← Chapters

အခန်း ၂၈၆၈

Vol. 227 Ch. 2868

အခန်း ၂၈၆၈

Vol. 227 Ch. 2868

အခန်း(၂၈၆၈)

ဝိရောဓိနယ်မြေအတွင်းရှိ လူသိသိပ်မများသော ဖုန်းချီအင်မော်တယ်တောင်တန်းသည် ဖုန်းကန်းအင်မော်တယ် မြို့တော်နှင့် ချီဟွမ်အင်မော်တယ် မြို့တော် အကြားတွင် တည်ရှိသည်။

သို့သော်လည်း ရှည်လျား‌သော သမိုင်းကြောင်းရှိသည့် အင်မော်တယ် တောင်တစ်တောင် ဖြစ်သည့်အလျောက် ဖုန်းချီအင်မော်တယ် တောင်တန်းတွင်လည်း အတော်အတန်ကြွယ်ဝသော သယံဇာတ အရင်းအမြစ်များ ရှိ၏။

ဖုန်းချီတောင်တန်း၏ သယံဇာတအရင်းအမြစ်များကို တလော့အဆင့် အင်အားစုများနှင့် ထိုက်ယီအဆင့် အင်အားစုများသာ အရေးမလုပ်ဘဲ မျက်ကွယ်ပြုထားနိုင်သော်လည်း ဖုန်းမိသားစုနှင့် ဟွမ်မိသားစု ကဲ့သို့ အင်အားစုများ အတွက်မူ ယင်းသည် မိသားစု ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ပေးနိုင်သည့် ရတနာမြေတစ်ခု ဖြစ်သည်။

ထိုအကြောင်းကြောင့်ပင် ဖုန်းချီအင်မော်တယ် တောင်တန်းကို ပိုင်ဆိုင်နိုင်ရေး အတွက် ဖုန်းမိသားစုနှင့် ဟွမ်မိသားစု အကြားရှိ ပြိုင်ဆိုင်မှုသည် အမြဲတစေ အလွန်တရာ ပြင်းထန်ခဲ့သည်။

ကျိရီ အင်မော်တယ်တောင်တန်းက ဖုန်းချီအင်မော်တယ်တောင်တန်းတွင် ဝှက်ထားသည် ဟူသော သတင်းများ ပျံ့နှံ့သွားပြီးနောက်တွင် မူလက ဖုန်းမိသားစုနှင့် ဟွမ်မိသားစုတို့သာ အာရုံစိုက်ခြင်း ခံခဲ့ရသည့် ဖုန်းချီ အင်မော်တယ်တောင်တန်းသည် တစ်ညအတွင်းမှာပင် အလွန်တရာ စည်းကားသွားခဲ့သည်။

ဝိရောဓိနယ်မြေ တစ်ခုလုံးမှ မရေမတွက်နိုင်သော အင်အားစုများစွာသည် ဖုန်းချီ အင်မော်တယ်တောင်တန်း ဆီသို့ တရွေ့ရွေ့ စုရုံးလာခဲ့ကြ၏။

အကြောင်းရင်းမှာ ကျိရီအင်မော်တယ်တောင်တန်းသည် ဝိရောဓိနယ်မြေ၏ ဒဏ္ဍာရီလာ နယ်မြေ တစ်ခု ဖြစ်ပြီး အတိတ်ကာလက ဝိရောဓိနယ်မြေ၏ အသန်မာဆုံးပုဂ္ဂိုလ် ဖြစ်သည့် ဟန်ယွင်အဆင့် ပုဂ္ဂိုလ်ဖြစ်သော အရှင်ဇူယွီ ကျင့်ကြံသော နယ်မြေ ဖြစ်သောကြောင့်ပင်။

အထူးသဖြင့် လက်ရှိ ဝိရောဓိနယ်မြေ၏ နံပါတ်တစ် ပုဂ္ဂိုလ်ဟု ဆို၍ ရသော အရှင်ထိုက်ယွမ်၏ ဒဏ္ဍာရီလာ ဖြစ်ရပ်များသည် ကျိရီ အင်မော်တယ်တောင်တန်းကို လူအများအား ပို၍ စိတ်ဝင်စားစေခဲ့သည်။

ယခုအခါ ကျိရီ အင်မော်တယ်တောင်တန်းက ပေါ်ထွက်လာခဲ့ပြီ ဖြစ်ရာ ဝိရောဓိနယ်မြေ တစ်ခုလုံးတွင် ထိုနေရာသို့ အပြေးအလွှား မသွားကြသူမှာ မရှိသလောက်ပင် ဖြစ်နေခဲ့သည်။

ထိုစဥ်က အရှင်ထိုက်ယွမ် ကဲ့သို့ပင် ကျိရီ အင်မော်တယ်တောင်တန်း အတွင်းရှိ မြင့်မြတ်သော အခွင့်အလမ်းကို အားလုံးက ရယူလိုနေကြ၏။

ဝိရောဓိနယ်မြေမှ မရေမတွက်နိုင်သော ကျင့်ကြံသူများက ဖုန်းချီ အင်မော်တယ်တောင်တန်း ဆီသို့ စုရုံးနေကြစဥ်တွင် ကျန်းချန်သည်လည်း ဖုန်းချန်ရှင်း၏ လမ်းပြမှုဖြင့် ဖုန်းချီ အင်မော်တယ်တောင်တန်း ဆီသို့ အလျင်အမြန် ရောက်ရှိလာခဲ့သည်။

ကျိရီ အင်မော်တယ် တောင်တန်း၏ သတင်းမထွက်လာခင်ကဆိုလျှင် ဖုန်းချီ အင်မော်တယ် တောင်တန်းသည် ဝိရောဓိနယ်မြေ အတွင်းရှိ သာမန် အင်မော်တယ် တောင်တစ်တောင်မျှသာ ဖြစ်ခဲ့သည်။

ထို့အပြင် ဖုန်းမိသားစုနှင့် ဟွမ်မိသားစု တို့က အင်မော်တယ်တောင်၏ တစ်ဝက်စီကို သိမ်းပိုက်ထားကြပြီး ဖုန်းချီအင်မော်တယ်တောင်တန်းကို မိသားစုပိုင် ပစ္စည်းတစ်ခု အဖြစ် သတ်မှတ်ထားကြရာ လူအများစုသည် ထိုနေရာသို့ အလွယ်တကူ ခြေမချရဲကြပေ။

သို့သော်လည်း ကျိရီ အင်မော်တယ်တောင်တန်းက ဖုန်းချီအင်မော်တယ် တောင်တန်းတွင် ရှိနေသည် ဟူသော သတင်းကို ရရချင်းမှာပင် ဝိရောဓိနယ်မြေ အတွင်းရှိ ထိုက်ယီအဆင့်အင်အားစု လေးစုနှင့် တလော့အဆင့် အင်အားစု အများအပြားသည် ဖုန်းချီ အင်မော်တယ် တောင်တန်း ဆီကို ရောက်ရှိလာခဲ့ကြသည်။

ဖုန်းချီ အင်မော်တယ် တောင်တန်းသည် အမြဲတစေ ဖုန်းမိသားစုနှင့် ဟွမ်မိသားစုတို့ ထိန်းချုပ်ထားသော နယ်မြေ ဖြစ်ခဲ့သော်လည်း ကျိရီ အင်မော်တယ် တောင်တန်း၏ ဆွဲဆောင်မှုသည် အမှန်တကယ်ပင် ထိတ်လန့်စရာ ကောင်းလွန်းနေခဲ့၏။

ဖုန်းမိသားစုနှင့် ဟွမ်မိသားစုလောက်ကို အသာထား၊ ထိုက်ယီအဆင့် အင်အားစုလေးစု ထဲတွင် အားအကောင်းဆုံး ဖြစ်သည့် တိကွန်အင်မော်တယ် နန်းတော် ပင်လျှင် ဤကဲ့သို့ အခိုက်အတန့်တွင် ဖုန်းချီ အင်မော်တယ် တောင်တန်းကို တစ်ဦးတည်း အင်အားဖြင့် ကာကွယ်ထားနိုင်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့်ပင် ဖုန်းမိသားစုနှင့် ဟွမ်မိသားစုတို့သည် ဖုန်းချီ အင်မော်တယ် တောင်တန်း အတွင်းရှိ သူတို့၏ ကာကွယ်ရေး အစီအရင်များကို နားလည်မှုရှိစွာဖြင့် ဖယ်ရှားပေးလိုက်ကြပြီး လူတိုင်းကို လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့် ပြုလိုက်ကြသည်။

ဖုန်းချန်ရှင်းသည် ဖုန်းချီ အင်မော်တယ်တောင်တန်း ဆီသို့ ရောက်ရှိလာပြီးနောက်တွင် ကျန်းချန်ကို မတ်စောက်သော မြေမျက်နှာသွင်ပြင် ရှိသည့် ချိုင့်ဝှမ်းတစ်ခု ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

ထိုချိုင့်ဝှမ်း၏ ဝင်ပေါက်သည် ပါးစပ်ကို ကျယ်လောင်စွာ ဖွင့်ဟထားသည့် သားရဲကြီး တစ်ကောင်နှင့် ဆင်တူနေခဲ့၏။

“သခင်လေးကျန်းချန်.. ကျွန်တော်တို့ ဖုန်းမိသားစုက ဖုန်းချီအင်မော်တယ် တောင်တန်းကို နှစ်ပေါင်းများစွာ ရှာဖွေစူးစမ်းခဲ့တယ်.. ကျွန်တော်တို့ရှေ့က ချိုင့်ဝှမ်းက ဖုန်းချီ အင်မော်တယ်တောင်တန်းထဲမှာ ဆန်းကြယ်တဲ့ နေရာတစ်ခုပဲ”

ဖုန်းချန်ရှင်းက သူ၏ ရှေ့မှ ချိုင့်ဝှမ်းကို ကြည့်ကာ ကျန်းချန်ကို ပြုံး၍ ပြောလိုက်သည်။

ဖုန်းမိသားစုသည် ဖုန်းချီ အင်မော်တယ် တောင်တန်း၏ တစ်ဝက်ကို နှစ်ပေါင်းများစွာ ထိန်းချုပ်လာခဲ့ခြင်း ဖြစ်ရာ ဖုန်းချီ အင်မော်တယ် တောင်တန်း၏ အခြေအနေကို သာမန် လူများထက် ပိုမို ကောင်းမွန်စွာ နားလည်ထားကြသည်။

ကျန်းချန်၏ ခန့်မှန်းချက်အရ အကယ်၍ ကျိရီ အင်မော်တယ်တောင်တန်းသည် ဖုန်းချီ အင်မော်တယ်တောင်တန်းတွင် အမှန်တကယ် ဝှက်ထားမည် ဆိုလျှင် ထိုတောင်တန်း တည်ရှိနေသော နေရာသည် သေချာပေါက် ထူးခြားနေလိမ့်မည်ဖြစ်သည်။

ဤအကြောင်းကြောင့်ပင် ဖုန်းချန်ရှင်းသည် ကျန်းချန်ကို သူတို့ရှေ့မှ ချိုင့်ဝှမ်း ဆီသို့ ခေါ်‌ဆောင်လာခဲ့ခြင်း ဖြစ်သည်။

ကျန်းချန်က ချိုင့်ဝှမ်းကို အကဲခတ်ရင်း မျက်ဝန်းများအနည်းငယ် မှေးကျဥ်းသွားခဲ့သည်။

“ခင်ဗျားတို့ ဒီချိုင့်ဝှမ်းထဲ ဝင်ပြီး ရှာဖွေဖူးလား”

အပြင်ပန်းကြည့်လျှင် သူ့ရှေ့မှ ချိုင့်ဝှမ်းသည် မည်သည့်ထူးခြားမှုမျှ ရှိပုံမရပေ။

သို့သော်လည်း အထဲတွင် ကြီးမားသော အန္တရာယ်တစ်စုံတစ်ရာ ရှိနေသည်ဟု ကျန်းချန် ခံစားမိနေခဲ့သည်။

“ကျွန်တော် စူးစမ်းဖူးတယ်.. ဒါပေမဲ့ ချိုင့်ဝှမ်းထဲဝင်ပြီး သိပ်မကြာခင်မှာပဲ ဘာမှန်းမသိရတဲ့ အင်အားတစ်ခုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့တယ်.. ဘယ်အရာက ကျွန်တော့်ကို ဒဏ်ရာရအောင် လုပ်လိုက်လဲ ဆိုတာတောင် ကျွန်တော်မသိလိုက်ရဘူး”

ဖုန်းချန်ရှင်းက ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။

“အဲဒီအချိန်ကစပြီး တားမြစ်နယ်မြေ အဖြစ် ဒီချိုင့်ဝှမ်းကို ကျွန်တော် သတ်မှတ်လိုက်ပြီး ဘယ်တော့မှ ထပ်မဝင်တော့တာပဲ”

“ငါတို့ ဝင်ပြီး ကြည့်ရအောင်”

ထိုစကားကို ပြောပြီးသည်နှင့် ကျန်းချန်သည် အတွေးတစ်ချက်ဖြင့်ပင် အင်မော်တယ်ဘုရင် ရုပ်အလောင်းကို ဆင့်ခေါ်လိုက်သည်။

ချိုင့်ဝှမ်းထဲသို့ ဝင်လိုက်သည်နှင့် ကျန်းချန်သည် ပတ်ဝန်းကျင်၏ ပြောင်းလဲမှုကို ချက်ချင်းဆိုသလို ခံစားမိလိုက်သည်။

ဖုန်းချီ အင်မော်တယ် တောင်တန်း၏ အပူချိန်သည် အလွန်တရာ သက်သောင့်သက်သာ ရှိသော်လည်း ဤချိုင့်ဝှမ်းထဲတွင်မူ နှင်းများနှင့် ရေခဲပြင်များဖြင့် ဖုံးလွှမ်းနေခဲ့သည်။

ထို့ကြောင့် ကျန်းချန်တို့ ချိုင့်ဝှမ်းထဲကို ဝင်ရောက်လာခြင်းသည် ကမ္ဘာသစ် တစ်ခုထဲသို့ လှမ်းဝင်လိုက်သလို ဖြစ်နေခဲ့၏။

သို့သော်လည်း ကျန်းချန်က ပတ်ဝန်းကျင် အခြေအနေကို အသေအချာ အကဲမခတ်ရသေးခင်မှာပင် အန္တရာယ်အငွေ့အသက် တစ်ခုကို အာရုံခံမိလိုက်သည်။

ဤချိုင့်ဝှမ်းထဲတွင် ဖုန်းချန်ရှင်း ကြုံတွေ့ခဲ့ရသည်များကို တွေးမိလျှင် ကျန်းချန်သည် အနည်းငယ် တုန်လှုပ်သွားခဲ့ပြီး သူ၏ စိတ်ကို လျင်မြန်စွာ ပြန်လည် စုစည်းလိုက်၏။

ထိုအချိန်မှာပင် လက်သီးဆုပ်ခန့် အရွယ်အစားရှိသော နှင်းလုံး တစ်လုံးသည် ကျန်းချန်၏ အရှေ့ရှိ မီတာအနည်းငယ်အကွာကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ကျန်းချန် ထံသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာခဲ့သည်။

ကျန်းချန်က ထိတ်လန့်သွားခဲ့ပြီး ထိုနှင်းလုံးကို ခုခံကာကွယ်ရန်အတွက် အင်မော်တယ်ဘုရင် ရုပ်အလောင်းကို လျင်မြန်စွာ ထိန်းချုပ်လိုက်သည်။

“ဝုန်း..”

နှင်းလုံးက အင်မော်တယ်ဘုရင်၏ ရုပ်အလောင်းကို ထိမှန်သွားခဲ့ပြီးနောက်တွင် ကျယ်လောင်သော ပေါက်ကွဲသံထွက်ပေါ်လာခဲ့၏။

အင်မော်တယ်ရုပ်အလောင်းက အနည်းငယ် တုန်ယင်သွားခဲ့ပြီး လေထဲသို့ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားခဲ့ရသည်။

“တကယ်ကို ကြောက်ဖို့ကောင်းတဲ့ နှင်းလုံးပါလား”

ကျန်းချန်က ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

အပြာရောင်ဝတ်စုံဝတ် ဓားအင်မော်တယ်ဧကရာဇ် ရှချင်းက ကျန်းချန်ကို အင်မော်တယ်ဘုရင် ရုပ်အလောင်းအား သန့်စင်ပေးခဲ့ကတည်းကပင် ကျန်းချန်သည် ထိုအင်မော်တယ်ဘုရင် ရုပ်အလောင်းကို အသုံးပြု၍ တလော့အင်မော်တယ် နှစ်ပါးနှင့် တိုက်ခိုက်ခဲ့ဖူးသည်။

ထိုတလော့အင်မော်တယ် နှစ်ပါးနှင့် ရင်ဆိုင်ရာတွင် အင်မော်တယ်ဘုရင် ရုပ်အလောင်းသည် ၎င်းတို့ကို အလွယ်တကူပင် ဖိနှိပ်နိုင်ခဲ့ပြီး ဘယ်တုန်းကမျှ နောက်သို့ ခြေတစ်လှမ်းမျှပင် မဆုတ်ခဲ့ဖူးချေ။

ယခုအခါတွင်မူ လက်သီးဆုပ်ခန့် အရွယ်အစားရှိ နှင်းလုံးလေးတစ်လုံးကြောင့် အမှန်တကယ်ပင် နောက်သို့ ဆုတ်သွားခဲ့ရသည်။

ကျန်းချန်ကို ပို၍ အံ့ဩတုန်လှုပ်သွားစေသည်မှာ ယခုအချိန်ထိ ထိုနှင်းလုံး မည်သည့် နေရာက ထွက်ပေါ်လာသည်ကို အသေအချာ မသိရသေးခြင်း ဖြစ်၏။

ဖုန်းချန်းရှင်း ဤနေရာသို့ ဝင်ရောက်လာစဥ်က အဘယ်ကြောင့် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့သလဲ ဆိုသည်ကို ကျန်းချန် အဆုံးသတ်တွင် နားလည်သွားခဲ့သည်။

ဤနေရာတွင် အရိပ်အယောင် မပြဘဲ ဖုံးကွယ်နေသည့် အမည်မသိ သက်ရှိတစ်ဦးသည် နှင်းလုံးလေး တစ်ခုတည်းဖြင့် တလော့အဆင့်ထက် အားမနည်းသော အင်မော်တယ်ဘုရင် ရုပ်အလောင်းကို နောက်ဆုတ်သွားအောင် လုပ်နိုင်ခဲ့သည်။

ဤအချက်အလက်ကို ကြည့်ခြင်းအားဖြင့် ထိုအမည်မသိသက်ရှိ၏ စွမ်းအားသည် သာမန် တလော့အဆင့် ထက်ပင် ပိုမို မြင့်မားနေသည်မှာ ထင်ရှားနေခဲ့၏။

“သတိထားပါ.. ဒီနေရာက မရိုးရှင်းဘူး”

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး အင်မော်တယ်ဘုရင် ရုပ်အလောင်းကို ရှေ့ကနေ သွားစေကာ ချိုင့်ဝှမ်းဆီသို့ ဂရုတစိုက်ဖြင့် ဆက်လက် လျှောက်လှမ်းသွားခဲ့သည်။

လမ်းတစ်လျှောက်တွင် ကျန်းချန်တို့သည် နှင်းလုံးများ၏ တိုက်ခိုက်ခြင်းကို တစ်ကြိမ်ထက်မက ကြုံတွေ့ခဲ့ရသော်လည်း ၎င်းတို့အားလုံးကို ကျန်းချန်သည် အင်မော်တယ်ဘုရင် ရုပ်အလောင်း ထိန်းချုပ်ကာ အလွယ်တကူပင် ဖြေရှင်းနိုင်ခဲ့သည်။

ချိုင့်ဝှမ်း၏ ဧရိယာက သိပ်မကျယ်၍ သူတို့နှစ်ယောက် ချိုင့်ဝှမ်းထဲသို့ မိုင်တစ်ရာ မပြည့်မီ အကွာအဝေး အထိ ဝင်ရောက်ပြီးနောက်တွင် သူတို့သည် ချိုင့်ဝှမ်း၏ အနက်ရှိုင်းဆုံးနေရာ ဆီသို့ ရောက်ရှိလာခဲ့ကြသည်။

သူတို့ရှေ့ရှိ ‌ရေခဲနှင့် နှင်းများဖြင့် ဖုံးလွှမ်းနေသော မြေပြင်ပေါ်၌ စတုရန်းမီတာ ဆယ်ဂဏန်းခန့် ကျယ်ဝန်းပြီး တိတ်တဆိတ် စီးဆင်းနေသည့် ကြည်လင်သော စမ်းရေတွင်းတစ်ခု ရှိနေခဲ့သည်။

ထိုစမ်းရေတွင်းထဲမှ သိပ်သည်းသော အင်မော်တယ်စွမ်းအားများက လေထဲတွင် လွင့်ပျံနေခဲ့သည်။

စမ်းရေတွင်း၏ အနောက်ဖက်တွင်မူ အမြင့်ဆယ်ပေခန့်ရှိသည့် သစ်ပင်ငယ်လေး တစ်ပင် ရှိနေခဲ့သည်။

“ဒါက ဒဏ္ဍာရီလာ ဟန်ယွင်အင်မော်တယ် စမ်းရေလား”

ဖုန်းချန်ရှင်းက စမ်းရေတွင်းကို တွေ့သည်နှင့် ချက်ချင်းပင် တစ်စုံတစ်ရာကို တွေးမိခဲ့ကာ တအံ့တဩ ရေရွတ်လိုက်သည်။

ထိုစကားကိုကြားလျှင် ကျန်းချန် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

“ဟန်ယွင် အင်မော်တယ်စမ်းရေတွင်းက ဘာလဲ”

“ဟန်ယွင်အင်မော်တယ်စမ်းရေ ဆိုတာက ဟန်ယွင်အဆင့် အင်မော်တယ်ရဲ့ သွေးနဲ့ ပျိုးထောင်မှသာ ဖြစ်တည်လာနိုင်တဲ့ ဆန်းကြယ်တဲ့ အင်မော်တယ်စမ်းရေ တစ်မျိုးပဲ.. ဟန်ယွင်အင်မော်တယ် စမ်းရေတွင်းထဲမှာ အင်မော်တယ် အဆီအနှစ် စွမ်းအားတွေ သိပ်သည်းစွာ ပါဝင်ရုံတင်မကဘဲ ဟန်ယွင်အင်မော်တယ်အဆင့် နားလည်သဘောပေါက်ခဲ့တဲ့ ဥပဒေသစွမ်းအား တချို့လည်း ပါဝင်နေတယ်"

"အဲဒါက ကျင့်ကြံခြင်းအဆင့် တိုးတက်ဖို့နဲ့ အင်မော်တယ်ဥပဒေသကို နားလည်သဘောပေါက်နိုင်ဖို့ အတွက် အတိုင်းအတာ တစ်ခု အထိ အထောက်အကူဖြစ်စေတယ်.. ဟန်ယွင်အဆင့် အင်အားစုတွေအနေနဲ့ ဒီလို ဟန်ယွင်အင်မော်တယ်စမ်းရေကို ပျိုးထောင်ပြီး ထိပ်တန်းပါရမီရှင် တပည့်တွေကို မွေးထုတ်လေ့ ရှိကြတယ်.. ဒါကြောင့်လည်း ဟန်ယွင်အဆင့် အင်အားစုတွေက တလော့အဆင့် ကျင့်ကြံသူတွေကို စဥ်ဆက်မပြတ် မွေးထုတ်ပေးနိုင်တာပဲ”

အခန်း(၂၈၆၈)ပြီး၏။

All Chapters