← Chapters

အခန်း ၂၈၆၃

Vol. 227 Ch. 2863

အခန်း ၂၈၆၃

Vol. 227 Ch. 2863

အခန်း(၂၈၆၃)

“ကျွန်‌တော် ဖုန်းချန်ရှင်း အညံ့ခံဖို့ ဆန္ဒရှိပါတယ်.. ကျေးဇူးပြုပြီး အသက်ချမ်းသားပေးပါ”

သူ့ထံသို့ ပြင်းထန်စွာ သက်ရောက်လာသည့် ရုပ်သေးရုပ်ကို ကြည့်ရင်း ဖုန်းချန်ရှင်းသည် ဝိညာဥ်လွင့်စင်မတတ် ထိတ်လန့်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် သူက အလျင်အမြန် ဒူးထောက်ကာ အသက်ဘေးမှ ချမ်းသာပေးရန် ကျန်းချန်ကို တောင်းပန်တိုးလျှိုးလိုက်သည်။

ဤရုပ်သေးရုပ်သည် အလွန်တရာ အစွမ်းထက်လွန်းပြီး ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ် အဆင့်ပင်လျှင် ယှဥ်ပြိုင်နိုင်စွမ်း မရှိပေ။

ဆိုရလျှင် သူ၏ အစွမ်းသတ္တိဖြင့် ဤရုပ်သေးရုပ်၏ ‌ရှေ့မှောက်တွင် အနည်းငယ်မျှပင် ခုခံနိုင်စွမ်း မရှိခဲ့ချေ။

အကယ်၍ သူသာ သူ့ရှေ့မှ လူငယ်ထံ အညံ့မခံခဲ့လျှင် ယနေ့တွင် ရုပ်သေးရုပ်၏ လက်ထဲ၌ ကျဆုံးသွားမည်မှာသေချာသလောက်ပင်။

ထို့အပြင် ဤလူငယ်သည် တလော့ အင်မော်တယ် အဆင့် ရှိသည့် ရုပ်သေးရုပ်ကိုပင် သက်တော်စောင့် အဖြစ် ပိုင်ဆိုင်ထားသည်ဖြစ်ရာ ဤလူငယ်၏ မူလဇာစ်မြစ်သည် မည်သည်နည်းနှင့်မှ သာမန် မဟုတ်လောက်ပေ။

လူငယ်၏ နောက်ကွယ်မှ အင်အားစုသည် အနည်းဆုံး တလော့အဆင့် ဖြစ်နိုင်ပြီး ထိုအဆင့်ထက် ကျော်လွန်သော အင်အားစု တစ်ခုပင် မဖြစ်နိုင်ဟု ဆို၍မရပေ။

ဤကဲ့သို့သော ပါရမီရှင်တစ်ဦး ထံတွင် အညံ့ခံခြင်းသည် ဖုန်းချန်ရှင်း အတွက် လက်မခံနိုင်စရာအကြောင်း မရှိပေ။

ယင်းက ဖုန်းမိသားစု အတွက် ပင်လျှင် အကျိုးရှိလာနိုင်ပေသည်။

ဖုန်းချန်ရှင်း၏ အညံ့ခံမှုကို မြင်လိုက်ရလျှင် ကျန်းချန်သည် အတွေးတစ်ချက်ဖြင့်ပင် ဖုန်းချန်ရှင်း ထံသို့ ပြင်းထန်စွာ တိုးဝင်လာသော အင်မော်တယ်ဘုရင် ရုပ်အလောင်းကို လေဟာနယ်ထဲ၌ ချက်ချင်းဆိုသလို ရပ်တန့်စေခဲ့သည်။

“ဖုန်းချန်ရှင်း.. မင်းအနေနဲ့ င့ါအပေါ်မှာ အကြွင်းမဲ့သစ္စာ ရှိဖို့တော့ လိုအပ်တယ်.. မဟုတ်ရင်တော့ မင်းနဲ့ ဖုန်းမိသားစု တစ်ခုလုံးက ကြီးမားတဲ့ အဖိုးအခကို ပေးဆပ်ရလိမ့်မယ်လို့ ငါအာမခံတယ်”

ကျန်းချန်က ဖုန်းချန်ရှင်းကို အေးစက်စက် ကြည့်ကာ ပြောလိုက်ပြီးနောက်တွင် အင်မော်တယ်ဘုရင် ရုပ်အလောင်းကို သူ့ထံသို့ ပြန်လာရန် ထိန်းချုပ်လိုက်သည်။

သူက ဖုန်းချန်ရှင်းနှင့် ဖုန်းမိသားစုကို သိမ်းသွင်းလိုရသည့် အကြောင်းအရင်းမှာ ပိယွင်အင်မော်တယ်နန်းတော်ကို တိုက်ခိုက်ချေမှုန်းရန် အတွက် ကြိုတင်ပြင်ဆင်ခြင်းလည်းဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ပိုထျန်းအင်မော်တယ်ဂိုဏ်းသည် အလွန်တရာ အားနည်းလွန်းနေသေးသောကြောင့်ပင်။

မကြာသေးမီက ပိုထျန်း အင်မော်တယ်ဂိုဏ်းသည် သူ၏ ကူညီပံ့ပိုးပေးမှုဖြင့် လျင်မြန်စွာ တိုးတက်လာခဲ့သော်လည်း အချိန်တိုအတွင်း ကြီးထွားလာရန်မှာ မလွယ်ကူသောကိစ္စ တစ်ခုပင်။

သို့သော်လည်း ဖုန်းကန်းအင်မော်တယ်မြို့တော်မှ ဖုန်းမိသားစုကမူ မတူညီပေ။

ဖုန်းမိသားစုသည် ဝိရောဓိနယ်မြေထဲတွင် နှစ်ပေါင်းများစွာ အစဥ်အဆက် တည်ရှိလာခဲ့သော မိသားစုတစ်စု ဖြစ်ပြီး စစ်မှန်သော တလော့အဆင့် အင်အားစုထက် အနည်းငယ်မျှသာ နိမ့်ကျသော အင်အားစု ဖြစ်သည်။

အကယ်၍ သူသာ ဖုန်းမိသားစုကို သိမ်းသွင်းနိုင်ခဲ့လျှင် ယင်းသည် ပိယွင်အင်မော်တယ် နန်းတော်ကို ရင်ဆိုင်ဖြေရှင်းရာတွင် သေချာပေါက် ကြီးမားသော အထောက်အပံ့ တစ်ခု ဖြစ်လာပေလိမ့်မည် မဟုတ်ပါလော။

“သခင်လေး စိတ်ချပါ.. ချန်ရှင်းနဲ့ ဖုန်းမိသားစု တစ်ခုလုံးက သခင်လေးရဲ့ အမိန့်ပေးစေခိုင်းမှုအောက်မှာ ထာဝရရှိနေမှာပါ.. သခင်လေး အမိန့်ပေးသရွေ့ ကျွန်တော်တို့ ဖုန်းမိသားစုက ဘယ်တော့မှ ငြင်းဆန်မှာ မဟုတ်ဘူး”

ဖုန်းချန်ရှင်းက တရိုတသေ အမူအရာဖြင့် အလျင်အမြန်ပြောလိုက်သည်။

ကျန်းချန်၏ နောက်ကွယ်မှ အင်အားစုကို ထည့်မပြောလျှင်ပင် ကျန်းချန်၏ နံဘေးရှိ ရုပ်သေးရုပ် တစ်ခု၏ အစွမ်းသတ္တိသည်ပင် တလော့အင်မော်တယ် တစ်ပါးထက် မနိမ့်ကျဘဲ ဖုန်းမိသားစုကို အလွယ်တကူ ဖျက်ဆီးပစ်ရန် လုံလောက်သည်။

သို့ဖြစ်ရာ ဖုန်းမိသားစုသည် ကျန်းချန်ကို မည်ကဲ့သို့ ပြဿနာ ရှာဝံ့ပါမည်နည်း။

“မင်းတို့ ဖုန်းမိသားစုရဲ့ ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီးကို ယူလိုက်ရတဲ့ အတွက် စိတ်မကောင်းပါဘူး.. ငါ မင်းတို့အပေါ်မှာ ကျေးဇူးကြွေး တစ်ခု တင်သွားခဲ့ပြီ”

ကျန်းချန်က ဖုန်းချန်ရှင်းကို တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။

“ခင်ဗျားတို့ ဖုန်းမိသားစု အနေနဲ့ ကျုပ်ရဲ့အမိန့်ကို တစ်သဝေမတိမ်း လိုက်နာမယ် ဆိုရင် ကျုပ် ခင်ဗျားတို့ကို ဆိုးဆိုးရွားရွား ဆက်ဆံမှာမဟုတ်ဘူး.. ဒါ့အပြင် ခင်ဗျားကိုလည်း နောင်တစ်ချိန်မှာ တလော့အဆင့်ကို ထိုးဖောက် ဝင်ရောက်နိုင်ဖို့ ကူညီပေးမယ်”

“ချန်ရှင်း နားလည်းပါပြီ”

ဖုန်းချန်ရှင်းက ခေါင်းညိတ်လိုက်ပြီး ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

“သခင်လေး နောက်ထပ် ဘယ်ကိုသွားဖို့ ရည်ရွယ်ထားလဲသိပါရစေ.. ဒီအစေခံက ဒီဝိရောဓိနယ်မြေထဲမှာ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့တာ ဆိုတော့ သခင်လေးအတွက် လမ်းပြပေးနိုင်ပါတယ်”

“ငါ့ရဲ့ ဒီတစ်ခေါက် ခရီးစဥ် ရည်ရွယ်ချက်က ကျိရီအင်မော်တယ်တောင်တန်းပဲ.. မင်းတို့ ဖုန်းမိသားစုမှာ ကျိရီအင်မော်တယ်တောင်တန်းနဲ့ ပတ်သက်ပြီး သတင်း အချက်အလက်တစ်ခုခု ရှိလား”

ကျန်းချန်က အပိုစကားများ ပြောမနေတော့ဘဲ ကျိရီအင်မော်တယ် တောင်တန်းနှင့် ပတ်သက်၍ တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။

သူက ယခုတစ်ကြိမ်တွင် ကံကောင်းထောက်မစွာဖြင့် ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီး တစ်လုံးကို ရရှိခဲ့ပြီး ထိုသစ်သီးသည် သူ့ကို ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အင်မော်တယ် စွမ်းအားကို နားလည်ရန် ကူညီပေးနိုင်စွမ်း ရှိသည်။

သို့သော်လည်း အကယ်၍ သူသာ ကျိရီအင်မော်တယ်တောင်တန်း၏ သတင်းကို ရရှိခဲ့လျှင် ကျိရီ အင်မော်တယ်တောင်တန်းကို မဖြစ်မနေ သွားရောက် စူးစမ်းမည်မှာ သေချာသည်။

“ကျိရီအင်မော်တယ်တောင်တန်းလား”

ဖုန်းချန်ရှင်းက မအံ့ဩဘဲ မနေနိုင်တော့ပေ။

ကျန်းချန်၏ ယခုတစ်ကြိမ် ခရီးစဥ် ရည်ရွယ်ချက်က ဝိရောဓိနယ်မြေ၏ ဒဏ္ဍာရီလာ နေရာတစ်ခု ဖြစ်သော ကျိရီ အင်မော်တယ်တောင်တန်း ဖြစ်နေလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။

“သခင်လေး.. ကျိရီ အင်မော်တယ်တောင်တန်းက လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက ဝိရောဓိနယ်မြေရဲ့ နံပါတ်တစ် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်ပြီး ဟန်ယွင်အင်မော်တယ်အဆင့်ကို ရောက်ရှိခဲ့တဲ့ အရှင်ဇူယွီနဲ့ အတူ ပျောက်ကွယ်သွားခဲ့ပါပြီ.. အခုအချိန်မှာ ကျိရီ အင်မော်တယ်တောင်တန်းက ဝိရောဓိနယ်မြေရဲ့ ဒဏ္ဍာရီတစ်ခုတောင် ဖြစ်နေခဲ့ပြီ"

"ဒီနှစ်တွေအတွင်း ဝိရောဓိနယ်မြေထဲမှာ ကျိရီ အင်မော်တယ်တောင်တန်းကို ရှာဖွေတွေ့ရှိခဲ့ဖူးတဲ့ တစ်ဦးတည်းသောသူက တစ်ယောက်ပဲ ရှိတယ် အဲဒီလူက အရှင်ထိုက်ယွမ်ပဲ.. ဒါပေမဲ့ အရှင်ထိုက်ယွမ်က ဝိရောဓိနယ်မြေကနေ ထွက်ခွာသွားခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်တဲ့ အတွက် ဝိရောဓိနယ်မြေထဲမှာ ဘယ်သူကမှ ကျိရီ အင်မော်တယ်တောင်တန်းရဲ့ တည်နေရာကို မသိကြတော့ဘူး”

ဖုန်းချန်ရှင်းက မချိပြုံးပြုံးကာ ပြောလိုက်သည်။

ဝိရောဓိနယ်မြေ တစ်ခုလုံးတွင် ဖုန်းချန်ရှင်း မသိသောနေရာ ဟူ၍ မရှိသလောက်ပင် ဖြစ်သော်လည်း ကျိရီအင်မော်တယ်တောင်တန်းကမူ ခြွင်းချက် ဖြစ်သည်။

ကျန်းချန်က မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

“ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းကရော”

ဖုန်းချန်ရှင်းက တစ်ခဏမျှ စဥ်းစားလိုက်ပြီးမှ ပြန်ဖြေလိုက်သည်။

“ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းနဲ့ အရှင်ထိုက်ယွမ်တို့ရဲ့ ဆက်ဆံရေးက အရမ်းကို ထူးခြားတယ်.. အရှင်ထိုက်ယွမ်က ကျိရီအင်မော်တယ်တောင်တန်းရဲ့ သတင်းအချက်အလက်ကို ယွမ်ထျန်း အင်မော်တယ်ဂိုဏ်းမှာ ချန်ထားခဲ့တာလည်း ဖြစ်နိုင်ပါတယ်”

သို့သော်လည်း ယွမ်ထျန်း အင်မော်တယ်ဂိုဏ်းသည် ဝိရောဓိနယ်မြေ အတွင်းရှိ ထိပ်တန်း တလော့အဆင့် အင်အားစုတစ်စု ဖြစ်ပြီး တလော့အင်မော်တယ် တစ်ဦးထက်မက ရှိသော အင်အားစုလည်း ဖြစ်သည်။

ထို့အပြင် ယွမ်ထျန်းအင်မော်တယ်ဂိုဏ်း၏ နောက်ကွယ်တွင် ဝိရောဓိနယ်မြေ၏ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သူ အရှင်ထိုက်ယွမ်လည်း ရှိနေခဲ့၏။

လက်ရှိတွင် အရှင်ထိုက်ယွမ်သည် ဝိရောဓိနယ်မြေထဲတွင် မရှိတော့သော်လည်း ဝိရောဓိနယ်မြေ ထဲ၌ သူ ချန်ထားရစ်ခဲ့သည့် နာမည်ဂုဏ်သတင်းကြောင့် ဝိရောဓိနယ်မြေထဲရှိ ထိုက်ယီအဆင့် အင်အားစုကြီး လေးခုပင်လျှင် ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းကို ရန်မစဝံ့ကြပေ။

ထို့ကြောင့် ယွမ်ထျန်းအင်မော်တယ်ဂိုဏ်း၏ ဝိရောဓိနယ်မြေအတွင်းရှိ အဆင့်အတန်းသည် ထိုက်ယီအဆင့် အင်အားစု လေးခုထက်ပင် မနိမ့်ကျပေ။

အကယ်၍ အရှင်ထိုက်ယွမ်က ကျိရီအင်မော်တယ်တောင်တန်း၏ သတင်းကို ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းတွင် အမှန်တကယ် ချန်ထားရစ်ခဲ့လျှင်ပင် ယွမ်ထျန်း အင်မော်တယ်ဂိုဏ်းထံကနေ ကျိရီအင်မော်တယ်တောင်တန်း၏ တည်နေရာကို သိရှိနိုင်ရန်မှာ သေချာပေါက် လွယ်ကူသော အလုပ်တစ်ခု ဖြစ်လိမ့်မည် မဟုတ်ပေ။

“သခင်လေး.. ကျိရီ အင်မော်တယ် တောင်တန်းကို ဝိရောဓိနယ်မြေထဲက ထိုက်ယီအဆင့် အင်အားစုကြီး လေးခုက အမြဲတစေ စိတ်ဝင်စားခဲ့ကြတယ်.. ဒါပေမဲ့ သူတို့တွေက အရှင်ထိုက်ယွမ်ကို ကြောက်ရွံ့ကြတဲ့ အတွက် ပေါ့ပေါ့ဆဆ မလှုပ်ရှားခဲ့ကြဘူး.. အခု အရှင်ထိုက်ယွမ် ပျောက်ကွယ်သွားခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဆိုတော့ ထိုက်ယီအဆင့်အင်အားစုကြီး လေးစုက စတင်လှုပ်ရှားလာကြပြီ.. တကယ်လို့ သခင်လေးအနေနဲ့ ကျိရီ အင်မော်တယ်တောင်တန်းရဲ့ သတင်းကို သိချင်ရင် ထိုက်ယီအဆင့်အင်အားစုကြီး လေးခုက လူတွေနဲ့ ပူးပေါင်းနိုင်ပါတယ်”

ဖုန်းချန်ရှင်းက တစ်ခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို ကျန်းချန်ကို အကြံပေးလိုက်သည်။

ကျန်းချန်က ခေါင်းညိတ်၍‌ပြောလိုက်သည်။

“ဒီကိစ္စကို လောလောဆယ်တော့ မင်းကို လွှဲထားလိုက်မယ်.. အရင်ဆုံး မင်းတို့ ဖုန်းမိသားစုဆီ သွားကြရအောင်”

ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းသည် အင်အား တောင့်တင်းသော တလော့အဆင့် အင်အားစု ဖြစ်သည်။

သူ့ထံတွင် အင်မော်တယ်ဘုရင် ရုပ်အလောင်း ရှိနေလျှင်ပင် ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းကို ကျိရီအင်မော်တယ်တောင်တန်း၏ သတင်းအား အတင်းအကျပ် ပြောပြခိုင်းရန်မှာ မဖြစ်နိုင်သလောက်ပင်။

ထို့ကြောင့် ကျိရီ အင်မော်တယ်တောင်တန်း၏ သတင်းကို ရရှိလိုလျှင် ပြင်ပအင်အား တချို့ကို အသုံးပြုရန် အမှန်တကယ် လိုအပ်နေခဲ့သည်။

မည်သို့ပင်ဖြစ်စေကာမူ ကျန်းချန်သည် အလောတကြီး ဖြစ်မနေခဲ့ပေ။

ဤကိစ္စကို ဖုန်းချန်ရှင်း ကိုင်တွယ် ဖြေရှင်းနေသည့် အချိန်ကို အသုံးချကာ သူ့အနေဖြင့် အချိန်ကာလတစ်ခု အထိ တံခါးပိတ် ကျင့်ကြံပြီး ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီးကို အသုံးပြု၍ ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အင်မော်တယ်စွမ်းရည်ကို နားလည်သဘောပေါက်နိုင်မလား စမ်းသပ်ကြည့်ရန် ဆုံးဖြတ်ထားခဲ့သည်။

ဖုန်းချန်ရှင်း၏ ဦးဆောင် လမ်းပြမှုအောက်တွင် ကျန်းချန်သည် မကြာခင်မှာပင် ဖုန်းကန်းအင်မော်တယ် မြို့တော်ရှိ ဖုန်းမိသားစု ဆီသို့ ရောက်ရှိလာခဲ့သည်။

သူက ဖုန်းချန်ရှင်းကို ကျိရီအင်မော်တယ်တောင်တန်း၏ သတင်းအချက်အလက်ကို စုံစမ်းရန် အပြည့်အဝ လွှဲအပ်လိုက်ပြီး သူကိုယ်တိုင်ကမူ ဖုန်းမိသားစု ထံကနေ လျှို့ဝှက်အခန်းတစ်ခန်းကို တောင်းဆိုကာ ကျင့်ကြံမှုကို စတင်လိုက်သည်။

လျှို့ဝှက်ခန်းထဲတွင် ကျန်းချန်သည် အချိန်မျှော်စင် ထဲသို့ တိုက်ရိုက် ဝင်ရောက်လိုက်ပြီး မကြာသေးမီက သူရရှိခဲ့သော ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီးကို ထုတ်ယူကာ မဆိုင်းမတွပင် မျိုချလိုက်သည်။

ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီးသည် ပါးစပ်ထဲသို့ ရောက်သွားသည်နှင့် ချက်ချင်းပင် အရည်ပျော်သွားခဲ့ပြီး နွေးထွေးသော စွမ်းအင်စီးကြောင်း တစ်ခု အဖြစ် ပြောင်းလဲသွားခဲ့ကာ ကျန်းချန်၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားခဲ့သည်။

ယင်းအခိုက်အတန့်တွင် ကျန်းချန်သည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ဆန်းကြယ်ပြီး ဗလာကျင်းနေသော ထူးခြားသည့် အခြေအနေ တစ်ခုထဲသို့ ရောက်ရှိသွားသလို ခံစားလိုက်ရ၏။

ဤခံစားချက်သည် အမည်မဲ့အင်မော်တယ် နှင်းရည်ကို သောက်သုံးစဥ်က ခံစားချက်နှင့် အနည်းငယ် ဆင်တူသော်လည်း ထိုထက် ပိုမို၍ ဆန်းကြယ်နေခဲ့သည်။

ကျန်းချန်က သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ကောင်းကင်နှင့်မြေပြင်တို့နှင့် တစ်သားတည်း ပေါင်းစည်းသွား သကဲ့သို့ ခံစားလိုက်ရပြီး စကားဖြင့်ပင် ဖော်ပြရန် ခက်ခဲသည့် ဆန်းကြယ်သည့် စွမ်းအားတစ်ခုကို တဖြည်းဖြည်း ကျွမ်းကျင် ပိုင်နိုင်လာခဲ့သည်။

အချိန်မည်မျှ ကြာမြင့်သွားသည်ကို မသိရ‌ပေ။

ကျန်းချန်သည် အဆုံးသတ်တွင် ထိုလျှို့ဝှက်ဆန်းကြယ်သော အခြေအနေကနေ ဖြည်းညင်းစွာ ပြန်လည် နိုးထလာခဲ့ပြီး စိတ်လှုပ်ရှားဖွယ်ကောင်းသော စနစ်၏ အချက်ပေးသံသည် ကျန်းချန်၏ စိတ်ထဲတွင် တိုက်ရိုက် ထွက်ပေါ်လာခဲ့သည်။

အခန်း(၂၈၆၃)ပြီး၏။

All Chapters