အခန်း ၁၃
Vol. 2 Ch. 13
အခန်း (၁၃) ကံကောင်းခြင်းငါး
"စွပ်ပြုတ်ရပြီဟေ့..."
လီလန်သည် မြေအိုးထဲမှ အငွေ့တထောင်းထောင်း ထနေသော စွပ်ပြုတ်ကိုကိုင်လျက် အိမ်ထဲသို့ ဝင်လာသည်။ ဟင်းရနံ့မှာ တစ်အိမ်လုံးကို လွှမ်းခြုံသွားတော့၏။
"မွှေးလိုက်တာ..."
"အစ်ကို... အစ်ကို့စွပ်ပြုတ်က အရမ်းမွှေးတာပဲ..."
ဒုတိယညီမ လီထျန်းသည် မျက်လုံးများကို မှိတ်ကာ စွပ်ပြုတ်ရနံ့ကို ရှူရှိုက်လိုက်ရင်း ပါးစပ်မှလည်း တံတွေးများ စီးကျလာသည်။
တတိယညီမလေးမှာမူ သေးငယ်သော ထိုင်ခုံလေးတွင် စနစ်တကျ ထိုင်နေပြီး မျှော်လင့်ချက်ကြီးစွာဖြင့် ကြည့်နေရာ စားပွဲပေါ်သို့ တံတွေးများပင် ကျဆင်းနေပြီဖြစ်သည်။
လီလန်က ပြုံး၍ ပြောလိုက်သည်။
"ဟုတ်တာပေါ့... အစ်ကိုက ဘယ်သူလဲဆိုတာ မင်းတို့ မသိသေးလို့လား..."
အိမ်တွင် ဆားမရှိသဖြင့် လီလန်၏ စွပ်ပြုတ်မှာ သဘာဝအရသာအတိုင်းသာဖြစ်ပြီး အဆီအပြည့်သော ဟက်ဇယ်အစေ့များနှင့် မွှေးကြိုင်လှသော အသားဆီများကြောင့် အလွန်ပင် စားကောင်းလှသည်။ အနှစ်ချုပ်ရလျှင် အလွန်ပင် လတ်ဆတ်နေတော့သည်။
"မလောကြနဲ့ဦး... အဖေ့ကို စောင့်လိုက်ရအောင်..."
တတိယညီမ လီရွှယ်လေးမှာ စွပ်ပြုတ်ကို စားချင်ဇောဖြင့် ဖြစ်နေသည်ကို မြင်ရသောအခါ လီလန်သည် သူမ၏ လက်ကလေးကို အသာအယာ ရိုက်ကာ တားလိုက်သည်။
"အငယ်မလေး... ခဏလောက် စောင့်လိုက်ဦးနော်..."
စားပွဲတစ်ဖက်တွင် ထိုင်နေကြသော ညီမနှစ်ယောက်ကိုကြည့်ရင်း လီလန်၏ ရင်ထဲတွင် ခံစားချက်များ လှိုင်းထန်နေသည်။
ဒုတိယညီမနှင့် တတိယညီမတို့မှာ အသက်ရှင်နေကြဆဲဖြစ်ပြီး ဖခင်မှာလည်း ကျန်းမာနေဆဲဖြစ်သည်။ မိသားစုမှာ နောက်ဆုံးတော့ ပျော်ရွှင်စရာ ညစာစားပွဲကို စုံစုံလင်လင် စားနိုင်ပြီဖြစ်သည်။
"အမေသာ အခုထိ ရှိနေရင် ဘယ်လောက်ကောင်းမလဲ..."
လီလန်၏ မျက်လုံးများတွင် ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် ပျောက်ကွယ်သွား၏။
လီလန်၏ အမေမှာ တတိယညီမ လီရွှယ်ကို မွေးဖွားစဉ်က ခက်ခဲသော မီးဖွားခြင်းနှင့် သွေးလွန်ခြင်းကြောင့် မမျှော်လင့်ဘဲ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ဘဝဒုတိယအခွင့်အရေးကို ရရှိထားပြီး အခက်အခဲများစွာကို ကျော်ဖြတ်လာခဲ့သူဖြစ်သဖြင့် လီလန်မှာ ယခင်ကကဲ့သို့ အသုံးမဝင်သော လူမိုက်တစ်ယောက် မဟုတ်တော့ပေ။
ဖခင်မှာ အသက်ရှင်နေပြီး ညီမနှစ်ယောက်မှာလည်း သူ့ဘေးတွင် ရှိနေသည်။ သူ တစ်ယောက်တည်း မဟုတ်တော့ပေ။ သူ ကျေနပ်မိသည်။
ခဏအကြာတွင် လီတာ့ဟိုင်သည် ဟင်းပန်းကန်နှစ်လုံးကို ကိုင်ကာ အိမ်မကြီးထဲသို့ ဝင်လာသည်။
တစ်လုံးမှာ တောဝက်သား ဟင်းချိုဖြစ်ပြီး၊ နောက်တစ်လုံးမှာ မိုးပျံနဂါးကို အနှစ်ချက်ထားခြင်း ဖြစ်သည်။
ယခုခေတ်တွင် ဟင်းခတ်အမွှေးအကြိုင်များ ရှားပါးလှသည်။ ဆားမှာ ကုန်သွားပြီဖြစ်သော်လည်း လီလန်တို့အိမ်တွင် ပဲငံပြာရည် တစ်ဝက်သာ ကျန်ရှိတော့သည်။ လီတာ့ဟိုင်သည် ထိုပဲငံပြာရည်ဖြင့် တောဝက်သားနှင့် မိုးပျံနဂါးတို့ကို ချက်ပြုတ်ထားသည်။
"အိုး... ဘုရားရေ... အသားတွေ အများကြီးပါလား”
လီထျန်းမှာ အသားဟင်း သုံးပန်းကန်ကို မြင်လိုက်ရသောအခါ ပိန်လှီနေသည့် သူမ၏ မျက်နှာလေးမှာ ပျော်ရွှင်မှုကြောင့် ဝင်းပသွားသည်။
မနေ့ကမှ တောဟင်းရွက်များနှင့် သစ်ခေါက်များကို ဝါးစားနေရသော သူတို့မိသားစုသည် ယနေ့တွင် တောဝက်သား၊ မိုးပျံနဂါးဟင်းနှင့် စွပ်ပြုတ်တို့ကို စားရတော့မည်ဖြစ်သည်။
လီတာ့ဟိုင်နှင့် လီလန်တို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။
"သမီးရေ... ဒီနေ့ အိမ်မှာ အသားဟင်းတွေ စားရတာ အစ်ကို့ကြောင့်ဆိုတာ သိတယ်မလား..."
လီတာ့ဟိုင်ပြောသည်မှာ အမှန်ပင်ဖြစ်သည်။ တောဝက်သား နှစ်ကျင်းမှာ စေ့စပ်ကြောင်းလမ်းခြင်းကို ဖျက်သိမ်း၍ ရလာသော လက်ဖွဲ့ကြေးဖြစ်ပြီး မိုးပျံနဂါး နှစ်ကောင်မှာ လီလန်ကိုယ်တိုင် ဖမ်းလာခြင်းဖြစ်သည်။ လီလန်၏ ကျေးဇူးကြောင့် မိသားစုတစ်စုလုံး အသားဟင်း စားနိုင်ခဲ့သည်။
"ဟုတ်တာပေါ့... အစ်ကိုက ဘယ်သူလဲဆိုတာ မသိဘဲနဲ့..."
လီထျန်းက သူမ၏အစ်ကို လီလန် ပြောလေ့ရှိသည့် လေသံအတိုင်း အတုယူ ပြောလိုက်ရာ လီလန်မှာ ရယ်မောလိုက်ရသည်။
"အဖေ ဒုတိယညီမ တတိယညီမ..."
"စားကြစို့"
မြေအိုးထဲမှ ပူနွေးနေသော စွပ်ပြုတ်ကို သစ်သားဇွန်းဖြင့် မွှေလိုက်သောအခါ မွှေးကြိုင်လှသော အနံ့မှာ တစ်မိုင်ပတ်လည်အထိ ရောက်ရှိသွားတော့၏။
"မွှေးလိုက်တာ ဘယ်သူများ အသားဟင်းချက်နေတာလဲ... မွှေးလိုက်တာကွာ”
"အဲ့ဒါက မိုးပျံနဂါးအသားအနံ့ပဲ၊ မမှားနိုင်ဘူး”
"နောက်ထပ် ဘယ်သူဖြစ်ရမလဲ... ဟိုဘက်အိမ်က လီလန်ကောင်လေးလေ၊ သူကံကောင်းလို့ ဒီနေ့ မိုးပျံနဂါးနှစ်ကောင် ဖမ်းလာတာတဲ့..."
"မွှေးလိုက်တာ... အမေ... သမီး တောဟင်းရွက် မစားချင်တော့ဘူး၊ အသား စားချင်တယ်၊ ကြက်စွပ်ပြုတ် သောက်ချင်တယ်..."
"အဲဒီအသုံးမဝင်တဲ့ လီလန်ကောင်တောင် သစ်ခေါက်ဝါးစားနေရင်း တောရိုင်းငှက်တစ်ကောင် ဖမ်းနိုင်သေးတာ၊ ငါတို့ မဖမ်းနိုင်စရာ အကြောင်းမရှိဘူး…သား... တောင်ပေါ် တက်ကြစို့"
"..."
ကျောက်ဘိုင်တောင်တန်းတွင် မိုးချုပ်ချိန်မှာ အလွန်စောသည်။
ညစာစားပြီးနောက် လီလန်သည် ရေနွေးတည်ကာ ညီမငယ်များ၏ ခြေထောက်ကို ဆေးပေးပြီး ဖခင်၏ ခါးဒဏ်ရာအတွက် ဆေးလိမ်းပေးသည်။ ထို့နောက် အပူပေးနိုင်သည့် ကန်း(အပူပေးအုတ်ခုတင်) ပေါ်သို့ တက်ကာ ထူထဲသော ဝါဂွမ်းစောင်အောက်တွင် အိပ်စက်ကြသည်။
တောင်တန်းများမှာ တိတ်ဆိတ်နေပြီး ပြင်ပရှိ သစ်ပင်များပေါ်မှ နှင်းများ ကြွေကျသံကို ရံဖန်ရံခါ ကြားရသည်။
ထို တိတ်ဆိတ်ငြိမ့်ညောင်းသော အသံနှင့်အတူ လီလန်မှာ အိပ်ပျော်သွားတော့သည်။
ထိုညတွင် ထူးခြားသော ဖြစ်ရပ်များ မရှိခဲ့ပေ။
နေ့လယ်အချိန်။
"ရောက်ပြီ... လျှို့ဝှက်သေတ္တာတွေ အသစ်ပြန်ဖြစ်ပြီ..."
လီလန်သည် အပေါ်ယံရှိ နေကို ကြည့်လိုက်ရာ နေ့လယ်အချိန် ဖြစ်နေပြီဖြစ်သည်။
[ဒင်…. ယနေ့အတွက် လျှို့ဝှက်သေတ္တာ အသစ် ထွက်ပေါ်လာပါပြီ]
[လက်ရှိ "နှစ်သက်ခြင်းအမှတ်": ၁၃၈ မှတ်]
"၁၃၈ မှတ်လား"
"အိုး... ၅၀၀ မှတ် မဟုတ်တာ နှမြောစရာပဲ၊ အဲဒီလိုဆိုရင် အဆင့် ၂ လျှို့ဝှက်သေတ္တာနဲ့ လဲလှယ်လို့ရပြီ..."
အဆင့် ၁ လျှို့ဝှက်သေတ္တာအတွက် "နှစ်သက်ခြင်းအမှတ်" ၁၀၀ လိုအပ်ပြီး သူတွင် လက်ရှိ ၁၃၈ မှတ် ရှိနေသဖြင့် သေတ္တာတစ်လုံး လဲလှယ်နိုင်သည်။
အဆင့် ၂ လျှို့ဝှက်သေတ္တာအတွက် ၅၀၀ မှတ်ကျော်လိုအပ်ပြီး လီလန်၏ လက်ရှိအမှတ်များမှာ များစွာ လိုအပ်နေသေးသည်။ နောက်ဆုံးတွင် လျှို့ဝှက်သေတ္တာများ၏ ဆုလာဘ်များမှာ တဖြည်းဖြည်း တိုးတက်လာပြီး အဆင့် ၂ သေတ္တာများသည် အဆင့် ၁ ထက် ပိုမိုကောင်းမွန်သော ဆုလာဘ်များကို ပေးလေ့ရှိသည်။
"ထားပါလေ... တစ်ခါတည်းနဲ့ အများကြီး မရနိုင်ပါဘူး ဖြည်းဖြည်းချင်းပဲ လုပ်ကြတာပေါ့..."
စိတ်ထဲတွင် တွေးလိုက်ရင်း လီလန်သည် ၁၀၀ မှတ်ကို အသုံးပြု၍ အဆင့် ၁ လျှို့ဝှက်သေတ္တာကို လဲလှယ်လိုက်သည်။
"ဖွင့်မယ်..."
[ဒင်… ပိုင်ရှင်သည် အဆင့် ၁ လျှို့ဝှက်သေတ္တာကို အောင်မြင်စွာ ဖွင့်လှစ်လိုက်ပါပြီ]
[ဂုဏ်ယူပါသည်။ ပိုင်ရှင်သည် "ကံကောင်းခြင်းငါး" အရည်အချင်းကို ရရှိလိုက်ပါပြီ (၁၀ မိနစ်)]
ကံကောင်းခြင်းငါး….
စနစ်၏ ဆုလာဘ်ကို ကြားလိုက်ရသောအခါ လီလန်မှာ အံ့အားသင့်သွားသည်။
"ကံကောင်းခြင်းငါး" ဟု လူသိများသည့် ငါးမှာ စုန့်ဟွာမြစ်ထဲတွင် ရံဖန်ရံခါ တွေ့ရတတ်သည့် ရောင်စုံငါးကြင်းမျိုးဖြစ်သည်။ ရှေးခေတ်က "ငါးကြင်း" မှာ ကံကောင်းခြင်းနှင့် လာဘ်လာဘကို ကိုယ်စားပြုပြီး ထိုငါးကို မြင်ဖူးသူတိုင်း ကံကောင်းတတ်ကြသည်ဟု ယုံကြည်ကြသည်။ လီလန်၏ အိမ်တွင်ရှိသော ပန်းကန်လုံးအောက်ခြေတွင်လည်း ငါးကြင်းကြီး နှစ်ကောင်ပုံနှိပ်ထားသည်။ ၎င်းမှာ သူ၏မိခင် လက်ဖွဲ့ပေးခဲ့သော ပစ္စည်းဖြစ်ပြီး ကံကောင်းစေရန် ရည်ရွယ်ခြင်းဖြစ်သည်။
"ဒါဆို... ဒါက ကံကောင်းခြင်းလား”
ဤအရည်အချင်းတွင် "၁၀ မိနစ်" ဟူသော ကန့်သတ်ချက် ရှိနေသည်ကို လီလန် အလွန်အမင်း အံ့အားသင့်မိသည်။
"စနစ်... ဒီအရည်အချင်းက ထာဝရလား ဒါမှမဟုတ် တစ်ကြိမ်ပဲ သုံးလို့ရတာလား..."
လီလန်က စနစ်ကို မေးခွန်းထုတ်သည်။
စနစ်မှာ တုံ့ပြန်ခြင်း မရှိပေ။
"ကောင်းပြီလေ... ကိုယ်တိုင်ပဲ စမ်းကြည့်တော့မယ်..."
အဖြေမရရှိဘဲ မိနစ်အနည်းငယ် စောင့်ဆိုင်းပြီးနောက် လီလန်သည် သူ၏ "ကံကောင်းခြင်း" အရည်အချင်းကို စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
"အဖေ... တိရစ္ဆာန်ဖမ်းတဲ့ ထောင်ချောက်ကို ဘယ်မှာထားလဲ..."
လီလန်သည် မီးဖိုချောင်ဘက်သို့ လှမ်းအော်မေးသည်။
"နွားတင်းကုပ်ထဲမှာရှိတယ်။ ဘာဖြစ်လို့လဲ..တောင်ပေါ် တက်မလို့လား..”
"ဘာမှမဟုတ်ပါဘူး... မေးကြည့်တာပါ"
ဖခင်စိတ်ပူမည်ကို စိုးရိမ်သဖြင့် လီလန်က အကြောင်းပြချက်တစ်ခု ပေးလိုက်သည်။
သူသည် နွားတင်းကုပ်ဆီသို့ လှည့်၍ လျှောက်သွားလိုက်ရာ မျှော်လင့်ထားသည့်အတိုင်း ထောင်ချောက်များကို တန်းတွင် ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရသည်။ ရွှမ်းရွှေရွာရှိ အိမ်တိုင်းလိုလိုတွင် နွားမွေးလေ့ရှိသည်။ လီလန်တို့အိမ်တွင် ယခင်က နွားအိုနှစ်ကောင် မွေးထားသော်လည်း အမေ ကွယ်လွန်ပြီးနောက် ဖခင်က နွားများကို ရောင်းချကာ တတိယညီမအတွက် ဆိတ်နို့ ဝယ်ပေးခဲ့ရသဖြင့် နွားတင်းကုပ်မှာ ပစ်ထားသည့်အတိုင်း ရှိနေခဲ့သည်။
လီလန်သည် တန်းမှ ထောင်ချောက်တစ်ခုကို ဖြုတ်ယူလိုက်သည်။
ထိုထောင်ချောက်၏ အလယ်တွင် ပါးလွှာသော သံပြားတစ်ခုနှင့် အောက်တွင် စပရင်တစ်ခု ပါရှိသည်။ တောင်ပေါ်ရှိ တောကောင်တစ်ကောင်က ထိုသံပြားကို နင်းမိသည်နှင့် စက်ယန္တရားမှာ အလုပ်လုပ်သွားပြီး ဘေးနှစ်ဖက်မှ ဝါယာကြိုးများက သားကောင်၏ ခြေထောက်ကို တင်းကျပ်စွာ ချည်နှောင်သွားလိမ့်မည်။
သို့သော်လည်း ဤထောင်ချောက်များမှာ တောယုန်နှင့် တောကြက်ကဲ့သို့ သေးငယ်သော သားကောင်များကိုသာ ဖမ်းမိနိုင်သည်။
"အဖေ... ကျွန်တော် လျူဇီအိမ်ကို သွားဦးမယ်"
လီလန်သည် ဖခင်၏ အဖြေကို မစောင့်ဘဲ အိမ်ထဲသို့ လှမ်းအော်လိုက်သည်။
ထို့နောက် ထောင်ချောက်များကို လက်မောင်းတွင် ချိတ်ဆွဲကာ အိမ်အပြင်ဘက်သို့ ထွက်ခွာသွားလေသည်။