← Chapters

အခန်း ၂၈၆၁

Vol. 227 Ch. 2861

အခန်း ၂၈၆၁

Vol. 227 Ch. 2861

အခန်း(၂၈၆၁)

“ဒီလိုဆိုရင် ကျွန်တော် သခင်လေးနဲ့အတူ တိုက်ပွဲဝင်ပါ့မယ်”

ဖုန်းမိသားစုမှ ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူသည် ဖုန်းချွမ်၏ စကားကို ကြားပြီးနောက်တွင် သက်ပြင်းတစ်ချက် ချကာ ပြောလိုက်သည်။

သူ၏ စိတ်ထဲတွင်လည်း လက်ရှိအခြေအနေကို ရှင်းရှင်းလင်းလင်း သိမြင်နေခဲ့သည်။

အကယ်၍ သူနှင့် ဖုန်းချွမ်တို့သာ ဤအခိုက်အတန့်တွင် ထွက်ပြေးကြမည် ဆိုလျှင် ဥာဏ်အလင်းပွင့် သစ်သီးကို ပြန်လည်ရယူနိုင်ဖို့ ဆိုသည်မှာ ဘယ်လိုမှ မဖြစ်နိုင်တော့ပေ။

ဆိုရလျှင် အင်မော်တယ်လောကသည် အတိုင်းအဆမရှိ ကျယ်ပြောသည်။

ဝိရောဓိနယ်မြေ တစ်ခုတည်းကပင် အတော်လေး ကျယ်ဝန်းနေပြီ ဖြစ်သည်။

အနက်ရောင်ဝတ်စုံဝတ် လူငယ်သာ ဥာဏ်အလင်းပွင့် သစ်သီးကို ရရှိသွားပြီး ပုန်းအောင်းစရာ နေရာတစ်ခုခု ရှာဖွေတွေ့ရှိသွားခဲ့လျှင် ဖုန်းမိသားစု အနေဖြင့် ပြန်လည် ရှာဖွေရန်မှာ လွယ်ကူတော့မည် မဟုတ်ပေ။

ယင်းအပြင် အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အနှိုင်းမဲ့ပါရမီနှင့် စွမ်းရည် ရှိပြီး ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိသည်။

သူတို့ ဖုန်းမိသားစု တစ်ခုလုံးတွင်ပင် ဤကဲ့သို့ စွမ်းရည်မျိုးရှိသူမှာ လက်ချိုးရေတွက်ရုံမျှသာ ရှိသည်။

“တိုက်ကြစို့.. သူ့ကို ဥာဏ်အလင်းပွင့်သစ်သီး ရယူဖို့ အခွင့်အရေးပေးလို့ မဖြစ်ဘူး”

ဖုန်းချွမ်က ချက်ချင်းဆိုသလို ‌ကောင်းကင်ယံသို့ ပျံသန်းသွားခဲ့ပြီး သူ၏ လက်ဖဝါးထဲမှ ကျောက်စိမ်းတံဆိပ်ပြား တစ်ခုကို ရုတ်တရက် ခြေမွလိုက်သည်။

“ဝုန်း..”

ကမ္ဘာလောကကို ထိန်းချုပ်နိုင်စွမ်းရှိသော တလော့စွမ်းအားသည် ဟင်းလင်းပြင်ထဲတွင် လက်ဝါးရိပ် တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် ကျန်းချန် ဆီသို့ သက်ရောက်လာခဲ့သည်။

ကျန်းချန်ကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်နှင့် ရင်ဆိုင်ရချိန်တွင် ဖုန်းချွမ်သည် တုံ့ဆိုင်းမနေဘဲ ဖုန်းမိသားစု၏ ဘိုးဘေးက သူ့ကို ပေးအပ်ထားသည့် ဝှက်ဖဲကို တိုက်ရိုက် ထုတ်သုံးလိုက်သည်။

ဖုန်းမိသားစုဘိုးဘေးသည် ကမ္ဘာလောကကြီးကို ထိန်းချုပ်နိုင်စွမ်း ရှိသည့် တလော့စွမ်းအားကို အပြည့်အဝ နားမလည်သေး၍ စစ်မှန်သော တလော့ အင်မော်တယ်တစ်ပါး မဖြစ်သေးသော်လည်း တလော့စွမ်းအားကို စုစည်းထားနိုင်ခဲ့၍ ခြေလှမ်းတစ်ဝက် တလော့အဆင့်ကို ရောက်ရှိနေသည်မှာ ကြာပြီ ဖြစ်သည်။

ဆိုရလျှင် ဖုန်းချွမ်၏ ဤတိုက်ခိုက်မှုသည် တလော့အဆင့် ကျင့်ကြံသူ တစ်ဦး၏ အစွမ်းကုန် တိုက်ခိုက်မှုနီးပါးနှင့် တူညီနေသဖြင့် ရွှေအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူ ပင်လျှင် အလွယ်တကူ ခုခံနိုင်မည် မဟုတ်ပေ။

“ကိုယ့်အဆင့် ကိုယ်မသိတဲ့‌ကောင်ပဲ”

ဖုန်းချွမ်က ဝှက်ဖဲကို အသုံးပြု၍ အစွမ်းကုန် တိုက်ခိုက်လာသည်ကိုမြင်လျှင် ကျန်းချန်၏ မျက်နှာအမူအရာက အေးစက်သွားခဲ့သည်။

သူက အတွေးတစ်ချက်ဖြင့်ပင် အင်မော်တယ်ဘုရင်၏ ရုပ်အလောင်းကို သူ၏ ‌ရှေ့ရှိ လေဟာနယ်ထဲတွင် ထွက်ပေါ်လာစေခဲ့သည်။

“သွားစမ်း”

ကျန်းချန်က အင်မော်တယ်ဘုရင် ရုပ်အလောင်းကို ထိန်းချုပ်ကာ မျက်နှာချင်းဆိုင်မှ လာနေသော လက်ဝါးရိုက်ချက်ကို မည်သို့မျှ ရှောင်တိမ်းခြင်း မရှိဘဲ တိုက်ရိုက်ပင် တိုးဝင် တိုက်ခိုက်စေလိုက်သည်။

“ဝုန်း..”

ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာပြီးနောက်တွင် တလော့စွမ်းအားဖြင့် ဖန်တီးထားသော လက်ဝါးပုံရိပ်သည် တစ်ခဏအတွင်း လေထုထဲတွင် ပေါက်ကွဲ ပျက်စီးသွားခဲ့သည်။

လက်ဝါးပုံရိပ် ပျက်စီးသွားသော်လည်း အင်မော်တယ်ဘုရင် ရုပ်အလောင်း၏ အရှိန်အဟုန်က အနည်းငယ်မျှပင် လျော့ကျမသွားဘဲ မျက်စိတစ်မှိတ် အတွင်းမှာပင် ဖုန်းချွမ်၏ နံဘေးသို့ ရောက်ရှိသွားခဲ့ကာ ဖုန်းချွမ်၏ ခန္ဓာကိုယ်ကို ဥက္ကာပျံ တစ်စင်းနှယ် ဝင်ဆောင့်လိုက်သည်။

ဖုန်းချွမ်သည် ရွှေအင်မော်တယ် တတိယအဆင့်မျှသာ ရှိရာ တလော့ အင်မော်တယ်ကိုပင် တုန်လှုပ်စေနိုင်သည့် အင်မော်တယ်ဘုရင် ရုပ်အလောင်း၏ တိုက်ခိုက်မှုကို မည်ကဲ့သို့ ခံနိုင်ရည်ရှိပါအံ့နည်း။

သူက အော်ဟစ် ညည်းတွားဖို့ပင် အချိန်မရလိုက်ဘဲ အင်မော်တယ်ဘုရင် ရုပ်အလောင်း၏ ဝင်ဆောင့်မှုအောက်တွင် ရုပ်ခန္ဓာရော စိတ်ဝိညာဥ်ပါ ဘာမှမကျန်ရှိတော့ဘဲ ပျောက်ကွယ်သွားခဲ့သည်။

“သခင်လေး”

သူ့ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရလျှင် ဖုန်းမိသားစုမှ ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူသည် မျက်လုံများပြူးကျယ်သွားခဲ့ပြီး အလွန်အမင်း ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။

ဖုန်းချွမ် ယခုလေးတင် ထုတ်သုံးလိုက်သည့် အဆောင်လက်ဖွဲ့နှင့် ပတ်သက်၍ သူရှင်းရှင်းလင်းလင်း သိထားခဲ့သည်။

ထိုကျောက်စိမ်းတံဆိပ်ပြား ထဲတွင် ဖုန်းမိသားစုဘိုးဘေး၏ ခြေလှမ်းတစ်ဝက် တလော့အဆင့် စွမ်းအားဖြင့် ထုတ်ဖော်ထားသည့် တိုက်ကွက်တစ်ကွက် ပါဝင်နေသဖြင့် ရွှေအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူများ ပင်လျှင် ခုခံရန် ခဲယဥ်းသည်။

ဖုန်းချွမ်က ထိုဝှက်ဖဲကို ထုတ်သုံးလိုက်လျှင် တစ်ဖက်မှ အနက်‌ရောင်ဝတ်စုံဝတ် လူငယ်ကို မသတ်နိုင်လျှင်ပင် အနည်းဆုံးတော့ အထိနာအောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့၏။

သို့သော်လည်း အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ရုပ်သေးရုပ် တစ်ရုပ်ကို ဆင့်ခေါ်လိုက်ပြီး ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ်၏ တိုက်ခိုက်မှုကို အသာအယာ ချေမှုန်းပစ်နိုင်ခဲ့သည် အပြင် ဖုန်းချွမ်ကိုပါ တစ်ခါတည်း သတ်ဖြတ်ပစ်လိုက်နိုင်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။

ဤသည်ကိုကြည့်၍ အနက်ရောင်ဝတ်စုံဝတ် လူငယ် ဆင့်ခေါ်လိုက်သော ရုပ်သေးရုပ်သည် အနည်းဆုံး ခြေလှမ်းတစ်ဝက် တလော့အဆင့် သို့မဟုတ် တလော့အင်မော်တယ် အဆင့် ခွန်အားမျိုး ရှိနေသည်ဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလော။

“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. ငါထွက်ပြေးမှဖြစ်မယ်”

ဖုန်းမိသားစုမှ ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူသည် စိတ်ထဲတွင် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့သွားခဲ့ပြီး စက္ကန့်ပိုင်းမျှပင် ဤနေရာ၌ မနေရဲတော့ဘဲ ခြောက်လှန့်ခံလိုက်ရသည့် ငှက်တစ်ကောင် ပမာ အဝေးသို့ အလျင်အမြန် ထွက်ပြေးသွားခဲ့သည်။

ကျန်းချန်က ထိတ်လန့်တကြား ထွက်ပြေးသွားသော ဖုန်းမိသားစုမှ ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူကို ဂရုစိုက်မနေဘဲ သူ၏ ဦးခေါင်းအထက်ရှိ ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီး ဆီသို့ တိုက်ရိုက်ပင် ပျံသန်းသွားခဲ့သည်။

ဖုန်းမိသားစုမှ ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူတစ်ဦးလောက်ကို ကျန်းချန်သည် စိတ်ထဲ ထည့်မနေတော့ပေ။

ဖုန်းချွမ်က သူ့ရှေ့မှ အင်မော်တယ်သစ်သီးကို ဤမျှအထိ အလေးအနက် ထားနေသည်ကပင် ထိုအင်မော်တယ်သစ်သီးက မည်မျှ ဆန်းကြယ်သည်ကို သက်သေပြနေခဲ့သည် မဟုတ်ပါလော။

မလိုလားအပ်သော ပြဿနာများကို ရှောင်ရှားရန် အတွက် ကျန်းချန်က အင်မော်တယ်သစ်သီးကို အရင်ဆုံး သိမ်းဆည်းပြီး ဤနေရာမှ ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။

သို့မဟုတ်လျှင် တစ်ခဏအကြာ၌ ဖုန်းမိသားစုမှ လူများ ရောက်ရှိလာနိုင်၏။

သူ့တွင် တလော့အင်မော်တယ် အဆင့်နှင့် ယှဥ်နိုင်သည့် အင်မော်တယ်ဘုရင် ရုပ်အလောင်း ရှိနေသဖြင့် ဖုန်းမိသားစုကို ကြောက်ရွံ့ခြင်း မရှိသော်လည်း အလကားနေရင်း ပြဿနာ များစွာ မရှာချင်ခဲ့ပေ။

ကျန်းချန်က ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီးကို အလျင်အမြန် ခူးဆွတ်လိုက်ပြီးနောက်တွင် ချိုင့်ဝှမ်းထဲတွင် အချိန်အကြာကြီး မနေတော့ဘဲ အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲကာ ချိုင့်ဝှမ်းအထက် ကောင်းကင်ယံကနေ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

ကျန်းချန် ဥာဏ်အလင်းပွင့် သစ်သီးကို ယူဆောင်သွားချိန်တွင် အခြားတစ်ဖက်၌ အလောတကြီး ထွက်ပြေးနေသော ဖုန်းမိသားစုမှ ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူ၏ ရှေ့တွင် ရုတ်တရက် ဟင်းလင်းပြင် လှိုင်းဂယက်များ ဖြစ်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ဖျက်ဆီးခြင်းစွမ်းအင် မုန်တိုင်းများ ခန္ဓာကိုယ်တွင် ဝန်းရံနေသည့် ဆံဖြူအဘိုးအို တစ်ဦးသည် ဟင်းလင်းပြင်ထဲတွင် ပေါ်လာခဲ့ပြီး ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူ၏ ရှေ့သို့ ဆင်းသက်လာခဲ့သည်။

“ကျွန်တော် ဖုန်းချန်း.. ဘိုးဘေးကို ဂါဝရပြုပါတယ်”

ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူက အဖြူရောင်ဝတ်စုံဝတ် အဘိုးအိုကိုမြင်လျှင် အလွန်အမင်း ဝမ်းသာသွားခဲ့ပြီး ရှေ့သို့ တိုးကာ ဂါဝရပြုလိုက်သည်။

ထိုအဘိုးအိုမှာ တခြားသူ မဟုတ်ဘဲ ဖုန်းမိသားစု၏ ဘိုးဘေးဖြစ်ပြီး ဖုန်းမိသားစုတွင် ခြေလှမ်းတစ်ဝက် တလော့အဆင့်ကို ရောက်ရှိထားသည့် တစ်ဦးတည်းသော ကျင့်ကြံသူ ဖုန်းချန်ရှင်းပင် ဖြစ်သည်။

ဖုန်းချန်ရှင်းက မျက်မှောင် အနည်းငယ်ကြုတ်ကာ မေးလိုက်သည်။

“ဖုန်းချန်း ဘာတွေဖြစ်နေတာလဲ.. ဖုန်းချွမ်တို့ရော ဘယ်မှာလဲ”

“ဘိုးဘေးကို တင်ပြပါတယ်.. သခင်လေးတို့ ကျဆုံးသွားပါပြီ”

ဖုန်းချန်းက အနည်းငယ်မျှပင် ဖုံးကွယ်မထားဘဲ ဖြစ်ပျက်ခဲ့သမျှကို ဖုန်းချန်ရှင်းအား အလျင်အမြန်ပင် ပြန်ပြောင်း ပြောပြလိုက်သည်။

ဖုန်းချန်း၏ ပြောစကားများကို ကြားလျှင် ဖုန်းချန်ရှင်းသည် မျက်မှောင်ခပ်တင်းတင်း ကြုတ်သွားခဲ့သည်။

ရွှေအင်မော်တယ် တတိယအဆင့် လူငယ်ပါရမီရှင်လေး တစ်ဦးသည် ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူကို သတ်ဖြတ်နိုင်သည့် ကြောက်မက်ဖွယ်စွမ်းရည်မျိုး ရှိနေပါသလော။

ထို့အပြင် ထိုလူငယ်ပါရမီရှင်သည် ခြေလှမ်းတစ်ဝက် တလော့အဆင့်ထက် မနိမ့်ကျသည့် ရုပ်သေးရုပ် တစ်ရုပ်ကိုပါ ဆင့်ခေါ်နိုင်ခဲ့သည်။

ယင်းကဲ့သို့ ပုဂ္ဂိုလ်မျိုးသည် ဝိရောဓိနယ်မြေရှိ ထိုက်ယီအဆင့်အင်အားစု လေးခုတွင်ပင် အရေအတွက် အနည်းငယ်မျှသာ ရှိနိုင်သည်။

ထိုလူသည် ဝိရောဓိနယ်မြေ ပြင်ပမှ အင်အားစုကြီး တစ်ခုခု၏ ထိပ်တန်းပါရမီရှင်များ ဖြစ်နိုင်ပါသလော။

“ငါနဲ့အတူ အခုချက်ချင်း အဲဒီနေရာဆီ သွားကြရအောင်”

ဖုန်းချန်ရှင်းက သက်ပြင်းချကာ ရေရွတ်လိုက်ပြီးနောက်တွင် ဖုန်းချန်းနှင့် အတူ ချိုင့်ဝှမ်းရှိရာ အရပ်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။

ဆိုရလျှင် ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီးသည် သူတို့ ဖုန်းမိသားစုက နှစ်ပေါင်းသိန်းချီ၍ အားထုတ်မှုများစွာဖြင့် ပျိုးထောင်ခဲ့ရသောအရာ ဖြစ်သည်။

ထိုဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီးသည် သူတို့ဖုန်းမိသားစုအနေဖြင့် တ‌လော့အင်အားစု အဖြစ်သို့ အဓိက တက်လှမ်းနိုင်မည့် အဓိကသော့ချက်လည်း ဖြစ်၏။

တစ်ဖက်လူက မည်သူမည်ဝါ ဖြစ်စေကာမူ ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီး ယူဆောင်သွားခြင်းကို သူ မည်သို့မျှ ခွင့်မပြုနိုင်ပေ။

ဖုန်းမိသားစုဘိုးဘေး ဖုန်းချန်ရှင်း၏ လျင်မြန်လှသော အရှိန်အဟုန်ကြောင့် ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီး စိုက်ပျိုးထားသည့် ချိုင့်ဝှမ်း၏ ကောင်းကင်ယံသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာခဲ့သည်။

ထိုအခါ သစ်သီး ကင်းမဲ့နေသော ရှေးဟောင်းသစ်ပင်ကြီးကို မြင်လိုက်ရလျှင် သူ၏ မျက်နှာအမူအရာက အလွန်တရာ သုန်မှုန်သွားခဲ့သည်။

ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီးသည် စိုက်ပျိုးရန် အလွန်တရာ ခက်ခဲ၏။

ဥာဏ်အလင်းပွင့် အင်မော်တယ် သစ်သီး၏ သစ်စေ့ကနေ စိုက်ပျိုးထားသော သစ်ပင်သည် သစ်သီးတစ်လုံးသာ သီးနိုင်သည်။

အကယ်၍ ဒုတိယမြောက် သစ်သီးတစ်လုံး ထပ်မံ ပျိုးထောင်ချင်လျှင် အနည်းဆုံး အားထုတ်မှု ဆယ်ဆ သို့မဟုတ် အဆတစ်ရာမက ထပ်မံ အားထုတ်ရလိမ့်မည် ဖြစ်သည်။

ဖုန်းမိသားစု၏ နောက်ခံ အခြေအနေအရ ဒုတိယမြောက် ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီးကို ထပ်မံ စိုက်ပျိုးရန်မှာ အတော်လေး ခဲယဥ်းနေခဲ့၏။

“တောက်..ငါ့နယ်မြေမှာ ရာရာစစ ငါ့ရဲ့ ပစ္စည်းကို လုယူရဲတယ်”

ဖုန်းချန်ရှင်း၏ မျက်နှာထက်တွင် ဒေါသရိပ်များ ပြည့်နှက်နေခဲ့သည်။

ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီးသည် သူတို့ဖုန်းမိသားစု အတွက် အလွန်တရာ အရေးကြီးသည်မှာ ငြင်းပယ်၍ မရပေ။

သူက အခြားသော အင်အားစုများ၏ အာရုံစိုက်မှုကို မခံရစေရန်နှင့် ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီး ရှိနေသည်ကို မရိပ်မိစေရန် အတွက် အတော်လေး ဂရုစိုက်ခဲ့ရသည်။

သို့သော်လည်း အဆုံးသတ်တွင်မူ သူ နှစ်ပေါင်းများစွာ အပင်ပန်းခံ ပျိုးထောင်ထားသော ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီးသည် သူတစ်ပါး၏ လက်ထဲသို့ ပါသွားခဲ့သည်။

အခန်း(၂၈၆၁)ပြီး၏။

All Chapters