← Chapters

အခန်း ၂၈၇၀

Vol. 227 Ch. 2870

အခန်း ၂၈၇၀

Vol. 227 Ch. 2870

အခန်း(၂၈၇၀)

ကျန်းချန်က သူ၏ပတ်ဝန်းကျင်တွင် အကာအကွယ် အစီအရင် တစ်ခုကို ခင်းကျင်းထားလိုက်သည်။

သို့မှသာ တစ်စုံတစ်ယောက်က ချဥ်းကပ်လာလျှင် ချက်ချင်းဆိုသလို သိရှိနိုင်လိမ့်မည် ဖြစ်၏။

အကာအကွယ် အစီအရင်ကို ခင်းကျင်းပြီးနောက်တွင် ကျန်းချန်သည် အင်မော်တယ်ဘုရင်အား စောင့်ရှောက်ရန် သူ့အား အမိန့်ပေးလိုက်ပြီး သစ်ပင်ငယ်လေး အောက်တွင် တင်ပျဥ်ခွေ၍ ထိုင်ကာ ဟန်ယွင်အင်မော်တယ် စမ်းရေ၏ စွမ်းအားကိုအသုံးပြု၍ စတင် ကျင့်ကြံခဲ့သည်။

အစပိုင်းတွင်မူ ကျန်းချန်သည် သူတို့ကို တိုက်ခိုက်ရန် နှင်းလုံးများ ပစ်လွှတ်ခဲ့သည့် အမည်မသိ သတ္တဝါ ပေါ်လာမည်ကို အနည်းငယ် စိုးရိမ်နေမိသည်။

နောက်ပိုင်းတွင် နှင်းလုံးက ထပ်မံ မပေါ်ပေါက်လာတော့သဖြင့် ကျန်းချန်က ထိုအရာကို ဆက်လက် ဂရုစိုက်မနေတော့ဘဲ အာရုံစိုက်ကာ ကျင့်ကြံနေတော့သည်။

ဤနေရာတွင် အချိန်မျှော်စင်၏ အဆ ၁၀၀ အချိန်စီးဆင်းမှုနှုန်း မရှိသော်လည်း ဟန်ယွင်အင်မော်တယ်စမ်းရေ၏ အောက်တွင် ကျန်းချန် ရရှိသည့် အကျိုးကျေးဇူးသည် သာမန်မဟုတ်ချေ။

သုံးရက်အတွင်း ကျန်းချန်၏ ကျင့်ကြံခြင်းအခြေခံသည် ကမ္ဘာကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း ရှိသည့် အင်မော်တယ် စွမ်းရည် အပေါ် နားလည်သဘောပေါက်မှုက များစွာ တိုးတက်လာခဲ့သည်။

လေးရက်မြောက်နေ့သို့ ရောက်ရှိလာသောအခါတွင် သစ်ပင်ငယ်လေးပေါ်ရှိ တာအိုသစ်သီး ထံမှ အလွန်တရာ ဆန်းကြယ်သော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်ကို ကျန်းချန် ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

ထိုစွမ်းအား၏ လွှမ်းမိုးမှု‌အောက်တွင် အကယ်၍ ကျန်းချန်သာ သူ့ကိုသူ ထိန်းချုပ်ရန် အစွမ်းကုန် မကြိုးစားခဲ့လျှင် ချက်ချင်းဆိုသလို ဥာဏ်အလင်းပွင့်သည့် အခြေအနေသို့ ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။

“ဟန်ယွင်အင်မော်တယ်စမ်းရေရဲ့ အဆီအနှစ်တွေကို စုပ်ယူပြီး ဖြစ်တည်လာတဲ့ တာအိုသစ်သီးလို့ မပြောရဘူး.. တကယ်ကို ဆန်းကြယ်တာပဲ”

ကျန်းချန်က အလွန်အမင်း အံ့အားသင့်ကာ ချီးကျူးမိလိုက်သည်။

ရင့်မှည့်လာသည့် အရှိန်အဝါကပင် လူကို ချက်ချင်းဆိုသလို ဥာဏ်အလင်းပွင့်သည့် အခြေအနေသို့ ရောက်ရှိ သွားစေနိုင်သည်။

သူ့ရှေ့မှ တာအိုသစ်သီးသည် တလော့အင်မော်တယ် တစ်ပါးကို အမှန်တကယ် ဖန်တီးပေးနိုင်စွမ်း ရှိသည်မှာ သံသယဝင်စရာမရှိပေ။

ကျန်းချန်၏ အကြည့်က ရင့်မှည့်တော့မည့် တာအိုသစ်သီး အပေါ်တွင် အာရုံစိုက်ထားဆဲ အချိန်မှာပင် ပြင်းထန်သော ပေါက်ကွဲသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်က လှမ်းကြည့်လိုက်ရာ သူခင်းကျင်းထားသော အကာအကွယ် အစီအရင်များက ပျက်စီးသွားခဲ့ပြီး သန်မာသော ကျင့်ကြံသူ အုပ်စုတစ်စုက မျက်တောင်တစ်ခတ်အတွင်း သူ့ရှေ့တွင် ပေါ်လာသည်ကို မြင်လိုက်ရသည်။

ဟန်ယွင် အင်မော်တယ်စမ်းရေတွင်းကို မြင်လိုက်ရလျှင် ထိုလူများ၏ မျက်နှာထက်တွင် အလွန်တရာ ဝမ်းသာကြည်နူးသော အရိပ်အယောင်များဖြင့် ပြည့်နှက်သွားခဲ့သည်။

“ဒါက ဟန်ယွင်အင်မော်တယ် စမ်းရေတွင်းပဲ.. ဒါက တကယ်ကို ဒဏ္ဍာရီလာ ဟန်ယွင်အင်မော်တယ်စမ်းရေတွင်း ဖြစ်နေတာပဲ.. ဟန်ယွင်အင်မော်တယ်စမ်းရေတွင်းကို ဟန်ယွင်အင်မော်တယ်ကပဲ ပျိုးထောင်ဖန်တီးနိုင်စွမ်း ရှိတယ်လို့ ပြောကြတယ်.. ဒီနေရာမှာ ဟန်ယွင်အင်မော်တယ် စမ်းရေတွင်း ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ဒီဟန်ယွင်အင်မော်တယ်စမ်းရေကို ငါတို့ ရွှေဓားအင်မော်တယ်ဂိုဏ်းက မဖြစ်မနေ ရယူရမယ်”

“...........”

ထိုလူများသည် ကျန်းချန်တို့နှစ်ဦး ရှိနေသည်ကို လုံးဝလျစ်လျူရှုထားခဲ့ပြီး အားလုံးက ဟန်ယွင်အင်မော်တယ်စမ်းရေတွင်းကိုသာ မက်မောသော အကြည့်များဖြင့် စိုက်ကြည့်နေခဲ့ကြသည်။

ဤအခိုက်အတန့်တွင် ဟန်ယွင်အင်မော်တယ် စမ်းရေတွင်းကနေ စမ်းရေများ စုပ်ယူကာ ကျင့်ကြံနေခဲ့သည့် ဖုန်းချန်ရှင်းသည်လည်း နိုးထလာခဲ့ပြီး လေးနက်သော အမူအရာဖြင့် ကျန်းချန်၏ နံဘေးသို့ ချက်ချင်းဆိုသလို ရောက်ရှိလာခဲ့သည်။

“သူတို့က ဘယ်သူတွေလဲ”

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့ပြီး ဖုန်းချန်ရှင်းကို မေးလိုက်သည်။

ထိုလူစု၏ အင်အားက အားမနည်းပေ။

ထိုအထဲမှ သုံးဦး၏ အင်အားသည် ဖုန်းချန်ရှင်း၏ အောက်တွင် မရှိချေ။

အထူးသဖြင့် ရှေ့ဆုံးမှ ဦးဆောင်လာသော ဆံပင်ရွှေ‌ရောင်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် တလော့အင်မော်တယ်တစ်ပါး ဖြစ်သည်။

“ဒါက တလော့အင်အားစု ဖြစ်တဲ့ ရွှေဓားအင်မော်တယ်ဂိုဏ်းက လူတွေပဲ”

ဖုန်းချန်ရှင်း၏ မျက်ဝန်းထဲတွင် လေးနက်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

သူက ကျန်းချန်ကို ရွှေဓားအင်မော်တယ်ဂိုဏ်းနှင့် ပတ်သက်၍ မိတ်ဆက်ပေးရန် ပြင်လိုက်စဥ်မှာပင် ရွှေဓားအင်မော်တယ်ဂိုဏ်းမှ ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ် တစ်ဦးသည် ရှေ့သို့ လှမ်းထွက်လာခဲ့သည်။

ထိုလူ၏ အေးစက်စက် စကားသံသည် ကျန်းချန်၏ နားထဲကို ချက်ချင်းဆိုသလို ဝင်ရောက်လာခဲ့၏။

“မင်းတို့ နှစ်ယောက် အခြေအနေကို နားလည်ရင် ဒီနေရာကနေ အခုချက်ချင်း ထွက်သွားကြစမ်း.. ဒီနေရာက ဟန်ယွင်အင်မော်တယ်စမ်းရေတွင်းက ငါတို့ ရွှေဓားအင်မော်တယ်ဂိုဏ်းရဲ့အပိုင်ပဲ”

ထိုစကားများကို ကြားလျှင် ဖုန်းချန်ရှင်းသည် အနည်းငယ်မျက်နှာပျက်ယွင်းသွားခဲ့သည်။

“ဖုန်းချီအင်မော်တယ်တောင်တန်းက ငါတို့ဖုန်းမိသားစုရဲ့နယ်မြေပဲ.. မင်းတို့ ရွှေဓားအင်မော်တယ်ဂိုဏ်းက အရမ်း ဗိုလ်ကျလွန်းနေတယ်လို့ မထင်ဘူးလား”

“ဘာဖုန်းမိသားစုလဲ.. ငါ တစ်ခါမှ မကြားဖူးဘူး.. မင်းတို့က သေမင်းကို ဖိတ်ခေါ်ချင်နေမှတော့ ငါ မင်းတို့ ဆန္ဒကို ဖြည့်ဆည်းပေးမယ်”

ခြေလှမ်းတစ်ဝက် တ‌လော့အင်မော်တယ်က အေးစက်စက် ပြုံးလိုက်ပြီး ချက်ချင်းဆိုသလိုပင် ရှေ့သို့ တက်လှမ်းကာ လက်သီးဖြင့် ထိုးနှက်လိုက်သည်။

လေထုထဲတွင် ကျယ်လောင်သော လက်သီးခွင်းသံ ထွက်ပေါ်လာခဲ့သည်။

ရွှေရောင်လက်သီး အလင်းသည် ကြောက်မက်ဖွယ် လှိုင်းလုံးကြီးသဖွယ် ဖုန်းချန်ရှင်း ဆီသို့ ဦးတည်လာခဲ့သည်။

ဖုန်းချန်ရှင်းက ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့ပြီး ခန္ဓာကိုယ်အတွင်းမှ အင်မော်တယ်စွမ်းအားများကို ချက်ချင်းဆိုသလိုပင် လှုံ့ဆော်ကာ ပတ်ပတ်လည်တွင် အကာအကွယ်အဖြစ် ပြောင်းလဲလိုက်သည်။

“ဝုန်း..”

ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီးနောက်တွင် ဖုန်းချန်ရှင်း၏ အကာအကွယ်သည် ရွှေရောင်လက်သီး၏ ထိုးနှက်မှုကြောင့် ချက်ချင်းပင် ပျက်စီးသွားခဲ့သည်။

ဖုန်းချန်ရှင်း၏ ခန္ဓာကိုယ်ကမူ နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်ခွာသွားခဲ့ရပြီး ခြေတစ်လှမ်းချင်းစီတိုင်းသည် ချိုင့်ဝှမ်းကိုပင် တုန်ခါသွားစေခဲ့သည်။

ဖုန်းချန်ရှင်းက သူ၏ ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို အပြင်းအထန် ဖိနှိပ်လိုက်ရ၏။

သူ၏ မျက်နှာ အမူအရာက အလွန်တရာပင် သုန်မှုန်နေခဲ့ပြီး နံဘေးရှိ ကျန်းချန်ကို လှမ်းကြည့်လိုက်သည်။

ရွှေဓားအင်မော်တယ်ဂိုဏ်းမှ ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ်သည် သိသိသာသာပင် သူ့ထက် ပို၍ သန်မာနေခဲ့သည်။

ထို့အပြင်‌ ‌ရွှေဓားအင်မော်တယ်ဂိုဏ်းတွင် တလော့အင်မော်တယ် တစ်ပါးလည်း ရှိနေသေး၏။

သူ၏ အင်အားဖြင့် ဆိုလျှင် ရွှေဓားအင်မော်တယ်ဂိုဏ်းမှ လူများကို ယှဥ်ပြိုင်ရန်မှာ ဘယ်လိုမှ ဖြစ်နိုင်မည် မဟုတ်ပေ။

“အချိန်မဆွဲဘဲ ဒီနှစ်ယောက်ကို မြန်မြန် ရှင်းပစ်လိုက်”

ထိုအခိုက်အတန့်တွင် ခေါင်းဆောင် ဖြစ်သည့် ဆံပင်ရွှေရောင်နှင့် တလော့အင်မော်တယ်က အေးစက်စက် ပြောလိုက်သည်။

“အဲဒီကောင်လေးကို ငါတာဝန်ယူလိုက်မယ်”

ဆံပင်ရွှေရောင်နှင့် တလော့ အင်မော်တယ်၏ အနောက်တွင် ရပ်နေသည့် ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူတစ်ဦးသည် ဟန်ယွင်အင်မော်တယ် စမ်းရေတွင်း၏ အထက်တွင် လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ ဝင့်ကြွားစွာ ရပ်နေသည့် ကျန်းချန် ဆီသို့ တိုးဝင်လာခဲ့သည်။

ကျန်းချန်က လက်ညှိုးမှ ဓားစွမ်းအားကို ပေါ့ပေါ့ပါးပါးပင် ထုတ်လွှတ်လိုက်သည်။

ရိုးရှင်းသည်ဟု ထင်ရသော ဓားစွမ်းအားသည် ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူကို အန္တရာယ် အငွေ့အသက်အား ခံစားမိစေခဲ့၏။

သူ၏ မျက်နှာအမူအရာက ချက်ချင်းပင် ပြောင်းလဲသွားခဲ့ပြီး ပေဒါဇင်ပေါင်း များစွာ အကွာအဝေးသို့ အလျင်အမြန်ပင် နောက်ဆုတ်သွားခဲ့ရသည်။

သို့သော်လည်း ကျန်းချန်၏ ဓားစွမ်းအင်သည် သူ့ကို ရည်ရွယ်ထားခြင်း မဟုတ်ဘဲ ဟန်ယွင်အင်မော်တယ် စမ်းရေ၏ အပြင်ဘက် မြေပြင်ထက်တွင် ရှည်လျားသော ဓားရာတစ်ခုကို ဆွဲခြစ်လိုက်ခြင်းသာ ဖြစ်သည်။

“ကောင်‌လေး.. မင်း ဒါဘာသဘောလဲ”

ထိုအချင်းအရာကို မြင်လိုက်ရလျှင် ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူ၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

“ဒီမျဥ်းကို ကျော်တဲ့သူ မှန်သမျှ သေရလိမ့်မယ်”

ကျန်းချန်က ခပ်အေးအေးပင် ပြန်လည် ဖြေကြားလိုက်ပြီး သူ၏ အကြည့်က သစ်ပင်ငယ်လေး ပေါ်ရှိ တာအိုသစ်သီးပေါ်သို့ ထပ်မံ၍ ကျရောက်သွားခဲ့သည်။

သူက တာအိုသစ်သီး ရင့်မှည့်လာသည်နှင့် သိုလှောင်အိတ်ထဲသို့ တတ်နိုင်သမျှ အမြန်ဆုံး ထည့်နိုင်ရန် စောင့်ဆိုင်းနေခဲ့သည်။

ဟန်ယွင်အင်မော်တယ်စမ်းရေကိုမူ ယူဆောင်သွား၍ မရနိုင်သဖြင့် ကျန်းချန်သည် သိမ်းပိုက်ရန် အစီအစဥ် မရှိခဲ့ချေ။

သို့သော်လည်း ဟန်ယွင်အင်မော်တယ်စမ်းရေကနေ ဖြစ်တည်လာသည့် ဤတာအိုသစ်သီးကိုမူ မဖြစ်မနေ ရယူသွားရလိမ့်မည် ဖြစ်၏။

“ဟားဟား.. ကောင်လေးက လေလုံးထွားလှချည်လား.. ငါ ဒီမျဥ်းကို ကျော်တော့ရော မင်းက ဘာလုပ်နိုင်မှာမို့လဲ”

ထိုစကားကို ပြောပြီးသည်နှင့် ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူသည် ကျန်းချန် ချန်ထားရစ်ခဲ့သည့် ဓားရာကို ဘာမှ ဂရုမစိုက်ဘဲ ကျော်ဖြတ်လိုက်သည်။

“ကိုယ့်သေလမ်း ကိုယ်ရှာတာပဲ”

ကျန်းချန်၏ မျက်နှာအမူအရာက အေးစက်သွားခဲ့ပြီး ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူကို လက်ညှိုးမှ ဓားစွမ်းအားဖြင့် ပစ်ခတ်လိုက်သည်။

“ဝုန်း..”

ဟင်းလင်းပြင်ထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်၏ လက်ချောင်းမှ ဓားစွမ်းအင်သည် ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူ၏ ဦးခေါင်းအထက်တွင် မျက်တောင်တစ်ခတ် အတွင်း ပေါ်လာခဲ့သည်။

ထိုဓားစွမ်းအားကို မြင်လျှင် ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် ရွှေအင်မော်တယ် စွမ်းအားများကို လှုံ့ဆော်ကာ ရွှေရောင်ဓားပုံရိပ် တစ်ခု အဖြစ် ပြောင်းလဲ၍ ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

သို့သော်လည်း သူ၏ ရွှေရောင်ဓား ပုံရိပ်သည် ကျန်းချန်၏ လက်ညှိုးမှ ဓားစွမ်းအားကို အနည်းငယ်မျှပင် ခုခံနိုင်စွမ်းမရှိခဲ့ပေ။

ဓားစွမ်းအင်က ရွှေရောင်ဓားပုံရိပ်ကို ချက်ချင်းပင် ထိုးဖောက်သွားခဲ့ပြီးနောက်တွင် ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူကို ပြန်လည် တုံ့ပြန်ရန်ပင် မည်သည့် အခွင့်အရေးမျှ မပေးဘဲ ရင်ဘတ်ကို ထိုးဖောက်သွားခဲ့သည်။

ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်အတွင်းရှိ အင်မော်တယ်ခရစ္စတယ် ပင်လျှင် ထိုဓားစွမ်းအားကြောင့် လုံးဝ ပျက်စီးသွားခဲ့သည်။

“ဝုန်း..”

ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူက ချက်ချင်းဆိုသလိုပင် အလောင်းတစ်ခု အဖြစ် ပြောင်းလဲသွားခဲ့ပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားခဲ့သည်။

သူတို့ရှေ့မှ မြင်ကွင်းကိုမြင်လျှင် ရွှေဓားအင်မော်တယ်ဂိုဏ်းမှ ကျင့်ကြံသူများ မျက်နှာပျက်သွားခဲ့ကြသည်။

ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူကို တစ်ကွက်တည်းဖြင့် သတ်ဖြတ်နိုင်ပုံ ထောက်လျှင် သူတို့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အနည်းဆုံး ရွှေအင်မော်တယ် အဋ္ဌမအဆင့် သို့မဟုတ် နဝမအဆင့်နှင့်ပင် ယှဥ်ပြိုင်နိုင်သည့် အင်အားမျိုး ရှိနေကြောင်း ဖော်ပြနေသည် မဟုတ်ပါလား။

အခန်း(၂၈၇၀)ပြီး၏။

All Chapters