အခန်း ၂၂၁
Vol. 16 Ch. 221
အပိုင်း(၂၂၁)
ကျွမ်လျန်စစ်သူကြီးအတွက် ကျမ်းစာပင့်ဆောင်သူက သူ့ကို အဆုံးတွင် လက်ခံလိုက်ခြင်းမှာ ကြီးမားသော ဝမ်းမြောက်စရာတစ်ခု ဖြစ်ခဲ့ပေသည်။
သို့သော်လည်း... သူ၏ ဝမ်းသာအားရ ဖြစ်နေသော အမူအရာကို ကြည့်ရင်း ကျန်းလျို၏ နှလုံးသားမှာမူ တိတ်ဆိတ်နေဆဲပင်။
ဤကိစ္စကို ကွမ်ယင်မယ်တော် မှ ဖန်တီးထားခြင်း ဖြစ်သည်မှာ သေချာသည်။ သို့သော်လည်း... ဤအထဲတွင် ကျွမ်လျန်စစ်သူကြီးက မည်သည့် အခန်းကဏ္ဍမှ ပါဝင်နေခဲ့သနည်း။ သူက လုံးဝ မသိနားမလည်ခဲ့ခြင်း များလော။ ကွမ်ယင်မယ်တော် ၏ ခြယ်လှယ်မှုကို ခံနေရရုံ သက်သက်များလော။
ကျန်းလျိုသည် ကောင်းယန်နှင့် စကားပြောဆိုခဲ့စဉ်က သူမအား ထိုအကြောင်းကို မေးမြန်းခဲ့ပြီးဖြစ်သည်။ ကောင်းယန် တိုက်ခိုက်ခံရပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည့် အချိန်တွင်မှ ကျွမ်လျန်စစ်သူကြီး ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
သူ ပေါ်လာသည့် အချိန်မှာ စောလွန်းခြင်း မရှိသလို နောက်ကျလွန်းခြင်းလည်း မရှိဘဲ ကွက်တိပင် ဖြစ်နေခဲ့သည်။ ဤအရာအားလုံးက တကယ်ပဲ တိုက်ဆိုင်မှုသက်သက် ဖြစ်နိုင်ပါမည်လော။
ကျန်းလျို၏ အမြင်တွင်မူ ကျွမ်လျန်စစ်သူကြီးသည် အမှောင်ထဲတွင် ပုန်းအောင်းနေခဲ့ပြီး ထွက်ပေါ်လာရန် အချိန်ကောင်းကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်နိုင်ခြေမှာ ကိုးဆယ်ရာခိုင်နှုန်းကျော် ရှိနေခဲ့လေသည်။
ထို့ကြောင့် ကောင်းယန်၏ ဒဏ်ရာရရှိမှုမှာ သူ့အား ကျွမ်လျန်ကို လက်ခံလာစေရန် ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း ကျန်းလျို သေချာပေါက် သိရှိနေပြီး ဤကိစ္စတွင် ကျွမ်လျန်သည်လည်း ကြိုတင်သိရှိထားသူများထဲမှ တစ်ဦးဖြစ်ကြောင်း အသေအချာပင်။
သို့သော်လည်း ယခုအချိန်သည် မဟာယနဂိုဏ်းနှင့် အပြီးတိုင် လမ်းခွဲရမည့် အချိန်မဟုတ်သေးသောကြောင့် ကျန်းလျိုသည် သူတို့၏ စီစဉ်မှုများကို သူ ရိပ်မိနေပြီဖြစ်ကြောင်း မဟာယနဂိုဏ်းအား မသိစေချင်ပေ။ ထို့ကြောင့် ဘာမှမသိသလို ဟန်ဆောင်ကာ သူတို့၏ ပြဇာတ်ထဲတွင် ဆက်လက် ကပြနေရုံမှလွဲ၍ အခြား မတတ်နိုင်ခဲ့ချေ။
မည်သို့ပင်ဆိုစေကာမူ... ကျန်းလျိုသည် အပေါ်ယံတွင် ကွမ်ယင်၏ အကြံအစည်ကို မသိနားမလည်ဟန် ဆောင်နေခဲ့သော်လည်း ဤအကြံအစည်ကြောင့် ကောင်းယန်နှင့် တွေ့ဆုံခွင့်ရခဲ့သည်။ သို့သော်လည်း ကောင်းယန် သေလုနီးပါး ဖြစ်ခဲ့ရသည်ကိုတော့ ကျန်းလျိုက စိတ်ထဲတွင် သေချာစွာ မှတ်ထားလိုက်လေသည်။
ဤအနောက်အရပ်သို့ ခရီးနှင်ရာလမ်းတွင် အခြေအနေကို ပြောင်းပြန်လှန်ပစ်ရန် သူ့ထံတွင် အခွင့်အရေးများစွာ ရှိနေပေသည်။ ကွမ်ယင်ကို တိုက်ရိုက် ရင်ဆိုင်၍ မရနိုင်သော်လည်း လမ်းခရီးတစ်လျှောက်တွင် သူမကို ဒုက္ခရောက်စေရန် အခွင့်အရေးများစွာ ရှိနေကြောင်းကို ကျန်းလျို ကောင်းစွာ သဘောပေါက်ထားလေသည်။
"ဆရာ... ကျွန်တော်တို့မှာ သယ်စရာ ဝန်စည်စလယ်တွေ ဘာမှမရှိဘူးလား..."
ကျန်းလျိုသည် ကွမ်ယင်ကို မည်သို့ ထောင်ချောက်ဆင်ရမည်ကို တွေးတောလျက် နဂါးမြင်းဖြူ ၏ ကျောပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေစဉ် ဘေးနားရှိ ကျွမ်လျန်စစ်သူကြီး က သူ၏ အဝတ်အစားများကို သပ်ရပ်စွာ ပြင်ဆင်ပြီးနောက် ကျန်းလျိုအား မေးမြန်းလိုက်လေသည်။
သူသည် မြင်းကို ဆွဲရန်နှင့် ဝန်များကို ထမ်းရန်ဟူသော သူ၏ တာဝန်များကို ကောင်းစွာ သိရှိထားသဖြင့် သူ၏ အလုပ်အပေါ် အလွန် တက်ကြွနေခဲ့ခြင်း ဖြစ်ပေသည်။
"ငါ့ဆီမှာ အင်္ကျီလက်အိုးထဲက စကြဝဠာ နည်းစနစ်နဲ့ ဆင်တူတဲ့ မှော်ဝင်စွမ်းရည် တစ်ခု ရှိတယ်... ဒါကြောင့် ဝန်စည်စလယ်တွေ အကုန်လုံးက ငါ့ဆီမှာပဲ ရှိတယ်... ထမ်းဖို့ မလိုဘူး..."
ကျန်းလျိုက ကျွမ်လျန်စစ်သူကြီး၏ မေးခွန်းကို တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်သည်။
"အော်... သဘောပေါက်ပါပြီ... ဒါပေမဲ့ ဆရာ အခု ကျွန်တော်က မဟာယနဂိုဏ်း ထဲကို ဝင်ရောက်လာပြီဆိုတော့… ကျွန်တော့်ကို ဘွဲ့အမည် တစ်ခုလောက် ပေးသနားတော်မူပါလား..."
နားလည်ကြောင်း ခေါင်းညိတ်ပြပြီးနောက် ကျွမ်လျန်စစ်သူကြီးက ကျန်းလျိုအား ဆက်လက်၍ ပြောလိုက်လေသည်။
"အင်း... မင်းကို ရှာဝူကျင်း လို့ပဲ ခေါ်ကြတာပေါ့..."
အခြား ဘွဲ့အမည်များကို စဉ်းစားရန် ပျင်းရိနေသဖြင့် ကျွမ်လျန်စစ်သူကြီး၏ စကားကို ကြားသောအခါ ကျန်းလျိုက တုံ့ဆိုင်းနေခြင်း မရှိဘဲ ပြန်လည်ဖြေကြားလိုက်လေသည်။
"အာ... ရှာဝူကျင်း လား... ဒီဘွဲ့အမည်က တကယ်ကို ကောင်းတာပဲ..."
ကျွမ်လျန်စစ်သူကြီးမှာ ခဏမျှ တိတ်ဆိတ်စွာ စဉ်းစားလိုက်ပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။
ဤဘွဲ့အမည်သည် အတော်လေး ကောင်းမွန်သည်ဟု သူ ခံစားရသော်လည်း အဘယ်ကြောင့် ဆရာ၏ သူ့အပေါ် ဆက်ဆံပုံက အတော်လေး အေးစက်နေသည်ဟု ခံစားနေရသနည်း။ နာမည်ကို ပေါ့ပေါ့ဆဆ ပေးလိုက်သကဲ့သို့ ရှိနေပေသည်။ သူ ကိုယ်တိုင် ထင်ယောင်ထင်မှား ဖြစ်နေခြင်းများလော။
"ဆရာ... ကျုပ်တို့တွေ အခု လျိုရှားမြစ် ကို ဖြတ်ကူးကြတော့မလား..."
သို့သော်လည်း ရှာဝူကျင်းသည် ကျန်းလျို၏ စကားများအပေါ် ထပ်မံ၍ မပြောရဲတော့ဘဲ နှုတ်ဆိတ်နေကာ ဖြတ်ကူးရန်သာ မေးမြန်းလိုက်လေသည်။
သူ ထိုသို့ ပြောလိုက်စဉ်မှာပင် သူ၏ လက်ဝါးကို မြှောက်ကာ လျိုရှားမြစ် ရေပြင်အထက်မှ လွှဲယမ်းလိုက်၏။ မြစ်ရေပြင်မှာ ချက်ချင်းပင် ငြိမ်သက်သွားခဲ့လေသည်။ လှိုင်းလုံးများကို မဆိုထားနှင့် ရေလှိုင်းအရေးအကြောင်းလေးများကိုပင် မမြင်ရသလောက် ဖြစ်သွားခဲ့သည်။
"ဟင်း..."
ကျန်းလျို ကူရာကယ်ရာမဲ့စွာဖြင့် ခေါင်းကို အနည်းငယ် ခါယမ်း၏။ ယခုအခါ ရှာဝူကျင်းကို သူ၏ လက်အောက်သို့ ခေါ်ယူလိုက်ပြီ ဖြစ်လေရာ လျိုရှားမြစ်ကို ကွေ့ပတ်သွားရန် အကြောင်းပြချက် မရှိတော့ချေ။ မြင်းကို ဆွဲခေါ်သွားသော ရှာဝူကျင်း၏ နောက်သို့ လိုက်ပါရင်း ယခုအခါ အင်အားပြည့်စုံသွားပြီဖြစ်သော ကျမ်းစာပင့်ဆောင်ရေးအဖွဲ့ သည် လျိုရှားမြစ် ပေါ်သို့ ခြေချကာ ဖြတ်ကူးပြီးနောက် အနောက်အရပ်သို့ သူတို့၏ ခရီးကို ဆက်လက် ထွက်ခွာလာခဲ့ကြလေသည်။
...
တောင်ပင်လယ်ရှိ လော့ကျားတောင် တွင်မူ ကွမ်ယင်၏ ဉာဏ်ပညာပြည့်ဝသော မျက်လုံးများသည် အာကာသ ကန့်သတ်ချက်များကိုပင် ကျော်လွန်သွားသည့်အလား အဝေးဆီသို့ လှမ်းကြည့်နေခဲ့သည်။ ကျွမ်လျန်စစ်သူကြီးသည် ကျမ်းစာပင့်ဆောင်ရေးအဖွဲ့သို့ နောက်ဆုံးတွင် အောင်မြင်စွာ ပူးပေါင်းနိုင်ခဲ့ပြီ ဖြစ်ကြောင်းကို မြင်တွေ့လိုက်ရသည်။ ထိုအခါမှသာ ကွမ်ယင်သည် တိတ်တဆိတ် သက်ပြင်းချနိုင်လေတော့သည်။
ကိစ္စရပ်များသည် အနည်းငယ် ရှုပ်ထွေးခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် အရာအားလုံးသည် သူမ၏ အစီအစဉ်များထဲတွင် ရှိနေဆဲပင် ဖြစ်ပေသည်။
ယခုအခါတွင် ကျမ်းစာပင့်ဆောင်ရန် ကံကြမ္မာပါလာသူများကို စုစည်းပြီးစီးသွားခဲ့လေပြီ။ နောက်ထပ် သူတို့ လုပ်ဆောင်ရန် လိုအပ်သည်မှာ ရှစ်ဆယ့်တစ်ပါးသော အခက်အခဲများကို သင့်လျော်စွာ ရင်ဆိုင်ဖြတ်ကျော်ရန်သာ ဖြစ်လေတော့သည်။
"ဗောဓိသတ်... အရှင်တောင်းဆိုထားတဲ့အတိုင်း နတ်မင်းကြီးလေးပါး ထဲက မိုလီချင်း ရောက်ရှိနေပါပြီ..."
ကွမ်ယင်သည် ရှစ်ဆယ့်တစ်ပါးသော အခက်အခဲများ ဟုခေါ်ဆိုသည့် ကိစ္စကို စဉ်းစားနေစဉ် မကြာမီမှာပင် မုကျား သည် ကွမ်ယင်ရှေ့မှောက်သို့ ရောက်ရှိလာပြီး လျှောက်တင်လိုက်လေသည်။
"ဝင်လာခွင့်ပြုလိုက်ပါ..."
ထိုစကားကို ကြားသောအခါ ကွမ်ယင်မယ်တော် က ခေါင်းအနည်းငယ် ညိတ်ကာ ပြောလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး တောင့်တင်းခိုင်မာသော ရုပ်ရည်သွင်ပြင်ရှိသည့် နတ်စစ်သူကြီးတစ်ပါး ချဉ်းကပ်လာခဲ့လေသည်။
ဤနတ်စစ်သူကြီး၏ ပခုံးပေါ်တွင် ပန်းပွင့်ပုံစံ အမွေးအမှင်ရှိသော မြွေပါငယ်လေး တစ်ကောင်က တိတ်ဆိတ်စွာ ထိုင်နေခဲ့လေသည်။
"ကျွန်တော်မျိုး မိုလီချင်း က ကွမ်ယင်မယ်တော် ကို ဂါရဝပြုပါတယ်..."
ကွမ်ယင်အနီးသို့ ချဉ်းကပ်လာပြီးနောက် မိုလီချင်းသည် လက်အုပ်ချီကာ အရိုအသေပေး နှုတ်ဆက်လိုက်လေသည်။
ကွမ်ယင်သည် လေးစားကြည်ညိုဖွယ် ကောင်းပါသည်။ သို့သော်လည်း... ကောင်းကင်ဘုံ နှင့် မဟာယနဂိုဏ်း တို့သည် အနည်းငယ် ကွဲပြားနေသေးသောကြောင့် မိုလီချင်းသည် ကွမ်ယင်ကို ရိုသေလေးစားသော်လည်း အကြောက်တရားတော့ မပြသခဲ့ဘဲ လက်အုပ်ချီကာ အရိုအသေပေးရုံသာ လိုအပ်ခဲ့လေသည်။
"အင်း... နတ်မင်းကြီး အခုလို ကြိုးစားပမ်းစား ရောက်လာပေးတာ ကျေးဇူးပါပဲ..."
ဗောဓိသတ် ကွမ်ယင်မယ်တော်သည် သူမ၏ ကြာပလ္လင်ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေရင်း ခေါင်းကို ညင်သာစွာ ညိတ်ကာ ပြောလိုက်လေသည်။
"ဗောဓိသတ် က ကျွန်တော်မျိုးကို ဘာကိစ္စများ ရှိလို့ ဒီကို ခေါ်တာလဲ... ဘာများ အမိန့်ပေးစရာ ရှိလို့လဲ..."
ခေါင်းညိတ်ပြပြီးနောက် မိုလီချင်း သည် စကားကို လှည့်ပတ်ပြောဆိုနေခြင်း မရှိဘဲ တိုက်ရိုက်ပင် လျှောက်တင်လိုက်လေသည်။
"နတ်ဘုရားခန့်အပ်ခြင်း တိုက်ပွဲ ပြီးကတည်းကနေ အခုအချိန်အထိ… သင့်ရဲ့ ကျင့်စဉ်အဆင့်က ထိုက်ရိအဆင့်ကို မထိုးဖောက်နိုင်သေးဘူး မဟုတ်လား..."
ကွမ်ယင်သည် စကားကို အလောတကြီး မဆိုဘဲ မိုလီချင်းကို တိတ်ဆိတ်စွာ ကြည့်ရင်း မေးမြန်းလိုက်လေသည်။
"မှန်ပါတယ်..."
ကွမ်ယင်၏ စကားကို ကြားသောအခါ မိုလီချင်းမှာ မျက်နှာ အနည်းငယ် ပျက်ယွင်းသွားခဲ့သော်လည်း ခေါင်းညိတ်ကာ ဝန်ခံလိုက်လေသည်။
သူ၏ ကျင့်စဉ်သည် ကောင်းကင်နတ်အဆင့် တွင် အချိန်အတော်ကြာအောင် တန့်နေပြီး အဆင့်မတက်နိုင်ခြင်းက အမှန်တကယ်ပင် မိုလီချင်းအတွက် ခက်ခဲသော ကိစ္စတစ်ခု ဖြစ်နေခဲ့လေသည်။
သို့သော်လည်း... ကျင့်ကြံခြင်းကိစ္စတွင် အကယ်၍ တစ်စုံတစ်ယောက်၌ မွေးရာပါ ပါရမီနှင့် အရည်အချင်း ချို့တဲ့နေပါက ကောင်းကင်နတ်အဆင့် မှ ရှေ့ဆက်၍ အဆင့်တက်ရန် ကြိုးစားခြင်းမှာ ကောင်းကင်ဘုံသို့ တက်လှမ်းရသကဲ့သို့ ခက်ခဲလှပေသည်။ ယင်းမှာ ရှောင်လွှဲ၍မရနိုင်သော အခြေအနေတစ်ခုပင် ဖြစ်ပေသည်။
"အော်မိတော်ဖော... ငါ့ဆီမှာ ကြာစေ့ တစ်စေ့ ရှိတယ်... တကယ်လို့ ဗလာနယ်သို့ ပြန်လည်ဝင်ရောက်ခြင်းအဆင့် က ကျင့်ကြံသူတစ်ယောက်သာ စားသုံးလိုက်မယ်ဆိုရင်… သာမန်လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ပြီး ကောင်းကင်နတ်အဆင့် ကို ရရှိနိုင်တယ်... ကောင်းကင်နတ်အဆင့် က လူဆိုရင်တော့ ထိုက်ရိအဆင့် ကို ထိုးဖောက်နိုင်မယ့် အခွင့်အရေး ဆယ်ရာခိုင်နှုန်း ပိုတက်လာစေနိုင်တယ်... နတ်မင်းကြီး အလိုရှိသလား ဆိုတာ သိချင်မိတယ်..."
ဗောဓိသတ်သည် သူမ၏ လက်ကို လှန်လိုက်ရာ သူမ၏ လက်ဝါးထဲတွင် ကြာစေ့စိမ်း တစ်စေ့ ပေါ်လာခဲ့လေသည်။ ယင်းမှာ ယခင်က ပုစွန်မိစ္ဆာ ခိုးယူသွားခဲ့သော ကြာစေ့ပင် ဖြစ်လေသည်။
ကွမ်ယင်၏ လက်ထဲမှ ကြာစေ့ကို ကြည့်ရင်း မိုလီချင်း၏ မျက်လုံးများထဲတွင် လိုချင်တပ်မက်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့လေသည်။
ယင်းက သူ၏ အခွင့်အရေးကို အနည်းငယ်မျှသာ တိုးလာစေနိုင်သော်လည်း ထိုက်ရိ အစစ်အမှန် အဆင့်ဆိုသည်မှာ မိုလီချင်းအတွက် ငြင်းဆန်ရန် ခက်ခဲလွန်းသော သွေးဆောင်ဖြားယောင်းမှုတစ်ခု ဖြစ်နေခဲ့လေသည်။
ကောင်းကင်ဘုံ၌ ထိုက်ရိ အစစ်အမှန် အဆင့်ရှိသော တည်ရှိမှုတိုင်းသည် နတ်အဆင့် တွင် ကြီးမားသော ဩဇာလွှမ်းမိုးမှု ရှိကြပေသည်။
ပို၍အစွမ်းထက်သော သူများဆိုလျှင် ကိုယ်ကာယဖြင့် နတ်အဖြစ်သို့ ရောက်ရှိသွားသော နီကျား နှင့် ယန်ကျန်း တို့ကဲ့သို့ ဖြစ်ကြပြီး ပို၍ အားနည်းသော သူများပင်လျှင် စေတီကိုင် နတ်မင်းကြီး လီကျင့်နှင့် တန်းတူလောက် ရှိကြပေသည်။
ကောင်းကင်နတ်အဆင့် တွင် နှစ်ပေါင်းများစွာ တန့်နေခဲ့ရပြီးနောက် အကယ်၍ သူသာ မျှော်လင့်ချက် ရောင်ခြည်လေး တစ်ခုကို အမှန်တကယ် မြင်တွေ့နိုင်မည်ဆိုလျှင် အောင်မြင်နိုင်စွမ်း ဆယ်ရာခိုင်နှုန်းသာ တိုးလာစေမည်ဖြစ်သည်။ ယင်းမှာ မိုလီချင်းအတွက် ငြင်းဆန်ရန် ခက်ခဲသော သွေးဆောင်မှုတစ်ခုပင် ဖြစ်ပေသည်။
နှလုံးသားထဲတွင် လိုချင်တပ်မက်မှု မီးတောက်များ လောင်ကျွမ်းနေသော်လည်း နတ်ဘုရားခန့်အပ်ခြင်း တိုက်ပွဲကို ဖြတ်သန်းဖူးသူ ဖြစ်သောကြောင့် သူသည် စိတ်ဓာတ်ခိုင်မာသူဖြစ်သည်။ သူ၏ အသိဉာဏ်က လိုချင်တပ်မက်မှုကြောင့် ဆင်ခြင်တုံတရား ကင်းမဲ့သွားခြင်းမှ တားဆီးပေးခဲ့သည်။ သူက ဗောဓိသတ်ကို စူးစိုက်ကြည့်လိုက်ရင်း မေးမြန်းလိုက်လေသည်။
"ဗောဓိသတ် အနေနဲ့ အပြန်အလှန် ဘာကို လိုချင်တာလဲ ဆိုတာ မေးပါရစေ... ကျွန်တော်မျိုးကို ကြာစေ့ တစ်စေ့ အလကားနေရင်း ပေးလိုက်တာတော့ မဖြစ်နိုင်ဘူး မဟုတ်လား..."
***