← Chapters

အခန်း ၂၁

Vol. 3 Ch. 21

အခန်း ၂၁

Vol. 3 Ch. 21

အခန်း (၂၁) ဒုတိယအဆင့် သူရဲကောင်း ဆုတံဆိပ်ရဖူးသူကိုများ မင်းတို့က ရန်စရဲရတယ်ပေါ့…

ရှန်ကျယ်၏ ခြံဝင်းရှေ့တွင် ရွှမ်းရွှေရွာမှ ရွာသားများ၊ ရွာသူများ၊ ကလေးသူငယ်များ စုရုံးရောက်ရှိနေကြသည်။

သူတို့အားလုံးမှာ ပိန်လှီလျက်ဖြစ်ကြပြီး ဝါဂွမ်းထည့်ထားသော အင်္ကျီအဟောင်းများကို ဝတ်ဆင်ထားကာ ခွေးသားရေဖြင့် ပြုလုပ်ထားသည့် ဖိနပ်များ၊ ဦးထုပ်များကို ဆောင်းထားကြသည်။ သူတို့၏ လက်များကို အင်္ကျီအတွင်း၌ ထည့်ထားရင်း ပြင်းထန်သော နှင်းဒဏ်ကို ခံနိုင်ရည်ရှိအောင် ကြိုးစားနေကြသည်။ လူကြီးများမှာ တစ်ဦးနှင့်တစ်ဦး တိုးတိုးတိတ်တိတ် ပြောဆိုနေကြပြီး အားလုံး၏ အကြည့်မှာ ခြံဝင်းအလယ်တွင် ရပ်နေသော အရပ်မြင့်မြင့်၊ ခန့်ညားသော လူငယ်တစ်ဦးဆီသို့ ရောက်ရှိနေသည်။

"လီလန်က လီဟူကို တစ်ချက်တည်းနဲ့ လှဲချလိုက်တာတဲ့လား..."

"ဟုတ်လို့လား..."

"လီဟူက ငယ်ငယ်ကတည်းက ဝတဲ့ကောင်၊ အနည်းဆုံး ကျင်းနှစ်ရာလောက်တော့ရှိမှာ... တောင်ပေါ်က ဝက်ဝံတစ်ကောင်ထက်တောင် သန်မာသေးတယ်။ အဲဒီလိုလူကို လီလန်က တစ်ချက်တည်းနဲ့ လှဲချလိုက်တာတဲ့လား..."

"ဒီလီလန်ဆိုတဲ့ ငပျင်းက ဘယ်တုန်းက ဒီလောက်တောင် စွမ်းသွားတာလဲ..."

"... ..."

ရွာသားများမှာ လီလန်၏ ပုံရိပ်ကို မျက်လုံးအဝိုင်းသားနှင့် ကြည့်နေကြပြီး အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။ သူတို့ အံ့အားသင့်ရခြင်းမှာလည်း အကြောင်းမဲ့မဟုတ်ပေ။ လီလန်သည် လီဟူထက် အရပ်တစ်ဝက်ခန့် ပိုပုပြီး ခန္ဓာကိုယ်မှာလည်း လီဟူလောက် မတောင့်တင်းသောကြောင့် ဖြစ်သည်။

ထို့အပြင် လီလန်၏ နာမည်မှာလည်း ရွှမ်းရွှေရွာတွင် အသုံးမကျသူ၊ ငပျင်းတစ်ယောက်အဖြစ်သာ ကျော်ကြားသည်။ ဘာအလုပ်မှ မလုပ်သည့် လူပျင်းတစ်ယောက်က ကျင်းနှစ်ရာကျော်ရှိသော မုဆိုးတစ်ယောက်ကို တစ်ချက်တည်းနှင့် လှဲချလိုက်သည်ကို မည်သူကများ မအံ့ဩဘဲ ရှိပါ့မလား။

"ဟိုမှာကြည့်စမ်း... အဘိုးကျောက်လည်း ရောက်လာပြီ..."

ကျောက်ထျဲ့ကျွင်းသည် အမေရိကန်ကို ဆန့်ကျင်ပြီး ကိုရီးယားကို ကူညီသည့်စစ်ပွဲ (ကိုရီးယားစစ်ပွဲ) တွင် ပါဝင်ခဲ့သော သူရဲကောင်းတစ်ဦးဖြစ်ပြီး ဒုတိယအဆင့် သူရဲကောင်းဆုတံဆိပ် ချီးမြှင့်ခံထားရသူ ဖြစ်သည်။ ရွာထဲတွင် အလွန်ပင် လေးစားခံရသည့် ပုဂ္ဂိုလ်တစ်ဦးတည်း။

"ဟဲ့ ကြည့်စမ်း... အဘိုးကျောက်က တစ်ယောက်ယောက်ကို လက်က ဆွဲလာတာပဲ..."

"အဲဒါ စွန်းဟော်ကျီမဟုတ်ဘူးလား... သူ ဘာဖြစ်တာလဲ... အဘိုးကျောက်ကို ဘယ်လိုများ ရန်စမိလိုက်တာလဲ..."

စွန်းဟော်ကျီမှာ သူ၏ ဦးလေးတော်စပ်သူက ထုတ်လုပ်ရေးတပ်ဖွဲ့၏ ဒုတိယခေါင်းဆောင် ဖြစ်နေသဖြင့် ရွှမ်းရွှေရွာတွင် မောက်မာဝါကြွားစွာ ပြုမူလေ့ရှိသည်။ ယခုအခါတွင်မူ သူ၏ မျက်နှာမှာ အညိုအမည်းစွဲပြီး ရောင်ရမ်းနေသည်ကို မြင်လိုက်ရသည့်အခါ ရွာသားများမှာ လျှို့ဝှက်စွာဖြင့် ကျေနပ်နေကြသည်။ ရွာသားများမှာ စွန်းဟော်ကျီ တစ်ယောက် အဘိုးကျောက်နှင့် ဘယ်လိုများ ပြဿနာတက်ရသလဲဆိုသည်ကို သိလိုနေကြသည်။

"ကြားတာတော့ လျူဇီ တောင်ပေါ်က ပြန်ယူလာတဲ့ သားကောင်ကို စွန်းဟော်ကျီက ခိုးသွားတာတဲ့..."

"ဘာ... အဲဒီဝက်မသားကောင်က ဒီလောက်ထိ ရဲတင်းရဲတာလား... အဘိုးကျောက်ရဲ့ မြေးရတနာကိုများ လုရဲတယ်ပေါ့..."

လူတိုင်းမှာ မျက်နှာဖူးရောင်နေသော စွန်းဟော်ကျီကို ကြည့်ပြီး ခေါင်းခါလိုက်ကြသည်။ ကျောက်ထျဲ့ကျွင်း၏ သားမှာ ငယ်ရွယ်စဉ်ကပင် ကွယ်လွန်သွားခဲ့ပြီး မြေးဖြစ်သူ လျူဇီတစ်ယောက်တည်းကိုသာ အသက်ထက်ဆုံး ချစ်ခင်မြတ်နိုးသည်။

ထို့အပြင် အဘိုးကျောက်မှာ မိမိလူကို အလွန်ကာကွယ်ပေးတတ်သူအဖြစ် ရွှမ်းရွှေရွာတစ်ခုလုံးတွင် နာမည်ကြီးသည်။ ထိုစွန်းဟော်ကျီမှာ လျူဇီ၏ သားကောင်ကို ခိုးယူရဲသည်ဆိုမှတော့ သူ သေချင်နေပြီဟုသာ ဆိုရမည်။

"ကောင်းလိုက်တာ..."

"ရှောင်လန်... အဲဒီအသုံးမကျတဲ့ လီဟူကို နောက်ထပ် လက်သီးနဲ့ ထပ်ထိုးလိုက်ဦး... သူ သေသွားရင်တောင် အဘိုး တာဝန်ယူမယ်..."

ကျောက်ထျဲ့ကျွင်း၏ ဟိန်းဟောက်သံမှာ လီရှန်းဟွာ၏ ခြံဝင်းအတွင်း ပဲ့တင်ထပ်သွားသည်။ ထိုအသံကို ကြားလိုက်ရသည့်အခါ လီလန်မှာ လှည့်ကြည့်လိုက်ပြီး ကျောက်ထျဲ့ကျွင်းကို မြင်လျှင် အမြန်ပင် သွားရောက်နှုတ်ဆက်လိုက်သည်။

"အဘိုးကျောက်... ဘယ်လိုဖြစ်လို့ ဒီကို ရောက်လာရတာလဲ..."

"အဘိုး..."

လျူဇီမှာ မျက်ရည်များကို သုတ်ရင်း အသံတုန်ရီစွာဖြင့် ငိုရှိုက်နေသည်။ သူ အနိုင်ကျင့်ခံခဲ့ရသည်ကို ပြသနေခြင်းပင်။

"အဘိုး အကုန်သိပြီးပြီ... မငိုနဲ့တော့ ကလေး... ယောက်ျားသားက အလွယ်တကူ မငိုရဘူး..."

ကျောက်ထျဲ့ကျွင်းက မြေးဖြစ်သူကို ချစ်ခင်စွာကြည့်ပြီး မျက်ရည်များကို သုတ်ပေးလိုက်သည်။

အဘိုးကျောက်မှာ မြေးအတွက် နေ့လယ်စာ ချက်ပြုတ်နေစဉ် လျူဇီတစ်ယောက် စွန်းဟော်ကျီနှင့် သူ၏ လူများ အနိုင်ကျင့်ခြင်း ခံလိုက်ရကြောင်း သိရှိသွားသည်။ ထိုသတင်းကို ကြားရသည်နှင့် အဘိုးကျောက်မှာ မီးဖိုချောင်သုံး ဓားကို ကိုင်ကာ စွန်းဟော်ကျီအိမ်သို့ တန်းပြေးသွားတော့သည်။ စွန်းဟော်ကျီ၏ အိမ်သို့ ရောက်သောအခါ သူ၏ မျက်နှာမှာ ဖူးရောင်နေပြီး သွားများပင် ကျွတ်ထွက်နေသည်ကို တွေ့လိုက်ရသည်။ အဖြစ်အပျက်ကို မေးမြန်းစုံစမ်းကြည့်ရာ နောက်ကွယ်တွင် လီလုံနှင့် လီဟူတို့ ညီအစ်ကိုနှစ်ယောက် ရှိနေကြောင်း သိရှိလိုက်ရသည်။

ထို့ကြောင့် အဘိုးကျောက်မှာ စွန်းဟော်ကျီကို နားရွက်က ဆွဲခေါ်လာပြီး လီရှန်းဟွာ၏ အိမ်သို့ လီလုံနှင့် လီဟူတို့ကို အရှင်းပြုလုပ်ရန် ရောက်လာခြင်းဖြစ်သည်။

ရောက်လာသည့်အခါ လီလန်က လီဟူကို တစ်ချက်တည်းနှင့် လှဲချလိုက်သည်ကို မြင်လိုက်ရသည်။ အဘိုးကြီးမှာ အလွန်ပင် ကျေနပ်သွားသည်။ လီလန်မှာ ငယ်စဉ်ကတည်းက သူ သဘောကျခဲ့သော စွမ်းရည်ရှိသူ၊ သစ္စာရှိသူတစ်ဦး ဖြစ်သည်။ လျူဇီက သူ့ကို အစ်ကိုအဖြစ် သတ်မှတ်ထားသည်ဆိုမှတော့ အနာဂတ်တွင် လီလန်က ကူညီပေးနိုင်လိမ့်မည်ဖြစ်၍ အဘိုးကြီးမှာ စိတ်အေးသွားတော့သည်။

[ဒင်…ကျောက်ထျဲ့ကျွင်း၏ နှစ်သက်ခြင်းအမှတ် +၁၀]

[ဒင်…ကျောက်ထျဲ့ကျွင်း၏ နှစ်သက်ခြင်းအမှတ် +၁၀]

စနစ်၏ အကြောင်းကြားချက်ကို ကြားလိုက်ရသည့်အခါ လီလန်မှာ အဘိုးကြီးကို အံ့ဩစွာ ကြည့်လိုက်သည်။ ခဏတာအတွင်းမှာပင် အဘိုးကြီး၏ နှစ်သက်ခြင်းအမှတ်မှာ ၈၀ အထိ တိုးလာသည်။

သို့သော် လီလန်မှာ အကြောင်းရင်းကို ချက်ချင်းပင် ရိပ်မိလိုက်သည်။ လျူဇီမှာ စွန်းဟော်ကျီ၊ လီလုံနှင့် လီဟူတို့၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရသည်။ သူက စွန်းဟော်ကျီကို ရိုက်နှက်ခဲ့သလို ယခု လီဟူကိုလည်း ရိုက်နှက်ပေးလိုက်ခြင်းဖြင့် လျူဇီကို အနိုင်ကျင့်သော မကောင်းဆိုးဝါးများကို အပြစ်ပေးနိုင်ခဲ့သည်။ အဘိုးကြီးမှာ အလွန်ပင် စိတ်ကျေနပ်သွားပြီး လီလန်အပေါ် နှစ်သက်မှုများမှာ သိသိသာသာ တိုးပွားလာခြင်းဖြစ်သည်။

"မင်း အခု ထိုးလိုက်တဲ့ လက်သီးက ဟဲနန်နယ်က ရှောင်လင်ကျောင်းတော်ရဲ့ လိုဟန်လက်သီးချက် မဟုတ်လား..."

ကျောက်ထျဲ့ကျွင်းက လီလန်ကို ပြုံး၍ ကြည့်ရင်း မေးလိုက်သည်။

လီလန်မှာ အံ့ဩသွားသည်။ ဤအဘိုးကြီးမှာ အကြည့်စူးရှပါပေသည်။ သူ၏ လက်သီးကွက်ကို တစ်ချက်ကြည့်ရုံနှင့် သိသွားသည်။

"ဟုတ်ပါတယ် အဘိုးကျောက်..."

လီလန်မှာ ဘာကိုမှမဖုံးကွယ်ဘဲ ခေါင်းညိတ် ဝန်ခံလိုက်သည်။

"မင်းက ကံကောင်းတဲ့ကောင်ပဲ... ရှောင်လင် လိုဟန်လက်သီးစစ်စစ်ကို တတ်မြောက်ထားတာပဲ..."

ကျောက်ထျဲ့ကျွင်းမှာ ချီးကျူးစကား ဆိုလိုက်ပြီး လီလန်၏ နောက်ကွယ်တွင် ရှောင်လင်ကိုယ်ခံပညာကို သင်ပေးသော ဆရာတစ်ဦးရှိလိမ့်မည်ဟု ယူဆလိုက်သည်။ ကျောက်ထျဲ့ကျွင်းမှာ ဤကာလအတွင်း လီလန်၏ ပြောင်းလဲမှုကို ကိုယ်တိုင် မျက်မြင်သက်သေ ဖြစ်ခဲ့ရသည်။ ယခင်က အသုံးမကျသော လူပျင်းမှာ အကြီးအကျယ် ပြောင်းလဲသွားသည်။ ယုန်လိုက်ခြင်း၊ အမဲလိုက်ခြင်းများ ပြုလုပ်လာပြီး သူ့မြေးအတွက် တောယုန်နှင့် မိုးပျံနဂါးကိုပင် လက်ဆောင်ပေးသည်။

သူ တစ်စုံတစ်ခုကို သဘောပေါက် နားလည်သွားပြီဆိုသည်မှာ ထင်ရှားသည်။ ယခုအခါတွင်လည်း ရှောင်လင် လက်သီးကွက်အစစ်အမှန်များကို တတ်မြောက်ထားသည်ဆိုမှတော့ ဆရာကောင်းတစ်ဦး၏ လမ်းညွှန်မှုရှိနေမှာ အသေအချာပင်။ သို့သော် ကျောက်ထျဲ့ကျွင်းမှာ ထပ်မံ၍ မေးမြန်းမနေတော့ပါ။ လူတိုင်းတွင် လျှို့ဝှက်ချက် ရှိကြသည်၊ အသေးစိတ် မေးမြန်းစရာမလိုပါ။

"လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ငါ ယာ့လူမြစ်မှာ ဝံပုလွေတွေကို တိုက်ခိုက်နေတုန်းကလေ... တပ်ထဲမှာ ဟဲနန်က ဘုန်းကြီးတစ်ပါးရှိတယ်၊ သူက မင်းလိုပဲ ရှောင်လင် လိုဟန်လက်သီးစစ်စစ်ကို တတ်တယ်..."

ကျောက်ထျဲ့ကျွင်းက မေးစေ့ကို မော့၍ အရှေ့ဘက်ကိုကြည့်ကာ ပြန်လည်အောက်မေ့နေသည်။ အဘိုးကြီး ပြောပြမှ လီလန်မှာ နားလည်သွားသည်။ အဘိုးကြီးက သူ၏ ရှောင်လင် လိုဟန်လက်သီးကို ဘာကြောင့် သိနေသလဲဆိုသည်မှာ ထိုဘုန်းကြီးကို မြင်ဖူးခဲ့ခြင်းကြောင့် ဖြစ်သည်။

"အဲဒီရှောင်လင်ဘုန်းကြီးကရော အခုထိ ရှိသေးလား..."

လီလန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"သူက ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်လိုက်ပြီ... သူ မကျန်ရစ်ခဲ့ဘူး..."

အဘိုးကြီးက ဝမ်းနည်းစွာဖြင့် သက်ပြင်းချသည်။

"စစ်သားလေးတစ်ယောက်ကို ကယ်ဖို့အတွက် အဲဒီဘုန်းကြီးက သူ့ရဲ့ ဝါဂွမ်းအင်္ကျီကို ချွတ်ပြီး ပေးလိုက်တာ... ဒါပေမဲ့ သူကိုယ်တိုင်ကတော့... ဟူး”

ကျောက်ထျဲ့ကျွင်းမှာ ခေါင်းကို ခါလိုက်သည်။ ကိုရီးယားစစ်ပွဲအတွင်း ပတ်ဝန်းကျင်မှာ အလွန်ကြမ်းတမ်းပြီး အပူချိန်မှာ သုညအောက် ဒီဂရီဆယ်ဂဏန်းအထိ ကျဆင်းသည်။ လက်ချောင်းများပင်ခဲပြီး ပြုတ်ထွက်နိုင်သည့် အခြေအနေ ဖြစ်သည်။ ဝါဂွမ်းအင်္ကျီ မပါဘဲဆိုလျှင် သံမဏိလူသားပင် ခံနိုင်ရည်မရှိပါ။

လီလန်မှာ ခေါင်းညိတ်လိုက်ပြီး ကိုရီးယားစစ်ပွဲတွင် တိုက်ခိုက်ခဲ့သော ထိုဘုန်းကြီးကို အလွန်ပင် လေးစားသွားသည်။ ဗုဒ္ဓဘာသာဝင်တို့၏ မေတ္တာတရားကို လေးစားမိပြီး ဟဲနန်မှသည် ဝံပုလွေများကို တိုက်ခိုက်ရန် ဝေးကွာသော ဤနေရာအထိ ရောက်လာကာ သူတစ်ပါးကို ကယ်တင်ရန် ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်သွားခြင်းမှာ အာဇာနည်တို့၏ လုပ်ရပ်ပင်ဖြစ်သည်။ အာဇာနည်ဆိုသည်မှာ ဒါမျိုးကို ခေါ်တာဖြစ်သည်။

"လီလန်... နင် ဒီလောက်တောင် လူယုတ်မာဆန်ရလား..နင်က ငါ့သမီးကို အနိုင်ကျင့်ရုံမကဘဲ အခု ငါ့သားကိုပါ အနိုင်ကျင့်နေတာလား.."

"ငါ နင့်ကို သေတဲ့အထိ တိုက်ခိုက်မယ်"

သားငယ်ဖြစ်သူ၏ နာကျင်နေသော မျက်နှာကို မြင်လိုက်ရသည့်အခါ ဝူအိုက်ရုံမှာ စိတ်နှလုံး ကွဲကြေသွားသည်။ သူမမှာ မတ်တပ်ထရပ်ကာ လီလန်ကို အမျက်ဒေါသများဖြင့် အော်ဟစ်လိုက်သည်။

"ဝူအိုက်ရုံ... ငါက မင်းသားကို ရှင်းဖို့တောင် မစရသေးဘူး မင်းကများ ငါ့ကို ပြန်ပြီး စွပ်စွဲရဲသေးတယ်ပေါ့..."

ကျောက်ထျဲ့ကျွင်းက အေးစက်စွာ ပြောလိုက်ပြီး လီလန်၏ ရှေ့တွင် ကာကွယ်ရပ်လိုက်သည်။

"ဦးလေးကျောက်... ဘာတွေ ပြောနေတာလဲ... ကျွန်မသားဟူက အိမ်ထဲမှာ ငြိမ်းချမ်းစွာ အရက်သောက်နေတာပါ ဘယ်သူ့ကိုမှ မနှောင့်ယှက်ပါဘူး... လီလန်က ရောက်လာတာနဲ့ လူတွေကို လိုက်ရိုက်တာပါ"

"ဘာမှမနှောင့်ယှက်ဘူးဟုတ်လား... ငါ့မြေးရဲ့ မျက်နှာက ဒဏ်ရာကရောဘာလဲ..."

"ပြီးတော့ ဒီအိမ်ထဲမှာ ဒီတောယုန်တွေနဲ့ မိုးပျံနဂါးတွေကရော ဘာလုပ်နေတာလဲ..."

အဘိုးကြီးက သားကောင်များအကြောင်း ပြောလိုက်သည့်အခါ ဝူအိုက်ရုံ၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားသည်။

"ဒီတောယုန်က ကျွန်မတို့ ဟူ တောင်ပေါ်သွားတုန်းက ဖမ်းလာတာ"

"ခင်ဗျား လိမ်နေတာ လီဟူက ဒီယုန်ကို ငါ့ဆီက ခိုးသွားတာ"

လျူဇီက မျက်နှာရဲရဲဖြင့် ဒေါသတကြီး အော်လိုက်သည်။

All Chapters