အခန်း (၃၉၉-၄၀၀)
Vol. 40 Ch. 399-400
အခန်း (၃၉၉) - ပိုင်မေလင်းအတွက် လက်ဆောင်နှင့် ဂူဗိမာန်ရှိ ညချမ်း
မြို့တော်သို့ ပြန်လာရာ လမ်းခရီးတွင် လော့ချန်သည် လီကျင်ဟွမ် နောက်ဆုံးပေးခဲ့သော အကြံဉာဏ်ကို စဉ်းစားနေမိသည်။ တစ်ဖက်လူသည် ဤလမ်းကြောင်းကို သူ့အတွက် သီးသန့် စဉ်းစားပေးခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားလှပေသည်။ အကြောင်းမှာ လော့ချန်သည် ရေခဲခံတပ်နှင့် ဆက်ဆံရေး အတော်လေး ကောင်းမွန်သည်။ ရေခဲခံတပ်ထံမှတစ်ဆင့် အဆင့်မြင့် ဆေးလုံးအချို့ကို ရနိုင်ကောင်း ရနိုင်ပေလိမ့်မည်။
“ဒါပေမဲ့ ဒါကလည်း သိပ်တော့မသေချာဘူး.... တကယ်လို့ ရေခဲခံတပ်မှာသာ ဆေးလုံးတွေ ဗုံးပေါလအော ရှိနေရင်.... ငါ့ရဲ့ ကျောက်စိမ်းနှင်းစက်ဆေးလုံးကို ဒီလောက်အထိ အသည်းအသန် လိုနေကြမှာ မဟုတ်ဘူး"
ထို့ကြောင့် လော့ချန်သည် ဤအရာပေါ်တွင် မျှော်လင့်ချက်ကြီးကြီး မထားတော့ချေ။
လှေပျံပေါ်တွင် သူသည် လီကျင်ဟွမ် သူ့အတွက် ယူဆောင်လာပေးသော ဝိညာဉ်ကျောက်တုံးများကို သေသေချာချာ ရေတွက်လိုက်သည်။ ချီလမ်းကြောင်းဆေးလုံး၏ ဈေးနှုန်းကိုမူ လီကျင်ဟွမ် မထွက်ခွာခင်ကတည်းက သူတို့နှစ်ဦးအကြား ကြိုတင် သတ်မှတ်ထားခဲ့ကြခြင်း ဖြစ်၏။ ဤဆေးလုံးသည် အလွန်ထူးဆန်းပြီး စိတ်ဝိညာဉ်၏ အခြေခံအုတ်မြစ်ကို သိသိသာသာ မြှင့်တင်ပေးနိုင်သောကြောင့်ပင် ဈေးနှုန်းကို အလွန် မြင့်မားစွာ သတ်မှတ်ခဲ့ကြ၏။
အဆင့်လတ် ဆေးလုံးတစ်ပုလင်းလျှင် ဆေးလုံးဆယ်လုံး ပါဝင်ပြီး ဝိညာဉ်ကျောက်တုံး လေးရာ သတ်မှတ်ခဲ့သည်။ အဆင့်မြင့် ဆေးလုံးတစ်ပုလင်းလျှင် ဆေးလုံးဆယ်လုံး ပါဝင်ပြီး ဝိညာဉ်ကျောက်တုံး ကိုးရာ သတ်မှတ်ခဲ့သည်။
ဤဈေးနှုန်းသည် လူတိုင်းကို ပါးစပ်အဟောင်းသား ဖြစ်သွားစေနိုင်ပေသည်။ ပထမအဆင့် ဆေးလုံးသက်သက်မျှသာ ဖြစ်သော်လည်း အဆင့်လတ် ဆေးလုံး၏ ဈေးနှုန်းသည် ဒုတိယအဆင့် ချီစုစည်းဆေးလုံးကိုပင် မီလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ အဆင့်မြင့် ဆေးလုံး၏ ဈေးနှုန်းမှာမူ အဆင့်နိမ့် ချီစုစည်းဆေးလုံး သို့မဟုတ် နဂါးပျံဆေးလုံး တို့၏ ရောင်းဈေးထက်ပင် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
ကြားရသည်မှာ လူတိုင်းကို အရူးလုပ်၍ ဓားပြတိုက်နေသကဲ့သို့ပင်။
သို့သော် အခြေတည်အဆင့်သို့ တက်လှမ်းနိုင်သူများထဲတွင် မိုက်မဲသူများ ရှိကောင်းရှိနိုင်သော်လည်း သဲကန္တာရထဲတွင် ကျင်လည်ကျက်စားနေသူများထဲ၌မူ သူတစ်ပါး၏ အဓမ္မဓားခုတ်ခြင်းကို ခံမည့် အရူးတစ်ယောက်မျှ မရှိချေ။
ချီလမ်းကြောင်းဆေးလုံးသည် အစပိုင်းတွင် မည်သူမျှ စိတ်ဝင်စားခြင်း မရှိခဲ့သော်လည်း ရက်သတ္တပတ် နှစ်ပတ်ခန့် အကြာတွင်မူ လုယူဝယ်ယူကြသည့် အထိ ဖြစ်လာခဲ့သည်။
နောက်ပိုင်းတွင် လီကျင်ဟွမ်သည် မိမိလက်ထဲရှိ ဆေးလုံးများအား အကန့်အသတ်ဖြင့်သာ ရောင်းချခဲ့ပြီး ၎င်းတို့ကို မှောင်ခိုဈေးကွက်၏ လေလံပွဲများသို့ တင်ပို့ခဲ့သည်။ အဆင့်မြင့် ချီလမ်းကြောင်းဆေးလုံး တစ်ပုလင်းလျှင် ကိုးရာ ဆိုသည်မှာ လေလံကြမ်းခင်းဈေးဈေးမျှသာ ရှိသေးသည်။ နောက်ဆုံး ရရှိခဲ့သော အမြင့်ဆုံးသော ဈေးနှုန်းမှာ ဝိညာဉ်ကျောက်တုံး နှစ်ထောင်ဖြစ်ပြီး ထျန်းလန်လေလံပွဲတွင် အဆင့်လတ် ချီစုစည်းဆေးလုံးများ ရရှိခဲ့သည့် ဈေးနှုန်းထက်ပင် များစွာ သာလွန်ခဲ့သည်။
အခြေတည်အဆင့်ရှိ ကျင့်ကြံသူများသည် အဘယ်ကြောင့် ဤအဆင့်မြင့် ချီလမ်းကြောင်းဆေးလုံးကို ဤမျှ ရူးသွပ်စွာ လုယူခဲ့ရသနည်း။
ဤမေးခွန်းကို လော့ချန် စဉ်းစားခဲ့ပြီး ဖြစ်သည်။
“ဒါက ချူခွေး ပြောခဲ့ဖူးတဲ့.... ရွှေအမြုတေ ဖွဲ့စည်းတဲ့ အချိန်မှာ စိတ်ဝိညာဉ်ရဲ့ အခြေခံအုတ်မြစ်က အရေးကြီးတယ်ဆိုတာနဲ့ သက်ဆိုင်နေတာပဲ"
“ပြီးတော့ ဂိုဏ်းကြီးတွေရဲ့ စစ်မြေပြင်မှာ သွားရောက်စွန့်စားရဲတဲ့ အခြေတည်အဆင့် ကျင့်ကြံသူအများစုဟာ.... တာအိုလမ်းစဉ်အပေါ် မျှော်လင့်ချက်ကြီးကြီးမားမား ထားရှိကြသူတွေ ဖြစ်တယ်၊ ဒီလို စိတ်ချီစွမ်းအားကို တိုက်ရိုက်မြှင့်တင်ပေးနိုင်တဲ့ ဆေးလုံးမျိုးနဲ့ ကြုံတွေ့ရတဲ့အခါ ဘယ်သူမဆို ရသလောက် လုယူကြမှာပဲ"
“ဒါက အောင်မြင်နိုင်ခြေကို တစ်ဆယ်၊ နှစ်ဆယ်ရာခိိုင်နှုန်းလောက်ပဲ မြှင့်တင်ပေးနိုင်ရင်တောင်.... အနာဂတ် ရွှေအမြုတေဖွဲ့စည်းတဲ့အခါမှာ အောင်မြင်နိုင်ခြေ နည်းနည်း ပိုများစေတာပဲ မဟုတ်လား"
“ရွှေအမြုတေဖွဲ့စည်းဖို့အတွက်.... အကုန်လုံးက အသက်နဲ့လဲပြီး ကြိုစားနေကြတာပဲ"
လော့ချန် သက်ပြင်းတစ်ချက် ချလိုက်ရင်း စိတ်ကျေနပ်စွာဖြင့် သိုလှောင်အိတ်ကို သိမ်းဆည်းလိုက်သည်။ ယခုအကြိမ်တွင် သူသည် ဝိညာဉ်ကျောက်တုံး တစ်သိန်းတစ်သောင်းအထိ ရရှိခဲ့သည်။
ဤသည်မှာ သူ ယခင်က စိုက်ထုတ်ခဲ့ရသော အရင်းအနှီးများကို အနည်းငယ် ပြန်လည်ကာမိခဲ့ပြီ ဖြစ်သည်။
အနာဂတ်တွင်မူ သူသည် အဆင့်လတ်နှင့် အဆင့်မြင့် ချီလမ်းကြောင်းဆေးလုံးများကို ထပ်မံ၍ ဖော်စပ်ရန် အစီအစဉ် မရှိတော့ပေ။ ဤနှစ်မျိုးသည် ရောင်းဈေးမြင့်မားပြီး အမြတ်အစွန်း များပြားသည်ဟု ထင်ရသော်လည်း အမှန်စင်စစ် အထင်သာ ဖြစ်သည်။ ကုန်ကျစရိတ်မှာ ကျောက်စိမ်းအမြုတေဆေးလုံးထက် သုံးဆမျှ မြင့်မားပြီး ကုန်ကြမ်းတစ်ခုစီ ဖော်စပ်အောင်မြင်လျှင်ပင် ထွက်ရှိလာသော ဆေးလုံးပမာဏမှာ သုံးလုံးမျှသာ ရှိသည်။
ပမာဏမများခြင်း၊ ဖော်စပ်ရန် ခက်ခဲခြင်းနှင့် ဈေးကွက်တွင် အရေအတွက် နည်းပါးလှသော အခြေတည်အဆင့် ကျင့်ကြံသူများအတွက်သာ ရည်ရွယ်သော ဆေးလုံးဖြစ်၏။ ထို့အပြင် ဤကဲ့သို့သော ဆေးလုံးမျိုးကို အကြိမ်ကြိမ် မှီဝဲပါက နောက်ပိုင်းတွင် အာနိသင် ကျဆင်းသွားတတ်သည်။ စိတ်ချီစွမ်းအားကို မြှင့်တင်ပေးနိုင်သော ကောင်းကင်ကို ဆန့်ကျင်သည့် အာနိသင်ကြောင့် ဂိုဏ်းကြီးများ၏ မလိုလားအပ်သော အာရုံစိုက်ခြင်းကိုလည်း လွယ်ကူစွာ ဖိတ်ခေါ်မိနိုင်ပေသည်။
ခြုံငုံသုံးသပ်ကြည့်လျှင် ချီလမ်းကြောင်းဆေးလုံးကို ပမာဏများများဖြင့် အမြတ်အစွန်း ရှာဖွေရန်အတွက် အသုံးမပြုနိုင်ပေ။
လော့ချန်၏ အစီအစဉ်မှာ မိမိကိုယ်တိုင် အသုံးပြုရန်အတွက်သာ ထိပ်တန်းအဆင့် ချီလမ်းကြောင်းဆေးလုံးကို ဖော်စပ်ရန် ဖြစ်သည်။ ရံဖန်ရံခါတွင်မူ အဆင့်နိမ့် ချီလမ်းကြောင်းဆေးလုံး အနည်းငယ်ကို ဖော်စပ်၍ လော့ထျန်းအဖွဲ့အတွင်း၌ အဖွဲ့ဝင်များ၏ ခံစားခွင့်အဖြစ် ထားရှိမည် ဖြစ်၏။
လှေပျံသည် အရှိန်အဟုန်ပြင်းစွာ ပျံသန်းနေသည်။
မကြာမီပင် ထျန်းလန် နတ်ဘုရားမြို့တော်အတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
လော့ချန်သည် တွေဝေခြင်းမရှိဘဲ ဆေးလုံးစိမ်းချိုင့်ဝှမ်းပိုင် ဆိုင်ခွဲသို့ တိုက်ရိုက် ဦးတည်လိုက်သည်။
ရှေးဦးစွာ ရွှမ်ယွင်ကျီ ရှိမရှိကို သူ စုံစမ်းလိုက်၏။
သူသည် ထိုသူ့ထံမှတစ်ဆင့် အဆင့်လတ် နဂါးပျံဆေးလုံး၏ သတင်းအချက်အလက်များကို စုံစမ်းရန် ရည်ရွယ်ထားသည်။ ချမ်းအေးလှသော ဒေသတွင် ရှိသည့် ရေခဲခံတပ်နှင့် နှိုင်းယှဉ်ပါက ဆေးဖော်စပ်ခြင်းဖြင့် နာမည်ကျော်ကြားလှသော ဆေးလုံးစိမ်းချိုင့်ဝှမ်းသည် အဆင့်လတ် နဂါးပျံဆေးလုံးကို ပြင်ပသို့ ထုတ်ပေးနိုင်ခြေ ပိုရှိသည်။ ထို့အပြင် သူနှင့် ရွှမ်ယွင်ကျီတို့၏ ဆက်ဆံရေးကလည်း အတော်အတန် ကောင်းမွန်သည် မဟုတ်ပေလော။
သို့သော် နှမြောစရာကောင်းလှသည်။ စုံစမ်းပြီးနောက် ရရှိလာသော အဖြေမှာ တစ်ဖက်လူသည် ဂိုဏ်းသို့ ပြန်လည်ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
“ဦးကြီးရွှမ်က အစတည်းက ဆိုင်မှာ ရေရှည်တာဝန်ကျတဲ့သူ မဟုတ်ပါဘူး၊ သူက ဆေးဖော်ပညာကြောင့် ဂိုဏ်းထဲမှာ မျက်နှာသာပေးခံရတဲ့သူပါ.... အခုတစ်ခေါက် ထျန်းလန်နတ်ဘုရားမြို့တော်ကို လာတာကလည်း လေလံပွဲမှာ ပေါ်ထွက်လာနိုင်တဲ့ ဆေးပင်တချို့ ဝယ်ဖို့အတွက် ကိုယ်တိုင်လာခဲ့တာပါ.... သူ လိုချင်တာတွေ ရပြီး သိပ်မကြာပါဘူး၊ လွန်ခဲ့တဲ့ ခြောက်လကတည်းက ပြန်သွားခဲ့ပါပြီ"
အရောင်းမိန်းကလေးက ဤသို့ ရှင်းပြလာသည်။
လော့ချန်သည် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းတစ်ချက်သာ ချလိုက်နိုင်တော့၏။ ရွှမ်ယွင်ကျီ မရှိတော့သည့်နောက်တွင်မူ သူသည် ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ လက်ရှိ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများနှင့် ဆက်ဆံရေးအသစ်များ တည်ဆောက်ရန်အတွက် ကြိုးပမ်းမည့် အကြံအစည်ကို စွန့်လွှတ်လိုက်ရန်သာ တတ်နိုင်တော့ပေသည်။
ထို့နောက် သူ တိမ်ကိုးလွှာအထူးဧည့်သည်တော် ကျောက်စိမ်းပြားကို ထုတ်ပေးလိုက်ပြီး တစ်နှစ်စာ အဆင့်နိမ့် နဂါးပျံဆေးလုံးများကို ဝယ်ယူလိုက်သည်။ လျှော့ဈေးဖြင့်ပင် ဝိညာဉ်ကျောက်တုံးပေါင်း တစ်သောင်းကိုးထောင်အထိ ကုန်ကျခဲ့သည်။
ငွေကုန်နှုန်းကြောင့် လော့ချန်၏ ရင်ထဲဝယ် တဆစ်ဆစ် နာကျင်သွားရသည်။
သူ့ထံ၍ မူလက စုဆောင်းထားသည့် ဝိညာဉ်ကျောက်တုံး ခြောက်သောင်းသာ ရှိခဲ့သည်။ ထို့နောက် တစ်နှစ်တာကာလအတွင်း နည်းလမ်းမျိုးစုံဖြင့် ကြိုးစားရှာဖွေကာ နောက်ထပ် တစ်သိန်းကို ထပ်မံစုဆောင်းနိုင်ခဲ့သည်။ ယခုတစ်ကြိမ် ချီလမ်းကြောင်းဆေးလုံးရောင်းချမှုမှ ရရှိလာသော တစ်သိန်းတစ်သောင်းကိုပါ ထည့်တွက်လိုက်သော် သူ၏ စုစုပေါင်းပိုင်ဆိုင်မှုမှာ နှစ်သိန်းခုနစ်သောင်းခန့်အထိ ရောက်ရှိနေပြီဖြစ်သည်။
သို့သော် ထိုပမာဏသည် အကြမ်းဖျင်းတွက်ချက်ထားခြင်းသာ ဖြစ်သေးသည်။
အမှန်စင်စစ် လော့ချန်သည် အိမ်အပြင်သို့ ထွက်သွားခြင်း မရှိသလောက် နည်းပါးသော်လည်း သူ၏ နေ့စဉ်အသုံးစရိတ်များမှာ သေးငယ်လှသည်တော့ မဟုတ်ချေ။ အရည်အသွေးမြင့်မားလှသော ဝိညာဉ်ဆန်များ၊ ဒုတိယအဆင့် သားရဲသားများ၊ နေ့စဉ်မပြတ် အသုံးပြုရသော နတ်ဘုရားမီးလျှံအမွှေးတိုင်များ၊ ထို့အပြင် တစ်ခါတစ်ရံ သောက်သုံးရသည့် အထောက်အကူပြု ဆေးလုံးများကြောင့် သူ၏ ဝိညာဉ်ကျောက်တုံးများသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် အမြဲတစေ ကုန်ဆုံးနေလျက် ရှိ၏။
အမှန်စင်စစ် သူ့လက်ထဲတွင် နှစ်သိန်းခုနစ်သောင်း မရှိတော့ချေ။ နှစ်သိန်းလေးသောင်းမျှသာ ကျန်တော့သည်။ ယခုထပ်မံ၍ တစ်သောင်းကိုးထောင်ကျော် သုံးစွဲလိုက်ပြန်ပြီ ဖြစ်သည်။
လော့ချန် ဆိုင်ပြင်သို့ ထွက်လာခဲ့သည်။
ယခုအကြိမ်တွင်မူ ဝိညာဉ်လှေကို မစီးနင်းတော့ဘဲ ကျယ်ပြောလှသော လမ်းမကြီးအတိုင်း လမ်းလျှောက်လာခဲ့သည်။
သူ့အနေဖြင့် နောက်ထပ် ဝယ်ယူစရာ ပစ္စည်းအချို့ ရှိသေးသည်။
ဆေးဖော်စပ်ခြင်း အလုပ်သည် ကုန်ကျစရိတ် ကြီးမားလှသည်။ စိတ်စွမ်းအင်တစ်ခုတည်း မဟုတ်ဘဲ အချို့သော ဆေးဖော်စပ်သည့် ကိရိယာများ၏ သက်တမ်းမှာလည်း အကန့်အသတ်ရှိလှသည်။ ထို့အပြင် ကျောက်စိမ်းနှင်းစက်ဆေးလုံးများ ဖော်ရန်အတွက် ပန်းတစ်ရာနှင်းရည်ကို သွားရောက်ဝယ်ယူရဦးမည် ဖြစ်ပြီး တစ်ပြိုင်နက်တည်းမှာပင် နောက်ထပ် တစ်နှစ်စာအတွက် လိုအပ်သော နတ်ဘုရားမီးလျှံအမွှေးတိုင်များကိုလည်း ဝယ်ယူရဦးမည် ဖြစ်သည်။ ထိုအရာများအတွက်လည်း ဝိညာဉ်ကျောက်တုံး တစ်သောင်းကျော် ထပ်မံ၍ ကုန်ကျရဦးမည် ဖြစ်သည်။
“ကံကောင်းလို့ စီမာဟွေ့နန်က လော့ထျန်းအဖွဲ့ရဲ့ မူဝါဒကို ပြုပြင်ပြောင်းလဲလိုက်တာ.... မဟုတ်ဘဲ အရင်အတိုင်းသာ ဆက်သွားနေရင်.... ငါတော့ ကုန်းကောက်စရာမရှိအောင် မွဲပြီပဲ"
“ဒါတောင်မှ တစ်နှစ်ကို တစ်သိန်းပဲ အမြတ်ရှိတာ.... ငါ့ရဲ့ ဇကာလို ငွေယိုပေါက်တွေနဲ့ဆို ငွေပိုငွေလျှံက သောင်းဂဏန်းလောက်ပဲ ရှိတော့မယ်.... အနာဂတ်မှာ ရွှေအမြုတေအဆင့် တက်နိုင်မယ့် ဝိညာဉ်ဆေးဝါးတွေကို.... ဘာနဲ့ သွားပြီး ဝယ်လုရမှာလဲ"
“ကြားရသလောက်တော့ ရွှေအမြုတေဖွဲ့စည်းပြီးရင်တောင် ကိုယ်နဲ့ ကိုက်ညီမယ့် သက်စောင့်မှော်ရတနာ တစ်ခုကို ဖန်တီးရဦးမယ်ဆိုပဲ.... ဒါကလည်း တော်တော်ကုန်ဦးမယ့် ကုန်ကျစရိတ်ပဲ"
သူသည် အဝေးကြီးအထိ တွေးတောမိသွားခြင်း ဖြစ်ပြီး ဤအရာများသည် ရွှေအမြုတေအဆင့်သို့ တက်လှမ်းပြီးမှသာ စဉ်းစားရမည့် ကိစ္စရပ်များ ဖြစ်ကြသည်။
မွှေးရနံ့စိတ်ရွှင်ဂေဟာမှ ထွက်လာပြီးနောက် လော့ချန်သည် နတ်ဘုရားဝတ်ရုံမျှော်စင်သို့ တန်းတန်းမတ်မတ်ပင် ဝင်ရောက်သွားခဲ့သည်။ ထိနေရာတွင် ဝိညာဉ်ကျောက်တုံး ခုနစ်ထောင် သုံးကာ အသစ်စက်စက် ထိပ်တန်းအဆင့် ဝတ်ရုံတစ်ထည်ကို ဝယ်ယူလိုက်သည်။ ၎င်းတွင် သန့်စင်ခြင်း၊ ခံစစ်၊ ဖုန်မှုန့်ဖယ်ရှားခြင်းနှင့် လေထိန်းချုပ်ခြင်းဟူသော လုပ်ဆောင်ချက် လေးမျိုး ပါဝင်သည်။
ဤသို့ဖြင့် ဝိညာဉ်ကျောက်တုံး နှစ်သောင်းမှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့ပြန်ပြီ ဖြစ်သည်။
“ငါ အခြေတည်အဆင့် အလယ်ပိုင်းကို ရောက်ဖို့ တစ်နှစ်လောက်ပဲ လိုတော့တယ်"
“အလယ်အဆင့် ရောက်ပြီးရင်ကော....”
“အဆင့်တစ်ခုစီ တက်လှမ်းဖို့ လိုအပ်တဲ့ ချီစွမ်းအင်တွေက ပိုများလာပြီး ကျင့်ကြံခြင်းအရှိန်က ပိုနှေးလာလိမ့်မယ်.... ငါ အဆင့်မြင့် ဆေးလုံးတွေကို လုံလုံလောက်လောက် ရှာထားရမယ်"
“ဒါက ငွေအများကြီး လိုအပ်တယ်ဆိုတဲ့ သဘောပဲ၊ အခု လက်ထဲမှာ.... ဝိညာဉ်ကျောက်တုံး နှစ်သိန်းပဲ ကျန်တော့တယ်.... မလုံလောက်ဘူးဟေ့.... တော်တော်ကြီးကို မလုံလောက်ဘူး"
ရေရှည် စီမံကိန်းများ မရှိခဲ့လျှင် ရေတိုအတွင်း၌ ဒုက္ခများ ကြုံတွေ့ရတတ်စမြဲပင်။ လော့ချန်သည် အခြေတည်အဆင့် အလယ်ပိုင်း ရောက်ရှိပြီးနောက် သူ၏ ကျင့်ကြံခြင်းလုပ်ငန်းစဉ်အတွက် ဗျူဟာများကို စတင် ရေးဆွဲနေခဲ့ပြီ ဖြစ်သည်။ ပထမဦးဆုံးအနေဖြင့် သူ့ထံ၌ လုံလောက်သော ငွေကြေး ရှိနေစေရန်အတွက် သေချာအောင် လုပ်ဆောင်ရမည်ဖြစ်ပြီး သို့မဟုတ်ပါက တစ်စုံတစ်ယောက်က သူ့အား အဆင့်မြင့် ဆေးလုံးများ ရရှိနိုင်မည့် လမ်းကြောင်းကို ပေးလာလျှင်ပင် သူ့အနေဖြင့် ဝယ်ယူနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။ ထို့အပြင် သူ နောက်ပိုင်းတွင် လိုအပ်လာမည့် ထိပ်တန်းအဆင့် ဂူဗိမာန်အတွက် ငှားရမ်းခကိုလည်း မေ့လျော့၍ မရချေ။
ထိုမျှသာမက ရေခဲခံတပ်၏ ထျန်းလန် နတ်ဘုရားမြို့တော်တွင် တာဝန်ကျသော အချိန်မှာလည်း ဆယ်နှစ်ပြည့်ရန် သိပ်မလိုတော့ချေ။ ရေခဲခံတပ်သာ တာဝန်ပြီးဆုံး၍ ထွက်ခွာသွားပါက အသစ်ရောက်လာမည့် ရွှေအမြုတေဂိုဏ်းကြီးက သူ့အား တစ်နှစ်တစ်ခါ ငှားရမ်းခွင့်ဟူသော အခွင့်ထူးကို ဆက်၍ ပေးပါဦးမည်လော။ အကယ်၍ မပေးပါက တစ်ပြိုင်နက်တည်းတွင် ဝိညာဉ်ကျောက်တုံး လေးသိန်းရှစ်သောင်းအထိ တစ်ခါတည်း ပေးချေရပေလိမ့်မည်။
“ကျောက်စိမ်းအမြုတေဆေးလုံးရဲ့ ဝင်ငွေက.... အကန့်အသတ် ရှိနေပြီ"
“ငါ ကျောက်စိမ်းနှင်းစက်ဆေးလုံးကနေ ဝင်ငွေအသစ် ဖန်တီးရတော့မလား"
ခံစစ်အစီအရင်ကြီး၏ အဝင်ဝသို့ ရောက်ရှိလာခဲ့သည်။
လော့ချန် အစောင့်အား ပေါ့ပေါ့ပါးပါး နှုတ်ဆက်လိုက်ပြီးနောက် ခြေလှမ်းမှန်မှန်ဖြင့် အထဲသို့ ဝင်လာခဲ့၏။ သူ၏ ဦးနှောက်အတွင်း၌မူ ဆက်လက်၍ တွေးတောနေဆဲပင်။
ဒုတိယအဆင့် ဆေးလုံးဖြစ်သဖြင့် ကျောက်စိမ်းနှင်းစက်ဆေးလုံးအား ဈေးနှုန်းမြင့်မားစွာဖြင့် ရောင်းချနိုင်သော်လည်း ၎င်းတို့၏ ကုန်ကျစရိတ်မှာလည်း အလွန်အမင်း မြင့်မားလှပေသည်။ ကုန်ကြမ်းတစ်သုတ်စီအတွက် ဝိညာဉ်ကျောက်တုံး တစ်ရာ ကုန်ကျပြီး ဈေးနှုန်း အတက်အကျဒဏ်ကိုလည်း ခံရသဖြင့် ရံဖန်ရံခါတွင် ဈေးနှုန်း မြင့်တက်တတ်သည်။ ပို၍ဆိုးသည်မှာ ဈေးနှုန်းသည် တစ်ခါတက်သွားပြီးလျှင် ပြန်ကျခြင်း မရှိတော့ခြင်းပင်။
လော့ချန်သည် ယခင်က ကုန်ကြမ်းဆယ်သုတ် ဖော်စပ်မှသာ ဆေးလုံးတစ်ပုလင်း ရရှိခဲ့ခြင်း ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ သူသည် ရေခဲခံတပ်နှင့် ဆက်ဆံရေး တည်ဆောက်ရန်အတွက် ရှားပါးဆေးလုံးများ၏ မြင့်မားသော ဈေးနှုန်းကို မိမိဘာသာ စွန့်လွှတ်ခဲ့ပြီး တစ်ပုလင်းလျှင် ငါးရာနှုန်းဖြင့်သာ ရောင်းချခဲ့သည်။ ဆိုလိုသည်မှာ ဝိညာဉ်ကျောက်တုံး တစ်ထောင် အိတ်စိုက်ပြီး ငါးရာဖြင့် ပြန်လည်ရောင်းချနေခြင်း ဖြစ်၏။
အရှုံးခံ၍ ဆက်ဆံရေးကို ထိန်းသိမ်းနေရခြင်း ဖြစ်သည်။
သို့သော်လည်း ထန်ထိုက်ကျင်းဘက်မှ လိုအပ်သော ကျောက်စိမ်းနှင်းစက်ဆေးလုံး ပမာဏ ပိုမိုများပြားလာသည်နှင့်အမျှ သူ၏ အရှုံးပမာဏမှာလည်း ပိုမိုကြီးမားလာပေလိမ့်မည်။
တစ်ပုလင်းရှုံးလျှင် ငါးရာ၊ တစ်နှစ်လျှင် နှစ်ထောင်ငါးရာ ရှုံးပေမည်။
ဆယ်နှစ် သက်တမ်း ပြည့်မြောက်သွားပါက တစ်နှစ်လျှင် ပုလင်းတစ်ရာအထိ ထောက်ပံ့ပေးရမည် ဖြစ်သဖြင့် ထိုအချိန်ကျလျှင် တစ်နှစ်ကို အသားတင် နှစ်သောင်းငါးထောင်အထိ သွေးထွက်သံယို အရှုံးပြပေလိမ့်မည်။ ဤသည်မှာ သူ ပေးဆပ်ရမည့် အချိန်နှင့် ကြိုးပမ်းအားထုတ်မှုများကိုပင် ထည့်သွင်းတွက်ချက်ထားခြင်း မရှိသေးချေ။
“သူတို့နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို ဆက်ပြီးလည်း ထိန်းချင်တယ်.... သူတို့ဆီကနေလည်း ဝိညာဉ်ကျောက်တုံးတွေ ပြန်ရချင်တယ်ဆိုရင် ငါ ရောင်းမယ့် ဆေးလုံးရဲ့ အရည်အသွေးကို မြှင့်တင်ဖို့ပဲ ရှိတော့တယ်"
ဤသည်ကိုမူ သူ့အနေဖြင့် လုပ်နိုင်စွမ်း ရှိပေသည်။ ယခုအခါ သူ၏ ကျောက်စိမ်းနှင်းစက်ဆေးလုံး ဖော်စပ်မှုသည် ကျွမ်းကျင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်၍ အဆင့်လတ် ကျောက်စိမ်းနှင်းစက်ဆေးလုံးကို ဖော်စပ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
သို့သော်လည်း သူ ခေါင်းကို ချက်ချင်း ခါလိုက်ရင်း တိုးတိုး ရေရွတ်လိုက်မိသည်။
“မဖြစ်သေးဘူး.... ငါ အလောတကြီး မလုပ်သင့်ဘူး"
နှစ်အနည်းငယ်မျှသော အချိန်အတွင်း အဆင့်လတ် ဆေးလုံးများကို ဖော်စပ်နိုင်သည်ဟု ဆိုခြင်းက ပါရမီရှင်တစ်ဦး၏ ကံကောင်းမှုတစ်ခုအနေဖြင့် ဘေးဖယ်ထားနိုင်ကောင်း ထားနိုင်သော်လည်း အရဲစွန့်ရာ ရောက်လွန်းလှပေသည်။ ရင်ထဲမှ အလျင်စလို ဖြစ်နေသော အတွေးများကို ဖိနှိပ်လိုက်ရင်း လော့ချန် သူ့ကိုယ်သူ ပြန်သတိပေးလိုက်သည်။
လက်ရှိရရှိနေသော ဝင်ငွေသည် သူ၏ ကျင့်ကြံခြင်းကို ထောက်ပံ့ပေးရန်အတွက် လုံလောက်လှပေသေးသည်။ အနာဂတ် ကိစ္စရပ်များကို ကြိုတင်၍ စီမံကိန်း ချမှတ်နိုင်သော်လည်း အလောတကြီး မလုပ်ဆောင်သင့်ချေ။ အရာရာတိုင်းကို ခြေလှမ်းမှန်မှန်ဖြင့်သာ သွားရပေမည်။
“သခင်.... ပြန်လာပြီလား"
“အင်း"
“ဒီညနေ ဘာစားချင်လဲ"
“ညစာ မစားတော့ဘူး.... မင်း ဒီ ကြက်ကို သေသေချာချာ ချက်ပြုတ်ထားလိုက်နော်.... မနက်ဖြန်မနက်ကျရင် ငါ စွပ်ပြုတ်သောက်မယ်၊ ဒါနဲ့.... ဒါ ငါ အခုနက နတ်ဘုရားဝတ်ရုံမျှော်စင်က ဝယ်လာတဲ့ ထိပ်တန်းအဆင့် ဝတ်ရုံပဲ၊ မင်း ဝတ်လို့ရမလား စမ်းဝတ်ကြည့်လိုက်ဦး"
ပိုင်မေလင်းသည် တဖျတ်ဖျတ် တောင်ပံခတ်နေဆဲဖြစ်သော ကြက်နှင့် ဝတ်ရုံကို လှမ်းယူလိုက်ပြီးနောက် ဝမ်းသာအားရဖြင့် သူမ၏ အခန်းထဲသို့ ဝင်သွားတော့သည်။
သူမသည် ဝိညာဉ်ခန္ဓာ ဖြစ်သဖြင့် ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများမှာ ချီစွမ်းအားဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။ ဤဝတ်စုံမှာမူ ထူးခြားသော မိစ္ဆာစွမ်းအင်များနှင့် အထူးကုန်ကြမ်းများကို ပေါင်းစပ်၍ ရက်လုပ်ထားခြင်း ဖြစ်သဖြင့် သူမ ဝတ်ဆင်ရန်အတွက် အလွန်ပင် သင့်တော်လှပေသည်။ နောင်နောင်တွင်မူ အဝတ်အစားများ ဖန်တီးရန်အတွက် ချီစွမ်းအားများကို ဖြုန်းတီးစရာ မလိုတော့ချေ။
သူမ အခန်းထဲသို့ ဝင်သွားပြီးနောက် လော့ချန်သည်လည်း ကျင့်ကြံအခန်းအတွင်းသို့ လှမ်းဝင်ခဲ့သည်။
လက်ထဲရှိ အဆင့်နိမ့် နဂါးပျံဆေးလုံးကို ကြည့်ရင်း သူ ခါးသက်စွာ ပြုံးလိုက်မိသည်။
“ထားလိုက်ပါတော့.... လောလောဆယ်တော့ ဒီ ကျင့်ကြံခြင်းအရှိန်ကို သည်းခံပြီး၊ အခြေတည်အဆင့် အလယ်ပိုင်း အရင်ရောက်အောင် ကျင့်ကြံရမှာပဲ"
သူ နဂါးပျံဆေးလုံးကို ယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။
နတ်ဘုရားမီးလျှံအမွှေးတိုင်၏ အခိုးအငွေ့များက ညင်သာစွာ ပျံ့လွင့်နေပြီး လေထုတစ်ခုလုံးအား မွှေးပျံ့သော ရနံ့များဖြင့် လွှမ်းခြုံထားသည်။
ထိုမြူခိုးများအကြား၍ အနီရောင်ဝတ်ရုံအား လဲလှယ်ဝတ်ဆင်ထားသော လော့ချန်တစ်ယောက် တင်ပျဉ်ခွေ ထိုင်လျက်ရှိနေသည်။ သူ၏ စိတ်အာရုံမှာ ကြည်လင်နေပြီး ချီစွမ်းအင် အမြောက်အမြားကို ချီပင်လယ်အတွင်းသို့ စတင်စုပ်ယူလိုက်သည်။
သူ၏ ချီပင်လယ်၏ တတိယမြောက် အလွှာအတွင်း၌ ချီစွမ်းအားများက သိပ်သည်းလှသော တိမ်တိုက်ထုကြီးတစ်ခုအဖြစ်သို့ ပေါင်းစပ်နေခဲ့ပေသည်။
အချိန်အတော်ကြာပြီးနောက်တွင်မူ ဝိညာဉ်အရည်တစ်စက်သည် ညင်သာစွာဖြင့် အောက်သို့ စူးစိုက်ကျဆင်းသွားခဲ့ပြီး အောက်ခြေ ပြည့်လုနီးပါး ဖြစ်နေသော ဝိညာဉ်အရည်ကန်ကြီးအတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားခဲ့တော့သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၄၀၀) - ဝိညာဉ်ကျောက်တုံး တစ်သောင်းတန် လေ့ကျင့်ဖော်
သာမန်ကျင့်ကြံသူများ အခြေတည်အဆင့်သို့ တက်လှမ်းပြီးနောက်တွင် ဝိညာဉ်ကြော၏ ကျင့်ကြံခြင်းအပေါ် အကျိုးသက်ရောက်မှုသည် အထောက်အကူပြု ဆေးလုံးများ၏ အာနိသင်ကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိလာပေသည်။
ဒုတိယအဆင့် အဆင့်နိမ့် ဝိညာဉ်ကြောတွင် တစ်ရက်တာ ကျင့်ကြံခြင်းဖြင့် ရရှိလာသော ချီစွမ်းအားသည် အဆင့်နိမ့် ချီစုစည်းဆေးလုံးတစ်လုံး၏ အာနိသင် ထက်ဝက်ခန့်နှင့် ညီမျှ၏။
အကယ်၍ နတ်ဘုရားမီးလျှံအမွှေးတိုင်ကဲ့သို့သော အထောက်အကူပြု အရင်းအမြစ်များနှင့် တွဲဖက်၍ မိမိ၏ ပင်မကျင့်စဉ်ကို နောက်ထပ် အကြိမ်အနည်းငယ် ပိုမိုလည်ပတ်နိုင်မည်ဆိုပါက စုပ်ယူရရှိမည့် ချီစွမ်းအင်သည် သာမန်ချီစုစည်းဆေးလုံးတစ်လုံး၏ အာနိသင်နှင့် ထပ်တူ ဖြစ်သွားပေလိမ့်မည်။
အကယ်၍ ကျင့်ကြံသူတစ်ဦးတွင် ဒုတိယအဆင့် အဆင့်မြင့် ဝိညာဉ်ကြောရှိသော ဂူဗိမာန်တစ်ခု ရှိနေပါက ထိုအကျိုးသက်ရောက်မှုသည် ပိုမို၍ပင် ထင်ရှားပေလိမ့်မည်။ ၎င်းသည် အဆင့်နိမ့် ချီစုစည်းဆေးလုံးကို မှီဝဲခြင်းထက်ပင် ကျော်လွန်သွားနိုင်၏။
ဤယူဆချက်သည် သာမန်အခြေတည်အစောပိုင်းအဆင့် ကျင့်ကြံသူများအတွက် သတ်မှတ်ထားခြင်း ဖြစ်သည်။
လော့ချန်၏ ကျင့်ကြံခြင်းသည်လည်း ထို့အတူပင်ဖြစ်သည်။ သို့သော် သူ၏ ဝိညာဉ်ကြောအပေါ် မှီခိုမှုမှာ ဒုတိယအဆင့် အဆင့်နိမ့် ဆေးလုံးများထက် များစွာ ပိုမိုမြင့်မားလှသည်။ အကြောင်းမှာ သူသည် သာမန်အခြေတည်အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး မဟုတ်သောကြောင့်ပင်။ သူ၏ ခန္ဓာကိုယ်မှာ ပိုမိုသန်မာပြီး စိတ်ဝိညာဉ်အခြေခံအုတ်မြစ်လည်း ပိုမိုနက်ရှိုင်းလှသဖြင့် နတ်ဘုရားမီးလျှံအမွှေးတိုင်၏ အထောက်အပံ့အောက်တွင် သူသည် တစ်ရက်လျှင် ပင်မကျင့်စဉ်ကို ဆယ်ကြိမ်တိတိ လည်ပတ်နိုင်စွမ်း ရှိပေသည်။ ထိုသို့သော အခြေအနေမျိုးတွင် ပြင်ပချီစွမ်းအင်များ၏ သိပ်သည်းဆအပေါ် လိုအပ်ချက်မှာလည်း ပိုမိုမြင့်မားလို့နေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူ့တွင် ဒုတိယအဆင့် အဆင့်မြင့် ဂူဗိမာန်တစ်ခု ရှိနေခဲ့သည်။
တစ်ရက်တာ ကျင့်ကြံပြီးနောက် အဆင့်နိမ့် ဆေးလုံးတစ်လုံးမှ ပြောင်းလဲလာသော ချီစွမ်းအားကို စံနှုန်းတစ်ခုအဖြစ် သတ်မှတ်ပြီး၊ အဆင့်လတ်ကို စံနှုန်းနှစ်ခုအဖြစ် သတ်မှတ်မည်ဆိုပါက ကျင့်ကြံခြင်းဖြင့် သန့်စင်စုပ်ယူလိုက်သော ချီစွမ်းအားသည် စံနှုန်းငါးခုအထိ မြင့်မားလှပေသည်။
ထို့ကြောင့်ပင် သူသည် စီမာဟွေ့နန်အား အာဏာစုံ လွှဲအပ်ထားပြီး လော့ထျန်းအဖွဲ့အား ကိုယ်စားစီမံခန့်ခွဲခွင့် ပေးခဲ့ခြင်း ဖြစ်သည်။ သူကိုယ်တိုင်မှာမူ ဂူတံခါးအပြင်သို့ပြင် ခြေတစ်လှမ်း မလှမ်းဘဲ နေ့စဉ်ရက်ဆက် ဂူဗိမာန်အတွင်း၌သာ ကျင့်ကြံနေခဲ့သည်။
ဆေးဖော်စပ်ရာတွင်မူ နှင်းဧကရာဇ်ဆေးအိုးနှင့် ဒုတိယအဆင့် မြေအောက်မီး ရှိနေပြီဖြစ်သဖြင့် ဆေးဖော်ခန်းမဆောင်မှ လက်ထောက်များ၏ အကူအညီ၏ လုံးဝ လက်လွှတ်လိုက်တော့သည်။ အကယ်၍ ထိုသူတို့၏ ကူညီပံ့ပိုးမှု ရှိနေပါက နေ့စဉ် ဖော်စပ်နိုင်သော ကျောက်စိမ်းအမြုတေဆေးလုံး ပမာဏ ပိုမိုများပြားလာမည် ဖြစ်သော်လည်း ထိုသို့ဆိုပါက နေရာနှစ်ခုအကြား နေ့စဉ် ကူးချည်သန်းချည် ပြုလုပ်နေရမည် ဖြစ်သဖြင့် ကျင့်ကြံရမည့် အချိန်များကို ဖြုန်းတီးမိသွားပေလိမ့်မည်။
ကျင့်ကြံသည့် အချိန်ကာလ ပိုမိုကြာမြင့်လာသည်နှင့်အမျှ လော့ချန်သည် ဝိညာဉ်ကြော၏ အရေးပါမှုကို ပိုမိုနက်ရှိုင်းစွာ နားလည်လာခဲ့သည်။
ချီသန့်စင်အဆင့် ကျင့်ကြံသူများသည် ဝိညာဉ်ကြောကို မမှီခိုဘဲ ဆေးလုံးများကိုသာ အားကိုး၍ ကျင့်ကြံနိုင်သော်လည်း အခြေတည်အဆင့် ကျင့်ကြံသူများမှာမူ ရေရှည်နေထိုင်ကျင့်ကြံနိုင်မည့် ဝိညာဉ်ကြောတစ်ခု လုံးဝ လိုအပ်ပေသည်။ ရွှေအမြုတေအဆင့်သို့ ရောက်သောအခါ ပို၍ပင် လိုအပ်ချက် မြင့်မားလာပေလိမ့်မည်။
အကယ်၍ ဝိညာဉ်သန္ဓေတည်အဆင့်သို့ ရောက်ရှိသွားပါက တတိယအဆင့် ဝိညာဉ်ကြောသည်ပင် နေ့စဉ်ကျင့်ကြံခြင်းကို ထောက်ပံ့ပေးနိုင်တော့မည် မဟုတ်ချေ။ စတုတ္ထအဆင့် ဝိညာဉ်ကြောရှိမှသာ အဆင်ပြေနိုင်သည်။
ဤအချက်ကို သဘောပေါက်သွားပြီးနောက် လော့ချန်သည် မည်သည့်အတွက်ကြောင့် ဂိုဏ်းကြီးတိုင်းက မိမိတို့၏ ပင်မဌာနချုပ်များကို ချီစွမ်းအင်များ ပြည့်နှက်နေသော နာမည်ကျော် တောင်တန်းကြီးများပေါ်တွင် တည်ထောင်ရသည်ကို နားလည်သွားခဲ့သည်။
ထို့အပြင် တိမ်ပြိုဂိုဏ်းသည် မိမိတို့ဘက်မှ မယှဉ်နိုင်မှန်း သိလျက်နှင့် ကျောက်စိမ်းအိုးဓားဂိုဏ်းကို ဆန့်ကျင်ကာ အဘယ်ကြောင့် စစ်ပွဲဆင်နွှဲခဲ့သည်ကိုလည်း နားလည်သွားခဲ့သည်။
အကြောင်းမှာ ကျယ်ပြောလှသော ကျောက်စိမ်းအိုးနယ်မြေကြီး တစ်ခုလုံးတွင် ဓားဂိုဏ်း တည်ရှိရာ ကျောက်စိမ်းဧကရာဇ်တောင်တန်းပေါ်၌သာ စတုတ္ထအဆင့် ဝိညာဉ်ကြော ရှိနေသောကြောင့်ပင်။
ထိုတိမ်ပြိုဂိုဏ်း၏ ဘိုးဘေး ဟန်ကျန်းသည် ဝိညာဉ်သန္ဓေတည်အဆင့်သို့ တက်လှမ်းပြီးနောက် ကျောက်စိမ်းဧကရာဇ်တောင်တန်းကြီးကို တပ်မက်နေသည်မှာ သေချာလှပေသည်။
လော့ချန် သူ၏ အာရုံများကို ပြန်လည် စုစည်းလိုက်သည်။ စနစ်တကျရှိလှသော ကျင့်ကြံခြင်း ဘဝအတွင်း၌ အချိန်ရက်စွဲများသည် တရွေ့ရွေ့ ကုန်ဆုံးနေခဲ့သည်။
ပြင်ပလောက၏ ပြောင်းလဲမှုများသည် သူနှင့် လားလားမျှ မသက်ဆိုင်သည့်ပုံပင်။
သူသည် ကျင့်ကြံခြင်း၊ စာဖတ်ခြင်း၊ မှော်အတတ်များ လေ့ကျင့်ခြင်းနှင့် ဆေးဖော်စပ်ခြင်းများကိုသာ လုပ်ဆောင်နေခဲ့သည်။
တစ်နှစ်တာ အချိန်ကာလသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။
ဂူဗိမာန်အတွင်းရှိ ကျင့်ကြံခန်းတံခါးကြီး ဝုန်းခနဲ ပွင့်ဟသွားခဲ့သည်။
ပြင်းထန်လှသော ချီစွမ်းအင် လှိုင်းလုံးကြီးများ ထွက်ပေါ်နေသည့် လူတစ်ဦး ထိုနေရာမှ အေးချမ်းစွာ လှမ်းထွက်လာခဲ့၏။
ထိုသူသည် အနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်မှာ ထွားကျိုင်းမြင့်မားလှသည်။ မျက်နှာမှာ နူးညံ့ပျော့ပျောင်းသော်လည်း အသွင်အပြင်မှာ ပြတ်သားလှ၏။ ဓားသွားပမာ မျက်ခုံးနှစ်သွယ်အောက်တွင် နက်ရှိုင်း၍ အဆုံးအစမရှိလှသော ကြယ်တာရာမျက်ဝန်းတစ်စုံ ရှိနေသည်။
လှုပ်ရှားသံကို ကြားလိုက်ရသဖြင့် ပိုင်မေလင်း အပြေးအလွှား ပျံသန်းလာခဲ့၏။
“သခင်.... အခြေတည်အဆင့် အလယ်ပိုင်း ရောက်သွားတာလား"
လော့ချန် သူမအား လှမ်းကြည့်လိုက်သည်။ သူ စကားမဆိုရသေးမီမှာပင် ပိုင်မေလင်း၏ ခန္ဓာကိုယ်မှာ အနည်းငယ် နောက်သို့ တွန့်သွားသည်ကို မြင်လိုက်ရသည်။
“သခင်.... သခင့်ရဲ့ စွမ်းအားတွေက အရမ်းပြင်းထန်နေတယ်....”
လော့ချန် ချက်ချင်းပင် အထွတ်အထိပ်အဆင့်ရှိ ချီဖုံးကွယ်မှော်အတတ်ကို သုံးလိုက်ပြီး ပြင်းထန်နေသော ချီစွမ်းအင် လှိုင်းလုံးများကို အတတ်နိုင်ဆုံး ပြန်လည်သိမ်းဆည်းလိုက်သည်။ ထို့အပြင် ထပ်မံ၍ တိုးတက်လာသော စိတ်ချီစွမ်းအားများကိုလည်း ဖြည်းညှင်းစွာဖြင့် ပြန်လည်ငြိမ်သက်အောင်လုပ်လိုက်သည်။
အနည်းငယ်မျှသော ချီစွမ်းအင်လှိုင်းများ အပြင်သို့ စိမ့်ထွက်နေဆဲဖြစ်သော်လည်း ပိုင်မေလင်းအနေဖြင့် အတော်လေး နေရထိုင်ရ သက်သာသွားခဲ့သည်။
လော့ချန် မျက်မှောင်ကြုတ်လိုက်ရင်း
“မင်းကို လေ့ကျင့်ခိုင်းထားတဲ့ တစ္ဆေနတ်ဘုရားလျှို့ဝှက်ကျမ်းက အခုထိ အခြေခံအဆင့်တောင် မရောက်သေးဘူးလား"
ပိုင်မေလင်းက နှုတ်ခမ်းကို ဆူလိုက်ရင်း မျက်နှာငယ်လေးဖြင့် ဆိုလိုက်သည်။
“ကျွန်မက သခင့်လို ပါရမီရှင်ကြီးမှ မဟုတ်တာ.... သခင့်လက်ထဲရောက်ရင် ဘယ်လို ပညာပဲဖြစ်ဖြစ် အလွယ်တကူ ကျွမ်းကျင်သွားတာပဲလေ၊ ဒါပေမဲ့.... ကျွန်မ တကယ့်ကို အခြေခံအဆင့် ရောက်နေပါပြီနော်၊ ဝိညာဉ်စုအလံကိုတောင် လွယ်လွယ် ဖွင့်ပြီးတော့.... အထဲမှာရှိတဲ့ မိစ္ဆာဝိညာဉ်အနှစ်သာရတွေကို အားကိုးပြီး ကျင့်ကြံနိုင်နေပြီ.... တကယ်တော့ သခင်က အရမ်းစွမ်းအားကြီးနေလို့ပါ.... ကျွန်မက အားနည်းနေတာ မဟုတ်ပါဘူး"
လော့ချန် သူမနှင့် ထပ်၍ ငြင်းခုံမနေတော့ပေ။
သူမ အမှန်တကယ်ပင် ပျင်းရိမနေခဲ့ချေ၊ တစ်ဝက်တစ်ပျက် စိတ်ဝိညာဉ်သန့်စင်ခြင်းကျမ်းမှတစ်ဆင့် တစ္ဆေနတ်ဘုရားလျှို့ဝှက်ကျမ်းသို့ ပြောင်းလဲကျင့်ကြံခဲ့ပြီး သူမ၏ လက်ရှိအဆင့်မှာလည်း တစ္ဆေစစ်သည်တော်အဆင့်နှောင်းပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။
၎င်းသည် သူမ မသေဆုံးမီက ချီသန့်စင် အဆင့်နှောင်းပိုင်း ကျင့်ကြံခြင်းနှင့် ညီမျှပေသည်။ မိစ္ဆာဝိညာဉ်များ၏ ကျင့်ကြံခြင်းအရှိန်နှင့် နှိုင်းယှဉ်လျှင် ဤအရာသည် အမှန်ပင် မနှေးကွေးလှချေ။
“အိမ်မှာ သေသေချာချာ စောင့်နေဦး.... ငါ အပြင်ကို သွားဦးမယ်"
“သခင်.... ဘယ်သွားမလို့လဲ၊ ကျွန်မကိုပါ ခေါ်သွားလို့မရဘူးလား"
ပိုင်မေလင်းက မျက်နှာငယ်လေးဖြင့် နောက်မှ လိုက်ပါလာခဲ့သည်။
သူမသည် နေရောင်ကွယ်ပုတီးစေ့ကို သန့်စင်ပြီးကတည်းက နေ့စဉ် အပြင်သို့ ထွက်၍ လည်ပတ်ချင်နေခဲ့သည်။ သို့သော် လော့ချန်က အိမ်တွင်သာ အမြဲတစေ အောင်းနေသဖြင့် သူမသည်လည်း ဂူဗိမာန်အတွင်းတွင်သာ နေနေရသဖြင့် အလွန်ပင် ပျင်းရိငြီးငွေ့နေခဲ့ရသည်။
“အဲဒီနေရာက မင်းနဲ့မကိုက်ဘူး.... အိမ်မှာပဲ နေခဲ့ပါ"
လော့ချန် ထိုသို့ တစ်ခွန်းသာ ပြောကြားလိုက်ပြီးနောက် လှည့်ထွက်၍ ဂူဗိမာန်တံခါးအပြင်သို့ ထွက်ခွာခဲ့တော့သည်။
မထွက်ခွာမီ သူသည် တစ်ဧကကျယ်ဝန်းသော ဒုတိယအဆင့် ခြံကွက်ကို အမှတ်မထင် လှမ်းကြည့်လိုက်မိသည်။
အပေါ်တွင် စိုက်ပျိုးထားသော ကြယ်ပြာမြက်၊ လစန္ဒာပန်းနှင့် ရွှီရန်သစ်ပင်တို့မှာ အားရစရာကောင်းလောက်အောင် ကြီးထွားနေကြ၏။
ဤအရာကို ကြည့်ခြင်းဖြင့် လွန်ခဲ့သော တစ်နှစ်တာအတွင်း ယွမ်တုန်းရှန်းတစ်ယောက် အချိန်မှန် လာရောက်ပြုစုပျိုးထောင်ပေးခဲ့မှန်း သိသာလှပေသည်။ ဤဝိညာဉ်အပင် သုံးမျိုးသည် ကြယ်၊ လ၊ နေ ဟူသော ဂုဏ်သတ္တိသုံးမျိုးနှင့် အသီးသီး ကိုက်ညီကြပြီး ၎င်းတို့၏ အဆင့်အတန်းမှာလည်း ပထမ၊ ဒုတိယနှင့် တတိယအဆင့်များတွင် အသီးသီး ရှိကြသည်။ အတူတကွ တွဲဖက်စိုက်ပျိုးခြင်းဖြင့် အလွန်ပင် လိုက်ဖက်ညီလှပေသည်။
ထို့အပြင် ကြီးထွားမှု သက်တမ်းတိုတောင်းပြီး စီးပွားရေး တန်ဖိုးလည်း အလွန်မြင့်မားလှသည်။
ဤသည်မှာ ယွမ်တုန်းရှန်းတစ်ယောက် ဝိညာဉ်အပင်များနှင့် ပတ်သက်သော ကျမ်းစာအုပ်များကို အပတ်တကုတ် လေ့လာပြီးနောက် ဒုတိယအဆင့် ဝိညာဉ်စိုက်ခင်းနှင့် ပေါင်းစပ်၍ စဉ်းစားဖော်ထုတ်ထားသော စိုက်ပျိုးရေး စီမံကိန်း ဖြစ်သည်။
သူ၏ စကားအရ ဤသည်မှာ စမ်းသပ်မှုတစ်ခု ဖြစ်ပြီး အကယ်၍ ရလဒ် ကောင်းမွန်ပါက အနာဂတ်တွင် ဒန်ရှားတောင်ထိပ်ပေါ်၌ပါ ကျယ်ပြန့်စွာ တိုးချဲ့စိုက်ပျိုးသွားမည် ဖြစ်သည်။ လိုအပ်သော ဒုတိယအဆင့် ဝိညာဉ်စိုက်ခင်းကိုလည်း ကိုယ်တိုင်ဖန်တီးနိုင်ကောင်း ဖန်တီးနိုင်ပေလိမ့်မည်။
ကောင်းကင်ယံတွင် ပျံသန်းနေရင်း လော့ချန်၏ စိတ်နှလုံးမှာ အေးချမ်းတည်ငြိမ်နေခဲ့သည်။
ကျင့်ကြံခြင်းအဆင့်သည် အခြေတည် အဆင့် ၄ သို့ ရောက်ရှိသွားပြီး အခြေတည်အလယ်ပိုင်းအဆင့်သို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ခြင်းက ဝမ်းမြောက်စရာ ကောင်းလှပေသည်။ သို့သော် ယခင်ကတည်းက ကြိုတင်ခန့်မှန်းထားခဲ့သဖြင့် ကြီးမားလှသော ဝမ်းမြောက်မှုမျိုးတော့ ရှိမနေခဲ့ချေ။ မည်သို့ပင်ဆိုစေ သေးငယ်သော အဆင့်တစ်ခု တက်ခြင်းမျှသာ ဖြစ်ပေသည်။
“မိတ်ဆွေလော့.... အပြင်သွားမလို့လား"
အကာအကွယ် အစီအရင်ကြီး၏ အနီးရှိ ဇရပ်တစ်ခုပေါ်တွင် ကျင့်ကြံသူတစ်ဦး ထိုင်နေပြီး အရက်သောက်ရင်း ဒန်ရှားမေနန်းဆောင်မှ ထွက်ရှိသော မုန့်များကို အားရပါးရ စားသောက်နေသည်။
“ဟုတ်ပါတယ်.... ကျုပ် လော့ချန်ကတော့ ပင်ပန်းရမယ့် ကံပါတယ်ထင်တယ်၊ မိတ်ဆွေဝမ်လိုမျိုး အေးအေးလူလူနဲ့ သက်တောင့်သက်သာ မရှိပါဘူးဗျာ"
တံခါးစောင့်တာဝန်ယူထားသော ဝမ်ပင်းကျီက ဟားတိုက် ရယ်မောလိုက်ရင်း
“မိတ်ဆွေလော့ကတော့ နှိမ့်ချလွန်းနေပါပြီ၊ ခင်ဗျားရဲ့ ကြိုးစားအားထုတ်မှုအောက်မှာ လော့ထျန်းအဖွဲ့က အရှိန်အဟုန်နဲ့ ကြီးထွားနေတာကို.... ဘယ်သူက မသိဘဲ နေမှာလဲ"
“ချီးမွမ်းလွန်းရာ ရောက်နေပါပြီ"
လော့ချန်က ခပ်ဖွဖွ ပြုံးလိုက်ရင်း တစ်စုံတစ်ရာကို သတိရသွားသည့်အလား ပြောလိုက်သည်။
“မိတ်ဆွေအနေနဲ့ ကျုပ်ရဲ့ လက်အောက်ငယ်သား တချို့ကို သိပြီးသား ဖြစ်မှာပါ၊ သူတို့ လာတဲ့အခါကျရင်.... ကျုပ့်မျက်နှာကို ထောက်ထားပြီး အတတ်နိုင်ဆုံး ကူညီစောင့်ရှောက်ပေးဖို့ တောင်းဆိုချင်ပါတယ်"
“ဒါပေါ့ဗျာ၊ အချင်းချင်းတွေ ပြောစရာလိုသေးလို့လား"
ဝမ်ပင်းကျီက အလိုက်သင့်ပင် ပြန်လည်ဖြေကြားလိုက်သည်။။
သူ သာမန်အချိန်များတွင် အချိန်ဖြုန်းရင်း စားသောက်နေသော မုန့်ပဲသရေစာများမှာ လော့ထျန်းအဖွဲ့မှ ကျင့်ကြံသူများ အဝင်အထွက် ပြုလုပ်သည့်အခါတိုင်း ပေးကမ်းတတ်သော လက်ဆောင်များ ဖြစ်ကြသည်။ အထူးသဖြင့် ထို ချွီလင်ကျွင်း ဆိုသောလူငယ်လေးသည် လာသည့်အခါတိုင်း သူ့အတွက် ဆန်းသစ်လှသော ပစ္စည်းအသေးအဖွဲလေးများကို အမြဲတစေ ယူဆောင်လာပေးတတ်သည်။
စကားစမြည် ပြောဆိုပြီးနောက် လော့ချန်သည် အစီအရင်ကြီး၏ အပြင်ဘက်သို့ ထွက်ခွာခဲ့တော့သည်။
သူ ဦးတည်သွားသော လမ်းကြောင်းမှာ မြို့ပြင်သို့ မဟုတ်ပေ။ ရင်းနှီးပြီးသားဖြစ်သော်လည်း စိမ်းသက်နေဆဲဖြစ်သော နေရာတစ်ခုဆီသို့ ဖြစ်၏။
....
“အကြီးအကဲက ပြိုင်ပွဲဝင်ဖို့ လာတာလား.... ဒါမှမဟုတ် ပွဲကြည့်ဖို့ လာတာလား"
“နှစ်ခုလုံး မဟုတ်ပါဘူး.... ကျုပ် လေ့ကျင့်ရေးကွင်းတစ်ခုကို ငှားရမ်းချင်လို့ပါ၊ ဘာတွေ အကြံပြုချင်လဲဗျ"
“ကျွန်တော်တို့ ဓားနန်းဆောင်ရဲ့ အဆုံးအဖြတ်စင်မြင့်က အခြေတည်အဆင့် ကျင့်ကြံသူတွေအတွက်.... စုစုပေါင်း လေ့ကျင့်ရေးကွင်း ခုနစ်မျိုးကို ရွေးချယ်နိုင်အောင် စီစဉ်ပေးထားပါတယ်၊ အဲ့တာတွေကတော့ ဘယ်လိုအတားအဆီးမှမရှိတဲ့ လွင်ပြင်ကျယ်ကြီး၊ ပြီးတော့ မြစ်ချောင်းဆုံရာ ရွှံ့နွံတော.... နောက်ပြီး တောင်တန်းကြီးတွေကို ပုံဖော်ထားတဲ့ လေ့ကျင့်ရေးကွင်းလည်း ရှိပါတယ်....”
လေ့ကျင့်ရေးကွင်း တစ်ခုချင်းစီကို မိတ်ဆက်ပေးပြီးနောက် လော့ချန်သည် ပထမဆုံးဖြစ်သော လွင်ပြင်ကျယ်ကြီးကို ရွေးချယ်ခဲ့သည်။
အခြားအကြောင်းကြောင့် မဟုတ်ချေ။
ဈေးပေါသောကြောင့်ပင်။ တစ်ရက် ငှားရမ်းခမှာ ဝိညာဉ်ကျောက်တုံး သုံးရာမျှသာ ရှိသည်။
အမှန်စင်စစ် ဈေးပေါသည်ဟု ဆိုခြင်းမှာ သူ၏ ရှုထောင့်မှသာ ဖြစ်သည်။ အခြားသော အခြေတည်အဆင့် ကျင့်ကြံသူများသာဆိုလျှင် ဤဈေးနှုန်းကို ပေးချေရန် နှမြောနေကြပေလိမ့်မည်။ အများစုကမူ ထျန်းလန်နတ်ဘုရားမြို့တော်၏ အပြင်ဘက် တောရိုင်းမြေများအတွင်း၌သာ မှော်အတတ်များကို သွားရောက် လေ့ကျင့်တတ်ကြသည်။
ဓားနန်းဆောင်မှ တပည့်က လေ့ကျင့်ရေးကွင်းကို သတ်မှတ်ပေးပြီးနောက် စိတ်အားထက်သန်စွာဖြင့် မေးမြန်းလိုက်သည်။
“အကြီးအကဲ…. လေ့ကျင့်ဖော် လိုအပ်သေးလားဗျ"
လော့ချန်က လက်ကို ဝှေ့ယမ်းပြလိုက်ရင်း
“မလိုပါဘူး.... ကျုပ် သူငယ်ချင်းတစ်ယောက်ကို ခေါ်ထားတယ်၊ ခဏနေရင် ရောက်လာလိမ့်မယ်"
ပြောပြီးပြီးချင်း လော့ချန် တစ်စုံတစ်ရာကို သတိပြုမိသွားသည်။
“ဒါနဲ့ မင်းတို့ ကျောက်စိမ်းအိုးဓားဂိုဏ်းနဲ့ တိမ်ပြိုဂိုဏ်းတို့က စစ်ဖြစ်နေကြတာ မဟုတ်ဘူးလား.... ဘာလို့ ဒီဓားနန်းဆောင်မှာ အခြေတည်အဆင့်ရှိတဲ့ ဓားကျင့်ကြံသူ လေ့ကျင့်ဖော်တွေ ရှိနေသေးတာလဲ"
ဝတ်ရုံဖြူ ဝတ်ဆင်ထားသော တပည့်က ပြုံး၍ ဆိုလိုက်သည်။
“အထက်က ကိစ္စတွေကို ကျွန်တော် ဘယ်လိုလုပ် သိမှာလဲခင်ဗျာ၊ ဒါပေမဲ့ ကျွန်တော် သိသလောက်တော့.... နာမည်ကျော် မြို့ကြီးဆယ်မြို့ထဲက ရွက်လွှာတစ်ထောင် နတ်ဘုရားမြို့တော် ဘက်ကလွဲလို့.... ကျန်တဲ့ မြို့တွေက ဓားနန်းဆောင်တွေအားလုံး ပုံမှန်အတိုင်း လည်ပတ်နေဆဲပါပဲ"
လော့ချန် မျက်မှောင်ကြုတ်သွားမိသည်။
‘ဒါက တိုက်ပွဲလေ၊ စစ်ပွဲကြီး ဖြစ်နေတာ မဟုတ်ဘူးလား၊ ဘာလို့ ကျောက်စိမ်းအိုးဓားဂိုဏ်းဘက်က ဒီလောက် အေးဆေးနေရတာလဲ’
“တကယ်လို့ အကြီးအကဲက ကျွန်တော်တို့ ဓားဂိုဏ်းရဲ့ လေ့ကျင့်ဖော်ကို လိုတယ်ဆိုရင်တော့.... ဈေးနှုန်းက နည်းနည်း ပိုများနိုင်ပြီး အချိန်ကြိုတင် စာရင်းသွင်းထားဖို့ လိုအပ်ပါတယ်၊ ကျွန်တော့်လက်ထဲမှာ စာရင်းတစ်ခု ရှိပါတယ်၊ အပေါ်မှာ ပါတဲ့သူတွေအားလုံးက အခြေတည်အဆင့်ရှိတဲ့ ကျင့်ကြံသူတွေချေပါပဲ.... ပြီးတော့ သူတို့က မြို့တော်ထဲမှာပဲ နေထိုင်ကြသူတွေမို့.... အကြီးအကဲ တစ်ယောက်ယောက်ကို ရွေးချယ်ချင်တယ်ဆိုရင် ကျွန်တော် ချက်ချင်း ဆက်သွယ်ပေးနိုင်ပါတယ်"
ဓားနန်းဆောင်တပည့် ကမ်းပေးလာသော စာအုပ်ကို ကြည့်ရင်း လော့ချန် ခေတ္တမျှ ဆွံ့အသွားရသည်။ အထူးသဖြင့် ထိုစာအုပ်ကို လှန်လှောကြည့်ရှုလိုက်သောအခါ ပို၍ပင် မှင်သက်သွားရသည်။
အကြောင်းမှာ ပထမဆုံး စာမျက်နှာ၏ ထိပ်ဆုံးတွင် သူ၏ အိမ်နီးနားချင်းဖြစ်သူ ချူခွေး၏ နာမည်ကြီးကို မြင်လိုက်ရသောကြောင့်ပင်။
【ထျန်းလန် ချူခွေး - အခြေတည်အဆင့် ၈၊ ပါရမီရှင်များစာရင်း အဆင့် ၇】
【တိုက်ပွဲ အတွေ့အကြုံ ကြွယ်ဝပြီး၊ အသိပညာ ဗဟုသုတ နက်နဲလှသည်၊ အခြေတည် အဆင့်နှောင်းပိုင်းအောက်ရှိ ကျင့်ကြံသူအားလုံး၏ တိုက်ခိုက်ခြင်း အတတ်ပညာများကို လမ်းညွှန်ပေးနိုင်သည်】
【စိတ်သဘောထား နူးညံ့သိမ်မွေ့ပြီး၊ လူတစ်ဦးချင်းစီ၏ အရည်အချင်းအလိုက် သွန်သင်ပေးတတ်သည်၊ သင်၏ အသက်အန္တရာယ်ရှိသော ချို့ယွင်းချက်များကို ရှာဖွေပေးနိုင်သည်】
【ဈေးနှုန်း - အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်း】
လော့ချန် တံတွေးတစ်ချက် မျိုချလိုက်မိသည်။ ချူခွေးတစ်ယောက် လေ့ကျင့်ဖော် အချိန်ပိုင်းအလုပ် လုပ်ကိုင်နေလိမ့်မည်ဟု သူ ထင်မထားခဲ့မိပေ။
သို့သော် ကောက်ခံသည့် ဈေးနှုန်းမှာ မတရား ကြီးမားလွန်းလှပေသည်။
‘တစ်ကြိမ်ကို တစ်သောင်း ဟုတ်လား.... ဒါက ဓားပြတိုက်နေတာပဲ’
သို့သော် ထိုတပည့်၏ ပြောကြားချက်အရ ချူခွေးအား လေ့ကျင့်ဖော်အဖြစ် ငှားရမ်းသူ အရေအတွက်မှာ မနည်းလှချေ။ အများစုမှာ ရွှေအမြုတေဂိုဏ်းကြီးများမှ ဂိုဏ်းပြင်ပသို့ စတင်ထွက်ခွာလာကြသော အခြေတည်အဆင့်ရှိ တပည့်များ ဖြစ်ကြသည်။
‘ငါလည်း ဂိုဏ်းကနေ စထွက်လာပြီး အခြေခံတည်ဆောက်ခါစ.... လက်ထဲမှာလည်း အပိုအလျှံလေး ရှိနေမယ်ဆိုရင်.... ချူခွေးကို တစ်ကြိမ်၊ နှစ်ကြိမ်လောက် လေ့ကျင့်ဖော်အဖြစ် ငှားချင်ငှားမိဦးမှာ’
‘မိတ်ဆက်ချက်အရဆိုရင် သူက လေ့ကျင့်ဖော်သက်သက်တင် မဟုတ်ဘဲ၊ ချို့ယွင်းချက်တွေကို ရှာဖွေပေးပြီးတော့.... တစ်ဖက်လူ ဘယ်လမ်းကြောင်းကို ဆက်သွားသင့်လဲဆိုတာကိုပါ ကူညီပေးတာပဲ’
‘မဆန်းတော့ပါဘူး.... သူ အဆင့်မြင့် ဂူဗိမာန်မှာ နှစ်ရှည်လများ နေထိုင်နိုင်တာ၊ သူ့မှာ ဝင်ငွေလမ်းကြောင်း မျိုးစုံရှိနေတာကိုး’
‘ဟူး.... ထိုက်တန်ပါပေတယ်၊ ထျန်းလန် နတ်ဘုရားမြို့တော်ရဲ့ ကယ်တင်ရှင်လေးရယ်’
လော့ချန် သက်ပြင်းတစ်ချက် ချလိုက်ရင်း အထူးဧည့်သည်တော် အခန်းအတွင်း၌ အေးအေးလူလူ စောင့်ဆိုင်းနေခဲ့သည်။
ခေတ္တမျှအကြာတွင် သူ စောင့်ဆိုင်းနေသောသူ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
“ဟမ်.... မင်း အခုထိ အခြေတည်အဆင့် ၃ ပဲ ရှိသေးတာလား"
“အစ်ကိုကြီးဝမ်ကတော့ နောက်ပြီ.... ကျွန်တော် အဆင့် ၄ ရောက်သွားပြီဗျ"
ဝမ်ယွမ်က လော့ချန်ကို သေသေချာချာ စိုက်ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် သူ၏ အခါအားလျော်စွာ စိမ့်ထွက်နေသော ချီစွမ်းအင် လှိုင်းလုံးငယ်များထံမှတစ်ဆင့် အခြေတည်အဆင့် အလယ်ပိုင်း၏ အရှိန်အဝါကို ခံစားမိသွားခဲ့သည်။
သူ ခေါင်းခါရင်း အံ့ဩတကြီး ဆိုလိုက်သည်။
“မင်းရဲ့ ချီဖုံးကွယ်မှော်အတတ်က.... တကယ့်ကို ထိပ်တန်းပဲ"
ကျင့်ကြံခြင်းအဆင့်သစ် တိုးတက်ခါစ မငြိမ်မသက်ဆုံး ဖြစ်နေသည့် အချိန်တွင်ပင် လော့ချန်သည် ချီစွမ်းအင်လှိုင်း အများစုကို အလွယ်တကူ ဖုံးကွယ်ထားနိုင်နေသည်။ အခြေခိုင်သွားသည့်အခါတွင်မူ အဆင့်တူကျင့်ကြံသူများထဲတွင် သူ၏ စစ်မှန်သောအဆင့်ကို ထိုးဖောက်မြင်နိုင်သူ အလွန်ပင် နည်းပါးပေလိမ့်မည်။
လော့ချန် ကျေနပ်စွာ ပြုံးရင်း ဝမ်ယွမ်နှင့်အတူ လေ့ကျင့်ရေးကွင်းအတွင်းသို့ လှမ်းဝင်ခဲ့တော့သည်။