အခန်း ၂၈၆၇
Vol. 227 Ch. 2867
အခန်း(၂၈၆၇)
မသိလိုက် မသိဘာသာဖြင့်ပင် ဟွမ်ဖန်စူတို့ ဖုန်းမိသားစုဆီ လာရောက်ခဲ့သည်မှာ ရက်အနည်းငယ် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
ဤရက်အနည်းငယ်အတွင်း ကျန်းချန်သည် တိကွန်အင်မော်တယ် နန်းတော်ဆီမှ သတင်းကို စောင့်ဆိုင်းရင်း ဖုန်းမိသားစု အိမ်တော်ထဲ၌ ကျင့်ကြံနေခဲ့သည်။
ယနေ့တွင်မူ ရက်အနည်းငယ်မျှ ပျောက်ကွယ်နေခဲ့သော ဖုန်းမိသားစုဘိုးဘေး ဖုန်းချန်ရှင်းသည် အဆုံးသတ်တွင် ကျန်းချန်ဆီသို့ ရောက်ရှိလာခဲ့၏။
ဖုန်းချန်ရှင်း၏ မျက်နှာအမူအရာကိုမြင်လျှင် ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“ခင်ဗျားရဲ့အမူအရာကို ကြည့်ရတာ ကိစ္စတစ်ခုခု ကြီးကြီးမားမား ဖြစ်ပျက်ခဲ့ပုံပဲ ပြောစမ်းပါဦး.. ဘာကိစ္စဖြစ်ပျက်ခဲ့တာလဲ”
“သခင်လေးကျန်းချန် ခန့်မှန်းတာမှန်ပါတယ်.. သိပ်မကြာခင်ကပဲ တုန်လှုပ်ချောက်ချားစရာကောင်းတဲ့ သတင်းတစ်ခုကို ကျွန်တော် ရရှိခဲ့တယ်”
ဖုန်းချန်ရှင်းက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ အလေးအနက် ပြောလိုက်သည်။
“ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းက ကျိရီအင်မော်တယ်တောင်တန်းရဲ့သတင်းကို လူအများသိအောင် ရုတ်တရက် ထုတ်ပြန်ကြေညာလိုက်တယ်.. ကျိရီ အင်မော်တယ်တောင်တန်းရဲ့ တည်နေရာက ဖုန်းချီ အင်မော်တယ်တောင်တန်းမှာ ဖြစ်ပြီး အခုဆိုရင် ဝိရောဓိနယ်မြေ တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့ကြပြီ.. မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေက ဖုန်းချီအင်မော်တယ်တောင်တန်း ဆီကို သွားနေကြပြီ”
“ဒီယွမ်ထျန်းအင်မော်တယ်ဂိုဏ်းက တော်တော်လေး ပြတ်သားတာပဲ”
ကျန်းချန်က ပြုံးရွှင်စွာဖြင့် ချီးကျူးလိုက်သည်။
ထိုက်ယီအဆင့် အင်အားစုလေးစုသည် အင်အားချင်းပူးပေါင်းကာ ယွမ်ထျန်းအင်မော်တယ်ဂိုဏ်း ဆီသို့ သွားရန် အမှန်တကယ်ပင် ပြင်ဆင်ခဲ့ကြသည်။
သို့သော်လည်း ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းသည် ကျိရီအင်မော်တယ်တောင်တန်း၏ လျှို့ဝှက်ချက်ကို နှစ်ပေါင်းများစွာစောင့်ထိန်းလာခဲ့သည် ဖြစ်ရာ ထိုက်ယီအင်အားစု လေးစုဆီ လိုလိုလားလားဖြင့် အဘယ်ကြောင့် လွှဲပြောင်းချင်ပါမည်နည်း။
ထို့ကြောင့်ပင် ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းသည် ထိုက်ယီအဆင့် အင်အားစုလေးစု၏ အစီအစဥ်ကို သိရှိပြီးနောက်တွင် ထိုအင်အားစုများအနေဖြင့် တိကွန်အင်မော်တယ်နန်းတော်ဆီသို့ မသွားရောက်ခင်မှာပင် ကျိရီ အင်မော်တယ်တောင်တန်း၏ သတင်းကို လူအများသိအောင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ယခုအခါ ဝိရောဓိနယ်မြေ တစ်ခုလုံးတွင် ကျိရီ အင်မော်တယ်တောင်တန်း၏ သတင်းကို လူတိုင်းနီးပါး သိရှိသွားကြပြီဖြစ်သည်။
သို့ဖြစ်ရာ ထိုက်ယီအဆင့် အင်အားစုလေးစု အနေဖြင့် ကျိရီအင်မော်တယ်တောင်တန်းကို မောင်ပိုင်စီးရန်မှာ လွယ်ကူသောကိစ္စတစ်ခု ဖြစ်လာတော့မည် မဟုတ်ပေ။
“သခင်လေးကျန်းချန်.. ဖုန်းချီ အင်မော်တယ်တောင်တန်းကို ကျွန်တော်တို့ ဖုန်းမိသားစုက မရေမတွက်နိုင်လောက်အောင် အကြိမ်ကြိမ် ရှာဖွေစူးစမ်းခဲ့ဖူးတယ်.. ဒါပေမဲ့ ဒဏ္ဍာရီလာ ကျိရီ အင်မော်တယ်တောင်တန်းနဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ မတွေ့ခဲ့ဖူးဘူး.. ဒါက ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းရဲ့ တမင်တကာ လုပ်ကြံဖန်တီးထားတဲ့ သတင်းများ ဖြစ်နေမလား”
ဤအခိုက်အတန့်တွင် ဖုန်းချန်ရှင်း၏ အနည်းငယ် သံသယ ဖြစ်နေသော စကားသံက ကျန်းချန်၏ နားထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။
ကျန်းချန်က တစ်ခဏမျှ စဥ်းစားပြီးမှ ပြောလိုက်သည်။
“ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းက ကျိရီအင်မော်တယ် တောင်တန်းရဲ့ သတင်းကို ထုတ်ပြန်လိုက်တယ် ဆိုတော့ သူတို့မှာ အစီအစဥ် တစ်ခုခုတော့ ရှိလိမ့်မယ်ထင်တယ်.. ကျွန်တော့်အထင်တော့ ဒီသတင်းက အတုတော့ မဖြစ်နိုင်ဘူး.. ခင်ဗျား ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားလိုက်ပါ.. ကျွန်တော်တို့လည်း ဖုန်းချီအင်မော်တယ်တောင်တန်းဆီ သွားပြီး အခြေအနေကို သွားကြည့်ကြတာပေါ့”
ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းက ကျိရီအင်မော်တယ်တောင်တန်း၏ သတင်းကို ထုတ်ပြန်လိုက်ခြင်းသည် ထိုက်ယီအဆင့် အင်အားစု လေးစုနှင့် ထိပ်တိုက် ရင်ဆိုင်ရမည့် ပဋိပက္ခကို မလိုလားသောကြောင့် ဖြစ်သည်။
ဤကဲ့သို့သော အခြေအနေတွင် ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းအနေဖြင့် ထိုက်ယီအဆင့် အင်အားစုလေးစုကို လှည့်စားရန်အတွက် သတင်းအတု တစ်ခုကို ထုတ်ပြန်လိမ့်မည် မဟုတ်ချေ။
အကယ်၍ ထိုက်ယီအဆင့် အင်အားလေးစုသာ ကျိရီအင်မော်တယ် တောင်တန်း၏ အစအနကို ဖုန်းချီ အင်မော်တယ်တောင်တန်းတွင် ရှာမတွေ့ခဲ့လျှင် ၎င်းတို့၏ ဒေါသတရားများသည် ယွမ်ထျန်းအင်မော်တယ်ဂိုဏ်း အပေါ်သို့ သေချာပေါက် ကျရောက်သွားနိုင်သည် မဟုတ်ပါလော။
ထိုအချိန်သို့ရောက်လျှင် ယွမ်ထျန်း အင်မော်တယ်ဂိုဏ်းသည် ထိုက်ယီအဆင့် အင်အားစု လေးစု၏ ဒေါသတရားကို မည်ကဲ့သို့ ခံနိုင်ရည် ရှိပါအံ့နည်း။
ဝိရောဓိနယ်မြေ အတွင်းရှိ ထိုက်ယီအဆင့် အင်အားစု လေးစုထဲမှ တစ်စုဖြစ်သော တိကွန်အင်မော်တယ်နန်းတော်၏ ရှေးဟောင်းခန်းမ တစ်ခုထဲတွင် တလော့အဆင့် အရှိန်အဝါများ ထုတ်လွှတ်နေသော လူရိပ်အနည်းငယ် ထိုင်နေကြသည်။
အဓိကထိုင်ခုံတွင် ထိုင်နေသော အဝါရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူမှာ တိကွန်အင်မော်တယ်နန်းတော်၏ နန်းတော်သခင် ဖြစ်သည့် အရှင်ဟွမ်ချန် ဖြစ်သည်။
သူက ခန်းမအတွင်းရှိ ကျင့်ကြံသူများကို ဝေ့ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
“မိတ်ဆွေတို့.. ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းက ကျိရီ အင်မော်တယ် တောင်တန်းရဲ့ သတင်းကို ရုတ်တရက် ထုတ်ပြန်လိုက်တဲ့ ကိစ္စ အပေါ် မင်းတို့ ဘယ်လိုမြင်ကြလဲ”
“ငါ့အမြင်အရတော့ ဒါက ယွမ်ထျန်း အင်မော်တယ်ဂိုဏ်းရဲ့ လှည့်ကွက် ဖြစ်ဖို့ ဆယ်ပုံကိုးပုံလောက် သေချာနေတယ်.. သတင်းအတုကို အသုံးပြုပြီး ငါတို့ အချင်းချင်း တိုက်ခိုက်စေချင်တာ ဖြစ်လောက်တယ်.. ငါတို့ သူတို့ရဲ့ လှည့်ကွက်ထဲ ဝင်လို့မဖြစ်ဘူး”
သန်မာထွားကျိုင်းသော တလော့အရှင် တစ်ပါးက ပြောလိုက်သည်။
“ငါကတော့ အဲလိုမထင်ဘူး”
မျက်ခုံးနှစ်ခုကြားတွင် အနက်ရောင် တြိဂံသင်္ကေတ ရှိသည့် အခြားသော တလော့အင်မော်တယ် တစ်ပါးက ပေါ့ပါးစွာ ပြောလိုက်သည်။
“ယွမ်ထျန်း အင်မော်တယ်ဂိုဏ်းအနေနဲ့ ငါတို့ကို လှည့်စားတဲ့သတင်းအတုတွေ ဖြန့်ဝေမယ်ဆိုရင် နောက်ဆက်တွဲ ရလဒ်တွေကို မသိဘဲ နေလောက်မှာ မဟုတ်ဘူး.. ဒါကြောင့် ဒီသတင်းက အမှန်ဖြစ်ဖို့ ရာခိုင်နှုန်း အရမ်းများတယ်”
ထိုစကားသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် တလော့အင်မော်တယ်များသည် ကိုယ်စီ တွေးတောနေကြရာ ခန်းမတစ်ခုလုံး မျက်စိတစ်မှိတ်အတွင်း တိတ်ဆိတ်ခြင်းသို့ ကျရောက်သွားခဲ့သည်။
“ဟွမ်ချန်.. ကိစ္စက ဒီအခြေအနေအထိ ရောက်လာပြီ ဆိုမှတော့ ငါတို့အနေနဲ့ ယွမ်ထျန်း အင်မော်တယ်ဂိုဏ်းဆီသွားဖို့ မလိုအပ်တော့ဘူး.. ဒါကြောင့် ငါအရင်သွားနှင့်တော့မယ် နှုတ်ဆက်ပါတယ်”
တစ်ခဏမျှ ကြာပြီးနောက်တွင် အချိန်အတော်ကြာအောင် စကားမပြောဘဲ နေလာခဲ့သည့် အဘိုးအိုက ဟွမ်ချန်ကို လက်သီးဆုပ်၍ ဂါဝရပြုကာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
သန်မာထွားကျိုင်းသော တလော့အရှင်နှင့် မျက်ခုံးကြားတွင် တြိဂံသင်္ကေတ ရှိသော တလော့အရှင်တို့က အနည်းငယ် မျက်နှာပျက်သွားခဲ့သည်။
ထိုအဘိုးအိုက ဖုန်းချီအင်မော်တယ်တောင်တန်း ဆီသို့ သွားကာ ကျိရီ အင်မော်တယ်တောင်တန်း၏ တည်နေရာကို ရှာဖွေရန် ဖြစ်မည်မှာ တွေးနေစရာပင် မလိုပေ။
သူတို့ နှစ်ယောက်ကလည်း ထပ်မံ၍ တုံ့ဆိုင်းမနေတော့ဘဲ အရှင်ဟွမ်ချန်ကို နှုတ်ဆက်ကာ ဟွမ်ချန်၏ ရှေ့မှောက်မှာပင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ကြသည်။
“ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းက တကယ်ကို လျှော့တွက်လို့မရဘူးပဲ”
အရှင်ဟွမ်ချန်က တလော့အရှင်သုံးပါး ပျောက်ကွယ်သွားသည့်နေရာကို ငေးကြည့်ရင်း လေသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။
သတင်းစကား တစ်ခုတည်းကပင် အခြေအနေကို မျက်စိတစ်မှိတ်အတွင်း အကြီးအကျယ် ပြောင်းလဲသွားစေခဲ့ပြီး သူ၏ ထိန်းချုပ်မှုအောက်ကနေ လုံးဝ လွတ်ထွက်သွားစေခဲ့သည်။
ကိစ္စက ဤအခြေအနေအထိ ရောက်ရှိလာပြီ ဖြစ်ရာ ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းမှ ဖြန့်ဝေလိုက်သော သတင်းက အစစ်ဖြစ်စေ အတုဖြစ်စေ၊ ဖုန်းချီအင်မော်တယ် တောင်တန်း ဆီသို့ သူကိုယ်တိုင် တစ်ခေါက် သွားရောက်ရလိမ့်မည် ဖြစ်သည်။
ထို့နောက်တွင်မူ အရှင်ဟွမ်ချန်၏ ခန္ဓာကိုယ်က ဖျတ်ခနဲ လက်သွားခဲ့ပြီး နေရာကနေ ပျောက်ကွယ်သွားခဲ့သည်။
ဝိရောဓိနယ်မြေ တစ်ခုလုံးသည် ကျိရီအင်မော်တယ် တောင်တန်း၏ သတင်းကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့ကြသည်။
ထိုသတင်းကို ထုတ်ပြန် ကြေညာခဲ့သည့် ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းကမူ ဤအခိုက်အတန့်တွင် အေးချမ်းစွာ ရှိနေခဲ့သည်။
ယွမ်ထျန်းအင်မော်တယ်ဂိုဏ်း၏ အနက်ရှိုင်းဆုံး နေရာတွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခန့်ညားသောအသွင်အပြင် ရှိသည့် လူတစ်ယောက်သည် တောင်ထိပ်ပေါ်တွင် ဝင့်ကြွားစွာ ရပ်နေခဲ့သည်။
ထိုလူ၏ နံဘေးတွင်မူ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အနည်းငယ် ခါးကုန်းနေသော ဆံဖြူအဘိုးအို တစ်ဦး ရပ်နေခဲ့၏။
အချိန်မည်မျှ ကုန်လွန်သွားမှန်းပင် မသိရချေ။
ခန့်ညားသော အသွင်အပြင်ရှိသည့် လူသည် နောက်သို့ လှည့်လိုက်ပြီး ဆံဖြူအဘိုးအိုကို ကြည့်ကာ ပြုံး၍ မေးလိုက်သည်။
“အကြီးအကဲတုန်.. အပြင်မှာ အခြေအနေ ဘယ်လိုရှိလဲ”
“ကျိရီအင်မော်တယ်တောင်တန်းရဲ့ သတင်း ထွက်ပေါ်လာတာနဲ့ ဝိရောဓိနယ်မြေ တစ်ခုလုံးက အခုဆိုရင် လှုပ်လှုပ်ရှားရှားဖြစ်နေကြပြီ.. ထိုက်ယီအဆင့် အင်အားစု လေးစုတောင်မှ ဒီသတင်းအပေါ်မှာ အတော်လေး စိတ်ဝင်တစား ရှိနေကြတယ်.. အရာအားလုံးက ဂိုဏ်းချုပ်ခန့်မှန်းထားတဲ့အတိုင်းပါပဲ”
ဆံဖြူအဘိုးအိုက ပြုံး၍ သတင်းကို တင်ပြလိုက်သည်။
“ငါတို့ ယွမ်ထျန်း အင်မော်တယ်ဂိုဏ်းက စီနီယာထိုက်ယွမ်ဆီကနေ ကျိရီ အင်မော်တယ်တောင်တန်းရဲ့ လျှို့ဝှက်ချက်ကို သိထားတာကြာလှပြီ.. တကယ်လို့သာ အဲဒီလောက်အထိ လွယ်ကူနေမယ် ဆိုရင် ဘာလို့ အခုအချိန်အထိ စောင့်ဆိုင်းနေမှာလဲ”
ခန့်ညားသောလူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
“ထိုက်ယီအဆင့်အင်အားစုလေးစုက ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ရတာပဲ”
အရှင်ထိုက်ယွမ်သည် ဝိရောဓိနယ်မြေကနေ မထွက်ခွာခင် ကျိရီအင်မော်တယ်တောင်တန်း၏ လျှို့ဝှက်ချက်ကို ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းတွင် အမှန်တကယ် ချန်ထားပေးခဲ့သည်။
သို့သော်လည်း ကျိရီ အင်မော်တယ်တောင်တန်းကို ဖွင့်လှစ်လိုလျှင် သတ်မှတ်ချက် အခြေအနေများသည် အလွန်တရာပင် တင်းကျပ်၏။
ဤနှစ်များအတွင်း ယွမ်ထျန်း အင်မော်တယ်ဂိုဏ်းသည် ကျိရီအင်မော်တယ် တောင်တန်းကို ဖွင့်လှစ်ရန်အတွက် ပြင်ဆင်လာခဲ့ခြင်း ဖြစ်ပြီး ယခုအခါတွင် အားလုံးနီးပါး အဆင်သင့် ဖြစ်နေခဲ့ချေပြီ။
သို့သော်လည်း ယွမ်ထျန်း အင်မော်တယ်ဂိုဏ်းက အပြည့်အဝပြင်ဆင်ထားခဲ့လျှင်ပင် ယွမ်ထျန်း အင်မော်တယ်ဂိုဏ်း၏ အင်အားတစ်ခုတည်းဖြင့် ကျိရီ အင်မော်တယ် တောင်တန်းကို ဖွင့်လှစ်ရန်မှာ လွယ်ကူသော အလုပ်တစ်ခု မဟုတ်ချေ။
ထို့ကြောင့် ယွမ်ထျန်းအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်က လှည့်ကွက် အနည်းငယ်ကို သုံးပြီး ပြင်ပအင်အားကို ငှားယူ သုံးစွဲရန် ပြင်ဆင်နေစဥ်မှာပင် ထိုက်ယီအဆင့် အင်အားစုလေးစုက ကျီရီ အင်မော်တယ် တောင်တန်း အတွက် ပြင်ဆင်နေကြလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဆိုရလျှင် ထိုက်ယီအဆင့် အင်အားစုလေးစု၏ လှုပ်ရှားမှုများသည် ယွမ်ထျန်း အင်မော်တယ်ဂိုဏ်းချုပ်၏ အလိုကျအတိုင်း ဖြစ်သွားခဲ့ရသည်။
ယင်းအတွက်ကြောင့်လည်း သူက အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်း မရှိဘဲ ထိုအခြေအနေကို အသုံးချကာ ကျိရီအင်မော်တယ်တောင်တန်း ပေါ်ထွက်လာသည့် သတင်းကို ဝိရောဓိနယ်မြေ အတွင်း ဖြန့်ဝေလိုက်ခြင်း ဖြစ်သည်။
ယခုအခါတွင် ထိုက်ယီအဆင့် အင်အားစု လေးစု အပါအဝင် လူတိုင်းသည် ဖုန်းချီ အင်မော်တယ် တောင်တန်းကို အာရုံရောက်နေကြပြီ ဖြစ်သည်။
ဤအင်အားစုများဖြင့် ဆိုလျှင် သူတို့ ကျော်ဖြတ်ရမည့် အတားအဆီး အများအပြားကို ရှင်းလင်းပစ်ရန် လုံလောက်မည် ဖြစ်၏။
သို့မှသာ အချိန်ကျလာလျှင် ယွမ်ထျန်း အင်မော်တယ်ဂိုဏ်းသည် ကျိရီအင်မော်တယ် တောင်တန်းကို အောင်မြင်စွာ ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး ကျိရီ အင်မော်တယ်တောင်တန်း အတွင်းရှိ အရာအားလုံးကို လွှမ်းမိုး သိမ်းပိုက်နိုင်လိမ့်မည် မဟုတ်ပါလား။
အခန်း(၂၈၆၇)ပြီး၏။