၍ မီးဖိုချောင်သို့ဝင်ကာ ချက်ပြုတ်ရန် ပြင်ဆင်လိုက်သည်။

နေရောင်ခြည်မှာ ကျောက်ဘိုင်တောင်တန်းများပေါ်တွင် မြင့်မားစွာ လင်းထိန်နေပြီး အရည်ပျော်သွားသော နှင်းများမှာ စမ်းချောင်းများ ဖြစ်ကာ အောက်သို့ ဖြည်းညင်းစွာ စီးဆင်းနေသည်။ နေ့လည် ၁၂ နာရီ ရှိပြီဖြစ်သည်။

[ဒင်…လျှို့ဝှက်သေတ္တာ ပြန်လည်ဆန်းသစ်သွားပါပြီ]

[ပိုင်ရှင်အနေဖြင့် အဆင့် ၁ လျှို့ဝှက်သေတ္တာကို ရွေးချယ်နိုင်သည်။ ပထမဆုံးအကြိမ် ရရှိခြင်းဖြစ်သဖြင့် 'နှစ်သက်မှုအမှတ်ကုန်ကျမည်မဟုတ်ပါ]

“သေတ္တာဖွင့်မယ်...”

လီလန်သည် မည်သို့မျှ မတွန့်ဆုတ်ဘဲ ပြောလိုက်သည်။

[လျှို့ဝှက်သေတ္တာကို ဖွင့်လှစ်နေသည်…]

[ဂုဏ်ယူပါသည် ပိုင်ရှင်... သင်သည် သတင်းအချက်အလက်တစ်ခုကို ရရှိလိုက်ပါပြီ။ ဝက်ဝံနက်တောင်ခြေရှိ ကျိုင်းပင်အိုကြီးနားသို့ မွန်းလွဲ ၁ နာရီတွင် မိုးပျံနဂါးနှစ်ကောင်(ရစ်ငှက်) ဖြတ်သန်းသွားမည်ဖြစ်သည်။ အပင်အောက်တွင် ထောင်ချောက်ဆင်ထားပါက ၁၀၀% ဖမ်းမိမည်ဖြစ်သည်]

“သတင်းအချက်အလက်လား...”

လီလန်က တအံ့တဩ ဖြစ်သွားသည်။

ဤ “နေ့စဉ်လျှို့ဝှက်သေတ္တာ” သည် သားကောင်များအကြောင်းကိုပင် ဖော်ပြပေးနိုင်၏။ လီလန်က ဝက်ဝံနက်တောင်ကို သိသည်။ ၎င်းသည် ရွှမ်းရွှေရွာ၏ နောက်ကျောဘက်တွင် ရှိသည်။ အဖေ လီတာ့ဟိုင်နှင့် ရွာ၏ အမဲလိုက်အဖွဲ့သည် ဤတောင်ပေါ်တွင် မကြာခဏ အမဲလိုက်လေ့ ရှိကြသည်။

တောင်ပေါ်တွင် ဝက်ဝံများ ပေါများသဖြင့် “ဝက်ဝံနက်တောင်” ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။ သို့သော် အန္တရာယ်များသော တောနက်ပိုင်းသို့ မသွားသရွေ့ တောင်ခြေတွင် အလွန် ဘေးကင်းသည်။ လီလန်သည် ထိုကျိုင်းပင်အိုကြီးကိုလည်း သိသည်။ သူသည် ငယ်စဉ်က ညီမလေးများကို ခေါ်၍ အပင်အောက်တွင် မှိုရှာလေ့ရှိသည်။

“မိုးပျံနဂါးနှစ်ကောင်...”

“ဒီသတင်းအချက်အလက်က တကယ်ပဲ မှန်ပါ့မလား...”

တွေးတောပြီးနောက် လီလန်သည် သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။ မွန်းလွဲ ၁ နာရီအထိ တစ်နာရီခန့် အချိန်ရှိသေးသည်။ လီလန်သည် တောဝက်သားကို သိမ်းဆည်းကာ ညီမနှစ်ယောက်ကို မှာကြားပြီး အိမ်ဝင်းထဲမှ ထွက်၍ ဝက်ဝံနက်တောင်ဘက်သို့ ဦးတည်သွားလိုက်သည်။

All Chapters