အခန်း ၂၈၆၅
Vol. 227 Ch. 2865
အခန်း(၂၈၆၅)
လူတိုင်းမှင်တက်နေကြစဥ်မှာပင် ခန့်ညားသော မျက်နှာအသွင်အပြင်ရှိသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ ခန်းမထဲသို့ ဖြည်းညင်းစွာ ဝင်ရောက်လာခဲ့သည်။
“သခင်လေးကျန်းချန်.. မင်းကျင့်ကြံရာကနေ ထွက်လာပြီပေါ့”
ဖုန်းချန်ရှင်းက ကျန်းချန်ကို ကြိုဆိုရန် အလျင်အမြန် ရှေ့သို့ တိုးသွားခဲ့ပြီး လက်သီးဆုပ်၍ ဂါဝရပြုကာ ပြောလိုက်သည်။
“သခင်လေးကျန်းချန် အကူအညီပေးမယ် ဆိုရင်တော့ ဒီအဘိုးကြီး တကယ်ပဲ ကျေးဇူးအရမ်းတင်မိမှာပါ”
ကျန်းချန်၏ ပါရမီသည် ပြိုင်ဘက်ကင်းပြီး ရွှေအင်မော်တယ်တတိယ အဆင့်ဖြင့်ပင် ရွှေအင်မော်တယ် သတ္တမအဆင့်ရှိ ကျင့်ကြံသူကို အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိသည်။
ဟွမ်မိသားစု၏ သခင်လေးဖြစ်သူ ဟွမ်ကျီသည် ထူးချွန်သောပါရမီရှိပြီး တိကွန်အင်မော်တယ်နန်းတော်သို့ ဝင်ရောက်ခါ ယခုအခါတွင် ရွှေအင်မော်တယ် စတုတ္ထအဆင့်သို့ ထိုးဖောက်သွားပြီ ဖြစ်သော်လည်း ကျန်းချန်ကို ရင်ဆိုင်ရန် လုံလောက်မည် မဟုတ်မှန်း သူကောင်းစွာ သိထားခဲ့သည်။
ကျန်းချန်က ခေါင်းညိတ် ပြလိုက်ပြီးနောက်တွင် ဟွမ်ဖန်စူတို့နှစ်ဦးကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါ ဖုန်းမိသားစုကိုယ်စား တိုက်ခိုက်ပေးမယ်.. မင်းတို့ ဘယ်လိုသဘောရလဲ”
ဟွမ်ဖန်စူ၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
“ဒီက သခင်လေးက ဘယ်သူလဲ ဆိုတာ သိပါရစေ”
“ငါဘယ်သူလဲ ဆိုတာ အရေးမကြီးပါဘူး”
ကျန်းချန်က ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။
“အပိုစကားတွေ ပြောတာ ရပ်လိုက်ပါ.. မင်းတို့ တိုက်မှာလား မတိုက်ဘူးလား”
“မင်းက ငါတို့ ဟွမ်မိသားစုရဲ့ ကိစ္စကို ဇွတ်အတင်း စွက်ဖက်ချင်နေမှတော့ ငါတို့ ဟွမ်မိသားစုကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့”
ဟွမ်ဖန်စူက ခက်ထန်သော အမူအရာဖြင့် ဖုန်းချန်ရှင်းကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။
“ဖုန်းချန်ရှင်း.. ဒီကောင်လေးက မင်းတို့ ဖုန်းမိသားစုကို ကိုယ်စားပြုနိုင်လား”
ဖုန်းချန်ရှင်းက ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။
“သခင်လေးကျန်းချန်က ငါတို့ ဖုန်းမိသားစုကို ကိုယ်စားပြုဖို့ အပြည့်အဝ အရည်အချင်းရှိပါတယ်”
“ဒါဆိုလည်း တိုက်ကြတာပေါ့”
ဟွမ်ဖန်စူ၏ မျက်ဝန်းများက အေးစက်သွားခဲ့သည်။
ထို့နောက်တွင် သူက နံဘေးရှိ ဟွမ်မိသားစု၏ သခင်လေးဖြစ်သူ ဟွမ်ကျီကို ကြည့်ကာ ပြောလိုက်သည်။
“ဟွမ်ကျီ.. ဒီကိစ္စကို မင်းလက်ထဲပဲ အပ်လိုက်တော့မယ်”
ဟွမ်ကျီက နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်သည်။
“ကောင်ကလေး.. ငါတို့ ဟွမ်မိသားစုရဲ့ကိစ္စကို စွက်ဖက်ဖို့ မင်းမှာ ဘယ်လောက် အရည်အချင်းရှိသလဲ ဆိုတာ ငါကြည့်ချင်သေးတယ်.. မင်းမှာ သတ္တိရှိတယ်ဆိုရင် ငါနဲ့ တိုက်ခိုက်ဖို့ ဟင်းလင်းပြင်ထဲကို လိုက်ခဲ့”
“အဲဒီလောက်အထိ အလုပ်ရှုပ်ခံမနေပါနဲ့.. ဒီနေရာမှာတင် တိုက်ခိုက်လည်းရတယ်.. မင်းအဆင့်လောက်နဲ့က ငါ့ကို ဘာမှ ကြီးကြီးကျယ်ကျယ် လုပ်ပြနိုင်မှာလည်း မဟုတ်ဘူး”
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ဟွမ်ကျီကို အထင်အမြင်သေးစွာ ပြောလိုက်သည်။
“ခွေးသား.. သေဖို့သာ ပြင်ထားလိုက်တော့”
ကျန်းချန်က သူ့ကို ဤမျှအထိ အထင်သေးနေသည်ကိုမြင်လျှင် ဟွမ်ကျီ ဒေါသတကြီး ကြုံးဝါးလိုက်သည်။
ချက်ချင်းဆိုသလိုပင် သူ၏ ခန္ဓာကိုယ်မှ ရွှေအင်မော်တယ်စတုတ္ထအဆင့် အရှိန်အဝါကို အစွမ်းကုန် ထုတ်ဖော်ကာ ကျန်းချန်ကို ဖိနှိပ်လိုက်ပြီး ကျန်းချန်ထံသို့ ခြေတစ်လှမ်းခြင်း တိုးကပ်လာခဲ့သည်။
“ရွှေအင်မော်တယ် စတုတ္ထအဆင့် အစောပိုင်း အရှိန်အဝါလောက်နဲ့ ငါ့ကို ဖိနှိပ်ချင်နေသေးတာလား.. ထွက်သွားစမ်း”
ကျန်းချန်က နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်သည်။
ထို့နောက်တွင် ရွှေအင်မော်တယ် စတုတ္ထအဆင့် အထွတ်အထိပ် အရှိန်အဝါသည် သူ၏ ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်လာခဲ့ပြီး ဟွမ်ကျီ၏ အရှိန်အဝါကို ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်သည်။
ဟွမ်ကျီ၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေလည်း ညည်းညူသံ ထွက်ပေါ်လာခဲ့ကာ ခန္ဓာကိုယ် တစ်ခုလုံးသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့ရသည်။
သူ၏ မျက်နှာထက်တွင် ဖြူဖျော့သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
ဤအခိုက်အတန့်တွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာ ရပ်နေသော ကျန်းချန်ကို ကြည့်ရင်း ဟွမ်ကျီ မယုံကြည်နိုင်စွာ ရေရွတ်မိလိုက်သည်။
“ရွှေအင်မော်တယ် စတုတ္ထအဆင့် အထွတ်အထိပ်ပါလား.. ဒါ.. ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ကျင့်ကြံခြင်းအဆင့်သည် သူ့ထက်ပင် ပိုမို မြင့်မားနေလိမ့်မည်ဟု ဟွမ်ကျီတစ်ခါမျှ မတွေးခဲ့မိပေ။
ထိုက်ယီအဆင့် အင်အားစု ဖြစ်သည့် တိကွန်အင်မော်တယ်နန်းတော်တွင်ပင် ရွှေအင်မော်တယ် စတုတ္ထအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသည့် လူငယ်ပါရမီရှင်များသည် သုံးဦးထက် မပိုပေ။
“ရွှေအင်မော်တယ် စတုတ္ထအဆင့် အထွတ်အထိပ်လား”
ကျန်းချန်ထံမှ ပေါက်ကွဲထွက်လာသောအရှိန်အဝါကို ခံစားမိလျှင် ဖုန်းချန်ရှင်းသည် အသက်ကို ခပ်ပြင်းပြင်းမရှူဘဲ မနေနိုင်တော့ပေ။
လွန်ခဲ့သည့် ဆယ်ရက်က ကျန်းချန်နှင့် တွေ့ဆုံခဲ့စဥ်တွင် ကျန်းချန်သည် ရွှေအင်မော်တယ် တတိယအဆင့်မျှသာ ရှိနေသေးသည်။
ယခု ဆယ်ရက်သာ ကုန်လွန်သွားခဲ့သော်လည်း ကျန်းချန်သည် ရွှေအင်မော်တယ် စတုတ္ထအဆင့်ကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ရုံသာမက ရွှေအင်မော်တယ် စတုတ္ထအဆင့်၏ အထွတ်အထိပ်သို့ပါ တစ်ဟုန်ထိုး ရောက်ရှိသွားခဲ့သည်။
ကြည့်ရသည်မှာ ထိုကောင်လေးသည် ဥာဏ်အလင်းပွင့်အင်မော်တယ်သစ်သီးကို အသုံးပြုလိုက်ခြင်း ဖြစ်နိုင်ပါသလော။
သို့သော်လည်း ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီး၏ အထောက်အပံ့ ရှိနေပါစေ၊ ဤမျှတိုတောင်းသော အချိန်ကာလအတွင်း အဆင့်ကြီး တစ်ဆင့်လုံး တိုးတက်သွားရန်မှာ ဘယ်လိုမှ မဖြစ်နိုင်ပေ။
ဤမျှအထိ ထိတ်လန့်ဖွယ်ကောင်းသော အဆင့်ချိုးဖျက်မှုကို ဖုန်းချန်ရှင်းသည် သူ၏ တစ်သက်တာလုံးတွင် တစ်ခါမျှ မမြင်ဖူး၊မကြားဖူးခဲ့ပေ။
ကျန်းချန်က လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ မတ်တတ်ရပ်နေရင်း ဟွမ်ကျီကို အေးစက်စက် ကြည့်လိုက်သည်။
“မင်းက ငါ့ရဲ့ပြိုင်ဘက် မဟုတ်ဘူး.. အခုနေ အရှုံးပေးမယ်ဆိုရင် အချိန်မီသေးတယ်”
“ကောင်လေး မင်းကိုယ်မင်း သိပ်မာန်တက်မနေနဲ့.. မင်းက ရွှေအင်မော်တယ် စတုတ္ထအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်နေရင်တောင် ငါဒီနေ့ မင်းကို ကျိန်းသေ အနိုင်ယူပြမယ်”
ဟွမ်ကျီက ဒေါသတကြီး ကြုံးဝါးလိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ရွှေအင်မော်တယ် စွမ်းအားများကို လှုံ့ဆော်ကာ ကျန်းချန်ကို ဓားကွက် တစ်ကွက် ထုတ်ဖော်၍ တိုက်ခိုက်လိုက်သည်။
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် လူသားအဖြစ် ပြောင်းလဲစေသော ဓားကွက်ကို ထုတ်ဖော်လိုက်သည်။
ထိုအခိုက်အတန့်တွင် ကျန်းချန်ထံသို့ တစ်ဟုန်ထိုး ရောက်ရှိလာသော ဟွမ်ကျီ၏ ဓားအလင်းသည် ကျန်းချန်၏ ဓားအလင်းအောက်တွင် ရုတ်တရက် ပြိုကွဲသွားခဲ့သည်။
ဤမျှနှင့် မပြီးသေးဘဲ ကျန်းချန်၏ ဓားအလင်းသည် ဟွမ်ကျီ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့ရာ ဟွမ်ကျီ၏ ကျင့်ကြံခြင်းအဆင့်သည် ရွှေအင်မော်တယ် စတုတ္ထအဆင့်ကနေ တတိယအဆင့် အထိ တိုက်ရိုက်ဆိုသလို ကျဆင်းသွားခဲ့သည်။
ဟွမ်ကျီကဲ့သို့ ရွှေအင်မော်တယ် စတုတ္ထအဆင့် အစောပိုင်းသာရှိသော ပါရမီရှင် တစ်ဦးကို ကျန်းချန် အနေဖြင့် ဥာဏ်အလင်းပွင့် အင်မော်တယ်သစ်သီး မစားသုံးမီကပင် အနိုင်ယူရန် မခဲယဥ်းခဲ့ပေ။
ယခု သူ၏ ခွန်အားက သိသိသာသာပင် တိုးတက်လာခဲ့ပြီ ဖြစ်ရာ ဟွမ်ကျီ၏ ဓားချက်သည် သူ၏ ရှေ့မှောက်တွင် ပုရွက်ဆိတ် တစ်ကောင်နှင့် ဘာမှမခြားနားပေ။
ကျန်းချန်သည် အစောပိုင်းက လူသားအဖြစ် ပြောင်းလဲစေသော ဓားကွက်သည် သူ၏ စွမ်းအားများကို အကုန်အစင် မထည့်သွင်းထားပေ။
သို့မဟုတ်လျှင် သူ၏ လူသားအဖြစ် ပြောင်းလဲစေသော ဓားချက်သည် ဟွမ်ကျီ၏ ကျင့်ကြံခြင်းအဆင့် အားလုံးကို အလွယ်တကူ ဖြတ်တောက်ပစ်ပြီး ဟွမ်ကျီကို အသုံးမကျသော အမှိုက်ကောင် ဖြစ်သွားစေလိမ့်မည် ဖြစ်၏။
သူ၏ ကျင့်ကြံခြင်းအဆင့်က ကျန်းချန်၏ ဓားချက်ဖြင့် ဖြတ်တောက်ခံလိုက်ရသည်ကို မြင်လျှင် ဟွမ်ကျီသည် အရူးတစ်ယောက် ကဲ့သို့ ဖြစ်သွားခဲ့ပြီး ဒေါသတကြီး ကြုံးဝါးလိုက်သည်။
“မေဘေး.. မင်းငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဖျက်ဆီးရဲတယ်.. ငါ မင်းကို သတ်မယ်”
စကားဆုံးသည်နှင့် ဟွမ်ကျီ၏ လက်ဖဝါးထဲတွင် ဝါဖျော့ဖျော့ အလင်းရောင်များ ဖြာထွက်နေသည့် ကျောက်စိမ်းတံဆိပ်ပြား တစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဒါက တကယ်ကို ကိုယ့်သေတွင်း ကိုယ်တူးတာပဲ”
သူ၏ ရှေ့ရှိ မြင်ကွင်းကိုကြည့်ရင်း ဖုန်းချန်ရှန်း၏ မျက်ဝန်းထဲတွင် ဟွမ်ကျီကို သနားကရုဏာသက်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ဟွမ်ကျီ ထုတ်ဖော်လိုက်သော အဆောင်လက်ဖွဲ့သည် တိကွန်အင်မော်တယ်နန်းတော်မှ တလော့အင်မော်တယ် တစ်ပါး ပေးအပ်ထားသည့် အဆောင်လက်ဖွဲ့ ဖြစ်ရပေမည်။
သို့သော်လည်း ဟွမ်ကျီသည် ထိုအရာကို ကျန်းချန်ကို ကိုင်တွယ်ရန် အတွက် လုံးဝ မထုတ်ယူခဲ့သင့်ပေ။
ဝှက်ဖဲများ အကြောင်းကို ပြောရမည်ဆိုလျှင် ဝိရောဓိနယ်မြေ တစ်ခုလုံးတွင် မည်သူကမျှ တလော့အင်မော်တယ် အဆင့်နှင့် ယှဥ်နိုင်သည့် ရုပ်သေးရုပ် ရှိနေသော ကျန်းချန်ကို ယှဥ်ပြိုင်နိုင်ပါမည်နည်း။
သို့သော်လည်း ကျန်းချန်က ဟွမ်ကျီ၏ အဆောင်လက်ဖွဲ့ကို ခုခံရန်အတွက် တလော့အင်မော်တယ်နှင့် ယှဥ်နိုင်သည့် ရုပ်သေးရုပ်ကို အသုံးပြုလိုက်မည်ဟု ဖုန်းချန်ရှင်း ထင်မှတ်နေသော အချိန်မှာပင် ကြောက်မက်ဖွယ် ဒြပ်မဲ့စွမ်းအားတစ်ခုသည် ခန်းမကြီးထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် ခန်းမတစ်ခုလုံးရှိ အချိန်နှင့်ဟင်းလင်းပြင်သည် ရပ်တန့်သွားသည့်နှယ် ဖြစ်သွားခဲ့သည်။
ဖုန်းချန်ရှင်းနှင့် ဟွမ်ဖန်စူအပြင် အခြားသော ကျင့်ကြံသူများ ပင်လျှင် ထိုအင်အား၏ သက်ရောက်မှုကို ခံလိုက်ရပြီး ရုန်းထွက်ရန် အချိန်အတော်ကြာ ယူလိုက်ရသည်။
ဟွမ်ကျီက သူအစောပိုင်းက ထုတ်ယူလိုက်သော အဆောင်လက်ဖွဲ့ကိုအသက်သွင်းရန်ပင် အချိန်မရလိုက်ပေ။
ထို့အပြင် ယင်းအဆောင်လက်ဖွဲ့သည် မည်သည့်အချိန်က ရောက်သွားမှန်းပင် မသိရဘဲ ကျန်းချန်၏ လက်ထဲတွင် ရောက်ရှိနေမှန်း သူတို့အားလုံး ထိတ်လန့်တကြား တွေ့လိုက်ရသည်။
“ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ အင်မော်တယ်စွမ်းရည်ပါလား.. ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ဟွမ်ဖန်စူက မှင်တက်ရာကနေ ပထမဆုံး သတိပြန်ဝင်လာခဲ့သူ ဖြစ်သည်။
သူက အဆုံးသတ်တွင် တစ်စုံတစ်ရာကို တွေးမိသွားခဲ့ပြီး ကျန်းချန်ကို ကြည့်ကာ ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။
ကျန်းချန် အစောပိုင်းက ထုတ်ဖော်ခဲ့သော စွမ်းရည်သည် အင်မော်တယ် ဥပဒေသစွမ်းအား ဖြစ်ပြီး ကမ္ဘာလောကကြီးကို လွှမ်မိုးချုပ်ကိုင်နိုင်သည့် အင်မော်တယ်စွမ်းရည် ဖြစ်သည်မှာ ထင်ရှားနေခဲ့သည်။
အကယ်၍ ကျန်းချန်သာ ရွှေအင်မော်တယ် စတုတ္ထအဆင့်တွင် ရှိမနေခဲ့လျှင် အစောပိုင်းက အင်အား၏ ရှေ့မှောက်တွင် သူကဲ့သို့ ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ်ပင် ခုခံရန်လွယ်ကူလိမ့်မည် မဟုတ်ပေ။
သူ၏ ရှေ့မှောက်ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ဟွမ်ကျီထက် ကျင့်ကြံခြင်းအဆင့် မြင့်မားနေရုံသာမက အင်မော်တယ်ဥပဒေသကို နားလည်သဘောပေါက်ထားပြီး ကမ္ဘာလောကကြီးကို ထိန်းချုပ်နိုင်စွမ်း ရှိသည့် အင်မော်တယ်စွမ်းရည်ကိုပါ တတ်မြောက်ထားသည့် တလော့ အင်မော်တယ်တစ်ပိုင်း ဖြစ်နေလိမ့်မည်ဟု ဟွမ်ဖန်စူ တစ်ခါမှ မတွေးခဲ့မိပေ။
အခန်း(၂၈၆၅)ပြီး၏။