အခန်း ၈
Vol. 1 Ch. 8
အခန်း (၈) သူမက မင်းရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးလိုက်တာပဲ…
ရောက်ရှိလာသူတို့မှာ လီလုံ၊ အဖွဲ့ခေါင်းဆောင် ကျိုးနှင့် သူတို့၏ အိမ်နီးနားချင်း ဦးလေးဝမ်တို့ ဖြစ်ကြသည်။
လီလုံမှာ သူ့ညီ လီဟူကို လိုက်လံတားဆီးရန် ရောက်လာခြင်းဖြစ်ပြီး အဖွဲ့ခေါင်းဆောင် ကျိုးမှာမူ အခြေအနေ မဟန်သည်ကို မြင်သောအခါ အမဲလိုက်အဖွဲ့ဝင် ကျောက်ထျဲ့ကျွင်း၏ အထူးတောင်းဆိုချက်ဖြင့် ရောက်လာခြင်း ဖြစ်၏။
ဦးလေးဝမ်မှာ အိမ်နီးချင်းရွာသို့ ဆွေမျိုးသွားတွေ့ပြီး ပြန်လာစဉ် လီရွှယ်ရောက်နေကြောင်း ကြားသိရပြီးနောက် ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကို ကြားသဖြင့် အလျင်အမြန်ပင် ပြေးလာခဲ့ခြင်း ဖြစ်သည်။
လူအုပ်ကြီးမှာ ဝင်းအတွင်းသို့ အလုအယက် ဝင်ရောက်လာကြသည်။
လီလုံသည် မျက်စိလျင်စွာဖြင့် သူ၏ညီ လီဟူလက်ထဲရှိ ပြောင်းတစ်ခုတပ် အမဲလိုက်သေနတ်ကို လုယူလိုက်သည်။
"လီဟူ... မင်း ရူးနေတာလား..."
လီလုံသည် လီဟူ၏ မျက်နှာကို အားပါးတရ ရိုက်ချလိုက်သည်။
"ဖြန်း.."
ရိုက်သတ်လိုက်သည့် အသံမှာ ပြတ်သားစွာ ထွက်ပေါ်လာ၏။
သူတို့၏ အဖွဲ့ခေါင်းဆောင် ကျိုးမှာ အနီးအနားတွင် ရှိနေသည်ဖြစ်ရာ လီလုံမှာ သူ့အတွက် သရုပ်ဆောင်ပြနေခြင်းပင်။
သူတို့ အမဲလိုက်အဖွဲ့သို့ စတင်ဝင်ရောက်စဉ်ကတည်းက အဖွဲ့ခေါင်းဆောင်ကျိုးသည် ရွှမ်းရွှေရွာတွင် တောင်ပေါ်၌ အမဲလိုက်သည့်အခါ ဤသေနတ်ကို ကိုင်ထားလျှင် ပြောင်းဝမှာ တောင်ပေါ်ရှိ သားရဲတိရစ္ဆာန်များဆီသို့သာ ချိန်ရမည်ဟု ပြတ်ပြတ်သားသား ပြောထားခဲ့သည်။
အကယ်၍ မည်သူမဆို ဤသေနတ်ဖြင့် လူကို၊ အထူးသဖြင့် ရွာသားတစ်ဦးကို ချိန်ရွယ်မိပါက ကျိုးလျဲ့ရှန်ကို ယဉ်ကျေးသည်ဟု မထင်မှတ်ပါနှင့်ဟု ဆိုထားခဲ့သည်။
သားရဲကိုသာ ချိန်ရမည်။ လူကို မချိန်ရဟူသည်မှာ မည်သူမျှ မချိုးဖောက်ရမည့် စည်းကမ်းဖြစ်သည်။
အသက်သွင်းထားသည့် စည်းကမ်းပင်။
ယနေ့ လီဟူသည် သေနတ်ကို လီလန်၏ ဦးခေါင်းဆီသို့ ချိန်ရွယ်လိုက်ပြီး ထိုအရာကို ကျိုးလျဲ့ရှန် မြင်လိုက်ရသည်။
ဤထမင်းအိုး... တည်မြဲတော့မည် မဟုတ်တော့ချေ။
ထို့ကြောင့် လီလုံသည် သူ့ညီကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ခြင်းဖြစ်ပြီး ကျိုးလျဲ့ရှန်မြင်စေရန် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခြင်း ဖြစ်သည်။
လီဟူသည် ရိုက်ချက်ကို ခံယူလိုက်ပြီးနောက် ခေါင်းငုံ့ကာ စကားတစ်ခွန်းမျှ မဆိုတော့ပေ။ သူ၏ မျက်နှာတွင် စပ်ဖျင်းဖျင်း ခံစားလိုက်ရပြီး တောက်ပနေသော အနီရောင် လက်ဝါးရာမှာ ထင်ရှားလွန်းလှသည်။
လီဟူသည်လည်း ကျိုးလျဲ့ရှန် ရောက်နေမှန်း သိသလို လီလန်၏ သွေးထိုးလှုံ့ဆော်မှုကြောင့် စိတ်အလျင်စလို ဖြစ်ခဲ့မိမှန်းလည်း သိရှိသွားသည်။
လီဟူသည် လီလန်ကို မော့ကြည့်လိုက်ရာ သူ၏နှုတ်ခမ်းစွန်းတွင် လှောင်ပြုံးတစ်ခုက အမြဲတစေ တွဲခိုနေသည်ကို မြင်လိုက်ရသည်။
သူ မနေနိုင်ဘဲ မျက်မှောင်ကြုတ်မိသွား၏။
*ဒီကောင်... ကျိုးလျဲ့ရှန် ရောက်လာလိမ့်မယ်ဆိုတာကို ကြိုသိနေတာလား…*
*ဒါ... ဒါက ငါ့ကို သွေးထိုးလှုံ့ဆော်ပြီး ထောင်ချောက်ထဲ ဆွဲသွင်းဖို့ ရည်ရွယ်ချက်နဲ့ လုပ်တာပေါ့…*
လီဟူက တွေးတောမိလိုက်သည်။
"လီဟူ.. မင်း ဘာလုပ်နေတာလဲ..."
"ဘယ်သူက မင်းကို လီလန်ရဲ့ ဦးခေါင်းကို သေနတ်နဲ့ ချိန်ခိုင်းတာလဲ..."
ကျိုးလျဲ့ရှန်မှာ လီဟူထက် ပိုမိုမြင့်မားပြီး ကြံ့ခိုင်သူ ဖြစ်သည်။ ရောက်ရောက်ချင်းပင် လီဟူကို ပြင်းပြင်းထန်ထန် ဆူပူလိုက်သည်။
"မင်း ဘာဖြစ်နေတာလဲ..."
ကျိုးလျဲ့ရှန်သည် လီဟူကို အေးစက်သောအကြည့်ဖြင့် ကြည့်ကာ တင်းမာစွာ ပြောလိုက်သည်။
"အဖွဲ့ခေါင်းဆောင်... ကျွန်တော်..."
လီဟူက စကားထစ်နေသည်။
"လီလန်... မင်း အဆင်ပြေရဲ့လား..."
ကျိုးလျဲ့ရှန်သည် လီလန်ကို တစ်ချက်ကြည့်လိုက်ပြီး ဂရုစိုက်သည့်အကြည့်၊ ချီးကျူးသည့်အကြည့်တို့ဖြင့် မေးမြန်းလိုက်သည်။
တံခါးဝတွင် ရှိနေစဉ်ကပင် လီဟူက လီလန်ကို သေနတ်ဖြင့် ချိန်ထားသည်ကို ကျိုးလျဲ့ရှန် အဝေးမှ မြင်လိုက်ရသည်။ လီလန်မှာမူ မျက်တောင်တစ်ချက် မခတ်ဘဲ တောင်ကြီး ပြိုကျလာသည့်တိုင် တည်ငြိမ်နေသည့်ပမာ ရှိနေခဲ့သည်။
ဤစိတ်ဓာတ်၊ ဤရဲရင့်မှု... သူသည် စစ်မှန်သော သူရဲကောင်းတစ်ယောက်ပင်။
ကျိုးလျဲ့ရှန်သည် ထိုသို့သော သူရဲကောင်းများနှင့် ခင်မင်ရသည်ကို သဘောကျသဖြင့် အရင်က မနိုင်မနင်း ဖြစ်တတ်သည့် လီလန်အပေါ် အမြင်မှာလည်း အတော်ပင် ပြောင်းလဲသွားတော့သည်။
[ဒင်…ကျိုးလျဲ့ရှန်၏ နှစ်သက်ခြင်းအမှတ် +၂]
[ဒင်… ကျိုးလျဲ့ရှန်၏ နှစ်သက်ခြင်းအမှတ် +၂]
"အဖွဲ့ခေါင်းဆောင်ကျိုး... ကျွန်တော် အဆင်ပြေပါတယ်..."
လီလန်က ခေါင်းခါလိုက်သည်။
လီလန်သည် ရွှမ်းရွှေရွာ အမဲလိုက်အဖွဲ့၏ ခေါင်းဆောင်ကို မှတ်မိသည်။
သူ၏အဖေမှာ သူ၏လက်အောက်တွင် အလုပ်လုပ်ပြီး ကျိုးလျဲ့ရှန်နှင့်အတူ တောင်ပေါ်သို့ အမဲလိုက်ရန် မကြာခဏ သွားလေ့ရှိသည်။
အတိတ်ဘဝက သူ၏အဖေ တောဝက်၏ အသတ်ခံလိုက်ရပြီးနောက် ကျိုးလျဲ့ရှန်သည် သူတို့ညီအစ်ကိုသုံးယောက်အတွက် ထောက်ပံ့ရေးရိက္ခာများကို ထုတ်ပေးခဲ့ရုံသာမက သူ၏အိတ်ကပ်ထဲမှ ငွေနှစ်ဆယ်ယွမ်ကိုပါ ထုတ်ပေးခဲ့ဖူးသည်။
ဤကျိုးလျဲ့ရှန်မှာ သစ္စာရှိပြီး ဖြောင့်မတ်သူဖြစ်ရာ လီလန်က သူ့အပေါ် အမြင်ကောင်းရှိသည်။
"မင်း အဆင်ပြေရင် ပြီးတာပါပဲ... လီဟူက စိတ်ဓာတ်မကောင်းဘူး စိတ်ကြီးဝင်တတ်တယ် သူ့အဆင့်အတန်းနဲ့ မတူအောင် မလုပ်ပါနဲ့..."
ကျိုးလျဲ့ရှန်၏ စကားမှာ လီလန်ကို မြှောက်ပေးလိုက်ပြီး လီဟူကဲ့သို့သော သူမျိုးကို အရေးမစိုက်ဘဲ ကျယ်ပြန့်သော စိတ်ထားဖြင့် နေထိုင်ရန် တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။
လီဟူသည် ထိုစကားကို ကြားသောအခါ မျက်နှာမှာ အတော်ပင် မည်းမှောင်သွားသည်။
လီလုံသည် ဘေးမှနေ၍ သူ့ညီကို မျက်စိပ်ကျပြကာ အဖွဲ့ခေါင်းဆောင်က လီလန်ဘက်ကို ပါနေကြောင်း သတိပေးနေသည်။
"မင်းတို့နှစ်ယောက် ဘာဖြစ်တာလဲ..."
ကျိုးလျဲ့ရှန်သည် လီဟူကို ကျော်၍ လီလန်ကို တိုက်ရိုက် မေးမြန်းလိုက်သည်။
"ဒီကိစ္စက..."
လီလန်က လီလုံနှင့် လီဟူ ညီအစ်ကိုနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်သည်။
သူ အမြဲသံသယရှိခဲ့သည့်အတိုင်း လီဟူ ယခုတစ်ခေါက် လာရောက်ရခြင်းမှာ ရည်ရွယ်ချက် မကောင်းကြောင်း သူ သိရှိလိုက်သည်။ လီရှန်းဟွာနှင့် သူမ၏မိခင် ဝူအိုက်ရုံတို့က နောက်ကွယ်မှနေ၍ မီးထိုးပေးလိုက်ခြင်း၊ အညစ်အကြေးများကို သူ့ဆီသို့ ပုံချလိုက်ခြင်း ဖြစ်ပေလိမ့်မည်။
*ကောင်းလိုက်တာ... အဲ့ဒီမိန်းမပျက် လီရှန်းဟွာက သူမရဲ့ ဂုဏ်သိက္ခာကို အဲ့လောက် ဂရုစိုက်နေမှတော့၊ ပိုပြီးတော့တောင် ပျက်စီးသွားအောင် လုပ်ပေးလိုက်ရမှာပေါ့…*
လီလန်သည် လက်ရှိအခြေအနေကို အသုံးချရန် ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် ကျိုးလျဲ့ရှန်နှင့် ကျောက်ထျဲ့ကျွင်းတို့၏ ရှေ့မှောက်တွင် လီလန်သည် ဤကိစ္စ၏ ဖြစ်စဉ်အကြောင်းအရင်းကို အစအဆုံး ပြန်ပြောပြလိုက်သည်။
"ဘာ... မင်း လီရှန်းဟွာက မင်းဆီက တင်တောင်းစရိတ် ယွမ်တစ်ရာ တောင်းတယ် ဟုတ်လား..."
ကျိုးလျဲ့ရှန် အံ့အားသင့်စွာဖြင့် အော်လိုက်သည်။
"ပြီးတော့ စက်ချုပ်စက်နဲ့..."
ဘေးမှ ကျောက်ထျဲ့ကျွင်း၏ မျက်လုံးများမှာလည်း ပြူးကျယ်သွားသည်။
"စက်ချုပ်စက်... အဲ့ဒါက အဝိုင်းသုံးခု အသံတစ်ခုရဲ့ ပစ္စည်းလေးမျိုးထဲက တစ်ခုလေ..."
(အဝိုင်းသုံးခု အသံတစ်ခုက- နာရီ၊ အပ်ချုပ်စက်၊ စက်ဘီး၊ ရေဒီယိုပါ။ ထိုခေတ်ကာလမှာ အဲ့လေးခုထဲက တစ်ခုရှိရင်ကို ချမ်းသာတဲ့အိမ်ထောင်စုလို့ သတ်မှတ်ပါတယ်)
အဘိုးကျောက်မှာ တုန်လှုပ်သွားသည်။
တင်တောင်းစရိတ် ယွမ်တစ်ရာကို ခဏဖယ်ထားဦး၊ စက်ချုပ်စက်တစ်ခုတည်းမှာပင် ယွမ်တစ်ရာကျော်သည်။ ပစ္စည်းနှစ်ခု ပေါင်းလျှင် ယွမ်နှစ်ရာကျော်သွားပြီ။
ဤမုဆိုးမကြီးဝူက သူမသမီးအတွက် တင်တောင်းစရိတ် ယွမ်နှစ်ရာ တောင်းချင်နေတာလား။
"လီလုံ... လီလန် ပြောတာ မှန်သလား..."
ကျိုးလျဲ့ရှန်သည် ခေါင်းလှည့်၍ လီဟူကို ကြည့်လိုက်သည်။
"ကျွန်... ကျွန်တော် မသိဘူး..."
လီလုံက မသိချင်ယောင် ဆောင်လိုက်သည်။
"ဟမ့်... မသိဘူးတဲ့လား..."
ကျိုးလျဲ့ရှန်က အေးစက်စွာ ပြောလိုက်သည်။
“မုဆိုးမဝူ... လီရှန်းဟွာ... မင်းတို့ကတော့ အရမ်းကောင်းတယ်”
ရွာထဲမှာ ယခု အငတ်ဘေးကြုံနေရပြီး လူတွေက တောဟင်းရွက်တွေပဲ တူးစားနိုင်ကြတော့သည်။ တောဟင်းရွက် ရှာမရလျှင် သစ်ခေါက်ပဲ ဝါးစားရတော့မည့် အခြေအနေဖြစ်၏။
ဤမုဆိုးမဝူက တင်တောင်းစရိတ် ယွမ်တစ်ရာနှင့် 'အဝိုင်းသုံးခုအသံတစ်ခု ပစ္စည်းလေးမျိုး' ထဲက တစ်ခုကိုပါ တောင်းဆိုရဲသည်တဲ့လား။
သူမက ဘယ်လိုတောင် သတ္တိကောင်းရတာလဲ။
"မင်းတို့ ညီအစ်ကိုနှစ်ယောက်မှာ တကယ့်ကို ကောင်းမွန်တဲ့ အမေနဲ့ အစ်မတစ်ယောက် ရှိတာပဲ..."
ကျိုးလျဲ့ရှန်၏ အသံမှာ အေးစက်နေသည်။
လီလုံသည် ထိုစကားကို ကြားလိုက်ရသဖြင့် အခြေအနေ မကောင်းမှန်း ချက်ချင်း သိလိုက်ရသည်။ အဖွဲ့ခေါင်းဆောင် ဒေါသထွက်နေသည်။
"အဖွဲ့ခေါင်းဆောင်... ဒီကိစ္စက ကျွန်တော်..."
လီလုံက ရှင်းပြရန် ကြိုးစားသည်။
"တော်ပြီ... မင်း ဘာမှပြောစရာမလိုဘူး..."
ကျိုးလျဲ့ရှန်က လက်ကို ဝှေ့ယမ်း၍ လီလုံ၏ စကားကို ဖြတ်လိုက်သည်။
"ဒါဆို လီဟူက ဒီကိစ္စကြောင့် မင်းကို ဒုက္ခပေးဖို့ လာတာလား..."
ကျိုးလျဲ့ရှန်သည် လီလန်ကို ကြည့်လိုက်သည်။
"ဖြစ်နိုင်ပါတယ် လီရှန်းဟွာက ကျွန်တော် စေ့စပ်ပွဲ ဖျက်လိုက်လို့ သူမရဲ့ ဂုဏ်သိက္ခာ ပျက်စီးသွားတယ်လို့ ထင်နေတာဖြစ်မှာပါ..."
လီလန်သည် ရိုးအေးစွာ ပြောလိုက်သည်။
"ဟား... အဲ့ဒီအသုံးမကျတဲ့ မိန်းမပျက် တင်တောင်းစရိတ် ဒီလောက်များများစားစား တောင်းရဲတယ်ပေါ့ ငါ့အဘိုးကျောက်ကတော့ မိသားစုရဲ့ မျိုးဆက်ပြတ်သွားပါစေဦးတော့၊ ငါ့မြေးကို အဲ့ဒီလိုလူမျိုးနဲ့ လက်ထပ်ခိုင်းမှာ မဟုတ်ဘူး”
အဘိုးကျောက်သည် ဘေးမှနေ၍ ဒေါသတကြီး ဆဲဆိုလိုက်သည်။
*တင်တောင်းစရိတ်မှာ ယွမ်တစ်ရာ..စက်ချုပ်စက်တဲ့*
ပြောင်းဖူး နှစ်ကျင်းတောင် ငွေအနည်းငယ်ပဲ တန်တာကို
ဤအငတ်ဘေးကာလတွင် ပြောင်းဖူး နှစ်ကျင်းသည် မိသားစုဝင် အတော်များများ၏ အသက်ကို ကယ်တင်နိုင်သည်။
ဤမုဆိုးမဝူနှင့် သူမသမီးမှာ တကယ့်ကို စက်ဆုပ်ရွံရှာစရာ ကောင်းလှသည်။
*မရဘူး... သူတို့ဆီ သွားပြောမှ ဖြစ်မယ်*
အဘိုးကျောက်မှာ တွေးလေ ဒေါသထွက်လေဖြစ်ကာ နောက်သို့ မကြည့်တော့ဘဲ ဝင်းထဲမှ ထွက်သွားတော့သည်။
"လီရှန်းဟွာရဲ့ ဂုဏ်သိက္ခာကို ပျက်စီးစေခဲ့တယ် ဟုတ်လား..."
"ဟဲဟဲ... ငါထင်တာတော့ လီရှန်းဟွာက မင်းတို့ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးလိုက်တာ အဲ့ဒါက ပိုမှန်လိမ့်မယ်..."
ကျိုးလျဲ့ရှန်သည် လီလုံနှင့် လီဟူ ညီအစ်ကိုနှစ်ယောက်ကို စိုက်ကြည့်လိုက်သည်။
လီလန်မှာ မူလက မုဆိုးမကြီးဝူအိမ်သို့ စေ့စပ်ရန် သွားရောက်ခဲ့သော်လည်း သူတို့၏ တောင်းဆိုချက်များကြောင့် ပြဿနာတက်ခဲ့ရသည်။
စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်ခြင်းမှာ မှန်ကန်သည်။ အမှန်ကန်ဆုံး လုပ်ရပ်ပင်။
"အမဲလိုက်အဖွဲ့က ညီအစ်ကိုတွေကို ပြောပြမှ ဖြစ်မယ် သူတို့အားလုံးက ဆင်းရဲကြတယ် ပိုက်ဆံဆိုတာလည်း တစ်ပြားမှ မရှိသလောက်ပဲ..."
ကျိုးလျဲ့ရှန်က ရယ်မောလိုက်သည်။
လီရှန်းဟွာမှာ ရွှမ်းရွှေရွာ၏ အလှပဂေးဖြစ်သည်။ ခန္ဓာကိုယ် တောင့်တင်းပြီး ပုံပန်းသွင်ပြင် လှပသည်၊ တင်ပါးကြီးပြီး ရင်သားဖွံ့ထွားသည်။ အမဲလိုက်အဖွဲ့မှ လူပျိုအားလုံးမှာ သူမနှင့် လက်ထပ်ချင်ကြပြီး သူမ၏ ခန္ဓာကိုယ်ကို စိတ်ဝင်တစား ရှိနေကြသည်။
လီလုံနှင့် လီဟူ၏ မျက်နှာများမှာ ထိုစကားကို ကြားလိုက်ရသည်နှင့် ချက်ချင်း ပြောင်းလဲသွားသည်။
*အာ... ငါခန့်မှန်းတာ မှန်တာပဲ.. အစ်မ စောစောက ကြိုးဆွဲချခဲ့တာက ငါတို့ကို သရုပ်ဆောင်ပြတာပဲ…*
လီလုံက သက်ပြင်းချလိုက်သည်။
သူသည် ဤကိစ္စတွင် တစ်ခုခု ထူးဆန်းနေမှန်း ကြာပြီဖြစ်ကြောင်း ခံစားနေရသည်။ အကောင်းပကတိရှိနေသည့် အစ်မဖြစ်သူက ဘာကြောင့် ကြိုးဆွဲချချင်ရတာလဲ။ လီလန်နှင့် မပေါင်းရလျှင်လည်း သူမ ကြိုးဆွဲချစရာ မလိုပါ။ အဆင်မပြေလျှင်လည်း နောက်တစ်ယောက် ရှာလိုက်ရုံပေါ့။ ရွာထဲမှာ လီလန်ထက် ပိုသန်မာတဲ့ ယောက်ျားတွေ အများကြီးပင်။
"အစ်ကို... ကြည့်စမ်း..."
ထိုစဉ် လီဟူသည် လီလန်၏ ခါးတွင် ချိတ်ထားသော မိုးပျံနဂါးနှစ်ကောင်ကို တွေ့လိုက်ရသည်။
အထူးသဖြင့် အတောင်ပံ ထိမှန်ထားသော အမ မိုးပျံနဂါး။
မကြည့်လျှင် နေပါစေဦး ကြည့်လိုက်မိသည့်အခါ သူ၏ မျက်လုံးများမှာ ပြူးကျယ်သွားတော့သည်။
"အဲ့ဒါ ငါပစ်လိုက်တဲ့ မိုးပျံနဂါး မဟုတ်ဘူးလား..."
လီဟူသည် ငြိမ်မနေနိုင်တော့ဘဲ ရှေ့သို့ တိုးလာကာ ကြိမ်းမောင်းလိုက်သည်။
"လီလန်... မင်း အရှက်မရှိတဲ့ လူယုတ်မာ၊ မင်း ငါ့အသားကို ခိုးသွားတာပဲ..."