အခန်း ၃၀
Vol. 3 Ch. 30
အခန်း (၃၀) ရဲဘော်လီလန်က အနည်းငယ် မောက်မာလှချေလား…
"ရဲဘော်လီလန်... ဒီကိစ္စက..."
တောယုန်တစ်ကောင်၏ တစ်ဝက်ကို တောကြောင်ရိုင်းပေါက်စများအား လီလန် ကျွေးမွေးနေသည်ကို မြင်လိုက်ရသောအခါ ကျန်းဝေမင်မှာ နှမြောတသဖြစ်သွားရသည်။
ထိုယုန်သားသည် အနည်းဆုံး တစ်ကျင်းခန့်တော့ အလေးချိန်ရှိမည်ဖြစ်သည်။
တစ်ကျင်းခန့်ရှိသည့် အသားတုံးကိုမှ တိရစ္ဆာန်များကို ဤကဲ့သို့ ကျွေးမွေးနေခြင်းမှာ အလွန်ပင် ဖြုန်းတီးလွန်းရာ ရောက်နေသည်။
"ဘာဖြစ်လို့လဲ..."
လီလန်သည် နားမလည်နိုင်သည့်အသွင်ဖြင့် ကျန်းဝေမင်ဘက်သို့ လှည့်ကာ မေးလိုက်သည်။
"ဘာမှ... ဘာမှမဖြစ်ပါဘူး..."
ကျန်းဝေမင်သည် အဆင်မပြေစွာ ပြုံးလိုက်ပြီး ခေါင်းကိုသာ ခါလိုက်သည်။ လီလန်တစ်ယောက် ဤတောကြောင်ရိုင်းကို မွေးမြူရန် အမှန်တကယ်ပင် ဆုံးဖြတ်ထားကြောင်း သူ သိလိုက်ရပြီဖြစ်သည်။
ရွှမ်းရွှေရွာရှိ မုဆိုးမိသားစုတိုင်းတွင် အမဲလိုက်ခွေးများ ရှိကြသော်လည်း လီလန်ကဲ့သို့ အသားဖြင့် ကျွေးမွေးသည်ကိုမူ တစ်ခါမျှ မကြားဖူးပေ။
ရွာသားများမှာ ငတ်မွတ်မှုဒဏ်ကြောင့် တောရိုင်းဟင်းရွက်များနှင့် အပင်အခေါက်များကိုပင် စားနေကြရချိန်တွင် အမဲလိုက်ခွေးကို အသားကျွေးရန်မှာ မဖြစ်နိုင်သော ကိစ္စဖြစ်သည်။ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို မခံနိုင်သည့်အခါ အချို့မုဆိုးများမှာ မိမိတို့၏ အမဲလိုက်ခွေးများကိုပင် ပြန်လည်ချက်ပြုတ် စားသောက်ကြသည်အထိ ဖြစ်တတ်ကြသည်။
ကျန်းဝေမင်၏ အတွေးကို လီလန် ရိပ်မိသွားပြီး တည်ငြိမ်စွာပင် ပြောလိုက်သည်။
"ဒါက ကျွန်တော့်ရဲ့ အမဲလိုက်လက်တွဲဖော်ပါ။ ဒီနေ့ အမဲကောင် အမြောက်အမြား ဖမ်းမိခဲ့တာလည်း သူနဲ့ မကင်းဘူး..."
"တောကြောင်ရိုင်းဆိုတာ အိမ်မွေးခွေးတွေ မဟုတ်ဘူး..."
"တောင်တန်းကြီးတွေက နှင်းတွေနဲ့ ဖုံးလွှမ်းနေတယ်။ ဒီတောနက်ထဲ ရောက်သွားရင် တောကြောင်ရိုင်းက အသက်နှင့် အသေကို မျှဝေခံစားရမယ့် ပါတနာပဲ..."
"ယုန်သား တစ်ဝက်လောက်ကို မပြောနဲ့ဦး... သူစားချင်သလောက် တစ်ကောင်လုံး၊ နှစ်ကောင်လုံးကိုတောင် ကျွေးနိုင်ပါတယ်..."
"..."
လီလန်၏ စကားကို ကြားလိုက်ရသည့်အခါ ကျန်းဝေမင်မှာ လျှို့ဝှက်စွာဖြင့် အံ့အားသင့်သွားရသည်။ လီလန်သည် ဤမျှအသိဉာဏ်ရှိနေပါက နောင်တစ်ချိန်တွင် ထူးချွန်သည့် မုဆိုးတစ်ဦး ဖြစ်လာမည်မှာ အသေအချာပင်ဖြစ်သည်။
"ရဲဘော်လီလန်... ဒီအေးခဲမှိုတွေအပြင် တခြား တောင်ထွက်ကုန်တွေများ ရှိသေးရင် ငါ အကုန်ဝယ်ယူပါ့မယ်။ စျေးနှုန်းကို ရဲဘော်ပဲ သတ်မှတ်ပါ... ပိုက်ဆံနဲ့ပဲ ဖြစ်ဖြစ်၊ ကုန်စည်လက်မှတ်နဲ့ပဲ ဖြစ်ဖြစ် ပေးနိုင်ပါတယ်..."
ကျန်းဝေမင် ရွာသို့ ပြန်လာခြင်းမှာ ဆွေမျိုးမိတ်သင်္ဂဟများကို လည်ပတ်ခြင်းထက် မိမိ၏ကံကို စမ်းသပ်လို၍သာဖြစ်သည်။ မည်သည့်အဖွဲ့က အမဲကောင်များ ဖမ်းမိသည် မည်သည့်အိမ်က တောင်ထွက်ကုန်များ စုဆောင်းထားသည်ကို သူ စုံစမ်းလိုသည်။ လစဉ် ရရှိရမည့် ဝယ်ယူရေးပစ်မှတ်များကို မပြည့်မီပါက သူ၏လစာမှ ဖြတ်တောက်ခံရမည်ဖြစ်သည်။
လီလန်သည် ဘာမျှမပြောဘဲ အိတ်အတွင်းရှိ အေးခဲမှိုများကို မြေပြင်ပေါ်သို့ သွန်ချလိုက်သည်။ ထို့နောက် အကြီးဆုံးနှင့် အရည်အသွေးအကောင်းဆုံး မှိုများကို ရွေးထုတ်၍ သိမ်းဆည်းလိုက်၏။ ကျန်ရှိနေသော မှိုများကိုမူ ပုံထားလိုက်သည်။
"အိတ်တစ်လုံး ရှာပြီး ထည့်လိုက်ပါ။ ဒီအပုံက သုံးကျင်းလောက်ရှိမယ်။ အနည်းဆုံးတော့ ရဲဘော်ယူလာတဲ့ ဆားတစ်ဝက်လောက်နဲ့ တန်ဖိုးတူမှာပါ..."
လီလန်သည် စျေးကွက်ပေါက်စျေးကို အနည်းငယ် နားလည်သည်။ အေးခဲမှို သုံးကျင်းကို ဆားတစ်ဝက်နှင့် လဲလှယ်နိုင်သည်။ ဆားမှာ မရှိမဖြစ်လိုအပ်သည့် ဟင်းခတ်အနှစ်ဖြစ်သဖြင့် အလွန်ရှားပါးသည်။ ငွေကြေးအပြင် ဆားဝယ်လက်မှတ်ပါ လိုအပ်သည့်အတွက် ၎င်း၏တန်ဖိုးမှာ ပိုမိုမြင့်မားသည်။
အေးခဲမှိုမှာ ဆောင်းတွင်း တောတောင်များတွင် ပေါများသော်လည်း မျောက်ခေါင်းမှို သို့မဟုတ် လင်ဇီးမှိုကဲ့သို့ ရှားပါးလှသည်တော့ မဟုတ်ပေ။ ပုံမှန်အားဖြင့် အေးခဲမှို ခြောက်ကျင်းမှ ဆားတစ်ကျင်းနှင့် လဲလှယ်နိုင်သည်။
"ဟုတ်ကဲ့... အဆင်ပြေပါတယ်..."
ကျန်းဝေမင်မှာ အစိုးရ၏ ဝယ်ယူရေးအေးဂျင့် ဖြစ်သော်လည်း အလွန်လိမ္မာပါးနပ်သူဖြစ်သည်။ ရွာသားများထံမှ တောင်ထွက်ကုန်များ ဝယ်ယူသည့်အခါတိုင်း စျေးနှုန်းလျှော့ချ၍ အမြတ်ထုတ်လေ့ရှိသည်။ သို့သော် သူ မလာရောက်မီ ဦးလေးဖြစ်သူ ကျန်းတာ့ပေါင်က လီလန်ကို အမြတ်မထုတ်ရန်မှာထားသဖြင့် သူ ဂရုတစိုက်ရှိရမည်ဖြစ်သည်။
"ရဲဘော်လီလန်... ငါ အမြတ်မထုတ်ပါဘူး။ အေးခဲမှိုတွေကို အမြင့်ဆုံးစျေးနဲ့ ဝယ်ယူပါ့မယ်..."
ကျန်းဝေမင်သည် အေးခဲမှိုများကို သူယူလာသော လျှော်အိတ်ထဲသို့ ဂရုတစိုက် ထည့်လိုက်သည်။
"ကျန်တဲ့ မှိုသုံးကျင်းကို နောက်မှ ပေးလိုက်ပါမယ်..."
လီလန်သည် တည်ငြိမ်စွာ ပြောလိုက်၏။ သူသည် နေ့စဉ် "ကံကောင်းခြင်း" စွမ်းရည်ကို ဆယ်မိနစ်မျှ အသုံးပြုနိုင်သည်။ ဝက်ဝံနက်တောင်သို့ သွားရောက်ကာ မှိုသုံးကျင်း ခူးဆွတ်ခြင်းမှာ သူ့အတွက် ခက်ခဲသောကိစ္စ မဟုတ်ပေ။
"ရဲဘော်လီလန်... အဲဒါ မလိုအပ်ပါဘူး။ ပုံမှန်ဆိုရင် အေးခဲမှိုခြောက်ကျင်းကိုမှ ဆားတစ်ကျင်းနဲ့ လဲလှယ်ရတာပါ။ ငါက အမြင့်ဆုံးစျေးနဲ့ ပေးပါ့မယ်။ သုံးကျင်းကို ဆားတစ်ကျင်းပေးပါမယ်..."
"ဒါပေမဲ့ ဒီအခန်းထဲက ထွက်သွားတာနဲ့ ဒီနေ့ ကုန်သွယ်မှုက ငါတို့ နှစ်ယောက်အကြားမှာပဲ ရှိရမယ်။ တခြားသူကို ပြောပြရင် ငါ နောက်တစ်ခါ ဝယ်လို့ရတော့မှာ မဟုတ်ဘူး..."
လီလန်သည် အနည်းငယ် အံ့အားသင့်သွားသည်။ ကျန်းဝေမင်က ဤမျှ ရိုးသားစွာ ကမ်းလှမ်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူသည် ခေါင်းညိတ်၍ သဘောတူလိုက်သည်။
"စိတ်မပူပါနဲ့... ကျွန်တော် ပါးစပ်လုံပါတယ်။ ဒီကိစ္စကို ဘယ်သူမှ သိမှာမဟုတ်ဘူး..."
ကျန်းဝေမင်သည် လီလန်၏ အမဲကောင်များနှင့် တောင်ထွက်ကုန်များကို အမြင့်ဆုံးစျေးပေးခြင်းမှာ သူ၏ ရိုးသားမှုကို ပြသခြင်းဖြစ်သည်။ ၎င်းမှာ အပြန်အလှန် အဆင်ပြေမှုတစ်ခုဖြစ်သဖြင့် လီလန်လည်း ငြင်းပယ်စရာ အကြောင်းမရှိပေ။
"ရဲဘော်လီလန်... တခြားတောင်ထွက်ကုန်တွေ ဒါမှမဟုတ် အမဲကောင်တွေ ရှိသေးရင်လည်း ဝယ်နိုင်ပါသေးတယ်..."
"စက်ရုံမှာလည်း လိုအပ်ချက်တွေ ရှိနေတာမို့လို့..."
လီလန်၏ စကားအရ သူသည် အေးခဲမှို သုံးကျင်းကို ရှာဖွေနိုင်သေးကြောင်း သိလိုက်ရသည့်အခါ ကျန်းဝေမင်၏ လီလန်အပေါ်ထားရှိသည့် အမြင်မှာ ပိုမိုမြင့်မားလာသည်။ နှင်းများ တောင်ထွက်လမ်းကို ပိတ်ဆို့ထားချိန်တွင် အတွေ့အကြုံရင့် မုဆိုးများပင် အခက်အခဲ ရှိနေချိန်ဖြစ်သည်။ လီလန်မှာမူ မည်သို့သော ယုံကြည်မှုဖြင့် ဤမျှ ပြောနိုင်သနည်း။
"ရဲဘော် မိုးပျံနဂါးတွေ ဖမ်းမိတယ်ဆိုတာ ကြားလိုက်ရတယ်... ဟုတ်လား..."
ကျန်းဝေမင်သည် နှုတ်ခမ်းကို လျှာဖြင့်သပ်၍ စိတ်ဝင်တစား မေးလိုက်သည်။ မိုးပျံနဂါးမှာ အလွန်အရသာရှိလှသည်။ ၎င်းကိုသာ ယူသွားနိုင်ပါက ဒါရိုက်တာ၏ ချီးကျူးမှုကို ရရှိမည်မှာ သေချာသည်။
"အဲဒါတော့ မရောင်းနိုင်သေးဘူး ညီမလေးတွေကို အာဟာရဖြည့်ပေးဖို့ သိမ်းထားတာပါ..."
လီလန်က ခေါင်းခါ၍ ငြင်းပယ်လိုက်သည်။ သို့သော် သူက ဆက်၍ ပြောလိုက်သည်။
"လိုချင်ရင်တော့ ခဏလောက် စောင့်ပေးရလိမ့်မယ်..."
လီလန်၏ စကားကြောင့် စိတ်ပျက်သွားသည့် ကျန်းဝေမင်မှာ ချက်ချင်းပင် ဝမ်းသာသွားရသည်။
"တကယ်လား..."
"အဲ့ဒါက ဘာခက်လို့လဲ..."
"..."
ကျန်းဝေမင်သည် ဤစကားကို ကြားလိုက်ရသောအခါ "ဤရဲဘော် လီလန်မှာ အနည်းငယ် မောက်မာလှချေလား" ဟု တွေးလိုက်မိသည်။ သို့သော် သူ ပြန်စဉ်းစားကြည့်လိုက်သောအခါ လူငယ်တစ်ယောက်၏ သွေးဆူခြင်းသာ ဖြစ်မည်ဟု ယူဆလိုက်သည်။ လူငယ်ဖြစ်လျှင် ရဲရင့်၍ မျှော်မှန်းချက်ကြီးမားသင့်ပေသည်။
"ကောင်းပြီ... မိုးပျံနဂါးတွေ ရလာရင် ငါ အမြင့်ဆုံးစျေးနဲ့ အကုန်ဝယ်မယ်..."
"ရတယ်..."
လီလန် ခေါင်းညိတ်လိုက်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်သည်။
"ဒါပေမဲ့ ပထမဆုံး အကြိမ်မှာတော့ ကုန်ပစ္စည်းတွေကို အရင်လဲလှယ်ချင်တယ်။ နောက်တစ်ခါတွေကျမှ စျေးဖြတ်ကြတာပေါ့..."
ရွှမ်းရွှေရွာမှာ အလွန်ဝေးလံခေါင်သီသည်။ အနီးဆုံးမြို့မှာ ကီလိုမီတာ ၃၀ ကျော်ဝေးပြီး လမ်းများမှာလည်း နှင်းများဖြင့် ပိတ်ဆို့နေသည်။ ဤနေရာတွင် စားသုံးကုန် ပစ္စည်းရောင်းဝယ်ရေးစင်တာမရှိသဖြင့် လီလန်မှာ ပိုက်ဆံရှိသော်လည်း သုံးစရာနေရာ မရှိပေ။
ဇနီးမယားရရန်အတွက် ပိုက်ဆံစုဖို့လား။ လီလန်တွင် ထိုသို့သော အတွေးမျိုး လောလောဆယ် မရှိသေးပါ။ အဖေနှင့် ညီမငယ်နှစ်ယောက်ကို ပြန်လည်တွေ့ဆုံရပြီဖြစ်သဖြင့် သူသည် မိသားစုကိုသာ အဓိကထား စောင့်ရှောက်လိုသည်။
"အာ... ပစ္စည်းတွေ လဲလှယ်ချင်တာလား..."
ကျန်းဝေမင်မှာ အနည်းငယ် အံ့ဩသွားသော်လည်း အတွေ့အကြုံရှိသူပီပီ လီလန်၏ အတွေးကို ချက်ချင်းပင် ရိပ်မိလိုက်သည်။
"ရဲဘော်လီလန်... ဘာတွေလိုအပ်တာလဲ ငါ တတ်နိုင်သလောက် ရှာပေးပါ့မယ်..."
ကျန်းဝေမင်မှာ ဘာယီသံမဏိစက်ရုံမှ ဝယ်ယူရေးအေးဂျင့် ဖြစ်သဖြင့် လုပ်ငန်းပိုင်းတွင် အလွန်ကျွမ်းကျင်သည်။
"ပထမဆုံးအနေနဲ့ ပြောင်းဖူးမှုန့် ငါးကျင်း၊၊ ဂလူတင်ဓာတ်ပါတဲ့ မုန့်ညက်ဆယ်ကျင်း၊ ပဲငံပြာရည်၊ တာ့ချန်မန်ဆေးလိပ်နှစ်ဘူးနဲ့ ယုန်ဖြူနို့သကြားလုံး တစ်ကျင်းလောက် လိုချင်တယ်..."
လီလန်က လိုအပ်သည့် ပစ္စည်းစာရင်းကို စတင်ပြောပြလိုက်သည်။
"အာ... အများကြီးပဲလား..."
ကျန်းဝေမင်မှာ အံ့အားသင့်သွားရသည်။
"ခက်ခဲလို့လား..."
"မဟုတ်ပါဘူး... မခက်ပါဘူး..."
"ဒါဆိုရင်လည်း ပြီးတာပဲ။ ကျွန်တော်တို့ ကုန်ပစ္စည်းချင်း လဲလှယ်ကြတာပေါ့။ ကျွန်တော့်ရဲ့ သားကောင်တွေကို ရဲဘော်ကို ပေးမယ်..."