အခန်း ၂၈၆၄
Vol. 227 Ch. 2864
အခန်း(၂၈၆၄)
“ဒင်.. သင်က ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီးကို မျိုချပြီး အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ”
“ဒင်.. သင်၏ ကျင့်ကြံခြင်းအဆင့်က ရွှေအင်မော်တယ် စတုတ္ထအဆင့် အထွတ်အထိပ်ကို ရောက်ရှိသွားပါပြီ”
“ဒင်.. သင်က ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီးကို မျိုချပြီး ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ အင်မော်တယ် စွမ်းအားကို နားလည်သဘောပေါက်သွားပါပြီ”
“ဒင်.. သင့်ရဲ့ ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ အင်မော်တယ်စွမ်းရည်က အသေးစား အောင်မြင်မှု အဆင့်ကို ရောက်ရှိသွားခဲ့ပါပြီ”
သူ၏ စိတ်ထဲတွင် ထွက်ပေါ်လာသည့် စနစ်၏ အချက်ပေးသံကို ကြားလိုက်ရလျှင် ကျန်းချန်သည် သူ၏ မျက်လုံးများကို ရုတ်တရက် မဖွင့်ဘဲ မနေနိုင်တော့ပေ။
သူ၏ မျက်နှာထက်တွင်လည်း ဝမ်းသာသော အရိပ်အယောင်မျာ ထင်ဟပ်သွားခဲ့သည်။
ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီး၏ အာနိသင်က အမှန်တကယ်ပင် ထူးခြားဆန်းပြားသည်။
ယင်းက သူ့ကိုရွှေအင်မော်တယ် စတုတ္ထအဆင့် အထွတ်အထိပ်သို့ ထိုးဖောက်ဝင်ရောက်ရန် ခွင့်ပြုပေးခဲ့ရုံသာမက ဆယ်စုနှစ်ပေါင်းများစွာ သို့မဟုတ် ရာစုနှစ်ပေါင်းများစွာ ကြာမြင့်ရမည့် အချိန်များကို သက်သာစေခဲ့ပြီး ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်မည့် အင်မော်တယ်စွမ်းရည်ကို နားလည်သွားစေခဲ့သည်။
သူ၏ လက်ရှိ ရွှေအင်မော်တယ် စတုတ္ထအဆင့် အထွတ်အထိပ် ကျင့်ကြံမှုဖြင့် ဆိုလျှင် ရွှေအင်မော်တယ် အဋ္ဌမအဆင့် ကျင့်ကြံသူကိုပင် ယှဥ်ပြိုင်ရန် လုံလောက်သွားပြီ ဖြစ်သည်။
အကယ်၍ ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အင်မော်တယ်စွမ်းအားဖြင့်ပါ ပေါင်းစပ်လိုက်မည် ဆိုလျှင် သာမန် ရွှေအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူတစ်ဦးပင် သူ၏ ပြိုင်ဘက် ဖြစ်လာနိုင်မည် မဟုတ်ပေ။
“ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီးရဲ့ အာနိသင်ကို ချေဖျက်တာ အချိန်အတော်လေး ကြာသွားပုံပဲ.. ကျိရီအင်မော်တယ်တောင်တန်းရဲ့ သတင်းကို ဖုန်းချန်ရှင်း စုံစမ်းလို့ ရနေပြီလား မသိဘူး”
ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
သူက ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီး၏ အကူအညီဖြင့် ကမ္ဘာကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သော အင်မော်တယ်စွမ်းရည်ကို နားလည် သဘောပေါက်ခဲ့သော်လည်း အသေးစားအောင်မြင်မှု အဆင့်သာ ရှိသေးပြီး နောက်ပိုင်းတွင် အကြီးစား အောင်မြင်မှုနှင့် ပြီးပြည့်စုံသော အဆင့်များကိုကျော်ဖြတ်ရဦးမည်ဖြစ်သည်။
ကမ္ဘာလောကကြီးကို လွှမ်မိုးချုပ်ကိုင်နိုင်သော အင်မော်တယ်စွမ်းရည်သည် ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိမှသာလျှင် တလော့အင်မော်တယ် အဆင့်ထက် ကျော်လွန်သော အဆင့်ကို ရောက်ရှိနိုင်ရန် အတွက် ပိုမို မြင့်မားသော အင်မော်တယ်လမ်းစဥ် ဥပဒေသများကို နားလည်သဘောပေါက်ရန် အရည်အချင်း ပြည့်မီလိမ့်မည် ဖြစ်သည်။
ယင်းကြောင့် အရှင်ထိုက်ယွမ် အနေဖြင့် ကျိရီ အင်မော်တယ်တောင်တန်းမှ တစ်ဆင့် တလော့အဆင့် အထက်ရှိ ထိုက်ယီအင်မော်တယ် အဆင့်သို့ တစ်ဟုန်ထိုး ချိုးဖောက် ဝင်ရောက်နိုင်ခဲ့ခြင်းမှာ ကျိရီ အင်မော်တယ် တောင်တန်း ထဲတွင် အင်မော်တယ်လမ်းစဥ် ဥပဒေသများကို နားလည်သဘောပေါက်ရန် အကူအညီ ပေးနိုင်သည့် ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီးထက် မနိမ့်ကျသည့် ရတနာများ ရှိနေကြောင်း သက်သေပြရန် လုံလောက်နေခဲ့သည်။
ကျန်းချန်က ကျိရီ အင်မော်တယ် တောင်တန်း၏ သတင်းကို ရရှိသည်နှင့် ထိုနေရာသို့ သွားရောက်ရန် ရည်ရွယ်ထားခဲ့သည်။
ဤအကြောင်းကို တွေးတောနေရင်း ကျန်းချန်သည် ထပ်မံ၍ တုံ့ဆိုင်းမနေတော့ဘဲ အချိန်မျှော်စင်၏ ဒုတိယထပ်ကနေ ပျောက်ကွယ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ဖုန်းမိသားစု၏ အစည်းအဝေး ခန်းမထဲတွင် ဖုန်းမိသားစု၏ ဘိုးဘေး ဖြစ်သူ ဖုန်းချန်ရှင်းသည် အဓိက ထိုင်ခုံတွင် ထိုင်နေပြီး သူ၏ နံဘေးတွင် ဖုန်းမိသားစုမှ အကြီးအကဲ တချို့ မတ်တတ် ရပ်နေကြသည်။
ဖုန်းချန်ရှင်းနှင့် ဆန့်ကျင်ဘက်တွင်မူ အဘိုးအို တစ်ဦးနှင့် လူငယ်တစ်ဦး တည်ငြိမ်စွာ ထိုင်နေကြသည်။
ထိုအဘိုးအိုက အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အသက်အရွယ်ကမူ ဖုန်းချန်ရှင်းနှင့် အတူတူလောက်ပင် ဖြစ်ပုံရကာ အရှိန်အဝါသည်လည်း ဖုန်းချန်ရှင်းနှင့် သိပ်မကွာပေ။
ဆိုရလျှင် ထိုအဘိုးအိုသည်လည်း တလော့အဆင့်ကို တက်လှမ်းရန် အလွန် နီးကပ်နေသည့် ခြေလှမ်းတစ်ဝက် တလော့အဆင့် ကျင့်ကြံသူပင် ဖြစ်သည်။
အဘိုးအို၏ နံဘေးတွင်မူ မာနထောင်လွှားသော အမူအရာရှိသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦး ရှိနေခဲ့၏။
ထိုအနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ရွှေအင်မော်တယ် စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၍ ဖုန်းမိသားစု၏ သခင်လေး ဖြစ်သူ ဖုန်းချွမ်ထက်ပင် ပိုမို သာလွန်နေခဲ့သည်။
“ဟွမ်ဖန်စူ.. မင်းက ဖုန်းမိသားစုကို ဘာကိစ္စကြောင့် ရောက်လာတာလဲ”
ဖုန်းချန်ရှင်းက အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကို ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
ချီဟွမ် အင်မော်တယ်မြို့တော်သည် ဖုန်းကန်း အင်မော်တယ်မြို့တော်နှင့် အနီးဆုံးတွင် တည်ရှိသည့် အင်မော်တယ်မြို့တော် တစ်မြို့ ဖြစ်သည်။
ချီဟွမ်အင်မော်တယ်မြို့တော်မှ ဟွမ်မိသားစုသည် အင်အားအဆင့်အတန်းအရ ဖုန်းမိသားစုနှင့် အတူတူပင်ဖြစ်ပြီး ခြေလှမ်းတစ်ဝက် တလော့အဆင့် ကျင့်ကြံသူ တစ်ဦးကို ပိုင်ဆိုင်ထားသည်။
သူ၏ရှေ့မှောက်ရှိ အနက်ရောင်ဝတ်စုံဝတ် အဘိုးအို ဟွမ်ဖန်စူသည် ဟွမ်မိသားစုမှ ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ်ပင် ဖြစ်သည်။
ဖုန်းမိသားစုနှင့် ဟွမ်မိသားစု တို့သည် မြို့တော်ချင်း နီးကပ်စွာ တည်ရှိနေကြသဖြင့် အရင်းအမြစ်တချို့ အတွက် ပိုင်ဆိုင်ခွင့် အငြင်းပွားမှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိသည်။
သို့သော်လည်း နှစ်ဖက်အင်အားက တူညီနေခဲ့၍ မည်သည့် ဘက်ကမှ အသာမရခဲ့ပေ။
သို့ရာတွင် လွန်ခဲ့သော နှစ်ပေါင်းရာချီက ဟွမ်မိသားစု၏ သခင်လေး ဖြစ်သူ ဟွမ်ကျီသည် ထိုက်ယီအဆင့် အင်အားစုဖြစ်သည့် တိကွန် အင်မော်တယ်နန်းတော်မှ အကြီးအကဲတစ်ဦး၏ မျက်စိကျခြင်းကို ခံခဲ့ရပြီး တိကွန် အင်မော်တယ်နန်းတော်၏ တပည့်ရင်းတစ်ဦး ဖြစ်လာခဲ့သည်။
ဤနှစ်ပိုင်းအတွင်း တိကွန်အင်မော်တယ်နန်းတော်၏ ပံ့ပိုးကူညီမှုဖြင့် ဟွမ်မိသားစုသည် ဖုန်းမိသားစုကို ကျော်လွန်ရန် အလားအလာ ရှိလာခဲ့သည်။
ယနေ့တွင် ဟွမ်ဖန်စူသည် ဟွမ်မိသားစု၏ သခင်လေး ဖြစ်သူ ဟွမ်ကျီကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ရာ ရည်ရွယ်ချက်ကောင်း ရှိမနေမှန်း ထင်ရှားနေခဲ့သည်။
“ဖုန်းချန်ရှင်း.. ငါဒီနေ့ ဒီကိုလာရတာက အဓိကအကြောင်းအရင်း နှစ်ခုရှိတယ်”
ဟွမ်ဖန်စူက အပိုစကားများ ပြောမနေတော့ဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။
“ပထမကိစ္စကတော့ ဖုန်းချီအင်မော်တယ်တောင်တန်းရဲ့ပိုင်ဆိုင်မှုပဲ.. ငါတို့ မိသားစုနှစ်ခုက ဖုန်းချီအင်မော်တယ်တောင်တန်း အတွက် နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြတယ်.. အခုက ဖုန်းချီ အင်မော်တယ်တောင်တန်းရဲ့ ပိုင်ရှင် အစစ်အမှန်ကို ဆုံးဖြတ်ရမဲ့ အချိန် ရောက်ပြီ”
ဟွမ်ဖန်စူ၏ စကားကိုကြားလျှင် ဖုန်းချန်ရှင်းက အနည်းငယ် မျက်နှာပျက်သွားခဲ့သည်။
ဖုန်းချီအင်မော်တယ်တောင်တန်းသည် ချီဟွမ် အင်မော်တယ် မြို့တော်နှင့် ဖုန်းကန်းအင်မော်တယ် မြို့တော်ကြားတွင် တည်ရှိသော ရှေးဟောင်း အင်မော်တယ်တောင်တန်း တစ်ခုဖြစ်သည်။
ယင်းနေရာတွင် အရင်းအမြစ်များ ကြွယ်ဝပြီး မရေမတွက်နိုင်သော ရှားပါး ကုန်ကြမ်းများနှင့် အင်မော်တယ် ရတနာများ ထွက်ပေါ်လာလေ့ ရှိသည်။
ထို့ကြောင့် အချိန်ရှိသရွေ့ ဖုန်းမိသားစုနှင့် ဟွမ်မိသားစုသည် ဖုန်းချီအင်မော်တယ်တောင်တန်းကို ပိုင်ဆိုင်ခွင့်ရရန် တိုက်ခိုက်ခဲ့သော်လည်း တစ်ဖက်နှင့်တစ်ဖက် မည်သည့်ဘက်ကမှ အသာစီးမရရှိခဲ့ပေ။
နောက်ပိုင်းတွင် ဖုန်းချီ အင်မော်တယ်တောင်တန်း၏ အရင်းအမြစ်များကို ဖုန်းမိသားစုနှင့် ဟွမ်မိသားစု တို့သည် ပူးတွဲစီမံ ခန့်ခွဲခဲ့ကြသည်။
ယခုအခါ ဟွမ်မိသားစုသည် တိကွန် အင်မော်တယ်နန်းတော်၏ အထောက်အပံ့ကို ရရှိထားပြီ ဖြစ်ရာ ၎င်းတို့၏ အင်အားသည် ဖုန်းမိသားစုထက် တဖြည်းဖြည်း သာလွန်လာခဲ့သည်။
ဆိုရလျှင် ဟွမ်မိသားစုသည် ဖုန်းချီ အင်မော်တယ်တောင်တန်း၏ အရင်းအမြစ်များကို ဖုန်းမိသားစုနှင့် ဆက်လက် မျှဝေခံစားလိုခြင်း မရှိတော့ခြင်းပင်။
ဖုန်းချန်ရှင်းက နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။
“ဟွမ်ဖန်စူ.. ဖုန်းချီအင်မော်တယ်တောင်တန်းက မင်းနဲ့ငါ့ရဲ့ ပူးတွဲ ထိန်းချုပ်မှုအောက်မှာ အမြဲတစေ ရှိခဲ့တယ်.. တကယ်လို့ မင်းတို့ ဟွမ်မိသားစုက ဖုန်းချီအင်မော်တယ်တောင်တန်းရဲ့ အရင်းအမြစ်တွေကို တစ်ယောက်တည်း မောင်ပိုင်စီးချင်တယ် ဆိုရင် မင်းတို့မှာ အဲဒီလို စွမ်းရည်ရှိ မရှိ ကြည့်ရသေးတာပေါ့”
“ဖုန်းချန်ရှင်း.. ငါ မင်းနဲ့ အပိုစကားတွေ မပြောချင်ဘူး”
ဟွမ်ဖန်စူက ဂရုမစိုက်သော အမူအရာဖြင့် ပြောလိုက်သည်။
“ငါတို့ ဖုန်းချီအင်မော်တယ်တောင်တန်းနဲ့ ပတ်သက်ပြီး တိုက်ပွဲရလဒ်နဲ့ပဲ ဆုံးဖြတ်ကြတာပေါ့”
ထိုစကားကိုကြားလျှင် ဖုန်းချန်ရှင်းက ဟွမ်ဖန်စူကို စိုက်ကြည့်လိုက်သည်။
“မင်းငါ့ကို အနိုင်ယူနိုင်မယ်လို့ ဒီလောက်တောင် ယုံကြည်ချက်ရှိနေတာလား”
“နိုင် မနိုင်ဆိုတာ စမ်းကြည့်ရင် သိရမှာပေါ့”
ဟွမ်ဖန်စူက ဖုန်းချန်ရှင်းကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။
“တကယ်လို့ မင်းကိုယ်တိုင် မတိုက်ခိုက်ချင်ဘူး ဆိုရင်လည်း ရတယ်.. မင်းတို့ဖုန်းမိသားစုရဲ့ လူငယ်တပည့်တွေထဲက တစ်ယောက်ယောက်က ဟွမ်ကျီကို အနိုင်ယူနိုင်သရွေ့ ဖုန်းချီအင်မော်တယ် တောင်တန်းက မင်းတို့ ဖုန်းမိသားစုရဲ့ပိုင်ဆိုင်မှုအဖြစ် ငါသတ်မှတ်ပေးမယ်”
ဖုန်းချန်ရှင်း၏ စိတ်ထဲတွင် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။
ဟွမ်ဖန်စူသည် သူ့ထက် ခေတ်တစ်ခေတ် စောခဲ့သူ ဖြစ်ပြီး သူ့ထက်အရင် ခြေလှမ်းတစ်ဝက် တလော့အဆင့်ကို နှစ်ပေါင်းသောင်းချီ၍ ရောက်ရှိနေခဲ့သူ ဖြစ်သည်။
သူ့အနေဖြင့် ဟွမ်ဖန်စူကို ရှုံးနိမ့်လိမ့်မည်ဟု မယူဆသော်လည်း ထိုအဘိုးကြီးက ဖုန်းမိသားစုထံ လာရောက်စိန်ခေါ်ဝံ့ပုံ ထောက်လျှင် သေချာပေါက် ပြင်ဆင်မှုရှိနေလောက်သည်။
ထို့အပြင် လက်ရှိ ဟွမ်မိသားစု၏နောက်ကွယ်တွင် ထိုက်ယီအဆင့် အင်အားစု ဖြစ်သော တိကွန်အင်မော်တယ်နန်းတော်၏ ပံ့ပိုးမှု ရှိနေသဖြင့် ဟွမ်ဖန်စူ၏ စွမ်းရည်သည် သူ့ထက် ပိုမိုသာလွန်နိုင်ခြေ ရှိသည်။
အကယ်၍ သူသာ ဟွမ်ဖန်စူနှင့် ရင်ဆိုင်ရမည် ဆိုလျှင် ဖုန်းချန်ရှင်းသည် အမှန်တကယ်ပင် ယုံကြည်ချက် သိပ်မရှိပေ။
သို့ရာတွင် မျိုးဆက်သစ်များဖြင့် ရလဒ်ကို ဆုံးဖြတ်ပြန်လျှင်လည်း ဖုန်းချွမ် မရှိတော့သော ဖုန်းမိသားစုသည် ဟွမ်မိသားစုနှင့် ယှဥ်ပြိုင်ရန် အရည်အချင်း မရှိတော့ပေ။
ဟွမ်မိသားစု၏ သခင်လေးဖြစ်သူ ဟွမ်ကျီသည် တိကွန်အင်မော်တယ်နန်းတော်၏ တပည့်ရင်း ဖြစ်လာပြီးနောက်တွင် ရွှေအင်မော်တယ် စတုတ္ထအဆင့်ကို ထိုးဖောက် ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။
အကယ်၍ ဖုန်းချွမ် အသက်ရှင်လျက် ရှိနေသေးလျှင်ပင် ဟွမ်ကျီ၏ ပြိုင်ဘက် မဖြစ်နိုင်တော့ပေ။
ဖုန်းချန်ရှင်းက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်မိလိုက်သည်။
ဟွမ်မိသားစုနှင့် ဖုန်းမိသားစုတို့ ကြားတွင် ရန်ငြိုးရန်စများ ရှိခဲ့သည်မှာ အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ဟွမ်မိသားစု၏ အင်အား တိုးတက်လာသည်နှင့် အမျှ ဖုန်းမိသားစုကို ဖိနှိပ်ခြင်းနှင့် သိမ်းပိုက်ခြင်း တို့မှာ ရှောင်လွဲ၍ မရသောအရာ ဖြစ်လာပေလိမ့်မည်။
ဖုန်းချီ အင်မော်တယ် တောင်တန်း၏ ကိစ္စသည် ဟွမ်မိသားစုက ဖုန်းမိသားစု အပေါ် စတင်ဖိနှိပ်ရန် အစပျိုးလိုက်ခြင်းမျှသာ ဖြစ်၏။
သို့သော်လည်း ဟွမ်မိသားစုသည် ယခုအခါတွင် တံခါးဝအထိ ရောက်ရှိလာပြီ ဖြစ်ရာ ဖုန်းချန်ရှင်းသည် အလွယ်တကူ ဆုတ်ခွာ၍ မရနိုင်တော့သဖြင့် ဟွမ်ဖန်စူကို အစွမ်းရှိသမျှ ရင်ဆိုင် တိုက်ခိုက်ရန်သာ ရွေးချယ်နိုင်တော့သည်။
ဖုန်းချန်ရှင်းက ဟွမ်ဖန်စူနှင့် တိုက်ခိုက်ရန် ပြင်ဆင်နေစဥ်မှာပင် ခပ်အေးအေး အသံ တစ်သံသည် ခန်းမကြီး၏ တံခါးဝကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“ဖုန်းမိသားစုဘိုးဘေး.. ခင်ဗျား ကျုပ်ရဲ့ အကူအညီကို လိုအပ်လား”
ရုတ်တရက် ထွက်ပေါ်လာသော အသံကိုကြားလျှင် ခန်းမထဲရှိ လူအားလုံး တစ်ခဏမျှ မှင်တက်သွားခဲ့သည်။
ဖုန်းချန်ရှင်းက မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် တစ်စုံတစ်ရာကို အလျင်အမြန် စဥ်းစားမိသွားခဲ့ပြီး သူ၏ အိုမင်းသော မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ထင်ဟပ်သွားခဲ့သည်။
သူက ထိုပုဂ္ဂိုလ်ကို လုံးဝ မေ့လျော့နေခဲ့မိ၏။
အကယ်၍ ထိုပုဂ္ဂိုလ်၏ အကူအညီသာ ရရှိခဲ့လျှင် ဟွမ်မိသားစု၏ ရွှေအင်မော်တယ် စတုတ္ထအဆင့်သို့ ရောက်ရှိနေသည့် ဟွမ်ကျီ ဖြစ်နေပါစေ၊ ထိုပုဂ္ဂိုလ်ကို ရင်ဆိုင်ရန် အရည်အချင်း လုံလောက်လိမ့်မည် မဟုတ်ပေ။
အခန်း(၂၈၆၄)ပြီး၏။