← Chapters

အခန်း (၄၇၅-၄၇၆)

Vol. 48 Ch. 475-476

အခန်း (၄၇၅-၄၇၆)

Vol. 48 Ch. 475-476

အခန်း ၄၇၅ ၊ အပိုင်း ၁ - ဝိညာဉ်လက်နက်ကို ဆွဲထုတ်ခြင်း၊ ငရဲဘုံ သရဲအိုကြီး

မုန်းတျန်၏ ခန္ဓာကိုယ်ထဲမှ မကောင်းဆိုးဝါး အငွေ့အသက်များ ပြည့်နှက်နေသည့် မီးခိုးရောင် သရဲလက်သည်းကြီးကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်သောအခိုက်အတန့်တွင် မြင်တွေ့လိုက်ရသူတိုင်း၏ ကျောရိုးထဲသို့ အေးစက်သော ကြောက်ရွံ့မှုများ စိမ့်ဝင်သွားလေတော့သည်။

ဤဝိညာဉ်လက်နက်သည် ဖြောင့်မတ်သော လမ်းစဉ်မှ အရာတစ်ခု မဟုတ်ကြောင်းမှာ သိသာထင်ရှားလှပေ၏။

မုန်းတျန်သည် ဤမျှ မကောင်းဆိုးဝါးဆန်လှသော ဝိညာဉ်လက်နက်ကို အသုံးပြုနေခဲ့ခြင်းလော။

သူ မည်မျှပင် အသည်းအသန် ခုခံရုန်းကန်ပါစေ၊ လုချင်း၏ စွမ်းအားကို သူ ဘယ်လိုလုပ် ယှဉ်နိုင်ပါမည်နည်း။

မကြာမီမှာပင် မီးခိုးရောင် သရဲလက်သည်းကြီးသည် လုချင်း၏ ဆွဲထုတ်မှုကြောင့် သူ၏ ဒျန်ထျန်ထဲမှ လုံးဝ ကျွတ်ထွက်လာခဲ့တော့၏။ ၎င်းကို ဖယ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် မုန်းတျန်၏ အရှိန်အဝါများမှာ ချက်ချင်းပင် ထိုးကျသွားပြီး သူ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် ကင်းမဲ့ခြင်းများသာ ပြည့်နှက်သွားတော့သည်။

သို့သော် ဤအခိုက်အတန့်တွင် မည်သူကမျှ သူ့ကို ဂရုမစိုက်ကြတော့ချေ။ လူတိုင်း၏ အကြည့်များက မီးခိုးရောင် သရဲလက်သည်းကြီးထံသို့သာ စူးစိုက်ကျရောက်နေကြလေ၏။

ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ခံလိုက်ရသည်နှင့် ၎င်းသည် လေထဲတွင် ရပ်တန့်နေသော်လည်း ငြိမ်သက်သွားခြင်း မရှိဘဲ အသက်ရှိသော သတ္တဝါတစ်ကောင်ကဲ့သို့ ပြင်းထန်စွာ လူးလွန့်ရုန်းကန်နေလေသည်။

၎င်းထံမှ သိပ်သည်းလှသော မီးခိုးရောင် မြူခိုးများ ထွက်ပေါ်လာပြီး အလွှာထပ်နေသော အရိုးစုခေါင်းများနှင့် ငိုကြွေးနေသော သရဲတစ္ဆေများအသွင်သို့ ပြောင်းလဲသွားတော့သည်။ မျက်စိဖြင့် မမြင်နိုင်သော စူးရှသည့် အော်ဟစ်သံများက ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားကာ ကြည့်ရှုနေသူများ၏ စိတ်ဝိညာဉ်များထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး သူတို့၏ နှလုံးသားများကို တုန်လှုပ်ချောက်ချားသွားစေခဲ့ပါ၏။

မုန်းတျန်အနေဖြင့် ဤမျှ မကောင်းဆိုးဝါးဆန်သော အရာတစ်ခုကို သူ၏ ခန္ဓာကိုယ်ထဲသို့ သန့်စင်ထည့်သွင်းရန် မည်သို့များ သတ္တိရှိခဲ့သနည်းဟုသာ သူတို့အားလုံး တွေးတောမိကြတော့သည်။

သို့သော် သရဲလက်သည်းကြီးက မည်မျှပင် ရုန်းကန်နေပါစေ၊ လုချင်း၏ ဖိနှိပ်မှုအောက်တွင်တော့ ခုခံမှုအားလုံးက အချည်းနှီးသာ။ ၎င်းမှာ အနည်းငယ်မျှပင် မလှုပ်ရှားနိုင်တော့ဘဲ ခိုင်မြဲစွာဖြင့်ပဲ ချုပ်နှောင်ခံလိုက်ရတော့၏။

"ငရဲဘုံ သရဲလက်သည်း... ဒါက နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အဲဒီဝိညာဉ်လက်နက်အစစ်ပဲကိုး"

ထိုအချိန်တွင် အံ့အားသင့်မှုများ ရောယှက်နေသည့် အိုမင်းသော အသံတစ်သံ ထွက်ပေါ်လာလေသည်။

လူတိုင်းက စကားပြောဆိုသူထံသို့ လှည့်ကြည့်လိုက်ကြ၏။

သူသည် လွင့်ဝဲနေသော တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်နှင့် မုတ်ဆိတ်မွေးများမှာ အဖြူရောင် ပြောင်းနေကာ မသေမျိုးတစ်ပါးနှင့်တူသော အသွင်အပြင်ရှိသည့် သက်ကြီး တာအိုဆရာတစ်ဦး ဖြစ်လေသည်။

သူ့ကို မြင်လိုက်ရချိန်တွင် လူအများအပြားမှာ အံ့အားသင့်သွားကြတော့သည်။ သူရပ်နေသည့် နေရာမှာ လျှို့ဝှက်နယ်မြေကြီး သုံးခုအနက်မှ တစ်ခုဖြစ်သော ချင်းယန်ဘုရားကျောင်း၏ နေရာဖြစ်ကြောင်းကို သူတို့ မှတ်မိလိုက်ကြသည်။

ဤသူသည် ချင်းယန်ဘုရားကျောင်းမှ အလွန် လေးစားခံရသော အကြီးအကဲတစ်ဦး ဖြစ်ကြောင်း ရှင်းလင်းနေပေ၏။

ဤညီလာခံတစ်လျှောက်လုံးတွင် လျှို့ဝှက်နယ်မြေကြီး သုံးခုသည် အလွန်တိတ်ဆိတ်စွာ နေထိုင်ခဲ့ကြသည်။ သို့သော် တိတ်ဆိတ်စွာ နေခြင်းက သူတို့ကို မေ့ပျောက်သွားစေသည်ဟုတော့ မဆိုလိုချေ။

ယခုကဲ့သို့ မသေမျိုးအသွင်ရှိသော သက်ကြီး တာအိုဆရာက စကားပြောလာသည်ကို မြင်သောအခါ၌ လူအုပ်ကြီးမှာ မတုန်လှုပ်ဘဲ မနေနိုင်တော့ချေ။

"ချန်ပေ့က... ဒီလက်နက်ကို သိလို့လား"

လုချင်းက တာအိုဆရာထံသို့ လှည့်ကာ မေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သက်ကြီး တာအိုဆရာ၏ ဘေးတွင် ရပ်နေသော တာအိုဆရာ ယန်မင်းကို သတိပြုမိသွားပြီး နှုတ်ဆက်သည့်အနေဖြင့် ခေါင်းအနည်းငယ် ညိတ်ပြလိုက်လေ၏။

ဤရိုးရှင်းသော အမူအရာလေးက ယန်မင်းကို အနည်းငယ် စိတ်လှုပ်ရှားသွားစေခဲ့သည်။ လုချင်းက သူ့ကို အသိအမှတ်ပြုလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

"ငရဲဘုံ သရဲလက်သည်း... ဒါက မင်းလက်ထဲမှာရှိတဲ့ မကောင်းဆိုးဝါး ဝိညာဉ်လက်နက်ရဲ့ နာမည်ပဲ" သက်ကြီး တာအိုဆရာက ရှင်းပြလာသည်။ "အဲဒါက အရင် သိုင်းကျင့်စဉ်ခေတ်က အင်အားကြီးမားတဲ့ သန္ဓေသားဝိညာဉ်အဆင့် မိစ္ဆာသိုင်းပညာရှင်တစ်ယောက် ပိုင်ဆိုင်ခဲ့တဲ့ အရာပဲ"

"အဲဒီခေတ်တုန်းကဆိုရင် ဒါက နာမည်ဆိုးနဲ့ ကျော်ကြားဆုံးသော မကောင်းဆိုးဝါး ဝိညာဉ်လက်နက်တွေထဲက တစ်ခုပေါ့"

"အရင် သိုင်းကျင့်စဉ်ခေတ်က ရှေးဟောင်း မကောင်းဆိုးဝါး ဝိညာဉ်လက်နက်တဲ့လား"

ဤစကားကို ကြားသောအခါ လူတိုင်း၏ နှလုံးသားများမှာ တုန်လှုပ်သွားကြတော့၏။

ကမ္ဘာလောကကြီး ပြန်လည်နိုးထလာပြီးကတည်းက ယခင် သိုင်းကျင့်စဉ်ခေတ်နှင့် ပတ်သက်သည့် အသိပညာများမှာလည်း လျှို့ဝှက်ချက် တစ်ခု မဟုတ်တော့ချေ။

ညီလာခံသို့ တက်ရောက်ခွင့်ရသော အင်အားကြီး ဂိုဏ်းများသည် ဤဖွင့်ဟချက်၏ အရေးပါမှုကို သဘာဝကျကျပင် နားလည်ကြလေ၏။

ဤမီးခိုးရောင် သရဲလက်သည်းသည် အမှန်တကယ်ပင် ထိုခေတ်က ဝိညာဉ်လက်နက် တစ်ခုဖြစ်ပြီး သာမန် လက်နက်တစ်ခု မဟုတ်ဘဲ နာမည်ကျော်ကြားလှသည့် ဝိညာဉ်လက်နက်တစ်ခု ဖြစ်နေမည်ဆိုပါက သူတို့ မည်သို့များ အံ့အားမသင့်ဘဲ နေနိုင်ပါမည်နည်း။

တစ်ချိန်တည်းမှာပင် မုန်းတျန်သည် အဘယ်ကြောင့် ဤမျှ အင်အားကြီးမားနေခဲ့သနည်းဆိုသည်ကို သူတို့ နောက်ဆုံးတွင် နားလည်သွားကြတော့သည်။ သူသည် မိစ္ဆာလမ်းစဉ်၏ ဤကဲ့သို့သော ဝိညာဉ်လက်နက်ကို အသုံးပြုနေခဲ့ခြင်း ဖြစ်ပေသည်။

"သခင်လေး... ဒါက တကယ်ပဲ ရှေးဟောင်း သိုင်းကျင့်စဉ်ခေတ်က 'ငရဲဘုံ သရဲအိုကြီး' လို့ လူသိများတဲ့ မိစ္ဆာလမ်းစဉ် သန္ဓေသားဝိညာဉ်အဆင့် သိုင်းပညာရှင်တစ်ယောက်ရဲ့ နာမည်ကြီး ဝိညာဉ်လက်နက်ပါ"

ထိုအချိန်တွင် ယန်က လုချင်းထံသို့ စိတ်ဝိညာဉ်ဖြင့် ဆက်သွယ်ကာ ပြောလိုက်၏။

လုချင်းက ခေါင်းအနည်းငယ် ညိတ်လိုက်သော်လည်း သက်ကြီး တာအိုဆရာကို နောက်ထပ် မေးခွန်းတစ်ခု မေးလိုက်သည်။

"ဒါက အရင်ခေတ်က မိစ္ဆာဝိညာဉ်လက်နက် တစ်ခုဆိုရင်... ဒီအချိန်အထိ ဘယ်လိုလုပ်ပြီးရှိနေနိုင်သေးတာလဲ"

"အရင်သိုင်းကျင့်စဉ်ခေတ်ရဲ့ အဆုံးသတ်မှာ သန္ဓေသားဝိညာဉ်အဆင့် သိုင်းပညာရှင်အားလုံးက လေဟာနယ်ကိုတောင် ဖြိုခွင်းနိုင်တဲ့ သင်္ဘောပျံကို စီးပြီး ဒီလောကကြီးကနေ ထွက်ခွာသွားကြတယ်လို့ ဒဏ္ဍာရီတွေက ဆိုထားတယ်လေ"

"ချန်ပေ့... ဒါဆို ဒီဝိညာဉ်လက်နက်ရဲ့ မူလပိုင်ရှင်က ကောင်းကင်ဘုံကို မတက်လှမ်းနိုင်ခဲ့ဘူးဆိုတဲ့ သဘောလား"

လုချင်းသည် သရဲလက်သည်း၏ ဇာစ်မြစ်ကို စုံစမ်းရန် သူ၏နတ်မျက်စိစွမ်းရည်ကို သဘာဝကျကျပင် အသုံးပြုနိုင်ပေ၏။ သို့သော် သူ ရရှိနိုင်သော အချက်အလက်များမှာ ကန့်သတ်ချက်များ ရှိနေပြီး အဖြစ်အပျက်အပြည့်အစုံကိုတော့ သိရှိနိုင်ခြင်း မရှိချေ။

"ကျုပ်တို့ ချင်းယန်ဘုရားကျောင်းရဲ့ ရှေးဟောင်း မှတ်တမ်းတွေထဲမှာ ဒီကိစ္စနဲ့ ပတ်သက်တဲ့ အကြောင်းအရာတချို့ ရှိပါတယ်" သက်ကြီး တာအိုဆရာက ပြောသည်။

"ရှေးဟောင်း သိုင်းကျင့်စဉ်ခေတ်ရဲ့ နောက်ဆုံးနေ့ရက်တွေမှာ ကြီးမြတ်တဲ့ သန္ဓေသားဝိညာဉ်အဆင့် သိုင်းပညာရှင်တွေက လေဟာနယ်ဖြိုခွင်း သင်္ဘောပျံကို စီးပြီး ဒီလောကကြီးကနေ တကယ်ပဲ ထွက်ခွာသွားခဲ့ကြတယ်"

"မိစ္ဆာဂိုဏ်းတွေတောင် အဲဒီအတိုင်း လိုက်ပါသွားခဲ့ကြတာပဲ"

"ဒါပေမဲ့ ကောင်းကင်ဘုံကို မတက်လှမ်းနိုင်ခဲ့တဲ့ လူတချို့တော့ ရှိခဲ့တယ်"

"အဲဒီအထဲမှာ ဒီ ငရဲဘုံ သရဲလက်သည်းရဲ့ ပိုင်ရှင်လည်း ပါပါတယ်။ သူက ငရဲဘုံ သရဲအိုကြီးလို့ လူသိများတဲ့ သန္ဓေသားဝိညာဉ်အဆင့် အပယ်ခံ မိစ္ဆာသိုင်းပညာရှင်တစ်ယောက်ပေါ့"

"သူက တစ်သီးတစ်သန့်ဆန်တယ်၊ လူတွေကို မုန်းတီးပြီး ရက်စက်ကြမ်းကြုတ်တယ်။ သက်ရှိတွေကို ညှဉ်းပန်းနှိပ်စက်ရတာကို ပျော်ရွှင်မှုတစ်ခုလို သဘောထားတဲ့သူပဲ။ အဲဒီခေတ်က သိုင်းပညာရှင်တွေကြားမှာ သူ့နာမည်က လူတိုင်းရဲ့ နှလုံးသားထဲကို ကြောက်ရွံ့မှုတွေ ဝင်ရောက်သွားစေခဲ့တယ်လေ"

"အပယ်ခံ မိစ္ဆာသိုင်းပညာရှင်တွေမှာ ချည်နှောင်မှုတွေ၊ တွယ်တာမှုတွေ မရှိတဲ့အတွက် သူတို့က မိစ္ဆာဂိုဏ်းတွေထက်တောင် ပိုပြီး မဆင်မခြင် ပြုမူတတ်ကြတယ်လေ"

"ဖြောင့်မတ်တဲ့ ဂိုဏ်းတွေက သူ့ကို မုန်းတီးကြပေမဲ့ သူ့ကို ဖယ်ရှားနိုင်ဖို့ အကြွင်းမဲ့ သေချာမှု မရှိရင် ဘယ်သူမှ မဆင်မခြင်နဲ့ မလှုပ်ရှားရဲကြဘူး"

ဤနေရာသို့ ရောက်သောအခါ လူအုပ်ကြီးမှာ နားလည်သဘောပေါက်စွာဖြင့် ခေါင်းညိတ်လိုက်မိကြတော့သည်။

သူတို့၏ ဖြောင့်မတ်သော ဂိုဏ်းများပင်လျှင် ကြီးမားလှသော အမွေအနှစ်များနှင့် အင်အားများ ရှိနေသော်လည်း ဖြစ်နိုင်ပါက တစ်သီးတစ်သန့်နေသည့် အင်အားကြီး သိုင်းပညာရှင်များကို ရန်စခြင်းမှ ရှောင်ကြဉ်လေ့ရှိကြသည်။ မဟုတ်ပါက ထိုသို့သော ရန်ငြိုးများသည် အသက်သေသည်အထိ ဖြေရှင်းရမည့် သွေးကြွေးများ ဖြစ်လာတတ်ပေ၏။ ရန်သူကို ဖယ်ရှားနိုင်လျှင်တောင်မှ ပေးဆပ်လိုက်ရသော တန်ဖိုးမှာ ခံနိုင်ရည်ရှိသည်ထက် ပိုမိုကြီးမားနေတတ်လေသည်။

ဤအတွေးဖြင့် လူအများအပြားမှာ အချင်းချင်း အဓိပ္ပာယ်ပါပါ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး လုချင်းကို ခိုးကြည့်လိုက်မိကြတော့သည်။

ရွှမ်ခုန်းဘုရားကျောင်းကဲ့သို့ပင် ဖြစ်ပေသည်။ တစ်ချိန်က လျှို့ဝှက်နယ်မြေကြီး လေးခုထဲမှ တစ်ခုဖြစ်ခဲ့သော ထိုဂိုဏ်းကြီးသည် လုံးဝကို သုတ်သင်ခံလိုက်ရလေပြီပင်။ သူတို့၏ လျှို့ဝှက်နယ်မြေပင်လျှင် ဖျက်ဆီးခံလိုက်ရသည်။ ဤအရာအားလုံးမှာ သူတို့က ဤလူကို သွားရောက် ရန်စခဲ့မိသောကြောင့်ပင် ဖြစ်လေ၏။

"ဒါပေမဲ့ အဲဒါက ပုံမှန် အခြေအနေတွေမှာပေါ့"

လူအုပ်ကြီးက သူတို့၏ ကိုယ်ပိုင် အတွေးများထဲတွင် နစ်မျောနေစဉ်မှာပင် သက်ကြီး တာအိုဆရာက ဆက်ပြောလာသည်။

"အရင် သိုင်းကျင့်စဉ်ခေတ်ရဲ့အဆုံးသတ်မှာတော့ အခြေအနေတွေက ပြောင်းလဲသွားခဲ့တယ်"

"လေဟာနယ်ဖြိုခွင်း သင်္ဘောပျံကို တည်ဆောက်ဖို့အတွက် ကြီးမြတ်တဲ့ သန္ဓေသားဝိညာဉ်အဆင့် သိုင်းပညာရှင်တွေက တစ်လောကလုံးကနေ ပစ္စည်းတွေ စုဆောင်းခဲ့ကြတယ်"

"အဲဒီအချိန်မှာ တစ်စုံတစ်ယောက်ကပေါ့.... ဘယ်သူလဲဆိုတာတော့ တိတိကျကျတော့ မသိရပေမဲ့လည်း သူက အကြံတစ်ခု ပေးခဲ့တယ်"

"ဒါနဲ့ပဲ ဖြောင့်မတ်တဲ့ လမ်းစဉ်က သန္ဓေသားဝိညာဉ်အဆင့် သိုင်းပညာရှင်တွေက ပူးပေါင်းပြီး... အပယ်ခံ မိစ္ဆာသိုင်းပညာရှင်တွေကို စတင် သုတ်သင်ရှင်းလင်းကြတော့တာပဲ"

"အဆုံးမှာတော့ သူတို့အားလုံးနီးပါး သတ်ဖြတ်ခံလိုက်ရတယ်လေ"

"သူတို့ရဲ့ ရတနာတွေကို သိမ်းပိုက်ပြီး လေဟာနယ်ဖြိုခွင်း သင်္ဘောပျံကို တည်ဆောက်တဲ့ နေရာမှာ ပစ္စည်းတွေအဖြစ် အသုံးပြုခဲ့ကြတယ်"

"တားမြစ် လျှို့ဝှက်သိုင်းကွက်တွေ သုံးပြီး ထွက်ပြေးနိုင်ခဲ့လို့ပဲဖြစ်ဖြစ်၊ ပုန်းအောင်းနေနိုင်ခဲ့လို့ပဲဖြစ်ဖြစ် အနည်းစုလေးလောက်ပဲ အသက်ရှင်ကျန်ရစ်ခဲ့တယ်"

"အဲဒီအနည်းစုထဲမှာ... ငရဲဘုံ သရဲအိုကြီးလည်း ပါခဲ့တယ်"

"ဒဏ္ဍာရီတွေအရ ငရဲဘုံ သရဲအိုကြီးကို တောင်ပိုင်းပင်လယ်နားမှာ ဖြောင့်မတ်တဲ့ လမ်းစဉ်က သန္ဓေသားဝိညာဉ်အဆင့် သိုင်းပညာရှင် အများကြီးက ခြုံခိုတိုက်ခိုက်ခဲ့ကြတယ်"

"ဒါပေမဲ့ သူက အမှောင်သိုင်းကွက်တွေကို သုံးပြီး လွတ်မြောက်သွားခဲ့ပြီးတော့ ရေနက်ပိုင်းထဲကို ပျောက်ကွယ်သွားခဲ့တယ်လေ"

"ရေနက်ပိုင်းဆိုတာ ပင်လယ်မျိုးနွယ်စုတွေရဲ့ ပိုင်နက်ဖြစ်တဲ့အတွက် ဖြောင့်မတ်တဲ့ သိုင်းပညာရှင်တွေက သူ့ကို ဆက်မလိုက်ဖို့ ရွေးချယ်ခဲ့ကြတယ်"

"ဒီနေ့ တွေ့ရှိချက်အရ ကြည့်ရရင်တော့ ငရဲဘုံ သရဲအိုကြီးက နောက်ဆုံးမှာတော့ သေဆုံးသွားခဲ့တာ သေချာသလောက်ပါပဲ"

"သူ့ရဲ့ နာမည်ကျော် ဝိညာဉ်လက်နက်က ဘယ်လိုလုပ် မုန်းတျန်ရဲ့ လက်ထဲကို ရောက်လာသလဲဆိုတာကတော့... ပဟေဠိ တစ်ခုပေါ့"

သက်ကြီး တာအိုဆရာက မုန်းတျန်ကို လှည့်ကြည့်လိုက်သည်။

ထိုအချိန်တွင် မုန်းတျန်မှာ ဖြူရော်နေပြီး သိသိသာသာကို အားနည်းနေလေပြီဖြစ်၏။ ငရဲဘုံ သရဲလက်သည်းကို သူ၏ ဒျန်ထျန်ထဲမှ အတင်းအကျပ် ဆွဲထုတ်ခံလိုက်ရခြင်းက ပြင်းထန်သော ထိခိုက်မှုကို ဖြစ်ပေါ်စေခဲ့ကြောင်း ရှင်းလင်းလှပေသည်။

သို့သော် သက်ကြီး တာအိုဆရာ၏ အကြည့်ထဲတွင် သနားညှာတာမှု အရိပ်အယောင် အနည်းငယ်မျှပင် မပါဝင်ဘဲ အေးစက်မှုများသာ ရှိနေလေ၏။

"ငရဲဘုံ သရဲလက်သည်းက မိစ္ဆာဝိညာဉ်လက်နက် တစ်ခုပဲ" သူက ပြောလိုက်သည်။

"အဲဒီ မီးခိုးရောင် အရှိန်အဝါက ညှဉ်းပန်းနှိပ်စက်ခံထားရတဲ့ မရေမတွက်နိုင်တဲ့ ဝိညာဉ်တွေနဲ့ ဖွဲ့စည်းထားတာပဲ"

"မုန်းတျန်အနေနဲ့ ဒါကို ဒီလောက်အထိ အခြေအနေကောင်းအောင် ပြန်ပြီးထိန်းသိမ်းနိုင်ဖို့ဆိုတာက... အသက်ပေါင်းများစွာကို ယဇ်ပူဇော်ခဲ့ရမှာ သေချာတယ်"

ဤစကားလုံးများ ထွက်ကျလာသည်နှင့် တစ်ပြိုင်နက် လူအုပ်ကြီးမှာ တောင့်တင်းသွားပြီး သူတို့၏ အကြည့်များက မုန်းတျန်အပေါ်သို့ စူးစိုက်ကျရောက်သွားကြတော့၏။

ထိုအခါ၌ မုန်းတျန်၏ ခန္ဓာကိုယ်မှာ တုန်ရီသွားလေသည်။ သူ၏ မျက်နှာမှာလည်း ပို၍ပင် ဖြူရော်သွားတော့‌လေ၏။

...

အခန်း ၄၇၅ ၊ အပိုင်း ၂ - ဝိညာဉ်လက်နက်ကို ဆွဲထုတ်ခြင်း၊ ငရဲဘုံ သရဲအိုကြီး

မုန်းတျန်က ရုန်းကန်ရင်း ကန့်ကွက်လိုက်လေသည်။

"တာအိုဆရာကြီး... ကျွန်တော့်ကို အသရေမဖျက်ပါနဲ့။ ဒီဝိညာဉ်လက်နက်က ကျွန်တော် မတော်တဆ ရလာခဲ့တာပါ။ ပြီးတော့ ကြီးမားတဲ့ အားထုတ်မှုတွေနဲ့ သန့်စင်ခဲ့တာပါ။ ဒါကိုသုံးပြီး ကျွန်တော် ဘယ်သူ့ကိုမှ ဒုက္ခမပေးခဲ့ဖူးပါဘူး"

သို့သော် သက်ကြီး တာအိုဆရာကတော့ ဘာမှ ပြန်မပြောချေ။ သူ့ကို အေးစက်စက်သာ ဆက်ကြည့်နေလေသည်။

ဝန်းရံနေသော ကျွမ်းကျင်သူများကလည်း အစောပိုင်းက မုန်းတျန်၏ ကြောက်မက်ဖွယ်ကောင်းသော ငရဲဘုံ သရဲလက်သည်းထံမှ ထွက်ပေါ်လာသည့် မကောင်းဆိုးဝါး အရှိန်အဝါများကို ပြန်လည် အမှတ်ရမိကြသောအခါ သက်ကြီး တာအိုဆရာ၏ စကားကို မယုံကြည်ဘဲ မနေနိုင်အောင် ဖြစ်သွားကြတော့သည်။

ထိုအခိုက်အတန့်တွင် မုန်းတျန်သည် ဖြောင့်မတ်သော သိုင်းပညာရှင်တစ်ဦးနှင့် လုံးဝ မတူတော့ဘဲ မိစ္ဆာလမ်းစဉ်သို့ လိုက်နေသူ တစ်ဦး၏ အသွင်အပြင် အတိအကျပင် ဖြစ်နေလေပြီ။

သူ့အပေါ်သို့ စူးစမ်းစွာ ကြည့်နေကြသော အကြည့်များကို ခံစားရသောအခါ မုန်းတျန်၏ အမူအရာမှာ သိသိသာသာကို ထိတ်လန့်လာတော့သည်။

သူက နောက်ထပ် ဆင်ခြေတစ်ခု ပေးရန် ပြင်လိုက်စဉ်မှာပင် လုချင်းက ရုတ်တရက် စကားပြောလာလေသည်။

"ချန်ပေ့... ခင်ဗျားက ငရဲဘုံ သရဲအိုကြီး သေသွားပြီလို့ ပြောခဲ့တယ်နော်။ ဒါပေမဲ့ အဲဒါက သေချာပေါက် မှန်မယ်လို့ ကျွန်တော်တော့ မထင်ဘူး"

"မင်း ဘာပြောလိုက်တယ်"

သက်ကြီး တာအိုဆရာမှာ အံ့အားသင့်သွားပြီး လုချင်းထံသို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။

အခြားသူများကလည်း သူ့ကို လှည့်ကြည့်လိုက်ကြ၏။

သို့သော် လုချင်းကမူ ဤအချိန်တစ်လျှောက်လုံး သူ ဖိနှိပ်ထားခဲ့သော မီးခိုးရောင် ငရဲဘုံ သရဲလက်သည်းကြီးအပေါ်သို့သာ အကြည့်များကို စူးစိုက်ထားလေ၏။

"ကျွန်တော် ပြောတာ မှန်တယ်မလား... ငရဲဘုံ သရဲအိုကြီး"

ငရဲဘုံ သရဲအိုကြီးလား၊ သူက ငရဲဘုံ သရဲလက်သည်းထဲမှာလား။

ယခုအခါ လူတိုင်း၏ အကြည့်များက သရဲလက်သည်းကြီးအပေါ်သို့ စူးစိုက်ကျရောက်သွားကြတော့သည်။

ထို့နောက် သူတို့ တစ်ခုခုကို သတိပြုမိသွားကြ၏။ လွန်ခဲ့သော မိနစ်ပိုင်းက ပြင်းထန်စွာ လူးလွန့်ရုန်းကန်နေခဲ့သော သရဲလက်သည်းကြီးမှာ ယခုအခါ၌ လေထဲတွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ငြိမ်သက်နေပြီး လုံးဝ မလှုပ်မယှက် ပေါလောပေါ်နေလေ၏။

လူအုပ်ကြီးကြားတွင် ရှုပ်ထွေးမှုများ ပျံ့နှံ့သွားချိန်၌ လုချင်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်လေသည်။

"ခင်ဗျားက ထွက်မလာချင်ဘူးဆိုမှတော့... သေပဲ သေလိုက်တော့"

သူ စကားပြောနေစဉ်မှာပင် သူ၏ အနောက်တွင် ဧရာမ ရှေးဟောင်း အနီရောင် ဒယ်အိုးကြီးတစ်လုံးက ပုံရိပ်ယောင်အသွင်ဖြင့် ပေါ်ထွက်လာတော့သည်။

ဒယ်အိုးကြီး၏ အဝက ပွင့်လာပြီး ငရဲဘုံ သရဲလက်သည်းကို အတွင်းသို့ ချက်ချင်း စုပ်ယူလိုက်၏။

ဒယ်အိုး ပုံရိပ်ယောင်အတွင်းတွင် မြင်သာသော မီးတောက်များစွာ ပေါက်ကွဲထွက်လာပြီး သရဲလက်သည်းကို ရစ်ပတ်ကာ စတင် လောင်ကျွမ်းစေတော့သည်။

လုချင်း၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်အရ သူအသုံးပြုသော နန်မင်မီးတောက်သည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အင်အားကြီးမားလှပေ၏။ လီဟော်ဒယ်အိုး၏ ပုံစံအစစ်အမှန်ကို မဆင့်ခေါ်ဘဲနှင့်ပင် သူ့မီးတောက်များ၏ စွမ်းအားက သာမန် ဝိညာဉ်လက်နက်များ ခံနိုင်ရည်ရှိသည်ထက် များစွာ သာလွန်နေလေသည်။

ထို့ပြင် အမှောင်နှင့် မကောင်းဆိုးဝါး ဝိညာဉ်လက်နက် တစ်ခုဖြစ်သော ငရဲဘုံ သရဲလက်သည်းသည် လီဟော်ဒယ်အိုး၏ မီးတောက်များကို သဘာဝအရပင် ရှုံးနိမ့်ရမည် ဖြစ်သည်။ ပို၍ ဆိုးရွားစေသည်မှာ ၎င်းသည် ပြင်းထန်စွာ ပျက်စီးထားပြီးဖြစ်ကာ ၎င်း၏ အထွတ်အထိပ် စွမ်းအားများကို ပြန်လည် မရရှိသေးခြင်းပင် ဖြစ်၏။

ယခုအခါ၌ နန်မင်မီးတောက်၏ လောင်ကျွမ်းမှုကို ခံရသောအခါ လက်သည်းကို ဖုံးလွှမ်းနေသော မီးခိုးရောင် အငွေ့များမှာ ချက်ချင်းပင် တစီစီမြည်ကာ အရိုးကွဲမတတ် ငိုကြွေးသံများနှင့်အတူ အရာရာက လုံးဝကို ပြာကျပျောက်ကွယ်သွားတော့၏။

ငရဲဘုံ သရဲလက်သည်းထံမှ အသက်ရှိနေသည့်အလား စူးရှပြီး စိတ်ဝိညာဉ်ကို ဆွဲဆုတ်ခံရသကဲ့သို့ အော်ဟစ်သံများကို ကြားလိုက်ရသောအခါ၌ ထိုနေရာရှိ လူတိုင်းမှာ မတုန်လှုပ်ဘဲ မနေနိုင်အောင် ဖြစ်သွားကြတော့သည်။

ဤမိစ္ဆာဝိညာဉ်လက်နက်သည် ကြောက်မက်ဖွယ်ကောင်းခြင်းထက်ပင် ပိုလွန်နေပါ၏။ ၎င်းကို ကြည့်ရုံမျှဖြင့် သူတို့၏ ကျောရိုးထဲသို့ အအေးဓာတ်များ စိမ့်ဝင်သွားစေလေသည်။

နန်မင်မီးတောက်က မဆုတ်မနစ် ဆက်လက် လောင်ကျွမ်းနေသည်နှင့်အမျှ လက်သည်းကို ဝန်းရံနေသော မီးခိုးရောင် အငွေ့များမှာ လည်း လျင်မြန်စွာဖြင့် ပျောက်ကွယ်သွားတော့၏။ မကြာမီတွင်တော့ ၎င်း၏ အသွင်အပြင်အစစ်ဖြစ်သော ကြောက်မက်ဖွယ်ကောင်းသည့် မီးခိုးရောင် အရိုးလက်သည်းကြီး ပေါ်ထွက်လာလေတော့သည်။

မီးတောက်များက ၎င်းကို လုံးဝ သန့်စင်ပစ်ရန် ရှေ့သို့ တိုးဝင်သွားချိန်မှာပင် လက်သည်း၏ အတွင်းပိုင်း အနက်ရှိုင်းဆုံးတွင် ပုန်းကွယ်နေသော အရာတစ်ခုက ဆက်လက်၍ သည်းမခံနိုင်တော့ချေ။

ရုတ်တရက်ဆိုသလို ကြီးမားလှသော မီးခိုးရောင် အငွေ့များက လက်သည်းထဲမှ ပေါက်ကွဲထွက်လာပြီး လောင်ကျွမ်းနေသော မီးတောက်များကို ခေတ္တမျှ ခုခံလိုက်လေ၏။

လည်ပတ်နေသော အငွေ့များထဲမှ အချို့မှာ ကြောက်မက်ဖွယ်ကောင်းသော သရဲမျက်နှာကြီးတစ်ခုအဖြစ် ပေါင်းစပ်သွားပြီး လုချင်းကို အေးစက်သော ဒေါသများဖြင့် စိုက်ကြည့်လိုက်တော့သည်။

"ကောင်လေး... မင်း ဇွတ်မလုပ်နဲ့နော်"

"ဪ... နောက်ဆုံးတော့ ခင်ဗျား ထွက်လာပြီပေါ့လေ ငရဲဘုံ သရဲအိုကြီး"

လုချင်း၏ စိတ်ထဲတွင် အတွေးများ လှုပ်ရှားသွားပြီး နန်မင်မီးတောက်ကို ခေတ္တမျှ ရပ်တန့်လိုက်ကာ သရဲမျက်နှာကြီးကို တည်ငြိမ်သော အမူအရာဖြင့် ကြည့်လိုက်သည်။

ယခုအချိန်တွင်တော့ ဝန်းရံနေသော ကျွမ်းကျင်သူများမှာ လုံးဝကို ဆွံ့အသွားကြလေပြီပင်။

သရဲလက်သည်းထဲမှာ တကယ်ကြီး တခြားအရာတစ်ခု ရှိနေတာလား။

မုန်းတျန်ကတော့ အလွန်အမင်း အံ့အားသင့်ကာ မယုံကြည်နိုင်မှုများ ပြည့်နှက်နေသော မျက်နှာဖြင့် ရပ်နေလေ၏။ သူ ဤမျှကာလကြာရှည် သန့်စင်ပြီး ထိန်းချုပ်ထားခဲ့သော ဝိညာဉ်လက်နက်က ဤအချိန်တစ်လျှောက်လုံး အခြားသော အသိစိတ်တစ်ခုအား ဖုံးကွယ်ထားခဲ့သည်ဆိုခြင်းကို သူ လက်မခံနိုင်အောင် ဖြစ်နေတော့သည်။

"ကောင်လေး... ငါ့ကို ဘယ်လိုရှာတွေ့သွားတာလဲ"

ငရဲဘုံ သရဲအိုကြီး၏ သရဲမျက်နှာက လုချင်းကို စိုက်ကြည့်ကာ သူ မည်သို့ ဖော်ထုတ်ခံလိုက်ရသည်ကို နားမလည်နိုင်ဖြစ်နေလေ၏။

သူ၏ ပုန်းအောင်းမှုမှာ လုံးဝကို ပြီးပြည့်စုံသည်ဟု သူ ယုံကြည်ထားခဲ့သည်။ ဟိုအရူးကောင် မုန်းတျန်ပင်လျှင် သူ၏ တည်ရှိမှုကို မည်သည့်အခါကမျှ သတိမထားမိခဲ့ချေ။

သို့တိုင်အောင် ဤလူငယ်လေးက သူ၏ တည်ရှိမှုကို ချက်ချင်းပင် ထောက်လှမ်းသိရှိခဲ့ပြီး သူ၏ ကိုယ်ပိုင်လက္ခဏာကိုပင် ဗြောင်ကျကျ ထုတ်ဖော်ပြောဆိုခဲ့သေးပါ၏။

အံ့အားသင့်နေစဉ်မှာပင် သရဲမျက်နှာက အလွန်အမင်း မယုံကြည်နိုင်စရာကောင်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ ပို၍ ဆိုးရွားသည်မှာ ဤကောင်လေးက သူ့ကို လုံးဝ နှိမ်နင်းနိုင်သော ဝိညာဉ်လက်နက်တစ်ခုကို ပိုင်ဆိုင်ထားခြင်းပင်။

"နန်မင်မီးတောက်..."

ငရဲဘုံ သရဲအိုကြီးက လေးနက်စွာ ရေရွတ်လိုက်သည်။

"ကောင်လေး... လီဟော်ဂိုဏ်းရဲ့ လီဟော်ဒယ်အိုးက မင်းလက်ထဲကို ရောက်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ မင်းက သူတို့ရဲ့ အမွေကို ဆက်ခံထားတာလား"

လုချင်းက ခေါင်းအနည်းငယ် ခါလိုက်သည်။

"ခင်ဗျားက အခြေအနေကို သဘောမပေါက်သေးဘူးထင်တယ်... သရဲအိုကြီး"

ထို့နောက်၌ အချိန်ဆွဲမနေတော့ဘဲ လီဟော်ဒယ်အိုးအတွင်းရှိ မီးတောက်များက တစ်ဖန် ပြန်လည်ဟောက်သံပေးကာ မီးခိုးရောင် သရဲမျက်နှာကြီးထံသို့ တိုးဝင်သွားတော့၏။

"ခင်ဗျားက ကျွန်တော့်ကို မေးခွန်းထုတ်ဖို့ အနေအထားမျိုးမှာ ရှိနေတယ်လို့ ထင်နေတာလား"

ပိုမိုပြင်းထန်လာသော နန်မင်မီးတောက်က သရဲမျက်နှာကြီးကို လောင်ကျွမ်းသွားစေပြီး ကြီးမားလှသော အပေါက်ကြီး တစ်ခုကို ဖြစ်ပေါ်စေခဲ့လေသည်။

ငရဲဘုံ သရဲအိုကြီးက ခုခံရန်အတွက် မီးခိုးရောင် အငွေ့များကို အသည်းအသန် ဆင့်ခေါ်လိုက်စဉ် နာကျင်စွာ အော်ဟစ်သံကြီးတစ်ခု ပဲ့တင်ထပ်သွားတော့၏။

သို့သော် နန်မင်မီးတောက်မှာ သူ၏ သဘာဝ ရန်သူပင် ဖြစ်လေသည်။ သူ မည်မျှပင် အငွေ့များကို ဆင့်ခေါ်စေကာမူ ၎င်းတို့မှာ ချက်ချင်းပင် လောင်ကျွမ်းကာ ပြာကျသွားတော့၏။

သရဲမျက်နှာကြီးမှာ ပို၍ပင် သေးငယ်လာပြီး လုံးဝ ပျက်စီးပျောက်ကွယ်သွားတော့မည့် အချိန်လေးမှာပင် ငရဲဘုံ သရဲအိုကြီးမှာ နောက်ဆုံးတွင်တော့ ပြိုလဲသွားလေသည်။

"ရပ်... ရပ်လိုက်ပါ။ ငါ အရှုံးပေးပါတယ်"

နန်မင်မီးတောက်မှာ တုံ့ဆိုင်းသွားသော်လည်း ပျောက်ကွယ်သွားခြင်း မရှိဘဲ ငရဲဘုံ သရဲလက်သည်း၏ ပတ်လည်တွင် ဝဲပျံနေကာ အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေလေ၏။

ထိုအရာကို မြင်သောအခါ ငရဲဘုံ သရဲအိုကြီး၏ မျက်နှာထားမှာ ပို၍ပင် မည်းမှောင်သွားတော့သည်။

သူ ကျိန်ဆဲလိုက်ချင်ပါရဲ့။

ဝိညာဉ်လက်နက် အများကြီးရှိတဲ့အထဲမှာမှ ဘာဖြစ်လို့ ဒီတစ်ခုနဲ့မှ သွားတိုးရတာလဲ။

အခြားတစ်ခုခုသာ ဖြစ်ခဲ့မည်ဆိုပါက သူ ခုခံနိုင်စွမ်း ရှိကောင်းရှိပေလိမ့်မည်။

သို့သော် လီဟော်ဒယ်အိုးတွင် မီးတောက်၏ သဘောတရားများ ပါဝင်နေပြီး ရှေးဟောင်း သိုင်းကျင့်စဉ်ခေတ်ကတည်းက တည်ရှိခဲ့သော ကြောက်မက်ဖွယ် မီးတောက်ဖြစ်သည့် နန်မင်မီးတောက်ကိုပင် ဆင့်ခေါ်နိုင်စွမ်း ရှိလေသည်။ ၎င်းမှာ သူ၏ တည်ရှိမှုကို အဆုံးစွန် နှိမ်နင်းနိုင်သော အရာများထဲမှ တစ်ခု ဖြစ်ပေ၏။

သူ၏ ဒုက္ခများကို ပိုမိုဆိုးရွားစေသည်မှာ ဤလူငယ်လေး၏ စွမ်းအားက ရှင်းပြ၍မရနိုင်လောက်အောင် နက်နဲလွန်းနေခြင်းပင်။ သူကိုယ်တိုင်ပင်လျှင် ၎င်း၏ အတိမ်အနက်ကို မခန့်မှန်းနိုင်ပါချေ။

ယခု သူ အရေးနိမ့်နေပြီဖြစ်ရာ ယာယီ အညံ့ခံရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့။

"စိတ်ငြိမ်သွားပြီလား" လုချင်းက အေးစက်စက် မေးလိုက်လေသည်။

"ကောင်းပြီ။ ဒါဆို ကျွန်တော် မေးမယ်၊ ခင်ဗျား ဖြေရမယ်"

ငရဲဘုံ သရဲအိုကြီး၏ သရဲမျက်နှာမှာ စိတ်ပျက်မှုများကြောင့် ရှုံ့မဲ့သွားလေ၏။ သို့သော် အခြား ထွက်ပေါက် မရှိသည်ကို မြင်သောအခါ၌ သူ၏ မာနကို မျိုချကာ ပြန်လည်ဖြေကြားလိုက်ရတော့သည်။

"မင်းက ဘာသိချင်တာလဲ"

"ခင်ဗျားက ငရဲဘုံ သရဲအိုကြီးလား"

"ဟုတ်တယ်။ ငါက မင်းတို့ပြောနေတဲ့ ငရဲဘုံ သရဲအိုကြီးပဲ"

သူ၏ အသံထဲတွင် ဂုဏ်ယူမှု အရိပ်အယောင် အနည်းငယ် ပါဝင်နေလေသည်။

ဝန်းရံနေသော ကျွမ်းကျင်သူများမှာ ထိတ်လန့်တကြား အသက်ပြင်းပြင်း ရှူသွင်းလိုက်မိကြသည်။

ဒါက တကယ်ပဲ ငရဲဘုံ သရဲအိုကြီးပဲ။

ချင်းယန်ဘုရားကျောင်း မှ သက်ကြီး တာအိုဆရာ၏ အဆိုအရ ဤသူသည် ယခင် သိုင်းကျင့်စဉ်ခေတ်က ရှေးဟောင်း သန္ဓေသားဝိညာဉ်အဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်ပေသည်။

သူက တကယ်ကြီး အခုအချိန်အထိ အသက်ရှင်ကျန်ရစ်နေခဲ့တာလား။

ခေတ္တမျှလောက် လူတိုင်းမှာ စကားပြောမထွက်တော့ဘဲ နက်ရှိုင်းပြီး ဖော်ပြ၍မရနိုင်လောက်သော တုန်လှုပ်မှုကြီးတစ်ခု၏ လွှမ်းမိုးခြင်းကို ခံလိုက်ကြရတော့၏။

"တကယ့်ကို ခင်ဗျားဖြစ်နေတာပဲ" လုချင်းက တွေးတောစွာ ပြောလိုက်သည်။

"ခင်ဗျားက ကောင်းကင်နဲ့လူသား ယိုယွင်းပျက်စီးခြင်းငါးပါးကို ရှောင်လွှဲဖို့နဲ့ အခုအချိန်အထိ အသက်ဆက်ရှင်နိုင်ဖို့ ခင်ဗျားရဲ့ ကိုယ်ပိုင် ဝိညာဉ်လက်နက်ရဲ့ အသိစိတ်ကို သိမ်းပိုက်ပြီး ဝိညာဉ်ကူးပြောင်းတဲ့ သိုင်းကွက်တစ်ခုကို သုံးခဲ့တာပဲ"

"အဲ့ဒါကို မင်းက ဘယ်လိုလုပ် သိနေတာလဲ"

ပထမဆုံး အကြိမ်အဖြစ် ငရဲဘုံ သရဲအိုကြီးမှာ အမှန်တကယ်ကိုပဲ တုန်လှုပ်သွားတော့လေ၏။

...

အခန်း ၄၇၆ ၊ အပိုင်း ၁ - မယိမ်းယိုင်သော ဆုံးဖြတ်ချက်၊ လူပုံအလယ်တွင် သန့်စင်သတ်ဖြတ်ခြင်း

ငရဲဘုံ သရဲအိုကြီးမှာ အမှန်တကယ်ပင် အံ့အားသင့်သွားခဲ့လေသည်။ သူ့ရှေ့ရှိ ဤလူငယ်လေးက သူ ဝိညာဉ်လက်နက်ထဲတွင် ပုန်းအောင်းနေခြင်းကို တစ်ချက်ကြည့်ရုံဖြင့် သိရှိသွားရုံသာမက သူ၏ လက်ရှိ အခြေအနေကိုပါ တိကျစွာ ဖော်ပြနိုင်လိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ချေ။

ထိုအခိုက်အတန့်တွင် လုချင်းသည် ငရဲဘုံ သရဲအိုကြီး၏ မျက်လုံးထဲ၌ အတိမ်အနက်ကို မခန့်မှန်းနိုင်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာတော့သည်။

ဝိညာဉ်မျိုချခြင်း သိုင်းကွက်သည် ရှေးဟောင်း သိုင်းကျင့်စဉ်ခေတ်တွင်ပင် သန္ဓေသားဝိညာဉ်အဆင့်နှင့် အထက်ရှိသော သိုင်းပညာရှင်များသာ ကျွမ်းကျင်နိုင်သည့် လျှို့ဝှက်သိုင်းကွက်တစ်ခု ဖြစ်ပေသည်။ ခေတ်တစ်ခုလုံး ခြားနားနေသော ဤကောင်လေးက ဤမျှ နက်နဲသော သိုင်းကွက်အကြောင်းကို မည်သို့များ သိရှိနေနိုင်မည်နည်း။

ထို့ပြင် လုချင်းက အစောပိုင်းက စကားပြောစဉ်က "အဲ့ဒါကို" ဆိုသည့် စကားလုံးကို အသုံးပြုခဲ့ကြောင်း ငရဲဘုံ သရဲအိုကြီး သတိပြုမိသွားသည်။

ဤလူငယ်လေးသည် ဝိညာဉ်မျိုချခြင်း သိုင်းကွက်ကို အသုံးပြုသူ အခြားတစ်ယောက်နှင့် အရင်က တွေ့ဆုံဖူးလေသလော။

လုချင်းကို ကြည့်ရင်း ငရဲဘုံ သရဲအိုကြီး၏ မျက်လုံးများမှာ မသေချာမှုများနှင့် သံသယများဖြင့် ပြည့်နှက်နေတော့သည်။

တစ်ဖက်တွင်တော့ ဝန်းရံနေသော စောင့်ကြည့်သူများမှာ အနည်းငယ် ရှုပ်ထွေးနေကြ၏။ လုချင်း ပြောနေသော အရာများက သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသောကြောင့်ပင်။

"ကျွန်တော် ပြောပြီးသားပဲ... ခင်ဗျားက ကျွန်တော့်ကို မေးခွန်းထုတ်ဖို့ အရည်အချင်း မမီသေးဘူးလို့"

ငရဲဘုံ သရဲအိုကြီး၏ အလိုအလျောက် ထွက်ပေါ်လာသော မေးခွန်းကို ရင်ဆိုင်ရချိန်တွင် လုချင်းက အဖြေမပေးဘဲ အေးစက်စက်သာ တုံ့ပြန်လိုက်သည်။

ငရဲဘုံ သရဲအိုကြီးမှာ ခေတ္တမျှ ကြက်သေသေသွားပြီး သူ၏ နှလုံးသားထဲတွင် ဒေါသများ ဆူပွက်လာတော့၏။

သူသည် နှစ်ပေါင်း သောင်းနှင့်ချီ၍ အသက်ရှင်လာခဲ့သူ ဖြစ်သည်။ မည်သည့်အချိန်က ဤကဲ့သို့ ဆက်ဆံခံခဲ့ရဖူးသနည်း။ သူ့ရှေ့ရှိ ဤလူငယ်လေးမှာ အတော်လေးကို ထူးဆန်းနေသော်လည်း လွန်ခဲ့သော နှစ်ပေါင်း သောင်းချီကသာဆိုလျှင် သူ့ကို လက်တစ်ဖက်တည်းဖြင့် ချေမွပစ်နိုင်ပေလိမ့်မည်။

ယခု လွင်ပြင်ထဲသို့ ကျရောက်သွားသော ကျားတစ်ကောင်ကဲ့သို့ နို့နံ့ပင် မစင်သေးသော လူငယ်လေးတစ်ယောက်၏ စော်ကားမှုကို ခံနေရလေရာ သူ မည်သို့များ သတ်ဖြတ်လိုစိတ်များ မပြည့်နှက်ဘဲ နေနိုင်ပါမည်နည်း။

သို့သော် သူ မည်မျှပင် ဒေါသထွက်နေပါစေ၊ လက်ရှိ အခြေအနေမှာ သူ့အတွက် အားသာချက် မရှိချေ။ ထို့ကြောင့် ငရဲဘုံ သရဲအိုကြီးသည် သူ၏ နှလုံးသားထဲရှိ ကြမ်းတမ်းသော နာကြည်းမှုများကို အတင်းအကျပ် ဖိနှိပ်ထားလိုက်ပြီး ဘာမှ မလုပ်ဆောင်ဘဲ လုချင်းကို အေးစက်စက်သာ စိုက်ကြည့်နေတော့သည်။

"မိတ်ဆွေလေး... မင်းက တကယ်ပဲ ဘာလုပ်ချင်နေတာလဲ"

"ကျွန်တော်က ဘာလုပ်ချင်တာလဲဆိုတာလား" လုချင်းက ခပ်ဖျော့ဖျော့ ရယ်မောလိုက်ပြီး ပြောသည်။

"ခင်ဗျားက ဒီ ငရဲဘုံ သရဲလက်သည်းထဲမှာ ပုန်းအောင်းပြီး မုန်းတျန်ကို တိတ်တဆိတ် ခြယ်လှယ်ရင်း ဖြောင့်မတ်တဲ့ လမ်းစဉ်ကြားထဲမှာ ပဋိပက္ခတွေ ဖြစ်အောင် လှုံ့ဆော်တယ်၊ ပြီးတော့ လောကကြီးကို ကမောက်ကမဖြစ်အောင် လုပ်ဖို့ ကြိုးစားခဲ့တယ်..."

"ခင်ဗျားက အဲဒီပရမ်းပတာ အခြေအနေတွေကို အခွင့်ကောင်းယူပြီး သက်ရှိတွေကို သန့်စင်ရင်း ခင်ဗျားကိုယ်ခင်ဗျား ပြန်ပြီး နာလန်ထူဖို့ ကြိုးစားခဲ့တာပဲ"

"ကောင်းကင်ဘုံကို လှည့်စားပြီး မမြင်ရအောင် နေနိုင်မယ်လို့ ခင်ဗျားက တကယ်ပဲ ယုံကြည်ခဲ့တာလား"

ငရဲဘုံ သရဲအိုကြီးမှာ တိတ်ဆိတ်သွားတော့၏။

ဤတစ်ကြိမ်တွင် သူသည် အမှန်တကယ်ပင် မဆင်မခြင် ပြုမူခဲ့မိကြောင်းကို သူ သိလေသည်။ အပြည့်အဝ ပြန်လည် နာလန်မထူနိုင်မီတွင် သူသည် မုန်းတျန်ကို ဖြောင့်မတ်သော လမ်းစဉ်၏ ခေါင်းဆောင်ရာထူးကို လုယူရန် ဖြားယောင်းသွေးဆောင်ခဲ့ပါ၏။

သို့သော် သူ့ကျင့်ကြံခြင်း နည်းလမ်း၏ အထူးသဘောသဘာဝအရ သက်ရှိဝိညာဉ်များ၏ အကူအညီ မပါဘဲ ကောင်းကင်နှင့် မြေကြီး၏ စိတ်ဝိညာဉ်စွမ်းအင်ကိုသာ အားကိုးမည်ဆိုပါက သူ၏ ယခင် စွမ်းအားများကို ပြန်လည်ရရှိရန် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကြာမြင့်ဦးမည်သာ။

လောကကြီးကို ပရမ်းပတာ အခြေအနေထဲသို့ တွန်းပို့ခြင်းဖြင့်သာ သူသည် မုန်းတျန်ကို အပြည့်အဝ ထိန်းချုပ်နိုင်မည်ဖြစ်ပြီး သူ၏ ပြန်လည် နာလန်ထူမှုကို အရှိန်မြှင့်ရန်အတွက် သက်ရှိ အများအပြားကို သတ်ဖြတ်နိုင်မည် ဖြစ်သည်။

ထိုအရာက ညီလာခံတွင် ဤအကြံအစည်ကို သူ ဖန်တီးရခြင်း၏ တကယ့် အကြောင်းရင်းပင် ဖြစ်လေ၏။

ဤအရာက ရွှေရောင် အခွင့်အရေးတစ်ခု ဖြစ်ရုံသာမက သူ၏ နှလုံးသားထဲရှိ မာနကလည်း အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ခဲ့ပေသည်။

ရှေးခေတ် သန္ဓေသားဝိညာဉ်အဆင့် သိုင်းပညာရှင်တစ်ဦးဖြစ်သော လူအနေဖြင့် ရွှေအမြုတေအဆင့် ဝမ်ပေ့တစ်စုကို ရင်ဆိုင်ရခြင်းမှာ လက်ဖဝါး လှန်လိုက်သကဲ့သို့ပင် လွယ်ကူလိမ့်မည်ဟု သူ ယုံကြည်ခဲ့သည်။

သို့သော် လုချင်းကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော သူတစ်ယောက် ပေါ်လာလိမ့်မည်ဟု မည်သူက စိတ်ကူးယဉ်နိုင်မည်နည်း။

လူငယ်လေးတစ်ယောက်မျှသာ ဖြစ်သော်လည်း ဤမျှ နက်နဲလွန်းလှပေ၏။

ထိုမျှသာမက သူသည် ငရဲဘုံ သရဲအိုကြီး၏ အဆုံးစွန် သဘာဝရန်သူ ဖြစ်သော လီဟော်ဒယ်အိုးကိုပင် ထိန်းချုပ်ထားလေသည်။ ဤအဖြစ်အပျက်မှာ သူ မည်သည့်အခါကမျှ မမျှော်မှန်းထားခဲ့သော အရာတစ်ခု ဖြစ်ပေ၏။

မုန်းတျန်၏ ခန္ဓာကိုယ်ထဲတွင် ပုန်းအောင်းနေစဉ်က လုချင်း၏ နာမည်နှင့် လုပ်ရပ်များကို သူ ကြားခဲ့ဖူးသော်လည်း အနည်းငယ်မျှသာ အံ့အားသင့်ခဲ့မိသည်။ အဆုံးတွင်တော့ သူ၏ မျက်လုံးထဲ၌ ရွှေအမြုတေအဆင့် ဝမ်ပေ့တစ်ယောက်သည် မည်မျှပင် ပါရမီရှင် ဖြစ်နေပါစေ၊ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်မည် မဟုတ်ဟု ထင်မြင်ခဲ့သောကြောင့်ပင်။

သို့သော် ယခု လုချင်းကို လူကိုယ်တိုင် ရင်ဆိုင်ရချိန်တွင်တော့ သူ မည်မျှတောင် မှားယွင်းနေခဲ့ကြောင်းကို သူ နားလည်သွားခဲ့ပြီ ဖြစ်သည်။

"မိတ်ဆွေလေး... မင်းမှာ ထက်မြက်တဲ့ အမြင်နဲ့ နက်နဲတဲ့ ကျင့်ကြံမှုတွေ ရှိတယ်။ ဒီအဘိုးကြီးကတောင် အထင်ကြီးမိပါတယ်"

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ငရဲဘုံ သရဲအိုကြီးက တဖြည်းဖြည်း စကားပြောလာသည်။

"လောကကြီး ပြန်လည် နိုးထလာပြီးတော့ စိတ်ဝိညာဉ်စွမ်းအင်တွေ အပြည့်အဝ ပြန်ပြီး မနိုးထလာသေးခင်မှာ မင်းလို ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ပေါ်ထွက်လာလိမ့်မယ်လို့ ငါ လုံးဝ မမျှော်လင့်ထားခဲ့ဘူး"

"ဒီတစ်ကြိမ်တော့ ငါ အရှုံးပေးပါတယ်။ ပြောပါ... ငါ့ရဲ့ ဒီဝိညာဉ် အပိုင်းအစလေးကို ချမ်းသာပေးဖို့အတွက် ငါ ဘာလုပ်ပေးရမလဲ"

"ကျင့်ကြံခြင်း သိုင်းကွက်တွေပဲဖြစ်ဖြစ်၊ ရတနာတွေပဲဖြစ်ဖြစ် ငါ မင်းကို ပေးနိုင်ပါတယ်"

"ငါက တစ်ချိန်က သန္ဓေသားဝိညာဉ်အဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်ခဲ့ပြီး မရေမတွက်နိုင်တဲ့ အင်အားကြီးမားတဲ့ သိုင်းကွက်တွေနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အတတ်ပညာတွေကို ပိုင်ဆိုင်ထားတယ်"

"ငါ့ရဲ့ လမ်းညွှန်မှုနဲ့ဆိုရင် မင်းက အမြင့်မြတ်ဆုံး သန္ဓေသားဝိညာဉ်အဆင့်ကို အလွယ်တကူနဲ့ တက်လှမ်းနိုင်မှာပါ"

"ဒါ့အပြင် ငါက ရှေးခေတ် ဂိုဏ်းတွေရဲ့ အပျက်အစီးတွေနဲ့ လျှို့ဝှက်နယ်မြေ အများကြီးကို သိထားပြီး အဲဒါတွေကို ဘယ်လို ဖွင့်ရမလဲဆိုတာကိုပါ သိတယ်"

"မင်း အလိုရှိသရွေ့ အဲဒါတွေကို ငါ ပေးနိုင်တယ်"

သူ၏ အသံထဲတွင် ဖြားယောင်းသွေးဆောင်မှု အရိပ်အယောင် အနည်းငယ် ပါဝင်နေလေ၏။

သူ၏ စကားများမှာ အံ့အားသင့်ဖွယ်ကောင်းပြီး သွေးဆောင်မှုများဖြင့် ပြည့်နှက်နေခဲ့ပါ၏။ ထိုစကားများကို ကြားသောအခါ ဝန်းရံနေသော သိုင်းပညာရှင်များမှာ အလွန် အင်အားကြီးမားသူများပင် ဖြစ်လင့်ကစား သူတို့၏ မျက်လုံးများထဲတွင် စိတ်အားထက်သန်မှုများ တောက်လောင်လာကြတော့သည်။

တာအိုနှလုံးသား ခိုင်မာသည်ဟု လူသိများသော တာအိုဆရာ ယန်မင်းပင်လျှင် သူ၏ အသက်ရှူသံများ အနည်းငယ် မြန်ဆန်လာသည်ကို ခံစားလိုက်ရ၏။

လုချင်း တစ်ယောက်တည်းသာ လုံးဝ တုန်လှုပ်ခြင်း မရှိဘဲ သူ၏ မျက်နှာထားမှာ ယခင်ကအတိုင်း တည်ငြိမ်နေလေသည်။

ဆန့်ကျင်ဘက်အနေဖြင့် သူက ငရဲဘုံ သရဲအိုကြီး၏ မီးခိုးရောင် သရဲမျက်နှာကို ကြည့်လိုက်ရာ သူ၏ အပြုံးတွင် လှောင်ပြောင်မှု အရိပ်အယောင်တစ်ခု ပါဝင်နေတော့၏။

"ခင်ဗျားရဲ့ အဲဒီလောက်လေးရှိတဲ့ လှည့်စားဖြားယောင်းမှုလေးနဲ့တော့ ကိုယ့်ကိုကိုယ် အရှက်မခွဲပါနဲ့ဗျာ"

"ခင်ဗျားရဲ့ ကျင့်ကြံခြင်း အမွေအနှစ်တွေဆိုတာက အသေးအဖွဲ လှည့်ကွက်တွေလောက်ပါပဲ။ ကျွန်တော်ကတော့ အဲဒါတွေကို လုံးဝ စိတ်မဝင်စားဘူး"

ဤစော်ကားသော စကားများက ငရဲဘုံ သရဲအိုကြီး၏ မျက်နှာထားကို ချက်ချင်းပင် မည်းမှောင်သွားစေခဲ့သည်။ သို့သော် လုချင်းက သူ့ကို လျစ်လျူရှုကာ ဆက်ပြောလေသည်။

"ခင်ဗျားကို ဘာလို့ အတင်းအကျပ် ထွက်လာခိုင်းရသလဲဆိုတာက တကယ်တော့ အရမ်းကို ရိုးရှင်းပါတယ်"

"ကျွန်တော်က ရှေးခေတ်က သန္ဓေသားဝိညာဉ်အဆင့် သိုင်းပညာရှင်တစ်ယောက်က တကယ်တမ်း ဘယ်လိုပုံစံမျိုးလဲဆိုတာကို သိချင်ရုံလေးပါပဲ"

"ပြီးတော့...."

"ခင်ဗျားကို လူပုံအလယ်မှာ သန့်စင်ပစ်ဖို့ပဲ"

သူ၏ စကားလုံးများ ထွက်ကျလာသည်နှင့် တစ်ပြိုင်နက် ပုံရိပ်ယောင် ဧရာမ ဒယ်အိုးကြီးအတွင်းရှိ မြင်သာသော မီးတောက်များစွာမှာ တစ်ဖန် ပြန်လည် ဟောက်သံပေးလာပြီး ငရဲဘုံ သရဲအိုကြီး၏ မီးခိုးရောင် သရဲမျက်နှာနှင့်အတူ ငရဲဘုံ သရဲလက်သည်း ကိုပါ လွှမ်းခြုံကာ နှစ်ခုစလုံးကို လောင်ကျွမ်းစေတော့၏။

"အား... ခွေးကောင်လေး မင်း ရဲလှချည်လား"

လုချင်း၏ ရုတ်တရက် ဆန်လွန်းပြီး ပြတ်သားလှသော တိုက်ခိုက်မှုက ငရဲဘုံ သရဲအိုကြီးအား လုံးဝကို အငိုက်မိသွားစေပြီး အံ့အားသင့်မှုနှင့် ဒေါသများဖြင့် ပြည့်နှက်သွားစေခဲ့လေသည်။

သို့သော် သူ၏ ဒေါသများကို မဖွင့်ဟနိုင်မီမှာပင် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို သူ သတိပြုမိလိုက်၏။

လုချင်း ဆင့်ခေါ်လိုက်သော နန်မင်မီးတောက်မှာ အရင်ကထက် ပိုမို အင်အားကြီးမားနေခြင်းပင်။

အသက်ရှိုက်စာအကြိမ် အနည်းငယ်အတွင်းမှာပင် သူ၏ မီးခိုးရောင် သရဲမျက်နှာမှာ လုံးဝကို လောင်ကျွမ်းကာ သန့်စင်ခံလိုက်ရတော့၏။ ယခုအခါ မီးတောက်များက ငရဲဘုံ သရဲလက်သည်း၏ အဓိက အနှစ်သာရကို တိုက်ရိုက် သန့်စင်နေလေပြီပင်။

သူ၏ သရဲအရှိန်အဝါများကို မည်သို့ပင် ခြယ်လှယ်ရန် ကြိုးစားစေကာမူ လုံးဝ အသုံးမဝင်တော့ချေ။

ဤအခိုက်အတန့်တွင် ငရဲဘုံ သရဲအိုကြီးသိလိုက်ပြီပင်။ လုချင်းသည် တကယ်ကို အစွမ်းကုန် ကြိုးစားနေပြီ ဖြစ်၏။

တုံ့ဆိုင်းမနေဘဲ သူသည် ငရဲဘုံ သရဲလက်သည်း၏ စွမ်းအားအပြည့်အဝကို အသုံးပြု၍ ခုခံရန် ကြိုးစားလိုက်သည်။ အကယ်၍ သူသာ ကျရှုံးသွားပြီး နန်မင်မီးတောက်က နောက်ဆုံး အတားအဆီးကို ဖောက်ထွင်းကာ လက်သည်း၏ အနှစ်သာရထဲသို့ ဝင်ရောက်သွားပါက သူသည် အမှန်တကယ် ပျက်စီးခြင်းကို ခံရတော့မည်သာ။

သို့သော်.....

နန်မင်မီးတောက်ကို ခုခံရန် သူ၏ စွမ်းအားအားလုံးကို အသုံးပြုလိုက်ချိန်တွင် ထိတ်လန့်ဖွယ်ကောင်းသော အသိတရားတစ်ခုနှင့် သူ ရင်ဆိုင်လိုက်ရတော့၏။

မီးတောက်၏ စွမ်းအားက သူ၏ စိတ်ကူးယဉ်နိုင်စွမ်းထက် များစွာ သာလွန်နေလေသည်။

ငရဲဘုံ သရဲလက်သည်း၏ သရဲအရှိန်အဝါမှာ မည်သည့် ခုခံမှုမျှ မရှိတော့ချေ။ ၎င်းက မီးတောက်နှင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ရဲရဲတောက်နေသော သံပူနှင့် ထိတွေ့မိသည့် နှင်းပွင့်များကဲ့သို့ အရည်ပျော်ကျသွားပြီး ဘာမှ မကျန်တော့သည်အထိ ပျောက်ကွယ်သွားတော့သည်။

"မဖြစ်နိုင်ဘူး ဒီကောင်လေးက ရွှေအမြုတေအဆင့်ပဲ ရှိသေးတာလေ၊ သူ့ရဲ့ နန်မင်မီးတောက်က ဘယ်လိုလုပ် ဒီလောက်ထိတောင် ကြောက်စရာကောင်းနေရတာလဲ"

ငရဲဘုံ သရဲအိုကြီးမှာ လုံးဝကို မယုံကြည်နိုင်အောင် ဖြစ်နေတော့သည်။ လုချင်း၏ ကျင့်ကြံခြင်း အဆင့်ကို သူ အပြည့်အဝ မမြင်နိုင်သော်လည်း သူ သေချာသိသည်မှာကတော့ လုချင်းသည် သန္ဓေသားဝိညာဉ်အဆင့်သို့ မတက်လှမ်းရသေးကြောင်းကိုပင်။

သို့သော် သူ့နန်မင်မီးတောက်၏ စွမ်းအားကတော့...

သန္ဓေသားဝိညာဉ်အဆင့် သိုင်းပညာရှင် တစ်ဦး၏ စွမ်းအားအပြည့်အဝနှင့် တူညီလုနီးပါးပင် ဖြစ်နေလေ၏။

"ဖြစ်နိုင်တာက... လီဟော်ဒယ်အိုးရဲ့ ဝိညာဉ်က အသက်ရှင်နေသေးပြီး ဒီကောင်လေးကို သခင်အဖြစ် အသိအမှတ်ပြုထားတာလား"

သို့တိုင်အောင်...

ရွှေအမြုတေ သိုင်းပညာရှင်တစ်ယောက်က ဘယ်လိုလုပ် ဒီလို လျှို့ဝှက်ဆန်းကြယ်တဲ့ ဝိညာဉ်လက်နက်ကို အပြည့်အဝ ထိန်းချုပ်နိုင်မှာလဲ။

...

အခန်း ၄၇၆ ၊ အပိုင်း ၂ - မယိမ်းယိုင်သော ဆုံးဖြတ်ချက်၊ လူပုံအလယ်တွင် သန့်စင်သတ်ဖြတ်ခြင်း

ငရဲဘုံ သရဲအိုကြီးမှာ အလွန်အမင်းပင် အထိတ်တလန့် ဖြစ်နေတော့သည်။

သူက ဒေါသတကြီး ဟောက်လိုက်လေသည်။ "ကောင်လေး... မင်းက ဒီလောက်အထိ ရက်စက်ရမှဖြစ်မှာလား။ မင်းက ငါ့ကို လုံးဝ သုတ်သင်ပစ်ဖို့ တကယ်ပဲ ရည်ရွယ်ထားတာလား"

"ဖြောင့်မတ်မှုနဲ့ မကောင်းဆိုးဝါးဆိုတာက အတူတကွ ယှဉ်တွဲနေထိုင်လို့ မရဘူးလေ။ ခင်ဗျားလို ရှေးဟောင်း သရဲတစ်ကောင်အတွက် ကျွန်တော့်မှာ ဘာသံယောဇဉ်များ ရှိနိုင်မှာမလို့လဲ"

လုချင်း၏ အကြည့်များက ရေခဲတမျှ အေးစက်နေပါ၏။ မီးတောက်များကို ရုတ်သိမ်းမည့်အစား သူက လက်ကို ဆုပ်ကိုင်လိုက်လေသည်။

ဤလှုပ်ရှားမှုနှင့်အတူ ပုံရိပ်ယောင် ဒယ်အိုးကြီးထဲတွင် နန်မင်မီးတောက်များက အဟုန်ပြင်းစွာ လောင်ကျွမ်းလာပြီး ၎င်း၏ စွမ်းအားများက တစ်ဖန် မြင့်တက်လာကာ အလယ်ဗဟိုသို့ ရုတ်တရက် ဖိသိပ်သွားတော့၏။

ဘုန်း

နောက်ဆုံး မီးခိုးရောင် အငွေ့လွှာမှာ လောင်ကျွမ်းသွားပြီး မီးတောက်များက ငရဲဘုံ သရဲလက်သည်းထဲသို့ တိုးဝင်သွားလေသည်။ လွှမ်းမိုးနိုင်စွမ်းရှိသော မီးစွမ်းအားက အတွင်းပိုင်းရှိ တားမြစ် ချိတ်ပိတ်ထားမှု အလွှာများကို လောင်ကျွမ်းဖောက်ထွင်းကာ အနှစ်သာရထံသို့ ဦးတည်သွားတော့၏။

"မလုပ်ပါနဲ့"

လုချင်းက ဤမျှလောက် စွမ်းအားများကို ဖုံးကွယ်ထားလိမ့်မည်ဟု ငရဲဘုံ သရဲအိုကြီးက မမျှော်လင့်ထားခဲ့ချေ။ ဒေါသတကြီး လောင်ကျွမ်းနေသော နန်မင်မီးတောက်က လှိုင်းလုံးကြီးတစ်ခုကဲ့သို့ သူ့ထံသို့ တိုးဝင်လာသည်ကို ကြည့်ရင်း သူ အမှန်တကယ်ပင် အထိတ်တလန့် ဖြစ်သွားတော့သည်။

သူက အလျင်စလို အော်ဟစ်လိုက်၏။ "တာအိုမိတ်ဆွေ...ငါ့ကို ချမ်းသာပေးပါ။ ငါ အညံ့ခံပါ့မယ်။ မင်းကို သခင်အဖြစ် အသိအမှတ်ပြုပြီး မင်းရဲ့ ဝိညာဉ်လက်နက်အဖြစ် နေပေးပါ့မယ်"

ဤအခိုက်အတန့်တွင် ငရဲဘုံ သရဲအိုကြီးသည် ရှေးဟောင်း သန္ဓေသားဝိညာဉ်အဆင့် သိုင်းပညာရှင်တစ်ဦး၏ ဂုဏ်သိက္ခာကိုပင် ဂရုမစိုက်နိုင်တော့ချေ။ သူက တိုက်ရိုက်ပင် အသက်ချမ်းသာပေးရန် တောင်းပန်လေတော့၏။

"သာမန် မိစ္ဆာဝိညာဉ်လက်နက်တစ်ခုက ကျွန်တော့်ကို အလုပ်အကျွေးပြုဖို့ ထိုက်တန်တယ်လို့ ထင်နေတာလား"

သို့သော် သူ၏ တောင်းပန်မှုများကို ရင်ဆိုင်ရချိန်တွင် လုချင်းက မထီမဲ့မြင်ပြုမှုများကိုသာ ပြသခဲ့ပါ၏။

နန်မင်မီးတောက်သည် ငရဲဘုံ သရဲလက်သည်းအတွင်းသို့ ဝင်ရောက်သွားပြီဖြစ်ရာ နောက်ဆုံး အနှစ်သာရ ချိတ်ပိတ်မှုများကို ရက်စက်စွာ ချိုးဖျက်ပြီး ငရဲဘုံ သရဲအိုကြီးချန်ရစ်ခဲ့သော နောက်ဆုံး ဝိညာဉ်အပိုင်းအစကို လွှမ်းခြုံသွားတော့၏။

"အား..."

ရှေးခေတ်က ငရဲဘုံ သရဲအိုကြီးသည် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို စွန့်လွှတ်ပြီး ဝိညာဉ်လက်နက်၏ အသိစိတ်ကို သိမ်းပိုက်ခဲ့သည်။ သူသည် ကောင်းကင်နှင့်လူသား ယိုယွင်းပျက်စီးခြင်းငါးပါးကို သီသီလေးသာ ကျော်ဖြတ်နိုင်ခဲ့ပြီး သူ၏ တည်ရှိမှုကို ထိန်းသိမ်းနိုင်ခဲ့သော်လည်း သူ၏ အနှစ်သာရမှာ ပြင်းထန်စွာ ထိခိုက်ခဲ့ရပြီး နှစ်ခြိုက်စွာ အိပ်စက်ခြင်းသို့ ဝင်ရောက်ခဲ့ရသည်။

ဤနှစ်ပေါင်း သောင်းနှင့်ချီသောကာလအတွင်း စိတ်ဝိညာဉ်စွမ်းအင်များ ခန်းခြောက်နေမှုကြောင့် သူသည် စိတ်ဝိညာဉ် အနှစ်သာရ၏ အာဟာရကို မည်သည့်အခါမျှ မရရှိခဲ့ချေ။ ယနေ့တိုင်အောင် သူသည် အပြည့်အဝ ပြန်လည် မနာလန်ထူနိုင်သေးဘဲ သူ၏ စိတ်ဝိညာဉ်မှာ အားနည်းနေဆဲပင် ဖြစ်၏။

ထို့ကြောင့် နန်မင်မီးတောက်က သူ့ကို လွှမ်းခြုံသွားသောအခါ သူသည် အဆုံးအစမဲ့သော အကြောက်တရားများဖြင့် ပြည့်နှက်သွားတော့သည်။ သူ၏ စိတ်ဝိညာဉ် စွမ်းအားများ လျင်မြန်စွာ လောင်ကျွမ်းကာ ပျက်စီးသွားသည်ကို သူ ခံစားလိုက်ရပါ၏။

သူ၏ အသက်ဝိညာဉ်ကို ထိုးဖောက်ဝင်ရောက်လာသော နာကျင်မှုမှာ သည်းခံနိုင်စွမ်းထက် ကျော်လွန်နေပြီး သူ၏ အကြောက်တရားများကို ဖိနှိပ်ရန် ကြိုးစားမှုတိုင်းကို လွှမ်းမိုးသွားလေ၏။

သူက သွေးပျက်ဖွယ်ရာ အော်ဟစ်လိုက်လေသည်။ "ချမ်းသာပေးပါ... မိတ်ဆွေလေး ကျေးဇူးပြုပြီး ငါ့ကို ချမ်းသာပေးပါ"

သို့သော် သူ ပြန်လည်ရရှိလိုက်သည်မှာ ပိုမို ပြင်းထန်သော နန်မင်မီးတောက်၏ လောင်ကျွမ်းမှုသာ ဖြစ်တော့သည်။ လုချင်း၏ မယိမ်းယိုင်သော သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရချိန်တွင် ငရဲဘုံ သရဲအိုကြီးမှာ ချက်ချင်းပင် မျှော်လင့်ချက် ကင်းမဲ့ခြင်းထဲသို့ ကျရောက်သွားတော့၏။

ဤအခိုက်အတန့်တွင် သူ၏ နှလုံးသားမှာ နောင်တတရားများဖြင့် ပြည့်နှက်သွားလေသည်။

သူ ဤမျှ အလျင်မလိုခဲ့သင့်ပေ။ သူ ဆက်လက်၍ ပုန်းအောင်းနေပြီး သူ၏ စွမ်းအားများကို တဖြည်းဖြည်း ပြန်လည်ရယူခဲ့သင့်သည်။ သူသာ ဖြည်းဖြည်းချင်း လုပ်ဆောင်ခဲ့မည်ဆိုပါက သူ၏ ပြန်လည် နာလန်ထူမှုက အချိန်ပိုကြာမည် ဖြစ်သော်လည်း ဤမျှ ဆိုးရွားသော အခြေအနေမျိုးသို့တော့ ရောက်ရှိမည် မဟုတ်ချေ။

နှစ်ပေါင်း သောင်းနှင့်ချီ၍ အသက်ရှင်သန်ခဲ့ရသော်လည်း အဆုံးတွင်တော့ လုံးဝ ပျက်စီးခြင်းနှင့်သာ ရင်ဆိုင်လိုက်ရတော့သည်။

"အား... ငါ မင်းကို ကျိန်ဆဲတယ် ကောင်လေး... မင်း ကောင်းကောင်း သေရမှာ မဟုတ်ဘူး"

သူ၏ နောက်ဆုံး ဝိညာဉ်အပိုင်းအစလေး လောင်ကျွမ်းကာ ပြာကျသွားချိန်တွင် ငရဲဘုံ သရဲအိုကြီးက စူးရှစွာ ကျိန်ဆဲလိုက်လေသည်။

ထို့နောက်၌ အပ်ကျသံပင် ကြားရလောက်သည်အထိ တိတ်ဆိတ်သွားတော့၏။

အဆုံးအစမဲ့သော နောင်တများနှင့် မကျေနပ်မှုများထဲတွင် နစ်မြုပ်သွားကာ သူ လုံးဝကို ဇီဝိန်ချုပ်သွားခဲ့လေပြီပင်။

ငရဲဘုံ သရဲအိုကြီး၏ ပျောက်ကွယ်သွားမှုကို အာရုံခံမိသောအခါ၌ လုချင်းက သူ၏ လက်သင်္ကေတကို ပြန်ပြီးရုတ်သိမ်းလိုက်သည်။ ထိုအခါတွင် ဒေါသတကြီး လောင်ကျွမ်းနေသော နန်မင်မီးတောက်များမှာ တဖြည်းဖြည်း မှေးမှိန်သွားတော့၏။

အနီရောင် ရှေးဟောင်း ဒယ်အိုးကြီး၏ ပုံရိပ်ယောင်မှာလည်း အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားလေသည်။ လေထဲတွင် တွဲလောင်းဖြစ်နေသော အရိုးဖြူ လက်သည်းတစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။

လုချင်းက လက်လှမ်းကာ ၎င်းကို ယူလိုက်လေသည်။ အရင်ကနှင့် နှိုင်းယှဉ်ပါက အရိုးလက်သည်းမှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ မကောင်းဆိုးဝါးဆန်ပြီး ရုပ်ဆိုးအကျည်းတန်ခြင်း မရှိတော့ဘဲ ယခုအခါ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးတောက်ပနေပြီး သန့်စင်သော အရှိန်အဝါတစ်ခုကို ခပ်ရေးရေး ထုတ်လွှတ်နေလေ၏။

"သခင်လေး... ဒီအရိုးလက်သည်းက ငရဲဘုံ သရဲအိုကြီး ဘယ်ကနေ ရလာမှန်းမသိတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ရတနာတစ်ခုပါ။ နှစ်တွေအကြာကြီး မိစ္ဆာနည်းလမ်းတွေနဲ့ သန့်စင်ခဲ့လို့ ငရဲဘုံ သရဲလက်သည်း ဖြစ်လာခဲ့တာပါ။ ဒါပေမဲ့ အခု သခင်လေးရဲ့ နန်မင်မီးတောက်နဲ့ သန့်စင်လိုက်တော့ သူ့ရဲ့ မကောင်းဆိုးဝါး အရှိန်အဝါတွေနဲ့ အပြစ်တွေ အားလုံးက ရှင်းလင်းသွားပါပြီ။ ဒါက အခုဆိုရင် ထူးခြားတဲ့ သန့်စင်ခြင်းပစ္စည်းတစ်ခု ဖြစ်သွားပြီလို့ ကျုပ်တော့ ထင်တယ်"

လုချင်း၏ စိတ်ထဲတွင် ယန်၏ အသံ ပဲ့တင်ထပ်သွားသည်။

ပန်းပဲပညာရပ်တွင် မဟာသခင်တစ်ဦးဖြစ်သူ ယန်၏ ပစ္စည်းများကို အကဲဖြတ်နိုင်စွမ်းမှာ ပြိုင်ဘက်ကင်းလှပေသည်။ ထို့ပြင် အစောပိုင်းက လုချင်း နန်မင်မီးတောက်ကို အသက်သွင်းလိုက်ချိန်တွင် သူသည် ယန်၏ စွမ်းအားအချို့ကို ငှားရမ်းခဲ့သည်။ ထို့ကြောင့် ယန်သည် အရိုးလက်သည်း၏ သဘောသဘာဝနှင့် ပတ်သက်၍ နားလည်မှု အချို့ကို ရရှိခဲ့ပြီး ဖြစ်သည်။

ယန်၏ စကားများကို ကြားသောအခါ၌ လုချင်းက ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ ပေါ့ပါးသော လှုပ်ရှားမှုလေးတစ်ခုဖြင့် သူက အရိုးဖြူ လက်သည်းကို သိမ်းဆည်းလိုက်တော့၏။

လက်ရှိတွင် အရေးကြီးသော ကိစ္စများ ရှိနေသေးပါ၏။ ဝိညာဉ်လက်နက်သန့်စင်ခြင်းကို နောက်မှ လုပ်ဆောင်နိုင်ပေသည်။

အရိုးလက်သည်းကို သိမ်းဆည်းပြီးနောက် လုချင်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ဝန်းရံနေသော သိုင်းပညာရှင်အားလုံးမှာ သူ့ကို နက်ရှိုင်းသော ရိုသေလေးစားမှုများနှင့် အကြောက်တရားများဖြင့် စိုက်ကြည့်နေကြတော့၏။

ဒါက အံ့ဩစရာတော့ မဟုတ်ပေ။ တကယ်တော့ ဤအရာက သူ လိုချင်ခဲ့သော အကျိုးသက်ရောက်မှု အတိအကျပင် ဖြစ်လေသည်။

အခုလေးတင် ငရဲဘုံ သရဲအိုကြီးကို သန့်စင်သတ်ဖြတ်လိုက်ချိန်တွင် လီဟော်ဒယ်အိုးကို ရိုးရိုးရှင်းရှင်း အသက်သွင်းမည့်အစား ဒယ်အိုး ပုံရိပ်ယောင်ကို အဘယ်ကြောင့် တမင်တကာ အသုံးပြုခဲ့သနည်း။ အကြောင်းမှာ သူသည် ဥပမာတစ်ခု ပြသလိုသောကြောင့်ပင်။ ဤသက်သေများအားလုံး၏ ရှေ့တွင် ရှေး သန္ဓေသားဝိညာဉ်အဆင့် သိုင်းပညာရှင်တစ်ဦးကို လူပုံအလယ်၌ သန့်စင်သတ်ဖြတ်ပြလိုသောကြောင့် ဖြစ်သည်။

ရလဒ်များကို ကြည့်ခြင်းအားဖြင့် သူ၏ အစီအစဉ်မှာ အတော်လေး အလုပ်ဖြစ်ခဲ့ကြောင်း သိသာလှပေ၏။

လုချင်း၏ အကြည့်များက ဖြတ်ပြေးသွားချိန်တွင် မည်သူကမျှ သူ၏ မျက်လုံးများကို ပြန်၍ မကြည့်ရဲကြချေ။ သူ သွင်းပေးလိုက်သော အကြောက်တရားမှာ ထင်ရှားလှပေ၏။

မည်သို့ပင်ဆိုစေကာမူ အခုလေးတင် ဘာဖြစ်သွားခဲ့သနည်း။

ယခင် သိုင်းကျင့်စဉ်ခေတ်ကတည်းက အသက်ရှင်ကျန်ရစ်ခဲ့သူ၊ မရေမတွက်နိုင်သော လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေသူ ရှေး သန္ဓေသားဝိညာဉ်အဆင့် သိုင်းပညာရှင် အစစ်အမှန် တစ်ယောက်ကို လုချင်းက ရိုးရိုးလေးနှင့် သန့်စင်သတ်ဖြတ်လိုက်ခြင်းပင် ဖြစ်သည်။

သူ့ကို အသက်ရှင်ခွင့် အနည်းငယ်မျှပင် မပေးခဲ့ချေ။ မရေမတွက်နိုင်သော ကျင့်ကြံခြင်း သိုင်းကွက်များနှင့် ရတနာများ၏ သွေးဆောင်မှုကပင် သူ့ကို မယိမ်းယိုင်စေနိုင်ခဲ့ပေ။

သူ၏ ပြတ်သားမှု၊ သူ၏ ရက်စက်သော နည်းလမ်းများ။

ထိုနေရာရှိ သိုင်းပညာရှင်တိုင်းမှာ ဖယ်ရှား၍မရနိုင်သော အကြောက်တရားတစ်ခုကို ခံစားလိုက်ကြရလေသည်။

ဤအခိုက်အတန့်တွင် အစောပိုင်းက လုချင်း ပြောခဲ့သော စကားများကို မည်သူမျှ သံသယ မဝင်တော့ချေ။ သူတို့အားလုံးကို သတ်ဖြတ်ပစ်မည်ဟူသော သူ၏ ကြေညာချက်ပင် ဖြစ်လေ၏။

အကယ်၍ သူတို့သာ သူ့ကို အမှန်တကယ် ဒေါသထွက်စေမိပါက သူ၏ ခြိမ်းခြောက်မှုကို သူ အကောင်အထည် ဖော်လိမ့်မည်မှာ ကျိန်းသေပေါက်ပဲပင်။

ကြည့်ရှုနေသူများကို အကဲခတ်ပြီးနောက်၌ လုချင်း၏ မျက်လုံးများက မြေပြင်ပေါ်တွင် လဲကျနေသော မုန်းတျန်အပေါ်သို့ နောက်ဆုံးတွင် ရောက်ရှိသွားတော့၏။

လုချင်း၏ အကြည့်ကို ခံစားလိုက်ရချိန်တွင် မုန်းတျန်၏ ခန္ဓာကိုယ်မှာ တုန်ရီသွားပြီး သူ၏ မျက်လုံးများထဲတွင် အကြောက်တရားများ ပြည့်နှက်သွားတော့သည်။

"မုန်းတျန်...ခင်ဗျားမှာ ပြောစရာ ရှိသေးလား" လုချင်းက အေးစက်စက် မေးလိုက်၏။

ထိုအခါ၌ မုန်းတျန်၏ မျက်နှာမှာ ပြာနှမ်းသွားတော့သည်။ သူ၏ ပါးစပ်က ပွင့်လာပြီး ပြန်ပိတ်သွားသော်လည်း မည်သည့် စကားလုံးမှ ထွက်မလာခဲ့ချေ။

လုချင်းက ခေါင်းခါလိုက်လေသည်။ "ခင်ဗျားက ငရဲဘုံ သရဲအိုကြီးရဲ့ လမ်းလွဲအောင် လှည့်စားတာကို ခံခဲ့ရတာ မှန်ပါတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ နှလုံးသားထဲမှာသာ မကောင်းတဲ့ အတွေးတွေ မရှိခဲ့ဘူးဆိုရင် အဲဒီ သရဲအိုကြီးကလည်း ခင်ဗျားကို ဖြားယောင်းနိုင်ခဲ့မှာ မဟုတ်ဘူးလေ"

"သန့်စင်ခံလိုက်ရတဲ့ သက်ရှိတွေ။ သူတို့က တကယ့်ကို ခင်ဗျားရဲ့လက်ချက်နဲ့ သေဆုံးခဲ့ရတာပဲ"

"ခင်ဗျား ဘယ်လိုပဲ ငြင်းပါစေ၊ သူတို့ရဲ့ သေဆုံးမှုတွေက ဆေးကြောလို့ မရနိုင်တဲ့ အမည်းစက်တစ်ခုပဲ"

"ဖြောင့်မတ်တဲ့ သိုင်းပညာရှင်လို့ ခေါ်ဆိုခံနေရတဲ့သူ တစ်ယောက်က... အပြစ်ကင်းတဲ့ လူပေါင်းများစွာကို သတ်ဖြတ်ပြီး မိစ္ဆာရတနာတစ်ခုအဖြစ် သန့်စင်ခဲ့တယ်"

"ပြောစမ်းပါဦး...ခင်ဗျားကကော မိစ္ဆာသိုင်းပညာရှင်တစ်ယောက်နဲ့ ဘာများ ကွာခြားနေလို့လဲ"

"ခင်ဗျားရဲ့ အပြစ်တွေအတွက် ခင်ဗျား သေရမယ်"

လုချင်း၏ နောက်ဆုံး စကားလုံးများကို ကြားလိုက်ရချိန်တွင် မုန်းတျန်၏ မျက်လုံးများမှာ အလွန်အမင်း ထိတ်လန့်မှုများဖြင့် ပြူးကျယ်သွားတော့၏။ သို့သော် သူ အသက်ချမ်းသာပေးရန် မတောင်းပန်နိုင်မီမှာပင် မျက်စိဖြင့် မမြင်နိုင်သော ဓားအရှိန်အဝါတစ်ခုက သူ၏ နဖူးမှ အပ်စိုက်မှတ်ကို ဖောက်ထွင်းသွားခဲ့လေပြီပင်။

သူ၏ ခေါင်းမှာ ဖောက်ထွင်းခံလိုက်ရပြီး သူ၏ စိတ်ဝိညာဉ်မှာလည်း လုံးဝ ပျက်စီးသွားတော့လေ၏။ ယင်းနောက်၌ မုန်းတျန်၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားတော့သည်။

ခေတ္တအကြာတွင်တော့ သူ၏ ခြေလက်များမှာ ပျော့ခွေသွားပြီး သူ၏ အသိစိတ်မှာလည်း ပျောက်ကွယ်သွားကာ အသက်ဓာတ်အားလုံး ငြိမ်းသတ်ခံလိုက်ရလေတော့၏။

All Chapters