← Chapters

အခန်း ၂၂၀

Vol. 16 Ch. 220

အခန်း ၂၂၀

Vol. 16 Ch. 220

အပိုင်း(၂၂၀)

"ဟုတ်ပြီ... ဒါဆို ထျန်းဖုန်စစ်သူကြီး ကရော ဘယ်လိုလဲ..."

ကျွမ်လျန် စစ်သူကြီးက ဆက်လက်၍ မေးမြန်းလိုက်၏။

"ဒုတိယ အစ်ကိုကြီးလား... သူ့အခြေအနေက နည်းနည်းတော့ ထူးဆန်းတယ်... အစတုန်းက ဆရာက သူ့ကို လက်ခံချင်ခဲ့ပေမယ့် သူက လိုက်ဖို့ ဝန်လေးနေခဲ့တာ... ဘယ်သူထင်မှာလဲ…ယွန်းကျဲဂူ ထဲမှာ တစ်ညလောက် နေပြီးတဲ့နောက် အခြေအနေတွေ ပြောင်းပြန်ဖြစ်သွားပြီး ဒုတိယနောင်တော်က ဆရာနောက်ကို အသေအလဲ လိုက်ချင်သွားတာပဲ..."

နဂါးမြင်းဖြူက ခဏမျှ စဉ်းစားလိုက်ပြီး ကျူးပါကျဲ၏ အခြေအနေကို ပြန်လည်ပြောပြလေသည်။

"အဲဒီည ယွန်းကျဲဂူ ထဲမှာ ဘာတွေဖြစ်ခဲ့တာလဲ... မင်း မသိဘူးလား..."

ထိုသို့သော အခြေအနေ အပြောင်းအလဲကို ကြားလိုက်ရသဖြင့် ကျွမ်လျန်စစ်သူကြီးမှာ အံ့ဩသွားခဲ့သည်။

"ကျွန်တော် မသိဘူး... အဲဒီအချိန်က ကျွန်တော် ဂူအပြင်ဘက်မှာ စောင့်နေခဲ့တာ..."

နဂါးမြင်းဖြူက ခေါင်းယမ်းလိုက်သည်။

"ကောင်းပြီလေ... ဒါဆို ကောင်းကင်နှင့်တန်းတူ မဟာပညာရှိကြီး စွန်းဝူခုန်း ကရော... သူက ဘယ်လိုများ ပူးပေါင်းဖြစ်သွားတာလဲ..."

အတန်ကြာ စဉ်းစားပြီးနောက် ကျွမ်လျန်စစ်သူကြီးက ဆက်လက် မေးမြန်းလိုက်သည်။

"အဲဒါက... အစ်ကိုကြီးရဲ့ အခြေအနေက ပိုပြီးတော့တောင် ထူးဆန်းသေးတယ်..."

နဂါးမြင်းဖြူသည် ထိုအကြောင်းကို ပြောပြရန် ဝန်လေးနေဟန်ဖြင့် တုံ့ဆိုင်းသွားခဲ့သည်။

အစ်ကိုကြီး၏ အခြေအနေကို သူ မေးမြန်းခဲ့စဉ်က အမှန်တရားကို သိလိုက်ရသောအခါ သူ့ကို အလွန်တရာ တုန်လှုပ်သွားစေခဲ့သည်။ ကျွမ်လျန်စစ်သူကြီး၏ လက်ရှိ အခြေအနေမှာလည်း ထိုစဉ်က သူ၏ အခြေအနေနှင့် အံ့သြစရာကောင်းလောက်အောင် ဆင်တူနေပေသည်။

"ဘယ်လို ထူးဆန်းတာမျိုးလဲ... လာပါ ပြောပြစမ်းပါ..."

စွန်းဝူခုန်း၏ အခြေအနေမှာ ပို၍ပင် ထူးခြားသည်ဟု ကြားလိုက်ရသဖြင့် ကျွမ်လျန်စစ်သူကြီးမှာ ပို၍ စပ်စုချင်စိတ် ဖြစ်လာခဲ့သည်။

"ဒီကိစ္စက... ခင်ဗျား မသိတာပဲ ပိုကောင်းမယ်ထင်တယ်... မသိတာ ပိုကောင်းပါတယ်..."

တုံ့ဆိုင်းစွာဖြင့် နဂါးမြင်းဖြူက တကယ်ကို မပြောပြချင်ပေ။

"ဘာတွေ ဖုံးကွယ်စရာ ရှိနေလို့လဲ... လာပါ ဖွင့်ပြောလိုက်စမ်းပါ..."

နဂါးမြင်းဖြူသည် ပို၍ လျှို့ဝှက်စွာ ပြုမူလေလေ ကျွမ်လျန်စစ်သူကြီးမှာ ပို၍ စပ်စုချင်စိတ် ပြင်းပြလာလေလေ ဖြစ်ပြီး ပြောပြရန် တိုက်တွန်းလေတော့သည်။

"ကောင်းပြီလေ... ခင်ဗျားက သိချင်နေမှတော့လည်း ကျွန်တော် ပြောပြရတာပေါ့…”

ကျွမ်လျန်စစ်သူကြီး၏ မျက်နှာပေါ်ရှိ အမူအရာကို မြင်သောအခါ နဂါးမြင်းဖြူက သက်ပြင်းချကာ ခေါင်းယမ်းရင်း ပြောလိုက်လေသည်။

"ကျွန်တော် ကြားဖူးတာကတော့ အစ်ကိုကြီးက အစတုန်းက အနောက်အရပ်ကို ခရီးမနှင်ချင်ခဲ့ဘူးတဲ့... အဲဒါကို ဆရာက ဒြပ်စင်ငါးပါးတောင် အောက်မှာ ရက်အတော်ကြာ နေထိုင်ပြီး အသေအလဲ တောင်းဆိုချော့မော့ခဲ့ရုံသာမကဘဲ ကိုယ်တိုင်တောင် ဟင်းချက်ကျွေးခဲ့ရသေးတယ်တဲ့..."

"အဲဒီလောက်ထိ ဂရုစိုက်ခံရလို့ စိတ်လှုပ်ရှားသွားပြီးမှ အနောက်အရပ်ကို ခရီးနှင်ဖို့ ဆုံးဖြတ်ခဲ့တာတဲ့..."

“...”

ကျွမ်လျန်စစ်သူကြီးမှာ ဘာမှဆက်မပြောနိူင်အောင် အံ့ဩသွားလေတော့သည်။ သူနှင့် စွန်းဝူခုန်းတို့အကြား ဆက်ဆံခံရမှု ကွာခြားချက်ကို တွေးမိသောအခါ ကျွမ်လျန်စစ်သူကြီး၏ ခံစားချက်များမှာ အထူးတလည် ပြောပြနေရန်ပင် မလိုတော့ပေ။ ကျွမ်လျန်စစ်သူကြီးသည် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းယမ်းရုံမှလွဲ၍ အခြား မတတ်နိုင်ခဲ့ပေ။

သို့သော်လည်း... သူသည် လွန်ခဲ့သော နှစ်ငါးရာက ကောင်းကင်ဘုံကိုပင် ပရမ်းပတာဖြစ်အောင် လုပ်ရဲခဲ့သော ကောင်းကင်နှင့်တန်းတူ မဟာပညာရှိကြီး စွန်းဝူခုန်း ပင် မဟုတ်ပါလော။ အမှန်တကယ်ပင် နှိုင်းယှဉ်၍ ရနိုင်မည် မဟုတ်ပေ။

...

အခြားတစ်ဖက်၌.... အချိန်အတော်ကြာ ကွဲကွာနေခဲ့ပြီးနောက် ပြန်လည်ဆုံတွေ့ရသော ကျန်းလျိုနှင့် ကောင်းယန်တို့အဖို့ ပြောစရာ စကားများမှာ ကုန်ဆုံးနိုင်မည် မဟုတ်ပေ။ သူတို့၏ စကားဝိုင်းတွင် ချိုမြိန်သော ချစ်စကားများ မပါဝင်ဘဲ သူတို့ ဘဝ၏ သာမန် နေ့စဉ်အကြောင်းအရာလေးများသာ ဖြစ်သော်လည်း ဤရိုးရှင်းသော အပြန်အလှန် စကားပြောဆိုမှုများထဲတွင် နက်ရှိုင်းပြီး စစ်မှန်သော ခံစားချက်များ ပါဝင်နေပုံရပေသည်။

ထိုသို့ဖြင့် အချိန်တစ်နာရီခန့် ကုန်လွန်သွားပြီးနောက်တွင်မူ မိုးကုတ်စက်ဝိုင်းဆီမှ နဂါးအရိပ်တစ်ခု ပေါ်ထွက်လာကာ လျိုရှားမြစ် သို့ ဆင်းသက်လာပြီး လူသားအသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။ သူမမှာ ဗောဓိသတ် ၏ အနီးတွင် ခစားရသော ပုလဲကိုင် နဂါးမလေး ပင် ဖြစ်ပေသည်။

"နဂါးမမ... ပြန်ရောက်လာပြီလား..."

ဆင်းသက်လာသော ပုလဲကိုင် နဂါးမလေးကို မြင်သောအခါ ကောင်းယန်က လှမ်းပြောလိုက်သည်။

"ကောင်းယန်... နင် အဆင်ပြေတာကို တွေ့ရလို့ တော်ပါသေးရဲ့..."

ကောင်းယန် တစ်ယောက် အပြည့်အဝ နာလန်ထူလာသည်ကို မြင်လိုက်ရသောကြောင့် ပုလဲကိုင် နဂါးမလေးကလည်း သက်ပြင်းချကာ ပြောလိုက်လေသည်။

သူမသည်လည်း ဤနေရာမှ လတ်တလော တိုက်ပွဲအကြောင်းကို ကြားသိထားခဲ့ပြီးဖြစ်ကြောင်း ထင်ရှားပေသည်။

"ဗောဓိသတ်ရဲ့ ကြာစေ့ ကို ပြန်ရခဲ့ပါပြီ... နဂါး အစ်မတော်"

ပုလဲကိုင် နဂါးမလေး ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ကျွမ်လျန်စစ်သူကြီးသည် မြစ်ထဲမှ မတ်တတ်ရပ်ကာ ကြာစေ့ကို ထုတ်ယူရင်း ပြောလိုက်လေသည်။

"ကျေးဇူးတင်ပါတယ် ကျွမ်လျန်စစ်သူကြီး..."

ပုလဲကိုင် နဂါးမလေးသည် သူ၏ လက်ထဲမှ ကြာစေ့ကို လှမ်းယူကာ ကျေးဇူးတင်စကား ဆိုလိုက်လေသည်။ ကြာစေ့ကို လက်ထဲတွင် ရရှိသွားပြီဖြစ်ရာ သူတို့၏ တာဝန်မှာ ပြီးမြောက်သွားပြီဟု မှတ်ယူနိုင်ပေသည်။ ပုလဲကိုင် နဂါးမလေးက ကောင်းယန်ကို ကြည့်ကာ ပြောလိုက်သည်။

"အချိန်လည်း လင့်နေပြီ... ဗောဓိသတ် ဆီ ပြန်ပြီး အစီရင်ခံကြစို့..."

"ကျန်းလျို... ကျွန်မ သွားတော့မယ်... အခွင့်အရေးရှိရင် ပြန်တွေ့ကြတာပေါ့..."

နှလုံးသားထဲတွင် တွန့်ဆုတ်နေမှုများ ပြည့်နှက်နေသော်လည်း ကောင်းယန်သည် အခြေအနေကို နားလည်ထားပေသည်။ သူမက လှည့်ကာ ကျန်းလျိုကို နှုတ်ဆက်လိုက်လေသည်။

"အင်း... သွားလေ... နောက်နောင် တွေ့ရဖို့ အခွင့်အရေးတွေ အများကြီး ရှိဦးမှာပါ..."

ကျန်းလျို၏ နှလုံးသားထဲတွင်လည်း ခွဲခွာရမည်ကို ဝမ်းနည်းနေသော်လည်း ယနေ့ ကောင်းယန် တစ်ယောက် အန္တရာယ်ကင်းစွာ ရှိနေသည်ကို မြင်တွေ့လိုက်ရခြင်းက သူ့အား စိတ်အေးချမ်းမှု များစွာ ရရှိစေခဲ့သည်။ သူက ခေါင်းကိုဖြည်းညင်းစွာ ညိတ်ကာ ပြောလိုက်လေသည်။

"ဆရာ... ဗောဓိသတ်ရဲ့ အလင်းပြမှုကို ခံယူပြီးတဲ့နောက် ကျွန်တော် ဆရာရဲ့ တပည့် ဖြစ်ချင်ပါတယ်... အနောက်အရပ်ကို ခရီးနှင်တဲ့အခါ ဆရာတော့်ကို အစွမ်းကုန် ကာကွယ်စောင့်ရှောက်ပေးပါ့မယ်..."

ကြာစေ့ကို ပုလဲကိုင် နဂါးမလေးထံသို့ ပြန်ပေးပြီးနောက် ကျွမ်လျန်စစ်သူကြီးသည် ကျန်းလျိုအား လေးနက်စွာ တောင်းဆိုလိုက်လေသည်။

ကျွမ်လျန်စစ်သူကြီး၏ စကားကြောင့် ပုလဲကိုင် နဂါးမလေးနှင့် ကောင်းယန်တို့သည် အလောတကြီး ထွက်မသွားကြသေးဘဲ ဘေးမှနေ၍ စောင့်ကြည့်နေကြလေသည်။

ရှေ့မှ ကျွမ်လျန်စစ်သူကြီးကို ကြည့်ရင်း ကျန်းလျိုသည် အတန်ကြာ စဉ်းစားခန်း ဝင်နေဟန်ဖြင့် တိတ်ဆိတ်စွာ တွေးတောနေခဲ့လေသည်။

ကျွမ်လျန်စစ်သူကြီးသည် သူ၏ ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေကာ မည်သည့်စကားမျှ မဟရဲဘဲ တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့လေသည်။

အမှန်တကယ်တော့ ကျန်းလျိုသည် အရူးတစ်ယောက် မဟုတ်ပေ။ အနောက်အရပ်သို့ ခရီးသွားခြင်း၏ ဇာတ်ကွက်သည် မည်သို့ဖြစ်ကြောင်းကို သူ အစောကတည်းက နားလည်သဘောပေါက်ထားခဲ့ပြီး ဖြစ်သည်။ ကြာစေ့ အခိုးခံရခြင်း၊ ယင်းကို လိုက်လံဖမ်းဆီးစဉ် ကောင်းယန် ဒဏ်ရာရရှိခဲ့ခြင်းနှင့် ကျွမ်လျန်စစ်သူကြီး ဝင်ရောက်ကယ်တင်ခြင်း အစရှိသည်တို့နှင့် ပတ်သက်၍ ၎င်းသည် ဗောဓိသတ် မှ ဖန်တီးထားသော နောက်ထပ် ပြဇာတ်တစ်ပုဒ်သာ ဖြစ်ကြောင်းကို သူ အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့သည်။

ရည်ရွယ်ချက်မှာ ကျွမ်လျန်စစ်သူကြီးသည် ကောင်းယန်ကို ကယ်တင်ခဲ့သည်ဟူသော ထိုကျေးဇူးတရားဖြင့် ကျန်းလျိုအား ငြင်းပယ်ဖို့ ခက်ခဲစေရန်ပင် ဖြစ်ပေသည်။

ထိုကဲ့သို့ ခြယ်လှယ်မှုများက ကျန်းလျိုအား မနှစ်မြို့မှုကို ဖြစ်စေခဲ့ပြီး ကျွမ်လျန်စစ်သူကြီးအပေါ် ပို၍ပင် အမြင်မကြည် ဖြစ်သွားစေခဲ့သည်။

သို့သော်လည်း... ယခုအခါ ကျွမ်လျန်စစ်သူကြီးသည် ကောင်းယန်ကို အမှန်တကယ် ကယ်တင်ခဲ့ပြီဖြစ်ရာ ခံစားချက်အရရော အကျိုးအကြောင်းသင့်မှုအတွက်ပါ ကျန်းလျို အနေဖြင့် ဆက်လက်ငြင်းပယ်နေရန်မှာ မတရားသလို ဖြစ်နေမည် မဟုတ်ပါလော။

ထို့အပြင် အဓိကအချက်မှာ စွန်းဝူခုန်း ပြောခဲ့သကဲ့သို့ပင် မဟာယနဂိုဏ်းသည် အခြားသူများကိုဖြစ်စေ မိမိတို့၏ လူများကိုဖြစ်စေ ခြယ်လှယ်ရာတွင် အလွန်တရာ ရက်စက်လွန်းလှပေသည်။

ယခုတစ်ကြိမ်တွင် သူတို့သည် ကျန်းလျို ကျွမ်လျန်စစ်သူကြီးအား လက်ခံလာစေရန်အတွက် ကောင်းယန်၏ ဒဏ်ရာရရှိမှုကို အသုံးပြုခဲ့ကြသည်။ အကယ်၍ သူသာ ထပ်မံငြင်းပယ်ခဲ့မည်ဆိုလျှင် ဗောဓိသတ် သည် နောက်ထပ် မည်သို့သော ဇာတ်လမ်းများကို ဖန်တီးလာဦးမည်ကို မည်သူက သိနိုင်မည်နည်း။

"အော်မိတော်ဖော... ပထမဦးဆုံးအနေနဲ့… ဒီလို အရေးကြီးတဲ့ အချိန်မှာ ဝင်ရောက်ပြီး ကောင်းယန်ကို ကယ်တင်ပေးခဲ့တဲ့ ကျွမ်လျန်စစ်သူကြီးကို ကျေးဇူးတင်ရမယ်..."

ဤသို့ဖြင့် ခဏတာ တိတ်ဆိတ်သွားပြီးနောက် ကျန်းလျိုသည် ဘုရားဂုဏ်တော်ကို ရွတ်ဆိုလိုက်ပြီး သူ၏ ကျေးဇူးတင်စကားကို ဖော်ပြလိုက်လေသည်။

ထို့သို့ပြောပြီးနောက် ကျန်းလျိုက ဆက်လက်၍

"နောက်ပြီး မင်းကလည်း ဗောဓိသတ်ရဲ့ အလင်းပြမှုကို ခံယူထားပြီးပြီဆိုတော့ ငါ လက်ခံပေးပါ့မယ်... အနောက်အရပ်ကို ခရီးနှင်ရတာက လီ တစ်သိန်းလောက် ရှည်လျားတော့… လမ်းခရီးမှာ ကြုံတွေ့ရမယ့် အခက်အခဲတွေကို မင်း ခံနိုင်ရည်ရှိဖို့ မျှော်လင့်ပါတယ်..."

"ကျေးဇူးတင်ပါတယ် ဆရာ... ကျေးဇူးတင်ပါတယ် ဆရာ..."

ကျန်းလျို၏ စကားကို ကြားသောအခါ ကျွမ်လျန်စစ်သူကြီးက အလွန်ဝမ်းမြောက်ဝမ်းသာစွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

ရှေ့မှ ကျွမ်လျန်စစ်သူကြီးကို ကြည့်ရင်း ကျန်းလျို၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေသော်လည်း သူ့ မျက်လုံးများ၏ အနက်ရှိုင်းဆုံး တစ်နေရာတွင်မူ အထင်အမြင်သေးမှု အရိပ်အယောင်တစ်ခု ရှိနေခဲ့လေသည်။ သူသည် သူ၏အနားတွင် သူလျှိုနှင့် သတင်းပေးတစ်ယောက်ကို လက်ခံထားရသကဲ့သို့ပင် ခံစားလိုက်ရသည်။

"လီ တစ်သိန်းလောက် ရှည်လျားတဲ့ အနောက်အရပ်ကို ခရီးနှင်တဲ့ လမ်းခရီးမှာ သူ့ကို ကျမ်းစာပင့်ဆောင်ရေးအဖွဲ့ ထဲကနေ ဖယ်ရှားပစ်ဖို့ နည်းလမ်းတစ်ခုခုတော့ ရှာရမယ်ထင်တယ်..."

ကျန်းလျိုက စိတ်ထဲမှ တေးမှတ်ထားလိုက်သည်။

"သတိပေးချက် - 'ဂိုဏ်းမှ နှင်ထုတ်ခြင်း' မစ်ရှင် စတင်ပါပြီ... မစ်ရှင် လိုအပ်ချက် - ကျွမ်လျန်စစ်သူကြီးကို အနောက်အရပ်သို့ ခရီးနှင်သည့် ကျမ်းစာပင့်ဆောင်ရေးအဖွဲ့မှ အောင်မြင်စွာ နှင်ထုတ်ရန်... ပြီးမြောက်ပါက ရရှိမည့်ဆုလာဘ် - အတွေ့အကြုံမှတ် ၈၀,၀၀၀,၀၀၀ နှင့် နတ်အဆင့် ရတနာသေတ္တာ ၁ ခု..."

ကျန်းလျို တွေးလိုက်သည်နှင့် တစ်ပြိုင်နက် မစ်ရှင် သတိပေးချက်သည် ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး ကျရှုံးမှုပြစ်ဒဏ် မရှိသော ရွေးချယ်နိုင်သည့် လုပ်ငန်းစဉ်တစ်ခုကို သူ၏ရှေ့မှောက်တွင် ချပြလာခဲ့လေတော့သည်။

***

All Chapters