← Chapters

အခန်း ၂၂၂

Vol. 16 Ch. 222

အခန်း ၂၂၂

Vol. 16 Ch. 222

အပိုင်း(၂၂၂)

မိုလီချင်း၏ မေးခွန်းကို ကြားသော အခါ ဗောဓိသတ်က စကားရှည်မနေတော့ဘဲ ပြောလိုက်လေသည်။

"အောမိတော်ဖော... ပညာရှိတဲ့သူ တစ်ယောက်နဲ့ ဆက်ဆံရတာက ဝမ်းသာစရာပါပဲ... နတ်မင်းကြီး ရဲ့ မြွေပါငယ်လေးကို အခက်အခဲ စမ်းသပ်မှုတစ်ခု လုပ်ပေးစေချင်တယ်..."

"စမ်းသပ်မှု ဟုတ်လား... အနောက်အရပ်ကို ခရီးသွားတဲ့ အဖွဲ့အတွက် အခက်အခဲ စမ်းသပ်မှုလား..."

ကွမ်ယင်၏ စကားကို ကြားသောအခါ မိုလီချင်းသည် ခဏမျှ စဉ်းစားလိုက်ပြီး ဤကိစ္စသည် ဘာအကြောင်းဖြစ်သည်ကို လျင်မြန်စွာ နားလည်သွားခဲ့သည်။ သူ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားပြီး အလောတကြီး ခေါင်းယမ်းကာ ပြောလိုက်လေသည်။

"ဗောဓိသတ်... ကောင်းကင်နဲ့မြေကြီးရဲ့ ဒီလောက်ကြီးမားတဲ့ ဘေးဒုက္ခကြီးမှာ… တာလော် ရွှေနတ်မင်း တစ်ပါးတောင် သေဆုံးသွားနိုင်တယ်... ကျွန်တော်မျိုးရဲ့ သတ္တိကြောင်မှုကို ခွင့်လွှတ်ပေးပါ... ကျွန်တော်မျိုးက ဒီ ကြာစေ့ ကို ခံစားဖို့ အမှန်တကယ် ကံမပါလို့ပါ..."

ယခင်က နတ်ဘုရားခန့်အပ်ခြင်း ဘေးဒုက္ခကို ဖြတ်သန်းခဲ့ဖူးသော မိုလီချင်းသည် ဤမျှကြီးမားသော ကောင်းကင်နှင့် မြေကြီး၏ ဘေးဒုက္ခကြီး မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို မည်သို့လျှင် မသိဘဲ နေမည်နည်း။

တစ်ချိန်က နတ်ဘုရားအားလုံး ခယရိုကျိုးခြင်း ဟုပင် တင်စားရလောက်အောင် အင်အားကြီးမားခဲ့သော ကျဲကျောက်ဂိုဏ်းကြီး ကို ပြာကျပျောက်ကွယ်သွားစေခဲ့သည်မှာ ထိုဘေးဒုက္ခကြီးပင် ဖြစ်ပေသည်။ ထိုကဲ့သို့သော ဘေးဒုက္ခကြီးကို ရင်ဆိုင်ရချိန်တွင် ပုန်းအောင်းနေလျှင်ပင် လုံလောက်မည် မဟုတ်ရာ ပြဿနာကို သွားရှာရန်ဆိုသည်မှာ ဝေလာဝေးပင်။

"အောမိတော်ဖော... နတ်မင်းကြီး... အလောတကြီး မငြင်းပါနဲ့ဦး... ငါ အရာအားလုံးကို ရှင်းပြပါရစေ... ဒီ အနောက်အရပ်ကို ခရီးနှင်ခြင်း မှာ အခက်အခဲ ရှစ်ဆယ့်တစ်ပါး ပါဝင်ရမယ်... တကယ်လို့ ငါတို့ ဖန်တီးထားတာ မဟုတ်ဘူးဆိုရင် အဲဒီ အခက်အခဲတွေ အကုန်လုံး ပြည့်မြောက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ... သင့်အနေနဲ့ သင့်ရဲ့ မြွေပါငယ်လေး ကို အခက်အခဲတစ်ခုလောက် ဖန်တီးခိုင်းဖို့ပဲ လိုတယ်... မြွေပါငယ်လေး ရဲ့ လုံခြုံရေးအတွက်တော့ သင် စိတ်ချထားလို့ ရပါတယ်..."

"အချိန်ကျလာတဲ့အခါ နတ်မင်းကြီး အနေနဲ့ ဝင်ရောက်ပြီး ဟန့်တားပေးလိုက်ရုံပါပဲ... ပြီးတော့ မြွေပါငယ်လေးက လူ့ပြည် ကို သူ့ဘာသာသူ ထွက်ပြေးသွားတာပါလို့ အကြောင်းပြလိုက်ပေါ့... ဒီကိစ္စအတွက် ဘယ်သူကမှ သင့်ကို ဒုက္ခပေးမှာ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်..."

မိုလီချင်း၏ ပြတ်သားသော ငြင်းဆန်မှုကို မြင်သောအခါ ဗောဓိသတ်သည် အလျင်အမြန်ပင် ဖျောင်းဖျပြောဆိုလေတော့သည်။

"အဲဒါက... အရေးကြီးတဲ့ အချိန်ကျရင် တကယ်ပဲ ကျွန်တော်မျိုးက ဝင်ရောက်ပြီး တားဆီးလို့ ရတာလား..."

ကွမ်ယင်၏ စကားကို ကြားသောအခါ မိုလီချင်းသည် အမှန်တကယ်ပင် စိတ်ယိုင်သွားခဲ့လေသည်။

မည်သို့ပင်ဖြစ်စေ သူသည် နတ်မင်းကြီးလေးပါး အနက်မှ တစ်ပါးဖြစ်ပေသည်။ အကယ်၍ သူသာ ဝင်ရောက်ဟန့်တားပြီးနောက် တောင်းပန်စကား ဆိုလိုက်မည်ဆိုပါက ကျမ်းစာပင့်ဆောင်ရေးအဖွဲ့ ဝင်များသည်လည်း ဆက်လက်၍ ခေါင်းမာနေကြမည် မဟုတ်ပေ။

"အောမိတော်ဖော... ရဟန်းဆိုတာ မုသားစကား မဆိုဘူး..."

ခေါင်းအနည်းငယ် ညိတ်ကာ ဗောဓိသတ် က ပြောလိုက်လေသည်။

"ဒါပေမဲ့ ကျွန်တော်မျိုးက သဘောတူတယ် ဆိုရင်တောင်… ဒီ မြွေပါငယ်လေး က နှစ်ပေါင်းထောင်ချီပြီး ကျွန်တော်မျိုးရဲ့ အဖော်အဖြစ် ရှိနေခဲ့တာပါ... ပြီးတော့ သူ့ရဲ့ ကျင့်စဉ်အဆင့်ကလည်း မိစ္ဆာနတ် အဆင့်လောက်ပဲ ရှိတာဆိုတော့ ကျမ်းစာပင့်ဆောင်ရေးအဖွဲ့ ကို အခက်အခဲဖြစ်အောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ မဟုတ်လား... သူတို့အထဲမှာ ကောင်းကင်နှင့်တန်းတူ မဟာပညာရှိကြီး နဲ့ ထျန်းဖုန်စစ်သူကြီး တို့လည်း ပါနေတယ်လေ... သူတို့နှစ်ယောက်လုံးက ထိုက်ရိအဆင့် တွေချည်းပဲ..."

မိုလီချင်းက စိုးရိမ်တကြီးဖြင့် ခဏတာ ရပ်တန့်ကာ ပြောလိုက်လေသည်။

"စိတ်ချပါ... ငါ့မှာ စီစဉ်ထားတာတွေ ရှိပါတယ်..."

မိုလီချင်း၏ စကားကြောင့် ကွမ်ယင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။

စောစောက တုန့်ပြန်မှု အရ မိုလီချင်း သဘောတူလိုက်ပြီဖြစ်ကြောင်းကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။

အပေးအယူ လုပ်ပြီးနောက် မိုလီချင်းသည် ကြာစေ့တစ်စေ့ကို ယူဆောင်ကာ ထွက်ခွာသွားခဲ့ပြီး မြွေပါငယ်လေးသာ ကျန်ရစ်ခဲ့လေသည်။

"ဗောဓိသတ်... ကျွန်တော်မျိုး ထပ်ပြီး တောင်းဆိုပါရစေ... မြွေပါငယ်လေး က ကျွန်တော်မျိုးရဲ့ နှစ်ထောင်ချီ အဖော်ဖြစ်ခဲ့တာမို့လို့ ဘာအမှားအယွင်းမှ အဖြစ်ခံလို့ မရဘူးနော်..."

မည်သည့်အန္တရာယ်မှ မဖြစ်နိုင်ဟု သူ၏ ဆင်ခြင်တုံတရားက ခံစားရသော်လည်း ကောင်းကင်နှင့်မြေကြီး ဘေးဒုက္ခကြီး၏ ကြောက်မက်ဖွယ်ကောင်းမှုက မိုလီချင်းအား အနည်းငယ် စိတ်မအေးဖြစ်စေခဲ့သည်။ သူသည် သူ၏ စိုးရိမ်ပူပန်မှုများကို အထပ်ထပ်အခါခါ ပြောဆိုပြီးနောက်မှသာ ထွက်ခွာသွားခဲ့လေတော့သည်။

မိုလီချင်း ထွက်ခွာသွားပြီးနောက် မြွေပါငယ်လေးသည် ရုပ်ရည်ချောမောသော အမျိုးသားတစ်ဦးအဖြစ် အသွင်ပြောင်းသွားကာ ကွမ်ယင်၏ ရှေ့မှောက်တွင် ဒူးတစ်ဖက်ထောက်၍ သူမ၏ အမိန့်နှင့် စီစဉ်ညွှန်ကြားချက်များကို နာခံလျက် နားလည်ကြောင်း ခေါင်းညိတ်ပြလေသည်။

မြွေပါငယ်လေးအတွက် သက်ဆိုင်ရာ အစီအစဉ်များအားလုံးကို ချမှတ်ပြီးနောက် ကွမ်ယင်သည် လက်ကိုမြှောက်ကာ အငွေ့အသက်ဆိုးများ ထွက်ပေါ်နေသော ကြာပန်းနက် တစ်ခုကို ထုတ်ယူလိုက်၏။

"ဒီ ရတနာကို ယူသွားလိုက်... သွားတော့..."

သူမက မြွေပါလေးအားကြည့်၍ ညင်သာစွာ ပြောလိုက်လေသည်။ မြွေပါငယ်လေးသည် ကွမ်ယင်၏ လက်ထဲမှ ကြာပန်းနက်ကို လှမ်းယူလိုက်ပြီး လေးနက်စွာ ခေါင်းညိတ်ပြလိုက်ကာ စကားများ ပြောဆိုမနေတော့ဘဲ အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်း၍ ကျန်းလျိုနှင့် အခြားသူများကို ကြားဖြတ်ဟန့်တားရန် ပျောက်ကွယ်သွားလေတော့သည်။

...

နားလိုက် သွားလိုက်နှင့်ပင် အချိန်လဝက်ကျော် ကုန်လွန်သွားခဲ့ပြီဖြစ်ရာ ဤရက်များအတွင်း ကျန်းလျိုသည် ကျင့်ကြံခြင်းအပေါ်၌သာ အာရုံစိုက်နေခဲ့လေသည်။

နှိုင်းယှဉ်ကြည့်ရလျှင် လမ်းခရီးတွင် ရှာဝူကျင်း သည် တိတ်ဆိတ်နေခဲ့ပြီး ကျန်းလျို သူ့အား မနှစ်မြို့ကြောင်းကို ခံစားသိရှိနေခဲ့လေသည်။

သို့သော်လည်း ရှာဝူကျင်းသည် ဤကိစ္စကို သိပ်ဂရုမစိုက်ခဲ့ပေ။ သူ အလိုရှိသည်မှာ သူ၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရန်နှင့် အနောက်အရပ် သို့ ရောက်ရှိချိန်တွင် ငြိမ်းချမ်းစွာဖြင့် သူ၏ ဘွဲ့အမည်ကို ရရှိရန် သက်သက်သာ ဖြစ်လေသည်။

ကျမ်းစာပင့်ဆောင်သူက သူ့အပေါ် အလွန်တရာ အမြင်မကြည်ဖြစ်နေသဖြင့် သူသည် စကားနည်းနည်းသာ ပြောဆိုရန်နှင့် အနောက်အရပ် သို့ ရောက်သည်အထိ တိတ်တဆိတ်သာ လိုက်ပါသွားရန် ဆုံးဖြတ်လိုက်သည်။ မျက်နှာလိုမျက်နှာရ လုပ်နေရန် မလိုအပ်ပေ။

"ဟေး... ဆရာ..."

ကျန်းလျိုသည် နဂါးမြင်းဖြူ ၏ ကျောပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေစဉ် ရုတ်တရက် လေထဲတွင် ပျံသန်းကာ ရှေ့မှ လမ်းကြိုကြည့်နေသော စွန်းဝူခုန်းသည် ကောင်းကင်မှ ဆင်းသက်လာခဲ့လေသည်။

"ဝူခုန်း... ဘာကိစ္စရှိလို့လဲ..."

ကျန်းလျိုက မျက်လုံးများကို ဖွင့်ကာ မေးလိုက်၏။

"ဆရာ... ကျုပ် ဝူခုန်း ရှေ့မှာ တောင်ပေါ်ရွာလေး တစ်ရွာကို တွေ့ခဲ့တယ်... ကြည့်ရတာ အိမ်ခြေ တစ်ရာ့ရှစ်ဆယ်လောက် ရှိမယ်ထင်တယ်..."

စွန်းဝူခုန်းက ပြန်လည်ဖြေကြားလိုက်သည်။

"ဟုတ်လား... ဒါဆိုရင် ဒီညတော့ ငါတို့ ညအိပ်ဖို့ အိမ်တစ်အိမ်လောက် ရှာကြတာပေါ့..."

စွန်းဝူခုန်း၏ စကားကို ကြားသောအခါ ကျန်းလျို၏ မျက်လုံးများ တောက်ပသွားခဲ့သည်။

အတိတ်ဘဝတုန်းက စားဖိုမှူးတစ်ပိုင်း ဖြစ်ခဲ့ခြင်းကြောင့်လော မသိ...။ ကျန်းလျိုသည် ဟင်းချက်ခြင်းကို အလွန်စိတ်ဝင်စားသည်။ အနောက်အရပ် သို့ ခရီးနှင်ရမည့် အချိန်ဇယားမှာ ကျပ်တည်းနေသော်လည်း သူသည် နေ့စဉ် သင့်လျော်စွာ ဟင်းချက်ရန်အတွက် အချိန်ကို အမြဲတမ်း ဖန်တီးလေ့ရှိသည်။

ကျန်းလျိုသည် စားဝတ်နေရေး မူဝါဒကို ယုံကြည်ပြီး အစားအသောက်မှာ အရေးအကြီးဆုံး ဖြစ်သည်ဟု မှတ်ယူထားသည်။ ဤသည်မှာ အနောက်အရပ် သို့ ခရီးနှင်ရာတွင် သူ အလွန်အကျွံ အလိုလိုက်မိဆုံး အရာ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

အနောက်အရပ်သို့ ခရီးနှင်ရာ လမ်းတစ်လျှောက်လုံးတွင် အစားအသောက်မှာ အတော်လေး ကောင်းမွန်သော်လည်း ညအိပ်ညနေ နေထိုင်ရသည့် အခြေအနေများမှာ အတော်လေး ဆိုးရွားလှပေသည်။ များသောအားဖြင့် သူတို့သည် အမိုးအကာမဲ့သော ပြင်ပတွင်သာ အိပ်စက်ရလေ့ရှိရာ ၎င်းမှာ သာယာသော အတွေ့အကြုံတစ်ခုတော့ မဟုတ်ခဲ့ချေ။

ယခုအခါ အရှေ့တွင် တောင်ပေါ်ရွာလေး တစ်ရွာရှိကြောင်း ကြားလိုက်ရပြီး အချိန်လည်း လင့်နေပြီဖြစ်ရာ ညအိပ်ရန် အိမ်တစ်အိမ် ရှာဖွေခြင်းက ကောင်းမွန်သော အကြံအစည်တစ်ခု ဖြစ်ပေသည်။

ဤတောင်ပေါ်ရွာလေးတွင် ညအိပ်ရပ်နားရန် ဆန္ဒရှိကြသဖြင့် သူတို့သည် မိုင်ဆယ်မိုင်ခန့် အကွာအဝေးကို အချိန်တစ်နာရီခန့်အတွင်း ပြေးလွှားဖြတ်သန်းခဲ့ကြလေသည်။

သို့သော် ရွာသို့ ရောက်ရှိသွားသောအခါ ကျန်းလျို၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့လေသည်။

"ဆရာ... ဒီရွာက သိပ်ကို တိတ်ဆိတ်နေပါလား..."

စွန်းဝူခုန်းကလည်း တစ်စုံတစ်ရာကို ခံစားသိရှိသွားကာ မှတ်ချက်ချလိုက်သည်။ ဤသို့ စကားပြောနေစဉ်အတွင်း မည်သည့်အရာ ဖြစ်ပျက်နေကြောင်း ကျန်းလျို မေးမြန်းနေရန်ပင် မလိုအပ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် စွန်းဝူခုန်းသည် သူ၏ မျက်လုံးများဖြင့် ရွာကို ကြည့်ရှုပြီးဖြစ်ကာ ချက်ချင်းပင် ခေါင်းယမ်းပြလိုက်သောကြောင့် ဖြစ်သည်။

"ဆရာ... ဒီတောင်ပေါ်ရွာလေးထဲမှာ သက်ရှိလူသား တစ်ယောက်မှ မရှိတော့ဘူး... ကြက်၊ ဘဲ၊ ခွေး၊ နွား စတဲ့ တိရစ္ဆာန် တချို့ပဲ ကျန်တော့တယ်..."

အကဲခတ်ကြည့်ပြီးနောက် စွန်းဝူခုန်းက ခေါင်းယမ်းကာ ပြောလိုက်သည်။

"တိရစ္ဆာန်တွေပဲ ကျန်ပြီး လူတစ်ယောက်မှ မတွေ့ရဘူး ဟုတ်လား..."

စွန်းဝူခုန်း၏ စကားကို ကြားသောအခါ ကျန်းလျိုက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ဝူမြို့ တွင် ကြုံတွေ့ခဲ့ရသော မစ်ရှင်ထဲမှ အဘိုးအိုကို ပြန်လည်သတိရသွားလေသည်။

ထိုအဘိုးအို၏ ရွာသည်လည်း ရွာလုံးကျွတ်နီးပါး သုတ်သင်ခံခဲ့ရပြီး ရေတွင်းထဲသို့ ပြုတ်ကျသွားခဲ့သော အဘိုးအို တစ်ယောက်တည်းသာ အသက်ရှင်ကျန်ရစ်ခဲ့ခြင်း ဖြစ်ပေသည်။

အဘိုးအို၏ ရွာကို သွေးကျားဘုရင် နှင့် သူ၏ လက်အောက်ငယ်သားများက အကုန်အစင် ဝါးမျိုစားသောက်ခဲ့ကြခြင်း ဖြစ်သည်။ ဤရွာလေးသည်လည်း မိစ္ဆာ တိုက်ခိုက်မှုကို ခံခဲ့ရခြင်းများလော။ သို့ဆိုလျှင် အဘယ်ကြောင့် အခြား တိရစ္ဆာန်များကို ချမ်းသာပေးထားခဲ့ရသနည်း။

***

All Chapters