အခန်း ၂၁၂
Vol. 16 Ch. 212
အပိုင်း(၂၁၂)
"ဟူး... သနားစရာကောင်လေး..."
နဂါးမြင်းဖြူသည် အရာအားလုံးကို တိတ်ဆိတ်စွာ ကြည့်နေခဲ့၏။ ဤအခြေအနေတွင် သူ ဝင်ပြောရန် နေရာမရှိကြောင်း သိသော်လည်း ကျွမ်လျန်စစ်သူကြီး၏ လက်ရှိ ခံစားချက်များကို ကိုယ်ချင်းစာမိလေသည်။
အဘယ်ကြောင့်ဆိုသော် ယခင်က သူ ကြုံတွေ့ခဲ့ရသော အကျပ်အတည်းမှာလည်း အတော်လေး ဆင်တူပြီး ကျွမ်လျန် စစ်သူကြီး ထက်ပင် ပို၍ သနားစရာ ကောင်းခဲ့သောကြောင့် ဖြစ်သည်။
အနည်းဆုံးတော့ ကျွမ်လျန် စစ်သူကြီး အတွက် ပြောပေးမည့် တမန်တော် မူကျား ရှိနေသေးသည်။ ထိုစဉ်ကမူ သူသည် မျက်နှာပြောင်တိုက်ကာ မိမိဘာသာ နောက်မှ လိုက်ပါခဲ့ရခြင်း ဖြစ်သည်။
သို့သော်လည်း ကျွမ်လျန် စစ်သူကြီး အပေါ် သနားမိပြီး သူ၏ လက်ရှိ ခံစားချက်များကို ကိုယ်ချင်းစာနိုင်သော်လည်း အကြောင်းပြချက် တစ်ခုခုကြောင့် နဂါးမြင်းဖြူ သည် အတော်လေး ကျေနပ်နေမိပြီး စိတ်ထဲတွင် မျှတသွားသကဲ့သို့ ခံစားလိုက်ရလေသည်။
အစပိုင်းတွင် ကျမ်းစာပင့်ဆောင်သူ ၏ ငြင်းပယ်ခြင်းကို ခံရသူမှာ သူတစ်ယောက်တည်းသာ ရှိသည်ဟု ထင်မှတ်ခဲ့လေသည်။ အစ်ကိုကြီးနှင့် ဒုတိယ အစ်ကိုတို့ကိုတော့ ဆရာ က အလွယ်တကူ လက်ခံခဲ့သည် မဟုတ်ပါလော။
ယခုအခါ ကျွမ်လျန် စစ်သူကြီး ပင်လျှင် ငြင်းပယ်ခံရပြီး မည်မျှပင် တောင်းပန်ပါစေ အလကားဖြစ်နေသည်ကို မြင်ရခြင်းက နဂါးမြင်းဖြူ အား ကြီးမားသော စိတ်သက်သာရာရမှု တစ်ရပ်ကို ပေးစွမ်းလေသည်။
အခြားတစ်ဖက်၌... ကျွမ်လျန် စစ်သူကြီး ကို ငြင်းပယ်ပြီးနောက် ကျန်းလျို သည် နောက်ထပ် စကားဆိုလိုစိတ် မရှိတော့ချေ။ သူသည် နဂါးမြင်းဖြူ ပေါ်သို့ တက်ထိုင်ကာ တောင်ဘက်သို့ ဆက်လက်ထွက်ခွာသွားတော့၏။ လျိုရှားမြစ် ကို ဖြတ်ကူးမည့် အရိပ်အယောင်ပင် လုံးဝ မပြခဲ့ချေ။
"ရွှမ်ကျန်းဆရာတော်... နေပါဦး... ခင်ဗျား ကျွမ်လျန် စစ်သူကြီး ကို လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ အဲဒါကို ခဏထားဦး… ရှေ့ဆက်သွားဖို့အတွက် အနည်းဆုံးတော့ လျိုရှားမြစ် ကို ဖြတ်ကူးသင့်တယ်လေ..."
တကယ်ကြီး မြစ်ကို ရှောင်ကွင်းသွားရန် ရည်ရွယ်ထားပုံရသော ကျန်းလျို ကို ကြည့်ရင်း တမန်တော် မူကျား က စိုးရိမ်တကြီးဖြင့် ပြောလိုက်လေသည်။
"တမန်တော် မူကျား ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်... သူ့ကို လက်မခံဖို့ ငါ ဆုံးဖြတ်ထားပြီးမှတော့… မျက်နှာပြောင်တိုက်ပြီး လျိုရှားမြစ်ကို ဘယ်လိုလုပ် ဖြတ်ကူးနိုင်တော့မှာလဲ... ကျေးဇူးပြုပြီး ထပ်မဖျောင်းဖျပါနဲ့တော့ တမန်တော် မူကျား... ငါ ဒီကျယ်ပြောလှတဲ့ လျိုရှားမြစ် ကြီးကို ခြေလှမ်းတစ်လှမ်းချင်းစီ လျှောက်ပြီး ရှောင်ကွင်းသွားပါ့မယ်..."
ကျန်းလျိုက နောက်လှည့် မကြည့်ဘဲ ပြောလိုက်သော်လည်း သူ၏ လေသံမှာ ပြတ်သားမှုကို ဖော်ပြနေလေသည်။
"အခု ဘာလုပ်ရမလဲ..."
ကျန်းလျိုနှင့် အဖွဲ့ ပိုမို ဝေးကွာသွားသည်နှင့်အမျှ ကျွမ်လျန် စစ်သူကြီး မှာ လုံးဝ မှင်သက်အံ့သြနေပြီး နောက်ထပ် ဘာလုပ်ရမည်ကို နားမလည်နိုင်အောင် ဖြစ်နေလေသည်။
အခြေအနေတွေက ယခုလောက်အထိ မည်ကဲ့သို့ ပြင်းထန်လာသနည်း ဆိုသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။
ကျမ်းစာပင့်ဆောင်သူက သူ့ကို လက်မခံဘဲ ငြင်းပယ်တာက ဆိုးရွားနေပြီ ဖြစ်သော်လည်း သူ့ကို ရှောင်လွှဲဖို့အတွက် လီပေါင်း ထောင်သောင်းချီ၍ လမ်းလွှဲသွားသည် ဟုတ်သလော။
ဤသည်က ကျွမ်လျန် စစ်သူကြီး ကို ပို၍ပင် စိုးရိမ်ပူပန်သွားစေလေသည်။ အကယ်၍ သူသာ အမှန်တကယ် လီထောင်သောင်းချီ ရှောင်ကွင်းသွားခဲ့မည်ဆိုလျှင် မိမိ၏ အပြစ်များကို ဆေးကြောနိုင်မည် မဟုတ်သည့်အပြင် ရှိရင်းစွဲ အပြစ်ကိုပင် ပိုမို ကြီးလေးသွားစေနိုင်သည် မဟုတ်ပါလော။
"တမန်တော် မူကျား... အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ..."
ကျွမ်လျန် စစ်သူကြီးက ငိုလုနီးပါး ဖြစ်လောက်အောင် စိုးရိမ်ပူပန်စွာဖြင့် မူကျား ကို မေးလိုက်လေ၏။
"ဒီကိစ္စကို ဘယ်လို ဖြေရှင်းရမလဲဆိုတာ ငါလည်း မသိတော့ဘူး... မင်း ဒီမှာပဲ စောင့်နေပါ... ဗောဓိသတ် ဆီကို ငါ ပြန်သွားတင်ပြပြီး သူ ဘာအမိန့်ရှိမလဲ ဆိုတာ ကြည့်လိုက်ဦးမယ်..."
မူကျားသည်လည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေပြီး အခြေအနေကို တင်ပြရန် ဆုံးဖြတ်လိုက်လေသည်။
"ဟူး... ဗောဓိသတ် မှာ နည်းလမ်းတစ်ခုခု ရှိဖို့ပဲ မျှော်လင့်ရတော့မှာပဲ..."
ကျွမ်လျန် စစ်သူကြီး တစ်ယောက် အကူအညီမဲ့စွာ သက်ပြင်းချလိုက်လေသည်။ ဤအခြေအနေသည် ဗောဓိသတ်၏ ရင်ထဲတွင် သူ၏ စွမ်းရည်များနှင့် ပတ်သက်၍ ညံ့ဖျင်းသော အထင်အမြင်တစ်ခုကို ချန်ထားခဲ့နိုင်ဖွယ်ရှိကြောင်း သူ သိသော်လည်း သူမ၏ လက်ထဲသို့ မျှော်လင့်ချက်များ အပ်နှံထားရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပုံပေါ်လေသည်။
လျိုရှားမြစ် ဘေးတွင် စောင့်ဆိုင်းနေရမည် ဖြစ်သော်လည်း ကျွမ်လျန် စစ်သူကြီး သည် ကျန်းလျို မျက်စိအောက်မှ အပျောက်မခံရဲချေ။ ထို့ကြောင့် ကျန်းလျို နှင့် အဖွဲ့ မြစ်ကမ်းစပ်တစ်လျှောက် ခရီးဆက်နေစဉ် ကျွမ်လျန် စစ်သူကြီး သည်လည်း ရေထဲမှနေ၍ သူတို့နောက်သို့ လိုက်ပါသွားလေသည်။
တမန်တော် မူကျားကတော့ ခေါင်းကို အနည်းငယ် ခါရမ်းကာ သက်ပြင်းချလိုက်ပြီးနောက် လေထဲသို့ ခုန်တက်ကာ တောင်ပင်လယ် ရှိ လော့ကျားတောင် သို့ ပြန်လည် ပျံသန်းသွားလေတော့သည်။
...
လော့ကျားတောင်၊ ခရမ်းရောင်ဝါးတော အတွင်း၌ ဗောဓိသတ်သည် သူမ၏ ကြာပန်းပလ္လင် ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်လျက် တရားရှုမှတ်ခြင်းတွင် နစ်မြောနေလေသည်။
ရုတ်တရက် သူမသည် ကြိုတင်နိမိတ်တစ်ခုကို ခံစားလိုက်ရပြီး သူမ၏ မျက်နှာပေါ်တွင် အပြုံးလေးတစ်ခု ပျံ့နှံ့သွားလေသည်။
အနောက်အရပ်သို့ ခရီးစဉ်၏ စမ်းသပ်မှုများ နောက်ထပ်တစ်ခု တိုးလာကြောင်း သူမ အာရုံခံမိလိုက်ပြီး သူမ၏ အစီအစဉ်မှာ အလုပ်ဖြစ်နေပုံရပေသည်။
ရွှေပုစဉ်း ရဟန္တာ လူ့ပြည်သို့ နှင်ချခံရခြင်းက ပထမစမ်းသပ်မှု၊ မွေးကင်းစအရွယ်တွင် အကြိမ်ကြိမ် အသက်အန္တရာယ် ခြိမ်းခြောက်ခံရခြင်းက ဒုတိယ၊ အသက် တစ်လအရွယ်တွင် မြစ်ထဲသို့ ပစ်ချခံရခြင်းက တတိယ၊ ကွမ်ယင် ကျောင်းတော်တွင် မိစ္ဆာ တိုက်ခိုက်ခံရခြင်းက စတုတ္ထ၊ ယခု လျိုရှားမြစ် တွင် အတားအဆီးကြုံရခြင်းက ပဉ္စမ....
"ဟူး..."
အနောက်အရပ်သို့ ခရီးစဉ် ၏ စမ်းသပ်မှုများကို စိတ်ထဲမှ ရေတွက်ကြည့်ပြီးနောက် ဗောဓိသတ်သည် မိမိဘာသာ သက်ပြင်းချလိုက်မိလေသည်။
ယခုအချိန်အထိ ရှစ်ဆယ့်တစ်ကြိမ်သော ဘေးဒုက္ခများအနက် ငါးခုကိုသာ ကျော်ဖြတ်ရသေးလေသည်။
ဗောဓိသတ်၏ အစီအစဉ်အရဆိုလျှင် သူတို့ လျိုရှားမြစ် သို့ ရောက်ရှိချိန်တွင် အနည်းဆုံး စမ်းသပ်မှု တစ်ဒါဇင် သို့မဟုတ် ထိုထက်မက ရင်ဆိုင်ခဲ့ရမည် ဖြစ်သည်။
ကြည့်ရသည်မှာ နောင်အနာဂတ်တွင် သူမအတွက် လုပ်စရာအလုပ်များစွာ ကျန်ရှိနေသေးပုံရပေသည်။
...
ကျန်းလျိုသည် မြင်းကျောပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေ၏။ နဂါးမြင်းဖြူသည် တောင်ဘက်သို့ မှန်မှန်လေး လျှောက်လှမ်းသွားလေသည်။
ကျူးပါကျဲသည် နောက်သို့ လှည့်ကြည့်လိုက်ရာ ကျွမ်လျန် စစ်သူကြီး က မြစ်ထဲမှနေ၍ သူတို့နောက်သို့ ဇွဲလုံ့လကြီးစွာ လိုက်ပါလာသည်ကို မြင်လိုက်ရလေသည်။ ထို့ကြောင့် သူက ကျန်းလျိုအား မနေနိုင်ဘဲ လှမ်းမေးလိုက်လေသည်။
"ဆရာ... ဟိုကျွမ်လျန် စစ်သူကြီး က ကျွန်တော်တို့နောက်ကို လိုက်လာတုန်းပဲ… သူ့ကို တကယ်ပဲ လျစ်လျူရှုထားတော့မလို့လား..."
တစ်ချိန်က ထျန်းဖုန်စစ်သူကြီး ဖြစ်ခဲ့သော ကျူးပါကျဲသည် နတ်ဘုရားများနှင့် ဗုဒ္ဓများနှင့် ပတ်သက်သော ကိစ္စရပ်များကို ပိုမို ရှင်းလင်းစွာ မြင်စွမ်းနိုင်လေသည်။ ကျွမ်လျန် စစ်သူကြီးထံတွင် ကြီးမားသော အရေးပါမှု မရှိနိုင်သော်လည်း ဤသည်မှာ နတ်ဘုံရှိ အထက်လူကြီးများက ဆင်ထားသော ထောင်ချောက်တစ်ခု ဖြစ်ပေသည်။
သူတို့၏ ဆရာက ဤမျှ ပြတ်သားစွာ ငြင်းပယ်လိုက်ခြင်းဖြင့် ထိုနတ်ဘုရား ခေါင်းဆောင်များကို စော်ကားသလို ဖြစ်သွားစေရုံသာမက နောက်ဆုံးတွင် သူတို့သည် ဤတိုက်ပွဲကို အနိုင်ရရန် မဖြစ်နိုင်တော့ချေ။
"ကိစ္စမရှိပါဘူး... သူ လိုက်ချင်ရင်လည်း လိုက်ပါစေပေါ့..."
ကျူးပါကျဲ၏ စိုးရိမ်မှုကို ကျန်းလျိုက ခေါင်းခါလျက် ရိုးရှင်းစွာပင် ပြန်ဖြေလိုက်လေသည်။
သူ၏ ဆုံးဖြတ်ချက်ကို နောက်ဆုံးတွင် အမှန်တကယ် စွဲကိုင်ထားနိုင်မည် ဖြစ်စေ၊ မထားနိူင်မည်ဖြစ်စေ အချိန်ပိုမို ကြန့်ကြာလေလေ တောင်ဘက်သို့ လမ်းလွှဲသွားရသည့် ခရီးပိုမို ဝေးကွာလေလေ သူ့အတွက် ပို၍ ကောင်းမွန်လေလေ ဖြစ်မည်ဟု ကျန်းလျိုက တွေးတောထားလေသည်။ ဟုတ်သည် မဟုတ်ပါလော။
ကျန်းလျို ခေါင်းခါလိုက်၏။ သူ၏ စိတ်ထဲတွင် ကျွမ်လျန် စစ်သူကြီး ၏ အကျပ်အတည်းများဖြင့် အလုပ်ရှုပ်မနေခဲ့ချေ။ ထို့အစား သူသည် စွမ်းရည်အချက်အလက်များကို တိတ်တဆိတ် ဆင့်ခေါ်လိုက်လေသည်။
ဝမ်... ဝမ်...
ကျန်းလျို တစ်ဦးတည်းသာ မြင်တွေ့နိုင်သော အလင်း မျက်နှာပြင်တစ်ခုသည် သူ၏ ရှေ့မှောက်တွင် ပေါ်လာလေသည်။
၎င်းကို စစ်ဆေးကြည့်သော အခါ ကျွမ်လျန် စစ်သူကြီး ကို အနိုင်ယူလိုက်စဉ်က ထွက်ကျလာခဲ့သော ပစ္စည်းအချို့ကို ကျန်းလျို မြင်တွေ့လိုက်ရလေသည်။ ၎င်းတို့၏ စွမ်းရည်အချက်အလက်များသည် သူ၏ မျက်စိရှေ့တွင် အပြည့်အဝ ပေါ်ထွက်လာလေတော့သည်။
သို့သော်လည်း... ကျွမ်လျန် စစ်သူကြီး နှင့် တိုက်ပွဲမှ ထူးထူးခြားခြား ပစ္စည်းများ ထွက်မလာခဲ့ချေ။ ဖြစ်နိုင်သည်က ယနေ့ သူ ကံမကောင်းသောကြောင့်များလော။ ထို့ကြောင့် ပစ္စည်းကျဆင်းမှုနှုန်းက အလွန်နည်းပါးနေခဲ့ခြင်းလော။
ဆေးရည်နှစ်ပုလင်း အကြောင်းကို ပြောစရာမလိုသော်လည်း လက်နက်ကိရိယာ အပိုင်းအစ တစ်ခုသာ ပါဝင်လေသည်။ ကျန်းလျိုသည် ၎င်းကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ဝင်စားမှု ပျောက်ဆုံးသွားလေသည်။ အဆင့် ၂၅ ရှိ သာမန် အရည်အသွေး လက်နက်တစ်ခုမျှသာ ဖြစ်ပြီး သူ၏ လက်ထဲရှိ သံစပ်တုတ်ထက် များစွာ နိမ့်ကျနေလေသည်။၎င်းမှာ အသေအချာ ထပ်မံ ကြည့်ရှုရန်ပင် မတန်ချေ။
ဆေးရည်နှစ်ပုလင်း နှင့် သူအသုံးမပြုနိုင်သော အလကားဖြစ်နေသည့် လက်နက်ကိရိယာ အပိုင်းအစတစ်ခု အပြင် စာလိပ်တစ်ခုလည်း ပါဝင်လေသည်။
စာလိပ်ပေါ်သို့ ကျန်းလျို၏ အကြည့်ကျရောက်သွားသည်နှင့် သက်ဆိုင်ရာ အချက်အလက်များသည် သူ၏ မျက်စိရှေ့တွင် ပေါ်လာလေသည်။
လက်နက်ကိရိယာ အဆင့်မြှင့်တင်ရေး စာလိပ် - မည်သည့် ပင်မ လက်နက်ကိရိယာကိုမဆို အဆင့်မြှင့်တင်နိုင်ပြီး အရည်အသွေး တိုးတက်မှုကို ဖြစ်စေနိုင်သည်။ သာမန် အရည်အသွေး အောင်မြင်မှုနှုန်းမှာ ၁၀၀% ဖြစ်သော်လည်း အဆင့်တစ်ခု မြင့်တက်သွားတိုင်း အောင်မြင်မှုနှုန်းသည် ၂၀% လျော့ကျသွားမည် ဖြစ်သည်။ လက်နက်ကိရိယာ အရည်အသွေး မြင့်မားလေ အောင်မြင်မှုနှုန်း နိမ့်ကျလေ ဖြစ်သည်။