← Chapters

အခန်း (၃၉၅-၃၉၆)

Vol. 40 Ch. 395-396

အခန်း (၃၉၅-၃၉၆)

Vol. 40 Ch. 395-396

အခန်း (၃၉၅) - နတ်တစ္ဆေတောင်ကြားဂိုဏ်း၏ ကြွင်းကျန်ရစ်သော အမွေအနှစ်

လန်ချီလှေပေါ်တွင် ဖြစ်သည်။

လော့ချန်သည် ဝေးကွာလှသော အနောက်ဘက်ဆီသို့ လှမ်းမျှော်ကြည့်လိုက်ပြီး လောလောဆယ်တွင် ရန်သူများ လိုက်ပါလာခြင်း မရှိကြောင်းနှင့် မည်သူမျှ သူ့ကို သတိမပြုမိကြောင်း သေချာအောင် အတည်ပြုလိုက်သည်။

ထို့နောက် မြေပြင်ပေါ်တွင် ပျော့ခွေလဲလျောင်းနေပြီး တစ်ကိုယ်လုံး သွေးချင်းချင်းနီနေသည့် ဓားဒဏ်ရာနှင့် ကျင့်ကြံသူကို ငုံ့ကြည့်လိုက်သည်။

“မင်းမှာ ကြက်ကလေးတစ်ကောင်ကိုတောင် သတ်နိုင်တဲ့ အင်အားမရှိတော့ဘူး၊ ငါ အခွင့်ကောင်းယူပြီး လုယက်မှာကို မကြောက်ဘူးလားကွ”

ထိုဓားဒဏ်ရာနှင့် ကျင့်ကြံသူက အတင်းအကျပ် အားယူပြုံးလိုက်ရင်း

“ဒီလိုမျိုး မေးခွန်းကို မေးတဲ့သူက အဲဒီလို အရာမျိုးကို လုပ်မယ့်လူစား မဟုတ်ပါဘူးဗျာ”

“နောက်ပြီး ကျွန်တော်က လော့ထျန်းအဖွဲ့ရဲ့ အဖွဲ့ချုပ်ခေါင်းဆောင်ကို ယုံပါတယ်.... ခေါင်းဆောင်ရဲ့ ကြင်နာတတ်ပြီး စိတ်ထားမွန်မြတ်တယ်ဆိုတဲ့ ဂုဏ်သတင်းက ဒီနယ်တစ်ဝိုက် ဟိုးလေးတကျော်ကျော်ပဲလေဗျာ”

လော့ချန် မျက်မှောင်တစ်ချက် ကြုတ်ကာ မေးလိုက်သည်။

“မင်း ငါ့ကို သိတာလား”

သူ ယခင်က ဈေးပွဲတော်တွင် ရတနာများ သွားရောက်ရှာဖွေစဉ်က သူ၏ ရုပ်ရည်နှင့် အရှိန်အဝါကို သေချာပေါက် ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။ ယခုလေးတင် တစ်ဖက်လူက သူ့နာမည်ကို တိုက်ရိုက်ခေါ်ဆိုလိုက်ခြင်းကြောင့် သူ အမှန်တကယ်ပင် ခဏမျှ အံ့အားသင့်သွားခဲ့ရသည်။ ထို့ကြောင့်ပင် သူသည် တစ်ဖက်လူကို မိမိ၏ လှေပေါ်သို့ တင်လာခဲ့ခြင်း ဖြစ်သည်။ အချို့သော ကိစ္စရပ်များကို သူ၏ ထိန်းချုပ်မှုအောက်တွင် ထားရှိခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

“ကျွန်တော် ခေါင်းဆောင်လော့ကို မသိပါဘူး.... ဒါပေမဲ့ ဒီဝိညာဉ်လှေကိုတော့ သိပါတယ်.... ထျန်းလန် နတ်ဘုရားမြို့တော်တစ်ခုလုံးမှာ ဒီ အစောဆုံး ထွက်လာတဲ့ ထိပ်တန်း ဝိညာဉ်လှေကို ပိုင်ဆိုင်ထားတာဆိုလို့ လူတစ်ယောက်တည်းပဲ ရှိတာလေ”

လော့ချန် မိမိ၏ ခြေထောက်အောက်ရှိ ဝိညာဉ်လှေကို ကြည့်လိုက်မိသည်။ ထိုသူပြောသည်မှာလည်း မှန်ပေသည်။ သူသည် ပျံသန်းသွားလာသည့်အခါတိုင်းတွင် ဤလန်ချီဝိညာဉ်လှေကိုသာ အမြဲ အသုံးပြုခဲ့ခြင်း ဖြစ်၏။ ရုပ်ရည်ကို အမြဲလိုလို ဖုံးကွယ်ထားလေ့ရှိသော်လည်း ဝိညာဉ်လှေ၏ ထူးဆန်းသော ပုံပန်းသဏ္ဌာန်ကိုမူ သတိမထားမိဘဲ နေရန် ခက်ခဲလှပေသည်။

ထို့အပြင် ရတနာနန်းဆောင်မှ ကုန်းမြေလှေပျံများကို စတင်မိတ်ဆက်ပြီး ကြော်ငြာစဉ်ကလည်း လော့ချန်၏ လန်ချီလှေကိုသာ နမူနာအဖြစ် အမြဲ အသုံးပြုခဲ့ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ သူသည် လူအများရှေ့မှောက်သို့ ထွက်ပေါ်ခဲသော်လည်း သူ၏ ဂုဏ်သတင်းမှာ လန်ချီလှေနှင့် လော့ထျန်းအဖွဲ့တို့နှင့်အတူ ပြင်ပသို့ အမှန်တကယ်ပင် ကျယ်ပြန့်စွာ ပျံ့နှံ့သွားခဲ့ရချေပြီ။

‘ကြင်နာတတ်ပြီး စိတ်ထားမွန်မြတ်တယ်ဆိုတဲ့ ဂုဏ်သတင်းက ဘယ်ကရောက်လာတာလဲ’

အမာရွတ်နှင့် ကျင့်ကြံသူသည် နံရံကို တစ်ဝက်ခန့် မှီထားရင်း အားယူကာ ထိုင်လိုက်ပြီးနောက်

“ခင်ဗျားက လူတစ်မျိုး မျက်နှာတစ်မျိုး၊ စိတ်သဘောထားကို ခန့်မှန်းလို့မရတဲ့ လူစားမျိုး ဖြစ်နေရင်တောင်မှ ခင်ဗျားရဲ့လက်ထဲမှာ သေဆုံးရတာက ကျွန်တော့် ရန်သူတွေရဲ့လက်ထဲမှာ သေရတာထက်စာရင် အများကြီး ပိုပြီးတော့ သာပါသေးတယ်”

“ရန်သူ ဟုတ်လား”

လော့ချန် ပေါ့ပေါ့ပါးပါးပင် မေးမြန်းလိုက်၏။

“ဟုတ်ပါတယ်၊ တကယ်တော့ ကျွန်တော်က တစ်ကိုယ်တော်ကျင့်ကြံသူ မဟုတ်ပါဘူး.... ကျွန်တော်က မိုးပျံဓားတောင်ထိပ်၊ ရှင်းမျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင် ရှင်းကျုံးဟန့် ဖြစ်ပါတယ်၊ ကျွန်တော့် ရန်သူကတော့ အနီးနားမှာ ရှိနေတဲ့ ထျန်းယင်းတောင်ထိပ်ရဲ့ ယင်းမျိုးနွယ်စု ဖြစ်ပြီးတော့၊ လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက ရန်ငြိုးရန်စတွေ ရှိခဲ့ကြတာပါ.... နှစ်ပေါင်းများစွာ ကြာလာတာနဲ့အမျှ ရန်ငြိုးရန်စတွေက ပိုပြီးတော့ ကြီးမားလာခဲ့ပါတယ်.... ကျွန်တော် ထျန်းလန်နတ်ဘုရားမြို့တော်မှာ အခြေတည်အဆင့်ကို တက်လှမ်းတော့မယ်ဆိုတဲ့ သတင်းတွေ ပေါက်ကြားသွားခဲ့ပြီးတဲ့နောက်မှာတော့ သူတို့တွေ ဆက်ပြီး စိတ်မထိန်းနိုင်ကြတော့ဘဲ ကျွန်တော့်ရဲ့ ရှင်းမျိုးနွယ်စုကို မျိုးတုံးသတ်ဖြတ်ဖို့ ကြံစည်ခဲ့ကြသလို ကျွန်တော်အဆင့်တက်တာကို နှောင့်ယှက်ဖို့ သတင်းတွေကို တမင်တကာ ဖွခဲ့ပါတယ်”

ရှင်းကျုံးဟန့်သည် ပြင်းထန်စွာ ဒဏ်ရာရရှိထားသော်လည်း စကားပြောဆိုရာတွင်မူ အစအဆုံး တည်ငြိမ်လွန်းလှပေသည်။ မျိုးနွယ်စုခေါင်းဆောင်တစ်ဦး၏ အငွေ့အသက် အပြည့်အဝ ရှိနေ၏။

သူတို့ မျိုးနွယ်စုနှစ်စုအကြားရှိ ရန်ငြိုးရန်စများနှင့် ပတ်သက်၍ နားထောင်ပြီးနောက်တွင်မူ ထိုသူသည် အခြေတည်အဆင့်သို့ တက်လှမ်းပြီးသည်နှင့်တစ်ပြိုင်နက် အဘယ်ကြောင့် ဤမျှ မြန်မြန်ဆန်ဆန်ဖြင့် ထျန်းလန်နတ်ဘုရားမြို့တော်မှ ထွက်ခွာသွားခဲ့ရသည်ကို လော့ချန် နားလည်သွားခဲ့တော့သည်။

“ဒါပေမဲ့ နှမြောစရာကောင်းတာက ကျွန်တော် နောက်ကျသွားခဲ့ရတယ်”

ရှင်းကျုံးဟန့်၏ မျက်နှာပေါ်တွင် ဝမ်းနည်းကြေကွဲမှုများနှင့် ပြည့်နှက်နေခဲ့ပြီး

“ကျွန်တော့်ရဲ့ ရှင်းမျိုးနွယ်စုတစ်ခုလုံး အသတ်ခံလိုက်ရပြီ.... မိုးပျံဓားတောင်ထိပ်ကိုတောင်မှ ယင်းမျိုးနွယ်စုနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ အခြေတည်အဆင့် အဖွဲ့တစ်ဖွဲ့က သိမ်းပိုက်လိုက်ကြပြီ”

“ဒါကြောင့် ကျွန်တော်က အထီးကျန်လူတစ်ယောက် ဖြစ်သွားခဲ့ရပြီး လုံးဝကို တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက် ဖြစ်သွားခဲ့ရပါပြီ”

“စိတ်မကောင်းပါဘူးကွာ” ဟု လော့ချန် တိုးညှင်းစွာ နှစ်သိမ့်စကား ဆိုလိုက်၏။

ရှင်းကျုံးဟန့်က ခါးသီးစွာဖြင့် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်တော့သည်။ မျိုးနွယ်စုတစ်ခုလုံး အသတ်ခံလိုက်ရပြီး မိမိတစ်ဦးတည်းသာ ကျန်ရှိတော့သည့် အခြေအနေမျိုးတွင် မည်သို့လျှင် စိတ်အေးချမ်းသာ ရှိနေနိုင်ပါမည်နည်း။ သူ သက်ပြင်းတစ်ချက် ချလိုက်ရင်း သိုလှောင်အိတ်တစ်အိတ်ကို ကမ်းပေးလိုက်၏။

လော့ချန် မျက်မှောင်တစ်ချက် ကြုတ်လိုက်မိသည်။

“ဒါက ဘာလဲ”

ရှင်းကျုံးဟန့်က တည်ငြိမ်စွာဖြင့်

“တကယ်လို့ ခေါင်းဆောင်လော့သာ ကျွန်တော့်ကို ခေါ်မလာဘူးဆိုရင် ကျွန်တော့် လက်ရှိ အခြေအနေအရ အနှေးနဲ့အမြန် ယင်းမျိုးနွယ်စုရဲ့ အခြေတည်အဆင့် ကျင့်ကြံသူတွေရဲ့ အမီလိုက်သတ်တာကို ခံရမှာ ကျိန်းသေပါတယ်.... အဲဒီအချိန်ကျ ဒီလိုမျိုး ပကာသန ပစ္စည်းတွေကလည်း အသုံးဝင်တော့မှာ မဟုတ်ပါဘူး”

“ကျေးဇူးဆပ်တဲ့အနေနဲ့ ကျွန်တော် ခင်ဗျားအတွက် လက်ဆောင်တစ်ခုခု ပေးချင်ပါတယ်.... နှမြောစရာကောင်းတာက ကျွန်တော် အခြေတည်အဆင့်ကို ရောက်ထားတာ မကြာသေးတဲ့အတွက် ပိုင်ဆိုင်မှုက နည်းပါးလှပါတယ်.... အဲ့ဒီ အဆင့်နိမ့် ဓားပျံကလွဲရင် ကျန်တဲ့ ပစ္စည်းအားလုံးကို ခေါင်းဆောင်လော့ စိတ်တိုင်းကျ ယူနိုင်ပါတယ်”

‘တကယ့်ကို လိမ္မာပါးနပ်တဲ့လူပဲ.... သူက အပေးရှိရင် အယူရှိရမယ်ဆိုတာ သိနေတာပဲ’ ဟု လော့ချန် တွေးလိုက်မိသည်။

သူသည်လည်း ဟန်ဆောင်နေခြင်း မရှိဘဲ တစ်ဖက်လူ၏ မျက်စိရှေ့တွင်ပင် သူ၏ စိတ်အာရုံကို သိုလှောင်အိတ်အတွင်းသို့ ပို့လွှတ်လိုက်တော့သည်။ ရှင်းကျုံးဟန့်သည် အိတ်ပေါ်၌ အခြေခံ ဝိညာဉ်တားမြစ်ချက်တစ်ခုကိုသာ တပ်ဆင်ထားခဲ့ခြင်း ဖြစ်ပြီး သူ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် လော့ချန်သည် အတွင်း၌ ရှိသမျှအရာအားလုံးကို အလွယ်တကူ စစ်ဆေးနိုင်ခဲ့၏။

‘အလိုလေး.... ဒါက ဘယ်လိုလုပ် ပိုင်ဆိုင်မှု နည်းနည်းလေး ဖြစ်မှာလဲ’

ပစ္စည်းများကို ကြည့်ရှုပြီးနောက်တွင်မူ လော့ချန်၏ ရင်ထဲဝယ် သက်ပြင်းတစ်ချက် ချလိုက်မိ၏။ အတွင်းရှိ အမျိုးမျိုးသော အရင်းအမြစ်များကို စုစည်းလိုက်မည်ဆိုပါက စုစုပေါင်း တန်ဖိုးမှာ ဝိညာဉ်ကျောက်တုံး ခြောက်သောင်း၊ ခုနစ်သောင်းခန့်အထိ ရှိနိုင်သည်။ ယခင်က သူ သတ်ခဲ့သော ထူရှန်းနှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါကပင် အပုံကြီး ပို၍ ချမ်းသာကြွယ်ဝလှပေသည်။ ထို့ပြင် ဤအခြေအနေမှာ တစ်ဖက်လူအနေဖြင့် အခြေတည်အဆင့်သို့ တက်လှမ်းရန်အတွက် လေလံပွဲ၌ ငွေကြေးများကို အမြောက်အမြား အသုံးပြုပြီးနောက်ပိုင်းတွင် ကျန်ရှိနေခဲ့သော အခြေအနေမျိုး ဖြစ်သည်။

လော့ချန် သိုလှောင်အိတ်ထဲမှ ပစ္စည်းသုံးခုကို ထုတ်ယူလိုက်၏။ ၎င်းတို့မှာ ဝိညာဉ်ကျောက်တုံးတစ်တုံး၊ စာအုပ်တစ်အုပ်နှင့် ပုတီးစေ့တစ်စေ့တို့ ဖြစ်ပေသည်၊။

ရှင်းကျုံးဟန့်တစ်ယောက် ဤအခြေအနေကို မြင်တွေ့လိုက်ရချိန်တွင် အံ့အားသင့်စွာဖြင့် ဆိုလိုက်၏။

“ခေါင်းဆောင်လော့ ဒါလေးပဲ ယူတာလား”

လော့ချန် ခပ်ဖျော့ဖျော့ ပြုံးလိုက်မိရင်း

“ပစ္စည်းတွေက နည်းပေမယ့် တန်ဖိုးကတော့ မသေးပါဘူး”

ဝိညာဉ်ကျောက်တုံးမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးမျှသာ ဖြစ်သော်လည်း စာအုပ်တွင်မူ တစ္ဆေနတ်ဘုရားလျှို့ဝှက်ကျမ်းဟု အမည်ရသည့် အမှန်တကယ်ပင် ပြည့်စုံလှသော တတိယအဆင့် ကျင့်စဉ်တစ်ခု ပါဝင်နေသည်။ ဤစာအုပ်တစ်အုပ်တည်းနှင့်တင် တန်ဖိုးမှာ သောင်းဂဏန်းအထိ ရှိနေခဲ့ချေပြီ။ ပုတီးစေ့နှင့် ပတ်သက်၍မူ ထိပ်တန်းအဆင့် မှော်လက်နက်တစ်ခုမျှသာ ဖြစ်သဖြင့် ထူးထူးခြားခြားကြီးတော့ မဟုတ်ချေ။

ရွေးချယ်ထားသော ပစ္စည်းများကို သိမ်းဆည်းလိုက်ပြီးနောက် လော့ချန်က ထိုသူအား စူးစမ်းလိုစိတ်ဖြင့် ပြန်လည် ကြည့်ရှုလိုက်ကာ

“မိတ်ဆွေ.... မင်း အခြေတည်အဆင့်ကို ရောက်တာမကြာသေးပေမဲ့ ဒီလောက်အထိ ချမ်းသာကြွယ်ဝတဲ့ ပိုင်ဆိုင်မှုတွေ ရှိနေတာကတော့ တကယ်ပဲ အံ့ဩစရာကောင်းလှပါတယ်”

ရှင်းကျုံးဟန့် ခါးသက်စွာဖြင့် ပြုံးလိုက်မိရင်း

“ကြက်ကန်းဆန်အိုးတိုးတာပါဗျာ”

“အလို.... ဘယ်လိုတုန်း.... ပြောပါဦး....”

“ဒီလောကမှာ ပြောပြလို့မရတဲ့ လျှို့ဝှက်ချက်ဆိုတာ မရှိပါဘူး.... ဒီလိုဗျ.... ကိစ္စတွေအားလုံးရဲ့ အစက ကျွန်တော် အခြေတည်အဆင့် ဝိညာဉ်ဆေးဝါးတွေကို ရှာဖွေဖို့အတွက် နတ်ဘုရားအဆင့် ဂိုဏ်းကြီးတွေရဲ့ တိုက်ပွဲထဲကို ဝင်ပါခဲ့ရာကနေ စခဲ့တာပါ”

....

ရှင်းကျုံးဟန့်၏ ကျင့်ကြံရေးဂူရှေ့တွင် ဖြစ်သည်။

“ခေါင်းဆောင် လမ်းခရီးတစ်လျှောက်လုံး ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်”

တစ်ဖက်လူက လက်နှစ်ဖက်ကို ဆုပ်၍ ကျေးဇူးတင်စကားဆိုလိုက်၏။

လော့ချန်သည် ထိုလုံးဝိုင်းသော ပုတီးစေ့ကို လက်ထဲ၌ ကစားနေခဲ့ရင်း

“ကျေးဇူးတင်စရာ မလိုပါဘူး.... ဒါပေမဲ့ ဒီည ကိစ္စရပ်တွေကြားထဲ မင်း ငါ့ကို ဆွဲမထည့်တာက အကောင်းဆုံး ဖြစ်လိမ့်မယ်”

ရှင်းကျုံးဟန့် တည်ငြိမ်စွာဖြင့် ဆို၏။

“ဒါပေါ့ဗျာ.... ကျွန်တော် ရှင်းကျုံးဟန့်အနေနဲ့ ခင်ဗျား ကျွန်တော့်ကို ကယ်ခဲ့တာကို လုံးဝ ပေါက်ကြားစေမှာ မဟုတ်ပါဘူး၊ ကျွန်တော် မဟာတာအို ကျိန်ဆိုမှု လုပ်ပါမယ်” ဟု ဆိုကာ လော့ချန်၏ ရှေ့မှောက်တွင်ပင် ထိုနေရာ၌ ကျိန်ဆိုမှုကို ပြုလုပ်ခဲ့လေသည်။

ထို့နောက် လော့ချန် သူ၏ အရှိန်အဝါကို ပြန်လည်သိမ်းဆည်းလိုက်ရင်း ကောင်းကင်ယံထက်သို့ ပျံသန်းပျောက်ကွယ်သွားတော့သည်။

သူ ထွက်ခွာသွားပြီးနောက်တွင်မူ ရှင်းကျုံးဟန့် သက်ပြင်းတစ်ချက်ကို ဝဝ ချလိုက်မိတော့သည်။

“လော့ထျန်းအဖွဲ့ရဲ့ အဖွဲ့ချုပ်ခေါင်းဆောင်က ကောလာဟလတွေအတိုင်း တကယ်ကို ကြင်နာတတ်တာပဲ၊ ငါ့ကို ကယ်တင်ပေးရုံတင်မက၊ အခွင့်ကောင်းတောင် မယူခဲ့ဘူး၊ လက်ဆောင်ပေးတာတောင် ယူသွားတာကလည်း အသုံးမဝင်လှတဲ့ သရဲတစ္ဆေကျင့်စဉ်တစ်ခုကိုပဲ ယူသွားပါလား”

“တကယ်လို့ ဒီလိုလူမျိုးနဲ့သာ စောစောစီးစီးသာ ဆုံခဲ့ရမယ်ဆိုရင် ငါ့ကံက လုံးဝ ပြောင်းသွားနိုင်တယ်”

....

ကျင့်ကြံရေးဂူအတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သော လော့ချန်မှာမူ မိမိ၏ ဂုဏ်သတင်းမှာ မည်မျှအထိ မွှေးနေကြောင်း လုံးဝ မသိချေ။ သူသည် မိမိကိုယ်ကိုယ် အမြဲ ပြတ်သားပြီး တိကျသူတစ်ဦးအဖြစ်သာ သတ်မှတ်ထားခဲ့ခြင်း ဖြစ်ပြီး ရန်သူများကို ကိုင်တွယ်ဖြေရှင်းသည့် အခါတွင်လည်း မည်သည့်အခါမျှ တွန့်ဆုတ်နေခဲ့ခြင်း မရှိချေ။

ဧည့်ခန်းအတွင်း ထိုင်လိုက်ရင်း လော့ချန် လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဖြူဖွေးသော အရိပ်တစ်ခု ပေါ့ပါးစွာဖြင့် ပျံသန်းရောက်ရှိလာခဲ့သည်၊။

ပိုင်မေလင်းသည် သူ၏ ဘေးနားတွင် ဆင်းသက်လိုက်ပြီး သူမ၏ မျက်ဝန်းများထဲ၌မူ စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေခဲ့၏။

“သခင်.... အဲဒါက ဘာကြီးလဲ”

“ဒီပစ္စည်းကို နေရောင်ကွယ်ပုတီးစေ့လို့ ခေါ်တယ်၊ ဒါက နာမ်ဝိညာဉ်နယ်မြေတစ်ခုကို ဖန်တီးပေးနိုင်တဲ့ အဆင့်မြင့် မှော်လက်နက်တစ်ခုပဲ” ဟု လော့ချန်က သူ၏ လက်ချောင်းများအကြားတွင် ပုတီးစေ့ကို ကိုင်ထားရင်း ပေါ့ပေါ့ပါးပါး ဆိုလိုက်သည်။

ဤရက်ပိုင်းအတွင်း သူသည် ကျင့်ကြံခြင်းလောက၏ အခြေခံဗဟုသုတများနှင့် ပတ်သက်သော ကျမ်းစာအုပ်များကို အမြောက်အမြား ဖတ်ရှုထားခဲ့ခြင်း ဖြစ်ပေသည်။ ထိုအထဲတွင် ပျံလွှားမြို့တော်၏ ထူးခြားလှသော မှော်လက်နက်များနှင့် ပတ်သက်၍ ဖော်ပြထားသော စာအုပ်များလည်း ပါဝင်ပေသည်။

“မင်း ဒီပုတီးစေ့ကို သန့်စင်လိုက်မယ်ဆိုရင် တစ္ဆေစစ်သူကြီးအဆင့်သို့ မရောက်သေးရင်တောင်မှ၊ ပြီးတော့ တစ္ဆေချောက်နက်ရဲ့ ကာကွယ်မှု မရှိရင်တောင်မှ နေရောင်ခြည်အောက်မှာ ပုံမှန်အတိုင်း လွတ်လွတ်လပ်လပ် သွားလာနိုင်လိမ့်မယ်”

“ဟင်.... တကယ်ပဲ အဲ့လောက်တောင်စွမ်းတာလား”

ပိုင်မေလင်း ချက်ချင်းပင် စိတ်လှုပ်ရှားသွားခဲ့ရသည်။ သူမ၏ မျက်ဝန်းများထဲ၌ ဝမ်းမြောက်ဝမ်းသာ ဖြစ်မှုများဖြင့် ပြည့်နှက်သွားခဲ့ရပြီး လော့ချန်၏ လက်ထဲမှ နေရောင်ကွယ်ပုတီးစေ့ကို ဂရုတစိုက် လှမ်းယူလိုက်သည်။

"ဒါဆိုရင် ကျွန်မ ဒါကို သန့်စင်ပြီးသွားတာနဲ့ တစ္ဆေကြိတ်ဆုံကနေ ထွက်နိုင်မယ်၊ နေရောင်အောက်မှာ လမ်းလျှောက်နိုင်မယ်.... ပြီးတော့ သခင်နဲ့အတူ အမြဲတမ်း ရှိနေနိုင်မှာပေါ့ ဟုတ်လား...."

လော့ချန် တည်ငြိမ်စွာဖြင့် ပြန်လည်၍ ခွန်းတုံ့ပြန်လိုက်သည်။

“အင်း”

ပိုင်မေလင်းသည် ပုတီးစေ့ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရင်း သန့်စင်ရန်အတွက် စိတ်အားထက်သန်စွာဖြင့် သူမ၏ အခန်းဆီသို့ ခုန်ပေါက်၍ ထွက်ခွာသွားတော့သည်။

သူမ ထွက်ခွာသွားပြီးနောက်တွင်မူ လော့ချန်သည် တစ္ဆေနတ်ဘုရားလျှို့ဝှက်ကျမ်းကို ထုတ်ယူလိုက်သည်။

“ပြန်တွေးကြည့်ရင် ငါက နတ်တစ္ဆေတောင်ကြားဂိုဏ်းဆိုတဲ့ ပျက်သုဉ်းသွားခဲ့ရတဲ့ ရွှေအမြုတေဂိုဏ်းကြီးနဲ့ တကယ်ပဲ ရေစက်ရှိတယ်ထင်တယ်”

ရှင်းကျုံးဟန့်ထံမှတစ်ဆင့် လော့ချန်သည် ထိုသူ ချီသန့်စင်အဆင့်တွင် ရှိစဉ်က အဘယ်ကြောင့် ဤမျှ များပြားလှသော ပိုင်ဆိုင်မှုများကို စုဆောင်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်းကို သိရှိခဲ့ရသည်။ ရှင်းကျုံးဟန့်သည် အခြေတည်အဆင့်သို့ တက်လှမ်းရန်အတွက် ဝိညာဉ်သန္ဓေတည်အဆင့် ဂိုဏ်းကြီးများ၏ တိုက်ပွဲအတွင်းသို့ ပါဝင်ခဲ့သည်။ အတိအကျဆိုပါက သူသည် ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ စည်းရုံးခြင်းကို ခံခဲ့ရပြီး ကျောက်စိမ်းအိုးဓားဂိုဏ်း၏ မဟာမိတ် ဖြစ်သော မီးလျှံမဟာမိတ်ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။ ဆေးလုံးစိမ်းချိုင့်ဝှမ်းသည် တစ်ကိုယ်တော်ကျင့်ကြံသူများကို ဆွဲဆောင်ရန်အတွက် အခြေတည်အဆင့် ဝိညာဉ်ဆေးဖက်ဝင်အပင်များအပြင် မက်လုံးအမြောက်အမြားကို ဆုလာဘ်အဖြစ် ပေးအပ်ခဲ့ခြင်း ဖြစ်ပေသည်။

ထိုတိုက်ပွဲအတွင်း ကျောက်စိမ်းအိုးဓားဂိုဏ်း ကိုယ်တိုင် ပါဝင်တိုက်ခိုက်ခြင်းမှာ နည်းပါးလှပြီး အခြေခံအားဖြင့် လက်အောက်ခံ အင်အားစုများသာလျှင် တိုက်ခိုက်နေခဲ့ကြခြင်း ဖြစ်၏။ မီးလျှံဟာမိတ်အပြင် အခြားသော လက်အောက်ခံ အင်အားစုများစွာလည်း ရှိကြပေသေးသည်။ ထိုအထဲတွင်မူ ယခင်က နယ်မြေချဲ့ထွင်ရေး တိုက်ပွဲ ပြီးဆုံးသွားခဲ့ပြီးနောက်ပိုင်းတွင် ဆုတ်ယုတ်ပျက်စီးသွားခဲ့ရသော နတ်တစ္ဆေတောင်ကြားဂိုဏ်း၏ မျိုးနွယ်စုလည်း ပါဝင်ပေသည်။ ထိုမျိုးနွယ်စုသည် သူတို့ကိုယ်သူတို့ ကျင့်ကြံခြင်းမျိုးနွယ်စုတစ်ခုအဖြစ် ဟန်ဆောင်ကာ ကျောက်စိမ်းအိုးဓားဂိုဏ်းထံ ခိုလှုံခဲ့ကြခြင်း ဖြစ်၏။ တိုက်ပွဲကြီးတစ်ခုအတွင်းတွင်မူ ထိုမျိုးနွယ်စု၏ အခြေတည်အဆင့် ကျင့်ကြံသူကြီးများမှာ အိုက်လောင်တောင်နှင့် ဆေးလုံးစိမ်းချိုင့်ဝှမ်းမှ တပည့်များ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရတော့သည်။

ရှင်းကျုံးဟန့်သည် ရှုပ်ထွေးမှုများအကြားတွင် အခွင့်ကောင်းကို ရယူခဲ့ခြင်း ဖြစ်ပြီး အခြားလူများနှင့်အတူ နတ်တစ္ဆေတောင်ကြားဂိုဏ်း၏ ကြွင်းကျန်ရစ်သော မျိုးနွယ်စု၏ ဗဟိုချက်နယ်မြေကို တိုက်ခိုက်ခဲ့ကာ မျိုးနွယ်စုတစ်ခုလုံးကို အမြစ်ပြတ်အောင် သတ်ဖြတ်ခဲ့ခြင်း ဖြစ်၏။ ထိုတိုက်ပွဲမှနေ၍ သူသည် မြောက်မြားစွာသော အမွေအနှစ်များကို ရရှိခဲ့ခြင်း ဖြစ်ပေသည်။ ရရှိခဲ့သော ပစ္စည်းများထဲတွင် ပျက်စီးနေသော နတ်မိစ္ဆာနှလုံးသားကြေးမုံ၊ မော်ကွန်းဝင် အစီအရင်အိမ်မြှောင်၊ ဝိညာဉ်စုအလံနှင့် တစ္ဆေနတ်ဘုရားလျှို့ဝှက်ကျမ်းစသော အမျိုးမျိုးသော ရတနာများစွာ ပါဝင်ပေသည်။ ထို့အပြင် ကောင်းမွန်စွာ ထိန်းသိမ်းထားသော အဆင့်နိမ့် မှော်ရတနာတစ်ခုဖြစ်သည့် နတ်ဘုရားဓားပျံပင် ပါဝင်နေခဲ့သေး၏။

ဤမျှ ကြီးမားလှသော ပိုင်ဆိုင်မှုများ ရရှိပြီးသွားခဲ့ပြီးနောက် သူသည် တိုက်ပွဲနယ်မြေမှ ချက်ချင်းပင် ထွက်ခွာလာခဲ့ပြီး ထျန်းလန်နတ်ဘုရားမြို့တော်ဆီသို့ တန်းတန်းမတ်မတ် လာရောက်ကာ အရင်းအမြစ်များကို ရောင်းချပြီး လေလံပွဲ၌ ပါဝင်ကာ အခြေတည်ဆေးလုံးကို ရရှိခဲ့ခြင်း ဖြစ်ပေသည်။

“ဒီလူက တကယ်လည်း ကြက်ကန်းဆန်အိုးတိုးခဲ့တာပါလား”

“ဒီလောက် ရှုပ်ထွေးလှတဲ့ တိုက်ပွဲကြားမှာတောင် ဒီလောက်အထိ များတဲ့ ရတနာတွေကို ရခဲ့သေးတယ်”

“လေလံပွဲမှာလည်း အခြေတည်ဆေးလုံးကို ရခဲ့ရုံတင်မကဘူး.... အခြေတည်အဆင့်ကိုပါ အောင်အောင်မြင်မြင် တက်လှမ်းနိုင်ခဲ့သေးတယ်”

“နောက်ဆုံး သေခါနီး အချိန်မှာတောင် ငါနဲ့ သွားတိုးလိုက်သေးတယ်”

လော့ချန် ထိုစဉ်က ထိုလူအား ကူညီခဲ့ရသည့် အကြောင်းရင်းမှာ ရိုးရိုးလေးပင်။ ပထမအချက်မှာ တစ်ဖက်လူက မိမိအား မည်သို့မည်ပုံ သိနေရသည်ကို စူးစမ်းလိုခြင်းကြောင့် ဖြစ်ပြီး ဒုတိယအချက်မှာမူ ယခင် ဈေးပွဲတော်တွင် တစ်ဖက်လူက မိမိထံမှ ဝိညာဉ်ကျောက်တုံး ငါးထောင်ကို တမင်တကာ လျှော့ယူခဲ့ခြင်းကြောင့်ဖြစ်သည်။

လော့ချန်သည် မည်သည့်အချိန်တွင် ဝင်ပါရမည်၊ မည်သည့်အချိန်တွင် ဝင်မပါရမည်ကို သိသော လူဖြစ်သည်။ ရှင်းကျုံးဟန့်အား ဝန်းရံတိုက်ခိုက်နေကြသော ရန်သူများမှာလည်း ချီသန့်စင်အဆင့် လူများမျှသာ ဖြစ်ပေသည်။ ထို့ကြောင့် သူ့အနေဖြင့် ကူညီပေးခဲ့ခြင်း ဖြစ်သည်။ တစ်ဖက်လူတွင် အခြေတည်အဆင့် ရန်သူများ ရှိနေကြောင်းကို နောက်ပိုင်းမှ သိရှိခဲ့ရသော်လည်း မဟာတာအိုကျိန်ဆိုမှု ပြုလုပ်ခဲ့သောကြောင့် သူ ဂရုစိုက်နေတော့မည် မဟုတ်ချေ။ မည်သို့ပင်ဆိုစေ မိမိကိုယ်တိုင်သည်လည်း အခြေတည်အဆင့်အစောပိုင်း ကျင့်ကြံသူသာ ဖြစ်သည် မဟုတ်လော။

“တတိယအဆင့် ကျင့်စဉ်.... ကျမ်းစာက လုံးဝ အကောင်းကြီးပါလား”

လော့ချန်သည် တစ္ဆေနတ်ဘုရားလျှို့ဝှက်ကျမ်းကို ဖတ်ရှုရင်း သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ပစ္စည်းများကို တွက်ချက်လိုက်တော့သည်။ သူ့ထံတွင် မိုးတိမ်မြူခိုးဆေးဖော်စပ်ခြင်းပညာနှင့် ဟင်္သာအသွင်ပြောင်းလဲခြင်းကဲ့သို့သော တတိယအဆင့် ကျင့်စဉ်များ ရှိနှင့်ပြီးဖြစ်သော်လည်း ၎င်းတို့က သဘာဝချင်း မတူညီကြချေ။ ရှေ့တစ်ခုမှာ ရေဓာတ်ကို အခြေခံထားသော ဆေးဖော်စပ်ခြင်းပညာ ဖြစ်ပြီး နောက်တစ်ခုမှာမူ ပျက်စီးနေသော ခန္ဓာကိုယ်ကျင့်စဉ်တစ်ခုမျှသာ ဖြစ်၏။ ဤ တစ္ဆေနတ်ဘုရားလျှို့ဝှက်ကျမ်းကဲ့သို့သော ကျင့်စဉ်မျိုးကို မည်သည့်အခါမျှ မပိုင်ဆိုင်ခဲ့ဖူးချေ။

“တကယ်လို့ ဒါက ငါနဲ့ ကိုက်ညီမယ်ဆိုရင်တော့ ငါ ရွှေအမြုတေအဆင့်ကို တက်ပြီးရင် ကျင့်စဉ်နဲ့ ပတ်သက်ပြီးတော့ စိတ်ပူစရာ မလိုတော့ဘူး”

လော့ချန်သည် လက်ရှိတွင် အခြေတည်အဆင့်အတွင်း ရုန်းကန်နေရဆဲ ဖြစ်သော်လည်း သူသည် ရွှေအမြုတေအဆင့်အတွက် ပြင်ဆင်ရန်ကိုမူ သေချာပေါက် တွေးတောထားခဲ့ပြီး ဖြစ်၏။ ရွှေအမြုတေအဆင့်သို့ ရောက်ရှိရန် ရည်မှန်းထားကြသော ကျင့်ကြံသူများအတွက်မူ သင့်တော်သော ကျင့်စဉ်တစ်ခုကို ပြင်ဆင်ထားခြင်းက အလွန် အရေးကြီးလှပေသည်။ ပင်မ ကျင့်စဉ်ဟူသည်မှာ အရေးကြီးဆုံးသော အရာ ဖြစ်ပေသည်။ နှမြောစရာကောင်းသည်မှာ နွယ်မြက်သစ်ပင်ဆေးဘုရင်ကျမ်း၏ နောက်ဆက်တွဲ အဓိက ကျင့်စဉ်မှာ ဆေးဘုရင်ဂိုဏ်း၏ ပြင်ပသို့ လုံးဝ မပေါက်ကြားစေရသော လျှို့ဝှက်ချက် ဖြစ်သည့် ထာဝရနုပျိုစိမ်းလန်းကျမ်း ဖြစ်ပေသည်။

ဤသို့သော ကျင့်စဉ်မျိုးနှင့် ပတ်သက်၍မူ မှောင်ခိုဈေးကွက် ဖြစ်စေ၊ လေလံပွဲကြီးများတွင် ဖြစ်စေ လုံးဝ မြင်တွေ့ရနိုင်မည် မဟုတ်ချေ။ အကယ်၍ ပေါ်ထွက်လာခဲ့မည်ဆိုပါကလည်း ဆေးဘုရင်ဂိုဏ်း၏ တပည့်များက သတင်းကို ကြားသိသည်နှင့်တစ်ပြိုင်နက် ရောက်ရှိလာကြမည် ဖြစ်ပြီး အတင်းအဓမ္မ ပြန်လည်၍ ဝယ်ယူသွားကြမည် ဖြစ်ပေသည်။

၎င်းကား ယခုအကြိမ် ထျန်းလန်နတ်ဘုရားမြို့တော်၏ လေလံပွဲတွင် ပေါ်ထွက်လာခဲ့သော ဓားအမြုတေ ကဲ့သို့ပင် ဖြစ်၏။ လက်တွေ့တွင်လည်း ဓားဂိုဏ်း၏ တပည့်များက ပြန်လည်၍ ဝယ်ယူရန်အတွက် လာရောက်ခဲ့ကြခြင်း ဖြစ်ပေသည်။ ထိုတာဝန်ပေးခံရသောသူကား မုံဇီချီ ပင် ဖြစ်၏။ သို့သော် သူသည် အဆုံးအဖြတ်စင်မြင့်ထက်၌ ဟန်ကျန့်၏လက်ထဲတွင် ရှုံးနိမ့်သွားခဲ့ရပြီးနောက် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သဖြင့် ဒဏ်ရာကို ကုသရန်အတွက် နေရာတစ်ခုသို့ သွားရောက်ခဲ့ရသည်။ ထို့ကြောင့်ပင် လေလံပွဲ၌ ပေါ်ထွက်မလာခဲ့ခြင်း ဖြစ်ပေသည်။

လော့ချန် ချက်ချင်းပင် တစ္ဆေနတ်ဘုရားလျှို့ဝှက်ကျမ်းကို ဖတ်ရှုလိုက်တော့သည်။ သို့သော် စာမျက်နှာ အနည်းငယ်မျှသာ ဖတ်ရှုပြီးနောက် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သူ သတိပြုမိလိုက်၏။

"ဒါက ဘာဖြစ်လို့ လူသားတွေ ကျင့်ကြံဖို့အတွက် ရည်ရွယ်ထားတဲ့ ကျင့်စဉ်တစ်ခုနဲ့ မတူရတာလဲ"

သူ မယုံကြည်နိုင်သဖြင့် စာမျက်နှာများစွာကို ဆက်တိုက်ပင် ဖတ်ရှုလိုက်ပြန်သည်။ နောက်ဆုံးတွင်မူ အဖြေတစ်ခု ထွက်ပေါ်လာခဲ့တော့၏။

“ဒါက တကယ်ကြီး တတိယအဆင့် တစ္ဆေကျင့်စဉ်တစ်ခု ဖြစ်နေတာပဲ”

“ဒါကြောင့်မို့လို့ပဲ တစ္ဆေနတ်ဘုရားလျှို့ဝှက်ကျမ်းလို့ ခေါ်တာကိုး”

“ဒါကြောင့်လည်း ငါ ဒီကျင့်စဉ်ကို ယူတဲ့ အချိန်တုန်းက ရှင်းကျုံးဟန့်က ဘာတုံ့ပြန်မှုမှ မပြခဲ့တာ ဖြစ်မယ်”

လော့ချန် နှမြောတသဖြင့် ခေါင်းယမ်းလိုက်မိတော့သည်။ မည်သည့် ပုံမှန် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူမျှ တစ္ဆေကျင့်ကြံခြင်း လမ်းကြောင်းသို့ ပြောင်းလဲလိမ့်မည် မဟုတ်ချေ။ စနစ်တကျ ရှိလှသော ကျင့်ကြံခြင်းနှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက သရဲတစ္ဆေလမ်းစဉ်၏ ကန့်သတ်ချက်များမှာ အလွန်ပင် များပြားလှသလို နှိမ်နင်းနိုင်စွမ်း ရှိသော နည်းလမ်းများစွာလည်း ရှိကြပေသည်။ အကယ်၍ ကြိုတင်၍ နာမ်ဝိညာဉ်ခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲထားခြင်း မရှိပါက ဤအတတ်ပညာကို ကျင့်ကြံရန် မဖြစ်နိုင်ချေ။ ၎င်းကို လေ့လာစရာအဖြစ်သာ အသုံးပြုနိုင်ပြီး အသည်းအသန် အခြေအနေများအတွက် အရန်အဖြစ် သိမ်းဆည်းထားနိုင်ပေသည်။

‘ကြည့်ရတာ ရှောင်လင်းတော့ နောက်ထပ် လက်ဆောင်ကောင်းကောင်းလေး ထပ်ရဦ်းမှာပဲ’ ဟု သူ တွေးလိုက်ရင်း တစ္ဆေနတ်ဘုရားလျှို့ဝှက်ကျမ်းကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။

ယခုအချိန်သည် ပိုင်မေလင်းထံသို့ လွှဲပြောင်းပေးရန်အတွက် အချိန်ကောင်း မဟုတ်သေးချေ။ သူကိုယ်တိုင် သေချာစွာ တစ်ကြိမ် ဖတ်ရှုလေ့လာပြီး မည်သည့် ပြဿနာမျှ မရှိကြောင်းကို အတည်ပြုပြီးမှသာ သူမအား ပေးမည် ဖြစ်သည်။ မဟုတ်ပါက ကျင့်ကြံရာတွင် တစ်စုံတစ်ခုသော မတော်တဆမှု ဖြစ်ပွားသွားခဲ့မည်ဆိုပါက သူ၏ အဖိုးတန်လက်ထောက် တစ်ယောက် လျော့နည်းသွားမည် မဟုတ်ပေလော။

“ဒေါ်လေးလည်း ဒီရက်ပိုင်းထဲမှာပဲ အခြေတည်အဆင့်ကို ရောက်တော့မယ်”

လော့ချန် တီးတိုး ရေရွတ်လိုက်၏။ ပုံမှန် ကျင့်ကြံသူများ အခြေတည်အဆင့်သို့ တက်လှမ်းခြင်းမှာမူ သူ့ကဲ့သို့ တစ်နှစ်ပတ်လုံး ကြာမြင့်နေမည် မဟုတ်ချေ။ ထိုအချိန်က သူသည် အကြိမ်ပေါင်းများစွာ ရှုံးနိမ့်ခဲ့ရပြီး ရှုံးနိမ့်မှုတစ်ခုချင်းစီမှ ပြန်လည် နာလန်ထူရန်အတွက် အချိန်ယူခဲ့ရခြင်း ဖြစ်သည်။ ထို့အပြင် တည်ငြိမ်လှသော ဒုတိယအဆင့် ဝိညာဉ်ကြော မရှိခြင်းကြောင့် အကြိမ်တိုင်းတွင် ရေခဲမီးလျှံ ဝိညာဉ်စမ်းရေတွင်းကို ကိုယ်တိုင် အသက်သွင်းကာ ဒုတိယအဆင့် ဝိညာဉ်ကြောကို ဖန်တီးခဲ့ရခြင်း ဖြစ်၏။

ပုံမှန် ကျင့်ကြံသူများ အခြေတည်အဆင့်သို့ တက်လှမ်းရာတွင်မူ အနည်းဆုံး ရက်အနည်းငယ်မျှသာ ကြာမြင့်တတ်ပြီး အလွန်ဆုံး တစ်လခန့်သာ ကြာမြင့်တတ်ပေသည်။ မုရုံချင်းလျန် တံခါးပိတ်ကျင့်ကြံနေခဲ့သည်မှာ တစ်လနီးပါးခန့် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေလောက်ပြီဖြစ်သည်။

“အောင်မြင်ဖို့ပဲ ဆုတောင်းပါတယ်”

....

တစ်ခါတစ်ရံတွင် မျှော်လင့်ချက် ကြီးမားလေလေ စိတ်ပျက်ရမှုလည်း ကြီးမားလေလေ ဖြစ်တတ်ပေသည်။

အဆင့်နိမ့် ကျင့်ကြံရေးဂူအတွင်း၌....။

ချင်လျန်ချန်း၏ မျက်နှာမှာ နာကျင်မှုများကြောင့် ရှုံ့တွနေပြီး တုန်ရင်နေသော ခန္ဓာကိုယ်ကို ကုတင်ဘေးတွင် မှီထားရင်း

“မိန်းမရေ.... မင်းကို အခြေတည်အဆင့်ကို မတက်လှမ်းခိုင်းသင့်ဘူး.... ငါပဲ သွားခဲ့ရမှာ.... ခင်ပွန်းဖြစ်တဲ့ ငါကပဲ မှားသွားခဲ့တာပါ”

လော့ချန် သူ့ကို တစ်ချက် ကြည့်ရင်း ပြောလိုက်သည်။

“ဦးလေးချင် စိတ်အေးအေးထား.... ကျွန်တော် ဒေါ်လေးကို သေချာပေါက် ကယ်တင်ပါ့မယ်”

ချင်လျန်ချန်း၏ မျက်စိရှေ့တွင်ပင် လော့ချန်၏ လက်ပေါ်၌ ထူထပ်ပြီး နက်ရှိုင်းလှသော စိမ်းစိုသည့် အလင်းတန်းများ ထွက်ပေါ်လာခဲ့တော့သည်။ ၎င်းတို့ထံမှ ဖြာထွက်နေသော တောက်ပလှသော သက်စောင့်စွမ်းအားများမှာ အသားအရေနှင့် ထိတွေ့မိသော ဆဲလ်များကိုပင် ပျော်ရွှင်စွာဖြင့် လှုပ်ရှားသက်ဝင်လာစေနိုင်စွမ်း ရှိပေသည်။ ဤသည်မှာ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသော ကုသခြင်းအတတ်ပင် ဖြစ်သည်။ နွယ်မြက်သစ်ပင်ဆေးဘုရင်ကျမ်းဖြင့် သန့်စင်ထားသော ဝိညာဉ်အရည်များနှင့် ပူးပေါင်းလိုက်သည့် အခါတွင်မူ ၎င်း၏ ကုသခြင်း စွမ်းရည်မှာ အံ့ဩစရာကောင်းလှပေသည်။

ယခင် ဖုန်းရှနှင့် တွမ်ဖုန်းတို့ မင်္ဂလာပွဲတွင်လည်း လော့ချန်သည် ဖုန်းရှ၏ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ပျက်စီးနေခဲ့သော အသံအိုးကို ဤနည်းလမ်းဖြင့် အောင်မြင်စွာ ကုသပေးခဲ့ဖူးသည်။ ထိုမင်္ဂလာလက်ဖွဲ့အား တွမ်ဖုန်းတစ်ယောက် အကျေနပ်ကြီးကျေနပ်ကာ လော့ချန်အား ကျေးဇူးတင်စကားများ တဖွဖွ ပြောနေခဲ့တော့သည်။

ယခုအခါ လော့ချန်သည် ဤအထွတ်အထိပ် အဆင့်ရှိ ကုသခြင်းမှော်အတတ်ကို ဒုတိယအကြိမ်အဖြစ် အသုံးပြုနေခြင်း ဖြစ်ပြီး ယခုတစ်ကြိမ်တွင်မူ သူ၏ ချစ်လှစွာသော ဒေါ်လေးအတွက် ဖြစ်ပေသည်။

လွန်ခဲ့သော နာရီဝက်ခန့်ကတည်းက ဖြစ်သည်။

ချင်လျန်ချန်းသည် ထိတ်လန့်တကြားဖြင့် လော့ချန်၏ ဂူဗိမာန်တံခါးဝဆီသို့ အပြေးအလွှား ရောက်ရှိလာခဲ့သည်။ ကံကောင်းစွာဖြင့်ပင် လော့ချန်သည် တံခါးပိတ်ကျင့်ကြံခြင်းတွင် ရှိမနေခဲ့ဘဲ ပိုင်မေလင်းကလည်း သူမ တစ်ညလုံး သန့်စင်ထားခဲ့သော နေရောင်ကွယ်ပုတီးစေ့ကို စမ်းသပ်ရန်အတွက် အပြင်သို့ ထွက်လာခါစ ရှိသေးသည်။ ထိုအကြောင်းရင်းကြောင့် လော့ချန်သည် သတင်းကို ကြားရလျှင်ချင်း အခင်းဖြစ်ပွားရာ နေရာသို့ ချက်ချင်း အပြေးအလွှား ရောက်ရှိလာနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

မုရုံချင်းလျန် အခြေတည်အဆင့်သို့ တက်လှမ်းရာတွင် ရှုံးနိမ့်သွားခဲ့သည်။ ဤအရာကား မဖြစ်သင့်သောအရာပင်။

ပြင်ဆင်မှုများမှာ အလွန် ပြည့်စုံလှသည် မဟုတ်လော။ ချီလမ်းကြောင်းဆေးလုံးဖြစ်စေ၊ အနှစ်သာရမွေးမြူရည် ဖြစ်စေ၊ သူမအားလုံးကို သောက်သုံးထားခဲ့ခြင်း ဖြစ်၏။ အမျိုးမျိုးသော အခြေခံတည်ဆောက်ခြင်းဆိုင်ရာ အတွေ့အကြုံများနှင့် ပတ်သက်၍မူ လော့ချန်၏ အတွေ့အကြုံ ဖြစ်စေ၊ တွမ်ဖုန်း၏ အတွေ့အကြုံ ဖြစ်စေ၊ အခြေတည်အဆင့်သို့ တက်လှမ်းခါစ ဖြစ်သော မင်လုံယွီ၏ အတွေ့အကြုံကို ဖြစ်စေ၊ သူမ အားလုံးကို သေချာစွာ လေ့လာထားခဲ့ပြီး ဖြစ်ပေသည်။ ထို့အပြင် အခြေတည် ဆေးလုံးတစ်လုံးကိုလည်း အဓိက တိုက်စစ်အဖြစ် အသုံးပြုခဲ့သေးသည်။ သူမ၏ မမှိန်မသုန်သော စိတ်ဓာတ်နှင့်ဆိုလျှင် အရေးကြီးသော အချိန်၌ တုံ့ဆိုင်းသွားစရာ အကြောင်းပြချက် မရှိချေ။ သို့သော်လည်း သူမ ရှုံးနိမ့်ခဲ့ရပေသည်။

လော့ချန် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်မိ၏။ သူ၏ ဘယ်ညာ ကျယ်ပြန့်လှသော လက်ဝါးနှစ်ဖက်ကိုမူ အမျိုးသမီး၏ ဝမ်းဗိုက်ပိုင်းနှင့် နဖူးပြင်ထက်သို့ အသီးသီး တင်ထားလိုက်တော့သည်။ သန့်စင်လှသော သစ်သားဓာတ် ချီစွမ်းအားများမှာ လှိမ့်ဝင်ကာ မုရုံချင်းလျန်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားခဲ့တော့၏။ တစ်ဖက်မှလည်း ပြင်းထန်လှသော ချီစွမ်းအားများကြောင့် ပျက်စီးနေခဲ့ရသော သွေးကြောများနှင့် ကိုယ်တွင်းအင်္ဂါများကို ပြန်လည်၍ ပြုပြင်ပေးနေခဲ့သလို အခြားတစ်ဖက်မှလည်း တစ်ဖက်လူ၏ မေ့မြောနေသော နာမ်ဝိညာဉ်ကို ပြန်လည်၍ နှိုးဆွပေးနေခဲ့သည်။

လော့ချန်သည် ထိုကုသပေးနေစဉ်အတွင်းမှာပင် သူမ အခြေတည်အဆင့်သို့ တက်လှမ်းရာတွင် ရှုံးနိမ့်သွားခဲ့ရခြင်း၏ အကြောင်းအရင်းကို ရှာဖွေနေခဲ့သည်။

‘သွေးကြောတွေ ပျက်စီးနေတာက ချီစွမ်းအားတွေ နောက်ပြန်စီးဆင်းပြီး တိုက်ခိုက်မိတာကြောင့်ပဲ’

‘ဒန်ထျန်းရဲ့ ပြင်ပနံရံကတော့ ပျက်စီးခြင်း မရှိဘူး.... ဒါက ဒန်ထျန်းကို ဖောက်ထွက်ပြီး ဝိညာဉ်ပင်လယ်အဖြစ် ပြောင်းလဲမယ့် အဆင့်အထိကို မရောက်ရှိသေးဘူးလို့ ဆိုလိုတာပဲ’

‘ဒါဆို ဒန်ထျန်းကို ဖောက်ထွက်ပြီး ဝိညာဉ်ရည်အဖြစ် ပြောင်းလဲမယ့် ခြေလှမ်းကိုတောင်မှ မလုပ်ဆောင်နိုင်ခဲ့ဘူးပေါ့’

‘ဘယ်လိုဖြစ်လို့ ဒီလိုမျိုး ဖြစ်သွားရတာလဲ’

‘ဒေါ်လေးရဲ့ ဒန်ထျန်းနံရံက တော်တော်ကြီး ထူလွန်းနေတာကြောင့်လား.... ဒါမှမဟုတ် အခြေတည်ဆေးလုံးရဲ့ အစွမ်းက မလုံလောက်တာကြောင့်လား.... ဒါမှမဟုတ် အဲဒီအချိန်တုန်းက စိတ်အာရုံကို သေချာ မစုစည်းနိုင်ခဲ့တာကြောင့်လား’

သူ့တွင် မေးခွန်းအမြောက်အမြား ရှိနေခဲ့သော်လည်း အဖြေမူ မရှိခဲ့ချေ။

လော့ချန် စိတ်အာရုံကို စုစည်းရင်း သူမ၏ ပျက်စီးနေသော ခန္ဓာကိုယ်ကို ကုသရန်သာ အာရုံစိုက်ထားလိုက်တော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၃၉၆) - အမောင်လော့ချန်၏ ရွှေအမြုတေအိမ်မက်

တောင်လေပြည်ညင်းက သူ၏ စိတ်အာရုံကို တမင် နှောင့်ယှက်နေသယောင်ပင်။

ငွေဂင်္ဂါရေတံခွန်၏ ကျယ်လောင်လှသော ရေစီးကျသံများကလည်း နားဝတွင် ဆီဆီညံနေသည်။

မတ်စောက်လှသော ကျောက်ဆောင်ကမ်းပါးယံအစွန်းတွင် သူ မတ်တပ်ရပ်နေပြီး မျက်ဝန်းအစုံ၌ သောကရိပ်များ လွှမ်းမိုးနေ၏။

ထိုစဉ် ဘေးနားမှ အာမေဋိတ် အသံတစ်သံ ထွက်ပေါ်လာသည်။

“မိတ်ဆွေလော့.... မင်း ဒီနေရာကို ထပ်ရောက်နေပြန်ပြီပဲ.... ဘာလဲ မင်းရဲ့လော့ထျန်းအဖွဲ့က တစ်ယောက်ယောက် ထပ်ပြီး အခြေတည်အဆင့် တက်ဖို့ကြိုးစားနေပြန်ပြီလား”

လော့ချန် အသံလာရာဘက်သို့ ကြည့်လိုက်ရာ စူးစမ်းလိုစိတ်များ ပြည့်နှက်နေသော နန်ကုန်းကျင်းကို မြင်လိုက်ရသည်။ ထိုသူသည် ယခုထက်တိုင် ဤနားတစ်ဝိုက်တွင် နေထိုင်နေဆဲ ဖြစ်ပုံရသည်။

လော့ချန် အားယူ ပြုံးလိုက်ရင်း ဆိုသည်။

“ဟုတ်တယ်ဗျ.... တစ်ယောက်ယောက် အခြေတည်အဆင့်တက်ဖို့ ကြိုးစားခဲ့တာပါ၊ ဒါပေမဲ့.... ကျရှုံးသွားခဲ့တယ်”

ဤစကားကို ကြားလိုက်ရသောအခါ နန်ကုန်းကျင်းသည် စိတ်မကောင်းကြောင်း မပြောမီ စိတ်ထဲတွင် အလိုလိုပင် စိတ်သက်သာရာရမှုတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။ ။

လော့ချန် မျက်မှောင်ကြုတ်လျက် ထိုသူအား စိုက်ကြည့်လိုက်သည်။

နန်ကုန်းကျင်းက ချောင်းတစ်ချက် ဟန့်လိုက်ရင်း

“အခြေတည်အဆင့် ကျရှုံးတယ်ဆိုတာ ဓမ္မတာပါပဲ.... ကောင်းကင်ဝိညာဉ်မြစ်ပိုင်ရှင် ကျင့်ကြံသူ မဟုတ်ရင်.... ပါရမီ ဘယ်လောက်ပဲ ထူးချွန်ပါစေ၊ ပြင်ဆင်မှု ဘယ်လောက်ပဲ ပြည့်စုံပါစေ၊ ကျရှုံးနိုင်ခြေကတော့ အမြဲရှိနေဦးမှာပဲ.... ဒါကို စိတ်ထဲ အရမ်းမထားပါနဲ့ မိတ်ဆွေလော့ရာ”

လော့ချန် နားမလည်နိုင် ဖြစ်သွားရသည်။

“ဘာလို့ ကောင်းကင်ဝိညာဉ်မြစ် ပိုင်ရှင်တွေကျတော့ ဘာအတားအဆီးမှ မရှိဘဲနဲ့.... ကျန်တဲ့လူတွေကျမှ ရှိနေရတာလဲ၊ ဝိညာဉ်မြစ်နှစ်ခု ပိုင်ရှင်တွေကော၊ ထူးခြားဝိညာဉ်မြစ် ပိုင်ရှင်တွေကော...."

နန်ကုန်းကျင်းက ခပ်ဖွဖွ ပြုံးလိုက်သည်။

“ကောင်းကင်ဝိညာဉ်မြစ်ကို ဘာလို့ ဝိညာဉ်မြစ်တစ်ခုလို့မခေါ်ဘဲ ကောင်းကင်ဝိညာဉ်မြစ်လို့ ခေါ်လဲဆိုတော့.... သူတို့က သဘာဝတရားရဲ့ ကောင်းချီးပေးမှုကို အပြည့်အဝ ရရှိထားပြီး ကောင်းကင်တာအိုရဲ့ အချစ်တော်တွေ မို့လို့ပေါ့”

“တခြား ပါရမီရှိတဲ့သူတွေ ကျတော့ကော....” ဟု လော့ချန် မေးလိုက်သည်။

နန်ကုန်းကျင်းက စကားကို ခေတ္တရပ်ကာ

“ငါ မင်းကို မေးပါရစေ၊ အဆင့်နိမ့် အခြေတည်ဆေးလုံးတစ်လုံးက အောင်မြင်နိုင်ခြေ ဘယ်နှစ်ရာခိုင်နှုန်းလောက် တိုးတက်စေလဲ”

“သုံးဆယ်ရာခိုင်နှုန်းလေဗျ”

“ဒါဆိုရင် ချီသန့်စင်အဆင့် ကျင့်ကြံသူတွေဟာ.... ပြင်ဆင်မှုတွေကို ဘယ်လောက်ပဲ ပြည့်စုံအောင် လုပ်ထားပါစေ၊ ကျန်တဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းသော အောင်မြင်နိုင်ခြေကို အမိအရ ဆုပ်ကိုင်နိုင်ပါ့မလား”

လော့ချန်၏ နှုတ်ခမ်းအစုံ တုန်ရီသွားပြီး ခဏတာမျှ ဆွံ့အသွားရသည်။

ထိုစဉ်က သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် ဝရဇိန်အဆင့်သို့ ပြည့်စုံစွာ ရောက်ရှိနေခဲ့ပြီး စိတ်ချီစွမ်းအားသည်လည်း အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် ရင်ဘောင်တန်းနိုင်ကာ ချီစွမ်းအင်ကို သိမ်မွေ့စွာ ထိန်းချုပ်နိုင်စွမ်းမှာလည်း တစ်တန်းတည်းရှိ ကျင့်ကြံသူများထဲတွင် အနှိုင်းမဲ့ ဖြစ်ခဲ့သည်။ ထိုကဲ့သို့ အဘက်ဘက်မှ ပြည့်စုံလွန်းလှသော ပြင်ဆင်မှုများအောက်တွင်ပင် သူ လေးကြိမ်တိုင်တိုင် ရှုံးနိမ့်ခဲ့သည်။ နောက်ဆုံး ငါးကြိမ်မြောက်မှသာ သီသီလေး အောင်မြင်ခဲ့ရခြင်း ဖြစ်၏။

အကယ်၍ သူ၏ ဝိညာဉ်မြစ်ငါးခု ပါရမီကြောင့် ဒန်ထျန်းအတွင်း၌ ခံနိုင်ရည်ရှိပြီး ကျယ်ဝန်းလှသော နေရာလွတ်သာ မရှိခဲ့လျှင် ထို အခြေတည် ဝိညာဉ်ဆေးပင်ငါးစု၏ ပြင်းထန်လှသော ဆေးစွမ်းအင်များသည် သွေးကြောများကို နောက်ပြန်စီးဆင်း တိုက်ခိုက်ကာ သူ့အား ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့မည်မှာ မြေကြီးလက်ခတ်မလွဲပင်။ ထို့အပြင် ထိုစဉ်က သူ၏အဆင့်သည် ချီသန့်စင်အဆင် ၉ အထွတ်အထိပ်တွင် ရပ်တန့်မနေခဲ့ဘဲ ထို ဝိညာဉ်ဆေးပင်ငါးစု၏ ဆေးစွမ်းအင် ပေါက်ကွဲမှုအောက်တွင် ဆယ်ဆင့်၊ တစ်ဆယ့်တစ်ဆင့်၊ တစ်ဆယ့်နှစ်ဆင့်နှင့် တစ်ဆယ့်သုံးဆင့်အထိ တဟုန်ထိုး တက်လှမ်းသွားခဲ့သကဲ့သို့ ခံစားခဲ့ရသည်။

လော့ချန် ဆွံ့အလျက် စကားမဆိုနိုင် ဖြစ်နေသည်ကို ကြည့်ကာ နန်ကုန်းကျင်း မရယ်ဘဲ မနေနိုင်တော့ပေ။

“စိတ်မပူပါနဲ့ကွာ.... အသက်တော့ရှင်သေးတယ်မလား”

လော့ချန်က ခေါင်းညိတ်ပြလိုက်ရင်း

“ဒဏ်ရာ ပြင်းပြင်း ရခဲ့ပေမဲ့.... ဆေးဝါးကုသမှု ခံယူပြီးတဲ့နောက် အသက်ဘေးကိုတော့ ကျော်လွန်သွားပါပြီ"

“အေးကွာ.... အသက်ရှင်နေရင် ပြီးတာပါပဲ၊ ဒဏ်ရာကို ကောင်းကောင်း ကုသလိုက်ဦး၊ နောက်နောင် အခွင့်အရေး ရှိပါသေးတယ်.... ဒါနဲ့ အဲဒီ အဆင့်တက်ဖို့ ကြိုးစားခဲ့တဲ့သူက အသက်ဘယ်လောက်ရှိပြီလဲ"

နန်ကုန်းကျင်းက ထပ်လောင်း မေးမြန်းလိုက်သည်။

လော့ချန်က ခေတ္တမျှ စဉ်းစားပြီးနောက် မသေချာသော ကိန်းဂဏန်းတစ်ခုကို ပြောလိုက်၏။

“ငါးဆယ့်နှစ်နှစ် ဝန်းကျင်လောက်ပါပဲ”

“ဒါဆိုရင် တော်တော်လေး ငယ်သေးတာပဲ”

နန်ကုန်းကျင်းက ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။

“နောက် နှစ်အနည်းငယ်လောက် ခန္ဓာကိုယ်ကို ပြန်ကောင်းမွန်အောင်လုပ်ပြီး.... နောက်တစ်ကြိမ် အခြေတည်အဆင့်တက်ဖို့ ထပ်ကြိုးစားလို့ ရသေးတာပဲ"

နန်ကုန်းကျင်း၏ စကားများမှာ ကျိုးကြောင်းဆီလျော်ပေသည်။

လော့ချန် ပြန်သတိဝင်လာပြီး နန်ကုန်းကျင်းကို လေးလေးနက်နက် ကျေးဇူးတင်စကား ဆိုလိုက်၏။

နန်ကုန်းကျင်းက လက်ကို ဝှေ့ယမ်းပြကာ နှုတ်ဆက်စကားဆိုပြီးနောက် ထျန်းလန်တောင်ထိပ်မှ ထွက်ခွာသွားတော့သည်။

လော့ချန် လှည့်ပြန်လာပြီး ဂူတံခါးဝကို စိုက်ကြည့်လိုက်သည်။

“ဦးလေးချင်.... ကြားတယ်မလား”

ဂူဗိမာန်အတွင်းမှနေ၍ မျက်နှာထက်ဝယ် လောကဓံများ ထင်ဟပ်နေသော ချင်လျန်ချန်း ထွက်ပေါ်လာသည်။

သုံးရက်တိုင်တိုင် ကုသမှု ခံယူပြီးနောက်တွင်မူ မုရုံချင်းလျန်သည် နောက်ဆုံး၌ သတိပြန်ရလာခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း သူမ၏ လက်ရှိအခြေအနေမှာ လုံးဝ ကောင်းမွန်မနေခဲ့ချေ။

လော့ချန်၏ ကုသခြင်းအတတ်သည် သူ၏ သန့်စင်လှသော ချီစွမ်းအင်ကို အခြေခံထားသဖြင့် အံ့ဖွယ်ရလဒ်များကို ဖန်တီးပေးနိုင်ခဲ့သော်လည်း သူမ၏ ဒဏ်ရာများက ချီစွမ်းအားတစ်ခုတည်းဖြင့် လုံးဝ ပြီးပြည့်စုံအောင် ကုသနိုင်မည့်အရာမျိုး မဟုတ်ချေ။ ထိုကုသမှု ဖြစ်စဉ်အတွင်း ဆုံးရှုံးသွားရသည်မှာ မုရုံချင်းလျန် နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သော ခန္ဓာကိုယ်အသက်စွမ်းအင်ပင် ဖြစ်သည်။ ဤအသက်စွမ်းအင်ကို လော့ချန်၏ အယူအဆအရ လူသားတို့၏ ဆဲလ်ရှင်သန်မှု စွမ်းအား၊ နှစ်ပေါင်းများစွာ ကျင့်ကြံခြင်းဖြင့် ခန္ဓာကိုယ်အတွင်း၌ ဝှက်ကွယ်နေသော သွေးသားစွမ်းအားများနှင့် ပြန့်ကျဲနေသော ချီစွမ်းအင်များဟု သတ်မှတ်နိုင်သည်။

ပြင်ပမှ ကုသခြင်းများနှင့်အတူ ထိုအရာများကို ထုတ်ယူသုံးစွဲခြင်းဖြင့်သာ လော့ချန်သည် သူမ၏ ပြင်းထန်စွာ ပျက်စီးသွားခဲ့ရသည့် စွမ်းအားကြောများကို တစ်စိတ်တစ်ပိုင်း ပြန်လည် ပြုပြင်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ကျန်ရှိသော အစိတ်အပိုင်းများကိုမူ သူမကိုယ်တိုင် အချိန်ယူ၍ ပြန်လည်ပြုစုပျိုးထောင်ရမည် ဖြစ်သည်။

ဝိညာဉ်ဆေးဝါးများကို မှီဝဲခြင်းနှင့် ချီစွမ်းအားများ ပါဝင်နေသော အစားအစာများကို စားသုံးရန် လိုအပ်မည်ဖြစ်ပြီး ဤလုပ်ငန်းစဉ်က တစ်ညတည်းဖြင့် ပြီးမြောက်နိုင်မည့်အရာ မဟုတ်ချေ။ ထို့ကြောင့် နောက်ထပ် တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့်တွင် သူမအနေဖြင့် ပြန်လည်နာလန်ထူရေးအပေါ်၌သာ အာရုံစိုက်ရန် လိုအပ်ပေလိမ့်မည်။

ထို့ကြောင့်ပင် ကျင့်ကြံသူများသည် အသက်ခြောက်ဆယ်မတိုင်မီ အခြေခံတည်ဆောက်ခြင်းကို ပြီးမြောက်အောင် လုပ်ဆောင်ကြခြင်း ဖြစ်၏။ အကယ်၍ အသက်ခြောက်ဆယ်ကျော်မှ အဆင့်တက်ခြင်း ကျရှုံးခဲ့လျှင် နေရာ၌ ပွဲချင်းပြီး သေလျှင်သေ၊ မသေပါကလည်း ခန္ဓာကိုယ်ကို ပြန်လည်ကုသရန် ငါးနှစ်၊ ခြောက်နှစ် သို့မဟုတ် ဆယ်စုနှစ်တစ်ခုမက အချိန်ပေးရတတ်သည်။

အသက်ကြီးလေလေ ခန္ဓာကိုယ်၏ လုပ်ဆောင်ချက်များ ကျဆင်းလေလေပင် မဟုတ်ပါလော။ သွေးစွမ်းအားများ ဆုတ်ယုတ်ကျဆင်းသွားခြင်းဟူသည်က စကားသက်သက်မျှသာ မဟုတ်ချေ။

ကံကောင်းသည်မှာ မုရုံချင်းလျန်သည် အတော်ပင် ငယ်ရွယ်သေးသဖြင့် တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့် ခန္ဓာကိုယ်ကို ပြုစုကာ ယခင်အတိုင်း ပြန်လည်ကောင်းမွန်လာပြီးနောက် အခြေခံတည်ဆောက်ရန် ထပ်မံကြိုးစားခွင့် ရှိသေးသည်။

သို့သော်လည်း ချင်လျန်ချန်း၏ မျက်နှာထက်တွင်မူ စိုးရိမ်ပူပန်ရိပ်များဖြင့် ဆက်လက်၍ အုံ့မှိုင်းနေဆဲ ဖြစ်သည်။ လော့ထျန်း အဖွဲ့အတွင်း၌ အခြေတည်အဆင့်သို့ တက်လှမ်းရန် မျှော်လင့်နေသူမှာ သူတို့ဇနီးမောင်နှံ နှစ်ယောက်တည်း မဟုတ်ချေ။

ထို့အပြင် ရရှိနိုင်သော အခြေတည်ဆေးလုံးမှာလည်း အကန့်အသတ် ရှိလှသည်။

တစ်နှစ် သို့မဟုတ် နှစ်နှစ်အကြာတွင် ထိုအခွင့်အရေးသည် မုရုံချင်းလျန်ထံသို့ ရောက်ရှိလာနိုင်မည် ဟူ၍ တထစ်ချ မပြောနိုင်ချေ။

ချင်လျန်ချန်း၏ ဆွံ့အလျက် သောကရောက်နေသော ပုံစံကို ကြည့်ကာ လော့ချန် မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည် တစ်ဖက်လူ၏ စိတ်ထဲ၌ မည်သည့်အရာများ တွေးတောနေသည်ကို ခန့်မှန်းမိ၏။ သို့သော် သူ့အနေဖြင့် မည်သည့် ကတိကဝတ်မျှ မပေးနိုင်ချေ။

ချင်လျန်ချန်း၏ ပုခုံးကို အသာအယာ ပုတ်ကာ လော့ချန် နှစ်သိမ့်လိုက်သည်။

“အနည်းဆုံးတော့.... လူ ဘာမှမဖြစ်တာပဲ တော်သေးတယ်မလားဗျာ....”

ချင်လျန်ချန်းက ခေါင်းညိတ်လိုက်ကာ....

“ငါ အတွေးလွန်သွားတာပါ၊ အသက်ရှင်နေသေးတာတင်ပဲ အတိုင်းထက်အလွန် ကံကောင်းလှပါပြီ၊ လော့ချန်.... ဒီရက်ပိုင်း မင်းရဲ့ အချိန်တွေကို အများကြီး ဖြုန်းတီးမိသွားစေပြီ၊ မင်းလုပ်စရာရှိတာတွေ သွားလုပ်ပါတော့၊ ဒီမှာ ငါတစ်ယောက် ရှိရင် လုံလောက်ပါပြီ”

လော့ချန် ခေါင်းညိတ်ပြကာ ထိုနေရာမှ ထွက်ခွာခဲ့တော့သည်။

....

ဂူဗိမာန်သို့ ပြန်ရောက်သောအခါ လော့ချန် သက်ပြင်းတစ်ချက် ချလိုက်ရင်း ထိုကိစ္စကို ဆက်မတွေးဘဲ ထားလိုက်သည်။ သူ လုပ်ဆောင်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ပေးခဲ့ပြီး ဖြစ်၏။ အောင်မြင်ခြင်း သို့မဟုတ် ရှုံးနိမ့်ခြင်းဟူသည်က ကံတရားအပေါ်၌သာ မူတည်ပေလိမ့်မည်။

မုရုံချင်းလျန်သည် အဘက်ဘက်မှ ပြင်ဆင်မှုများကို အပြည့်အဝ လုပ်ဆောင်ခဲ့သလို မင်လုံယွီကဲ့သို့ တာအိုစိတ်ဓာတ် မခိုင်မာခြင်းဟူသော အရာမျိုးပင် မရှိခဲ့ပေ။

ထိုသို့ ဖြစ်လင့်ကစား သူမ ကျရှုံးခဲ့ရရှာသည်။

“အောင်မြင်နိုင်ခြေ....”

လော့ချန်သည် ဤစကားလုံးကို စိတ်ထဲ၌ ရေရွတ်နေမိသည်။ မြင့်မားသော အဆင့်တစ်ခုသို့ ဖောက်ထွက်သည့် အခါတိုင်းတွင် ကျရှုံးခြင်းနှင့် အောင်မြင်ခြင်းသည် ဒွန်တွဲနေစမြဲပင်။ အောင်မြင်နိုင်ခြေကို မြှင့်တင်လိုပါက ဆေးလုံးများအပြင် အမှန်စင်စစ် အခြားနည်းလမ်းတစ်ခုလည်း ရှိသေးသည်။ ထိုအရာမှာ ကြိုးစားသည့် အကြိမ်အရေအတွက်ကို မြှင့်တင်ခြင်းပင်။ သို့သော် အဆင့်တက်ရန် အကြိမ်ကြိမ် ကြိုးစားခြင်းသည် ပေးဆပ်ရမည့် တန်ဖိုးကိုလည်း ပိုမိုကြီးမားစေလိမ့်မည်။

လုံလောက်လှသော အခြေတည် ဆေးဝါးများနှင့် အကြိမ်တိုင်းတွင် ကျရှုံးမှုကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိသော ခန္ဓာကိုယ်။ ဤနှစ်ခုလုံးသည် မရှိမဖြစ် လိုအပ်ပေသည်။

“ဒါဆိုရင် ငါ အနာဂတ်မှာ ရွှေအမြုတေ အဆင့်တက်ဖို့ ကြိုးစားတဲ့အခါမှာကော.... ဒီ အခြေတည်အဆင့် အယူအဆကိုပဲ ဆက်ပြီး သုံးလို့ ရမလား”

“ငါ့ရဲ့ အမှိုက်ပါရမီနဲ့ ဆိုရင်တော့.... ရွှေအမြုတေ ဝိညာဉ်ဆေးပင်တွေလောက်နဲ့ ဘယ်လိုမှ မလုံလောက်နိုင်ဘူး"

“ကြည့်ရတာ နောက်နောင် လေလံပွဲကြီးတွေ ရှိတိုင်း.... ရွှေအမြုတေ ဝိညာဉ်ဆေးပင်တွေကို ငါ သေချာ သတိထားပြီး ရှာရတော့မယ်"

“ဒါပေမဲ့ လက်ရှိ အရေးအကြီးဆုံးအလုပ်ကတော့ ကျင့်ကြံခြင်းအဆင့်ကို အရင်မြှင့်တင်ဖို့ပဲ၊ အခြေတည်နှောင်းပိုင်းအဆင့်ကို မရောက်မချင်း.... ရွှေအမြုတေ ဝိညာဉ်ဆေးပင်တွေကို လုယူတဲ့ပွဲထဲမှာ ဝင်ပါဖို့ ခက်လိမ့်မယ်"

လော့ချန်သည် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း သူ၏ စိတ်အာရုံကို တည်ငြိမ်အောင် လုပ်ဆောင်လိုက်ကာ အတွေးအားလုံးကို ဖယ်ထုတ်လိုက်ပြီး ကျင့်ကြံခြင်း အခြေအနေအတွင်းသို့ ဝင်ရောက်သွားခဲ့တော့၏။

....

စီမာဟွေ့နန်မှ မူဝါဒအသစ်ကို ချမှတ်ပြီးနောက်တွင် လော့ထျန်းအဖွဲ့သည် တစ်ကျော့ပြန်၍ အရှိန်အဟုန်ပြင်းစွာ တိုးတက်လာခဲ့ပြန်သည်။ ယခုအကြိမ်တွင် မူဝါဒအသစ်ကြောင့် လော့ထျန်း ကျင့်ကြံသူများ၏ စိတ်အားထက်သန်မှုမှာ အချိန်တိုအတွင်း မြင့်တက်လာခဲ့၏။ ပိယိုတောင်ကြားရှိ ဈေးတန်းတွင် ဖြစ်စေ ဆေးဝါးခန်းမဆောင်၏ ဝိညာဉ်စိုက်ခင်းများတွင် ဖြစ်စေ နေ့ညမပြတ် ကျင့်ကြံသူများ လှုပ်ရှားသွားလာနေကြသည်။

အခြားသော ခန်းမဆောင်များကလည်း နောက်ကောက်မကျန်ရစ်စေရန် အားသွန်ခွန်စိုက် ကြိုးပမ်းကြလေသည်။

သတင်းကောင်းသည် ဆေးဖော်ခန်းမဆောင်ဘက်မှ ဦးစွာ ထွက်ပေါ်လာခဲ့သည်။ မက်မွန်တောင်ဘက်မှ လူများ ဆေးဖော်ခန်းမဆောင်သို့ ရောက်လာခြင်း ဖြစ်သည်။

ဘုရင်မပန်းဂိုဏ်း၏ အကြီးအကဲဖြစ်သူ မက်မွန်သခင်၏ ပိုင်ဆိုင်မှုဖြစ်သော မက်မွန်တောင် စီးပွားရေးသည် အမြဲတစေ အလွန်ကောင်းမွန်လှသည်။ အမှန်တကယ် စီမံခန့်ခွဲသူဖြစ်သော အခြေတည်နှောင်းပိုင်းအဆင့်ရှိ ရွှမ်ယွီသည်လည်း ထိုမှတစ်ဆင့် အကျိုးအမြတ်များစွာ ရရှိခဲ့ပြီး ထိုအရာက ရေခဲခံတပ်၏ ရွှေအမြုတေ ဝိညာဉ်ဆေးပင်ကို လုယူရာတွင် ကြီးမားသော အထောက်အပံ့ ဖြစ်စေခဲ့သည်။ သို့သော် သူတို့သည် ထိုမျှဖြင့် တင်းတိမ်ရောင့်ရဲခြင်း မရှိကြသည်မှာ သိသာလှပေသည်။ ထို့ကြောင့်ပင် မက်မွန်သခင်သည် လော့ထျန်းအဖွဲ့မှ ရောင်းချသော အံ့ဖွယ်တစ်သောင်းဆေးလုံးများကို မျက်စိကျလာခဲ့ခြင်း ဖြစ်၏။

ထို့နောက် မက််မွန်တောင်မှ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးသည် ဒန်ရှားတောင်ထိပ်သို့ ကိုယ်တိုင်ရောက်လာကာ စီမာဟွေ့နန်နှင့် အမှာစာအမြောက်အမြားကို စာချုပ်ချုပ်ဆိုခဲ့သည်။

ဆေးလုံးတစ်လုံးလျှင် ဝိညာဉ်ကျောက်တုံး တစ်ဆယ်နှုန်းဖြင့် မီလီ လစဉ် ဖော်စပ်သမျှသော အံ့ဖွယ်တစ်သောင်းဆေးလုံးအားလုံးကို အကုန်အစင် သိမ်းကျုံးဝယ်ယူခဲ့လေသည်။ ဤသို့ဖြင့် ဤအမှာစာတစ်ခုတည်းဖြင့်ပင် လစဉ် လတိုင်း ဝိညာဉ်ကျောက်တုံး တစ်ထောင်နီးပါး အမြတ်အစွန်းကို ဖန်တီးပေးနိုင်ခဲ့သည်။ တစ်နှစ်ပတ်လုံး ဆိုလျှင်မူ သောင်းဂဏန်းအထိ ရှိပေလိမ့်မည်။ ဤဝင်ငွေသည် လော့ချန် ထိုစဉ်က ကျောက်စိမ်းအမြုတေဆေးလုံး ဖော်စပ်စဉ်က ရရှိခဲ့သော ရလဒ်ကို မမှီနိုင်သလို၊ တစ်ဖွဲ့လုံး အနေဖြင့် ကြည့်လျှင်လည်း အလွန်ကြီးမားသည်မဟုတ်သော်လည်း ဤအရာသည် အလွန်ကောင်းမွန်သော အစပြုခြင်းတစ်ခု ဖြစ်ပေသည်။

ထို့အတွက်ကြောင့် စီမာဟွေ့နန်သည် မီလီအား အထူးဆုလာဘ်များ ချီးမြှင့်ခဲ့၏။ ထိုအရှိန်အဟုန်ကြောင့် ဆေးဖော်ခန်းမဆောင်မှ ကျန်ရှိသော ဆေးဖော်စပ်သူသုံးဦးသည်လည်း ပိုမိုကြိုးစားကာ မိမိတို့၏ ဆေးလုံးများကို အားသွန်ခွန်စိုက် ဖော်စပ်ကြတော့သည်။

ဆေးဖော်ခန်းမဆောင်၏ ပြောင်းလဲမှုသည် ရေခဲတောင်၏ ထိပ်ဖျားမျှသာ ရှိသေးသည်။

လက်နက်ခန်းမဆောင်ဘက်တွင်မူ အမှန်တကယ်ပင် ကောင်းကင်နှင့်မြေကြီး မှောက်ခုံဖြစ်လုမတတ် ပြောင်းလဲမှုများ ဖြစ်ပေါ်နေခဲ့သည်။ တွမ်ဖုန်း အခြေတည်အဆင့် အောင်မြင်သွားခြင်းက သူ့အား လက်နက်သွန်းလုပ်ခြင်း လမ်းစဉ်တွင် ပိုမို၍ အဆင်ပြေချောမွေ့လာစေခဲ့သည်။ အခြေတည်အဆင့်ရှိ အစီအရင်ဆရာကြီး မင်လုံယွီသည်လည်း အကြီးအကဲရာထူးဖြင့် လက်နက်ခန်းမဆောင်သို့ ပူးပေါင်းလာခဲ့သည်။ သူ၏ အစီအရင် စွမ်းပကားဖြင့် မှော်လက်နက်များ သွန်းလုပ်ရာတွင် အကြီးအကျယ် အကူအညီများ ပေးနိုင်ခဲ့သည်။ ထိုသို့ဖြင့် အချိန်သုံးလမျှအတွင်း၌ပင် သူနှင့် တွမ်ဖုန်းတို့၏ လက်နက်ခန်းမဆောင်မှ အဆင့်မြင့် မှော်လက်နက်ကို အောင်မြင်စွာ သွန်းလုပ်နိုင်ခဲ့ကြသည်။

အဆင့်မြင့် မှော်လက်နက်တစ်ခုသည် မည်မျှပင် အရည်အသွေး ညံ့ဖျင်းပါစေ ဝိညာဉ်ကျောက်တုံး တစ်ထောင်ကျော်ဖြင့် ရောင်းချနိုင်သည်။ အကယ်၍ ဂုဏ်သတ္တိများ ထူးချွန်ပါက လေးငါးထောင်အထိ ရောင်းချနိုင်သည်။ သူတို့နှစ်ဦး ပူးပေါင်း၍ လက်နက်သွန်းလုပ်ခြင်းသည် မော်ကွန်းဝင် အစီအရင်အိမ်မြှောင်ကို ပြုပြင်ရန်နှင့် မှော်ရတနာသန္ဓေသားလောင်း နှစ်ခုကို ပြည့်စုံစေရန် ရှေ့ပြေးပြင်ဆင်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိသာလှပေသည်။ သို့သော် ထိုသို့ ညှိနှိုင်းဆောင်ရွက်သည့် ဖြစ်စဉ်အတွင်း လက်နက်ခန်းမဆောင်၏ စွမ်းဆောင်ရည်ကိုလည်း တစ်စတစ်စ မြှင့်တင်ပေးနိုင်ခဲ့သည်။ တွမ်ဖုန်း နှစ်ပေါင်းများစွာ မွေးထုတ်လာခဲ့သော လက်နက်ခန်းမဆောင်မှ တပည့်များသည်လည်း ခက်ခဲလှသော မှော်လက်နက် သွန်းလုပ်ခြင်း အလုပ်များကို လက်ကြောတင်းအောင် လုပ်ဆောင်နိုင်နေကြပြီ ဖြစ်သည်။ လော့ထျန်းအဖွဲ့၏ အရာရာတိုင်းသည် ကောင်းမွန်သော လမ်းကြောင်းသို့ ဦးတည်၍ တိုးတက်နေသည်ဟု ဆိုရပေမည်။

အဖွဲ့၏ ခေါင်းဆောင်ဖြစ်သော လော့ချန်ကမူ တဖြည်းဖြည်း လူအများရှေ့သို့ ထွက်ပေါ်လာခြင်း နည်းပါးလာပြီး တစ်နှစ်ပတ်လုံး ထျန်းလန်တောင်ထိပ်ပေါ်၌သာ အောင်းနေကာ လူသူနှင့် ကင်းဝေးစွာ နေထိုင်လေသည်။ သူ နေ့စဉ် ပြုလုပ်သမျှသော အရာများကို အပြင်လူများ ကြည့်လျှင် အလွန်ပင် ပျင်းရိငြီးငွေ့ဖွယ်ကောင်းသည်ဟု ထင်မှတ်ကြပေလိမ့်မည်။ စာဖတ်ခြင်း၊ မှော်အတတ်များ လေ့ကျင့်ခြင်း၊ ဆေးဖော်စပ်ခြင်းနှင့် ကျင့်ကြံခြင်းတို့ပင် ဖြစ်သည်။ ဤလေးမျိုးတည်းဖြင့် သံသရာလည်နေသော်လည်း သူကမူ မငြီးငွေ့နိုင်ဘဲ ပျော်မွေ့နေခဲ့သည်။

အချိန်ကာလသည် တရွေ့ရွေ့ ကုန်လွန်သွားရာ မျက်တောင်တစ်ခတ်တွင်း ခြောက်လခန့် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။

ဂူဗိမာန်အတွင်း၌ လော့ချန်တစ်ယောက် နှင်းပိုးဖျာပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေလေသည်။

အေးမြလှသော အအေးဓာတ်က သူ၏ စိတ်အာရုံကို ကြည်လင်နေစေသည်။

သူ၏ မြင်ကွင်းအတွင်း၌မူ သူတစ်ဦးတည်းသာ မြင်တွေ့နိုင်သော အခြေအနေပြကြေးမုံပြင်သည် တောက်ပစွာ လင်းလက်နေလျက်ရှိ၏။

All Chapters