အခန်း (၃၉၇-၃၉၈)
Vol. 40 Ch. 397-398
အခန်း (၃၉၇) - ကြိုးစားမှု အသီးအပွင့်များ
[အခြေအနေပြကြေးမုံပြင်]
အမည် - လော့ချန်
သက်တမ်း - ၄၀ / ၁၉၀
ဝိညာဉ်အမြစ် - သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ (ငါးမျိုးစုံ)
အဆင့် - အခြေခံတည်ဆောက်ခြင်း အဆင့် ၃ (၆၀/၁၀၀)၊ သွေးမြစ်အဆင့် (၂၀/၁၀၀)
အောင်မြင်မှုအမှတ် - ၂၅
[ကျင့်စဉ်များ]
နွယ်မြက်သစ်ပင်ဆေးဘုရင်ကျင့်စဉ် - ပါရမီရှင်အဆင့် (၈၄၀/၁၀၀၀)
နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်း ကျင့်စဉ် - ပါရမီရှင်အဆင့် (၇၀၀/၁၀၀၀)
ဝိညာဉ်သားရဲတစ်သောင်းကျင့်စဥ် - အခြေခံအဆင့် (၁၀/၁၀၀)
[မှော်အတတ်များ]
ဒုတိယအဆင့်
မြေပြိုခြင်း - ပြီးပြည့်စုံအဆင့် (၃၅၀/၅၀၀)
ဖန်သားနတ်ဘုံအကာအရံ - ကျွမ်းကျင်အဆင့် (၂၀၀/၃၀၀)
လိပ်ဝိညာဉ်ချပ်ဝတ်တန်ဆာ - တတ်မြောက်အဆင့် (၁၀၁/၂၀၀)
ပထမအဆင့်
ကုသခြင်းမှော်အတတ် - အထွတ်အထိပ်အဆင့်
မြေစိုင်တောင် မှော်အတတ် - ပါရမီရှင်အဆင့် (၆၂၅/၁၀၀၀)
လှိုင်းလုံးမှော်အတတ် - ပါရမီရှင်အဆင့် (၆၅၀/၁၀၀၀)
အသံလုံအတားအဆီး မှော်အတတ် - ပါရမီရှင်အဆင့် (၅၇၀/၁၀၀၀)
စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ် - ပြီးပြည့်စုံအဆင့် (၃၁၀/၅၀၀)
အထွတ်အထိပ်အဆင့် မှော်အတတ်များ (အသေးစိတ်ကြည့်ရန် နှိပ်ပါ)
[ဆေးဖော်စပ်ခြင်း]
ကျောက်စိမ်းကွဲခြင်း - အထွတ်အထိပ်အဆင့်
သစ္စာနှလုံးသား - အထွတ်အထိပ်အဆင့်
ရေတံခွန်စိမ့်စမ်း - ပါရမီရှင်အဆင့် (၆၅၀/၁၀၀၀)
တိမ်တိုက်အသွင်ပြောင်းခြင်း - ပြီးပြည့်စုံအဆင့် (၄၇၁/၅၀၀)
ချင်းယွမ်အဆိပ်ဖြေနည်း - ပါရမီရှင်အဆင့် (၅၁၀/ ၁၀၀၀)
[ကိုယ်ခံပညာ]
တောင်ဖြိုကျောက်တိုင်ခွဲ လက်ဝါးသိုင်း - အထွတ်အထိပ်အဆင့်
ကောင်းကင်နတ်သမီးပန်းကြဲခြင်း - ပါရမီရှင်အဆင့် (၅၀၁/၁၀၀၀)
ဝမ်မျိုးနွယ်စု လက်စွဲကျမ်း - တတ်မြောက်အဆင့် (၂၄၉/ ၂၀၀)
[အတတ်ပညာများ]
ဒုတိယအဆင့် ဆေးဖော်ဆရာ
မှော်အာဟာရဆေးလုံး - အထွတ်အထိပ်အဆင့်
အံ့ဖွယ်တစ်သောင်းဆေးလုံး - အထွတ်အထိပ်အဆင့်
ကျောက်စိမ်းအမြုတေဆေးလုံး - အထွတ်အထိပ်အဆင့်
ချီလမ်းကြောင်းဆေးလုံး - အထွတ်အထိပ်အဆင့်
သွေးအဆီအနှစ်ဆေးလုံး - ကျွမ်းကျင်အဆင့် (၂၀၄/၃၀၀)
ကျောက်စိမ်းနှင်းစက်ဆေးလုံး - ကျွမ်းကျင်အဆင့် (၂၀၁/၃၀၀)
နတ်ဒေဝါပျားရည် - အခြေခံအဆင့် (၃/၁၀၀)
လော့ချန်သည် အခြေအနေပြ ကြေးမုံပြင်ကို စိုက်ကြည့်ရင်း ခေတ္တမျှ ငေးမှိုင်သွားခဲ့ရ၏။ ဤအရာသည် သူ သက်လတ်ပိုင်းအရွယ်သို့ ရောက်ရှိချိန်တွင် ရရှိခဲ့သော အောင်မြင်မှုများပင်လော။
အခြေခံတည်ဆောက်ခြင်း အဆင့် ၃ ကျင့်ကြံခြင်း၊ သွေးမြစ်အဆင့်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု။ ဤအရည်အချင်းများ ပိုင်ဆိုင်ထားသူကို ဂိုဏ်းကြီးများထဲတွင်ပင် လုံးဝဥဿုံ ထူးချွန်လွန်းလှသော ပါရမီရှင်တစ်ဦးဟု သတ်မှတ်နိုင်ပေသည်။
ရင်ထဲ၌ လှိုက်လှိုက်လှဲလှဲ ခံစားပြီးနောက် သူသည် နှစ်ပေါင်းများစွာ ရရှိခဲ့သော ရလဒ်များကို အကဲဖြတ်ရန် အခြေအနေပြကြေးမုံပြင်ကို တစ်ခေါက် ပြန်လည်ကြည့်ရှုလိုက်သည်။ အဓိကကျင့်ကြံသော ကျမ်းစာဖြစ်သည့် နွယ်မြက်သစ်ပင်ဆေးဘုရင်ကျင့်စဉ်၏ ကျွမ်းကျင်မှုမှာ ၈၄၀ သို့ ရောက်ရှိနေပြီး အထွတ်အထိပ်အဆင့် ရောက်ရန် ကျွမ်းကျင်မှုအမှတ် ၁၆၀ မျှသာ လိုအပ်တော့သည်။ ၎င်းကို အထွတ်အထိပ်အဆင့်အထိ ရောက်အောင် မြှင့်တင်ရန် တစ်နှစ်ခန့် အချိန်ယူရပေလိမ့်မည်။ ဤသည်မှာ အလောတကြီး လုပ်၍ ရသောအရာ မဟုတ်ပေ။ နေ့စဉ် ကျင့်ကြံအားထုတ်နေပြီး မိမိ၏ ပင်မကျင့်စဉ်ကို အမြဲတစေ လည်ပတ်နေသရွေ့ နောက်ဆုံးတွင် ပန်းတိုင်သို့ ရောက်ရှိမည်သာ ဖြစ်သည်။
မှော်အတတ်ပိုင်းတွင်လည်း ရလဒ်များကား မသေးလှချေ။ မြေစိုင်တောင် မှော်အတတ်နှင့် လှိုင်းလုံးမှော်အတတ်တို့ ပါရမီရှင်အဆင့်သို့ ရောက်ရှိသွားခြင်းကြောင့် သူ အလွန်မျှော်လင့်ထားသော တောင်ပြိုမှော်အတတ်သည် နောက်ဆုံးတွင် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ဤအဆင့်တွင်မူ တိုက်ပွဲများ၌ စတင်၍ အသုံးပြုနိုင်ပြီ ဖြစ်၏။ လက်ရှိ ထိုမှော်အတတ်၏ အစွမ်းသတ္တိမှာ အထွတ်အထိပ်သို့ ရောက်ရှိနေသော နေမီးလျှံမှော်အတတ်နှင့် ကွာခြားမှု မရှိလှပေ။ သို့သော် အသုံးပြုရန် ပထမအဆင့် မှော်အတတ် ၃ မျိုးကို ပေါင်းစပ်ရသဖြင့် အတော်ပင် ရှုပ်ထွေးလှသည်။ ချက်ချင်း ထုတ်လွှတ်နိုင်သော အခြေအနေသို့ မရောက်ရှိသေးမီ ထုတ်သုံးပါက စစ်မြေပြင်၏ အခြေအနေကို သေချာစွာ တွက်ချက်ချင့်ချိန်ရပေလိမ့်မည်။
ဖန်သားနတ်ဘုံအကာအရံဟူသော ဒုတိယအဆင့် မှော်အတတ်၏ တိုးတက်မှုကမူ အတော်ပင် နှေးကွေးလှပေသည်။ အကြောင်းမူကား ဤမှော်အတတ်ကိုမူ လော့ချန်တစ်ယောက် အခြေတည်အဆင့် ရောက်ပြီးမှသာ စတင်လေ့လာခဲ့သောကြောင့် ဖြစ်ပေသည်။ သို့သော် ဤမှော်အတတ်၏ အားသာချက်မှာ အလွန်ပင် ထင်ရှားလှသည်။ အနီးကပ် ခံစစ်ပိုင်းတွင် အစွမ်းမှာ အလွန်ပင် ထူးခြားပြောင်မြောက်လှသဖြင့် လက်ရှိတွင် လော့ချန် ဤမှော်အတတ်အား သူ၏ ပုံမှန်တိုက်ပွဲဝင် နည်းလမ်းတစ်ခုအဖြစ် သတ်မှတ်ထားသည်။
လိပ်ဝိညာဉ်ချပ်ဝတ်တန်ဆာမှာမူ လွန်ခဲ့သော တစ်နှစ်ကမှ စတင်ထိတွေ့ခဲ့သော မှော်အတတ် ဖြစ်သည်။ လေ့ကျင့်ရန်မှာ အနည်းငယ် ရှုပ်ထွေးပြီး အဆင့်လေးဆင့် ခွဲခြားထားသည်။ တစ်နှစ်တာ အချိန်အတွင်း လော့ချန်သည် သွားလာလှုပ်ရှားသည့် အခါတိုင်း၌ ခန္ဓာကိုယ်၏ အသက်ရှူနှုန်းကို အမြဲတစေ ပြုပြင်ပြောင်းလဲနေခဲ့သည်။ ယခုအခါတွင်မူ လိပ်အသက်ရှူခြင်း အပိုင်းကို ပြည့်စုံစွာ တတ်မြောက်ခဲ့ပြီ ဖြစ်၏။
“ငါသာ လိပ်အသက်ရှုခြင်းအတတ်ကို ထုတ်သုံးရင်.... ကောင်းလင်လွင်ပြင် စစ်မြေပြင်က အဲဒီ တစ်ကိုယ်တော်ကျင့်ကြံသူထက်တောင် ပိုပြီး အစွမ်းထက်မှာပဲ”
လော့ချန် ခပ်ဖွဖွ ရယ်မောလိုက်ရင်း ပထမအဆင့် မှော်အတတ်စာရင်းကို ကျော်ဖြတ်ကြည့်လိုက်သည်။ ထိုအထဲတွင် တစ်ခုတည်းသော ချီးကျူးဖွယ်ရာမှာ ခက်ခဲစွာဖြင့် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားသော စိတ်ဝိညာဉ်ခြောက်ခြားခြင်းမှော်အတတ် ဖြစ်သည်။
ကျန်ရှိသောအရာများမှာမူ ပြောပလောက်အောင် မရှိချေ။
သူ၏ အာရုံကို ဖမ်းစားနိုင်ဆုံးအရာမှာ ဆေးဖော်စပ်ခြင်းအတတ် အပိုင်းပင် ဖြစ်သည်။
တာဟဲဈေးမြို့တော်မှ ထွက်ခွာလာပြီး ဤ ထျန်းလန် နတ်ဘုရားမြို့တော်သို့ ရောက်ရှိလာခဲ့သည်မှာ ငါးနှစ်ခန့် ရှိပြီ ဖြစ်သည်။
ဤငါးနှစ်တာ အချိန်အတွင်း သူသည် ကိုယ်တိုင်လက်စွမ်းပြ၍ ကျောက်စိမ်းအမြုတေဆေးလုံး ပေါင်းသောင်းချီ၍ ဖော်စပ်ခဲ့သည်။
ချီလမ်းကြောင်းဆေးလုံး ထောင်ချီ။
ကျောက်စိမ်းနှင်းစက်ဆေးလုံး နှစ်ရာ။
ဤကဲ့သို့ ကြီးမားလှသော ဆေးဖော်စပ်မှု ပမာဏအောက်တွင် သူ၏ ဆေးဖော်စပ်ခြင်းအတတ်သည် စိတ်ကူးမယဉ်နိုင်လောက်အောင် တိုးတက်လာခဲ့၏။ စိတ်ကူးမယဉ်နိုင်လောက်အောင် ဆိုသော်လည်း တိုင်းတာ၍ မရခြင်းတော့ မဟုတ်ချေ။ ဤအရာကို ဆေးဖော်စပ်ခြင်းအတတ်၏ တိုးတက်မှုမှတစ်ဆင့် သိရှိနိုင်ပေသည်။
အထွတ်အထိပ်အဆင့်ရှိ ကျောက်စိမ်းကွဲခြင်းအတတ်ကိုမူ ပြောနေစရာပင် မလိုတော့။ သစ်ပင်နှင့် ဆေးပင် အမျိုးအစားများကို အထူးကိုင်တွယ်ရသော သစ္စာနှလုံးသားလက်ကွက် သည်လည်း အထွတ်အထိပ်အဆင့်သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။ ရေတံခွန်စိမ့်စမ်းလက်ကွက်သည်လည်း ပါရမီရှင်အဆင့်သို့ ရောက်ရှိသွားပြီး တိမ်တိုက်အသွင်ပြောင်းလက်ကွက်သည်လည်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။ ဤကဲ့သို့ ဆေးဖော်စပ်ခြင်းအတတ် တဟုန်ထိုး တိုးတက်လာသည့် နှုန်းကို အပြင်လူများ ကြားသိရလျှင် ဆွံ့အမှင်သက်သွားကြမည်မှာ အမှန်ပင်။ ဆေးဖော်စပ်ခြင်းအတတ်များထဲတွင် နောက်ဆုံးမှ ရရှိခဲ့သော ဆေးအဆိပ်ကို ဖြေဖျောက်ပေးသည့် ချင်းယွမ်အဆိပ်ဖြေနည်းသည် လော့ချန် အာရုံအစိုက်ဆုံးအရာ ဖြစ်သည်။ ငါးနှစ်တာ အချိန်အပြည့် ပေးဆပ်ခဲ့ပြီးနောက် သူသည် ထိုအဆိပ်ဖြေနည်းကို ပါရမီရှင်အဆင့်ထိ မြှင့်တင်နိုင်ခဲ့ပြီဖြစ်သည်။ ယခုအခါ သူ၏ ချီပင်လယ်အတွင်း၌ ခိုင်မာပြီး ကြီးမားလှသော ဝဲဂယက်ကြီးတစ်ခုသည် ရပ်တန့်ခြင်းမရှိဘဲ အလိုအလျောက် လည်ပတ်နေလျက် ရှိ၏။ ချီစွမ်းအင်လှိုင်းလုံးများသည် ၎င်းအတွင်းသို့ ဝင်ရောက်သွားပြီးနောက် ပြန်လည်တွန်းထုတ်ခံရကာ ချီပင်လယ်၏ ကမ်းပါးနံရံများသို့ ရိုက်ခတ်သွားကြသည်။
ကမ်းပါးနံရံများပေါ်တွင် ကပ်ငြိနေသော ဆေးအဆိပ်များသည် ထိုသန့်စင်လှသော ချီစွမ်းအင်များ၏ ဆေးကြောမှုအောက်တွင် တဖြုတ်ဖြုတ် ကြွေကျကုန်ပြီးနောက် လော့ချန်၏ ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ်ခြင်း ခံရလေသည်။ ပါရမီရှင်အဆင့်ရှိ ချင်းယွမ်အဆိပ်ဖြေနည်းသည် ဆေးအဆိပ်များ၏ ဘေးထွက်ဆိုးကျိုးကို လုံးဝဥဿုံ ဖြေရှင်းပေးနိုင်ခဲ့ပြီ ဖြစ်သည်။
ယခုအခါ လော့ချန်သည် အနာဂတ်တွင် အဆင့်တက်လှမ်းခြင်းကို နှောင့်ယှက်မည့် ဆေးအဆိပ်များအတွက် စိုးရိမ်စရာ မလိုတော့ပေ။ ထို့အပြင် စိတ်ချလက်ချ ဆေးလုံးများကို မှီဝဲကာ ကျင့်ကြံခြင်းအရှိန်ကို မြှင့်တင်နိုင်ပြီ ဖြစ်သည်။
ဆေးဖော်စပ်ခြင်းအတတ် ဤမျှကြီးမားစွာ တိုးတက်လာခြင်းသည် သဘာဝကျစွာပင် သူ အားအကိုးရဆုံးသော ဆေးလုံးများ၏ ကျွမ်းကျင်မှုကို မြင့်တက်စေခဲ့သည်။
ချီလမ်းကြောင်းဆေးလုံး အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားခြင်းသည် သူ ဤနှစ်များအတွင်း ရရှိခဲ့သော အကြီးမားဆုံးသော ရလဒ်ပင် ဖြစ်၏။ ဒုတိယအဆင့် ကျောက်စိမ်းနှင်းစက်ဆေးလုံးကိုမူ ရံဖန်ရံခါသာ ဖော်စပ်ခဲ့သော်လည်း ကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ယခုအခါ သူ၏ ကျောက်စိမ်းနှင်းစက်ဆေးလုံး အောင်မြင်မှုနှုန်းသည် သုံးဆယ်ရာခိုင်နှုန်းအထိ မြင့်မားနေပြီး အဆင့်လတ် အရည်အသွေးရှိသော ကျောက်စိမ်းနှင်းစက်ဆေးလုံးကိုပင် ဖော်စပ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
ကရုဏာမဲ့နတ်သမီးအတွက် ထောက်ပံ့ပေးရန်မှာ အခက်အခဲ စိုးစဉ်မျှ မရှိတော့ချေ။ သို့သော် သူသည် ဤလျှို့ဝှက်ချက်ကို ဆက်လက်၍ ထိန်းသိမ်းထားဆဲပင်။ တစ်ဖက်လူက သူ့အား ပေးထားသော အချိန်ကန့်သတ်ချက်မှာ ဆယ်နှစ် ဖြစ်သည်။ ယခုအခါ တစ်နှစ်ခွဲမျှသာ ကုန်လွန်သေးသဖြင့် လောရန်မလိုသေးဘဲ စိတ်အေးလက်အေး နေနိုင်သေးသည်။
သိုင်းပညာပိုင်းကိုမူ သူ လက်ရှိ၌ သိပ်အာရုံမစိုက်တော့ပေ။ ဝမ်မျိုးနွယ်စု လက်စွဲကျမ်း၏ တိုးတက်မှုမှာ သူ နေ့စဉ် ကိုယ်တွင်းအင်္ဂါငါးပါး ပြုစုပျိုးထောင်ခြင်းလက်ဝါးကို တစ်ခေါက် လေ့ကျင့်ခြင်းနှင့် နဂါးပျံခြေလှမ်းကို အနည်းငယ် လေ့ကျင့်ခြင်းကြောင့် ဖြစ်သည်။ သို့သော် ဤလျှို့ဝှက်ကျမ်း၌ ပါဝင်သော အရာများသည် များပြားလွန်းလှပေသည်။ လက်သီး၊ လက်ဝါး၊ လက်ညှိုး၊ ခြေထောက်သိုင်း၊ ပေါ့ပါးခြင်းအတတ်၊ ခြေလှမ်းအတတ်၊ လက်နက်ပုန်း၊ ဓား၊ လှံ၊ တုတ်၊ ခဲမျိုးစုံ ပါဝင်ပြီး အရာရာကို ခြုံမိစေသည်။ အမှန်စင်စစ် သိုင်းဆရာကြီးတစ်ဦး၏ တစ်သက်တာ အနှစ်ချုပ်ပင် ဖြစ်၏။
သို့သော် လော့ချန်ကမူ အပေါ်ယံမျှသာ ထိတွေ့ခဲ့ခြင်း ဖြစ်သည်။ အမှန်စင်စစ် သူ၏ ခန္ဓာကိုယ် ခွန်အားအဆင့် မြင့်တက်လာရခြင်း အကြောင်းရင်းမှာ ဤလျှို့ဝှက်ကျမ်းကို ကျင့်ကြံခြင်းကြောင့် မဟုတ်ဘဲ သူ၏ ရေရှည်ကျင့်ကြံမှုအောက်တွင် ချီစွမ်းအင်များက ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်ကာ အလိုအလျောက် သိမ်မွေ့စွာ မြင့်တက်လာခြင်းကြောင့် ဖြစ်သည်။ ဤကဲ့သို့ အလိုအလျောက် မြင့်တက်ခြင်းသည် ကိုယ်တိုင်တက်ကြွစွာ မကျင့်ကြံပါက နောက်ပိုင်းတွင် ပိုမို၍ နှေးကွေးသွားမည်ကို စိတ်ကူးကြည့်နိုင်ပေသည်။
လော့ချန်ကမူ ဤအရာများကို သိပ်ဂရုမစိုက်ချေ။
သို့သော် အောင်မြင်မှုအမှတ် ၂၅ မှတ်အထိ စုဆောင်းမိသွားခြင်းက အမှန်ပင် အံ့အားသင့်ဖွယ် ကောင်းလှပေသည်။ ပုံမှန်အားဖြင့် သူ သိပ် သတိမထားမိခဲ့ပေ။
မှော်အတတ်တစ်ခု တိုးတက်သွားခြင်း၊ ဆေးလုံးတစ်မျိုး၏ ကျွမ်းကျင်မှု မြင့်တက်သွားခြင်း သို့မဟုတ် အခြားသော သိမ်မွေ့လှသော တိုးတက်မှုများကြောင့် မသိမသာပင် ၂၅ မှတ်အထိ စုဆောင်းမိသွားခဲ့ပြီ ဖြစ်သည်။ အောင်မြင်မှုအမှတ်များအား အဓိပအားဖြင့် ဆေးဖော်စပ်ခြင်းနှင့် သက်ဆိုင်သောအရာများမှ ရရှိခြင်းဖြစ်သည်။
“၂၅ မှတ်ဆိုရင်.... အသစ်စက်စက် ဒုတိယအဆင့် မှော်အတတ် ဒါမှမဟုတ် ဒုတိယအဆင့် ဆေးနည်းတစ်ခုကို လဲလှယ်ဖို့ လုံလောက်နေပြီပဲ”
“ဒါပေမဲ့ အခုလောလောဆယ် ငါ့မှာ ဒီဘက်ပိုင်း လိုအပ်ချက် သိပ်မရှိသေးဘူး"
သူ့အနေဖြင့် လက်ရှိရှိနေသော မှော်အတတ်များနှင့်ပင် လုံလောက်လှပြီ ဖြစ်သည်။ အဆင့်တူ ကျင့်ကြံသူများထဲတွင် မည်သူမျှ သူကဲ့သို့ မှော်အတတ်များအပေါ် အချိန်များများစားစား ပေးဆပ်ကြမည် မဟုတ်ချေ။ သာမန်ကျင့်ကြံသူများ၏ အမြင်တွင်မူ ဤအရာသည် အကျိုးအမြတ်ထက် ဆုံးရှုံးမှု ပိုများသော လုပ်ရပ်ပင် ဖြစ်သည်။ သို့သော် လော့ချန် ထိုစဉ်က အဆင့်ကျော်၍ ရန်သူများကို အကြိမ်ကြိမ် သတ်ဖြတ်နိုင်ခဲ့ခြင်းမှာ သူ၏ ပြောင်မြောက်လှသော မှော်အတတ်များကြောင့် ဖြစ်သဖြင့် သူ့အနေဖြင့် မှော်အတတ် လေ့ကျင့်ခြင်းအား အလွယ်တကူ စွန့်လွှတ်မည် မဟုတ်ပေ။
ဆေးလုံးပိုင်းကိုမူ ပြောနေစရာပင် မလိုတော့ပေ။ ကျောက်စိမ်းအမြုတေဆေးလုံးကား ဓနအင်အားကို ထောက်ပံ့ပေးပြီး ကျောက်စိမ်းနှင်းစက်ဆေးလုံးကား လူမှုဆက်ဆံရေးကို ထိန်းသိမ်းပေးကာ ချီလမ်းကြောင်းဆေးလုံးကမူ စိတ်ဝိညာဉ်ကို ကျင့်ကြံရန်အတွက် အသုံးပြုသည်။ လက်ရှိတွင် တစ်စုံတစ်ယောက်က သူ့အား ချီစုစည်းဆေးလုံး သို့မဟုတ် နဂါးပျံဆေးလုံးနှင့် ယှဉ်နိုင်သော ဆေးနည်းတစ်ခုကို ပေးအပ်လာမှသာ သူ အရာရာကို စွန့်လွှတ်၍ အခြေခံမှ စတင်ကာ အဆင့်မြင့် အရည်အသွေးရှိသော ဆေးလုံးများ ဖော်စပ်နိုင်သည့်အဆင့်အထိ မြှင့်တင်မည် ဖြစ်ပေလိမ့်မည်။
မတတ်နိုင်ချေ။ သူသည် ကျင့်ကြံခြင်း ဆေးလုံးများ၏ ပြတ်လပ်မှုကို ခါးစည်းခံခဲ့ရသည်မှာ ကြာပြီ ဖြစ်သည်။ လေလံပွဲအပြီး တစ်နှစ်တာ အချိန်တိုအတွင်း၌ အခြေတည်အဆင့် ၃ (၁၀/၁၀၀) မှ (၆၀/၁၀၀) အထိ တဟုန်ထိုး တက်လှမ်းနိုင်ခဲ့ခြင်းမှာ အဆင့်မြင့် ဂူဗိမာန်၊ နှင်းပိုးဖျာနှင့် စိတ်ချီစွမ်းအား အခြေတည်နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားသဖြင့် ပင်မကျင့်စဉ်ကို အကြိမ်ကြိမ် လည်ပတ်နိုင်ခြင်းတို့အပြင် အကြီးမားဆုံးသော ကျေးဇူးရှင်မှာ ထို အဆင့်လတ် ချီစုစည်းဆေးလုံး ပုလင်းသုံးဆယ်ပင် ဖြစ်သည်။ အဆင့်လတ် ချီစုစည်းဆေးလုံးသည် သူ၏ ကျင့်ကြံခြင်းကို အလွန်ပင် ကြီးမားစွာ အထောက်အပံ့ ပေးခဲ့သည်။
သို့သော် ယခုအခါတွင်မူ မရှိတော့လေပြီ။ အားလုံး ပြောင်သလင်းခါသွားပြီ ဖြစ်သည်။
ထို့ကြောင့်ပင် ယနေ့တွင် လော့ချန်တစ်ယောက် မအားစဖူး အားနေသဖြင့် အခြေအနေပြကြေးမုံပြင်ကို အသေးစိတ် ကြည့်ရှုနေခြင်း ဖြစ်၏။
“ဒုတိယအဆင့် အဆင့်လတ် ဆေးလုံးတွေ မရှိတော့ရင်.... ငါ အဆင့်နိမ့် နဂါးပျံဆေးလုံးနဲ့ပဲ လိပ်ကလေးလို ကျင့်ကြံရတဲ့ အခြေအနေကို ပြန်ရောက်တော့မယ်"
လော့ချန် အနည်းငယ် စိတ်ပျက်သွားမိသည်။ ပိုမိုကောင်းမွန်သော ဆေးလုံးများကို မြည်းစမ်းဖူးပြီးနောက် မည်သူက ယခင်ကဲ့သို့ လိပ်ပမာ နှေးကွေးလှသော ကျင့်ကြံခြင်း အရှိန်သို့ ပြန်သွားလိုပါမည်နည်း။ သို့သော် လူ့အလို နတ်မလိုက်နိုင်ဟူသည့် စကားလည်း ရှိသည် မဟုတ်လော။
ပိုမိုမြင့်မားသော အဆင့်ရှိသည့် ကျင့်ကြံခြင်းဆေးလုံးများနှင့် ပတ်သက်၍ မည်သည့် ဂိုဏ်းကြီးမဆို အလွယ်တကူ ပြင်ပသို့ ထုတ်ပေးမည် မဟုတ်ချေ။ သူတို့သည် ကိုယ်တိုင်အသုံးပြုကြခြင်း သို့မဟုတ် ဂိုဏ်းအချင်းချင်းသာ လက်လှည့်ကြပေလိမ့်မည်။
ဤအဆင့်လတ် ချီစုစည်းဆေးလုံးမှာပင် ဆေးဘုရင်ဂိုဏ်းက ဓနအင်အား တောင့်တင်းလှသဖြင့် ဆေးဖော်စပ်ခြင်း ဂိုဏ်းကြီးဟူသော ဆိုင်းဘုတ်ကို ထိန်းသိမ်းရန်အတွက် လေလံပွဲများတွင် ပုံမှန် အနည်းငယ် ထုတ်ပေးခြင်းသာ ဖြစ်၏။
“နှမြောစရာကောင်းတာက ကျောက်စိမ်းနှင်းစက်ဆေးလုံးက အမျိုးသမီးကျင့်ကြံသူတွေအတွက်ပဲ သင့်တော်တာ.... မဟုတ်ရင် ငါ အဲဒီဆေးလုံးကို အဆင့်မြင့် ဒါမှမဟုတ် အထွတ်အထိပ်အဆင့်အထိ ဖော်စပ်ပြီး.... ငါ့ရဲ့ ကျင့်ကြံခြင်း အရှိန်ကို ပျံလန်နေအောင် လုပ်လိုက်မှာ"
ကျောက်စိမ်းနှင်းစက်ဆေးလုံး၏ အာနိသင်မှာ ထူးခြားသော်လည်း အမျိုးသမီးများအတွက်သာ ဖြစ်နေသည်။ အမျိုးသားကျင့်ကြံသူများအတွက်မူ ဆန့်ကျင်ဘက်အနေဖြင့် ချို့ယွင်းချက်ရှိသော ဆေးလုံးဖြစ်ပေသည်။ မှီဝဲ၍ အရည်ပျော်စေပြီးနောက် ဒန်ထျန်းအတွင်း၌ ကျန်ရစ်ခဲ့သော အအေးဓာတ်များသည် အမျိုးသားကျင့်ကြံသူများကို ကြီးစွာ နှောင့်ယှက်လိမ့်မည်။ ဆေးလုံးအဆင့် မြင့်လေလေ အအေးဓာတ် ပိုမိုပြင်းထန်လေလေပင်။ အမျိုးသမီးကျင့်ကြံသူများက သဘာဝကျစွာ နှစ်သက်ကြသော်လည်း လော့ချန်ကမူ မနှစ်သက်ချေ။ ထို့အပြင် ဤကဲ့သို့သော အမျိုးသားများအပေါ် သက်ရောက်သည့် ချို့ယွင်းချက်မှာ ကျောက်စိမ်းအမြုတေဆေးလုံးကဲ့သို့ ဒန်ထျန်းကို မာခဲစေသည့် မွေးရာပါ ချို့ယွင်းချက်မျိုး မဟုတ်ချေ။ ၎င်းသည် အမျိုးသမီးများအတွက်မူ အကျိုးရှိစေသည်။ အမှန်စင်စစ် ဤဆေးလုံးကို စတင် ဖန်တီးခဲ့စဉ်ကတည်းက ဤကဲ့သို့သော ရည်ရွယ်ချက်ဖြင့် ဖန်တီးခဲ့ခြင်း ဖြစ်နိုင်ပေသည်။ ထိုသို့ ဖြစ်နေသည့်အတွက်ကြောင့်လည်း စနစ်က ၎င်းကို ချို့ယွင်းချက်တစ်ခုအနေဖြင့် မသတ်မှတ်ခဲ့ဘဲ ဖယ်ရှားခြင်းမျိုးလည်း မရှိခဲ့ချေ။
“မဖြစ်ဘူး.... နည်းလမ်းရှာရမယ်၊ လမ်းစရှာရမယ်၊ လေလံပွဲအပြင်.... ပိုများတဲ့ အဆင့်လတ်နဲ့ အဆင့်မြင့် ချီစုစည်းဆေးလုံးတွေကို ရအောင် ယူရမယ်”
“နဂါးပျံဆေးလုံးဆိုရင်လည်း ရတာပဲ”
“အချိန်တွက်ကြည့်ရင်.... လီကျင်ဟွမ်လည်း ပြန်လာတော့မယ့် အချိန်ပဲ"
“သူက အသက်ကြီးပြီး အဆက်အသွယ်များတယ်၊ လမ်းကြောင်းပေါတယ်.... အဆင့်မြင့် ဆေးလုံးတွေကို ရနိုင်မယ့် လမ်းကြောင်းတချို့ကို သူ မသိဘဲ နေမှာတော့ မဟုတ်ဘူး”
လော့ချန်သည် ဆေးလုံးအဆင့်ကြောင့် မိမိ၏ ကျင့်ကြံခြင်းအရှိန်ကို မနှောင့်နှေးစေလိုပေ။
....
ရက်အနည်းငယ်အကြာတွင်....။
အသံပို့ စက္ကူကြိုးကြာ တစ်ကောင်သည် ခံစစ်အစီအရင်ကြီးကို ဖြတ်ကျော်ကာ လော့ချန်၏ ဂူဗိမာန်ရှေ့သို့ တရွေ့ရွေ့ ပျံသန်းလာခဲ့သည်။
မကြာမီမှာပင် လူရိပ်တစ်ရိပ်သည် ထျန်းလန်တောင်ထိပ်မှ တိုက်ရိုက် ထွက်ခွာသွားတော့သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၃၉၈) - မိုးကြိုးကိုးတောင်တန်းနှင့် သဲကန္တာရ
လီကျင်ဟွမ်နှင့် ပြန်လည်ဆုံတွေ့သည့်နေရာမှာ ယခင် ဟွေလုံကွေ့ မဟုတ်တော့ဘဲ ရေအောက်နန်းတော် ဂူဗိမာန်တစ်ခုအတွင်း၌ ဖြစ်သည်။
ချင်းဟွာမြစ်၏ ရေနက်ပိုင်းတစ်နေရာတွင် ကွေ့ကောက်နေသော စင်္ကြံလမ်းတစ်ခုရှိပြီး အလွန်ပင် မှောင်ရိပ်သန်းနေသောကြောင့် မည်သည့်နေရာသို့ ဦးတည်နေသည်ကိုပင် မသိနိုင်ချေ။
လူရိပ်နှစ်ခုသည် ရှေ့ဆင့်နောက်ဆင့်ဖြင့် တိတ်တဆိတ် လျှောက်လှမ်းနေကြ၏။
လော့ချန်သည် နောက်မှ လိုက်ပါလာရင်း ရှေ့မှ ဦးဆောင်ခေါ်သွားသော လူငယ်ကို အံ့ဩတကြီး စိုက်ကြည့်နေမိသည်။
သူကား လီယင်ကျန်း ပင် ဖြစ်၏။
လီမျိုးနွယ်စု၏ လက်ရှိမျိုးဆက်ထဲတွင် အခြေတည်အဆင့်သို့ တက်လှမ်းနိုင်ခြေ အရှိဆုံးသော ပါရမီရှင်တစ်ဦးပင်။ ဝိညာဉ်မြစ်နှစ်ခု ပါရမီရှင် ဖြစ်သော်လည်း ငယ်စဉ်ကတည်းက ဂိုဏ်းကြီးများသို့ ဝင်ရောက်ခြင်းမရှိဘဲ လီကျင်ဟွမ်ကိုယ်တိုင်အနီးကပ် သွန်သင်ဆုံးမခဲ့ခြင်း ဖြစ်သည်။
ဤသို့သော အခြေအနေမျိုးသည် ကျင့်ကြံခြင်းလောကတွင် ရှိတတ်စမြဲပင်။ မျိုးနွယ်စုအတွင်း၌ ဆက်ခံမည့်သူ ပြတ်လပ်လုနီးပါး ဖြစ်နေချိန်တွင် ထူးချွန်လွန်းလှသော ပါရမီရှင်တစ်ဦး ပေါ်ထွက်လာပါက အကောင်းဆုံး စီမံခန့်ခွဲနည်းမှာ ဂိုဏ်းကြီးများသို့ မလွှတ်ဘဲ မျိုးနွယ်စုအတွင်း၌သာ ထိန်းသိမ်းထားရန် ဖြစ်သည်။ သို့မဟုတ်ပါက ငါးတစ်ကောင်ကို သမုဒ္ဒရာကျယ်ကြီးထဲသို့ လွှတ်ပေးလိုက်သလိုမျိုး ဖြစ်သွားပေလိမ့်မည်။
ငယ်စဉ်ကတည်းက အနီးကပ် ပျိုးထောင်ခြင်းဖြင့် သွေးသားတော်စပ်မှုအပြင် မျိုးနွယ်စုအပေါ် သံယောဇဉ်နှင့် တာဝန်သိစိတ်ကို ပိုမိုခိုင်မာစေနိုင်သည်။ အတိုချုပ်ပြောရလျှင် မျိုးနွယ်စု၏ ကြီးမားရှုပ်ထွေးသော လူမှုဆက်ဆံရေးကွင်းဆက်ဖြင့် ထိုပါရမီရှင်ကို ချည်နှောင်ထားခြင်း ဖြစ်၏။ အကောင်းအဆိုး ဝေဖန်၍မရချေ၊ အကြောင်းမှာ ထိုသူသည်လည်း မျိုးနွယ်စု၏ အရင်းအမြစ်အားလုံးကို တစ်ဦးတည်း ပိုင်စိုးခွင့်ရရှိထားသောကြောင့်ပင်။
သို့သော် လော့ချန်ကို အံ့အားသင့်စေသည်မှာ ထိုလူငယ်၏ ကျင့်ကြံခြင်းအဆင့်သည် တဖြည်းဖြည်းချင်း ဆုတ်ယုတ်နေသည့် အခြေအနေသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ သူသည် ချီသန့်စင်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီး ဖြစ်သော်လည်း အခြေတည်အဆင့်တက်လှမ်းရန် စိတ်မလောဘဲ ကျင့်ကြံခြင်းအဆင့်ကို အလိုအလျောက် ကျဆင်းခွင့်ပြုထားသည်။
ဤသည်မှာ အလွန်ပင် ထူးဆန်းလွန်းလှ၏။
လော့ချန်၏ သံသယကို ရိပ်မိသွားပုံရသော လီယင်ကျန်းက လှည့်မကြည့်ဘဲ ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။
“အစ်ကိုလော့.... ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းအဆင့် ကျဆင်းနေတာကို အံ့ဩနေတာလား”
“အင်း”
လော့ချန်က ခပ်တိုးတိုး ခေါင်းညိတ်ပြလိုက်သည်။
လီယင်ကျန်းက အရိုးခံအတိုင်း ရှင်းပြလိုက်သည်။
“ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက ထူးခြားပြီး ကိုးကွေ့ဝဲဂယက်ခန္ဓာ ဖြစ်နေလို့ပါ.... တော်သေးတာပေါ့ဗျာ.... အဖိုးက ကျွန်တော့်အတွက် အခြေတည်အဆင့် လျှို့ဝှက်မှော်အတတ်တစ်ခုဖြစ်တဲ့ ကိုးဆင့်ဝိညာဉ်ပြန်လည်စုစည်းခြင်းကျမ်းကို ရှာဖွေပေးခဲ့တယ်.... အဲ့ဒါကို ကျင့်ကြံရင် ဒန်ထျန်းအတွင်းမှာ တစ်နှစ်ကို ဝိညာဉ်အကာအကွယ် တစ်ဆင့်စီ တည်ဆောက်ရပါတယ်.... ကိုးနှစ်အကြာမှာတော့ ဒီအတတ်က ပြည့်စုံသွားမှာ ဖြစ်ပြီး.... ကျွန်တော့်ရဲ့ အခြေတည်အဆင့်တက်လှမ်းနိုင်ခြေကို နှစ်ဆယ်ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်မှာပါ”
ရိုးရှင်းသော ရှင်းပြချက် ဖြစ်သော်လည်း လော့ချန်၏ စိတ်အာရုံထဲတွင် လှိုင်းလုံးကြီးများ ထသွားရသည်။
အခြေတည်အဆင့်အား အထောက်အပံ့ပေးနိုင်သော လျှို့ဝှက်အတတ်မျိုး ရှိသေးသည်လော။
ဒန်ထျန်းအတွင်း၌ ကိုးဆင့်သော ဝိညာဉ်အကာအကွယ်ကို တည်ဆောက်ခြင်းသည် အခြေခံတည်ဆောက်ပြီးနောက် ဖြစ်ပေါ်လာမည့် ချီပင်လယ် ကိုးဆင့်မိုးကောင်းကင် အခြေအနေကို ကြိုတင်၍ ပုံဖော်လေ့ကျင့်နေခြင်း မဟုတ်ပေလော။
ထိုသို့ဆိုလျှင် အဆင့်တက်လှမ်းမည့် အချိန်သို့ ရောက်သောအခါ ဒန်ထျန်းကို ရိုက်ခွဲသည့် ဖြစ်စဉ်တွင် ချီပင်လယ်အဖြစ် ပြောင်းလဲရန် ခက်ခက်ခဲခဲ အားထုတ်စရာ မလိုတော့ချေ။
ဒန်ထျန်းကို ရိုက်ခွဲခြင်း၊ ဒန်ထျန်းကို ပင်လယ်အဖြစ် ပြောင်းလဲခြင်း၊ ချီစွမ်းအင်များကို စုစည်းခြင်းနှင့် ချီစွမ်းအင်များကို အရည်အဖြစ် ပြောင်းလဲခြင်း။ ဤလေးခုသည် အခြေခံတည်ဆောက်ခြင်းအဆင့်၏ အရေးကြီးဆုံးသော အတားအဆီးများ ဖြစ်ကြသည်။ ၎င်းတို့သည် ချီစွမ်းအားအတားအဆီး၊ စိတ်ဝိညာဉ်အတားအဆီးနှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှု အတားအဆီးတို့နှင့် အသီးသီး သက်ဆိုင်နေကြ၏။ ဤအတတ်ကို ကျင့်ကြံပြီးနောက်တွင်မူ အလယ်မှ ချီပင်လယ်အဖြစ် ပြောင်းလဲခြင်း ဖြစ်စဉ်သည် အလိုအလျောက် အောင်မြင်သွားပေလိမ့်မည်။
ထို့အပြင် လီယင်ကျန်း၏ စကားအရ ဤကျမ်းကို ကျင့်ကြံသည့် ဖြစ်စဉ်အတွင်း ချီစွမ်းအင်များကို ထိန်းချုပ်ခြင်းနှင့် သန့်စင်ခြင်းအပိုင်း၌ ပိုမိုနက်ရှိုင်းလာမည် ဖြစ်သဖြင့် နောက်ထပ် ဖြစ်စဉ်နှစ်ခုကိုလည်း ကြိုတင်၍ ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်သွားပေလိမ့်မည်။
အောင်မြင်နိုင်ခြေကို နှစ်ဆယ်ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်ခြင်းက မဆန်းတော့ချေ။
ထိုလူငယ်သည် ဤမျှ အဖိုးတန်လှသော လျှို့ဝှက်ချက်ကို လော့ချန်အား ဘာမှမချန်ဘဲ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ခြင်း ဖြစ်သည်။ လော့ချန် ၎င်းကို လောဘတက်သွားမည်ကို သူ အနည်းငယ်မျှပင် စိုးရိမ်ပုံမပေါ်ချေ။
“ဟုတ်သားပဲ၊ ဒီကျင့်စဉ်က သူ့ရဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံအတွက် သီးသန့်ဖန်တီးထားတာပဲ.... တခြားလူတွေ ရသွားလည်း ဘာမှသုံးစားလို့ရမှာ မဟုတ်ဘူး"
လော့ချန်သည် ပါရမီရှင် ခန္ဓာကိုယ် ဖွဲ့စည်းပုံများအကြောင်း ရေးသားထားသော စာအုပ်တစ်အုပ်အတွင်း၌ ကိုးကွေ့ဝဲဂယက်ခန္ဓာအကြောင်း ရေးသားထားသည်ကို ဖတ်ရှုဖူးသည်။ ဤအရာသည် မွေးရာပါ ချို့ယွင်းချက်ရှိသော ခန္ဓာကိုယ်ဖွဲ့စည်းပုံ အမျိုးအစားထဲတွင် ပါဝင်၏။ ဤခန္ဓာကိုယ်ပိုင်ရှင်များသည် မွေးရာပါ သွေးကြောများက သာမန်လူများထက် ပိုမိုကြီးမားသဖြင့် အဆင့်တူများကြား ချီစွမ်းအင် ပိုမိုများပြားစွာ သိုလှောင်နိုင်သည်။ သို့သော် ထိုကြီးမားလှသော သွေးကြောများသည် ကွေ့ကောက်ကာ ရောထွေးနေတတ်သည်။ ၎င်းသည် မြစ်ကြီးများ၏ ရေစီးကြောင်းပမာ ဝဲဂယက်များဖြင့် ပြည့်နှက်နေပြီး ကျင့်ကြံခြင်းကို ပုံမှန်ထက် အဆပေါင်းများစွာ ပိုမို ခက်ခဲသွားစေတတ်ပေသည်။
ဤမျှ ရှုပ်ထွေးလှသော သွေးကြောစနစ်အတွင်း၌ မိမိ၏ ပင်မကျင့်စဉ်ကို လည်ပတ်သည့်အခါတိုင်း သာမန်လူများထက် ဆယ်ဆမကသော စိတ်စွမ်းအင်ကို ပေးဆပ်ရပေလိမ့်မည်။ သာမန်လူသာ ဤခန္ဓာကိုယ်ကို ပိုင်ဆိုင်ပါက ချီသန့်စင် အထွတ်အထိပ်သို့ ရောက်ရန် အနည်းဆုံး နှစ်ပေါင်းရာချီ အချိန်ယူရမည်ဖြစ်ပြီး ထိုအချိန်ကျမှ အမြုတေတည်ဆောက်ရန်မှာ မည်သို့မျှ မဖြစ်နိုင်တော့ချေ။
ယခုလူငယ်သည်မူ အသက်လေးငါးဆယ်ဝန်းကျင်မျှဖြင့် ဤအဆင့်သို့ ရောက်ရှိနေခြင်းက လီကျင်ဟွမ်အနေဖြင့် သူ့အပေါ်တွင် မည်မျှအထိ အရင်းအမြစ်များ ပုံအောပေးထားသည်ကို သက်သေပြနေပေသည်။
သို့သော် လက်ရှိတွင် သူ၏ ကိုးဆင့်ဝိညာဉ်ပြန်လည်စုစည်းခြင်းကျမ်းသည် မည်သည့်အဆင့်သို့ ရောက်ရှိနေပြီလော။
အခြေတည်အဆင့်သို့ တက်လှမ်းရန် နောက်ထပ် ဘယ်နှစ်နှစ် လိုအပ်ဦးမည်နည်း။
လော့ချန် တွေးတောနေစဉ်အတွင်း ရှေ့မှ လူငယ်သည် ရေတံခွန်တစ်ခု၏ ရှေ့တွင် ရုတ်တရက် ရပ်တန့်လိုက်သည်။
“အစ်ကိုလော့.... အဖိုး အထဲမှာ စောင့်နေပါတယ်၊ ကြွပါ"
လီယင်ကျန်းက လက်ကို ဆန့်ထုတ်ကာ ဖိတ်ခေါ်လိုက်၏။
လော့ချန်က သူ့အား လေးလေးနက်နက် တစ်ချက်ကြည့်လိုက်ပြီးနောက် ရေတံခွန်အတွင်းသို့ လှမ်းဝင်ခဲ့တော့သည်။
အထဲသို့ ရောက်သည်နှင့် ပြင်းထန်လှသော ချီစွမ်းအင်လှိုင်းလုံးကြီးများက ဆီးကြိုနေပြီး သီးသန့်ကမ္ဘာငယ်လေးတစ်ခုအလား ထင်မှတ်ရသည်။
ဤနေရာကား အမှန်စင်စစ် ပထမအဆင့် အဆင့်မြင့် ဂူဗိမာန်တစ်ခုပင် ဖြစ်၏။
လော့ချန် ချက်ချင်းပင် လီကျင်ဟွမ်ကို မြင်လိုက်ရပြီး သူ၏ မျက်မှောင်များ ချက်ချင်းကြုတ်သွားရသည်။
“အကြီးအကဲ.... ခင်ဗျား ဒဏ်ရာရထားတာလား"
မြေအောက် ဝိညာဉ်စမ်းရေတွင်းတစ်ခု၏ ဘေးတွင် လီကျင်ဟွမ်သည် တင်ပျဉ်ခွေ ထိုင်နေပြီး သူ၏ အသက်ရှူသံများမှာ မမှန်ဘဲ ဖြစ်နေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း သွေးညှီနံ့များ သင်းပျံ့နေဆဲပင်။
လော့ချန် ရောက်လာသည်ကို မြင်သောအခါ လီကျင်ဟွမ်က ခါးသက်စွာ ပြုံးလိုက်၏။
“သဲကန္တာရ ဘက်မှာ ဒီလောက်အထိ ရှုပ်ထွေးနေလိမ့်မယ်လို့ ကျုပ်လည်း မထင်ထားမိဘူး၊ တစ်ကိုယ်တော်ကျင့်ကြံသူတွေက.... တကယ့်ကို လက်ရဲဇက်ရဲနိုင်လွန်းတယ်"
လော့ချန် အံ့အားသင့်သွားရသည်။
“သဲကန္တာရ ဟုတ်လား.... ခင်ဗျား မိုးကြိုးကိုးတောင်တန်းဘက်အထိ သွားခဲ့တာလား"
လီကျင်ဟွမ်က သက်ပြင်းတစ်ချက် ချလိုက်ရင်း
“အဲဒီဘက် အခြေအနေတွေက ရှုပ်ထွေးနေတာ ဆိုတော့ ဘယ်သူမှ ပစ္စည်းရဲ့နောက်ကြောင်းကို လိုက်မစုံစမ်းကြဘူးလေ.... အရောင်းအဝယ် အားလုံးကို ပစ္စည်း အရည်အသွေးပဲ ကြည့်ပြီး လုပ်ဆောင်ကြတဲ့ တစ်ခုတည်းသော နေရာဖြစ်နေလို့ပေါ့ မောင်ရင်ရာ"
လော့ချန် နှုတ်ခမ်းကို တင်းတင်းစေ့ထားမိပြီး ခေတ္တမျှ ဘာပြောရမှန်းမသိ ဖြစ်သွားရသည်။ သူသည် မိုးကြိုးကိုးတောင်တန်းဘက်တွင် ပစ္စည်းများကို လွယ်ကူစွာ အရောင်းအဝယ် ပြုလုပ်နိုင်သည်ကို သိရှိထားပြီးဖြစ်သည်။ လက်ရှိတွင် နာမည်ကျော် ဂိုဏ်းကြီးများ၏ စစ်ပွဲသည် အနည်းငယ် ထိန်းထိန်းသိမ်းသိမ်း ရှိနေဆဲဖြစ်ပြီး ရွှေအမြုတေအဆင့်ရှိ သူများ ကိုယ်တိုင်လက်စွမ်းဝင်ပြခြင်း နည်းပါးလှသည်။ အစောပိုင်း ကာလများတွင် အနည်းငယ် ဝင်ပါခဲ့ခြင်းများ ရှိခဲ့သော်လည်း လက်ရှိတွင်မူ ၎င်းတို့၏ လက်အောက်ခံ မဟာမိတ်များနှင့် အနွယ်ဝင် မျိုးနွယ်စုများအကြား တိုက်ပွဲများအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
မိုးကြိုးကိုးတောင်တန်းသည် ထိုတိုက်ပွဲများ၏ ဗဟိုချက်မ ဖြစ်၏။ ထိုနေရာမှ ဆန့်တန်းနေသော ကျယ်ပြန့်လှသည့် သဲကန္တာရအထိမှာမူ အကြီးမားဆုံးသော စစ်မြေပြင် ဖြစ်ပေသည်။ ထိုနေရာတွင် လူပေါင်းစုံ ရောထွေးနေပြီး ကျောက်စိမ်းအိုးနယ်မြေမှ ရေတွက်မကုန်နိုင်သော တစ်ကိုယ်တော်ကျင့်ကြံသူများသည် ထိုတိုက်ပွဲများကို အခွင့်ကောင်းယူ၍ အကျိုးအမြတ် ရှာဖွေနေကြသည်။
ဤလီကျင်ဟွမ်သည် တကယ့်ကို ရဲတင်းလွန်းလှပေသည်။
“မင်းရဲ့ ချီလမ်းကြောင်းဆေးလုံးကို.... ကျုပ် အိပ်မက်ဝိညာဉ်ဆေးလုံးလို့ နာမည်ပြောင်းပြီးတော့ မှောင်ခိုဈေးကွက်မှာ အစုလိုက်အပြုံလိုက် ရောင်းချခဲ့တယ်.... အစပိုင်းမှာတော့ အနည်းငယ် အဆင်မပြေပေမဲ့.... နောက်ပိုင်းမှာတော့ လိုအပ်ချက်က မတရား များပြားလာခဲ့တယ်"
“သုံးလအတွင်းမှာတင် ကျုပ်လက်ထဲက ဆေးလုံးအားလုံးကို အကုန်အစင် ရောင်းချနိုင်ခဲ့တယ်"
“ဒါပေမဲ့ မထင်မှတ်ဘဲ.... တစ်စုံတစ်ယောက်က ကျုပ်နောက်ကို လိုက်လာခဲ့တယ်၊ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုအပြီးမှာ ကျုပ် ကံကောင်းလို့ လွတ်မြောက်လာခဲ့တာ"
စကားပြောနေစဉ်အတွင်း လီကျင်ဟွမ်သည် သွေးစွန်းနေသော သိုလှောင်အိတ်တစ်ခုကို ထုတ်ပေးလိုက်၏။
“ဒါက ရောင်းလို့ရသမျှ ဝိညာဉ်ကျောက်တုံးတွေ အားလုံးပဲ၊ အထဲမှာ ရှိတယ်.... မောင်ရင် စစ်ဆေးကြည့်လိုက်ပါ"
လော့ချန် သိုလှောင်အိတ်ကို လှမ်းယူလိုက်သည်။ သူ စိတ်အာရုံဖြင့် တစ်ချက် စစ်ဆေးကြည့်လိုက်ရာ မျက်ခုံးများအနည်းငယ် မြင့်တက်သွားရသည်။
အတော်လေး များပြားလှပေသည်။
လော့ချန် ၎င်းကို တန်ဖိုးထားစွာဖြင့် သေသေချာချာ သိမ်းဆည်းလိုက်ပြီးနောက် စပ်စုလိုက်မိသည်။
“အကြီးအကဲရဲ့ အခြေတည်အဆင့် ၅ စွမ်းအားနဲ့ဆိုရင် အစွမ်းထက်ကျင့်ကြံသူကြီးတွေ ကိုယ်တိုင် ဝင်မပါသရွေ့ လက်ဖျားနဲ့တောင် ထိနိုင်မှာ မဟုတ်ပါဘူးဗျာ.... အခု ဘယ်သူက ဒီလိုမျိုး အခြေအနေရောက်အောင် လုပ်လိုက်တာလဲ"
“ကျုပ်လည်း မသိဘူး မောင်ရင်ရဲ့.... တစ်ဖက်လူက သူ့ရဲ့ နောက်ခံကို သေသေချာချာ ဖုံးကွယ်ထားတယ်"
လီကျင်ဟွမ်က ခါးသက်စွာ ပြုံးလိုက်ရင်း
“ကျုပ် သိတာကတော့ သူက သပိတ်ပုံစံ မှော်ရတနာ တစ်ခုကို သုံးခဲ့တယ်.... အဲဒီအရာနဲ့ ကျုပ်ကို ပိတ်လှောင်ဖို့လုပ်ခဲ့တာ.... မနည်းလွတ်လာခဲ့တာပါ မောင်ရင်ရာ”
‘သပိတ် ဟုတ်လား’
လော့ချန် ခဏတာ မှင်သက်သွားရသည်။ ဤကဲ့သို့သော ထူးဆန်းလှသည့် မှော်ရတနာမျိုးကို သာမန်ကျင့်ကြံသူများ အသုံးမပြုကြချေ။
အရှေ့ပိုင်းလွင်ပြင်၏ အလွန်ဖြစ်သော အလယ်ပိုင်းဒေသနှင့် တောင်ပိုင်းနယ်စပ်ဒေသမှ ဗုဒ္ဓဘာသာဝင်များသာ ဤကဲ့သို့သော ရတနာမျိုးကို အမြဲတစေ အသုံးပြုတတ်ကြသည်။
ကျောက်စိမ်းအိုးနယ်မြေတွင် ဤကဲ့သို့သော ကျင့်ကြံသူမျိုး ရှိနေသေးသည်လော။
လီကျင်ဟွမ်က ဤအကြောင်းကို ဆက်၍ မပြောလိုတော့ဘဲ စကားလမ်းကြောင်း လွှဲလိုက်၏။
“ယင်ကျန်းကို မောင်ရင် တွေ့ခဲ့တယ်မလား"
လော့ချန် ခေါင်းညိတ်ပြလိုက်သည်။ လီယင်ကျန်းကိုယ်တိုင် သူ့အား ဤနေရာသို့ လမ်းပြကာ ခေါ်လာခြင်း ဖြစ်သည်။
“ကျုပ်ရဲ့ ဒီမြေးလေးက အဖက်ဖက်က ပါရမီပါလှပေမဲ့ .... ကျင့်ကြံပြီဆိုတာနဲ့ ဘာကိုမှ ဂရုမစိုက်တော့တဲ့ အကျင့်လေးတော့ ရှိတယ်"
“လီမျိုးနွယ်စုကို သူ့လက်ထဲ အပ်နှံဖို့.... ကျုပ် အနည်းငယ် စိုးရိမ်မိတယ်"
“ဒါကြောင့် နောက်နောင် အခွင့်အရေးရှိရင် လီမျိုးနွယ်စုရဲ့ မျိုးဆက်သစ်တွေကို.... မောင်ရင် နည်းနည်းလောက် စောင့်ရှောက်ပေးဖို့ တောင်းဆိုချင်ပါတယ်"
တစ်ဖက်လူ၏ တဖြည်းဖြည်း လျော့နည်းလာသော အသက်ရှူသံများကို အကဲခတ်ရင်း လော့ချန် လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်၏။
“ကျွန်တော် လုပ်ပေးသင့်တဲ့ အရာပါ"
ဤသည်မှာ သေတမ်းစာအား လက်ခံရသည့် ခံစားချက်မျိုး ဖြစ်နေသည်။ တစ်ဖက်လူသည် သူ၏ ချီလမ်းကြောင်းဆေးလုံးအတွက် ကြီးမားလှသော အားထုတ်မှုများကို ပေးဆပ်ခဲ့သဖြင့် လော့ချန်အနေဖြင့် သဘာဝကျစွာ ငြင်းပယ်မည်မဟုတ်ပေ။ သို့သော် ယခုခရီးစဉ်တွင် သူ့၌ အခြားသော ရည်ရွယ်ချက်တစ်ခုလည်း ရှိသေးသည်။
“အကြီးအကဲ.... ခင်ဗျားဆီမှာ ဒုတိယအဆင့် အဆင့်လတ် ဒါမှမဟုတ် အဆင့်မြင့် ကျင့်ကြံခြင်း ဆေးလုံးတွေကို ဝယ်ယူနိုင်မယ့် လမ်းကြောင်းလေးများ ရှိသလားလို့ပါ"
ဤမေးခွန်းကို ကြားလိုက်ရသောအခါ လီကျင်ဟွမ်သည် အံ့အားသင့်စွာဖြင့် လော့ချန်ကို စိုက်ကြည့်လာခဲ့သည်။
“မောင်ရင်ကတော့ နောက်ပြီ.... ကျုပ်မှာသာ အဲဒီလို လမ်းကြောင်းမျိုး ရှိခဲ့ရင်.... ကျုပ် အခုလို အခြေတည် အလယ်အဆင့်မှာပဲ ဘာလို့ ရပ်တန့်နေပါ့မလဲ"
လော့ချန်လည်း ဆွံ့အသွားရ၏။
‘ဟုတ်သားပဲ.... မျက်စိမမြင်တဲ့သူကို လမ်းမေးနေသလို ဖြစ်နေပြီ’
သို့သော် လီကျင်ဟွမ်သည် လော့ချန်အတွက် အဆင့်မြင့် ဆေးလုံးများ ပေါ်ထွက်လာနိုင်ခြေရှိသော လမ်းကြောင်းအချို့ကို လမ်းညွှန်ပေးခဲ့သည်။
ပထမဦးဆုံးအနေဖြင့် ပုံမှန် ကျင်းပလေ့ရှိသော အကြီးစား လေလံပွဲများကမူ ထင်ရှားလှသော လမ်းကြောင်းတစ်ခု ဖြစ်၏။ ဒုတိယအနေဖြင့်မူ အမျိုးမျိုးသော မှောင်ခိုဈေးကွက်များ ရှိနေသေးပေသည်။ မှောင်ခိုဈေးကွက်အတွင်း၌ ရောင်းချလေ့ရှိသော ပစ္စည်းအများစုမှာ လုံးဝ မသန့်ရှင်းလှသော နေရာမှ ရောက်ရှိလာတတ်ခြင်း ဖြစ်ပြီး အချို့သော လုယက်တတ်သည့် ကျင့်ကြံသူများသည် ဂိုဏ်းကြီးများ၏ တပည့်များကို သတ်ဖြတ်ပြီးနောက် သူတို့၏ သိုလှောင်အိတ်များအတွင်းမှ ထိပ်တန်းအဆင့် ဆေးလုံးများကို ရရှိလာခဲ့ကြခြင်း ဖြစ်နိုင်သည်။
သို့သော် မှောင်ခိုဈေးကွက်တွင် အဆင့်မြင့် ဆေးလုံးများ ပေါ်ထွက်လာနိုင်ခြေမှာ အလွန်ပင် နည်းပါးလှသည်။ အကြောင်းမှာ အဆင့်မြင့်လှသော ဆေးလုံးများကို မည်သည့်ကျင့်ကြံသူမဆို မိမိကိုယ်တိုင် အသုံးပြုရန်အတွက်သာ သိမ်းဆည်းထားတတ်ကြသောကြောင့်ပင်။
လော့ချန်၏ လက်ရှိ အခြေအနေကပင် အကောင်းဆုံးသော ဥပမာတစ်ခု ဖြစ်ပေသည်။ သူသည် လီကျင်ဟွမ်ထံသို့ အဆင့်လတ်နှင့် အဆင့်မြင့် ချီလမ်းကြောင်း ဆေးလုံးပေါင်း ကိုးရာကျော်ကို ယုံကြည်စိတ်ချစွာဖြင့် အပ်နှံခဲ့သည်။ ၎င်းတို့က ပထမအဆင့် ဆေးလုံးများသာ ဖြစ်သော်လည်း လီကျင်ဟွမ်အပေါ်သို့ ကြီးမားလှသော အာရုံစိုက်မှုများကို သယ်ဆောင်လာခဲ့လေရာ နောက်ဆုံး၌ အဘိုးအိုမှာ ပစ်မှတ်ထားခြင်း ခံခဲ့ရကာ သေလုမတတ် ဖြစ်ခဲ့ရသည်။
နောက်ဆုံးအနေဖြင့် လီကျင်ဟွမ်က နောက်ထပ် လမ်းကြောင်းတစ်ခုကိုပါ ထပ်မံ အကြံပြုပေးခဲ့သေးသည်။
“အဆင့်မြင့် ဆေးလုံးတွေက ဂိုဏ်းကြီးတွေရဲ့ အတွင်းပိုင်းမှာပဲ လည်ပတ်နေတာဆိုတော့.... မောင်ရင် ဘာလို့ အဲဒီဂိုဏ်းကြီးတွေရဲ့ တပည့်တွေဆီကနေ တိုက်ရိုက်ဝယ်ဖို့ မကြိုးစားကြည့်ရတာလဲ"