အခန်း (၃၉၁-၃၉၂)
Vol. 40 Ch. 391-392
အခန်း (၃၉၁) - အမြတ်ထုတ်ခံနေရသော အစ်ကိုကြီးလော့ချန်
"လော့ထျန်းအဖွဲ့က အရှိန်နဲ့ တိုးတက်နေတယ်ဆိုပေမဲ့ အစပျိုးကာလပဲ ရှိပါသေးတယ်၊ ဝိညာဉ်စိုက်ခင်းတွေကနေလည်း အမြတ်မရသေးဘူး၊ လက်နက်ခန်းမဆောင်ကလည်း အဟောင်းတွေပဲ ထုတ်ရောင်းနေရတုန်း၊ ပိယိုတောင်ကြားဈေးကွက်ကလည်း အချိန်ယူရဦးမှာပါ.... အမှန်အတိုင်းပြောရရင်.... လော့ထျန်းအဖွဲ့ကြီးကို အဖွဲ့ခေါင်းဆောင်ရဲ့ ဆေးလုံးတွေနဲ့ပဲ အဓိက ထောက်ပံ့နေရတာပါ.... ဒီလိုအခြေအနေမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ လေးငါးယောက်ကို ထောက်ပံ့ရမယ်ဆိုရင်တောင် ငွေကြေးဖိအားများနေပြီ.... နောက်ပိုင်း လူပိုများလာရင် ဒေါ်လေးတို့ ဘဏ္ဍာရေးအခြေအနေ ပိုပြီး တင်းကျပ်လာမှာပဲ...."
“ဒေါ်လေး သိသလောက်တော့ အခြေတည်အဆင့် ကျင့်ကြံသူ ငါးယောက်ထက်မကကို စဉ်ဆက်မပြတ် ထောက်ပံ့ပေးနိုင်တဲ့ ဘယ်အင်အားစုမဆို သူတို့ရဲ့ လက်အောက်မှာ ချီသန့်စင်အဆင့် ကျင့်ကြံသူ အနည်းဆုံး ထောင်ချီပြီး ရှိကြတာချည်းပဲ.... ဒါပေမဲ့ ဒေါ်လေးတို့မှာတော့ နှစ်ရာလောက်ပဲ ရှိသေးတယ်.... အဲ.... ပြောရရင် အဖွဲ့ခေါင်းဆောင်.... မင်း အမြှုပ်ထွက်အောင် လည်ညှစ်ခံနေရတာပါ"
မုရုံချင်းလျန်သည် ဤစကားလုံးများကို ဖြည်းဖြည်းချင်း အလေးအနက်ထား ပြောလိုက်လေသည်။ စကားလုံးများမှာ နောက်ပိုင်းသို့ ရောက်လာလေလေ ပိုမို၍ လေးလံလာလေလေပင်။
နားထောင်နေသော လော့ချန်သည်လည်း မျက်နှာအမူအရာမှာ တစ်ကြိမ်ပြီးတစ်ကြိမ် ပြောင်းလဲသွားခဲ့ရ၏။ ယခင်က တာဟဲဈေးမြို့တော်တွင်ရှိစဉ်က မီရှုဟွာသည် ဖိုရှန်းဂိုဏ်း၏ ချီသန့်စင်ကျင့်ကြံသူ ထောင်ချီကို အမှီပြု၍ မိမိအား ထောက်ပံ့ခဲ့ရသည်ကို ပြန်အမှတ်ရသွားခဲ့ရသည်။ ဝမ်ဟိုင်ချောင်သည်လည်း ထို့အတူပင် ဖြစ်၏။
လော့ချန်အတွက်မူ မိမိကိုယ်တိုင်က ဆေးဖော်အတတ်ပညာကို တတ်ကျွမ်းထားခြင်းကြောင့်သာ ထိုသူများလောက် ဖိအားမများခြင်း ဖြစ်သည်။ သို့သော်ငြားလည်း လူတစ်ဦးတည်းက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အမြောက်အမြားကို စဉ်ဆက်မပြတ် ထောက်ပံ့ပေးနိုင်ရန်မှာ မဖြစ်နိုင်ပေ။ အကယ်၍ အခြေအနေများက ဤအတိုင်းသာ ဆက်သွားနေမည်ဆိုပါက ထိုသူများက သူ့အား ထောက်ပံ့ခြင်း မဟုတ်ဘဲ သူကသာ ထိုသူအားလုံးကို ပြန်လည်ထောက်ပံ့ပေးနေရသည့် သဘော ဖြစ်သွားပေလိမ့်မည်။
အကြောင်းရင်းမှာ လော့ထျန်းအဖွဲ့၏ ကြီးထွားနှုန်းမှာ မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်လွန်းသောကြောင့် ဖြစ်သည်။ အထူးသဖြင့် တာဟဲဈေးမြို့တော်မှ ချီသန့်စင် အဆင့်မြင့်ကျင့်ကြံသူများကို သိမ်းသွင်းပြီးနောက်တွင် ပို၍ သိသာလာခဲ့သည်။ ထို့အပြင် သူကိုယ်တိုင်ကလည်း အလွန် ရက်ရောလွန်းခဲ့သည်။ ထို့ကြောင့်ပင် ထျန်းလန် နတ်ဘုရားမြို့တော်ကဲ့သို့သော အရင်းအမြစ်များ ပြည့်စုံလှသည့် နေရာသို့ ရောက်ရှိလာပြီးနောက် ချက်ချင်းဆိုသလို အခြေတည်အဆင့်သို့ ဆက်တိုက် တက်လှမ်းနိုင်ကြသည့် အခြေအနေမျိုး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပေသည်။
မုရုန်ချင်းလျန် ဖော်ပြခဲ့သည့် အနာဂတ်အခြေအနေကို တွေးတောမိရင်း လော့ချန်၏ ရင်ထဲတွင် လေးလံအုံ့မှိုင်းသွားရသည်။
‘ငါ တကယ်ပဲ မြင်းရှေ့ လှည်းတပ်ပြီး သောက်တလွဲတွေ လုပ်နေခဲ့တာပဲ’
လော့ချန် လေးနက်စွာ စဉ်းစားနေသည်ကို မြင်လိုက်ရသဖြင့် မိမိ၏ စကားလုံးများကို အမှန်တကယ်ပင် နားဝင်သွားပြီ ဖြစ်ကြောင်း မုရုံချင်းလျန် သိလိုက်ရသည်။
သူမ သက်ပြင်းတစ်ချက် ချလိုက်မိရင်း
“ဒေါ်လေးလည်း ကုသိုလ်တော်ခန်းမရဲ့ ခန်းမခေါင်းဆောင်အနေနဲ့ အကြာကြီး အလုပ်လုပ်ခဲ့လို့သာ အဲ့အချက်တွေကို သတိပြုမိခဲ့တာပါ.... ဒါပေမဲ့ ဘယ်လိုမျိုး ဖြေရှင်းရမလဲဆိုတာကတော့ မင်းနဲ့ စီမံခန့်ခွဲ့ရေးမှူးတို့ ဆွေးနွေးရမယ့် ကိစ္စပါ"
လော့ချန် အတင်းအကျပ် ပြုံးလိုက်ရင်း
"ကျေးဇူးပါ ဒေါ်လေး၊ အခြေတည်အဆင့်တက်ဖို့ ပြင်ဆင်နေတဲ့ကြားက အခုလို အဖွဲ့ရဲ့ ကိစ္စရပ်တွေကိုပါ ပူပန်ပေးနေရတယ်ဗျာ"
"အိုကွယ်.... ဒါလည်း ဒေါ်လေးရဲ့ တာဝန်တွေထဲက တစ်ခုပဲမို့ ကျေးဇူးတင်စကား ပြောဖို့ မလိုပါဘူး"
"ဒေါ်လေးရဲ့ သတိပေးစကားကို ကျွန်တော် သေချာ မှတ်ထားပါ့မယ်.... အခုတော့ ကျွန်တော် သွားရတော့မယ်.... ဒေါ်လေး တစ်ခုခု လိုအပ်တာရှိရင် ဦးလေးချင်ကို ပင်း ၁၇ ဂူဗိမာန်ဆီ လွှတ်လိုက်ပါဗျ"
လော့ချန် ဂူဗိမာန်မှ ထွက်ခွာခဲ့ပြီးနောက် လှေပျံကို စီးနင်း၍ အထက်ဘက်ဆီသို့ ပျံတက်လိုက်သည်။
လှေပျံပေါ်တွင်မူ အခြားလူတစ်ဦးက တိတ်တဆိတ် မတ်တတ်ရပ်နေဆဲ ဖြစ်၏။
လော့ချန်၏ မျက်ခုံးများ တင်းကျပ်စွာ တွန့်ချိုးနေသည်ကို ကြည့်ရင်း ကူချိုင်ယီတစ်ယောက် သူမ၏ နှုတ်ခမ်းပါးလေးကို အသာအယာ ကိုက်လိုက်မိပြီး မျက်ဝန်းများမှာ လှုပ်ရှားသွားရသည်။
....
ခေတ္တမျှ ကြာပြီးနောက် သူတို့နှစ်ဦးစလုံး ဂူဗိမာန်အတွင်းသို့ ဝင်ရောက်လာခဲ့ကြ၏။
ပိုင်မေလင်းသည် တစ္ဆေကြိတ်ဆုံကြီး ထားရှိရာ ဘေးအခန်းငယ်လေးထဲမှ ဝဲပျံထွက်လာခဲ့ပြီး ကူချိုင်ယီအား နှုတ်ဆက်လိုက်သည်။ သူမ၏ အမူအရာမှာ အနည်းငယ်မျှ စိမ်းသက်ပြီး အေးစက်လှသော်လည်း ကူချိုင်ယီကမူ စိုးစဉ်းမျှ စိတ်ထဲ ထားခြင်း မရှိချေ။ ပိုင်မေလင်းသည် ဝိညာဉ်ကျင့်ကြံခြင်း လမ်းစဉ်သို့ ပြောင်းလဲသွားခဲ့ပြီးနောက် စရိုက်မှာ ယခင်နှင့်စာလျှင် မိုးနှင့်မြေလို ပြောင်းလဲသွားခဲ့ခြင်း ဖြစ်ရာ မိမိအား မုန်းတီးနေခြင်းကြောင့် မဟုတ်ချေ။
"ချိုင်ယီ.... လာ၊ ငါ့နောက် လိုက်ခဲ့”
ပိုင်မေလင်းက တိုးညှင်းသော လေသံဖြင့်ဆိုကာ လမ်းပြလိုက်သည်။
“ဒီဘက်မှာတော့ သခင် ဒီနှစ်ဝက်အတွင်း ဖော်စပ်ထားတဲ့ ကျောက်စိမ်းအမြုတေဆေးလုံးတွေ အကုန် ရှိတယ်"
ပိုင်မေလင်းသည် ရှေ့မှ ဝဲပျံသွားရင်း ကူချိုင်ယီအား ဆေးလုံးသိုလှောင်ခန်းကြီးအတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။
ကူချိုင်ယီ ဤနေရာသို့ လာရသည့် အကြောင်းရင်းမှာလည်း ဆေးလုံးလာသိမ်းရန် ဖြစ်ပေသည်။ လော့ချန်သည် ယခုအခါတွင်မူ ဂူဗိမာန်တံခါးအပြင်ဘက်သို့ ခြေတစ်လှမ်းမျှပင် မလှမ်းတော့ဘဲ ဆေးလုံးဖော်စပ်ခြင်း ကိစ္စရပ်များကိုလည်း ဂူဗိမာန်အတွင်းမှာသာ လုပ်ဆောင်လေ့ရှိပေသည်။ ဖော်စပ်ပြီးသွားသည့် အခါတွင်မူ သတ်မှတ်ထားသော အချိန်ကာလအလိုက် အဖွဲ့ဝင်များကို လာရောက်ယူခိုင်းလေ့ရှိ၏။ ကူချိုင်ယီသည် ရွှေခန်းမဆောင်၏ ခေါင်းဆောင်ဖြစ်သလို မြို့အတွင်းရှိ ဒန်ရှားမေနန်းဆောင်တွင်လည်း တာဝန်ခံ ဖြစ်နေခြင်းကြောင့် ဆေးလုံးလာရောက်ယူရန်အတွက် အသင့်တော်ဆုံးလူ ဖြစ်နေပေတော့သည်။
ဆေးလုံးသိုလှောင်ခန်းအတွင်းသို့ မဝင်ခင် သူမသည် ဧည့်ခန်းအတွင်း၌ ရှိနေသော လော့ချန်အား မသိမသာ တစ်ချက် လှမ်း၍ ကြည့်လိုက်၏။ ထိုအမျိုးသားသည် အခန်းအတွင်း ခြေလှမ်းစိပ်စိပ်ဖြင့် ခေါက်တုံ့ခေါက်ပြန် လျှောက်နေခဲ့ပြီး မျက်မှောင်များမှာ ကြုတ်လျက်သားပင် ရှိနေသေးသည်။
ဆေးလုံးသိုလှောင်ခန်း အတွင်း၌မူ မရေမတွက်နိုင်သော ကျောက်စိမ်းအမြုတေဆေးလုံးများကို သိုလှောင်အိတ်များထဲတွင် သေသပ်စွာ ထည့်သွင်းထားပြီးဖြစ်သည်။
ကူချိုင်ယီ တည်ငြိမ်စွာဖြင့် ဆေးလုံးများ စတင် ရေတွက်လိုက်တော့သည်။ ဆေးလုံးများကို နောက်ပိုင်းတွင် ပုလင်းများထဲ ထည့်သွင်းကာ ရောင်းချရမည် ဖြစ်သောကြောင့် စာရင်းအတိအကျကို သူမ သိရှိထားရန် လိုအပ်ပြီး ဆေးလုံးတစ်လုံးချင်းစီကို သေချာစွာ မှတ်တမ်းတင်ရမည် ဖြစ်သည်။
ပိုင်မေလင်းကမူ ကြမ်းပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ရင်း တုတ်ချောင်းလေးတစ်ချောင်းဖြင့် စိတ်ကူးပေါက်သလို တောင်ခြစ်မြောက်ခြစ် ခြစ်နေခဲ့သည်။
ကူချိုင်ယီက တိုးညှင်းစွာ ခေါ်လိုက်သည်။
"ရှောင်လင်းရေ...."
"အင်း"
"သူက ပုံမှန်လည်း ဒီလိုပဲလား"
"သူ.... ဪ.... သခင့်ကို ပြောတာကိုး"
ပိုင်မေလင်းက သူမ၏ ရှည်လျားပြီး အနည်းငယ် ထိတ်လန့်ဖွယ်ကောင်းသော လျှာကို ထုတ်ပြလိုက်ရင်း
"သခင်က ပုံမှန်တော့ ဒီလိုမျိုး မဟုတ်ပါဘူး.... အမြဲတမ်း ကျင့်ကြံနေတာ ဒါမှမဟုတ် စာဖတ်နေတာပဲ.... ဒီလိုမျိုး ဘာမှမလုပ်ဘဲ နေနေတဲ့ ပုံစံမျိုးကတော့ တော်တော် ရှားတယ်"
သို့သော် လော့ချန်မှာ ဘာမှမလုပ်ဘဲ နေနေခြင်း မဟုတ်ချေ။ သူသည် လော့ထျန်းအဖွဲ့၏ အနာဂတ်ကို လေးနက်စွာ စဉ်းစားတွေးတောနေခြင်း ဖြစ်သည်။
ကုချိုင်ယီကမူ ပိုင်မေလင်းထံမှ အချက်အလက်များစွာ ရရှိလိမ့်မည်မဟုတ်ကြောင်း သဘောပေါက်သွားသဖြင့် ခေါင်းကိုသာ ခါယမ်းလိုက်တော့သည်။
မိုးမချုပ်မီ အချိန်အတွင်းမှာပင် ဆေးလုံးရေတွက်ခြင်း ပြီးဆုံးသွားခဲ့သည်။ နှစ်ဝက်တာ ကာလအတွင်းမှာပင် ကျောက်စိမ်းအမြုတေဆေးလုံးပေါင်း နှစ်သောင်းခန့် ထွက်ရှိခဲ့သည်။ အကယ်၍ ရောင်းချမည်ဆိုပါက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်းခုနစ်သောင်းအထိ ရရှိနိုင်ပေသည်။
ဤသည်ကား ကြီးမားလှသော ဝင်ငွေပမာဏတစ်ခု ဖြစ်၏။ သို့သော်လည်း လော့ချန်၏ အထွတ်အထိပ်ကာလနှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက အနည်းငယ်မျှ လျော့နည်းနေသေးသည်။ သူသည် အချိန်ထက်ဝက်ခန့်ကို ကျင့်ကြံခြင်းနှင့် အခြားသော ဆေးလုံးများကို ဖော်စပ်ခြင်းတို့တွင် ကုန်ဆုံးစေခဲ့သည်။ ထို့ပြင် ဆေးဖော်ခန်းမဆောင်မှ ကျင့်ကြံသူများ၏ ကူညီပံ့ပိုးမှုလည်း မရှိတော့ပေ။
သို့သော် ဤသည်မှာ အထွတ်အထိပ်အခြေအနေနှင့် နှိုင်းယှဉ်လျှင်သာ ဖြစ်သည်။ အကြောင်းမှာ လော့ချန်၏ စိတ်ဝိညာဉ်သည် အခြေတည်နှောင်းပိုင်းအဆင့်သို့ တိုးတက်သွားခဲ့ပြီး ဒုတိယအဆင့် မြေအောက်မီးနှင့် နှင်းဧကရာဇ်ဆေးအိုးတို့၏ အကူအညီကြောင့် သူ၏ ဆေးဖော်စပ်ခြင်း စွမ်းရည်မှာ အမှန်တကယ်ပင် အဆမတန် တိုးတက်လာခဲ့ပြီ ဖြစ်သည်။ အချိန်တစ်ဝက်မျှသာ အလုပ်လုပ်ခဲ့သော်လည်း ဆေးလုံးအထွက်နှုန်းမှာမူ ဆယ်ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။
ကူချိုင်ယီ ထိုအကြောင်းရာများကို ဂဂနန မသိသော်လည်း သူမသည် ယခုအခါ ထျန်းရှန်းမျှော်စင်မှ မြေမထိ ရေမထိ အမျိုးသမီးလေး မဟုတ်တော့ပေ။ ရာထူးကြီးမားလှသော နေရာတွင် ကြာမြင့်စွာ နေထိုင်ခဲ့ရခြင်းကြောင့် သူမသည် လော့ထျန်းအဖွဲ့၏ ဘဏ္ဍာရေးနှင့် လူတိုင်း၏ ခံစားခွင့်၊ လစာများနှင့် ပတ်သက်၍ နောကျေစွာ နားလည်ခဲ့ပြီးဖြစ်သည်။ သူမ အကြမ်းဖျင်း တွက်ချက်ကြည့်လိုက်ရာ အရင်းအနှီးများကို နုတ်ပြီးနောက် လော့ချန်၏ အသားတင်အမြတ်မှာ ဝိညာဉ်ကျောက်တုံး သုံးသောင်းမှ ခြောက်သောင်းဝန်းကျင်ကြား ရှိမည်ဖြစ်ကြောင်း သိလိုက်ရသည်။ ဤဝင်ငွေသည် မည်သည့် ချီသန့်စင်အဆင့် ကျင့်ကြံသူများအတွက်မဆို လုံးဝ မမှန်းဆနိုင်သော ငွေပမာဏ ဖြစ်ပေသည်။ အခြေတည်အဆင့် ကျင့်ကြံသူကြီးများအတွက်ပင်လျှင် သာမန်အားဖြင့် ရရှိရန် ခက်ခဲလှသော ဝင်ငွေမျိုး ဖြစ်သည်။
သို့သော် လော့ချန်အနေဖြင့် ကျင့်ကြံခြင်းအရင်းအမြစ်များကို အတိုင်းအဆမရှိ အလွန်အမင်း လိုအပ်နေကြောင်းလည်း ကူချိုင်ယီ ကောင်းကောင်းကြီး သိရှိထားပေသည်။ အခြားအရာများကို ဘေးဖယ်ထားလျှင်ပင် ဤ ဒုတိယအဆင့် အဆင့်မြင့် ဂူဗိမာန်တစ်ခုတည်းတင် တစ်နှစ်လျှင် ဝိညာဉ်ကျောက်တုံး ၄၈၀၀၀ မျှ ကုန်ကျနေခြင်းဖြစ်သည်။
“မမမုရုံ ပြောတာ မမှားပါဘူး.... လော့ထျန်းအဖွဲ့က လော့ချန်ကို လည်ညှစ်နေပြီဆိုတာလေ"
သူမ တီးတိုး ရေးရွတ်လိုက်ပြီး သိုလှောင်အိတ်များကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။
ထို့နောက် ဆေးလုံးသိုလှောင်ခန်းအတွင်းမှ ထွက်လာခဲ့ပြီး လော့ချန်အနားသို့ သွားကာ တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။
"အဖွဲ့ခေါင်းဆောင်ရှင့်.... ကျွန်မ ပြောချင်တဲ့ စကားတစ်ခွန်း ရှိပါတယ်.... ပြောသင့်၊ မပြောသင့်တော့ မသိတော့ပါဘူး"
လော့ချန် သူမအား မော့ကြည့်လိုက်ရင်း
"ကဲ ပြောပါဗျာ.... ဘာလဲ အရင်ဆုံး ဆုတွေလာဘ်တွေ ပေးရဦးမှာလား"
“ခစ်ခစ်....”
ယခင်က စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသော ကူချိုင်ယီသည် မအောင့်နိုင်တော့ဘဲ ရုတ်တရက်ဆိုသလို ရယ်လိုက်မိတော့သည်။ လော့ချန်၏ ထိုစကားတစ်ခွန်းတည်းဖြင့် ပတ်ဝန်းကျင်တွင် လွှမ်းမိုးနေသော တင်းမာမှုများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားရတော့သည်။
"ဟိုလေ.... ကျွန်မ ထင်တာကတော့.... ရှင် အဖွဲ့သားတွေအပေါ် သိပ်အလိုလိုက်လွန်းတယ်"
လော့ချန် ခေါင်းကို စောင်းလိုက်ရင်း စဉ်းစားခန်းဖွင့်လိုက်မိသည်။
‘ဟင်.... ငါ တကယ်ပဲ အလိုလိုက်နေမိတာလား....’
ကူချိုင်ယီက သူ့ရှေ့တွင် လှပတင့်တယ်စွာ ဝင်ထိုင်လိုက်သည်။
"ဒီလိုပါ.... ရှင် လူတိုင်းကို ကောင်းကောင်းဆက်ဆံတယ်ဆိုတာ အကုန်လုံး သိကြပါတယ်၊ ဒါပေမဲ့ တချို့အရာတွေမှာတော့ ကောင်းတာထက်ကို ပိုနေပါတယ်.... ကျွန်မ မြင်ရသလောက် လော့ထျန်းအဖွဲ့သားတွေရဲ့ ခံစားခွင့်က ထျန်းလန် နတ်ဘုရားမြို့တော် အနီးတစ်ဝိုက်က အင်အားစု အသေးစားလေးတွေထဲမှာတော့ ထိပ်ဆုံးပဲ.... အမှန်အတိုင်း ပြောရရင် နှစ်ပေါင်းရာချီ ရှိခဲ့တဲ့ အလတ်စားအင်အားစုတွေနဲ့တောင် ယှဉ်လို့ ရနေတာပါ.... ဒါပေမဲ့ များတိုင်းလည်း မကောင်းဘူး မလားရှင်.... လူတွေ ပြောလေ့ရှိကြတယ် မဟုတ်လား၊ ဆန်တစ်တင်း ပေးရင် ကျေးဇူးတင်တတ်ပေမဲ့ ဆန်တစ်ကျီ ပေးရင်တော့ ရန်ငြိုးကို ဖြစ်စေတယ်တဲ့.... ပြီးတော့ အခုဆို ဆေးလုံးတွေကို ရှင်ကိုယ်တိုင် ဖော်စပ်ပြီး ကျွန်မတို့က တိုက်ရိုက်ရောင်းတာဆိုတော့ ကြားခံပွဲစားခတွေ အများကြီး သက်သာနေတာ၊ ကျွန်မ အမြင်အရတော့ တချို့လူတွေရဲ့ လစာတွေကို ပြန်ပြီး သုံးသပ်သင့်ပါတယ်"
လော့ချန် ခေါင်းငုံ့ကာ တိတ်ဆိတ်သွားသည်။ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်မှ သူသည် မိမိရှေ့ရှိ တည်ငြိမ်လှပပြီး ထက်မြက်လှသော အမျိုးသမီးလေးကို မော့ကြည့်လိုက်ရင်း
"ချိုင်ယီ၊ မင်း သိလား.... မင်း အခုပြောတဲ့ စကားကို တခြားသူတွေ ကြားသွားရင် မင်းကို ကွယ်ရာမှာ ကျိန်ဆဲကြလိမ့်မယ်"
ကုချိုင်ယီ၏ နှုတ်ခမ်းလေး အနည်းငယ် ခပ်ဟဟပွင့်သွားခဲ့ပြီး
"ကျွန်မ.... ကျွန်မက စေတနာနဲ့...."
"ငါ သိတာပေါ့.... မင်း ငါ့အတွက် တွေးပေးနေတယ်ဆိုတာ”
လော့ချန်က ပြုံးလိုက်ရင်း
"ဒါပေမဲ့လည်း နောက်ဆိုရင် စကားပြောတာ ဆင်ခြင်နော်.... တချို့တာဝန်တွေက မင်း ထမ်းပိုးရမယ့် အရာ မဟုတ်သလို မင်း တောင့်ခံနိုင်မယ့် အရာလည်း မဟုတ်ဘူး"
ကူချိုင်ယီ ခေါင်းညိတ်ပြလိုက်သော်လည်း မအောင့်နိုင်ဘဲ ဆက်၍ ပြောလိုက်ပြန်သည်။
"ရှင် ကိုယ့်အတွက်ကိုယ် ပိုပြီး စဉ်းစားပါဦး.... တကယ်တမ်း ရှင် ဒီထက်မက များတဲ့ ဝင်ငွေကို ရခဲ့ရင်တောင်မှ သူတို့ ဘာမှပြောကြမှာ မဟုတ်ပါဘူး"
အမှန်ပင်။ လက်အောက်ငယ်သားများအနေဖြင့် ဘာများ ပြောနိုင်ကြမည်နည်း။ ကျင့်ကြံခြင်းအဆင့် မမှီသလို ပြန်အာခံနိုင်လောက်သည့် အစွမ်းအစလည်း မရှိချေ။ ထို့ပြင် လော့ချန်သည် သူတို့အား ဝေးလံလှသော အရပ်မှ ထျန်းလန်နတ်ဘုရားမြို့တော်သို့ ခေါ်ဆောင်လာခဲ့ပြီး အိမ်အသစ်နှင့် မှီခိုအားထားရမည့် အင်အားကြီးမားလှသော အဖွဲ့အစည်းတစ်ခုကို ဖန်တီးပေးခဲ့ခြင်း ဖြစ်သည် မဟုတ်ပေလော။
သို့ရာတွင် လောက၌ အချို့သော အမှန်တရားများမှာ လူတို့ နှုတ်ဖျားမှ ထုတ်ဖော်ပြောဆိုကြသည့် ရေပေါ်ဆီ စကားလုံးများထက် ပိုမိုနက်ရှိုင်းရှုပ်ထွေးလှပေသည်။
"ရပါပြီ.... မင်းရဲ့ စေတနာကို ငါ သိပါတယ်.... ဒါပေမယ့် နောက်နောင် ဒီလို ကိစ္စတွေကို စိုးရိမ်ပူပန်မနေပါနဲ့တော့"
သူ၏ လေသံ ရုတ်တရက် အေးစက်သွားခြင်းကြောင့် သူမ ထိတ်လန့်သွားရသည်။ ထိုအပြောင်းအလဲကို သူမ သေချာ နားမလည်သော်လည်း ကျောက်စိမ်းအမြုတေဆေးလုံးများကို သိမ်းဆည်းပြီးဖြစ်ရာ ဤနေရာ၍ ဆက်နေရန် အကြောင်း မရှိတော့ပေ။
"ဒါဆိုရင် ကျွန်မ ဒန်ရှားမေနန်းဆောင်ကို ပြန်လိုက်ပါဦးမယ်"
သူမ တိုးညှင်းစွာ ဆိုရင်း ထွက်ခွာရန် ထရပ်လိုက်သည်။
သို့သော် ဂူဗိမာန်ဝသို့ ရောက်ရှိလုနီးအချိန်တွင် ရုတ်တရက်ဆိုသလို လော့ချန် သူမအား လှမ်း၍ တားလိုက်၏။
"ခဏလေး...."
ဇဝေဇဝါဖြစ်နေသော အမျိုးသမီးကို ကြည့်ရင်း သူ အကြောင်းပြချက်မရှိဘဲ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
"မနှစ်က ငါပေးခဲ့တဲ့ ကျောက်စိမ်းနှင်းစက် ဆေးလုံးတွေရော ကျန်သေးလား"
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၃၉၂) - ထိပ်တန်းအဆင့် ချီလမ်းကြောင်းဆေးလုံး
"မနှစ်က ငါပေးခဲ့တဲ့ ကျောက်စိမ်းနှင်းစက် ဆေးလုံးတွေရော ကျန်သေးလား"
ကျောက်စိမ်းနှင်းစက်ဆေးလုံးဟူသော စကားလုံးကို ကြားလိုက်ရချိန်တွင် ကူချိုင်ယီ၏ မျက်နှာထက်ဝယ် တောင့်တရိပ်တစ်ခု သိသိသာသာ ထင်ဟပ်သွားခဲ့သည်။ သို့သော် ထိုအရာက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြီး နှုတ်မှလည်း အလိုလို ပြန်ဖြေလိုက်မိသည်။
“ကျန်ပါသေးတယ်ရှင့်”
လော့ချန် ချက်ချင်းပင် ကျောက်စိမ်းပုလင်းတစ်ပုလင်းကို သူမထံ ချီစွမ်းအင်ဖြင့် ပို့ပေးလိုက်သည်။
“ဒီထဲမှာ ကျောက်စိမ်းနှင်းစက်ဆေးလုံး ခြောက်လုံး ရှိတယ်၊ ငါ အရင်က သင်ပေးထားတဲ့ အထူးနည်းအတိုင်း ခွဲပြီးတော့ သုံးနော်၊ နှစ်လကို တစ်လုံးနှုန်းဆိုရင် တစ်နှစ်စာ အတိအကျပဲ၊ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို တိုးတက်စေဖို့အတွက် လုံလောက်ပါတယ်”
ကူချိုင်ယီသည် နုနယ်လှသော လက်ချောင်းလေးများဖြင့် ကျောက်စိမ်းပုလင်းကို ဆုပ်ကိုင်ရင်း တိုးညှင်းစွာဖြင့်
"ကျွန်မ ဒီဆေးလုံးတွေအကြောင်း စုံစမ်းကြည့်ဖူးတယ်၊ ဒါတွေက အရမ်းစျေးကြီးတာ မဟုတ်ဘူးလား၊ ရှင်ကိုယ်တိုင်လည်း ဝိညာဉ်ကျောက်တုံးတွေ လိုအပ်နေတာကို ကျွန်မက ဘယ်လိုလုပ်ပြီး...."
“တော်ပြီ.... တော်ပြီ.... ”
လော့ချန် လက်တစ်ဖက်ကို မြှောက်ကာ သူမ၏ စကားကို ဖြတ်ပြောလိုက်ရင်း
“ငါ ဝိညာဉ်ကျောက်တုံး လိုအပ်နေတာတော့ မှန်ပါတယ်၊ ဒါပေမဲ့ ဒီဝိညာဉ်ကျောက်တုံး ရာဂဏန်းလောက်ကို မနှမြောပါဘူး၊ ပေးရင် ယူထားလိုက်စမ်းပါကွာ.... ငါ မင်လုံယွီကိုတောင် ဂူဗိမာန်မှာ နှစ်ပတ်လောက် အလကား ပေးနေသေးတာပဲ၊ သူ့ဆီကလည်း ဝိညာဉ်ကျောက်တုံး မတောင်းပါဘူး”
ကူချိုင်ယီတစ်ယောက် သူမ၏ တောက်ပလှသော မျက်ဝန်းအစုံကို ပုတ်ခတ်လိုက်ရင်း ဝမ်းသာအားရဖြင့် ဆေးလုံးကို လက်ခံလိုက်တော့သည်။ ဤဆေးလုံးများက သူမ၏ ကျင့်ကြံခြင်းအတွက် မည်မျှအထိ အကျိုးပြုမည်ကို သူမ အသိဆုံးပင်ဖြစ်သည်။
"ဒါဆိုရင် ကျွန်မ သွားတော့မယ်နော်"
သူမ ပျော်ရွှင်တက်ကြွသော လေသံလေးဖြင့် ဆိုလိုက်သည်။
"သွားပါ.... သွားပါတော့ဗျာ"
လော့ချန် စိတ်မရှည်ဟန်ဖြင့် လက်ကို ဝှေ့ယမ်းပြလိုက်သည်။
ညမှောင်ရိပ်အောက် တဖြည်းဖြည်း ပျောက်ကွယ်သွားသော အမျိုးသမီးကိုကြည့်ရင်း လော့ချန် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိတော့သည်။ ထိုနောက်ဆုံးစကားလုံးမှာ သူ၏ စိတ်ခံစားချက်ကို ဖုံးကွယ်ရန်အတွက် အတင်းအကျပ် အားယူပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သူကိုယ်တိုင်မှလွဲ၍ မည်သူမျှ သိမည်မထင်။
မညာတမ်း ပြောရလျှင် ကူချိုင်ယီနှင့် ပတ်သက်လာပါက သူ၏ စိတ်ခံစားချက်များမှာ ရှုပ်ထွေးလှသည်။
သူငယ်ရွယ်စဉ်က ဤတောက်ပပြီး လှပလွန်းသော အမျိုးသမီးလေးအပေါ် စိတ်ဝင်စားမှု အချို့ ရှိခဲ့သည်မှာ အမှန်ပင်။ သို့သော် ကျင့်ကြံခြင်းသက်တမ်း ကြာမြင့်လာသည်နှင့်အမျှ သူ၏ စိတ်ဝိညာဉ်မှာ တာအိုလမ်းစဉ်ကြီးအပေါ်တွင်သာ ခိုင်မာစွာ အမြစ်တွယ်သွားခဲ့ပြီ ဖြစ်သည်။ ထိုစဉ်က ခံစားချက်များမှာ လူငယ်သဘာဝ ဆွဲဆောင်ခံရမှုမျှသာ ဖြစ်ကြောင်း သူ နားလည်သွားခဲ့သည်။ ၎င်းမှာ အချစ် သို့မဟုတ် သံယောဇဉ် မဟုတ်ဘဲ သာမန် ခင်မင်ရင်းနှီးမှု သက်သက်မျှသာ ဖြစ်ပေသည်။
သို့သော် နတ်မိစ္ဆာနှလုံးသားကြေးမုံ၏ စမ်းသပ်မှုကို ဖြတ်သန်းပြီးနောက်တွင်မူ လော့ချန်၏ ဦးနှောက်အတွင်း၌ အခါအားလျော်စွာ စကားတစ်ခွန်းက အမြဲတမ်း ပဲ့တင်ထပ်နေလေ့ရှိသည်။
"ကျွန်မတို့တွေ.... ဒီလောက်နဲ့ပဲ နားလိုက်ကြရအောင်လား...."
ထိုစကားလုံးမှာ သူ ရွေးချယ်ထားသော ကျင့်ကြံခြင်းလမ်းစဉ်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသလို သူ၏ ရည်မှန်းချက်ကြီးမားမှုများနှင့်လည်း ထပ်တူကျမနေပေ။
ထို့ကြောင့်ပင် နိုးထလာခဲ့ပြီးနောက် ကူချိုင်ယီနှင့် ပတ်သက်သော ကိစ္စရပ်များကို သူ တတ်နိုင်သမျှ ရှောင်လွှဲရန်သာ ကြိုးစားခဲ့သည်။ သို့သော် ယခုလေးတင် ကူချိုင်ယီ မိမိအတွက် ရင်ထဲမှလှိုက်လှဲစွာ စဉ်းစားပေးလိုက်ခြင်းက သူ့အား တဖန် ပြန်လည်၍ စမ်းသပ်မှန်အတွင်းရှိ ပုံရိပ်ယောင်များဆီသို့ ဆွဲခေါ်သွားခဲ့ပြန်ချေပြီ။
“ထားလိုက်ပါတော့၊ အဲ့ဒါတွေကို ကံပေါ်ပဲ ပုံထားလိုက်တော့မယ်၊ ငါ သူမကို ကူညီပေးနိုင်ပေမယ့် ငါ့ရဲ့ ခြေလှမ်းတွေကို မမှီနိုင်ဘူးဆိုရင်တော့ နောက်ဆုံးမှာ သူမလည်း မြေကြီးတစ်ဆုပ် ဖြစ်သွားရမှာပဲ မဟုတ်လား”
လော့ချန် ခေါင်းယမ်းလိုက်ရင်း ကျင့်ကြံခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့တော့သည်။
....
နောက်တစ်နေ့ နံနက်စောစောတွင် ဖြစ်သည်။
စီမာဟွေ့နန်သည် ထျန်းလန်တောင်ထိပ်သို့ အပြေးအလွှား ရောက်ရှိလာခဲ့ပြီး လော့ချန်နှင့် အချိန်အတော်ကြာအောင် ဆွေးနွေးခဲ့သည်။ မွန်းလွဲပိုင်း အချိန်သို့ ရောက်လာမှသာ သူမ ဒန်ရှားတောင်သို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။
မကြာမီ အချိန်အတွင်းမှာပင် လော့ထျန်းအဖွဲ့အတွင်း၌ ခံစားခွင့်အသစ်တစ်ခုကို ထုတ်ပြန်ကြေညာလိုက်လေသည်။
လော့ထျန်းအဖွဲ့အနေဖြင့် နှစ်စဉ် ဝိညာဉ်ကျောက်တုံး နှစ်သောင်းကို အသုံးပြု၍ ထျန်းလန်တောင်ထိပ်ရှိ ဒုတိယအဆင့် အဆင့်လတ် ဂူဗိမာန်တစ်ခုကို ရေရှည် ငှားရမ်းထားမည်ဖြစ်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိသွားသော မည်သည့်ကျင့်ကြံသူမဆို ဤအဆင့်မြင့်ဂူဗိမာန်အတွင်း၌ အလှည့်ကျစနစ်ဖြင့် ဝင်ရောက်ကျင့်ကြံနိုင်ခွင့် ရရှိကြမည် ဖြစ်၏။
ထိုမျှမကသေးဘဲ ချီသန့်စင်အဆင့်အထွတ်အထိပ် ရောက်ရှိထားသော ကျင့်ကြံသူများသည်လည်း ကြိုတင်၍ စာရင်းပေးသွင်းထားနိုင်ပြီး မိမိတို့ စုဆောင်းထားသော ကုသိုလ်မှတ်များအပေါ် မူတည်ကာ အခြေတည် ဝိညာဉ်ဆေးဝါးများကို ကြိုတင်စာရင်းသွင်းနိုင်မည် ဖြစ်သည်။ လော့ထျန်းအဖွဲ့အနေဖြင့် အခြေတည် ဆေးလုံးများကို ရရှိသည်နှင့် တပြိုင်နက် ထိုကျင့်ကြံသူများထံသို့ ချက်ချင်းဆိုသလို ခွဲဝေပေးသွားမည် ဖြစ်၏။ ထိုအပြင် အဖွဲ့သားများသည် ဒုတိယအဆင့် ဂူဗိမာန်ကိုလည်း တစ်ကြိမ်တစ်ခါ အခမဲ့ အသုံးပြုခွင့် လျှောက်ထားနိုင်မည် ဖြစ်ပေသည်။
ဤသတင်း ထွက်ပေါ်လာခဲ့သည်နှင့်တစ်ပြိုင်နက် လော့ထျန်းအဖွဲ့အတွင်း၌ ကြီးမားလှသော လှိုင်းလုံးကြီးတစ်ခု ဖြတ်သန်းသွားခဲ့ရတော့သည်။
အဆင့်နိမ့်ကျင့်ကြံသူများ အားလုံးသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းနိုင်မည့် နေ့ရက်နှင့် လူတိုင်း မက်မောကြသော ဒုတိယအဆင့် အဆင့်လတ် ဂူဗိမာန်အတွင်း နေထိုင်ခွင့်ရမည့် အချိန်ကို မျှော်လင့်တကြီး စောင့်စားလာကြတော့သည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူကြီးများပင်လျှင် ထိုသတင်းကို ကြားရသောအခါ အတိုင်းထက်အလွန် ဝမ်းမြောက်သွားခဲ့ကြရ၏။
အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများမှာ ဝင်ငွေကောင်းကြသည်ဆိုသော်လည်း ဒုတိယအဆင့် ဂူဗိမာန်တစ်ခုအတွက် တစ်နှစ်လျှင် ဝိညာဉ်ကျောက်တုံး တစ်သောင်းအထိ ပေးချေရခြင်းမှာ သူတို့အတွက် ဖိအားများလွန်းလှသည်။ ယခုအခါတွင်မူ သတ်မှတ်ထားသော အချိန်ကာလအလိုက် အဆင့်လတ် ဂူဗိမာန်ကို အသုံးပြုနိုင်တော့မည် ဖြစ်ရာ အလှည့်ကျ အသုံးပြုရမည် ဖြစ်သော်ငြား ယခင်က တစ်ယောက်တည်း ဂူဗိမာန်ငှားရမ်းခြင်းထက်စာလျှင် များစွာ ပို၍ တွက်ချေကိုက်ပေသည်။
အခြားသော ကိစ္စရပ်များမှာမူ ချွေတာနိုင်မည့် ဝိညာဉ်ကျောက်တုံးများနှင့် ပိုမိုထူထပ်သိပ်သည်းသော ဝိညာဉ်ကြော၏ ရှေ့မှောက်တွင် အရေးမပါလှသော ကိစ္စများအဖြစ်သာ ကျန်ရှိတော့လေသည်။
ဤ ခံစားခွင့်ကို ကြေညာချက် ထုတ်ပြန်ပြီးနောက် စီမာဟွေ့နန် စတင်လှုပ်ရှားတော့သည်။
သူမသည် ယခင်က လော့ထျန်း၏ အကျိုးအမြတ်များအပေါ်တွင်သာ မှီခို၍ အေးအေးလူလူ နေထိုင်ကာ အဖွဲ့အတွက် ပေးဆပ်မှုအလွန်နည်းပါးလှသော အဖွဲ့ဝင်အချို့ကို လူသိရှင်ကြား နာမည်ထုတ်ဖော်၍ ပြင်းထန်စွာ ဝေဖန်လိုက်တော့သည်။ ထိုအခွင့်အရေးကို အသုံးချ၍ သူမသည် လော့ထျန်းအဖွဲ့၏ အခြေခံလစာစနစ်နှင့် ကုသိုလ်မှတ်စနစ်တို့ကိုပါ တစ်ပါတည်း ပြန်လည်ပြင်ဆင် ဖွဲ့စည်းလိုက်လေသည်။
သူမသည် ကုသိုလ်တော်ခန်းမနှင့် ပူးပေါင်း၍ ကုသိုလ်မှတ် တည်ဆောက်ပုံစနစ်တစ်ခုလုံးကို အကြီးအကျယ် ပြုပြင်ပြောင်းလဲခဲ့သည်။ ယခုအချိန်မှစ၍ ကုသိုလ်မှတ်များမှာ ဆေးလုံး သို့မဟုတ် ကျင့်စဉ်များ လဲလှယ်ရန်အတွက်သာ သုံးနိုင်သော ငွေကြေးအဖြစ် တည်ရှိတော့မည် မဟုတ်ဘဲ လစဉ်လစာများနှင့် တိုက်ရိုက် ချိတ်ဆက်သွားတော့မည် ဖြစ်၏။ ထို့ကြောင့်ပင် လော့ထျန်းအဖွဲ့ရှိ ကျင့်ကြံသူများ အားလုံး၏ အခြေခံလစာများမှာ လျော့ကျသွားခဲ့ရတော့သည်။
ဥပမာအားဖြင့် တိုက်ခိုက်ရေးခန်းမဆောင်မှ ချီသန့်စင်နှောင်းပိုင်းအဆင့် ကျင့်ကြံသူများသည် ယခင်က လစဉ် အခြေခံလစာ ဝိညာဉ်ကျောက်တုံး တစ်ရာ ရရှိခဲ့ကြသော်လည်း ယခုအခါတွင်မူ ရှစ်ဆယ်အထိ ပြင်ဆင်သတ်မှတ်ခြင်း ခံလိုက်ရသည်။ ကျန်ရှိသော ဝိညာဉ်ကျောက်တုံး နှစ်ဆယ်ကိုမူ ယာယီအားဖြင့် ထိန်းသိမ်းထားမည် ဖြစ်ပြီး တစ်နှစ်တာ ကုသိုလ်မှတ်များအပေါ် မူတည်၍ တွက်ချက်ကာ နှစ်ကုန်ပိုင်း သုံးသပ်ချက် ပြီးဆုံးမှသာ ထုတ်ပေးသွားမည် ဖြစ်၏။ အကယ်၍ သူတို့၏ ကုသိုလ်မှတ် မလုံလောက်ပါက အခြေခံလစာ ရှစ်ဆယ်ကိုသာ ရရှိမည် ဖြစ်ပြီး ပြည့်မီပါက တစ်ရာ အပြည့် သို့မဟုတ် ထိုထက်မက ပိုမိုရရှိနိုင်မည် ဖြစ်ပေသည်။
ကုသိုလ်မှတ်များကို တွက်ချက်ရန်အတွက်မူ စီမာဟွေ့နန်နှင့် ကုသိုလ်တော်ခန်းမမှ ကျင့်ကြံသူများ ပူးပေါင်း၍ အသေးစိတ် စံနှုန်းတစ်ခုကို သတ်မှတ်ထားပြီး ဖြစ်သည်။
ဥပမာအားဖြင့် တိုက်ခိုက်ရေးခန်းမဆောင်တွင်မူ တိုက်ပွဲဝင်မှု၊ ကင်းလှည့်စောင့်ကြပ်မှုနှင့် ကိုယ်ပိုင်ကျင့်ကြံခြင်း တိုးတက်မှု စသည့် အချက်များအပေါ် မူတည်၍ တွက်ချက်မည် ဖြစ်၏။
ဆေးဖော်ခန်းမဆောင်တွင်မူ ကုသိုလ်မှတ်များကို ချွီလင်ကျွင်း၊ မီလီ၊ ချိုးရင်းနှင့် မာရှို့ဖူ စသည့် နာမည်ကြီး ဆေးဖော်စပ်သူ လေးဦး၏ ဆေးလုံးအထွက်နှုန်းနှင့် ချိတ်ဆက်ထားမည် ဖြစ်သည်။
လက်နက်ခန်းမဆောင်တွင်မူ သတ္တုရိုင်းများ သန့်စင်ခြင်း၊ လက်နက်များ သွန်းလုပ်ခြင်းနှင့် အရောင်းအဝယ် ကိစ္စရပ်များအပေါ် မူတည်ပြီး ဆေးဝါးခန်းမဆောင်တွင်မူ ဝိညာဉ်အပင်များ ရိတ်သိမ်းမှုအပေါ် မူတည်၍ တွက်ချက်သွားမည် ဖြစ်ပေသည်။
ဤအပြောင်းအလဲများမှာ ချီသန့်စင်အဆင့် ကျင့်ကြံသူများအပေါ်တွင်သာ သက်ရောက်သည်မဟုတ်ဘဲ အခြားသော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ သုံးဦး၏ အခြေခံလစာများကိုလည်း ဝိညာဉ်ကျောက်တုံး ရာဂဏန်းအထိ လျှော့ချပစ်ခဲ့သည်။ ပြောရလျှင် ကုသိုလ်တော်ခန်းမ၏ ကုသိုလ်မှတ်များသည် အပိုဆောင်း ခံစားခွင့်တစ်ခု မဟုတ်တော့ဘဲ စနစ်သစ်တစ်ခု၏ အခြေခံအုတ်မြစ် ဖြစ်လာခဲ့ပြီ ဖြစ်၏။ ကုသိုလ်မှတ်များ စုဆောင်းနိုင်ခြင်း ရှိ၊ မရှိမှာလည်း လော့ထျန်းအဖွဲ့အပေါ် ထားရှိသော လူတိုင်း၏ ပေးဆပ်မှုအပေါ်တွင်သာ မူတည်နေတော့သည်။ ဤလုပ်ဆောင်ချက်ကြောင့် အဖွဲ့အတွင်း အချောင်ခိုလိုသော လူအများမှာ ချက်ချင်းဆိုသလို အပိုးကျိုးသွားခဲ့ကြသည်။
အချို့လူများက မကျေနပ်မှုကို ဖော်ပြကြသော်လည်း စီမာဟွေ့နန်ကမူ စကားတစ်ခွန်းတည်းဖြင့် ထိုသူတို့၏ ပါးစပ်ကို ပိတ်ပစ်ခဲ့သည်။
“အဖွဲ့ခေါင်းဆောင်ရဲ့ ရက်ရောမှုက ရှင်တို့တွေ ထိုင်ပြီးတော့ အချောင်ခိုစားသောက်ဖို့အတွက် မဟုတ်ဘူး”
ဤစကားတစ်ခွန်းက လူတိုင်းကို လုံးဝ ဆွံ့အသွားစေခဲ့သည်။
အခြေခံလစာ လျှော့ချခြင်းနှင့် ပတ်သက်၍ အဆင့်နိမ့်ကျင့်ကြံသူအများစုမှာ အကျိုးခံစားခွင့်အသစ်များကို မျှော်လင့်လျက် လက်ခံခဲ့ကြသည်။ အကြောင်းမှာ သူတို့အနေဖြင့် ကုသိုလ်မှတ်များများ စုဆောင်းနိုင်သရွေ့ ယခင်ကထက်ပင် ပိုမို၍ ဝင်ငွေကောင်းနိုင်သောကြောင့် ဖြစ်ပြီး ထို့ထက် ပို၍ အရေးကြီးသည်မှာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းနိုင်မည့် လမ်းစ ပေါ်ပေါက်လာခြင်းကြောင့်ပင် ဖြစ်၏။
အဆင့်မြင့်ကျင့်ကြံသူများသည်လည်း အဆင့်လတ် ဂူဗိမာန်ကို အသုံးပြုနိုင်မည့် အခွင့်အရေးကြောင့် မည်သည့် သဘောထားကွဲလွဲမှုမျှ မရှိကြချေ။ တစ်လလျှင် ဝိညာဉ်ကျောက်တုံး ရာဂဏန်းခန့် လျော့နည်းသွားခြင်းမှာ တစ်နှစ်လုံး ပေါင်းလိုက်လျှင်ပင် ထောင်ဂဏန်းမျှသာ ရှိပေသည်။ ဤငွေပမာဏသည် ဂူဗိမာန်တစ်ခုတည်းကို သီးသန့်ငှားရမ်းရမည့် ဈေးနှုန်းနှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက ပိုမို၍ တွက်ချေကိုက်ပေသေးသည်။ ထို့ပြင် ဤသည်ကား အဆင့်လတ် ဂူဗိမာန်တစ်ခု ဖြစ်ပေသည်။
ဤသို့သော မူဝါဒ တစ်ခုလုံးကို ချမှတ်ပြီးနောက်တွင်မူ လော့ချန်၏ ရည်ရွယ်ချက်ကို အခြေခံအားဖြင့် အပြည့်အဝ အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်သည်။။ လက်တွေ့တွင် ဤလုပ်ဆောင်ချက်မှာ အလွန်အမင်း ရှုပ်ထွေးလှသည်လည်း မဟုတ်ချေ။ အမှန်စင်စစ် ကုသိုလ်အမှတ် စနစ်ကို သူ၏ ယခင်ဘဝ လုပ်ငန်းခွင်အတွင်းရှိ စွမ်းဆောင်ရည် အကဲဖြတ်ခြင်း စနစ်အဖြစ်သို့ မြှင့်တင်လိုက်ခြင်းမျှသာ ဖြစ်ပေသည်။
ဤနည်းလမ်းဖြင့် သူသည် သတ်မှတ်ထားသော အချိန်ကာလအလိုက် ရည်မှန်းချက်များကို ချမှတ်နိုင်ပြီး အဖွဲ့အတွင်းပိုင်းအခြေအနေများကို စစ်ဆေးနိုင်မည် ဖြစ်၏။ ထို့ပြင် အဖွဲ့အတွင်း ရေသာခိုနေသော ကပ်ပါးပိုးမွှား ပြဿနာကိုလည်း ဖြေရှင်းနိုင်မည် ဖြစ်ပေသည်။ တစ်နည်းအားဖြင့် သူ့အား အကျိုးအမြတ်များကို ပြန်လည် ခွဲဝေနိုင်ခွင့် ပေးလိုက်ခြင်းပင် ဖြစ်၏။ လူပျင်းများထံမှ ဝိညာဉ်ကျောက်တုံးများကို နုတ်ယူကာ အလုပ်ကြိုးစားသော လူများထံသို့ ဆုချလိုက်ခြင်းဖြစ်သည်။
ထို့ပြင် နှစ်ကုန်ပိုင်းမှသာ ထုတ်ပေးမည် ဖြစ်သောကြောင့် ကြားထဲရှိ တစ်နှစ်တာ ကာလအတွင်း ပိုလျှံနေသော ဝိညာဉ်ကျောက်တုံးများသည် သူနှင့် လော့ထျန်းအဖွဲ့အတွက်မူ ကြီးမားလှသော လည်ပတ်ငွေ ပမာဏတစ်ခု ဖြစ်လာတော့မည် ဖြစ်၏။ ထိုထက် ပို၍ကောင်းသည်မှာ ဤကုသိုလ်အမှတ် စနစ်ရှိနေခြင်းကြောင့် အဖွဲ့အတွင်း ပြိုင်ဆိုင်မှုများကို ပိုမို၍ မြင့်တက်စေကာ အတူတကွ တိုးတက်လာနိုင်စေမည် ဖြစ်ပေသည်။
ခံစားခွင့်နှင့် ပက်သက်လျှင်မူ အမှန်စင်စစ် သိုးမွေးဟူသည်မှာ သိုး၏ ကိုယ်ပေါ်မှသာ ရရှိခြင်း ဖြစ်ပေသည်။ တစ်နှစ်လျှင် ဝိညာဉ်ကျောက်တုံး နှစ်သောင်းဟူသည်မှာ ကြည့်ရသည်မှာ များပြားလှသော်လည်း နောင်တွင် အခြေတည်အဆင့် ကျင့်ကြံသူများ ပိုမို၍ များပြားလာသည်နှင့်အမျှ တစ်လချင်းစီတွင် နှုတ်ပယ်လိုက်သော အခြေခံလစာများကို တစ်နှစ်လုံး ပေါင်းစည်းလိုက်မည်ဆိုပါက သေချာပေါက် ဝိညာဉ်ကျောက်တုံး နှစ်သောင်းထက် ပိုမို၍ များပြားလှပေလိမ့်မည်။
....
ဒန်ရှားတောင်၊ ဟွေ့ရှင်းခန်းမဆောင်အတွင်း၌ ဖြစ်သည်။
စီမာဟွေ့နန်သည် စားပွဲရှည်ကြီး၏ ထိပ်ဆုံးတွင် ထိုင်လျက်ရှိသည်။ အပြင်စည်းအဖွဲ့၏ တာဝန်ခံဖြစ်သော ရွှီရှောင်လျိုကမူ သူမ၏ ဘေးနားတွင် တရိုတသေဖြင့် မတ်တတ်ရပ်နေလေသည်။
အချိန်အတော်ကြာပြီးနောက် စီမာဟွေ့နန်က မော့ကြည့်လိုက်ရင်း
“လျိုဇီ.... ငါတို့ တစ်ကိုယ်တော်ကျင့်ကြံသူတွေကို စပြီး ခေါ်လို့ရပြီ.... ဒါပေမယ့် အရှုပ်အရှင်းကင်းတဲ့ သူတွေတော့ ဖြစ်ပလေ့စေနော်.... ဒီအပိုင်းကိုတော့ မင်းပဲ အဓိကတာဝန်ယူလိုက်ပါ.... နောက်ဆုံးအတည်ပြုချက်ကျမှ ငါနဲ့ ကုသိုလ်တော်ခန်းမက ကိုင်တွယ်လိုက်မယ်”
ရွှီရှောင်လျိုတစ်ယောက် ထိုစကားများကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် မျက်ဝန်းအစုံမှာ တောက်ပသွားခဲ့ရတော့သည်။ အပြင်စည်းအဖွဲ့တွင်လည်း နောက်ဆုံး လူသစ်များခေါ်ယူနိုင်ခဲ့ချေပြီ။ နောင်တွင်မူ သူသည် အမည်ခံသက်သက် တာဝန်ခံတစ်ဦး မဟုတ်တော့ချေ။
“စီမံခန့်ခွဲရေးမှူး.... စိတ်ချပါဗျာ၊ လျိုဇီ သေချာပေါက် စီမံခန့်ခွဲရေးမှူးကို စိတ်ပျက်စေမှာ မဟုတ်သလို အဖွဲ့ချုပ်ခေါင်းဆောင်ကိုလည်း စိတ်ပျက်စေမှာ မဟုတ်ပါဘူး”
သူ စိတ်လှုပ်ရှားစွာဖြင့် ထွက်ခွာသွားသည်ကို ကြည့်ရှုရင်း စီမာဟွေ့နန် ပြုံးလိုက်မိကာ ခေါင်းယမ်းလိုက်တော့သည်။ လောလောဆယ်တွင်မူ အတွင်းပိုင်းမူဝါဒများကို တတ်နိုင်သမျှ ပြုပြင်ပြင်ဆင်ပြီး ဖြစ်သည်။ နောက်ထပ် ပြောင်းလဲမှုများကိုမူ တဖြည်းဖြည်းနှင့် ခြေလှမ်းမှန်မှန်သာ လုပ်ဆောင်သွားရပေလိမ့်မည်။
အပြင်စည်းအဖွဲ့တွင် လူသစ်စုဆောင်းခြင်း စတင်ရမည် ဖြစ်သည်။ လော့ချန် ပြောထားခဲ့သည့်အတိုင်း လူပေါင်း နှစ်ရာကျော်မျှသာ ရှိသော အဖွဲ့ငယ်လေးဖြင့်မူ အခြေတည်အဆင့် ကျင့်ကြံသူ အမြောက်အမြားကို ထောက်ပံ့ပေးနိုင်ရန်မှာ မဖြစ်နိုင်ချေ။ အဆင့်နိမ့်ကျင့်ကြံသူ အရေအတွက်ကိုမူ သေချာပေါက် တိုးမြှင့်ရမည် ဖြစ်၏။ အသစ်ခေါ်ယူမည့် တစ်ကိုယ်တော်ကျင့်ကြံသူများကိုမူ အပြင်စည်းအဖွဲ့ထဲသို့ ထည့်သွင်းသွားမည် ဖြစ်သည်။ အခြေခံလစာကဲ့သို့သော အရာများအစား ကုသိုလ်အမှတ်ပေါ်တွင်သာ မူတည်၍ ဆောင်ရွက်သွားမည် ဖြစ်၏။
တိုးပွားလာမည့် လူအင်အားကို စီမံရန်လည်း အစီအစဉ်များ ရှိပြီးဖြစ်သည်။
လော့ထျန်းအဖွဲ့၏ ဝိညာဉ်စိုက်ခင်း ရာပေါင်းများစွာမှာ ယခုအချိန်အထိ လူအင်အား မလုံလောက်ခြင်းကြောင့် စိုးရိမ်ပူပန်နေရဆဲ ဖြစ်ပေသည်။ မဟုတ်ပါကလည်း ယခုကဲ့သို့ တိုက်ခိုက်ရေးခန်းမဆောင်၏ ကျင့်ကြံသူများကို စိုက်ခင်းသို့ ဆင်း၍ လယ်စိုက်ခိုင်းနေမည် မဟုတ်ချေ။ ထို့ပြင် နောင်တွင် လော့ထျန်းအဖွဲ့ ကြီးထွားလာသည်နှင့်အမျှ ခန်းမဆောင်အသီးသီးတွင် လူအင်အားများ သေချာပေါက် လိုအပ်လာမည် ဖြစ်သည်။
အမှန်စင်စစ် ထျန်းလန်နတ်ဘုရားမြို့တော်သည် တစ်ကိုယ်တော်ကျင့်ကြံသူများနှင့် ပြည့်နှက်နေပြီး ထိုသူများသည် စည်းစိမ်ဥစ္စာ သို့မဟုတ် အာဏာထက် ကျင့်ကြံရန် တည်ငြိမ်အေးချမ်းသော နေရာတစ်ခုကိုသာ တောင့်တနေကြခြင်း ဖြစ်သည်။ လော့ထျန်းအဖွဲ့ကမူ ထိုအရာကို သူတို့အား ကမ်းလှမ်းပေးနိုင်ပေသည်။
....
ထျန်းလန်တောင်ထိပ်၏ ပင်း-၁၇ ဂူဗိမာန်အတွင်းဝယ်....။
လော့ချန် လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ နှင်းဧကရာဇ်အိုးအတွင်းမှ နှင်းပွင့်အလား ဖြူစင်သော ဆေးလုံးသုံးလုံး ဝဲပျံထွက်ပေါ်လာသည်။
ဆေးလုံးများသည် လေထဲတွင် ဝဲလည်ကာ သူ၏ လက်ဖဝါးပေါ်သို့ သက်ဆင်းလာခဲ့ကြသည်။ မထင်မရှား ပေါ်ထွက်နေသော တိမ်တိုက်ပုံစံ အစင်းကြောင်း သုံးကြောင်းခွဲခန့်ကို ကြည့်ရင်း လော့ချန်၏ တည်ငြိမ်နေသော စိတ်အာရုံထဲတွင် ရင်ခုန်စိတ်လှုပ်ရှားမှုလှိုင်းလုံးတစ်ခု ဖြတ်သန်းသွားခဲ့ရ၏။
“ထိပ်တန်းအဆင့် ချီလမ်းကြောင်းဆေးလုံး”
သူ မျှော်လင့်ထားခဲ့ဖူးသော်လည်း ချီလမ်းကြောင်းဆေးလုံးအား အထွတ်အထိပ်အဆင့်အထိ မြှင့်တင်ပြီးနောက်တွင်မူ သူ၏ ရင်ထဲဝယ် အနည်းငယ်မျှတော့ စိုးရိမ်ပူပန်မှု ရှိနေခဲ့သေးသည်သာ။ ယခင်ကကဲ့သို့ပင် ထိပ်တန်းအဆင့် ဆေးလုံးကို ဖော်စပ်နိုင်ခြင်း ရှိ၊ မရှိဟူသည်ကို စိုးရိမ်ပူပန်ခဲ့ရသလို ပထမအဆင့် ထိပ်တန်းဆေးလုံးများက သူ၏ လက်ရှိအဆင့်တွင် အကျိုးသက်ရောက်မှု ရှိ၊ မရှိ ဟူသည်ကိုလည်း စိုးရိမ်ပူပန်ခဲ့ရသည်။ သို့သော် ဆေးလုံး၏ ရနံ့ကို အသာအယာ တစ်ချက် ရှူရှိုက်လိုက်ပြီးနောက်တွင်မူ သူ့ရင်ထဲရှိ စိုးရိမ်ပူပန်မှုအားလုံးမှာ အငွေ့ပျံသလို လွင့်ပျံပျောက်ကွယ်သွားခဲ့ရသည်။
ထိုအိမ်မက်ဆန်ဆန် ခံစားချက်ကပင် ဤထိပ်တန်းအဆင့် ချီလမ်းကြောင်းဆေးလုံးသည် သူ့အတွက် အမှန်တကယ် ထိရောက်မှု ရှိစေမည် ဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိ သက်သေပြနေခဲ့ပြီ ဖြစ်သည်။ အမှန်စင်စစ် ပထမအဆင့် ထိပ်တန်းအံ့ဖွယ်တစ်သောင်းဆေးလုံးပင်လျှင် တတိယအဆင့် သားရဲတိရစ္ဆာန်ကြီးများအပေါ် အနည်းငယ် အကျိုးသက်ရောက်မှု ရှိခဲ့ဖူးသည်။ သူသည်မူ အခြေတည်အဆင့် အစောပိုင်းသာ ရှိသေးသဖြင့် သေချာပေါက် အကျိုးသက်ရောက်မှု ရှိပေလိမ့်မည်။
“အကျိုးသက်ရောက်မှု သေးသေးလေး ဆိုရင်တောင် စိတ်ဝိညာဉ်ရဲ့ အခြေခံအုတ်မြစ်ကို နည်းနည်း မြှင့်တင်ပေးနိုင်ရင်ပဲ အတော်လေးတန်ဖိုးရှိနေပြီ”
လော့ချန်သည် တုံ့ဆိုင်းမနေတော့ဘဲ ဆေးအိုး သန့်ရှင်းရေးလုပ်ရန် ကိစ္စကို ပိုင်မေလင်းထံသို့ လွှဲပြောင်းပေးခဲ့ပြီး ကျင့်ကြံခန်းဆီသို့သာ တန်းတန်းမတ်မတ် ဦးတည်သွားခဲ့တော့သည်။ သူသည် စိတ်ထဲရှိ အာရုံထွေပြားမှုအားလုံးကို ဖယ်ရှားလိုက်ပြီးနောက် ဆီးနှင်းကဲ့သို့ ဖြူဖွေးလှသော ချီလမ်းကြောင်း ဆေးလုံးတစ်လုံးကို ထုတ်ယူကာ မျိုချလိုက်လေတော့သည်။
အမွှေးတိုင်တစ်တိုင် ကုန်ဆုံးလုနီး အချိန်သို့ ရောက်ရှိလာချိန်တွင် လော့ချန်၏ မျက်ခွံများ အသာအယာ တုန်ခါသွားခဲ့ပြီး သူ၏ စိတ်အာရုံသည်လည်း အသိစိတ်ပင်လယ်အတွင်းသို့ အပြည့်အဝ နစ်မြုပ်သွားခဲ့ရ၏။
ထိုကျယ်ပြောပြီး ဆိတ်ငြိမ်လှသော အသိစိတ်ပင်လယ်အတွင်း၌ ရွှေရောင်အလင်းတန်းတစ်ခုက တိတ်တဆိတ် ဝဲပျံနေခဲ့သည်။
ကျင့်ကြံခြင်းလောက၏ အဆိုအရ ဤရွှေရောင်အလင်းတန်းသည် လူတစ်ဦး၏ စိတ်ဝိညာဉ် အခြေခံအုတ်မြစ်ပင် ဖြစ်ပေသည်။ ချီသန့်စင်အဆင့်တွင်မူ ၎င်းသည် အသိစိတ်ပင်လယ်အတွင်း၌သာ ပိတ်မိနေခဲ့ပြီး ပြင်ပသို့ ထွက်ခွာနိုင်ခြင်း မရှိသေးချေ။ အခြေတည်အဆင့် ရောက်ရှိပြီးနောက်တွင်မူ ဒန်ထျန်းသည် ပင်လယ်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အသိစိတ်ပင်လယ်သည်လည်း ဆွဲဆောင်မှုကို ခံရခြင်းကြောင့် စိတ်ဝိညာဉ်မှာ ပြင်ပသို့ ထွက်လာနိုင်ပြီး ထိုအရာကို ဝိညာဉ်အာရုံဟု ခေါ်တွင်ခြင်း ဖြစ်ပေသည်။
ရွှေအမြုတေအဆင့်သို့ ရောက်ရှိမည့် အချိန်တွင်မူ အသိစိတ်ပင်လယ်သည် နန်းတော်အဖြစ်သို့ ပြောင်းလဲသွားကာ ခရမ်းရောင်နန်းတော် ရတနာနယ်မြေ ဖြစ်လာတော့မည် ဖြစ်ပြီး ဝိညာဉ်အာရုံမှာလည်း စိတ်ဝိညာဉ်နှင့် ပေါင်းစည်းသွားရင်း နတ်ဘုရားအာရုံအဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်ပေသည်။
ဝိညာဉ်သန္ဓေတည်အဆင့်သို့ ရောက်ရှိသွားခဲ့သည့်အခါတွင်မူ ထိုရွှေရောင်အလင်းတန်းသည် လူသားတစ်ဦး၏ ပုံစံအဖြစ်သို့ပင် ပြောင်းလဲသွားနိုင်ပြီး ထိုအရာကို ဝိညာဉ်သုံးပါးနှင့် စိတ်ဝိညာဉ်ခုနှစ်ပါးတို့ ပေါင်းစည်းထားသည့် နတ်ဘုရားသန္ဓေဟု ခေါ်တွင်လေသည်။
ယခုအခါတွင်မူ ရွှေရောင်အလင်းတန်းသည် အသာအယာ တုန်ခါသွားခဲ့ပြီး ပြည့်ဝဖောင်းပွလာသည့် ခံစားချက်တစ်ခုကို ပေးစွမ်းလာခဲ့သည်။ လော့ချန်သည် မိမိကိုယ်ကိုယ် ပိုမိုသန်မာလာခဲ့ပြီ ဖြစ်ကြောင်း ခံစားလိုက်ရ၏။
ချက်ချင်းဆိုသလိုပင် သူ၏ စိတ်အာရုံခံစားမှုသည် အသိစိတ်ပင်လယ်အတွင်းမှ ပြန်လည်ရုန်းထွက်လာခဲ့သည်။ သူ မျက်လုံးများကို ဖွင့်လိုက်ပြီး သက်ပြင်းရှည်ကြီးတစ်ချက်ကို မှုတ်ထုတ်လိုက်မိ၏။ ထိပ်တန်းအဆင့် ချီလမ်းကြောင်း ဆေးလုံးသည် သူ့အတွက် အမှန်တကယ်ပင် ထိရောက်မှု ရှိခဲ့ပြီး သူမျှော်လင့်ထားခဲ့သည်ထက်ပင် ပိုမိုကောင်းမွန်နေခဲ့သေးသည်။
ယခင်က သူ၏ စိတ်ဝိညာဉ် အခြေခံအုတ်မြစ်မှာ အခြေခံတည်ဆောက်ခြင်းနှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ စံနှုန်းသို့ မနည်းမီရုံမျှသာ ရှိခဲ့ပြီး အတော်အတန် မတည်မငြိမ် ဖြစ်နေခဲ့ရသည်။ သို့သော်လည်း ယခု ချီလမ်းကြောင်းဆေးလုံးတစ်လုံးကို သောက်သုံးပြီးနောက်တွင်မူ ၎င်းက လုံးဝကို တည်ငြိမ်သွားခဲ့ရရုံမျှမက ပြည့်ဝစုံလင်သော ခံစားချက်ကိုပါ ပေးစွမ်းလာခဲ့ခြင်း ဖြစ်၏။
“ငါသာ ဒါကို ဆက်တိုက် သောက်သွားမယ်ဆိုရင် ငါ့ရဲ့ စိတ်ဝိညာဉ် အခြေခံအုတ်မြစ်က သေချာပေါက် ထပ်တိုးတက်လာဦးမှာပဲ.... ဆယ်ရက် တစ်လုံးနှုန်းနဲ့ သောက်မယ်ဆိုရင် ငါ့ရဲ့ တစ်လတာ ကျင့်ကြံခြင်းအတွက်တော့ ဖူလုံသွားပြီ”
ချက်ချင်းပင် လော့ချန်၏ ရင်ထဲဝယ် မျှော်လင့်ချက်များ ပြည့်လျှံသွားခဲ့ရတော့သည်။ သူ ဤမျှလောက်အထိ စိတ်ဝိညာဉ်ကို အလေးထားရခြင်းမှာ မဆန်းချေ။ လက်တွေ့တွင်မူ စိတ်ဝိညာဉ်ဟူသည်မှာ အလွန်ပင် အရေးကြီးလွန်းလှပေသည်။ တိုက်ပွဲများအတွင်း၌ ၎င်း၏ စွမ်းပကားက သိသာထင်ရှားခြင်း မရှိလှသော်လည်း နေ့စဉ်ကျင့်ကြံခြင်း ကိစ္စရပ်များတွင်မူ ၎င်း၏ အကျိုးကျေးဇူးများမှာ အမှန်တကယ်ပင် ထူးခြားဆန်းပြားလွန်းလှ၏။
ကျင့်ကြံ အဆင့်နိမ့်ပါးစဉ်က လော့ချန်၏ စိတ်ဝိညာဉ်မှာ အလွန်ပင် အားနည်းလှသဖြင့် ထို့ကြောင့်ပင် တစ်နေ့လျှင် နွေဦးကျင့်စဉ်ကို နှစ်ကြိမ်မျှသာ လည်ပတ်နိုင်ခဲ့ခြင်း ဖြစ်၏။ စိတ်ငြိမ်အမွှေးတိုင်များ၏ အကူအညီဖြင့်သာ ထိုပြဿနာကို မနည်းဖြေရှင်းနိုင်ခဲ့ခြင်း ဖြစ်၏။ နေ့စဉ် ဆေးလုံးများ ဖော်စပ်ခြင်းကလည်း သူ၏ စိတ်စွမ်းအားကို များစွာ ထိခိုက်စေခဲ့ပြီး နှလုံးသားကပ်ဘေးကို ဖြတ်ကျော်ပြီးနောက်မှသာ တစ်နေ့လျှင် ဆေးတစ်အိုး ပိုမိုဖော်စပ်နိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်ပေသည်။
အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိပြီး စိတ်ဝိညာဉ် သန်မာလာပြီးနောက်တွင်မူ သူသည် နတ်ဘုရားမီးလျှံ အမွှေးတိုင်များကို အပြည့်အဝ စုပ်ယူနိုင်ခဲ့ပြီး သူ၏ အဓိကကျင့်စဉ်ကိုလည်း တစ်နေ့လျှင် ဆယ်ကြိမ်အထိ စဉ်ဆက်မပြတ် လည်ပတ်နိုင်ခဲ့ပြီ ဖြစ်သည်။
ထို့အပြင် ချူခွေး၏ စကားကျွံသွားမှုအရ စိတ်ဝိညာဉ်ဟူသည်မှာ ရွှေအမြုတေအဆင့်သို့ တက်လှမ်းချိန်တွင် အလွန်ပင် အရေးကြီးလှကြောင်း လော့ချန် အတည်ပြုနိုင်ခဲ့သည်။ ထိုလူ၏ လေသံအရ ချီစွမ်းအား ပြည့်ဝခြင်းနှင့် ခန္ဓာကိုယ်သန်မာခြင်းတို့ထက်ပင် များစွာ ပို၍ အရေးကြီးလှပုံရ၏။
ထို့ကြောင့်ပင် လော့ချန်သည် ဝိညာဉ်ကျောက်တုံးများ ရရှိနိုင်မည့် ကျောက်စိမ်းအမြုတေဆေးလုံးများ ဖော်စပ်ခြင်းကို ဘေးဖယ်ထားခဲ့ပြီး ချီလမ်းကြောင်း ဆေးလုံးများ၏ ကျွမ်းကျင်မှုအဆင့်ကို မြှင့်တင်ရန်အတွက်သာ နှစ်ဝက်ခန့် အချိန်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုစွန့်လွှတ်မှု အားလုံးမှာ ထိပ်တန်းအဆင့် ချီလမ်းကြောင်း ဆေးလုံးများကို ဖော်စပ်နိုင်ရန်နှင့် သူ၏ စိတ်ဝိညာဉ် အခြေခံအုတ်မြစ်ကို မြှင့်တင်နိုင်ရန်အတွက်သာ ဖြစ်ပေသည်။
“တစ်နေ့နေ့မှာ ငါ့ရဲ့ ရွေးချယ်မှုက လုံးဝမမှားဘူးဆိုတာ သက်သေပြနိုင်မှာပါ”
လော့ချန် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် သိုလှောင်အိတ်ကို တစ်ချက် လှမ်း၍ ကြည့်လိုက်သည်။ ထိုအိတ်အတွင်း၌မူ ချီလမ်းကြောင်းဆေးလုံးပေါင်း ထောင်ကျော် ရှိနေပြီးဖြစ်သည်။ ထိုဆေးလုံးအားလုံးမှာ ကျွမ်းကျင်မှုအဆင့်ကို မြှင့်တင်နေသည့် အတောအတွင်း ဖော်စပ်ထွက်ပေါ်လာခဲ့သော အဆင့်နိမ့်၊ အဆင့်လတ်နှင့် ခြောက်ရာကျော်မျှ ရှိနေသော အဆင့်မြင့် ချီလမ်းကြောင်းဆေးလုံးများ ဖြစ်ကြပေသည်။
ထိုဆေးလုံးများအား ဤအတိုင်း ထားထား၍ မဖြစ်ချေ။ အလွန်ပင် ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။
လော့ချန်သည် ထိုဆေးလုံး၏ ကျွမ်းကျင်မှုအဆင့်ကို မြှင့်တင်နိုင်ရန်အတွက် ဝိညာဉ်ကျောက်တုံး တစ်သောင်းထက်မနည်းသော ကုန်ကြမ်းပစ္စည်းများကို အသုံးပြုခဲ့ရသည်။ ပေးဆပ်ခဲ့ရသည့် အချိန်များကိုမူ ထည့်ပင်မတွက်ရသေးချေ။ အကယ်၍ ထိုအချိန်များတွင် ကျောက်စိမ်းအမြုတေဆေးလုံးများကိုသာ ဖော်စပ်ခဲ့မည်ဆိုပါက အနည်းဆုံး ဝိညာဉ်ကျောက်တုံး ရှစ်သောင်း၊ ကိုးသောင်းခန့် ရရှိနိုင်မည် ဖြစ်သည်။ ဤသို့ တွက်ချက်ကြည့်လိုက်မည်ဆိုပါက ဤဆေးများကား ဝိညာဉ်ကျောက်တုံး တစ်သိန်းတန် ဆေးပုံကြီး ဖြစ်ပေသည်။ ထို့ကြောင့်ပင် ဤဆေးလုံးများမှတစ်ဆင့် အရင်းအနှီးကို သေချာပေါက် ပြန်ရှာရမည် ဖြစ်သည်။
“ဒီချီလမ်းကြောင်းဆေးလုံး တစ်ထောင်ထဲမှာ အဆင့်နိမ့်က ၁၀၀.... ဒါကိုတော့ လော့ထျန်းအဖွဲ့ကို ပေးလို့ရတယ်.... ကုသိုလ်အမှတ်တွေနဲ့ လဲခိုင်းလို့ ရတာပေါ့.... ဒါက တကယ်လို့ ကြီးမားတဲ့ ခံစားခွင့်လို့တောင် သတ်မှတ်လို့ ရတယ်”
ချီလမ်းကြောင်းဆေးလုံးများ၏ အာနိသင်မှာမူ မည်သည့် သံသယဖြစ်ဖွယ်ရာမျှ မရှိချေ။ လော့ထျန်းအဖွဲ့အတွင်း၌မူ ထိုဆေးသည် ချီသန့်စင်အဆင့် (၉) ကျင့်ကြံသူများ၏ အသည်းစွဲ ဖြစ်သဖြင့် ထိုသူများ သေချာပေါက် ပျော်ရွှင်ကြမည် ဖြစ်သည်။
ကျန်ရှိနေသော အဆင့်လတ် အလုံးသုံးရာနှင့် အဆင့်မြင့် အလုံးခြောက်ရာကိုမူ အခြားသော လမ်းကြောင်းတစ်ခုကို ရှာဖွေ၍ ရောင်းချရန် စီစဉ်လိုက်တော့သည်။ အဖွဲ့ဝင်များအား ပေးမသုံးချင်သောကြောင့် မဟုတ်ဘဲ ဤအဆင့်လတ်နှင့် အဆင့်မြင့် ချီလမ်းကြောင်းဆေးလုံးများတွင် အိပ်မက်ဆိုးကမ္ဘာအတွင်းသို့ ဝင်ရောက်ရမည့် အန္တရာယ် အလွန်ကြီးမားလွန်းသောကြောင့် ဖြစ်သည်။ ထိုအရာသည်ကား ချီသန့်စင်အဆင့် ကျင့်ကြံသူများအနေဖြင့် လုံးဝ တောင့်ခံနိုင်စွမ်း မရှိသော အရာ ဖြစ်၏။
“အခြေတည်အဆင့် ကျင့်ကြံသူကြီးတွေကတော့ ဒီဆေးကို တန်းတန်းစွဲဖြစ်မှာ အသေချာပဲ”
လော့ချန်ကိုယ်တိုင်ကမူ အဆင့်လတ် သို့မဟုတ် အဆင့်မြင့် ဆေးလုံးများကို အသုံးပြု၍ မရတော့ချေ။ အကြောင်းမှာ သူသည် ချီသန့်စင်အဆင့်တွင် ရှိစဉ်က အဆင့်နိမ့် ချီလမ်းကြောင်းဆေးလုံးပေါင်း ရာနှင့်ချီ၍ သောက်သုံးခဲ့ဖူးသဖြင့် ကံမကောင်းစွာဖြင့် ဆေးယဉ်ပါးမှု ဖြစ်ပေါ်နေခဲ့သောကြောင့် ဖြစ်သည်။ လက်ရှိတွင် ထိပ်တန်းအဆင့် ဆေးလုံးများသာ သူ့အပေါ် အကျိုးသက်ရောက်မှု ရှိတော့သည်။ သို့သော်လည်း သူ အသုံးမပြုနိုင်သော်ငြား ချီလမ်းကြောင်း ဆေးလုံးများကို တစ်ကြိမ်မျှ မသောက်သုံးဖူးသေးသည့် အခြားသော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူကြီးများအတွက်မူ များစွာ အသုံးဝင်လှပေသည်။
လူတစ်ဦး၏ စိတ်ဝိညာဉ် အခြေခံအုတ်မြစ်ကို မြှင့်တင်ပေးနိုင်သော ဆေးလုံးများသည် အမြဲပင် ဝယ်လိုအား အလွန်မြင့်မားလှသည်။ တတိယအဆင့် ဆေးဖက်ဝင် ကုန်ကြမ်းသက်သက်မျှသာ ဖြစ်ပြီး သန့်စင်ထားခြင်းပင် မရှိသေးသော ရွှီယန်အမြုတေပင် ဝိညာဉ်ကျောက်တုံး ၇၈၀၀ အထိ အလွယ်တကူ စျေးပေါက်နေသည်ကို ကြည့်ခြင်းဖြင့် သိနိုင်ပေသည်။ ဤသိုလှောင်အိတ်ထဲရှိ ချီလမ်းကြောင်းဆေးလုံးများမှ ရရှိလာမည့် ဝိညာဉ်ကျောက်တုံး ပမာဏမှာ သေချာပေါက် အလွန်ပင် ကြီးမားလှသော ကိန်းဂဏန်းတစ်ခု ဖြစ်လာတော့မည် ဖြစ်၏။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူသည်လည်း ယခုအချိန်တွင် ဝိညာဉ်ကျောက်တုံး အလွန်ပင် လိုအပ်နေလေသည်။
“ဘယ်လို လမ်းကြောင်းကို အသုံးပြုရမလဲ.... ဒီပစ္စည်းက ဝယ်လိုအား မြင့်မားပေမယ့် အန္တရာယ်လည်း များတယ်.... အကြီးအကျယ် ထုတ်ရောင်းမယ်ဆိုရင်တော့.... သေချာတယ်.... အခြားလူတွေရဲ့ လောဘစိတ်ကို သွားဆွသလို ဖြစ်သွားလိမ့်မယ်.... ဥပမာ အင်အားစုကြီးတွေပေါ့.... အင်း.... လော့ထျန်းအဖွဲ့ရဲ့ နာမည်ကို မသုံးတာ အကောင်းဆုံးပဲ.... ငါ့နာမည်ဆို ပိုလို့တောင် မသုံးသင့်ဘူး.... အဲ့တော့ ငါကိုယ်တိုင် ရှေ့မထွက်တာ အကောင်းဆုံးပဲ.... ပြီးတော့ နောက်ဆက်တွဲ ပြဿနာတွေကိုပါ ကြိုရှင်းထားရမယ်.... တခြားသူတွေ ခြံကျော်ပြီး ငါ့တံခါးဝကို လာမခေါက်အောင်ပေါ့”
ရုတ်တရက်ဆိုသလို လော့ချန်၏ စိတ်အာရုံထဲတွင် လူတစ်ယောက်၏ ပုံရိပ် ပေါ်ထွက်လာခဲ့သည်။
“ဟုတ်သားပဲ၊ သူ ရှိနေတာပဲ”