အခန်း ၇
Vol. 1 Ch. 7
အခန်း (၇) ပဋိပက္ခ
"ဖယ်ကြစမ်း..."
"လီလန်... မင်းမေ$&@¥... အပြင်ထွက်ခဲ့စမ်း..."
"အမလေး..."
လီလန်သည် ဝက်ဝံနက်တောင်မှ ပြန်ဆင်းလာစဉ် လီဟူက သူ့အဖေကို ရိုက်နှက်ထားကြောင်း ဒုတိယညီမဆီမှ ကြားသိလိုက်ရသဖြင့် ချက်ချင်းပင် အိမ်သို့ အပြေးသွားလိုက်သည်။
အိမ်သို့ မရောက်ခင်မှာပင် သူ့အဖေသည် လီဟူ၏ တွန်းထုတ်မှုကြောင့် ခြံဝင်းအတွင်း လဲကျနေသည်ကို တွေ့လိုက်ရသည်။ ထိုမြင်ကွင်းကြောင့် လီလန်၏ မျက်လုံးများမှာ ချက်ချင်းပင် နီရဲသွားတော့သည်။
"လီဟူ..."
"မင်းရဲ့ ဘိုးဘေးတွေကို ငါ #_&@¥..."
လီဟူသည် နောက်သို့ လှည့်ကြည့်လိုက်ရာ လီလန်ဖြစ်နေသည်ကို တွေ့သွားသည်။
"အော်... ငါက မင်းကို ကြောက်တတ်တဲ့သူလို့ ထင်နေတာ... မင်းအဖေကိုပဲ တာဝန်ယူခိုင်းနေတဲ့သူလားပေါ့..."
လီလန်သည် သူ့ဆီသို့ ပြေးဝင်လာသည်ကို မြင်သောအခါ လီဟူက ခေါင်းကိုမော့၍ လှောင်ပြောင်လိုက်သည်။
သူသည် လီလန်ထက် တစ်ကိုယ်စာ ပိုမြင့်ပြီး ကိုယ်ခန္ဓာလည်း ပိုကြီးမားသည့်အပြင် လက်ထဲတွင်လည်း သေနတ်တစ်လက်ကို ကိုင်ထားသည်။ လီလန်ကို ချေမှုန်းခြင်းမှာ ကြက်တစ်ကောင်ကို နင်းခြေလိုက်သည်နှင့်ပင် တူလှပေသည်။
ထိုမျှသာမက ရွှမ်းရွှေရွာတွင် လီဟူကို ကြောက်ရွံ့သူ မည်သူရှိပါသနည်း။ လီညီအစ်ကိုတို့၏ ကျော်ကြားမှုမှာ ကျောက်ဘိုင်တောင်တန်းတွင်ပင် အလွန်အမင်း ထင်ရှားလှပေသည်။
"အဖေ... အဆင်ပြေရဲ့လား..."
လီလန်သည် လီဟူကိုပင် ဂရုမစိုက်ဘဲ သူ့အဖေဆီသို့ အပြေးသွားကာ ဂရုတစိုက် ထူပေးလိုက်သည်။
"အဖေ..."
"အဖေ..."
ဒုတိယညီမနှင့် အငယ်ဆုံးညီမတို့သည်လည်း ၎င်းတို့၏အဖေ လဲကျနေသည်ကို မြင်သောအခါ ငိုယိုရင်း ပြေးလာကြသည်။
"အား...အမလေး"
လီတာ့ဟိုင်သည် ခါးမှ နာကျင်မှုကို အံကြိတ်ခံရင်း ခေါင်းကိုသာ ခါယမ်း၍ လက်ကာလိုက်သည်။
"သား... အဖေ အဆင်ပြေပါတယ်... အဖေ အဆင်ပြေပါတယ်..."
"အဲ့ဒီလီဟူဆိုတဲ့ကောင်..."
လီလန်သည် ထိုမြင်ကွင်းကို မြင်သောအခါ လီဟူက သူ့အဖေကို ရိုက်နှက်လိုက်မှန်း သိလိုက်သည်။
"သား... လီဟူကို မင်း မနိုင်ဘူး... ရမ်းကားမနေနဲ့..."
လီတာ့ဟိုင်သည် သူ့သားကို ကောင်းစွာ သိသည်။ ဤကလေးသည် အရင်က ပျင်းရိပြီး အသုံးမကျသူဖြစ်သော်လည်း သူ၏ တစ်ဦးတည်းသော သားဖြစ်သည့်အတွက် အလွန်ပင် ချစ်ခင်သည်။ ကြက်တစ်ကောင်ကိုပင် သတ်ခွင့်မပေးခဲ့ချေ။
အကြောင်းမှာ သူ့ဇနီးသည် စောစီးစွာ ကွယ်လွန်သွားခဲ့ပြီး သားဖြစ်သူမှာ ငယ်စဉ်ကပင် မိခင်မေတ္တာနှင့် ကင်းကွာခဲ့ရသောကြောင့် ဖြစ်သည်။ လီတာ့ဟိုင်သည် လီလန်ကို အကြွေးတင်နေသည်ဟု အမြဲခံစားရသောကြောင့် အလွန်အမင်း ချစ်ခင်ရခြင်းပင်။
အကယ်၍ သူသာ လူဆိုးဖြစ်သွားခဲ့လျှင်လည်း ကိစ္စမရှိပေ။ သားဖြစ်သူ ကျန်းမာရေးကောင်းပြီး အိမ်ထောင်ပြုကာ သားသမီးများ ရရှိသွားမည်ဆိုလျှင် သူသည် နောက်ဆုံးအချိန်တွင် ဇနီးဖြစ်သူနှင့် ပြန်ဆုံသောအခါ ပြောပြစရာ ရှိတော့မည်ဖြစ်သည်။
လီတာ့ဟိုင်သည် သူ့သားမှာ လီဟူကို မယှဉ်နိုင်မှန်း သိသည့်အတွက် အရမ်းကာရောမလုပ်ရန် ပြောလိုက်သည်။
"သား... အမြန်သွားပြီး ခေါင်းဆောင်ကျိုးကို ခေါ်လာခဲ့... ခေါင်းဆောင်ကျိုးပဲ သူ့ကို ကိုင်တွယ်နိုင်မှာ..."
လီတာ့ဟိုင်က အသံကို လျှော့၍ အကြံပေးလိုက်သည်။
လီဟူနှင့် သူ့အစ်ကို လီလုံတို့သည် ရွှမ်းရွှေရွာ အမဲလိုက်အဖွဲ့တွင် ပါဝင်ကြပြီး ခေါင်းဆောင်ကျိုး၏ အမိန့်အောက်တွင် ရှိကြသည်။ ၎င်းတို့သည် ခေါင်းဆောင်ကျိုးကို ကြောက်ရွံ့ကြသည်မှာ သဘာဝပင်။
"အဖေ... စိတ်မပူပါနဲ့...ဒီကောင်တွေကို သား ကိုင်တွယ်နိုင်ပါတယ်..."
လီလန်က အဖေ့ရဲ့ ကျောကို ပုတ်၍ စိတ်အေးအေးထားရန် ပြောလိုက်သည်။
"ဒုတိယညီမ... အဖေ့ကို အိမ်ထဲ ပြန်တွဲသွားလိုက်ဦး..”
လီလန်က တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။
"သား... အတင်းမလုပ်နဲ့နော်..."
လီတာ့ဟိုင်သည် ခေတ္တမျှ တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင် လီလန်ကို ယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။
"သူ့ရဲ့ အမဲလိုက်သေနတ်မှာ ကျည်မရှိဘူး အဖေ... သူ့ရဲ့ လှည့်စားမှုကို မယုံပါနဲ့..."
လီလန်၏ အသံမှာ လီတာ့ဟိုင်၏ နားထဲသို့ ရောက်သွားသောအခါ သူ့ရင်ထဲတွင် တုန်လှုပ်သွားသည်။ သူသည် လီဟူ၏ လက်ထဲရှိ ပြောင်းတစ်ခုတပ် အမဲလိုက်သေနတ်ကို အမြန်ကြည့်လိုက်သည်။
"တကယ်ပဲ..."
"လီလန်... သူ ဘယ်လိုလုပ်သိတာလဲ... သူ သေနတ်နဲ့ ဘယ်တုန်းက ထိတွေ့ဖူးလို့လဲ..."
လီတာ့ဟိုင်သည်လည်း မုဆိုးတစ်ဦးဖြစ်သည်။ အခုလေးတင် လီဟူနှင့် အငြင်းပွားစဉ်က သေနတ်တွင် ကျည်ရှိမရှိကို မစစ်ဆေးမိခဲ့ပေ။ လီလန်၏ သတိပေးချက်မှသာ လီဟူ၏ သေနတ်တွင် ယမ်းမှုန့် မပါရှိကြောင်း သတိပြုမိတော့သည်။
လီဟူ၏ လက်ထဲရှိ သေနတ်မှာ တောင်ပိုင်းတွင် 'တူချုံး' ဟု ခေါ်ပြီး မြောက်ပိုင်းတွင် နိုင်ငံခြားဖြစ် သေနတ်ဟောင်းဟု ခေါ်ကြသည့် ရှေးဟောင်း ပြောင်းတစ်ခုတပ် အမဲလိုက်သေနတ်အမျိုးအစား ဖြစ်သည်။
ဤသေနတ်မှာ ကျည်ဆန်ကို အသုံးမပြုနိုင်ပေ။ အမဲလိုက်သည့်အခါ ယမ်းမှုန့်နှင့် သံဘောစေ့များကို ထည့်၍ ပစ်မှတ်ကိုချိန်ပြီးမှ ခလုတ်ကို နှိပ်ကာ ပစ်ခတ်ရသည်။
လီဟူ၏ လက်ထဲရှိ သေနတ်မှာ အလွန်ပင် ဟောင်းနွမ်းနေပြီး ဘိုးဘေးများလက်ထက်ကတည်းက လက်ဆင့်ကမ်းလာသည့် မိသားစုအမွေအနှစ်ပင် ဖြစ်သည်။
လီဟူ၏ အဘိုးသည် ဤသေနတ်ကို သုံး၍ ဂျပန်ရန်သူများကိုပင် တိုက်ခိုက်ခဲ့ဖူးသည်။
သေနတ်တွင် ယမ်းမှုန့်မရှိကြောင်း သိလိုက်ရသည့်အတွက် လီတာ့ဟိုင်မှာ စိတ်အေးသွားပြီး အိမ်ထဲသို့ ပြန်ဝင်သွားတော့သည်။ သူတို့ နှစ်ယောက် ပြဿနာဖြစ်လျှင်ပင် အနည်းငယ်ပွတ်တိုက်ရုံသာ ဖြစ်ပေလိမ့်မည်။
အိမ်ထဲသို့ မဝင်ခင် လီတာ့ဟိုင်က ဓားကို ကောက်ကိုင်လိုက်သည်။
သူသည် သူ့သား ရမ်းကားပြီး လီဟူကို ဓားနှင့် ခုတ်လိုက်မည်ကို စိုးရိမ်နေသည်။
"မင်း ကြောက်လန့်ပြီး တုန်နေမယ်လို့ ငါက ထင်နေတာ..."
လီဟူသည် လီလန်ကို အထင်သေးစွာ ကြည့်၍ ရယ်မောလိုက်သည်။
လီလန်သည် လီဟူကို တိုက်ရိုက် စိုက်ကြည့်နေသည်။ သူ၏ အကြည့်များမှာ မီးတောက်များကဲ့သို့ တောက်လောင်နေ၏။
ရန်သူချင်း တွေ့ဆုံခြင်းမှာ မျက်လုံးများတွင် ဒေါသအငွေ့အသက်များ ဆူပွက်နေသည်။
လီလန်သည် လီဟူက ဂေါ်ပြားဖြင့် သူ့ညာဘက်ခြေထောက်ကို ရက်ရက်စက်စက် ရိုက်ချိုးခဲ့သည်ကို အလွန်ရှင်းလင်းစွာ မှတ်မိနေသည်။
ခြေထောက်ကျိုးသွားခြင်းမှာ မခံမရပ်နိုင်အောင် နာကျင်လှပေသည်။
ထိုနာကျင်မှု ကုတင်ပေါ်တွင် လှဲလျောင်းရင်း ဝေဒနာကို ခံစားခဲ့ရသော ခံစားချက်ကို လီလန်သည် ဤဘဝတွင် ဘယ်တော့မှ မေ့နိုင်မည်မဟုတ်ပေ။
"စကားမပြောနိုင်တော့ဘူးလား... ဟွန်း... အခုလေးတင်ကတော့ ဆရာကြီးပုံစံနဲ့..."
လီဟူက အထင်သေးစွာ ပြောလိုက်သည်။
"ဘယ်က ရောက်လာတဲ့ လမ်းဘေးခွေးလဲ... ငါ့ခြံထဲမှာ လာပြီး ဟောင်နေတာ... နားထဲမှာတောင် အူနေပြီ..."
လီလန်သည် နားကိုကုတ်နေဟန် ပြုလုပ်လိုက်သည်။
ဤစကားနှင့် နားကုတ်သည့် အမူအရာကြောင့် လီဟူမှာ ဒေါသအိုးပေါက်ကွဲသွားတော့သည်။
လီဟူသည် အမြဲတမ်း ဒေါသကြီးသူဖြစ်ရာ ယခုအခါတွင်မူ ဒေါသထွက်လွန်းသဖြင့် ပြောင်းတစ်ခုတပ် အမဲလိုက်သေနတ်ကို မြှောက်၍ လီလန်၏ ခေါင်းကို ချိန်လိုက်သည်။
အမည်းရောင် သေနတ်ပြောင်းကို ကြည့်ရင်း လီလန်က မဲ့ပြုံး ပြုံးလိုက်သည်။
"မင်း တကယ်ပဲ ရဲရင်ပစ်လိုက်လေ..."
"မပစ်ရဲရင်တော့ ဒူးထောက်ပြီး ငါ့ပေါင်ကြားထဲက တွားသွားပြီး ဆယ်ကြိမ် ကန်တော့လိုက်..."
ထိုစကားကို ကြားလိုက်ရသည့်အခါ လီဟူ၏ မျက်နှာမှာ မည်းမှောင်သွားသည်။
သေနတ်ကို ကိုင်ထားသည့် လက်မှာ အနည်းငယ် တုန်ယင်နေပြီး ခလုတ်ကို နှိပ်ရန် တွန့်ဆုတ်နေသည်။
သူ မပစ်ရဲ၍ မဟုတ်ပေ။ အစတည်းက သူသည် လီလန်ကို ကြောက်အောင်သာ ခြောက်လှန့်ချင်ခဲ့သည်။ လီဟူသည် သူအိမ်မှ အလောတကြီး ထွက်လာစဉ် ယမ်းမှုန့်ယူလာရန် မေ့သွားကြောင်းလည်း သိသည်။
လီလန်မှာ သူ့ညီမလေး၏ ခင်ပွန်းလောင်း ဖြစ်လုနီးပါး ဖြစ်သော်လည်း သူသည် အခြားသူများကိုသာ မှီခိုနေသည့် ပျင်းရိသူ၊ ကြက်တစ်ကောင်ကိုပင် မသတ်နိုင်သည့် အသုံးမကျသူဖြစ်ကြောင်း သူသိသည်။
အစကတည်းက သူသည် သူ့အစ်မရှေ့တွင် အမြဲတမ်း ငုံ့ခံနေရသည့် ဤအသုံးမကျသူ လီလန်ကို အထင်သေးခဲ့သည်။
လီလန်သည် သူ့အစ်မနှင့် မထိုက်တန်ဟု လီဟူက အမြဲခံစားရသည်။
သူသည် အစားအသောက်ကိုသာ စောင့်မျှော်နေပြီး အခြားသူများကို မှီခိုစားသောက်နေသည့် အသုံးမကျသူတစ်ယောက်သာဖြစ်သည်။
ထိုမျှအသုံးမကျသောသူက သူ့အစ်မကို လက်ထပ်မည်ဆိုပါက သူတို့အိမ်ထဲသို့ လီမိသားစု ဝင်ရောက်ရန်ပင် မထိုက်တန်ပေ။
သို့သော်လည်း သူ့မိခင် ဝူအိုက်ရုံ၏ စကားကို မလွန်ဆန်နိုင်ခဲ့ပေ။ မိခင်ဖြစ်သူက လီလန်မှာ တင်တောင်းစရိတ် ပေးနိုင်ပြီး သူ့အစ်မကိုလည်း နားထောင်သည်ဟု ပြောခဲ့သဖြင့် လီဟူသည်လည်း ညီမဖြစ်သူ နှစ်သက်ပါက ကိစ္စမရှိဟုတွေးကာ လက်ခံလိုက်ရသည်။
သို့သော်လည်း သူ၏ အနာဂတ်ယောက်ဖသည် ယနေ့တွင် စရိုက်ပြောင်းသွားပြီး သေနတ်နှင့်ချိန်ထားသည်ကိုပင် မကြောက်ရွံ့သည့်အထိ ရဲရင့်လာလိမ့်မည်ဟု လီဟူ မထင်ထားခဲ့ပေ။
*သူက ငါ့သေနတ်မှာ ယမ်းမပါဘူးဆိုတာ သိနေတာလား…*
*မဖြစ်နိုင်တာ... လုံးဝ မဖြစ်နိုင်ဘူး…*
လီဟူသည် ရွှမ်းရွှေရွာတွင် လီလန်၏ နာမည်ပျက်ကို ကောင်းစွာ သိသည်။
*ဒီကောင်လေး တစ်ခုခုတော့ ထူးဆန်းနေပြီ…*
"ပစ်လေ လီဟူ... ဘာလို့ မပစ်တာလဲ..."
"ဘာလို့ ဒီလောက်တောင် ကြောက်ရွံ့နေတာလဲ... မင်းကို ငါကတော့ အထင်ကြီးလိုက်တာ... တကယ်တော့ မင်းက ကြောက်တတ်တဲ့ လိပ်ကောင်လေး တစ်ကောင်ပဲ..."
လီလန်က နှုတ်ခမ်းထောင့်စွန်းမှ မဲ့ပြုံးဖြင့် လှောင်ပြောင်လိုက်သည်။
ဗုံးတစ်လုံးက လီဟူ၏ ခေါင်းကို ထိမှန်သွားတော့သည်။
"မင်း.. မအေဘေး..."
"ပစ်မယ်ဆိုရင် ပစ်လေ... ငါ မင်းကို ကြောက်နေတယ်လို့ ထင်နေတာလား..."
လီဟူသည် ဒေါသထွက်ပြီး အရှက်ရနေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်သည်။
"ဟူဇီ... ဟူဇီ..."
"သေနတ်ကို ချထားလိုက်... ရမ်းကားမနေနဲ့..."
"လီဟူ... မင်း... သေနတ်ကို ချလိုက်စမ်း..."
"လီဟူ... မင်း ဘာလုပ်နေတာလဲ... တစ်ယောက်ယောက်ရဲ့ ခေါင်းကို သေနတ်နဲ့ချိန်ဖို့ မင်းကို ဘယ်သူသင်ပေးတာလဲ..."
"လီဟူ... လူယုတ်မာ... သေနတ်ကို ချထားစမ်း..."
တစ်ချိန်တည်းမှာပင် လူအနည်းငယ်မှာ လီလန်၏ အိမ်ဆီသို့ အသက်ရှူမှားလောက်အောင် ပြေးလာကြသည်။
နှင်းထဲတွင် 'ရွှတ်... ရွှတ်' ဟု မြည်သည့် ခွေးသားရေဖိနပ်သံများမှာ ရှင်းလင်းစွာ ထွက်ပေါ်လာတော့သည်။