အခန်း ၂၈
Vol. 3 Ch. 28
အခန်း (၂၈) အဖေ... သားက တောကြောင်ကို မွေးချင်လို့
လီလန်သည် အိတ်အတွင်းရှိ အေးခဲမှိုများကို ကျန်းဝေမင်အား ပြသရန် ပိုက်ဆံလျှော်အိတ်ကို ဖွင့်လိုက်သည်။ ထိုအချိန်တွင်…
သူ့နောက်မှ စူးရှပြီး ရက်စက်ကြမ်းကြုတ်သည့် သားရဲတစ်ကောင်၏ အော်သံ ထွက်ပေါ်လာသည်။
ဒုတိယညီမ လီထျန်းနှင့် အငယ်ဆုံးညီမ လီရွှယ်တို့သည် အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ကြ၏။
ထိုအခါ အမွေးထူထူနှင့် အညိုရောင်သမ်းနေသည့် တောကြောင်ရိုင်းနှင့် ဆင်တူသော သတ္တဝါလေးတစ်ကောင်ကို တွေ့လိုက်ရသည်။
"အိုး... ကြောင်လေး... ကြောင်လေးတစ်ကောင်ပဲ”
ညီမငယ် လီရွှယ်သည် တောကြောင်ငယ်ကို မြင်လိုက်ရသည့်အခါ စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်ကာ ပျော်ရွှင်နေသည်။
ရိုးသားဖြူစင်ပြီး စိတ်ပူစရာမရှိသည့် ညီမငယ်လေးတို့မှာ အမွေးထူပြီး ချစ်စရာကောင်းသော တိရစ္ဆာန်လေးများကို မြင်လျှင် အလွယ်တကူပင် စွဲဆောင်ခြင်း ခံရတတ်သည်။ ရှောင်ရွှယ်သည် ထို "တောကြောင်ငယ်" ကို ဖမ်း၍ အလိုချင်ဆုံး ဖြစ်နေသည်။
ရလဒ်အနေဖြင့် လူအများအပြားကို ပထမဆုံးအကြိမ် မြင်ဖူးသည့် တောကြောင်ငယ်မှာ ကြောက်လန့်တကြားဖြင့် ခန္ဓာကိုယ် တုန်ရီနေသည်။ လူများက သူ့ကို လာဖမ်းမည်ကို သိလိုက်ရသောအခါ ချက်ချင်းပင် သွားများကို ဖြီးပြကာ ရန်လိုသည့်ပုံစံဖြင့် ရှောင်ရွှယ်အား အဆက်မပြတ် အော်ဟစ်တော့သည်။
ထိုအော်သံကြောင့် လီတာ့ဟိုင်နှင့် အဘိုးကျန်းတို့ လှည့်ကြည့်လာကြသည်။
"ဘုရားရေ... ဒီလမ်းဘေးကြောင်က ဘယ်ကရောက်လာတာလဲ။ ငါ့အိမ်မှာ ဘာလာလုပ်တာလဲ..."
လီတာ့ဟိုင်က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
အတွေ့အကြုံရင့်ကျက်သူ အဘိုးကျန်းက ထိုသတ္တဝါ၏ အညိုရောင်အစင်းကြောင်းများကို အသေအချာ စိုက်ကြည့်နေသည်။
"ဒါ လမ်းဘေးကြောင် မဟုတ်ဘူး... တောကြောင်ရိုင်း ပေါက်စလေးပဲ"
အဘိုးကျန်းက တုန်လှုပ်စွာဖြင့် အော်လိုက်သည်။
"ဘာ... တောကြောင်ရိုင်း ပေါက်စလေး ဟုတ်လား"
လီတာ့ဟိုင်လည်း ကြောင်အသွားသည်။
တောကြောင်ရိုင်း ပေါက်စလေးတစ်ကောင် ရုတ်တရက် သူ၏ ခြံဝင်းထဲသို့ ရောက်လာခြင်းပင်။
ကျန်းဝေမင်မှာမူ ထိုမျှလောက် အံ့အားမသင့်ပေ။ သူသည် အမွေးထူထူ သတ္တဝါလေးကို တစ်ချက်ကြည့်ပြီးနောက် စိတ်တည်ငြိမ်နေသည့် လီလန်ကိုကြည့်ကာ မေးစေ့ကို ပွတ်သပ်ရင်း အခြေအနေကို အကြမ်းဖျင်း ခန့်မှန်းမိလိုက်သည်။
*ဒီတောကြောင်ပေါက်စလေးက လီလန်နဲ့အတူ ပြန်လာတာလား... လီလန်က တောကြောင်ပေါက်စလေးကို တွေ့ခဲ့တာများလား…*
"ကြောင်လေး... မပြေးပါနဲ့... အစ်မကို ပွတ်ပေးခွင့်ပြုပါ..."
ရှောင်ရွှယ်သည် ကလေးသံဖြင့် အော်ဟစ်ကာ တောကြောင်လေးကို ဖမ်းရန် တွားသွား ချဉ်းကပ်လိုက်သည်။
မိမိကို လာဖမ်းမည်ကို သိလိုက်ရသည့်အခါ တောကြောင်ငယ်သည် သွားများကို ဖြီးပြလိုက်သည်။ မိမိ၏ အော်ဟစ်သံက ရှေ့မှ မိန်းကလေးငယ်ကို မကြောက်လန့်စေနိုင်မှန်း သိသည့်အခါ သူသည် နောက်လှည့်ကာ မိန်းကလေးငယ်၏ "လက်သည်းများ" ကို ရှောင်၍ လီလန်၏ ခြေထောက်နားသို့ ပြေးသွားကာ တုန်ရီလျက် ကွေးကွေးလေး အိပ်နေလိုက်သည်။
ထိုသတ္တဝါလေးမှာ ညီမငယ် ရှောင်ရွှယ်ကြောင့် အတော်ပင် ကြောက်လန့်သွားပုံရသည်။
*ဒီတောကြောင်ငယ်လေးက ဒီလောက်တောင် ကြောက်တတ်တာလား…*
လီလန်သည် ထိုအဖြစ်အပျက်ကို မြင်ပြီး ရယ်ရခက် ငိုရခက်ဖြစ်ကာ ညင်သာစွာ ချော့မော့လိုက်သည်။
"မကြောက်ပါနဲ့... ဒါ ငါ့မိသားစုပဲ။ အစ်မ... နာမည်က ရှောင်ရွှယ်။ သူက မင်းနဲ့ ဆော့ချင်တာပါ၊ မင်းကို ဘာမှမလုပ်ပါဘူး..."
လီလန် စကားပြောပြီးသည်နှင့် လီလန်၏ ခြေထောက်နားတွင် ကွေးကွေးလေး ဖြစ်နေသော သားရဲလေးသည် ရန်လိုသည့်ပုံစံကို ရပ်တန့်သွားပြီး လူသားမိန်းကလေးအပေါ် သတိထားမှုကိုလည်း လျှော့ချလိုက်သည်။
လီတာ့ဟိုင်နှင့် အဘိုးကျန်းတို့က အံ့အားသင့်စွာဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
"လီလန်... ဒီတောကြောင်ပေါက်စလေးကို မင်း မွေးထားတာလား..."
အဘိုးကျန်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။
"ဟုတ်ကဲ့..."
လီလန် ခေါင်းညိတ်ကာ ဝက်ဝံနက်တောင်၌ ထိုနေ့က ဖြစ်ပျက်ခဲ့သည်များကို ဘာမျှမဖုံးကွယ်ဘဲ အဘိုးကျန်းအား ပြောပြလိုက်သည်။
သို့သော်လည်း လီလန်သည် တောကြောင်ငယ်ကို ယဉ်ပါးအောင် လုပ်ခဲ့သည့် အကြောင်းအရာကိုမူ ထည့်မပြောခဲ့သလို တောင်ပေါ်တွင် ရှန်းဝူနှင့် တွေ့ခဲ့သည်ကိုလည်း တိတ်ဆိတ်နေလိုက်သည်။
စနစ်မှရရှိသော အချက်အလက်များလည်း ရှိသေးသည်။ စနစ်မှာ သူ၏ လျှို့ဝှက်ချက်ဖြစ်ပြီး သူ့ကိုယ်သူမှလွဲ၍ အခြားသူများကို မသိစေချင်ပေ။ အဖေနှင့် ညီမနှစ်ယောက်ကိုပင် မသိစေလိုပေ။
"သနားစရာလေး... သူများစွန့်ပစ်ထားတာ ဖြစ်မှာပါ..."
လီတာ့ဟိုင်က တစ်ခုခုကို သဘောပေါက်သွားသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
"ဒါက သဘာဝပဲ..."
အဘိုးကျန်းလည်း ခေါင်းညိတ်၍ ထောက်ခံသည်။
သူနှင့် လီတာ့ဟိုင်တို့မှာလည်း မုဆိုးများ ဖြစ်ကြသည့်အတွက် မိခင်တိရစ္ဆာန်များက အန္တရာယ်နှင့် ကြုံတွေ့ရသည့်အခါ ဒဏ်ရာရသော သားပေါက်များကို စွန့်ပစ်လေ့ရှိသည့် အပြုအမူကို အသားကျနေကြသူများ ဖြစ်သည်။
လူသားများပင် ရေနစ်သည့်အခါ အသက်ရှင်ရန်အတွက် ကောက်ရိုးကိုပင် အလုအယက် ကိုင်ဆွဲတတ်ကြရာ တောင်ပေါ်ရှိ တောရိုင်းတိရစ္ဆာန်များအကြောင်း ပြောရန်ပင် မလိုတော့ပေ။
"လီလန်... ဒါဆို မင်းက... ဒီတောကြောင်ပေါက်စလေးကို မွေးမလို့လား..."
အဘိုးကျန်းသည် ခေါင်းညိတ်၍ ထောက်ခံပြီးမှ တစ်ခုခုကို ရုတ်တရက် သတိရသွားကာ လီလန်ကို ကြည့်လိုက်သည်။
လီလန်သည် စကားမပြောဘဲ အဖေဖြစ်သူကို ကြည့်လိုက်ပြီးနောက် တောကြောင်နှင့် ဆော့ကစားနေသည့် ညီမနှစ်ယောက်ဆီသို့ လှည့်ကြည့်လိုက်သည်။
တောကြောင်ငယ်လေးသည် ယခုအခါ သူ့၏ အိမ်မွေးတိရစ္ဆာန် ဖြစ်နေပြီဖြစ်ပြီး သူသည် အရွယ်ရောက်လာသည့်အခါတွင်လည်း သူ့ကိုဖြစ်စေ၊ သူ့မိသားစုကိုဖြစ်စေ အန္တရာယ်မပြုကြောင်း အပြည့်အဝ ယုံကြည်ထားသည်။
သို့သော် အဖေ့ကို ဘယ်လိုပြောပြီး စိတ်ချအောင် လုပ်ရမလဲ…
"အဖေ... ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့..."
လီလန်က စကားအစပျိုးရန် တွန့်ဆုတ်နေမိသည်။
"မင်းအဖေလည်း အသက်ကြီးပြီ... မကြာခင်မှာ အမဲလိုက်တာကို ရပ်တော့မှာ။ အိမ်ရဲ့ တာဝန်တွေကို မင်း လက်လွှဲယူဖို့ အချိန်တန်ပြီ။ မင်း ဆုံးဖြတ်ချက်ကို မင်းကိုယ်တိုင် ချမှတ်နိုင်ပါတယ်..."
လီတာ့ဟိုင်၏ စကားမှာ လီလန်ကို ယခုအခါ အိမ်ဦးစီး ဖြစ်နေပြီဖြစ်ကြောင်း၊ သူတာဝန်ယူရမည်ဖြစ်ကြောင်း၊ အဖေ့ကို ခွင့်တောင်းစရာမလိုဘဲ သားသမီးများကို စိတ်ကြိုက် မွေးမြူနိုင်ကြောင်း ပြောလိုခြင်းဖြစ်သည်။
"အဖေ... စိတ်ချပါ။ ကျွန်တော် သူ့ကို သေချာ လေ့ကျင့်ပေးပါ့မယ်..."
လီလန်က အဖေဖြစ်သူကို စိတ်ချစေရန် အကြည့်ဖြင့် ပြောလိုက်သည်။
"ရဲဘော်လီလန်... ဒါက တောကြောင်လေ မင်း တကယ်ပဲ မွေးထားမလို့လား..”
ကျန်းဝေမင်မှာ ထိုင်မရ ထိုင်မရ ဖြစ်လာပြီး အံ့အားသင့်စွာ မေးလိုက်သည်။
တောကြောင်ဆိုသည်မှာ ကျားသစ်နှင့် မခြား ရက်စက်သော သားရဲတစ်မျိုး ဖြစ်သည်။ အမဲလိုက်ရာတွင် ကျွမ်းကျင်ပြီး ရန်လိုမှု အလွန်များသည်။ လည်ပင်းကို ကိုက်လိုက်လျှင် အသက်အန္တရာယ် ရှိနိုင်သည်။
အရွယ်ရောက်ပြီးသော တောကြောင်များမှာ ရန်လိုမှုများပြီး ချုံခိုတိုက်ခိုက်ရာတွင် ကျွမ်းကျင်သည်။ ထက်မြက်သော လက်သည်းများနှင့် အစွယ်များရှိပြီး သားကောင်ကို ဖမ်းလျှင် လည်ပင်းကို ကိုက်၍ အသက်ရှူကြပ်စေပြီး သတ်ဖြတ်လေ့ရှိသည်။
ထိုမျှရက်စက်သော သားရဲကို အနီးတွင် ထားခြင်းမှာ အလွန်အန္တရာယ် များလွန်းသည်။
လီလန်က တောကြောင်ငယ်ကို မွေးရန် တောင်းဆိုနေသည်။ အစပိုင်းမှာတော့ ကိစ္စမရှိပေမယ့် အရွယ်ရောက်လာပြီး သူ့ကိုဖြစ်စေ၊ သူ့မိသားစုကိုဖြစ်စေ တိုက်ခိုက်လာလျှင် ဘယ်လိုလုပ်မလဲ။
အခြားအရာများကို ထားလိုက်ပါဦး၊ ညဘက် အိပ်ပျော်နေချိန်တွင် တောကြောင်ဗိုက်ဆာ၍ အိမ်ထဲ ခိုးဝင်လာပြီး ကန်း (အပူပေးကုတင်) ပေါ် တက်လာကာ ထက်မြက်သော သွားများဖြင့် လူတစ်ယောက်၏ လည်ပင်းကို ကိုက်ဖြတ်လိုက်လျှင် ဘယ်လိုလုပ်မလဲ...။
"ရဲဘော် လီလန်... ဒီဆုံးဖြတ်ချက်ကို ပြန်စဉ်းစားဖို့ အကြံပေးချင်တယ်။ တောရိုင်းတိရစ္ဆာန်တွေကို အိမ်မှာ မွေးတာ အန္တရာယ် အလွန်များတယ်”
ကျန်းဝေမင်က သတိပေးလိုက်သည်။
"ဟုတ်တယ် လီလန်... တကယ်ပဲ အစောင့်ခွေး မွေးချင်ရင် ဦးလေးတို့အိမ်က အမဲလိုက်ခွေးလေးတွေ မွေးထားတာ ရက်ပိုင်းပဲ ရှိသေးတယ်။ နောက်မှ နှစ်ကောင် ပေးလိုက်မယ်..."
အဘိုးကျန်းလည်း အကြံပေးသည်။
သူတို့ စကားပြောနေသည်ကို ကြားသောအခါ လီလန်က ပြုံး၍ ပြောလိုက်သည်။
"စိတ်မပူပါနဲ့... ဒီတောကြောင်ငယ်လေးက အရမ်းဥာဏ်ကောင်းတယ်။ ဘယ်တော့မှ အဲဒီလိုလုပ်မှာ မဟုတ်ပါဘူး..."
လီလန်၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲ၍ မရကြောင်း သိလိုက်သောအခါ ဦးလေးကျန်းနှင့် တူဖြစ်သူမှာ ဆက်လက်၍ မတားဆီးတော့ပေ။
ထိုအချိန်တွင် ကျန်းဝေမင်မှာ တစ်ခုခုကို သတိရသွားကာ စိတ်ဝင်တစား မေးလိုက်သည်။
"ရဲဘော်လီလန်... အခု ရွာမှာ အငတ်ဘေးကြုံနေရတယ်။ တစ်အိမ်လုံးမှာ စားစရာမရှိကြဘဲ တောရိုင်းဟင်းရွက်တွေပဲ စားနေကြရတာ…
“တောကြောင်ဆိုတာ တောင်ပေါ်က တောရိုင်းတိရစ္ဆာန်တွေ... သူတို့က အသားစားတာ။ မင်း မွေးချင်ရင် သူ့ကို ဘာကျွေးမလို့လဲ..."
"အသားပေါ့..."
လီလန်က မဆိုင်းမတွပင် ပြန်ဖြေလိုက်သည်။
"အဲဒီအသားက ဘယ်ကရမှာလဲ..."
ကျန်းဝေမင်က ထပ်မေးသည်။
"အဲဒါကို စိတ်မပူပါနဲ့။ ကျွန်တော့်မှာ စားစရာရှိသရွေ့ သူ ဘယ်တော့မှ ငတ်မှာ မဟုတ်ဘူး..."
လီလန်က ခေါင်းခါလိုက်သည်။
သူသည် နောင်တွင် အမဲလိုက်ရ လွယ်ကူစေရန်အတွက် တောကြောင်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားခြင်း ဖြစ်သည်။
တောကြောင်ငယ်များကို သေချာ မလေ့ကျင့်ရသေးသဖြင့် ကျန်းဝေမင်ကို ဤအစီအစဉ်အကြောင်း ယခုချက်ချင်း ပြောပြ၍ မရသေးပေ။
"ကောင်းပါပြီ... ရဲဘော် လီလန် ငါ ဒီနေ့ အထူးတလည် လာရောက်လည်ပတ်တာ မင်း သိမယ်ထင်တယ်..."
ကျန်းဝေမင်က စကားလမ်းကြောင်း လွှဲလိုက်သည်။
"အခု ရိတ်သိမ်းချိန်က မကောင်းတော့ဘူး၊ တစ်နိုင်ငံလုံးမှာ အငတ်ဘေးကြုံနေရတယ်။ ငါတို့ စက်ရုံလည်း ထိခိုက်တယ်။ လအနည်းငယ်အတွင်းမှာ ဝယ်ယူရေးပစ်မှတ်တွေ မပြည့်မီတော့ စက်ရုံခေါင်းဆောင်တွေ စိုးရိမ်နေကြတယ်။ ဒါကြောင့် ငါ ဒီနေ့ လာတာက.."
ကျန်းဝေမင် စကားမဆုံးခင်မှာပင် လီလန်သည် လျှော်အိတ်ကို ဖွင့်လိုက်သည်။
အိတ်ထဲတွင် အေးခဲမှိုများ အပြည့်ပါရှိပြီး အနည်းဆုံး လေးငါးကျင်းခန့် ရှိသည်။
ကျန်းဝေမင်၏ မျက်လုံးများ အံ့အားသင့်စွာဖြင့် ပြူးကျယ်သွားတော့သည်။