← Chapters

အခန်း ၆

Vol. 1 Ch. 6

အခန်း ၆

Vol. 1 Ch. 6

အခန်း (၆) လီလုံနှင့် လီဟူ

"ကံမကောင်းလိုက်တာ... မိတော့မလိုဖြစ်နေတဲ့ မိုးပျံနဂါးက လက်ထဲကနေ လွတ်သွားပြန်ပြီ..."

"ဘယ်သူ့အပြစ်လဲ... ကိုယ်တိုင် တည့်အောင် မချိန်တတ်တာကို... အတောင်ပံကိုပဲ ချိန်နေမိလို့လေ..."

အရပ် ၁.၉ မီတာကျော်စီရှိပြီး ကျောပြင်ကျယ်ကာ ကြံ့ခိုင်သော ခန္ဓာကိုယ်ရှိသည့် အမျိုးသားနှစ်ဦးမှာ အိမ်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြသည်။ နှစ်ယောက်စလုံး၏ ကျောတွင် တစ်တောင့်ထိုး မုဆိုးသေနတ်များ လွယ်ထား၏။

ထိုသူနှစ်ဦးသည် မုဆိုးသေနတ်များကို ချထားလိုက်ပြီး ခေါင်းပေါ်မှ ခွေးမွှေးဦးထုပ်များကို ချွတ်လိုက်သည့်အခါ နွေးထွေးနေသော ဦးထုပ်ထဲမှ အငွေ့များ တလူလူ ထွက်ပေါ်လာသည်။

"ဒီရာသီဥတုကတော့ တကယ့်ကို အေးစက်လွန်းတယ် တောင်ပေါ်က နှင်းတွေကလည်း ထူလွန်းတယ် လီဟူ... ခေါင်းဆောင်ဆီကို နောက်ရက်တွေမှာ တောင်ပေါ်မတက်တော့ဘူးလို့ သွားပြောလိုက်ဦး..."

"စိတ်မပူပါနဲ့ ဒုတိယအစ်ကို... ထမင်းစားပြီးရင် ကျွန်တော် သွားပြောလိုက်ပါ့မယ်..."

ထိုနှစ်ယောက်မှာ လီရှန်းဟွာ၏ မောင်နှစ်ယောက်ဖြစ်ကြသော လီလုံနှင့် လီဟူတို့ပင်တည်း။

သူတို့သည် တစ်ပုံစံတည်းတူသော အမြွှာညီအစ်ကိုများဖြစ်ကြပြီး အရပ်အမောင်းနှင့် ခန္ဓာကိုယ် တည်ဆောက်ပုံမှာလည်း အလွန်ဆင်တူ၏။

သူတို့ကို ခွဲခြားရသည်မှာလည်း လွယ်ကူသည်။ လီလုံ၏ နှာခေါင်းညာဘက်တွင် မှဲ့နက်ကြီးတစ်ခု ပါရှိသော်လည်း လီဟူတွင်မူ မပါရှိပေ။

ထို့အပြင် ရှေ့သွားများကို ကြည့်၍လည်း ခွဲခြားနိုင်သည်။ လီဟူမှာ ငယ်စဉ်က ကစားရင်း ကျောက်တုံးနှင့် တိုက်မိကာ ရှေ့သွားတစ်ချောင်း အနည်းငယ် ကျိုးနေသဖြင့် စကားပြောလျှင် လျှာလေးသလို ဖြစ်တတ်သည်။

"ဟေ့... အစ်ကိုရေ တစ်ခုခုတော့ ထူးဆန်းနေပြီ... ဘာလို့ ဒီနေ့ အိမ်က ဒီလောက်တိတ်ဆိတ်နေရတာလဲ..."

လီဟယက အံ့အားသင့်စွာ မေးလိုက်သည်။

ပုံမှန်ဆိုလျှင် ဤအချိန်၌ သူ့မိခင်နှင့် အစ်မဖြစ်သူတို့မှာ အမဲလိုက်ရာမှ ပြန်လာသည့်အခါ တိရစ္ဆာန်ရမရကို စိတ်လှုပ်ရှားစွာဖြင့် အိမ်ရှေ့သို့ ပြေးထွက်လာတတ်ကြသည်။

ယနေ့မူ ထူးထူးခြားခြား တိတ်ဆိတ်နေသဖြင့် လီဟူတစ်ယောက် တစ်ခုခုတော့ မှားနေပြီဟု ခံစားလိုက်ရသည်။

"တစ်ခုခုများ ဖြစ်နေတာလား..."

လီလုံက မျက်မှောင်ကြုတ်လိုက်သည်။

အိမ်ထဲသို့ ဝင်ရန် ပြင်ဆင်နေစဉ်မှာပင် သူတို့မိခင် ဝူအိုက်ရုံ၏ ဝမ်းနည်းကြေကွဲစွာ ငိုကြွေးသံကို ကြားလိုက်ရသည်။

"ရှန်းဟွာ... သမီးသာ သေသွားရင် အမေ ဘယ်လိုလုပ်မလဲ..."

"အမေ့မှာ သမီးလေးတစ်ယောက်တည်း ရှိတာပါ... ရှန်းဟွာ... သမီးရယ်..."

လီလုံနှင့် လီဟူတို့သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ မျက်လုံးများ ပြူးကျယ်သွားပြီး အိမ်ထဲသို့ အမြန်ဆုံး ပြေးဝင်သွားကြသည်။

အိမ်ထဲသို့ ရောက်သည့်အခါ လီဟူသည် အစ်မဖြစ်သူ လီရှန်းဟွာမှာ ထိုင်ခုံပေါ်တွင် ရပ်လျက် လျှော်ကြိုးတစ်ချောင်းကို အိမ် ထုတ်တန်းပေါ်မှ သိုင်းချကာ ကြိုးကွင်းပြုလုပ်ပြီး အခြားတစ်ဖက်ကို တင်းကျပ်စွာ ချည်နှောင်နေသည်ကို မြင်လိုက်ရသည်။

ချက်ချင်းဆိုသလိုပင် လီရှန်းဟွာမှာ မျှော်လင့်ချက်ကင်းမဲ့သော မျက်နှာဖြင့် ကြိုးကွင်းထဲသို့ လည်ပင်းကို ထိုးသွင်းလိုက်ပြီး ခြေထောက်ဖြင့် ထိုင်ခုံကို ကန်ချလိုက်တော့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လီဟူ၏ မျက်လုံးများမှာ ပြူးကျယ်သွားတော့သည်။

သူ့အစ်မမှာ ကြိုးဆွဲချ သတ်သေတော့မည်။

"အစ်မ..."

လီဟူသည် အမြန်ပြေးသွားပြီး ဒုတိယအစ်ကိုဖြစ်သူ လီလုံနှင့်အတူ အစ်မ၏ ခြေထောက်ကို ဖက်တွယ်လိုက်ကြသည်။

"လွှတ်ကြ... ငါ့ကို လွှတ်ပေးကြ..."

"ဂုဏ်သိက္ခာတွေ ပျက်စီးသွားပြီ၊ အိမ်ထောင်ပြုလို့လည်း မရတော့ဘူး... ဒီလိုမျိုး အသက်ရှင်နေရတာက ဆင်းရဲဒုက္ခပဲ..."

လီရှန်းဟွာသည် မျက်ရည်စက်လက်ဖြင့် ရုန်းကန်နေပြီး ယနေ့တွင် မုချသေဆုံးမည်ဟု ဆုံးဖြတ်ထားဟန်ဖြင့် ကြိုးစားနေသည်။

"အမေ... အစ်မကို ဘာဖြစ်တာလဲ..."

လီဟူက မနေနိုင်ဘဲ မေးလိုက်သည်။

သူတို့ မထွက်ခင်က အေးဆေးပင်။ အခုမှ ဘာကြောင့် အသက်ကို စွန့်ချင်နေရသနည်း။

"လီလန် အိမ်ကို လာတောင်းရမ်းတာ မဟုတ်လား..."

လီလုံက တစ်စုံတစ်ခုကို သတိရသွားသည်။

"ဒါဆို... အဲ့ဒီကောင် လီလန်ကြောင့်လား..."

"အဲ့ဒီအကောင်က မင်းအစ်မကို မယူတော့ဘူးလို့ ပြောသွားရုံတင်မကဘဲ၊ မင်းအစ်မက ကျိန်စာသင့်နေသူတဲ့ ယူလိုက်ရင် ယောက်ျားတောင် သေလိမ့်မယ်လို့ ပြောသွားတယ်လေ..."

ဝူအိုက်ရုံက သက်ပြင်းချရင်း ထိုင်ချလိုက်သည်။

သူမသည် လီလုံနှင့် လီဟူကို ရှင်းပြရင်း လီရှန်းဟွာကို မျက်ရိပ်ပြလိုက်သည်။

*သမီးရယ်... တော်လောက်ပြီလေ အရှိန်လွန်ကုန်ပြီ*

*ကြိုးဆွဲချတာက အပျော်လုပ်လို့ မရဘူး*

"သေစမ်း... အဲ့ဒီကောင်... ကျွန်တော့်အစ်မက အရမ်းလှပတာကို သူက ဘာမို့လို့ မယူရဲတာလဲ အစ်မကို စော်ကားပြီး ဂုဏ်သိက္ခာတွေ ဖျက်ဆီးရဲတယ်ပေါ့..."

"အဲ့ဒီအကောင်ကို သတ်ပစ်မယ်..."

မိခင်၏ စကားကို ကြားရသောအခါ လီဟူမှာ ဒေါသအိုးပေါက်ကွဲသွားတော့သည်။

"အစ်မ... စိတ်မပူနဲ့ ကျွန်တော် အခုချက်ချင်း သွားပြီး အဲ့ဒီကောင်ကို သင်ခန်းစာ ပေးလိုက်မယ်..."

လီဟူသည် ဒေါသတကြီး ကျိန်ဆဲရင်း သေနတ်ကို ကိုင်ကာ အိမ်ပြင်သို့ ပြေးထွက်သွားသည်။

ဝူအိုက်ရုံသည် သူမ၏ သားငယ်၏ လုပ်ရပ်ကို မြင်သောအခါ ရင်ထဲတွင် တုန်လှုပ်သွားသည်။

*သမီးရယ်... အကြီးအကျယ် ဒုက္ခရောက်ကုန်ပြီ… လွန်လွန်းနေပြီ*

"ကြိုးဆွဲချ" ဇာတ်လမ်းရိုက်နေသည့် လီရှန်းဟွာပင် မျက်နှာပျက်သွားသည်။ အကယ်၍ မောင်ဖြစ်သူ လီဟူသာ အရှိန်လွန်ပြီး သေနတ်နှင့် ပစ်မိပါက ကိစ္စမှာ ကြီးမားသွားပေလိမ့်မည်။

"လီလုံ... မြန်မြန်သွားလိုက် လီဟူကို ဟန့်တားလိုက်ဦး..."

လီရှန်းဟွာက အလျင်အမြန်ပင် တိုက်တွန်းလိုက်သည်။

လီလုံမှာ လီဟူထက် ပို၍ တည်ငြိမ်သည်။ သူသည် မိခင်နှင့် အစ်မဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီးနောက် လီဟူနောက်သို့ အမြန်လိုက်သွားတော့သည်။

လီတာ့ဟိုင်၏ အိမ်၌။

"လီလန်... အပြင်ထွက်ခဲ့စမ်း..."

ရွှမ်းရွှေရွာမှာ မကြီးမငယ်ဖြစ်၍ အိမ်နှစ်အိမ်မှာ သိပ်မဝေးလှပေ။ လီဟူမှာ လီလန်၏ အိမ်သို့ အမြန်ရောက်ရှိလာသည်။

လီဟူမှာ အသက် ၁၉ နှစ်သာ ရှိသေးသော်လည်း အရပ်အမောင်း မြင့်မား၍ ဝက်ဝံတစ်ကောင်ပမာ တောင့်တင်းသည်။ သူ၏ အသံမှာ ကျယ်လောင်လွန်းသဖြင့် အိမ်ထဲရှိလူများမှာ လန့်ဖျပ်သွားကြသည်။

"ဘယ်သူလဲ..."

လီတာ့ဟိုင်သည် မီးဖိုချောင်တွင် အသားချက်ရန် ပြင်ဆင်နေရင်း ဓားကို ကိုင်ကာ ပြေးထွက်လာသည်။

"အော်... လီဟူပါလား၊ ဘာကိစ္စရှိလို့လဲ..."

လီရှန်းဟွာ၏ မောင်ဖြစ်မှန်း သိလိုက်ရသောအခါ လီတာ့ဟိုင် အံ့အားသင့်သွားသည်။

သူ့လက်ထဲမှ ဓားကို မြင်လိုက်ရသဖြင့် မသင့်တော်ဟု ယူဆကာ ချက်ချင်း ချလိုက်သည်။

"အဘိုးကြီး... ကျုပ် မေးမယ် အဲ့ဒီအကောင် လီလန် ဘယ်မှာလဲ..."

လီဟူက ဒေါသတကြီးဖြင့် မေးခွန်းထုတ်သည်။

လီတာ့ဟိုင်သည် အခြေအနေကို ကြည့်ခြင်းဖြင့် သူတို့သားအဖကို ပြဿနာရှာရန် လာမှန်း သိလိုက်သည်။

လီတာ့ဟိုင်က အပြုံးဖြင့်ပင် ပြန်ဖြေလိုက်သည်။

"လီလန်က ဝက်ဝံနက်တောင်ဘက်ကို ယုန်ထောင်ချောက်ဆင်ဖို့ သွားတယ်..."

ခဏရပ်ပြီးနောက် လီတာ့ဟိုင်က ဆက်ပြောသည်။

"လီဟူ... မင်းအစ်မနဲ့ လီလန်ကိစ္စကတော့ ဦးလေး အမှားပါ..."

"ဘယ်သူက ခွင့်ပြုချက်ပေးလို့ ဦးလေးလို့ ခေါ်ခိုင်းတာလဲ...ကျုပ်တို့က အဲ့လောက် ရင်းနှီးလို့လား..."

လီဟူက လီတာ့ဟိုင်ကို စူးစိုက်ကြည့်သည်။

"အဲ့ဒီကောင် လီလန်က အပြင်မထွက်ရဲဘဲ ပုန်းနေတာပဲ ဖြစ်ရမယ်..."

"အဲ့အကောင်က ငါ့အစ်မကို စော်ကားရဲတယ်ပေါ့လေ..."

လီဟူ၏ အပြောအဆိုများကြောင့် လီတာ့ဟိုင်မှာ သွေးတိုးလာသည်။ လီလန်မှာ သူ့သားဖြစ်သည်။ သူပင် မဆူရက်သေးသော သားကို အပြင်လူက လာအော်ဟစ်နေသည်မှာ သည်းခံနိုင်စရာ မဟုတ်တော့ပေ။

သူက တည်ကြည်သော မျက်နှာဖြင့် ပြောလိုက်သည်။

"လီဟူ... မင်းအစ်မနဲ့ လီလန်ကိစ္စမှာ ငါတို့ဘက်က မှားတာ မှန်ပေမဲ့ အကြောင်းရင်းရှိတယ်။ ငါတို့အိမ်မှာ တင်တောင်းစရိတ် ပေးဖို့ အဆင်မပြေဘူး၊ အဲဒါကိုလည်း မင်းအစ်မကို တောင်းပန်ပြီးသားပါ။ မင်းက ဘာထပ်လိုချင်သေးတာလဲ..."

လီတာ့ဟိုင်လည်း စိတ်မရှည်တော့ပေ။

အိမ်နောက်ဘက်တွင် လီထျန်းသည် လီဟူ၏ အခြေအနေကို မြင်သဖြင့် သူမ၏ ဖခင်နှင့် ပြဿနာတက်မည်ကို စိုးရိမ်ကာ ညီမငယ်ကို ဦးလေးဝမ်အိမ်သို့ သွားခိုင်းပြီး သူမကိုယ်တိုင်မူ နောက်ဘက်မှနေ၍ ဝက်ဝံနက်တောင်သို့ အစ်ကိုဖြစ်သူ လီလန်ကို ရှာရန် ပြေးသွားတော့သည်။

"အဘိုးကြီး... ကျုပ်အစ်မက ဂုဏ်သိက္ခာရှိတဲ့ မိန်းကလေး အခုတော့ သူတို့နှစ်ယောက် မယူဖြစ်တော့ဘူးဆိုတော့ ကျုပ်အစ်မအတွက် ဘယ်သူက တာဝန်ယူမလဲ..."

ထိုခေတ်ကာလတွင် အိမ်ထောင်ရေး ပျက်ပြားခြင်းမှာ ဂုဏ်သိက္ခာကျဆင်းသည့် ကိစ္စဖြစ်သည်။ အထူးသဖြင့် ရွာထဲတွင် ကောလာဟလများမှာ အလွန်လျင်မြန်သည်။

လီဟူသည် တစ်ရွာလုံးက သူ့အစ်မကို ကဲ့ရဲ့လှောင်ပြောင်ကြမည်ကို စိုးရိမ်နေသည်။

လီဟူသည် ဒေါသထွက်လာကာ လက်ထဲရှိ သေနတ်ကို တင်းကျပ်စွာ ကိုင်ထားရင်း အိမ်ဝင်းတံခါးကို ကန်ချလိုက်သည်။

"အဘိုးကြီး... နောက်ဆုံးတစ်ခါ မေးမယ်၊ အဲ့ဒီကောင် လီလန် ဘယ်မှာလဲ..."

"ငါပြောပြီးသားပါ လီလန် အိမ်မှာမရှိဘူး..."

လီတာ့ဟိုင်သည် သူ့သား ဝက်ဝံနက်တောင်သို့ သွားသည်ဟု လွှတ်ခနဲ ပြောလိုက်မိသည်ကို နောင်တရသွားသည်။

*သားရေ... အိမ်ကို ပြန်မလာပါနဲ့တော့ကွယ်…*

All Chapters