အခန်း ၂၁၇
Vol. 16 Ch. 217
အပိုင်း(၂၁၇)
ဝုန်း... ဝုန်း... ဝုန်း...
မျက်စိတစ်မှိတ်အတွင်းမှာပင် လျိုရှားမြစ် ၏ ရေပြင်သည် ဧရာမ လှိုင်းလုံးကြီးများအဖြစ် ဆူပွက်လာပြီးနောက် တောင့်တင်းခိုင်မာကာ ကြီးမားမြင့်မားသော ပုံသဏ္ဌာန်တစ်ခု ပေါ်ထွက်လာပြီး မြစ်၏ လှိုင်းတံပိုးများကို နင်းလျက် ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
“နင့်မေကြီးတော်... သူဖြစ်နေတာကိုး..."
လှိုင်းတံပိုးများပေါ်တွင် ရပ်နေသော ထိုပုံသဏ္ဌာန်ကို မြင်သောအခါ ငါးခူ မိစ္ဆာဘုရင် ၏ မျက်နှာမှာ ပြာနှမ်းသွားပြီး အထိတ်တလန့်ဖြင့် အသက်လုကာ လှည့်ပြေးလေတော့သည်။
ကျွမ်လျန် စစ်သူကြီးသည် နတ်အဆင့် မိစ္ဆာ ဖြစ်ရာ မိမိထက် များစွာ ပိုမို အစွမ်းထက်ပေသည်။
ကျွမ်လျန် စစ်သူကြီးက လက်ကိုလှမ်းကာ လျိုရှားမြစ် ၏ လှိုင်းလုံးများထဲသို့ ပြုတ်ကျသွားသော ကောင်းယန် အား ဆယ်ယူလိုက်၏။ ထို့နောက်... ငါးခူမိစ္ဆာ ထံသို့ ခြိမ်းခြောက်နေသော အသွင်အပြင်ဖြင့် ပြေးဝင်သွားရာ ဤ မိစ္ဆာဘုရင်အား လွတ်မြောက်ခွင့် မပေးရန် သေချာပေါက် ရည်ရွယ်ထားပုံပေါ်လေသည်။
လိုက်လံဖမ်းဆီးမှုနှင့် ထွက်ပြေးမှုတို့ကြားတွင် ကျွမ်လျန် စစ်သူကြီး သည် ငါးခူမိစ္ဆာ ကို ရှေ့သို့ အဆက်မပြတ် ခြောက်လှန့်မောင်းထုတ်သွားခဲ့ရာ ငါးခူမိစ္ဆာမှာ အလိုက်ခံရမှုအောက်တွင် လမ်းမရွေးနိုင်တော့ဘဲ ထိတ်လန့်တကြား ထွက်ပြေးနေရလေသည်။
သူ နောက်သို့ လှည့်ကြည့်လိုက်၏။ ကျွမ်လျန် စစ်သူကြီးသည် ပြင်းထန်စွာ ဒဏ်ရာရနေသော သူတစ်ဦးကို သယ်ဆောင်ထားရသဖြင့် လောလောဆယ် မိမိအား မီအောင် မလိုက်နိုင်သေးသော်လည်း မိမိအနေဖြင့်လည်း သူ့ကို မျက်ခြေဖြတ်မချနိုင်ခဲ့သောကြောင့် ငါးခူ မိစ္ဆာဘုရင် ၏ ရင်ထဲတွင် တိတ်တဆိတ် ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်နေလေတော့သည်။
...
မကြာသေးမီ ရက်ပိုင်းအတွင်း၌ လျိုရှားမြစ်၏ မိစ္ဆာသတ္တဝါ အားလုံးသည် ပုစွန်မိစ္ဆာ ၏ ခြေရာကို လိုက်လံရှာဖွေနေခဲ့ကြခြင်း ဖြစ်လေသည်။ ထို့ကြောင့်ပင်... ကြီးမားသော လှုပ်ရှားသံများကို ကြားလိုက်ရသော အခါ ရှုပ်ထွေးမှုကြားမှ အမြတ်ထုတ်လိုသော အခြား မိစ္ဆာဘုရင် များ အားလုံးသည်လည်း လှုပ်ရှားလာခဲ့ကြလေသည်။
"အရှင်တို့... ကြာစေ့ က တစ်စေ့တည်းသာ ရှိတယ်ဆိုပေမယ့်… သူရှိနေသရွေ့ ငါတို့ သေချာပေါက် အခွင့်အရေး ရမှာ မဟုတ်ဘူး... ငါတို့ အားလုံး ပူးပေါင်းပြီး သူ့ကို အရင်ဖြုတ်ချလိုက်ရင် ဘယ်လိုလဲ... အဲဒီနောက်ကျမှ ငါတို့ရဲ့ ကိုယ်ပိုင် စွမ်းရည်တွေနဲ့ ကံတရားတွေပေါ် မူတည်ပြီး ကြာစေ့ အတွက် ယှဉ်ပြိုင်ကြတာပေါ့..."
လျိုရှားမြစ် ပိုင်နက်အတွင်းရှိ အခြား မိစ္ဆာဘုရင် များ တဖြည်းဖြည်း ရောက်ရှိလာကြသည်ကို မြင်သောအခါ ငါးခူ မိစ္ဆာဘုရင် သည် ခဏတာ စဉ်းစားလိုက်ပြီး အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည်။
အခြေအနေများမှာ အလွန် ရှုပ်ထွေးနေပြီး အခြား မိစ္ဆာဘုရင် များက မိမိ၏ လက်ထဲမှ ကြာစေ့ ကို လုယူရန် ချောင်းမြောင်းနေကြသည့်အပြင် ကောင်းကင်နတ်အဆင့် ဖြစ်သော ကျွမ်လျန်စစ်သူကြီး ကလည်း မိမိအား လောဘတကြီး စောင့်ကြည့်နေသည်။ ထို့ကြောင့်... ကျန်ရှိနေသော မိစ္ဆာဘုရင် များကိုပါ တိုက်ပွဲထဲသို့ ဆွဲသွင်းလိုက်ခြင်းက ပညာရှိရာရောက်မည်ဟု ငါးခူ မိစ္ဆာဘုရင် က တွေးတောလိုက်လေသည်။
အကယ်၍ မိမိသာ ရေကို နောက်အောင် မွှေလိုက်နိုင်ပါက ရတနာကို ဆက်လက် ထိန်းသိမ်းထားနိုင်ကောင်း ထိန်းသိမ်းထားနိုင်ပေမည်။ ထိုသို့မဟုတ်ဘဲ ကျွမ်လျန် စစ်သူကြီး နှင့် အခြား မိစ္ဆာဘုရင် များက အလှည့်ကျ ဝင်ရောက်တိုက်ခိုက်လာပါက မိမိသေချာပေါက် သေဆုံးရမည် ဖြစ်သည်။
ရောက်ရှိနေကြသော အခြား မိစ္ဆာဘုရင် များသည် ငါးခူ မိစ္ဆာဘုရင် ၏ စကားနောက်ကွယ်ရှိ ရည်ရွယ်ချက်ကို အားလုံး နားလည်ကြသော်လည်း ၎င်းတွင် ယုတ္တိတန်မှု အချို့ရှိနေကြောင်းကိုမူ ဝန်ခံရမည် ဖြစ်လေသည်။
ယခုအချိန်တွင် အကောင်းဆုံး နည်းဗျူဟာမှာ ကျွမ်လျန် စစ်သူကြီး ကို အရင်ဆုံး အနိုင်ယူရန်ပင် ဖြစ်သည်။ ထိုသို့ လုပ်ဆောင်နိုင်မှသာလျှင် အားလုံးမှာ မိစ္ဆာဘုရင် များ ဖြစ်ကြသဖြင့် မိမိတို့၏ ကိုယ်ပိုင် စွမ်းရည်နှင့် ကံတရားအပေါ် အားကိုး၍ ယှဉ်ပြိုင်နိုင်မည် ဖြစ်လေသည်။
"ကောင်းပြီလေ... အဲဒီလိုဆိုမှတော့ ပူးပေါင်းကြတာပေါ့..."
သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ကာ လျိုရှားမြစ် ပိုင်နက်အတွင်းရှိ စုစုပေါင်း မိစ္ဆာဘုရင် ငါးပါးစလုံးသည် သူတို့၏ တပ်ဦးကို ပေါင်းစည်းလိုက်ကြလေသည်။
"ဟွန့်... မင်းတို့က သေချင်နေမှတော့ ငါလည်း ယဉ်ကျေးမနေတော့ဘူးကွ..."
ဤ မိစ္ဆာဘုရင် များ၏ စကားကို ကြားလိုက်ရသည့်တိုင် ကျွမ်လျန် စစ်သူကြီး သည် ယုံကြည်မှု အပြည့်ဖြင့်ပင် ရှိနေဆဲ ဖြစ်လေသည်။
နတ်ဘုရားများနှင့် သာမန်သတ္တဝါများအကြား ကွာခြားချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ဖြစ်လေသည်။ ကြီးမြတ်သော မိစ္ဆာဘုရင် ငါးပါး ပူးပေါင်းလာခဲ့လျှင်ပင် ကျွမ်လျန် စစ်သူကြီး သည် အနည်းငယ်မျှပင် ထိတ်လန့်တုန်လှုပ်သွားခြင်း မရှိချေ။
ကြီးမြတ်သော မိစ္ဆာဘုရင် ငါးပါးနှင့် ကျွမ်လျန် စစ်သူကြီး တို့အကြား တိုက်ပွဲသည် ပြင်းထန်သော အုပ်စုဖွဲ့တိုက်ပွဲကြီးအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့လေသည်။ ခွန်အားအရ ပြောရလျှင် ကျွမ်လျန် စစ်သူကြီးသည် သူတို့ကို ချေမှုန်းနိုင်သည့် အကြွင်းမဲ့ စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။
သူတစ်ယောက်တည်း ဖြစ်နေလျှင်ပင် ဤ မိစ္ဆာဘုရင် များကို အနိုင်ယူရန်မှာ သူ့အတွက် ခက်ခဲသော ကိစ္စတစ်ခု မဟုတ်ချေ။
သို့သော်လည်း ယခုအချိန်တွင် ကျွမ်လျန် စစ်သူကြီး သည် ကွမ်ယင်၏ လူကိုပါ ဂရုစိုက် စောင့်ရှောက်နေရလေသည်။
ငါးခူမိစ္ဆာဘုရင်၏ ငါးရိုးဆူးချွန်ဖြင့် အပစ်ခံရပြီးနောက် ကောင်းယန် သည် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့လေသည်။ အကယ်၍ ပုလဲကိုင် နဂါးမလေး မှ ကြိုတင်ချထားပေးခဲ့သော အကာအကွယ်သာ မရှိခဲ့လျှင် ဥပဒေသထိန်းချုပ်ခြင်းအဆင့် တွင်သာ ရှိသေးသော ကောင်းယန်သည် မိစ္ဆာဘုရင် အဆင့်ရှိ ရန်သူတစ်ဦး၏ ချောင်းမြောင်းတိုက်ခိုက်မှုကြောင့် တစ်ချက်တည်းဖြင့်ပင် သေဆုံးသွားနိုင်ပေသည်။
ခဏတာ တိုက်ခိုက်ပြီးနောက် ကြီးမြတ်သော မိစ္ဆာဘုရင် ငါးပါးသည် ကျွမ်လျန် စစ်သူကြီး မှာ ကောင်းယန် ကိုပါ စောင့်ရှောက်နေရသဖြင့် သူ၏ စွမ်းအားများ ထိခိုက်နေကြောင်းကို သတိပြုမိသွားကြလေသည်။
မိစ္ဆာဘုရင် များသည် ရည်ရွယ်ချက် ရှိရှိပင် သူတို့၏ တိုက်ခိုက်မှုများကို ကောင်းယန် ထံသို့သာ ပို့လွှတ်လိုက်ကြသဖြင့် ကျွမ်လျန် စစ်သူကြီး အတွက် သူမအပေါ်သို့ အာရုံများစွာ ခွဲဝေပေးရန် ဖိအားပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။ သူ အစစ်အမှန် စွမ်းအင်များကိုပင် ထုတ်ဖော် အသုံးပြုနိုင်စွမ်း မရှိပါတော့ချေ။
...
လျိုရှားမြစ် ကမ်းစပ်တွင် ကျန်းလျို သည် မီးဖိုတစ်ခုကို ပြင်ဆင်လိုက်ပြီး ထပ်မံ အသားကင်ရန် အသင့်ဖြစ်နေချိန်တွင် စွန်းဝူခုန်း နှင့် ကျူးပါကျဲ တို့သည် သူ၏ဘေး၌ စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြလေသည်။
သို့သော်လည်း မကြာမီမှာပင် သူတို့အားလုံးသည် အဝေးမှနေ၍ မြေကြီးကိုပင် တုန်လှုပ်သွားစေနိုင်သော တိုက်ပွဲ၏ ဆူညံသံများကို သတိထားမိလိုက်ကြ၏။ ၎င်းသည် လျိုရှားမြစ် အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးများကိုပါ ဖြစ်ပေါ်စေလေသည်။
"ဒုက္ခပဲ... အဲဒီ ဆူညံသံတွေကို ကြည့်ရတာ တော်တော်လေး ကြီးမားတဲ့ပုံပဲ..."
ကျန်းလျို တစ်ယောက် ရင်ထဲတွင် လှုပ်ရှားသွားပြီး တိုက်ပွဲဖြစ်ပွားရာ ဦးတည်ရာဘက်သို့ လှမ်းကြည့်လိုက်လေသည်။
"ဆရာ... အဲဒါတွေကို သွားပြီး ဂရုစိုက်မနေပါနဲ့... ကျွန်တော်တို့နဲ့မှ မဆိုင်တာ... မြန်မြန်လေး အသားကင် စားကြရအောင်ပါ… ဒီဝက်ကြီး ဆက်ပြီး မစောင့်နိုင်တော့ဘူးဗျာ..."
ကျူးပါကျဲမှာ သွားရည် တမျှားမျှား ဖြစ်နေပြီး အလွန်အမင်း စိတ်မရှည်တော့သည့်ဟန် ပေါက်နေလေသည်။
အစားအသောက်နှင့် ပတ်သက်လာလျှင် ကျူးပါကျဲသည် စွန်းဝူခုန်း ထက်ပင် ပို၍ စိုးရိမ်ပူပန်တတ်လေသည်။
"ဝူခုန်း... အဲဒီမှာ ဘာတွေဖြစ်နေလဲဆိုတာ ကြည့်စမ်းပါဦး..."
ကျန်းလျို က ပြောလိုက်လေသည်။ သူသည် ဤရှုပ်ထွေးသော ကိစ္စရပ်များကို ဝင်ရောက်ပတ်သက်လိုစိတ် သိပ်မရှိသော်လည်း ၎င်းတို့မှာ သူ၏ မျက်စိရှေ့မှောက်တွင် ဖြစ်ပျက်နေသောကြောင့် မည်သည့် အရာများ ဖြစ်ပျက်နေသည်ကို သိအောင် လုပ်လိုက်ခြင်းက ကောင်းမည်ဟု တွေးလိုက်လေသည်။
ကျန်းလျို၏ စကားကို ကြားသောအခါ စွန်းဝူခုန်းသည် ငြင်းဆန်ခြင်း မပြုခဲ့ပေ။ သူသည် သူ၏ နတ်စွမ်းအင်များကို စုစည်းကာ တိုက်ပွဲဖြစ်ပွားနေသည့် နေရာသို့ လှမ်းကြည့်လိုက်ပြီး တစ်ချိန်တည်းမှာပင် ဂရုတစိုက် နားစွင့်လိုက်လေသည်။
တိုက်ပွဲဖြစ်ပွားရာနေရာနှင့် အတော်လေး ကွာဝေးနေသေးသော်လည်း စွန်းဝူခုန်း၏ စွမ်းရည်များဖြင့် တိုက်ပွဲ၏ အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပြီး အာရုံစိုက်ကာ နားထောင်နိုင်ခဲ့သည်။
"ဆရာ… တိုက်ပွဲက တော်တော်လေး ပြင်းထန်နေတဲ့ပုံ ပေါက်ပေမယ့်… တကယ်တမ်းကျတော့ ကျွမ်လျန်စစ်သူကြီးက မိစ္ဆာဘုရင် အနည်းငယ်နဲ့ တိုက်ခိုက်နေတာပါပဲ... ကွမ်ယင်ရဲ့ ကြာကန်ထဲက မိစ္ဆာငယ်လေးတစ်ကောင်က ကွမ်ယင်ဆီကနေ ကြာစေ့တစ်စေ့ကို ရဲရဲတင်းတင်း ခိုးယူလာခဲ့လို့… အဲဒီ မိစ္ဆာဘုရင်တွေရဲ့ လောဘကို ဆွပေးလိုက်သလို ဖြစ်သွားပုံရတယ်..."
တိုက်ပွဲ၏ အခြေအနေကို နားလည်သွားပြီးနောက်တွင်မူ စွန်းဝူခုန်းသည် သိပ်ပြီး စိတ်ဝင်စားပုံ မရတော့ချေ။ ဤမျှအဆင့်ရှိသော တိုက်ပွဲမျိုးသည် စွန်းဝူခုန်း၏ စိတ်ဝင်စားမှုကို မဆွဲဆောင်နိုင်ခဲ့ပေ။ စွန်းဝူခုန်းသည် ဒြပ်စင်ငါးပါးတောင်မှ စတင်ထွက်ခွာလာစဉ်ကကဲ့သို့ တိုက်ခိုက်လိုစိတ်များ ပြင်းပြမနေတော့ပေ။
ထို့အပြင် အခြားနေရာမှ တိုက်ပွဲများနှင့် နှိုင်းယှဉ်လျှင် စွန်းဝူခုန်းသည် လတ်တလောတွင် ဆရာ၏ အသားကင်များကိုသာ ပို၍ အာရုံရောက်နေခဲ့သည်။
"အိုး... မိစ္ဆာဘုရင် အနည်းငယ်လောက်ပဲလား... ကြည့်ရတာ သူတို့က ကျွမ်လျန်အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပုံမရပါဘူးလေ..."
ထိုစကားကို ကြားသောအခါ ကျန်းလျိုသည် ခေါင်းညိတ်လိုက်ပြီး ထိုကိစ္စကို ဆက်လက် အာရုံမစိုက်တော့ပေ။
အဆင့်မြင့်လာသည်နှင့်အမျှ အဆင့်တက်ရန်အတွက် အတွေ့အကြုံမှတ် များလည်း ပိုမိုလိုအပ်လာပေသည်။ အကယ်၍ အတွေ့အကြုံမှတ် များကို ကျင့်စဉ်အဆင့်အဖြစ် ပြောင်းလဲလိုက်မည်ဆိုပါက အဆင့်မြင့်လာသည်နှင့်အမျှ ကျင့်စဉ်အဆင့် ကွာဟချက်သည်လည်း ပိုမိုကြီးမားလာမည်ဟု ဆိုလိုခြင်းဖြစ်သည်။
မိစ္ဆာဘုရင် များနှင့် ကောင်းကင်နတ်အဆင့်တို့ကြား ကွာဟချက်သို့ ရောက်ရှိသွားသောအခါ ထိုကျင့်စဉ်အဆင့် ကွာဟချက်သည် အလွန်တရာ ကြီးမားသွားလေတော့သည်။
ထင်မှတ်ထားသည့်အတိုင်းပင် ကောင်းကင်ဘုံကို အာခံနိုင်သော နတ်စွမ်းအင်များ သို့မဟုတ် ဓမ္မရတနာများ မရှိကြလျှင် သာမန် မိစ္ဆာဘုရင် ငါးပါးမျှနှင့်တော့ ကျွမ်လျန်စစ်သူကြီးအား ထိခိုက်စေနိုင်မည် မဟုတ်ပေ။
"ဆရာ… ဆရာ ထင်နေတာ မှားတယ်..."
သို့သော်လည်း ကျန်းလျို၏ စကားကို ကြားသောအခါ စွန်းဝူခုန်းသည် ခေါင်းယမ်းလိုက်ပြီး ပြောလိုက်သည်။
"ကျွမ်လျန်စစ်သူကြီး တစ်ယောက်တည်းဆိုရင်တော့ အဲဒီ မိစ္ဆာဘုရင် နည်းနည်းကို ဖြေရှင်းဖို့က ပြဿနာမရှိနိုင်ပေမယ့်… သူ့နောက်မှာ ဝန်ထုပ်ဝန်ပိုး တစ်ခု ပါလာရင်တော့ တစ်မျိုးဖြစ်သွားပြီပေါ့..."
"သူက ကွမ်ယင်ရဲ့ အနားက မိန်းမတစ်ယောက်ကိုလည်း ကာကွယ်ပေးနေရတယ်... အဲဒီ မိန်းမက တော်တော်လေး ဒဏ်ရာပြင်းပြင်းထန်ထန် ရထားပြီး သူ့ရဲ့ ကျင့်စဉ်အဆင့်ကလည်း အရမ်းကို အားနည်းတယ်... ကြည့်ရတာ ကျွမ်လျန်စစ်သူကြီးရော အဲဒီ မိန်းမပါ အတော်လေး အန္တရာယ်များတဲ့ အခြေအနေမှာ ရှိနေပုံပဲ..."
"ကွမ်ယင် အနားက မိန်းမတစ်ယောက် ဟုတ်လား... ကျင့်စဉ်အဆင့်ကလည်း အရမ်း နိမ့်တယ်ဆိုပါလား..."
စွန်းဝူခုန်း၏ စကားကြောင့် ကျန်းလျိုမှာ အနည်းငယ် တန့်သွားပြီး သူ၏ စိတ်ထဲတွင်လည်း ကောင်းယန် ၏ ပုံရိပ်သည် အလိုအလျောက် ဖြတ်ပြေးသွားလေသည်။ ဖြစ်များ ဖြစ်နိုင်မည်လား…။
"မျောက်… ငါ့ကို အဲဒီကို မြန်မြန် ခေါ်သွားစမ်း..."
ကျန်းလျိုက အလောတကြီး ပြောလိုက်သည်။
"ဟင်..."
ကျန်းလျို၏ စကားကြောင့် စွန်းဝူခုန်းမှာ အံ့အားသင့်သွား၏။ အဘယ်ကြောင့် ထိုတိုက်ပွဲအပေါ် ဆရာဖြစ်သူ အလွန်အမင်း စိုးရိမ်ပူပန်သွားရသည်ကို နားမလည်နိုင်ဖြစ်သွားသည်။
သို့သော်လည်း စွန်းဝူခုန်း ပြန်လည်တုံ့ပြန်မှု မပေးနိုင်မီမှာပင် နဂါးမြင်းဖြူ သည် ကျန်းလျို၏ အရှေ့သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။
ကျန်းလျိုသည် အချိန်ဖြုန်းမနေတော့ဘဲ ချက်ချင်းပင် မြင်းပေါ်သို့ တက်ခွလိုက်ရာ နဂါးမြင်းဖြူသည်လည်း ရှေ့သို့ ခုန်ထွက်သွားပြီး လျိုရှားမြစ်ထဲသို့ တိုက်ရိုက် ခုန်ဆင်းသွားလေတော့သည်။