အခန်း (၃၉၃-၃၉၄)
Vol. 40 Ch. 393-394
အခန်း (၃၉၃) - အချစ်ရူးလေးနှင့် ပိဿာရာချီငါးကြီး
ချင်းဟွာမြစ်ကမ်းဘေးတွင် တဟုန်ထိုး စီးဆင်းနေသော မြစ်ရေပြင်သည် ကျယ်ပြန့်လှသော မြစ်ကွေ့တစ်ခုအတွင်းသို့ ရောက်ရှိသည့်အခါ ဖြည်းညှင်းစွာ ငြိမ်သက်သွားတော့သည်။ ဤမြစ်ကွေ့မှာ အလွန်ပင် ကျယ်ပြောလှပြီး အနံအားဖြင့် အတောင် တစ်ဒါဇင်ကျော်ခန့် ရှိသည်။ ညင်သာလှသော လေပြေညင်းလေး ဖြတ်သန်းတိုက်ခတ်နေသည့်တိုင် မြစ်ရေပြင်သည် မှန်သားပြင်ကဲ့သို့ ချောမွေ့ငြိမ်သက်နေဆဲ ဖြစ်သည်။
မြစ်ကမ်းပါးနံဘေးတွင်မူ လူနှစ်ဦးသည် ဘေးချင်းယှဉ်လျက် ထိုင်နေကြပြီး သူတို့၏ အလယ်တွင် ဆေးဖက်ဝင်လက်ဖက်ရည်အိုးတစ်အိုးကို ချထားကာ လက်ထဲ၌မူ ချီစွမ်းအားများ တောက်ပနေသည့် ငါးမျှားတံကိုယ်စီကို ကိုင်ဆောင်ထားကြသည်။
"ကျုပ်တို့ မျိုးနွယ်စုရဲ့ အခြေခံအုတ်မြစ်က ဆေးဖော်စပ်တာနဲ့ ဆေးဖက်ဝင်အပင် ခုနစ်မျိုး စိုက်ပျိုးတာအပေါ်မှာ အခြေခံထားတာပါ.... ထျန်းလန်နတ်ဘုရားမြို့တော်မှာလည်း နာမည်ဂုဏ်သတင်း အသင့်အတင့်တော့ ရှိပါတယ်" ဟု လီကျင်ဟွမ်က ဆိုသည်။
"ဒါပေမဲ့ တကယ်တမ်းကျတော့ ဆေးဖက်ဝင်အပင်တွေနဲ့ ဆေးလုံးတွေအပြင် ကျုပ်တို့မှာ အပိုဆောင်းဝင်ငွေအနေနဲ့ ဝိညာဉ်ငါးကန် သုံးကန်လည်း ရှိပါသေးတယ်”
လီကျင်ဟွမ်သည် သူ၏ ဖြူဆွတ်စပြုနေသော မုတ်ဆိတ်မွှေးကို သပ်လိုက်ရင်း ယုံကြည်မှုအပြည့်ရှိသော လေသံဖြင့် ဆက်ပြောလိုက်သည်။
"အခု ကျုပ်တို့ရှေ့မှာရှိနေတဲ့ ဟွေလုံကွေ့ ကတော့ ကျုပ်တို့ ဝိညာဉ်ငါးကန်တွေထဲက တစ်ခုပေါ့.... ဒါက ရေစီးသန်တဲ့ နေရာမှာပဲ ရှင်သန်နိုင်တဲ့ ဟွာဟွာငါးတွေကို မွေးမြူထားတဲ့ နေရာပါ"
သူ အမည်ထုတ်ဖော်၍ ပြောဆိုသွားသော စီးပွားရေးလုပ်ငန်းများမှာ လီမျိုးနွယ်စု၏ အဓိက အသက်သွေးကြောများ ဖြစ်ကြသည်။ လီကျင်ဟွမ်အနေဖြင့် ဤမျှအထိ ပွင့်လင်းစွာ ပြောဆိုနေခြင်းမှာ သူ၏ ဘေးတွင် ထိုင်နေသော အမျိုးသားက ထိုစည်းစိမ်များကို လောဘတက်လိမ့်မည်ဟု မစိုးရိမ်ကြောင်း ပြသနေခြင်း ဖြစ်သည်။
လော့ချန်က အသာအယာ ပြုံးလိုက်ရင်း လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေသော ငါးမျှားတံကို လှမ်းကြည့်ကာ ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။
"အကြီးအကဲ တကယ်ပဲ ငါးမျှားချင်တယ်ဆိုရင် တကယ့် မြစ်ကြီးတွေနဲ့ ချောင်းကြီးတွေဆီ သွားသင့်တာပေါ့.... ဒီလိုမျိုး ငါးမွေးကန်အသေးလေးထဲမှာ ငါးမျှားနေရတာက တကယ့်ကို ပျင်းစရာကောင်းလွန်းပါတယ်ဗျာ"
သူ၏ ဆိုလိုရင်းမှာ ရှင်းလင်းလှသည်။ ကန်သေးသေးလေးထဲတွင် ငါးမျှားခြင်းက စစ်မှန်သော စွမ်းရည်ကို မပြသနိုင်ပေ။ မိမိ၏ စွမ်းရည်အစစ်အမှန်ကို သက်သေပြချင်ပါက မြစ်ကြီးများအတွင်း၌သာ ငါးမျှားရမည် ဖြစ်သည်။
လီကျင်ဟွမ်က ရုတ်တရက် လက်ကို ဝှေ့ယမ်းလိုက်ရင်း
"မောင်ရင်.... မင်း နားလည်မှုလွဲနေပြီ.... မင်း အခု မျှားနေတဲ့ ငါးက ကန်ထဲမှာ မွေးထားတဲ့ ဟွာဟွာငါး မဟုတ်ဘူး"
"ဗျာ.... ဘာကို ပြောချင်တာလဲ အကြီးအကဲခင်ဗျ"
လော့ချန်က စိတ်ဝင်တစား မေးလိုက်သည်။
လီကျင်ဟွမ်က ရှင်းပြသည်။
"ဟွာဟွာငါးတွေက ရေစီးသန်တဲ့ နေရာမှာပဲ ရှင်သန်နိုင်တာမို့ ငါးမွေးကန်ကို ဒီဟွေလုံကွေ့ နေရာမှာပဲ တည်ဆောက်လို့ ရတာ.... ဒါပေမဲ့ ချင်းဟွာမြစ်ထဲမှာတော့ အကြေးခွံစိမ်းနဂါးငါးလို့ ခေါ်တဲ့ ငါးတစ်မျိုး ရှိတယ်.... အဲ့ဒီငါးက ဟွာဟွာငါးတွေကို စားရတာ အရမ်းကြိုက်တာ.... အခု နေရာနှစ်ခုက ချိတ်ဆက်နေတော့ အကြေးခွံစိမ်းနဂါးငါးတွေက ဟွာဟွာငါးတွေကို အမဲလိုက်ဖို့ ခဏခဏ ဝင်လာတတ်ကြတယ်.... မှော်လက်နက်တွေ သုံးပြီး ပိတ်ဆို့ထားတဲ့ကြားကပဲ တချို့ငါးတွေက ခိုးဝင်လာနိုင်တုန်းပဲ.... ဒါက ကျုပ်တို့ လီမျိုးနွယ်စုအတွက်တော့ ဆုံးရှုံးမှုကြီးကို လက်ယက်ခေါ်နေသလိုပါပဲ"
လီကျင်ဟွမ်က စကားကို ခေတ္တရပ်လိုက်ပြီး ငါးမျှားတံဆီသို့ အချက်ပြလိုက်ရင်း
"ကျုပ်တို့ သုံးထားတဲ့ ငါးစာက ဟွာဟွာငါးရဲ့ အရိုးတွေနဲ့ လုပ်ထားတာ.... ဒါက အကြေးခွံစိမ်းနဂါးငါးတွေအတွက် အတော်လေး ဆွဲဆောင်မှု ရှိစေတယ် မောင်ရင်ရဲ့"
လော့ချန် ချက်ချင်းပင် သဘောပေါက်သွားတော့သည်။
"ဒါဆိုရင် ကျွန်တော်က အကြီးအကဲတို့ မျိုးနွယ်စုအတွက် အလကား လုပ်အားလာပေးနေရတာပေါ့"
လီကျင်ဟွမ်က ရင့်ကျက်လှသော လေသံဖြင့်
"မောင်ရင်.... မင်းကလည်း မင်းဆေးလုံးတွေကို ရောင်းဖို့အတွက် ကျုပ်ရဲ့ လမ်းကြောင်းတွေကို သုံးချင်တာပဲ မဟုတ်ဘူးလား.... ဒါကလည်း ဒီအဘိုးကြီးကို အလကား အလုပ်လုပ်ခိုင်းနေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား"
လော့ချန် မျက်မှောင်ကြုတ်လိုက်မိသည်။
"ဟာဗျာ.... ဒါကတော့ ဘယ်တူပါ့မလဲ၊ ကျွန်တော်က အကြီးအကဲကို ရသင့်ရထိုက်တဲ့ အမြတ်ဝေစုကို သေချာပေါက် ခွဲပေးမှာပါဗျ"
"ဟားဟား.... ဒီအဘိုးကြီးက သေခါနီးလူတစ်ယောက် ဖြစ်နေပါပြီ မောင်ရင်ရာ.... ဝိညာဉ်ကျောက်တုံးနည်းနည်းလေးက ကျုပ်အတွက် ဘာအသုံးဝင်ဦးမှာလဲ"
လီကျင်ဟွမ်က တည်ငြိမ်စွာ ဆိုရင်း လော့ချန်ကို စိုက်ကြည့်လိုက်သည်။
ထိုအချိန်တွင် လော့ချန် တိတ်ဆိတ်သွားရသည်။ ဤအဘိုးအို၏ သက်တမ်းမှာ ကုန်ဆုံးလုနီးပါး ဖြစ်နေပြီဖြစ်ရာ အလွန်ဆုံးရှိမှ နှစ်အနည်းငယ်မျှသာ ကျန်တော့သည်။ အဘိုးအိုအတွက်မူ ဝိညာဉ်ကျောက်တုံးများ ရှာဖွေခြင်းကား အမှန်တကယ်ပင် အဓိပ္ပာယ်မရှိတော့ပေ။ တွမ်ချန်ခွန်းသည်လည်း ထိုသို့သော အခြေအနေမျိုး ကြုံတွေ့ခဲ့ရစဉ်က သူ၏ နောက်ဆုံးနေ့ရက်များတွင် တွမ်မျိုးနွယ်စုအတွက် ကျင့်ကြံရေးပစ္စည်း အမျိုးမျိုးကို အပြင်းအထန် ဝယ်ယူစုဆောင်းပေးခဲ့ဖူးသည်။ လီကျင်ဟွမ်သည်လည်း ထိုနည်းတူပင် ဖြစ်ပေလိမ့်မည်။
ခေတ္တမျှ ကြာပြီးနောက် လော့ချန် ခေါင်းမော့လိုက်ပြီး ထိုတည်ငြိမ်၍ လောကဓံကို နောကျေနေသော မျက်ဝန်းအစုံကို စိုက်ကြည့်ကာ မေးလိုက်သည်။
"ဒါဆိုရင် ပြောပါဦး.... အကြီးအကဲက ဘာကို လိုချင်တာလဲ"
လီကျင်ဟွမ်က ခေါင်းညိတ်လိုက်သော်လည်း သူ လိုချင်သော အရာကို ချက်ချင်း မပြောသေးဘဲ သူ မည်သည့်အရာကို အာမခံပေးနိုင်သည်ကိုသာ အရင်ပြောလာသည်။
"ကျုပ် အဲ့ဆေးလုံးတွေကို မောင်ရင် စိတ်ကျေနပ်စေမယ့် ဈေးနှုန်းမျိုးနဲ့ အကောင်းဆုံး ကိုင်တွယ်ပေးပါ့မယ်.... အဲ့ဆေးလုံးတွေကို မောင်ရင်ဖော်စပ်ခဲ့တယ်ဆိုတာ ဘယ်သူမှ မသိစေရသလို ကျုပ်ဆီကလာတယ်ဆိုတာလည်း ဘယ်သူမှ စုံစမ်းလို့ မရစေရပါဘူး.... အကုန်လုံး အချိတ်အဆက်မိမိနဲ့ လုံးဝ အမှားအယွင်း မရှိစေရပါဘူး"
"သေချာလို့လား အကြီးအကဲရာ"
လော့ချန်၏ လေသံတွင် သံသယအချို့ ပါဝင်နေသည်။ မိမိ၏ နောက်ကြောင်းကို ဖုံးကွယ်ပေးနိုင်သည် ဆိုသောအချက်ကို လော့ချန် လက်ခံနိုင်သော်လည်း လီကျင်ဟွမ်တစ်ယောက် သူကိုယ်တိုင်၏ ပါဝင်ပတ်သက်မှုကိုပါ ဖုံးကွယ်ထားနိုင်မည် ဟု ဆိုခြင်းကမူ အလွန်ပင် အထင်ကြီးစရာကောင်းလှသည်။
လီကျင်ဟွမ်က အသာအယာ ပြုံးလိုက်ရင်း
"ကျုပ်က ထျန်းလန်နတ်ဘုရားမြို့တော်မှာပဲ မွေးပြီး ကြီးပြင်းလာခဲ့တာ.... ဒီပတ်ဝန်းကျင် မိုင်ပေါင်းသောင်းချီအတွင်းမှာ ရှိတဲ့ ဂိုဏ်းအားလုံးအကြောင်းကို ဘယ်မှာ အပ်ကျတယ်ကအစ သိတယ်.... ဆေးလုံးတချို့တလေ ရောင်းဖို့ဆိုတာ တော်တော်လွယ်ပါတယ်.... အမှန်အတိုင်း ပြောရရင် ကျုပ် ဒီဆေးလုံးတွေကို ထျန်းလန်နတ်ဘုရားမြို့တော်ထဲမှာ ရောင်းဖို့ အစီအစဉ်မရှိပါဘူး.... ကဲ ဒီလိုဆိုရင်ကော.... မောင်ရင် စိတ်အေးလက်အေး ရှိနိုင်ပြီလား"
ထိုစကားကို ကြားရသည့်အခါမှသာ လော့ချန် အတန်ငယ် စိတ်သက်သာရာရသွားတော့သည်။ ဤအဘိုးအိုကိုယ်တိုင်က ဆေးဖော်စပ်သူတစ်ဦး ဖြစ်သော်လည်း အလွန်အမင်းကျွမ်းကျင်လှသူ မဟုတ်သဖြင့် ပထမအဆင့် ဆေးလုံးများကိုသာ ဖော်စပ်နိုင်ခြင်း ဖြစ်သည်။ သို့သော်ငြားလည်း ဆေးလုံးများ၏ လျှို့ဝှက်အရောင်းအဝယ် လမ်းကြောင်းများနှင့် ပတ်သက်လာလျှင်မူ ထျန်းလန်နတ်ဘုရားမြို့တော်သို့ ရောက်ရှိခါစ ဖြစ်သော လော့ချန်ထက် များစွာ ပိုမိုသိရှိထားမည်မှာ သံသယဖြစ်ဖွယ် မရှိချေ။
ထို့နောက် ဆွေးနွေးမှုမှာ အရေးအကြီးဆုံး ကိစ္စရပ်ဆီသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
လော့ချန် မေးလိုက်သည်။
"အကြီးအကဲ ဘာကို လိုချင်လဲဆိုတာ ပြောပါ၊ ကျွန်တော် တတ်နိုင်သလောက် ကြိုးစားပေးပါ့မယ်"
"ကျုပ် လိုချင်တာက ရိုးရိုးလေးပါ"
လီကျင်ဟွမ် အသက်ပြင်းပြင်းရှူလိုက်သည်။
သူ၏ ဇရာထောင်းနေသော မျက်ဝန်းအစုံက ရုတ်တရက် တောက်ပလာကာ လော့ချန်ကို စိုက်ကြည့်လျက်
"တကယ်လို့ ချီလင်းသာ အခြေတည်အဆင့်ကို အောင်အောင်မြင်မြင် တက်လှမ်းနိုင်ခဲ့ရင် သူ့ကို မောင်ရင့်ရဲ့ လော့ထျန်းအဖွဲ့ထဲ ဝင်ခွင့်ပြုပြီး ဂုဏ်ထူးဆောင်အကြီးအကဲ ရာထူးတစ်ခုလောက် ပေးပေးပါ"
"ဟင်"
လော့ချန် ခေတ္တမျှ ဆွံ့အသွားရသည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက လော့ထျန်းအဖွဲ့သို့ ဝင်ရောက်ပြီး ဂုဏ်ထူးဆောင်အကြီးအကဲ ရာထူးမျှကိုသာ တောင်းဆိုနေခြင်း ဖြစ်သည် မဟုတ်ပါလော။
"တကယ်လို့ သူ ကျရှုံးသွားခဲ့ရင်ကော"
လီကျင်ဟွမ်က သက်ပြင်းချလိုက်ရင်း ဆိုသည်။
"တကယ်လို့ သူ ကျရှုံးသွားခဲ့ရင်တော့.... ယွမ်တုန်းရှန်းကို ဆေးဝါးခန်းမဆောင်ရဲ့ ခန်းမခေါင်းဆောင်အဖြစ် ရာထူးတိုးမြှင့်ပေးဖို့ ကျုပ် မျှော်လင့်ပါတယ်"
ယွမ်တုန်းရှန်းသည် အဘွားယွမ်၏ မြေးဖြစ်ပြီး လော့ထျန်းအဖွဲ့နှင့် ချင်းဟွာမြစ်ဝှမ်း လီမျိုးနွယ်စုအကြား မဟာမိတ်ပြုရန်အတွက် စေ့စပ်ထားသော သတို့သားလောင်း ဖြစ်သည်။ သူတို့၏ စေ့စပ်ကြောင်းလမ်းမှုမှာ ကြိုတင်စီစဉ်ထားပြီး ဖြစ်ရာ အရာအားလုံး အဆင်ပြေချောမွေ့ပါက မင်္ဂလာပွဲကို ယခုနှစ်အတွင်းမှာပင် ကျင်းပတော့မည် ဖြစ်သည်။
လော့ချန် ပို၍ပင် ဇဝေဇဝါ ဖြစ်သွားရသည်။
"အယ်.... စဉ်းစားကြည့်တော့ ကျွန်တော်တို့ လော့ထျန်းအဖွဲ့ကပဲ အကျိုးအမြတ် ရရှိနေသလိုပဲ"
"အဲ့တော့ မကောင်းဘူးလားကွ"
လီကျင်ဟွမ်က ပြုံးလျက် မေးမြန်းလိုက်သည်။
လော့ချန် ခေါင်းခါယမ်းလိုက်ရင်း
"လောကမှာ အလကားရတဲ့ ထမင်းတစ်နပ် မရှိဘူးဆိုတာ ကျွန်တော် ကောင်းကောင်းသိပါတယ်၊ ရရှိမှုတွေရဲ့ နောက်ကွယ်မှာ ပေးဆပ်မှုတွေ အမြဲရှိနေတတ်တာပဲ"
လီကျင်ဟွမ် ခေါင်းညိတ်လိုက်သည်။
"သေချာတာပေါ့၊ ကျုပ် တောင်းဆိုချင်တာကတော့.... အရေးကြီးတဲ့ အကျပ်အတည်း အချိန်တွေ ရောက်လာရင် မောင်ရင်အနေနဲ့ ကျုပ်ရဲ့ မျိုးနွယ်စုကို စောင့်ရှောက်ပေးဖို့ပါပဲ"
ထိုအချက်ကြောင့်ပင် ဖြစ်ပေသည်။ လီမျိုးနွယ်စုမှ အခြေတည်အဆင့် ကျင့်ကြံသူက လော့ထျန်းအဖွဲ့အတွင်းသို့ ဝင်ရောက်သည် ဖြစ်စေ၊ သို့မဟုတ် သူတို့၏ သမက်ဖြစ်သူ ယွမ်တုန်းရှန်းက ခန်းမခေါင်းဆောင်အဖြစ် ရာထူးတိုးမြှင့်ခံရသည် ဖြစ်စေ၊ ဤလုပ်ဆောင်ချက်နှစ်ခုစလုံးက လော့ထျန်းအဖွဲ့အတွင်း ချင်းဟွာမြစ်ဝှမ်း လီမျိုးနွယ်စု၏ အဆင့်အတန်းနှင့် သြဇာလွှမ်းမိုးမှုကို တိုက်ရိုက် မြင့်တက်စေမည် ဖြစ်သည်။ နောင်တွင် ဘေးအန္တရာယ်များ ကြုံတွေ့ရသည့်အခါ လီမျိုးနွယ်စုအနေဖြင့် ဘေးကင်းလုံခြုံမှုအတွက် လော့ထျန်းအဖွဲ့အပေါ် သဘာဝကျစွာ မှီခိုအားထားနိုင်ပေလိမ့်မည်။
လော့ချန် သက်ပြင်းချလိုက်ရင်း
"အကြီးအကဲက မျိုးနွယ်စုကို ကာကွယ်ဖို့အတွက် တကယ် အစွမ်းကုန် ကြိုးစားနေတာပဲ၊ ဒါပေမဲ့.... အကြီးအကဲ မရှိတော့တဲ့နောက် ကျွန်တော်က ယွမ်တုန်းရှန်းကို အသုံးချပြီး လီမျိုးနွယ်စုရဲ့ စည်းစိမ်တွေကို အပိုင်သိမ်းလိုက်မှာ မစိုးရိမ်ဘူးလား"
လီကျင်ဟွမ်သည် သူ၏ မုတ်ဆိတ်မွှေးကို သပ်လိုက်ရင်း အော်ဟစ် ရယ်မောလိုက်တော့သည်။
"တကယ်လို့ ကျုပ် မရှိတော့လို့ လီမျိုးနွယ်စုမှာ အားကိုးရမယ့် ခေါင်းဆောင်ကောင်း မရှိဘူးဆိုရင် မောင်ရင် မဟုတ်ရင်တောင် တခြားသူတွေက ဒီစည်းစိမ်တွေကို လာပြီး လုယူကြမှာပဲ.... အပြင်က တခြား အခြေတည် ကျင့်ကြံသူတွေနဲ့ နှိုင်းယှဉ်ရင် ကျုပ် မောင့်ရင်ကို ပိုပြီး ယုံကြည်ပါတယ်.... အနည်းဆုံးတော့ မောင်ရင်ရဲ့ စိတ်နေစိတ်ထားအရ ကျုပ်တို့မျိုးနွယ်စုကို အမြစ်ပြတ်အောင် လုပ်မှာ မဟုတ်ဘူး.... နည်းနည်းလောက်တော့ အသက်ဆက်နိုင်အောင် ချန်ထားပေးဦးမှာပါ.... ကျုပ် ပြောတာ မှားလို့လား.... မောင်ရင်"
လော့ချန်၏ မျက်ခုံးများ ပင့်တက်သွားရသည်။ ခေတ္တမျှအထိ သူ မည်သို့ ပြန်လည်တုံ့ပြန်ရမည်ကို မသိတော့ပေ။ ဤအဘိုးအိုသည် သူ၏ နောက်ကြောင်းကို သေသေချာချာ စုံစမ်းစစ်ဆေးထားပြီး ဖြစ်ကြောင်း ထင်ရှားလှသည်။ ထိုသို့ စုံစမ်းပြီးနောက်မှသာ သူ၏ စရိုက်ကို ဆုံးဖြတ်ကာ ဤကဲ့သို့သော တောင်းဆိုမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ သူ၏ ကိုယ်ကျင့်တရားအပေါ် စစ်မှန်သော အသိအမှတ်ပြုမှုတစ်ခုပင် ဖြစ်ပေသည်။
"မောင်ရင်.... ငါးဟပ်နေပြီ"
လီကျင်ဟွမ်က လှမ်း၍ အော်ပြောလိုက်သည်။
လော့ချန်၏ နားထဲတွင် သာယာသော အသံတစ်သံ မြည်ဟည်းသွားခဲ့၏။ သူ ချက်ချင်းဆိုသလိုပင် တုံ့ပြန်လိုက်ရင်း ငါးမျှားတံကို အားပြင်းပြင်းဖြင့် ဆွဲတင်လိုက်လေသည်။ ငါးမျှားကြိုးသည် တင်းကျပ်သွားခဲ့ပြီး ရေအောက်၌ လေးလံသောအရာတစ်ခုက အသည်းအသန် ရုန်းကန်နေသည့်အလား ရုန်းကန်လှုပ်ရှားနေခဲ့၏။
ရေပြင်တစ်ခုလုံး လှုပ်ခတ်သွားလျက် ဧရာမ နဂါးငါးကြီးတစ်ကောင်သည် ရေပြင်အထက်သို့ ရုန်းကန်ကာ ထွက်ပေါ်လာခဲ့သည်။ ၎င်း၏ စိမ်းဖန့်ဖန့် အကြေးခွံများပေါ်တွင် ပြင်းထန်လှသော မိစ္ဆာစွမ်းအားများ တောက်ပနေသည်။ ၎င်းမှာ အမှန်တကယ်ပင် ပထမအဆင့်နှောင်းပိုင်း အကြေးခွံစိမ်းနဂါးငါးကြီး ဖြစ်နေတော့သည်။
"မြန်မြန်.... ဆွဲတင်လိုက်တော့ ဒီငါးက တကယ့်ကို အကောင်ကြီးပဲ"
လီကျင်ဟွမ်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
....
"ဆရာ.... ဆရာ သိလား.... မကြာသေးခင်က မမမီလီရဲ့ ဆေးဖော်စွမ်းရည်က အများကြီး တိုးတက်လာခဲ့တာ.... အခုဆိုရင် ဆေးဖက်ဝင်ပစ္စည်း ဆယ်သုတ်ကို ဖော်စပ်ရင် အံ့ဖွယ်တစ်သောင်းဆေးလုံး အလုံးရေ နှစ်ဆယ်ကျော်အထိ ရနေပြီ.... ပြီးတော့...."
လော့ချန် မျက်ခုံးပင့်လိုက်မိသည်။
"ဪ.... ဒါနဲ့.... မင်းဆရာ ငါ အလေးချိန် ပိဿာ ရာချီရှိတဲ့ အကြေးခွံစိမ်းနဂါးငါးကြီးတစ်ကောင်ကို ဖမ်းမိခဲ့တာကို မင်းက ဘယ်လိုလုပ်ပြီး သိနေရတာလဲ"
"အမ်...."
ချစ်သူလေးအကြောင်း တရစပ် ချီးမွမ်းခန်းထုတ်နေသော ချွီလင်ကျွင်းတစ်ယောက် ရုတ်တရက် ဆွံ့အသွားရသည်။
လော့ချန် အကျယ်ကြီး ရယ်မောလိုက်ပြီးနောက် ဒန်ရှားတောင်သို့ မသွားမီ မီလီအား ချီးမွမ်းစကားအချို့ ဆိုရန် လှည့်ထွက်ခဲ့တော့သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၃၉၄) - မိတ်ဆွေ လော့ချန်.... ကျွန်တော့်ကို ကယ်ပါဦးဗျာ
လော့ချန်သည် ဧရာမ အကြေးခွံစိမ်းနဂါးငါးကြီးကို ယွမ်တုန်းရှန်းအား လွှဲပေးလိုက်ရင်း ဆိုသည်။
"ဒါက တကယ့်ကို အကောင်းစားငါးပဲ.... သူ့ရဲ့ အညစ်အကြေးတွေကို စိုက်ခင်းတွေမှာ မြေဩဇာအဖြစ် သုံးလို့ ရတယ်.... အဲဒါက ချီစွမ်းအင်တွေကို ဝိညာဉ်အပင်တွေရဲ့ အမြစ်တွေထဲအထိ စိမ့်ဝင်သွားစေနိုင်လို့ အပင်တွေကို ပိုပြီးတော့ မြန်မြန်နဲ့ ကောင်းကောင်း ကြီးထွားစေလိမ့်မယ်"
ယွမ်တုန်းရှန်း၏ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပသွားပြီး ခေါင်းကို တရစပ် ညိတ်လိုက်တော့သည်။ သူသည် အကြေးခွံစိမ်းနဂါးငါးအကြောင်းကို သူ၏ သတို့သမီးလောင်း ဖြစ်သူ လီယင်းကျွင်းထံမှသာ ကြားဖူးခြင်း ဖြစ်သည်။ လီမျိုးနွယ်စု၏ ဆေးဖက်ဝင်အပင် လုပ်ငန်းများ ဤမျှအထိ ထွန်းကားအောင်မြင်နေရခြင်းမှာ ဝိညာဉ်စိုက်ခင်းများ၏ အဆင့်အတန်းကို မြှင့်တင်ရန်နှင့် အပင်များ ကြီးထွားမှုကို အထောက်အကူပြုရန်အတွက် ဤအကြေးခွံစိမ်းနဂါးငါး၏ အညစ်အကြေးများကို မကြာခဏ အသုံးပြုကြသောကြောင့် ဖြစ်သည်။ အဖွဲ့ချုပ်ခေါင်းဆောင်ကိုယ်တိုင်က ပထမအဆင့်နှောင်းပိုင်း အကြေးခွံစိမ်းနဂါးငါးကြီးတစ်ကောင်ကို အမှန်တကယ် မျှားမိလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ချေ။
ယွမ်တုန်းရှန်းသည် ထိုငါးကြီးကို သေသေချာချာ ကျွေးမွေးပြုစုထားရန် လက်အောက်ငယ်သားများကို ချက်ချင်း အမိန့်ပေးလိုက်ပြီးနောက် လော့ချန်နှင့်အတူ တောင်တန်းများတစ်လျှောက် လမ်းလျှောက်ထွက်ခဲ့ကြသည်။
နှစ်ဦးသား လမ်းလျှောက်နေစဉ်အတွင်း ယွမ်တုန်းရှန်းက အသေးစိတ်ကျလှသော အစီရင်ခံစာတစ်ခုကို တရစပ် တင်ပြလာတော့သည်။
"အဖွဲ့ခေါင်းဆောင်ခင်ဗျ.... ဒီပတ်ဝန်းကျင် နေရာကတော့ အတော်လေး မြေပြန့်ဖြစ်နေပါတယ်၊ ဒီမှာ ဝိညာဉ်စိုက်ခင်း သုံးဆယ့်ခုနစ်ခင်း ရှိပြီး အားလုံးကို နဂိုအတိုင်း ပြန် ပြုပြင်ထားပြီးပါပြီ၊ အရင်က စိုက်ပျိုးထားတဲ့ နတ်ပိုးတိမ်တောင်ပဲနဲ့ ရနံ့တစ်ဆယ်ပဲတောင့်တွေကိုတော့ ကျွန်တော်တို့ နှုတ်ပစ်လိုက်ပါပြီ၊ နှင်းကျပြီးတာနဲ့ ဒီနေရာမှာ မိုးပြာငွေမြက်တွေကို စိုက်ပျိုးဖို့ စီစဉ်ထားပါတယ်၊ မိုးပြာငွေမြက်က ချီစွမ်းအင် ကြွယ်ဝပြီး စီးပွားရေးအရ တန်ဖိုး အရမ်းမြင့်မားသလို၊ ကြီးထွားမှုလည်း မြန်ဆန်ပါတယ်.... တစ်ခုတည်းသော အားနည်းချက်ကတော့ အရမ်းနုနယ်လွန်းလို့ ဂရုတစိုက် ပြုစုဖို့ လိုအပ်တာပါပဲ၊ အကြီးအကဲ မင်လုံယွီ ဒီနေရာကို လာစစ်ဆေးပြီးပါပြီ၊ သူက မိုးပြာငွေမြက်တွေ ကြီးထွားမှုကို ကာကွယ်ဖို့အတွက် မှော်အစီအရင်တစ်ခု လုပ်ပေးနိုင်တယ်လို့ ပြောပါတယ်၊ ပြီးတော့ ဟိုဘက်က နေရာကတော့...."
သူတို့နှစ်ဦးသည် လမ်းလျှောက်ရင်း စကားစမြည် ပြောဆိုနေကြသော်လည်း အများစုမှာ ယွမ်တုန်းရှန်းကသာ ရှင်းပြနေခြင်း ဖြစ်ပြီး လော့ချန်ကမူ တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။ လမ်းခရီးတစ်လျှောက်တွင် သူတို့သည် ကုသိုလ်အမှတ်များ ရှာဖွေရန်အတွက် ဝိညာဉ်စိုက်ခင်းများအတွင်း အလုပ်လုပ်ကိုင်နေကြသော တိုက်ခိုက်ရေးခန်းမဆောင်မှ ကျင့်ကြံသူအချို့နှင့် ရံဖန်ရံခါ ဆုံတွေ့ရတတ်သည်။ ထိုသူတို့သည် လော့ချန်ကို မြင်တွေ့ရသည့်အခါတိုင်း လမ်းဘေးတစ်ဖက်သို့ ရိုသေစွာ ဖယ်ပေးကြရင်း လှိုက်လှိုက်လှဲလှဲနှင့် အရိုအသေပေး နှုတ်ဆက်ကြပြီး လော့ချန်ကလည်း အပြုံးဖြင့် ပြန်လည် တုံ့ပြန်ခဲ့သည်။ တစ်ခါတစ်ရံတွင်မူ လော့ချန်သည် ခြေလှမ်းများကို ရပ်တန့်ကာ ထိုသူတို့၏ ကျင့်ကြံခြင်းအခြေအနေများကို မေးမြန်းပြီး လမ်းညွှန်မှုနှင့် အားပေးစကား အချို့ကို ပြောကြားပေးခဲ့သေးသည်။
ဒန်ရှားတောင်ထိပ် တစ်ခွင်လုံးကို လှည့်ပတ်ကြည့်ရှုပြီးနောက် လော့ချန်သည် တောင်ထွတ်တစ်ခုလုံးတွင် ပြန့်ကျဲနေသော ဝိညာဉ်စိုက်ခင်းများနှင့် ပတ်သက်၍ အလုံးစုံ နားလည်သွားခဲ့ပြီဖြစ်သည်။ စိုက်ခင်းများ၏ ပမာဏမှာ သူ ကနဦးက မျှော်လင့်ထားခဲ့သည်ထက် များစွာ ပိုမို ကြီးမားလှပေသည်။ အကယ်၍ စနစ်တကျသာ စီမံခန့်ခွဲနိုင်မည်ဆိုပါက ဤစိုက်ခင်းများထံမှ တစ်နှစ်လျှင် ဝိညာဉ်ကျောက်တုံး တစ်သိန်းထက်မက တန်ဖိုးရှိသော အထွက်နှုန်းကို ရရှိနိုင်မည် ဖြစ်သည်။ ဆေးဖော်ခန်းမဆောင်ကို ခေတ္တချန်ထားမည်ဆိုလျှင်ပင် ဤဝိညာဉ်စိုက်ခင်းများသည် လော့ထျန်းအဖွဲ့၏ အဓိက ဝင်ငွေအရင်းအမြစ်ကြီး ဖြစ်လာပေလိမ့်မည်။ ဒန်ရှားတောင်ထိပ်ကို ဝိညာဉ်ကျောက်တုံး တစ်သိန်းဖြင့် ဆယ်နှစ်စာ ငှားရမ်းခဲ့ရခြင်းမှာ အလွန်ပင် တွက်ခြေကိုက်လှသော ကိစ္စကြီး ဖြစ်ချေတော့သည်။
ရေခဲခံတပ် အနေဖြင့်လည်း ဆုံးရှုံးမှု မရှိပေ။ သူတို့တွင် ရှိသည်မှာ ငှားရမ်းခ ကောက်ခံပိုင်ခွင့်မျှသာ ဖြစ်ပြီး ဒန်ရှားတောင်ထိပ်၏ ပိုင်ဆိုင်မှုမှာ ဂိုဏ်းကြီးခုနစ်ဂိုဏ်းက ပူးတွဲပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ အမှန်အတိုင်း ဆိုပါက ထိုမြေနေရာမှာ သူတို့တစ်ဂိုဏ်းတည်း ပိုင်ဆိုင်ခြင်း မဟုတ်သဖြင့် သူတို့အနေဖြင့် ဤမြေကို ရောင်းချရန်ပင် ဝန်လေးနေကြခြင်း မရှိပေ။ ထို့ပြင် ဝိညာဉ်စိုက်ခင်းများကို စီမံခန့်ခွဲခြင်းဟူသည် စဉ်ဆက်မပြတ် ဂရုစိုက်မှု လိုအပ်လှသော ခက်ခဲသည့် ကိစ္စရပ် ဖြစ်သည်။ ထို့အတွက် ယွမ်တုန်းရှန်းကဲ့သို့ အတွေ့အကြုံရှိသော ဝိညာဉ်အပင်စိုက်ပျိုးရေး ပညာရှင်တစ်ဦး မဖြစ်မနေ လိုအပ်လှပေသည်။ အကယ်၍ ဤမြေကို စိုက်ပျိုးရေးအသိပညာ မရှိသော သာမန်တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးလက်ထဲ ထည့်ပေးလိုက်မည် ဆိုပါက ပေါင်းပင်များကိုပင် မည်သို့ ရှင်သန်အောင် လုပ်ရမည်ကို သိလိမ့်မည် မဟုတ်ပေ။
ယခင်က မည်သူမျှ ဤနေရာကို မငှားရမ်းချင်ကြသည့် အကြောင်းရင်းမှာ ဒန်ရှားတောင်ထွတ်ပေါ်ရှိ အခြေအနေများကား အလွန်အမင်း ရှုပ်ထွေးလွန်းလှသောကြောင့် ဖြစ်သည်။ ငှားရမ်းခမှာ မြင့်မားလှပြီး တစ်ကိုယ်တော်ကျင့်ကြံသူများလည်း နေရာအနှံ့ ရှိနေကာ ရှန်ကုန်းဂိုဏ်းနှင့် ကန်းမျိုးနွယ်စု ကဲ့သို့သော အဖွဲ့ငယ်လေးများကလည်း ကြားဝင်နှောက်နေခဲ့ကြသည်။ နောက်ဆုံးတွင်မူ လော့ချန်ကသာ သူ၏ ဉာဏ်ပညာနှင့် အင်အားကို အသုံးပြု၍ ဤနယ်မြေကို သိမ်းပိုက်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော်ငြားလည်း လော့ထျန်းအဖွဲ့အနေဖြင့် ဤဝိညာဉ်စိုက်ခင်းများကို မူလအတိုင်း ပြန်ဖြစ်စေရန် အင်မတန် အားထုတ်ခဲ့ကြရသည်။
သူတို့ ဆက်လက် လျှောက်လှမ်းလာခဲ့ကြရာ ဒန်ရှားတောင်ထိပ်၏ ဆိတ်ငြိမ်လှသော နေရာတစ်ခုဆီသို့ ရောက်ရှိလာခဲ့ကြသည်။ ဤနေရာတွင်မူ သေးငယ်လှသော ဝိညာဉ်စိုက်ခင်း အချို့၌ နွယ်ရှင်ကြယ်ပွင့်ပင်များကို စိုက်ပျိုးထားပြီး ဖြစ်သည်။ ဤအပင်များသည် ပုံမှန်အားဖြင့် တောင်နံရံများတစ်လျှောက် တွယ်ကပ်ပေါက်ရောက်တတ်ကြသဖြင့် ယခု မြေမျက်နှာသွင်ပြင်နှင့် အလွန်ပင် ကိုက်ညီလှပေသည်။
လော့ချန် ခြေလှမ်းများကို ရပ်တန့်လိုက်ရင်း သူ၏ ဘေးမှ လူငယ်ကို ချီးမွမ်းစကား ဆိုလိုက်သည်။
"မင်း တကယ့်ကို ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ၊ နောင်အနာဂတ်မှာလည်း ဒီထက်မက ပိုပြီးတော့ ကောင်းအောင် လုပ်နိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်"
ယွမ်တုန်းရှန်းက နှိမ့်ချစွာ ပြုံးလိုက်ရင်း
"အဖွဲ့ချုပ်ခေါင်းဆောင်.... အဖွဲ့ချုပ်ခေါင်းဆောင်က ကျွန်တော့်အတွက် အများကြီး လုပ်ပေးထားတာပဲဗျာ.... ဇနီးလောင်းချောချောလေးကိုတောင် ရှာပေးခဲ့သေးတာပဲ.... အဲ့တော့ ဒါတွေက ကျွန်တော် လုပ်သင့်တာတွေပါ"
လူပျိုကြီးသည် သူ၏ သတို့သမီးလောင်းအပေါ် အလွန်ပင် စိတ်ကျေနပ်နေပုံရသည်။ သူ၏ တက်ကြွလှသော ပုံစံကို ကြည့်ရင်း လော့ချန် အသာအယာ ပြုံးကာ ခေါင်းခါယမ်းလိုက်မိပြီး "နောက်နောင်လည်း ဒီလိုပဲ ဆက်ပြီး ကြိုးစားစမ်းပါ.... မင်း ချီသန့်စင်အဆင့် ၉ ရောက်တဲ့အခါ ကျရင် ငါ မင်းကို ဆေးဝါးခန်းမဆောင်ရဲ့ ခေါင်းဆောင် ခန့်အပ်ပေးမယ်"
ယွမ်တုန်းရှန်း ခေတ္တမျှ ကြောင်အသွားရပြီး အလိုလို မေးမြန်းလိုက်မိသည်။
"ဒါဆိုရင်.... ခန်းမခေါင်းဆောင် ဘီယန်ကျန်းကော ဘာဖြစ်သွားမှာလဲ ခင်ဗျာ"
"ဒါက သူ တကယ် ဝါသနာပါတဲ့ အရာမဟုတ်ပါဘူး၊ သူက သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကြောင့်သာ အဲ့ဒီရာထူးမှာ ရှိနေရတာ"
လော့ချန်က နောက်ကြောင်းပြန်လှည့်ရင်း စကားဆက်လိုက်သည်။
"သူ့ကို ပစ်မထားပါဘူး.... လော့ထျန်းအဖွဲ့အနေနဲ့ သူ့အတွက် တခြား သင့်တော်တဲ့ အစီအစဉ်တွေ လုပ်ပေးမှာပါ"
ထိုစကားလုံးများကို ကြားရသည့်အခါမှသာ ယွမ်တုန်းရှန်း စိတ်အေးသွားရတော့သည်။ သူသည် လော့ချန်၏ အနောက်မှ လိုက်ပါလာရင်း မျက်နှာတွင် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေပြီး မျှော်လင့်ချက်များကြောင့် နှလုံးခုန်သံများလည်း ပိုမို မြန်ဆန်လာခဲ့ရသည်။ သူသည် အာဏာကို မက်မောသူတစ်ဦး မဟုတ်သော်လည်း ဆေးဝါးခန်းမဆောင်ဟူသည် သူ၏ အဘွားဖြစ်သူကိုယ်တိုင် ဦးစီးတာဝန်ယူခဲ့သော နေရာ ဖြစ်သည်။ အကယ်၍ တစ်နေ့နေ့တွင် သူသာ ဆေးဝါးခန်းမဆောင်ကို ပြန်လည်တာဝန်ယူနိုင်မည်ဆိုပါက တမလွန်မှ အဘွားဖြစ်သူ၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်ပေလိမ့်မည်။
....
ထို့နောက်တွင်မူ လော့ချန်သည် လက်နက်ခန်းမဆောင်၊ တိုက်ခိုက်ရေးခန်းမဆောင်တို့သို့ သွားရောက်ခဲ့ပြီး အသစ်ဖွဲ့စည်းစပြုနေသော ပိယိုတောင်ကြားဆီသို့ပင် သွားရောက်ကြည့်ရှုခဲ့သည်။
သူ လှည့်ပတ်ကြည့်ရှုပြီးစီးသည့်အချိန်တွင်မူ မိုးချုပ်လုနီးပါး ဖြစ်နေခဲ့လေပြီ။
လော့ထျန်းအဖွဲ့၏ ခန်းမကြီးအတွင်းသို့ သူ ပြန်လည်ရောက်ရှိလာသည့်အခါ စီမာဟွေ့နန်တစ်ယောက် ထိုနေရာ၌ စိတ်ရှည်စွာဖြင့် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ပြီး ဖြစ်သည်။
ကုလားထိုင်ပေါ်တွင် ဝင်ထိုင်လိုက်ရင်း လော့ချန် သက်ပြင်းတစ်ချက် ချလိုက်မိသည်။
"ဟွေ့နန်.... မင်း တကယ့်ကို ကြီးကြီးမားမား စွမ်းဆောင်နိုင်ခဲ့တာပဲ"
နှစ်ပေါင်းများစွာကြာမြင့်ပြီးနောက် စီမာဟွေ့နန်သည် ရင့်ကျက်ပြီး တည်ငြိမ်လှသော အမူအရာကို ပိုင်ဆိုင်ထားနိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော်ငြားလည်း လော့ချန်၏ ချီးမွမ်းစကားကို ကြားလိုက်ရသောအခါ သူမ၏ မျက်ဝန်းအစုံမှာ စိုစွတ်စပြုလာသည်။ အပြင်လူတစ်ဦးအတွက်မူ ဤချီးမွမ်းစကားမှာ ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်ခြင်းမျှသာဟု ထင်ရသော်လည်း စီမာဟွေ့နန်အနေဖြင့်မူ လော့ချန် အဘယ်ကြောင့် ဤသို့ ပြောရသည်ကို ကောင်းကောင်းကြီး သိနေသည်။
ယနေ့ မွန်းလွဲပိုင်းက လော့ချန်သည် ခန်းမဆောင်အသီးသီး၏ တိုးတက်မှု အခြေအနေများကိုသာ လိုက်လံစစ်ဆေးနေခဲ့ခြင်း မဟုတ်ပေ။ ထိုအစား သူသည် အဖွဲ့၏မူဝါဒအသစ်များအပေါ် အဖွဲ့ဝင်များ၏ သဘောထားနှင့် စိတ်ခံစားချက်များကိုပါ လိုက်လံသုံးသပ်နေခဲ့ခြင်း ဖြစ်သည်။
အခြေခံလစာများကို လျှော့ချခြင်းဟူသည် သေချာပေါက် ကြီးမားလှသော စွန့်စားမှုကြီး ဖြစ်သည်။ သမိုင်းတစ်လျှောက်တွင် မရေမတွက်နိုင်သော ဂိုဏ်းကြီးများနှင့် အဖွဲ့ကြီးများ၏ ပျက်သုဉ်းမှုဟူသည် ဤကဲ့သို့သော ဘဏ္ဍာရေး ရန်ပုံငွေ ဖြတ်တောက်မှုများနှင့် လုပ်သား စီမံခန့်ခွဲမှု တင်းကျပ်ခြင်း မူဝါဒများမှ စတင်ခဲ့ကြသည် မဟုတ်ပါလော။
သူ၏ ယခင်ဘဝတွင် လော့ချန်သည် ကုမ္ပဏီတစ်ခု၏ သာမန် ဝန်ထမ်းတစ်ဦးမျှသာ ဖြစ်ခဲ့သည်။ သူသည် ဤသဘောတရားများကို စာအုပ်ကြီးအတိုင်းသာ နားလည်ထားခြင်း ဖြစ်ပြီး လက်တွေ့ပိုင်းတွင်မူ အမြဲ အသုံးမဝင်နိုင်ပေ။ ထို့ကြောင့် ဤမူဝါဒကို စတင်အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့စဉ်က သူ၏ ရင်ထဲ၌ ကြီးမားလှသော စိုးရိမ်ပူပန်မှုများ ရှိနေခဲ့သည်။ သူ ခက်ခဲစွာ တည်ဆောက်ခဲ့ရသော လော့ထျန်းအဖွဲ့ကြီး ဤမျှအထိ မြန်ဆန်စွာ ပြိုကွဲသွားမည်ကို သူ မမြင်တွေ့ချင်ပေ။ သို့သော် လက်တွေ့အခြေအနေများအရ သူ့တွင် အခြားရွေးချယ်စရာ လမ်းမရှိခဲ့ပေ။ သို့မဟုတ်ပါက လော့ထျန်းအဖွဲ့၏ ပြိုကွဲမှုမှာ ယခုထက်ပင် ပိုမို၍ စောစီးစွာ ရောက်ရှိလာပေလိမ့်မည်။
ဤကိစ္စရပ်မှာ လော့ချန်၏ စိတ်ထဲ၌ အချိန်အတော်ကြာ ဖိစီးနှိပ်စက်နေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သူသည် နံနက်ပိုင်းက လီကျင်ဟွမ်နှင့် တွေ့ဆုံပြီးနောက် ဒန်ရှားတောင်ထိပ်ဆီသို့ ချက်ချင်း လာခဲ့ခြင်း ဖြစ်သည်။
သို့သော် လက်တွေ့အခြေအနေကို ကိုယ်တိုင် မြင်တွေ့လိုက်ရသည့်အခါတွင်မူ အဖွဲ့ဝင်များအကြား ပြင်းထန်လှသော မကျေနပ်မှု အရိပ်အယောင်များကို သူ လုံးဝ မမြင်တွေ့ခဲ့ရပေ။ အဖွဲ့ဝင်များသည် ဤမူဝါဒအသစ်ကို ဆန့်ကျင်မှု မရှိဘဲ လက်ခံကြသည်။ ထိုသို့ လက်ခံလာအောင် လုပ်ဆောင်နိုင်ခဲ့ခြင်းမှာ မူဝါဒကက ကောင်းမွန်လွန်း၍ မဟုတ်ဘဲ ၎င်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သောသူက အလွန်ပင် တော်လှသောကြောင့် ဖြစ်သည်။
ထို့ကြောင့်ပင် လော့ချန် ဤချီးမွမ်းစကားကို စိတ်ရင်းဖြင့် ပြောကြားလိုက်ခြင်း ဖြစ်သည်။ စီမာဟွေ့နန်သည် သူမ၏ ကျင့်ကြံခြင်းအဆင့်ကြောင့် လုပ်ငန်းတစ်ခုကို ကိုယ်တိုင် တိုးချဲ့ရာတွင် ကန့်သတ်ချက်အချို့ ရှိနိုင်သော်လည်း စီမံခန့်ခွဲမှုနှင့် အဖွဲ့ဝင်ရေးရာ ကိစ္စရပ်များနှင့် ပတ်သက်လာလျှင်မူ ပါရမီ ရှိပေသည်။ နှစ်ပေါင်းများစွာအတွင်း သူမသည် ထိုပါရမီကို ပိုမို ခိုင်မာပြီး အားကိုးထိုက်သော အရည်အချင်းတစ်ခုအဖြစ် သွေးတင်ထားနိုင်ခဲ့ပြီ ဖြစ်သည်။
"အဖွဲ့ချုပ်ခေါင်းဆောင်.... ကျွန်မကို အရမ်းချီးမွမ်းလွန်းနေပါပြီ"
စီမာဟွေ့နန်က တိုးညှင်းစွာ ဆိုလိုက်သည်။
"ကျွန်မက အဖွဲ့ချုပ်ခေါင်းဆောင်ရဲ့ ဂုဏ်သတင်းကြောင့်သာ ဒီလောက်အထိ စီမံခန့်ခွဲနိုင်ခဲ့တာပါ.... အဖွဲ့ချုပ်ခေါင်းဆောင်ရဲ့ အရှိန်အဝါကြောင့်သာ အရာအားလုံးက ဒီလောက်အထိ အဆင်ပြေချောမွေ့သွားခဲ့တာပါ"
"ဂုဏ်သတင်း၊ အရှိန်အဝါ ဟုတ်လား"
လော့ချန် အသာအယာ ပြုံးရင်း ခေါင်းခါယမ်းလိုက်သည်။
"ဖြစ်နိုင်တာပေါ့"
ဟွေ့နန်၏ မျက်နှာပေါ်ရှိ အနည်းငယ် နွမ်းနယ်နေသော အမူအရာကို ကြည့်ရင်း ဤအမှတ်ပေးစနစ်သစ်ကို စတင် မိတ်ဆက်ချိန်အတွင်း သူမ မည်မျှအထိ ဖိအားများကို ကြံ့ကြံ့ခံခဲ့ရမည်ကို လော့ချန် ခန့်မှန်းနိုင်ပေသည်။ မည်သို့ပင်ဆိုစေ ရက်ရောလှသော ဆုလာဘ်များနှင့် အကျိုးခံစားခွင့်များ အားလုံးကို အဖွဲ့ချုပ်ခေါင်းဆောင် လော့ချန်၏ လုပ်ဆောင်မှုအဖြစ် သတ်မှတ်ကြသော်လည်း လစာဖြတ်တောက်ခြင်း သို့မဟုတ် ကန့်သတ်ချက်များ သတ်မှတ်ခြင်း ကဲ့သို့သော မကောင်းသည့် ကိစ္စရပ်များတွင်မူ အပြစ်တင်မှုအားလုံးမှာ စီမံခန့်ခွဲရေးမှူးဖြစ်သူ စီမာဟွေ့နန်အပေါ်သို့သာ အမြဲကျရောက်လေ့ရှိသည်။
သူမ တည်ကြည်စွာဖြင့် ဆက်ပြောလိုက်သည်။
"ကျွန်မတို့ ဒီအမှတ်ပေးစနစ်ကို စ အကောင်အထည်ဖော်တဲ့အချိန်တုန်းက လူတိုင်းကို စည်းကမ်းဘောင်အတွင်း ရှိနေစေဖို့အတွက် စံနမူနာကောင်းတစ်ခု ပြသပြီးတော့ပဲ စတင်ခဲ့တာပါ.... အဲ့ဒီနောက်မှာတော့ ဒီအမှတ်ပေးစနစ်ကို အစတည်းက ရှင်းရှင်းလင်းလင်း ရှိနေစေဖို့အတွက် ဆုပေးဒဏ်ပေး စနစ်ကိုပါ တွဲပြီး ကျင့်သုံးခဲ့ပါတယ်.... ဘာပဲဖြစ်ဖြစ် ကျွန်မတို့ လော့ထျန်းအဖွဲ့ရဲ့ မူဝါဒက တခြားအင်အားစု တော်တော်များများထက်စာရင် အများကြီး ပိုပြီးတော့ ကောင်းမွန်ပါသေးတယ်.... လူတိုင်းက အကောင်း၊ အဆိုးကို သေချာ တွက်ချက်ထားပြီးသားပါ....”
"ပိုပြီးတော့ အရေးကြီးတာကတော့.... ဒီမှာရှိတဲ့ လူတိုင်းက အဖွဲ့ချုပ်ခေါင်းဆောင်ရဲ့ နောက်ကို လိုက်ရင် သူတို့အတွက် တိုးတက်ကြီးပွားဖို့ အခွင့်အရေး ရှိတယ်လို့ ခံစားနေကြရတာပဲ၊ တွမ်ဖုန်း၊ ဝမ်ယွမ် နဲ့ မင်လုံယွီ တို့က အခြေတည်အဆင့်ကို ရောက်သွားပြီးဖြစ်သလို ခန်းမခေါင်းဆောင် မုရုံကလည်း အောင်မြင်ခါနီး ဖြစ်နေပါပြီ.... ဒါကြောင့် ကျန်တဲ့သူတွေကလည်း သူတို့ရဲ့ အနာဂတ်က ဘာဖြစ်လာမလဲဆိုတာ တွေးတောပြီး မျှော်လင့်ချက် ရှိနေကြတာပါ.... သူတို့က အဖွဲ့ချုပ်ခေါင်းဆောင်ရဲ့ ဘေးမှာ ဆက်ရှိနေသရွေ့ သူတို့အတွက်လည်း အခွင့်အရေး ရလာလိမ့်မယ်လို့ ယုံကြည်နေကြတယ်.... တခြား အဖွဲ့အစည်းတွေက သူတို့ကို ဒီလိုမျိုး မျှော်လင့်ချက်တွေ ပေးနိုင်မှာ မဟုတ်ပါဘူး၊ အဖွဲ့ချုပ်ခေါင်းဆောင်တစ်ယောက်ပဲ ပေးနိုင်တာပါ"
လော့ချန် ထိုစကားကို ကြားရသဖြင့် စိတ်ကျေနပ်သွားရသော်လည်း သူ၏ စိတ်အာရုံမှာ ယနေ့မနက်က လီကျင်ဟွမ် ပြောခဲ့သော စကားလုံးများဆီသို့ လွင့်မျောသွားခဲ့ရသည်။ ထိုအဘိုးအိုသည်လည်း ဤအချက်ကို အသုံးချပြီး သူ၏ ကိုယ်ကျင့်တရားကို အကဲဖြတ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
မည်သူမဆို ချိုသာလှသော စကားလုံးများကို ပြောဆိုနိုင်ကြသော်လည်း လက်တွေ့အခြေအနေကမူ လုံးဝ တခြားစီ ဖြစ်ပေသည်။ လော့ချန်အနေဖြင့် စကားအများကြီး ပြောရန် မလိုအပ်ခဲ့ချေ။ အကြောင်းမှာ သူ၏ ပံ့ပိုးကူညီမှုများကြောင့် အခြေတည်အဆင့် ကျင့်ကြံသူများ တစ်ဦးပြီးတစ်ဦး ပေါ်ထွက်လာခဲ့ခြင်းက အခိုင်မာဆုံးသော သက်သေပြချက်ကြီး ဖြစ်နေသောကြောင့်ပင်။
"ဟွေ့နန်.... ငါ လော့ထျန်းအဖွဲ့ကို မင်းလက်ထဲ လုံးဝ စိတ်ချလက်ချအပ်ထားနိုင်ပြီ၊ နောက်ဆို မင်းကိုပဲ ပိုပြီး အားကိုးရတော့မယ်"
အပိုစကားများ မပြောတော့ဘဲ လော့ချန်သည် အားပေးစကား အနည်းငယ် ပြောကြားခဲ့ပြီးနောက် ဒန်ရှားတောင်ထိပ်မှ ထွက်ခွာခဲ့တော့သည်။ အကယ်၍ သူသာ ဤနေရာ၌ ဆက်နေနေမည်ဆိုပါက ထျန်းလန်နတ်ဘုရားမြို့တော်၏ မြို့တံခါးများ ပိတ်သွားတော့မည်ဖြစ်ရာ အဘိုးအို ရွှီကျင်းနန်ကို ဒုက္ခပေးရပေလိမ့်မည်။
ယခုအချိန်တွင် အခြေတည်အဆင့်အလယ်ပိုင်းသို့ တက်လှမ်းရန်အတွက် အလွန်ပင် အရေးကြီးလှသော အချိန်ကာလ ဖြစ်သဖြင့် လော့ချန်အနေဖြင့် တစ်ရက်ကလေးမျှပင် အချိန်မဖြုန်းချင်ပေ။ သူသည် လော့ထျန်းအဖွဲ့အတွင်း ရှိနေနိုင်သည့် အန္တရာယ်များကို စစ်ဆေးရန်အတွက် တစ်နေ့လုံး အချိန်ပေးခဲ့ခြင်း ဖြစ်သည်။ အဖွဲ့ တည်ငြိမ်အေးချမ်းနေမှသာ ဆေးဖော်စပ်ခြင်းနှင့် ကျင့်ကြံခြင်းတို့၌ သူ စိတ်အေးလက်အေးဖြင့် အပြည့်အဝ အာရုံစိုက်နိုင်မည် မဟုတ်ပါလော။
....
အေးစက်လှသော ညဉ့်မှောင်ရိပ်အောက်တွင် လှေပျံတစ်စင်းသည် လွင်တီးခေါင်ပြင်ကြီး၏ ကောင်းကင်ယံထက်၌ လျင်မြန်စွာ ဖြတ်သန်းမောင်းနှင်နေသည်။
ရုတ်တရက် လော့ချန် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ အရှေ့ဘက်သို့ လှမ်းမျှော်ကြည့်လိုက်ရာ မလှမ်းမကမ်း ကောင်းကင်ယံ၌ လင်းယုန်ငှက် သုံးကောင်သည် ဝဲပျံတိုက်ခိုက်နေကြပြီး ၎င်းတို့ တစ်ကောင်ချင်းစီတွင်မူ သတ်ဖြတ်ခြင်း အရှိန်အဝါများ တောက်ပနေသော မှော်လက်နက်များကို တပ်ဆင်ထားကြသည်။
ထိုလင်းယုန်များ၏ အလယ်တွင်မူ လူတစ်ဦးတည်းက ဝိုင်းရံပိတ်ဆို့ခြင်းကို ခံထားရပြီး ခုခံနိုင်ရန်အတွက် အသည်းအသန် ရုန်းကန်နေရသည်။
"စိတ်ဝင်စားဖို့ ကောင်းလိုက်တာ"
လော့ချန် တိုးညှင်းစွာ ရေရွတ်လိုက်မိသည်။
"သိက္ခာရှိလှတဲ့ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်က ချီသန့်စင်အဆင့် ကျင့်ကြံသူ သုံးယောက်ရဲ့ လက်ချက်နဲ့ ဒီလို အခြေအနေမျိုးအထိ အကျပ်ကိုင်ခံထားရတာလား...."
လော့ချန် ခေါင်းခါယမ်းလိုက်သည်။ ဤရှုပ်ထွေးလှသော ကိစ္စရပ်အတွင်းသို့ ဝင်ရောက်ပတ်သက်ရန် သူ့တွင် အစီအစဉ် မရှိပေ။ သူ တစ်ချက်မျှသာ လှမ်းကြည့်လိုက်ပြီးနောက် လန်ချီလှေပျံကို အရှိန်အကုန် မြှင့်တင်ကာ အရှေ့မှ လူစုကို ရှောင်ကွင်းသွားရန် ပြင်ဆင်လိုက်သည်။
သို့သော်ငြားလည်း လန်ချီလှေ ကောင်းကင်ယံထက်သို့ ဖြတ်၍ ပျံသန်းသွားခဲ့စဉ် သူ၏ အကြည့်များမှာ အောက်ခြေမှ တိုက်ပွဲဆီသို့သာ အာရုံရောက်နေဆဲ ဖြစ်သည်။ တစ်စုံတစ်ရာသော အကြောင်းပြချက်ကြောင့် ထိုတိုက်ခိုက်ခံနေရသော လူကို သူရင်းနှီးနေသလို ခံစားရသည်။
“ဟင်.... သူပဲဟ....”
လော့ချန်သည် မှော်ရတနာ သုံးခုကို သူ့အား ရောင်းချခဲ့သည့် မျက်နှာတွင် အမာရွတ်နှင့် ကျင့်ကြံသူကို မှတ်မိသွားခဲ့ပြီ ဖြစ်သည်။ ထိုသူသည် မင်လုံယွီနှင့် တစ်ချိန်တည်းမှာပင် အခြေတည်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်ကို တည်ငြိမ်အောင် မလုပ်ဆောင်ရသေးမီမှာပင် ထျန်းလန်နတ်ဘုရားမြို့တော်အတွင်းမှ စောစီးစွာ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။
လော့ချန် စောင့်ကြည့်နေစဉ်မှာပင် ထိုအမာရွတ်နှင့် ကျင့်ကြံသူသည် လမ်းဆုံးသို့ ရောက်ရှိသွားပုံရပြီး ရုတ်တရက် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်တော့သည်။
"မင်းတို့ ခွေးကောင်တွေ.... သောက်ရမ်းလွန်လာပြီ.... သေကြ...."
သူ၏ စကားလုံးများ မဆုံးမီမှာပင် စူးရှတောက်ပလှသော ဓားအလင်းတန်းကြီးတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ တားဆီး၍မရနိုင်သော စွမ်းအားကြီးမားလှသော နတ်ဘုရားဓားတစ်စင်းကဲ့သို့ လေထုကို ဖြတ်သန်းကာ ပိုင်းဖြတ်လိုက်တော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ချီသန့်စင်အဆင့် ကျင့်ကြံသူ သုံးဦးနှင့် ထိုသူတို့၏ လင်းယုန်ငှက်ကြီးများမှာ လုံးဝဥဿုံ ပြာဖြစ်သွားခဲ့ရတော့သည်။
"မှော်ရတနာ တစ်ခုပဲ"
လော့ချန် သတိပြုမိလိုက်သည်။
"နှမြောစရာကောင်းလိုက်တာ၊ သူက ဒါကို နည်းနည်းပဲ သန့်စင်ထားနိုင်သေးတာ၊ အခု အဲ့ဒီတစ်ချက်တည်းနဲ့တင် သူ ခန္ဓာကိုယ်ထဲက ချီစွမ်းအင်အားလုံး ကုန်ခမ်းသွားတဲ့အပြင် နောက်ပြန်ကန်ချက်ကြောင့် ဒဏ်ရာပါ ရသွားခဲ့ပြီ"
သူ သက်ပြင်းတစ်ချက် ချလိုက်ရင်း ခေါင်းခါယမ်းလိုက်မိသည်။ မည်သို့ပင်ဆိုစေ ချီသန့်စင်အဆင့် ကျင့်ကြံသူ သုံးဦးက အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးကို ဝိုင်းရံတိုက်ခိုက်ဝံ့ကြခြင်းမှာ သူတို့သည် အမှန်ပင် ကိုယ့်အစွမ်းအစ အကန့်အသတ်ကိုယ် မသိရှိကြခြင်း ဖြစ်ပေသည်။
ထိုကျင့်ကြံသူ သုံးဦးမှာ အသင့်အတင့် အရည်အချင်း ရှိနိုင်ကြသော်လည်း စစ်မှန်သော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာလောက်အောင်အထိမူ အင်အားမကြီးမားခဲ့ကြချေ။ အတိတ်က တာဟဲဈေးမြို့တော်ရှိ တွမ်ဖုန်း သို့မဟုတ် ချင်လျန်ချန်းတို့နှင့် နှိုင်းယှဉ်ပါက ထိုသုံးဦးမှာ အကွာကြီး ကွာနေလေသည်။ အလွန်ဆုံးရှိမှ ကျန်းဝမ်၏ အဆင့်မျိုးသာ ရှိကြခြင်း ဖြစ်သည်။ ဤမျှသောအဆင့်ဖြင့် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်နိုင်မည်ဟု ထင်မှတ်နေခဲ့ကြခြင်းမှာ အမှန်ပင် ရူးသွပ်မှု သက်သက်သာ ဖြစ်ပေသည်။
လော့ချန်သည် ခေါင်းကို တစ်ဖန် ပြန်လည်ခါယမ်းလိုက်ရင်း တိုက်ပွဲဖြစ်ပွားရာ နေရာကို ရှောင်ကွင်းသွားရန်အတွက် လန်ချီလှေ၏ လမ်းကြောင်းကို ပြောင်းလိုက်တော့သည်။
ရုတ်တရက် သူ၏ နောက်ကျောဘက်ဆီမှ အသံတစ်သံ ဟိန်းထွက်လာခဲ့တော့သည်။
“မိတ်ဆွေ လော့ချန်.... ကျွန်တော့်ကို ကယ်ပါဦးဗျာ”