အခန်း ၂၁၁
Vol. 22 Ch. 211
အခန်း (၂၁၁) ခေါင်းငါးလုံးမြွေ
ဦးဆောင်နေသော သားရဲများသည် လှည့်ပင် မလှည့်နိုင်မီ သူတို့၏ ခန္ဓာကိုယ်များမှာ ရုတ်တရက် ပျောက်ကွယ်သွား၏
ဤနေရာတွင် ဧရာမ ဝိညာဉ်သားရဲကြီးတစ်ကောင် ပေါ်လာခဲ့သည်။
"ခေါင်းငါးလုံးမြွေပဲ..."
ရွှေခန္ဓာနယ်ပယ် အထွတ်အထိပ်ကျင့်ကြံသူ ဖုန်းယွမ်ရီသည် ညဘက်အမြင်အာရုံ အလွန်ကောင်းမွန်၏။ ဤနေရာသည် အလွန်မှောင်မိုက်နေသော်လည်း သူက ရုတ်တရက် ပေါ်လာသော ဝိညာဉ်သားရဲကြီးကို အကဲခတ်နိုင်ဆဲ ဖြစ်သည်။
ထိုအကောင်မှာ ကွဲပြားခြားနားသော ခေါင်းငါးလုံး ပါရှိသည့် ဧရာမမြွေကြီးတစ်ကောင် ဖြစ်၏။
ဤခေါင်းငါးလုံးမြွေသည် တောရိုင်းသားရဲတစ်ကောင်စီကို ဖမ်းယူကာ တစ်ကောင်လုံးကို မျိုချလိုက်ကြသည်။
"ရှူး..."
ခေါင်းငါးလုံးမြွေက ထပ်မံ၍ ဒေါသတကြီး ဟိန်းဟောက်လိုက်ပြန်၏။
"မဟာလီမင်းဆက်ရဲ့ ကျန်းနန်မြို့စားက သူ့ရဲ့ စီးတော်ယာဉ်ဖြစ်တဲ့ ပဉ္စမအဆင့် ဝိညာဉ်သားရဲ ခေါင်းငါးလုံးမြွေကို ထိန်းချုပ်ခဲ့တယ်လို့ ပြောကြတယ်..."
"ဒီခေါင်းငါးလုံးမြွေက ကျန်းနန်မြို့စားရဲ့ စီးတော်ယာဉ်များ ဖြစ်နေမလား..."
ထိုအခိုက်တွင် လုချင်းဖုန်းက အသံကျယ်ကြီးဖြင့် အော်ပြောလိုက်၏။
"အဲ့တာတွေ ထားလိုက်တော့ အားလုံး ဒီကနေ ထွက်သွားကြ..."
ဤပဉ္စမအဆင့် ဝိညာဉ်သားရဲသည် ၎င်းတို့ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းထက် များစွာ သာလွန်နေကြောင်း ဖုန်းယွမ်ရီက ကောင်းကောင်း သိထား၏။
ထို့ကြောင့် ချန်းရှန်းခရိုင်မှ ချီလင်အကယ်ဒမီအဖွဲ့သည် ထိတ်လန့်တကြားဖြင့် လာရာလမ်းအတိုင်း ပြန်လည် ထွက်ပြေးကြတော့သည်။
သို့သော် ခေါင်းငါးလုံးမြွေသည် သူ၏ အိပ်မောကျနေရာမှ နှောင့်ယှက်ခံလိုက်ရသဖြင့် သူ့ဒေါသက လွယ်လွယ်နှင့် ပြေပျောက်မည် မဟုတ်ပေ။ ၎င်းသည် လျင်မြန်စွာ ရွေ့လျားသွားပြီး လမ်းတွင် ပိတ်ဆို့နေသော သားရဲအားလုံးကို မျိုချကာ ချီလင်အကယ်ဒမီမှ လူများကို ဆက်လက် လိုက်လံ ဖမ်းဆီးတော့၏။
သူတို့သည် မီတာတစ်ရာပင် မပြည့်သေးသော အကွာအဝေးထိသာ ထွက်ပြေးနိုင်သေးသည်။
ရုတ်တရက် ခေါင်းငါးလုံးမြွေ၏ ခေါင်းတစ်လုံးသည် နောက်သို့ဆုတ်ကာ အနက်ရောင် ရေစီးကြောင်းတစ်ခုကို မှုတ်ထုတ်လိုက်၏။
ထိုရေစီးကြောင်းသည် မြှားတစ်စင်းကဲ့သို့ လျင်မြန်ပြီး ချန်းရှန်းခရိုင်ရှိ ချီလင်အကယ်ဒမီမှ ကျောင်းသားအဖွဲ့၏ အထက်တည့်တည့်သို့ ကျဆင်းလာသည်။
"အဆိပ်ရေတွေပဲ..."
"အဆိပ်တွေ..."
ဤပြိုင်ပွဲတွင် ပါဝင်နိုင်သူများသည် နည်းပြများဖြစ်စေ ကျောင်းသားများဖြစ်စေ အားလုံးက အလွန်အစွမ်းထက်သော ကျင့်ကြံမှု ပါရမီရှင်များဖြစ်ကြ၏။
၎င်းတို့အားလုံးသည် ဤရေစီးကြောင်း၏ ကြောက်မက်ဖွယ်ကောင်းမှုကို ခံစားလိုက်ရပြီး ကြောက်လန့်တကြား အော်ဟစ်လိုက်ကြသည်။
လက်နက်များ ကိုင်ဆောင်ထားသော ဖုန်းယွမ်ရီ တီတုံနှင့် လုချင်းဖုန်းတို့က ၎င်းတို့၏ လက်နက်များကို လေထဲသို့ ဝှေ့ယမ်းလိုက်ကြ၏။
အားကောင်းသော လေပြင်းတစ်ခုက ခေါင်းပေါ်သို့ ကျရောက်လာတော့မည့် အဆိပ်ရေများကို ရိုက်ခတ်သွားပြီး ဝေးရာသို့ လွင့်စင်သွားစေသည်။
အဆိပ်ရေများသည် ဂူနံရံရှိ ကျောက်ဆောင်များပေါ်သို့ ကျဆင်းသွားပြီး ရှဲရှဲ ဟူသော အသံများ ထွက်ပေါ်လာကာ အလွန် ပြင်းထန်စွာ တိုက်စားသွား၏။
ရွှေခန္ဓာနယ်ပယ်မှ နည်းပြများပင်လျှင် အဆိပ်ရေများကို ဖယ်ရှားနိုင်သည့် အားကောင်းသော လေပြင်းတစ်ခု ဖန်တီးရန် ၎င်းတို့၏ လက်နက်များကို ဝှေ့ယမ်းကာ ဝိညာဉ်စွမ်းအားများကို ထုတ်ဖော်နိုင်ကြသည်။
သို့သော် ထိုငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်မှ ကျောင်းသားများတွင် ထိုစွမ်းရည်မျိုး မရှိကြပေ။
ကျောင်းသားသုံးဦးသည် အဆိပ်ရေ ထိမှန်သွားသဖြင့် ၎င်းတို့၏ ချပ်ဝတ်တန်ဆာများ ပေါက်ပြဲသွားကာ အဆိပ်များက အသားထဲသို့ စိမ့်ဝင်သွားသောကြောင့် နာကျင်စွာ အော်ဟစ်လိုက်ကြ၏။
"သွားကြမယ်..."
ဖုန်းယွမ်ရီသည် ဤကျောင်းသားသုံးဦးကို ကယ်တင်ရန် မလိုအပ်ကြောင်း အလွန် ရှင်းလင်းစွာ သိထားသည်။
ထို့ပြင် ၎င်းတို့ကို ကယ်တင်ရန် ကြိုးစားရင်း အချိန်ဖြုန်းနေရန်လည်း မဖြစ်နိုင်ပေ။
ခေါင်းငါးလုံးမြွေသည် အလွန် လျင်မြန်လှသဖြင့် မည်သည့် တွေဝေမှုမျိုးကိုမျှ ခွင့်မပြုပေ။
ထို့ကြောင့် ထိုအဖွဲ့သည် ကျောင်းသားသုံးဦးကို စွန့်ပစ်ကာ လျင်မြန်စွာ ထွက်ပြေးကြတော့၏။
ခေါင်းငါးလုံးမြွေသည် ကျောင်းသားသုံးဦးထံသို့ ပြေးဝင်လာပြီး ၎င်း၏ ခေါင်းများဖြင့် တစ်ယောက်စီကို မျိုချလိုက်ရာ သုံးဦးစလုံး ၎င်း၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသွားတော့သည်။
ထိုအချိန်တိုလေးအတွင်း ချန်းရှန်းခရိုင် ချီလင်အကယ်ဒမီမှ ကျန်ရှိသော ကျောင်းသားများသည် ဂူ၏ ကျဉ်းမြောင်းသော အပိုင်းသို့ မီတာတစ်ရာခန့် ပြေးသွားကြ၏။
ခေါင်းငါးလုံးမြွေက ဆက်လက် လိုက်လံဖမ်းဆီးသော်လည်း ကျဉ်းမြောင်းသော ဂူထဲသို့ ရောက်သောအခါ ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးက ဖြတ်သန်း၍ မရတော့ပေ။
ထို့ကြောင့် ၎င်းသည် ဒေါသတကြီး ဟိန်းဟောက်လိုက်သော်လည်း ဤစက်ဆုပ်ရွံရှာဖွယ်ကောင်းသော လူသားများ ထွက်ပြေးလွတ်မြောက်သွားသည်ကိုသာ ကြည့်နေနိုင်တော့၏။
မကြာမီမှာပင် ဖုန်းယွမ်ရီနှင့် အခြားသူများလည်း ဂူထဲမှ ထွက်ပြေးလွတ်မြောက်သွားကြသည်။
ထိုအခိုက်တွင် ဖုန်းယွမ်ရီ တီတုံနှင့် လုချင်းဖုန်းတို့သည် ကျောက်လင်နှင့် ယွမ်ကော်ကော်တို့၏ အရှေ့သို့ ရောက်ရှိလာ၏။
"ကျောက်လင် မင်းက ငါတို့ကို တမင်
သက်သက် ချောက်ချတာပဲ..."
ဖုန်းယွမ်ရီသည် သူ၏ ဓားရှည်ဖြင့် ကျောက်လင်၏ ရင်ဘတ်ကို ချိန်ရွယ်လိုက်သည်။
ဘာကြောင့် ဤသို့ပြောရသနည်း။
ကျောက်လင်သည် သိုးကင်တစ်ကောင်လုံးကို စားလုနီးပါး ဖြစ်နေချိန်တွင် ဖုန်းယွမ်ရီ၏ လုပ်ရပ်များကို မြင်လိုက်ရသဖြင့် သူ၏ မျက်လုံးများတွင် မကျေနပ်မှုများ ပေါ်လွင်နေ၏။
"အဲ့ဒီဂူထဲမှာ ပဉ္စမအဆင့် ဝိညာဉ်သားရဲ ပုန်းအောင်းနေတယ်... ငါတို့ ကျောင်းသားသုံးယောက် သေသွားပြီ..."
"ဒီဟာက မင်းပေးထားတဲ့ ရတနာမြေပုံလေ... ငါတို့ကို သတ်ဖို့အတွက် ဒီနေရာကို တမင်သက်သက် မြှူဆွယ်ခဲ့တာပဲ..."
ဖုန်းယွမ်ရီက အေးစက်စွာ ပြောလိုက်၏။
"ဟေ့ မင်းတို့သုံးယောက် သေချာ ပြန်စဉ်းစားကြည့်ကြပါဦး..."
"ဒီရတနာမြေပုံကို မဟာလီမင်းဆက်က တပ်ပျက်စစ်သား တစ်ယောက်ဆီကနေ ရခဲ့တာလို့ ငါ ပြောပြီးသားလေ... ငါ အရင်က ဒီကိုတစ်ခါမှမလာဖူးဘူး... ဒီမှာ ပဉ္စမအဆင့် ဝိညာဉ်သားရဲ ရှိနေတယ်ဆိုတာကို ဘယ်လိုလုပ် သိနိုင်မှာလဲ..."
"ဘာပဲဖြစ်ဖြစ် ငါ တာဝန်မယူဘူးလို့ အရင်ကတည်းက ပြောခဲ့တယ်လေ..."
ကျောက်လင်က တည်ငြိမ်စွာဖြင့် ပြောလိုက်၏။
"ဒါဆိုရင် ဘာလို့ ငါတို့နဲ့အတူ ဂူထဲကို မဝင်ခဲ့တာလဲ... အြဲဒီမှာဝိညာဉ်သားရဲ ရှိနေတယ်ဆိုတာကို မင်း အစကတည်းက သိထားလို့ပဲဖြစ်ရမယ်..."
သူက ဒေါသတကြီး ပြောလိုက်သည်။
ဤအချိန်တွင် ယွမ်ကော်ကော်က ဆက်၍ သည်းမခံနိုင်တော့ပေ။
ကျောက်လင်သည် သူ ဖိတ်ခေါ်ထားသူဖြစ်ပြီး ဤလူများက ကျောက်လင်အပေါ် အကြောင်းမဲ့ စွပ်စွဲနေခြင်းသည် ယွမ်ကော်ကော်ကို ပါးရိုက်လိုက်သကဲ့သို့ ဖြစ်နေ၏။
"မင်းတို့ အရမ်းလွန်လွန်းနေပြီ မဟုတ်ဘူးလား..."
"မင်းတို့ ကျောင်းက လူသေသွားတဲ့အတွက် မင်းတို့ရဲ့ ဒေါသကို နားလည်ပေးလို့ရပေမဲ့ အကြောင်းပြချက်မရှိဘဲ တစ်ပါးသူကို မဟုတ်မမှန် စွပ်စွဲလို့ မရဘူးလေ..."
"ကျောက်လင်နဲ့ ငါဂူထဲကို မလိုက်သွားရတဲ့ အကြောင်းရင်းက ငါတို့က အမြဲတမ်း သတိထားတတ်လို့ပဲ..."
"မဟာလီမင်းဆက်ရဲ့ ရတနာတွေကို တခြားသူတွေက လွယ်လွယ်ကူကူ ယူသွားလို့ မရနိုင်ဘူးလို့ ငါတို့ သံသယဝင်နေခဲ့တာကြာပြီ... အထဲမှာ ထောင်ချောက်တွေ အများကြီးရှိနေမှာ သေချာတယ်..."
"မင်းတို့ဘာသာ ရတနာကို ရှာတွေ့ခဲ့တယ်... အထဲက ရတနာတွေကို လိုချင်တပ်မက်တယ်... ဂူထဲကို မင်းတို့ဘာသာ ဝင်သွားပြီး အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရတယ်... အဲ့ဒါကို ငါတို့နှစ်ယောက်ကို အပြစ်တင်ချင်နေတာလား... မင်းတို့က ငါတို့ကို တကယ် အလေးမထားတာပဲ..."
"မင်းတို့သုံးယောက်က ရွှေခန္ဓာနယ်ပယ်ရဲ့ အထွတ်အထိပ်မှာရှိနေရုံနဲ့ ငါတို့ကို စိတ်ကြိုက် အနိုင်ကျင့်လို့ ရပြီလို့ မထင်နဲ့... ငါတို့ အခုပဲ တိုက်ခိုက်ကြရင်ကော ဘယ်လိုလဲ... မင်းတို့က ငါတို့ နှစ်ယောက်ကို သတ်နိုင်မလား ကြည့်ကြတာပေါ့..."
ယွမ်ကော်ကော်က အလွန်ဒေါသထွက်နေပုံဖြင့် အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်၏။
ဤသို့ ဒေါသတကြီး ပေါက်ကွဲသွားပြီးနောက် ဖုန်းယွမ်ရီ၊ တီတုံနှင့် လုချင်းဖုန်းတို့မှာ ငြိမ်ကျသွားကြသည်။
သေချာစဉ်းစားကြည့်ပြီးနောက် ၎င်းတို့သုံးဦးသည် ကျောက်လင်ကို အပြစ်တင်ရန် အကြောင်းပြချက်မရှိကြောင်း သဘောပေါက်သွားကြ၏။
အစကတည်းက ၎င်းတို့က ကျောက်လင်ကို ရတနာမြေပုံပေးရန် ဖိအားပေးခဲ့ပြီး ကျောက်လင်က ၎င်းတို့ကို ရတနာမြေပုံပေးကာ မည်သည့်နေရာမှ ရလာကြောင်းကိုလည်း ရှင်းပြခဲ့သည်။
ထို့နောက် ၎င်းတို့သုံးဦးက ကျောက်လင်နှင့် ယွမ်ကော်ကော်တို့ကို ဤတောင်ပေါ်သို့ လာရန် အတင်းအကျပ် ခေါ်ဆောင်လာခဲ့ပြီး ဂူပေါက်ဝကို ၎င်းတို့ဘာသာ ရှာတွေ့ခဲ့ကြခြင်း ဖြစ်၏။
အစမှ အဆုံးတိုင်အောင် ကျောက်လင်က သူတို့ကို ဂူထဲသို့ မည်သည့်အခါမျှ မမြှူဆွယ်ခဲ့ပေ။
ဖုန်းယွမ်ရီ၊ တီတုံနှင့် လုချင်းဖုန်းတို့သည် အစွမ်းထက်သော်လည်း အဆင့်အတန်းခွဲခြားမှုကို ရှင်းလင်းစွာ သိရှိနားလည်ထားဆဲဖြစ်သည်။ အကယ်၍ အခြေအနေများ လွန်ကဲသွားပါက ယွမ်ကော်ကော်သည် သူတို့သုံးဦးစလုံးကို သေသည်အထိ တိုက်ခိုက်နိုင်ပြီး သူတို့ထဲမှ တစ်ဦးကို သူနှင့်အတူ အသေခံခေါ်သွားနိုင်ခြေ ရှိနေ၏။
ထို့ကြောင့် သူတို့သုံးဦးသည် ဘေးသို့ထွက်ကာ လေးလေးနက်နက် ဆွေးနွေးကြတော့သည်။
"ဒီဂူက မဟာလီမင်းဆက်ရဲ့ ရတနာသိုက် ဖြစ်ဖို့ အရမ်းများတယ်..."
"ငါတို့သုံးယောက်ရဲ့ အစွမ်းနဲ့ဆိုရင် အဲ့ဒီခေါင်းငါးလုံးမြွေကို တကယ် အနိုင်မယူနိုင်ဘူး..."
"အခု ရတနာရှိတဲ့နေရာကို နည်းပြချုပ်ဆီ အကြောင်းကြားဖို့ ငါတို့ အတူတူ အချက်ပြလိုက်ကြရအောင်..."
"ဒါဆိုရင် ငါတို့သုံးယောက်က ရတနာရှာဖွေတွေ့ရှိမှုမှာ ပါဝင်ကူညီခဲ့ပြီး ဒီအခွင့်အရေးကို အသုံးချပြီး ချီလင်အကယ်ဒမီကို ဝင်ခွင့်ရနိုင်လိမ့်မယ်..."
ဖုန်းယွမ်ရီက သူ၏ အတွေးများကို ဝေမျှလိုက်၏။
တီတုံနှင့် လုချင်းဖုန်းတို့နှစ်ဦးစလုံးက ဤစကားကို ကြားသောအခါ သဘောတူလိုက်ကြသည်။
မဟာလီမင်းဆက်ရှိ ရတနာများသည် အလွန် တန်ဖိုးကြီးမားပြီး ရွှေခန္ဓာနယ်ပယ်မှ သူများ လက်လှမ်းမီနိုင်စွမ်းထက် များစွာ ကျော်လွန်နေမည်မှာ သေချာပေသည်။
"ဒါဆိုရင်လည်း အချက်ပြလိုက်ကြတာပေါ့..."
တီတုံက တစ်စုံတစ်ရာ ပြောလိုက်၏။
ထို့ကြောင့် ၎င်းတို့သုံးဦးသည် တောင်ထိပ်သို့ လျင်မြန်စွာ ပြေးသွားကြပြီး အနီရောင် ဆလင်ဒါတစ်ခုကို ထုတ်ယူကာ မီးညှိလိုက်ရာ ဆလင်ဒါသည် လေထဲသို့ တည့်မတ်စွာ တက်သွားပြီး ရုတ်တရက် ပေါက်ကွဲသွားကာ ဧရာမ အနီရောင် ပန်းပွင့်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ယွီချီတောင်ထွတ် တောင်တန်းတစ်လျှောက် ကင်းလှည့်နေသော နည်းပြချုပ်ဆယ်ဦးက အဝေးမှ အနီရောင် ပန်းပွင့်ကြီးကို မြင်လိုက်ရ၏။
"ရှာတွေ့သွားပြီဟေ့..."
"သွားကြစို့... ရတနာမြေဆီကို အခုချက်ချင်း သွားကြမယ်..."
နည်းပြချုပ်ဆယ်ဦးသည် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြပြီး ချက်ချင်းပင် အပြေးအလွှား သွားကြတော့သည်။