← Chapters

အခန်း ၂၈၆၂

Vol. 227 Ch. 2862

အခန်း ၂၈၆၂

Vol. 227 Ch. 2862

အခန်း(၂၈၆၂)

“ဘိုးဘေး ကျွန်တော်တို့ အခုဘာဆက်လုပ်ကြမှာလဲ.. အဲဒီကောင်လေးကို လိုက်လံရှာဖွေပြီး ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီးကို ပြန်ယူကြမလား”

ဖုန်းချန်းက လေသံတိုးတိုးဖြင့် အလျင်အမြန် မေးမြန်းလိုက်သည်။

“ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီးက ငါတို့ ဖုန်းမိသားစုအတွက် အရမ်းအရေးကြီးတယ်.. ဒါကြောင့် ဒီသစ်သီးကို မဖြစ်မနေ ပြန်လည် လုယူရမယ်.. ဒါပေမဲ့ ဒီကိစ္စကို အပြင်လူတွေ သိလို့မဖြစ်ဘူး.. ငါပဲ ကိုင်တွယ်လိုက်မယ်”

ဖုန်းချန်ရှင်း၏ မျက်ဝန်းထဲတွင် ‌အေးစက်သော အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့သည်။

ဖုန်းမိသားစု၏ သခင်လေးဖြစ်သူ ဖုန်းချွမ်သည် ဖုန်းမိသားစုမှ အားထုတ်မှုများစွာဖြင့် ပျိုးထောင်ခဲ့သော ပါရမီရှင်တပည့်တစ်ဦး ဖြစ်ပြီး တလော့အင်မော်တယ် အဆင့်ကို ထိုးဖောက်ဝင်ရောက်ရန် မျှော်လင့်ချက်အရှိဆုံး ကျင့်ကြံသူလည်း ဖြစ်သည်။

ဖုန်းချွမ် အသတ်ခံလိုက်ရသော ကိစ္စသည် သူတို့ ဖုန်းမိသားစုအတွက် အမှန်တကယ်ပင် ကြီးမားသော ဆုံးရှုံးမှု တစ်ခု ဖြစ်သည်။

ထို့အပြင် ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီးသည် သူတို့ ဖုန်းမိသားစု အတွက် တလော့အင်မော်တယ်တစ်ပါး မွေးဖွား သန့်စင်ပေးနိုင်မည့် မျှော်လင့်ချက်လည်း ဖြစ်သည်။

တလော့အင်မော်တယ် အဆင့်သို့ ထိုးဖောက်ရောက် မျှော်လင့်ချက်အရှိဆုံး ဖြစ်သည့် ပါရမီရှင် ဖုန်းချွမ် ကျဆုံးသွားပြီ ဖြစ်သော်လည်း သူကိုယ်တိုင်ကမူ ခြေလှမ်းတစ်ဝက်တလော့ အင်မော်တယ် တစ်ပါး ဖြစ်သည့် အလျောက် အကယ်၍သာ ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီးကို ရရှိခဲ့လျှင် တလော့အဆင့်ကို ထိုးဖောက်နိုင်မည့် မျှော်လင့်ချက် မရှိသည်တော့ မဟုတ်ပေ။

ထို့ကြောင့်ပင် မည်သူက ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီးကို လုယူသွားခဲ့သည် ဖြစ်စေ၊ သူက သေချာပေါက် ပြန်လည် ရယူမည်သာ ဖြစ်၏။

“ဖုန်းချန်း.. ဖုန်းချွမ် ကျဆုံးသွားတဲ့ ကိစ္စက ငါတို့ဖုန်းမိသားစုအတွက် အခြေအနေ သိပ်မကောင်းဘူး.. တစ်စုံတစ်ယောက်က ဒီအခွင့်အရေးကို အသုံးချပြီး ဖုန်းမိသားစုကို ဖိနှိပ် ချုပ်ချယ်ဖို့ ကြိုးစားလာမှာ ငါစိုးရိမ်မိတယ်.. မင်း အခုချက်ချင်း ဖုန်းမိသားစုဆီ အမြန်ပြန်ပြီး ဖုန်းမိသားစုရဲ့ အကြီးအကဲတွေကို ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခိုင်းထားလိုက်ပါ”

စကားဆုံးသည်နှင့် ဖုန်းချန်ရှင်းသည် ဆန်းကြယ်သော လက်ဟန်တချို့ကို ပြုလုပ်ကာ အာရုံခံလိုက်ပြီးနောက် ချက်ချင်းဆိုသလို အရပ်မျက်နှာတစ်ခု ဆီသို့ အလျင်အမြန် ပျံသန်းသွားခဲ့သည်။

ချိုင့်ဝှမ်းထဲမှ ထွက်ခွာလာပြီးနောက်တွင် ကျန်းချန်သည် အလောတကြီး သွားလာခြင်းမရှိဘဲ သူ ရရှိထားသော အင်မော်တယ် သစ်သီးကို လော့လာဆန်းစစ်ရင်း ခရီးဆက်နေခဲ့သည်။

ဤအင်မော်တယ်သစ်သီးက အလွန်တရာ ထူးခြားဆန်းကြယ်သည်ကို ခံစားမိသော်လည်း သစ်သီး၏ မူလဇာစ်မြစ်နှင့် ၎င်းတွင် မည်သို့သော အာနိသင်မျိုး ရှိသည်ကိုမူ သူအသေအချာ မသိသေးပေ။

“ကောင်လေး မင်းအတော် ကံကောင်းတာပဲ.. ဒါက အင်မော်တယ်လောကမှာ အလွန်တရာ ရှားပါးတဲ့ ဥာဏ်အလင်းပွင့်အင်မော်တယ်သစ်သီးပဲ.. ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီးထဲမှာ အင်မတန်ဆန်းကြယ်တဲ့ စွမ်းအားတွေ ပြည့်နှက်နေတယ်.. အဲဒါက မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ပေးနိုင်ရုံတင်မကဘဲ အင်မော်တယ် ဥပ‌ဒေသတွေကို နားလည်သဘောပေါက်ဖို့လည်း ကူညီပေးနိုင်တယ်.. ရွှေအင်မော်တယ်အဆင့်ကနေ တလော့အင်မော်တယ် အဆင့်ကို ထိုးဖောက်ဝင်ရောက်ဖို့ အတွက် အကောင်းဆုံးသော အင်မော်တယ်‌‌‌ဆေးဝါးတစ်မျိုးပဲ.. ဒီဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီးနဲ့သာဆိုရင် မင်းအနေနဲ့ ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ အင်မော်တယ်စွမ်းအားကို နားလည်သဘောပေါက်သွားနိုင်လိမ့်မယ်”

ဤအခိုက်အတန့်တွင် အင်မော်တယ် ကျောက်တိုင် ဝိညာဥ်ထံမှ စကားသံသည် ကျန်းချန်၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

“ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီးက အင်မော်တယ်ဥပဒေသကို နားလည် သဘောပေါက်ဖို့ အထောက်အကူပြုနိုင်တယ်လား”

အင်မော်တယ်ကျောက်တိုင်၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းထဲတွင် ဝမ်းသာသော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

ယခုတစ်ခေါက်တွင် သူက ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းဆီသို့သွားရောက်ကာ ကျိရီအင်မော်တယ် တောင်တန်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို စုံစမ်းရန် ရည်ရွယ်ထားခဲ့ပြီး ထိုမှတစ်ဆင့် အင်‌မော်တယ် ဥပဒေသများကို နားလည် သဘောပေါက်နိုင်မည့် အခွင့်အရေး တချို့အား ရရှိရန်အတွက် ဖြစ်သည်။

သို့သော် ယွမ်ထျန်း အင်မော်တယ်ဂိုဏ်းသို့ မရောက်မီမှာပင် မျှော်လင့်မထားဘဲ အင်မော်တယ် ဥပ‌ဒေသများကို နားလည်သဘောပေါက်ရာတွင် အထောက်အကူ ပြုနိုင်သည့် ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီး တစ်လုံးကို မတော်တဆရရှိခဲ့သည်။

ယင်းမှာ သံဖိနပ် စီး၍ ရှာဖွေလျှင်ပင် မတွေ့နိုင်သောအရာက အားစိုက်စရာ မလိုဘဲ အလွယ်တကူ ရရှိလာသည် ဟူသော ဆိုရိုးစကား ကဲ့သို့ပင်။

ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီးဖြင့် ဆိုလျှင် သူ့အနေဖြင့် ကျိရီ အင်မော်တယ် တောင်တန်းကို ရှာမတွေ့နိုင်ခဲ့လျှင်ပင် ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အင်မော်တယ် စွမ်းအားကို နားလည်သဘောပေါက်နိုင်မည် ဖြစ်သည်။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သူ၏ စိတ်ထဲရှိ စိတ်လှုပ်ရှားမှုများကို ဖိနှိပ်လိုက်သည်။

သူက ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီးကို မျိုချရန် ပြင်လိုက်စဥ်မှာပင် သူ၏ အနောက်ဘက်ရှိ ကောင်းကင်ယံကနေ ပြင်းထန်သော အရှိန်အဝါ တစ်ခုကို အာရုံခံမိလိုက်သည်။

“အတော်လေး အားကောင်းတဲ့ အရှိန်အဝါပါလား.. ဒါက အနည်းဆုံး ခြေလှမ်းတစ်ဝက် တလော့အဆင့် ကျင့်ကြံသူတစ်ဦးရဲ့ အရှိန်အဝါပဲဖြစ်ရမယ်.. ကြည့်ရတာ ဖုန်းမိသားစုရဲ့ဘိုးဘေး နောက်က လိုက်လာတာများ ဖြစ်နေမလား”

ကျန်းချန်က စိတ်ထဲတွင် အံ့အားသင့်သွားခဲ့ပြီး ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီးကို အလျင်အမြန် သိမ်းဆည်းလိုက်ကာ ရထားလုံး၏ အပြင်ဘက်သို့ ထွက်လာခဲ့သည်။

ဤအခိုက်အတန့်မှာပင် ကောင်းကင်ယံမှ လေပြင်းတစ်ချက် တိုက်ခတ်လာခဲ့ပြီး ကျန်းချန်၏ ရှေ့ ပေတစ်ထောင်ခန့် အကွာအဝေးသို့ ချက်ချင်းပင် ဆင်းသက်လာခဲ့ကာ ဆံဖြူအဘိုးအိုတစ်ဦး၏ ပုံရိပ် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုသူမှာ တခြားသူ မဟုတ်ဘဲ ဖုန်းမိသားစု၏ ဘိုးဘေးဖြစ်သူ ဖုန်းချန်ရှင်းပင် ဖြစ်၏။

ဖုန်းမိသားစု၏ ဘိုးဘေးဖြစ်သည့် ဖုန်းချန်ရှင်းသည် နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်လာသူ ဖြစ်၍ ထူးခြားဆန်းကြယ်သော နည်းလမ်း တချို့ကို သဘာဝကျစွာပင် တတ်မြောက်ထားခဲ့သည်။

သူက ထိုလျှို့ဝှက်ဆန်းကြယ်သော နည်းစနစ်ကို အသုံးပြုကာ ကျန်းချန်ကို ခြေရာခံ၍ နောက်ကနေ လိုက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

နာရီဝက်ပင် မပြည့်သေးသော အချိန်အတွင်းမှာပင် သူက ကျန်းချန်ကို အမီလိုက်နိုင်ခဲ့၏။

ကျန်းချန်က ရုတ်တရက် ရောက်ရှိလာသော ဆံဖြူအဘိုးအိုကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“ခင်ဗျားက ဖုန်းမိသားစုရဲ့ ခြေလှမ်းတစ်ဝက် တလော့အဆင့်ဘိုးဘေးလား”

“ဟုတ်တယ်.. ငါက ဖုန်းမိသားစုရဲ့ ဘိုးဘေး ဖုန်းချန်ရှင်းပဲ”

ဖုန်းချန်ရှင်းက ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

“ကောင်လေး.. မင်းက ငါတို့ ဖုန်းမိသားစုဝင်တွေကို သတ်ဖြတ်ခဲ့တဲ့အပြင် ငါတို့ ဖုန်းမိသားစုက အားစိုက်ထုတ်ပြီး စိုက်ပျိုးထားတဲ့ ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီးကိုပါ လုယူသွားခဲ့တယ်.. မင်းက ဒီလောက် လွယ်လွယ်ကူကူနဲ့ ထွက်သွားချင်တယ်ဆိုတော့ ငါတို့ ဖုန်းမိသားစုကို မျက်စိထဲ လုံးဝ မထည့်ထားတာပဲ”

ထိုစကားကိုကြားလျှင် ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်သည်။

“ခင်ဗျားတို့ ဖုန်းမိသားစုက တလော့အဆင့် အင်အားစုတစ်ခုတောင် မဟုတ်ဘဲ ကျုပ်က ဘာလို့ စိတ်ထဲ ထားနေရမှာလဲ”

ဖုန်းချန်ရှင်း၏ မျက်ဝန်းများက အေးစက်သွားခဲ့သည်။

“ကောင်လေး.. မင်းဘယ်သူပဲဖြစ်ဖြစ် ဥာဏ်အလင်းပွင့် အင်မော်တယ် သစ်သီးကို အခုချက်ချင်း အပ်နှံစမ်း.. မဟုတ်ရင် ငါ့ကို ရက်စက်တယ် ဆိုပြီး အပြစ်မတင်နဲ့”

“သေချာရဲ့လား”

ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ဖုန်းမိသားစုဘိုးဘေး.. ငါအခု မင်းကို ရွေးချယ်ဖို့ အခွင့်အရေးတစ်ခု ပေးမယ်.. ငါ့ဆီမှာ အညံ့ခံမလား ဒါမှမဟုတ် အသေခံမလား”

“ဒီကောင်လေးကတော့ ရူးသွပ်နေပြီပဲ”

ဖုန်းချန်ရှင်းက အေးစက်စက် ကြုံးဝါးလိုက်ပြီး သူ၏ လက်နှစ်ဖက်ကို လေထဲတွင် ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင်ထဲတွင် ဂလက်ဆီမုန်တိုင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုဂလက်ဆီမုန်တိုင်းထဲတွင် ကြီးမားသော ကြယ်တာရာများ ရှိနေခဲ့ပြီး ၎င်းတို့ထဲမှာ ကြယ်တာရာ တစ်ခုချင်းစီတွင် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားများ ပြည့်နှက်နေခဲ့သည်။

ကြယ်တာရာ အများအပြား စုစည်းသွားချိန်တွင် အတိုင်းအဆမဲ့ တောက်ပပြီး အားကောင်းသော အင်မော်တယ် အလင်းတန်းများ ဖြာထွက်လာခဲ့ကာ ဘုံကိုးပါးကိုပင် တုန်ခါသွားစေခဲ့ပြီး မိုင်ထောင်ချီအထိ သက်ရောက်သွားခဲ့သည်။

ကျန်းချန်က အတွေးတစ်ချက်ဖြင့်ပင် အင်မော်တယ်ဘုရင်၏ ရုပ်အလောင်းကို ထုတ်ဖော်ကာ ဖုန်းချန်ရှင်း ဖန်တီးထားသည့် ဂလက်ဆီမုန်တိုင်းကို တိုက်ရိုက်ပင် တိုးဝင် တိုက်ခိုက်စေလိုက်သည်။

“ဝုန်း..”

ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့ပြီးနောက်တွင် ဖုန်းချန်ရှင်း၏ ဂလက်ဆီမုန်တိုင်းသည် အင်မော်တယ်ဘုရင် ရုပ်အလောင်း၏ ပြင်းထန်စွာ ဝင်ဆောင့်မှုအောက်တွင် ပေါက်ကွဲသွားခဲ့ကာ ကြယ်အလင်းစက်လေးများ အဖြစ် ပြောင်းလဲ၍ ပျောက်ကွယ်သွားခဲ့သည်။

ဖုန်းချန်ရှင်း ကိုယ်တိုင်သည်လည်း လေဟာနယ်ထဲတွင် နောက်သို့ ခြေလှမ်း နှစ်လှမ်း သုံးလှမ်းခန့် ချက်ချင်းဆိုသလို ဆုတ်ခွာလိုက်ရသည်။

ဤအခိုက်အတန့်တွင် သူ့ရှေ့တွင် ဝင့်ကြွားစွာ ရပ်နေသော အင်မော်တယ်ဘုရင် ရုပ်အလောင်းကို မြင်လျှင် သူ၏ မျက်ဝန်းထဲ၌ လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

“ဒါက ဖုန်းချန်း ပြောတဲ့ ရုပ်သေးရုပ် ဆိုတာလား”

သူ၏ အစွမ်းကုန် တိုက်ကွက်သည်ပင် ထိုရုပ်သေးရုပ်၏ ရှေ့မှောက်တွင် အရေးနိမ့်သွားခဲ့ရသည်။

ဆိုရလျှင် ဤရုပ်သေးရုပ်၏ အစွမ်းသတ္တိသည် သူမှန်းဆထားသည်ထက်ပင် ပိုမို၍ ကြောက်မက်ဖွယ် ကောင်းနေခဲ့၏။

ဖုန်းချန်ရှင်းစိတ်ထဲတွင် ထိတ်လန့် တုန်လှုပ်နေစဥ်မှာပင် သူ့ရှေ့မှ ရုပ်သေးရုပ်သည် နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်လာခဲ့သည်။

ရုပ်သေးရုပ်က ဥက္ကာပျံ တစ်စင်းနှယ် ကောင်းကင်ယံကနေ အရှိန်အဟုန် ပြင်းစွာဖြင့် သူ့ထံသို့ ဦးတည်လာခဲ့သည်။

ဖုန်းချန်ရှင်း၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီး ခန္ဓာကိုယ်မှ စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်ကာ ဆန်းကြယ်သော စွမ်းအားများဖြင့် သူ့ထံသို့ တိုးဝင်လာသည့် ရုပ်သေးရုပ်ကို ပစ်ခတ် တိုက်ခိုက်လိုက်သည်။

သို့သော်လည်း ဖုန်းချန်ရှင်း၏ တိုက်ခိုက်မှု မျိုးစုံသည် အင်မော်တယ်ဘုရင် ရုပ်အလောင်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသော်လည်း အင်မော်တယ်ဘုရင်၏ ရုပ်အလောင်းကို အယားပြေရုံမျှသာ ဖြစ်ပြီး အနည်းငယ်မျှပင် ထိခိုက်ဒဏ်ရာရအောင် မစွမ်း‌ဆောင်နိုင်ခဲ့ပေ။

အင်မော်တယ်ဘုရင်၏ ရုပ်အလောင်းက လျင်မြန်သောအရှိန်အဟုန်ဖြင့် တိုးဝင်လာခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာခွန်အားသက်သက်ဖြင့်ပင် ဖုန်းချန်ရှင်း၏ တိုက်ကွက်များကို တစ်ကွက်ပြီးတစ်ကွက် ချေမှုန်းပစ်ခဲ့ကာ အဆုံးသတ်တွင် ဖုန်းချန်ရှင်း၏ ခန္ဓာကိုယ် ပေါ်သို့ လက်သီးဖြင့် ထိုးနှက်လိုက်သည်။

“ဝုန်း..”

ဖုန်းချန်ရှင်း၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် နောက်ပြန် လွင့်စင်သွားခဲ့သည်။

သူ၏ပုံရိပ် ဖြတ်သန်းသွားသော နေရာတိုင်းတွင် ဟင်းလင်းပြင်သည် အပေါက်အပြဲများဖြင့် ပျက်စီးသွားခဲ့၏။

“ဝေ့ါ..”

ဖုန်းချန်ရှင်းက ပေပေါင်း ထောင်ချီ လွင့်စင်သွားပြီးနောက်မှသာ သူ၏ ခန္ဓာကိုယ် ဟန်ချက်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး ပါးစပ်ကနေ သွေးတစ်လုတ်ကိုပါ အန်ထုတ်လိုက်ရသည်။

သို့သော်လည်း ဖုန်းချန်ရှင်း အမောဖြေရန် အချိန်မရမီမှာပင် ရုပ်သေးရုပ်သည် ဟင်းလင်းပြင်ကို နောက်တစ်ကြိမ် ကျော်ဖြတ်ကာ ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားများကို သယ်ဆောင်၍ ထပ်မံ တိုးဝင်လာခဲ့သည်။

ဖုန်းချန်ရှင်း၏ မျက်နှာထက်တွင် ချက်ချင်းဆိုသလို အလွန်အမင်း ထိတ်လန့်တုန်လှုပ်သော အမူအရာများ ပြည့်နှက်သွားခဲ့သည်။

သူ၏ ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ် အဆင့်မျှဖြင့် ဤရုပ်သေးရုပ်၏ ရှေ့မှောက်တွင် မည်သည့် ခုခံနိုင်စွမ်းမျှ ရှိမနေခဲ့ပေ။

ဆိုရလျှင် ဤရုပ်သေးရုပ်သည် အနည်းဆုံး တလော့အင်မော်တယ် တစ်ပါးနှင့် ယှဥ်နိုင်သည့် အစွမ်းသတ္တိမျိုး ရှိနေသည်မှာ သေချာသလောက်ပင်။

အခန်း(၂၈၆၂)ပြီး၏။

All Chapters