← Chapters

အခန်း ၂၁၉

Vol. 22 Ch. 219

အခန်း ၂၁၉

Vol. 22 Ch. 219

အခန်း (၂၁၉) ပျက်စီးနေသော ဝိညာဉ်ရတနာ

နည်းပြချုပ်ဆယ်ယောက်က အလွန် တက်ကြွနေသော အသွင်ဖြင့် ပြန်လည် ပျံသန်းလာကြ၏။

ကျောက်စိမ်းသွေးကြောနယ်ပယ်တွင်ရှိသော ချီလင်အကယ်ဒမီမှ နည်းပြများ၏ အကူအညီဖြင့် သူတို့၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ချိတ်ပိတ်ခြင်းအရည်ကို ဖယ်ရှားနိုင်ခဲ့ပြီး ဆယ်ယောက်လုံး သူတို့၏ ကျောက်စိမ်းသွေးကြောနယ်ပယ် စွမ်းအားများကို ပြန်လည်ရရှိသွားကြသည်။

လျန်ရှီးစီရင်စု လက်အောက်ရှိ ယွီလုံခရိုင်၊ ချန်းရှန်းခရိုင်၊ ဟယ်ချီခရိုင်၊ ဟေးချီခရိုင်၊ ချိုက်ယွင်ခရိုင်၊ လန်ဟယ်ခရိုင်၊ ထုံရှန်းခရိုင်၊ ဟုန်ယန်ခရိုင်၊ လင်ဟိုင်ခရိုင်နှင့် ယွီရွှေခရိုင် အပါအဝင် ချီလင်အကယ်ဒမီ ဆယ်ခုမှ နည်းပြများနှင့် ကျောင်းသားများအားလုံး စုဝေးရောက်ရှိလာကြ၏။

နည်းပြချုပ်ဆယ်ယောက်လုံး မြေပြင်ပေါ်သို့ ဆင်းသက်လာသောအခါ လူတိုင်းက အော်ဟစ်နှုတ်ဆက်လိုက်ကြသည်။

"နည်းပြချုပ်..."

ယွီလုံခရိုင် ချီလင်အကယ်ဒမီ၏ နည်းပြချုပ်ဖြစ်သော ရှီခွေသည် သူ၏ ကျောင်းသားများထံသို့ လာကာ သူတို့၏ အစီရင်ခံစာများကို နားထောင်လိုက်၏။

ထိုအခိုက်တွင် ရှီခွေသည် ကျောက်လင်၏ ပုံရိပ်ကို အေးစက်စွာ မကြည့်ဘဲ မနေနိုင်ခဲ့ပေ။

"ဒီကောင်လေးက အဲ့လောက်တောင် သန်မာတာလား..."

"ရွှေခန္ဓာနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်များ ဖြစ်နေမလား..."

ရှီခွေက သူ့ဘာသာ တီးတိုးရေရွတ်လိုက်၏။

အကယ်၍ ကျောက်လင်သည် ရွှေခန္ဓာနယ်ပယ် အထွတ်အထိပ်၏ စွမ်းအားကို အမှန်တကယ် ပိုင်ဆိုင်ထားပါက ကျောက်လင်သည် ရွှေခန္ဓာနယ်ပယ်တွင် ပြိုင်ဘက်ကင်းဖြစ်နေကြောင်း အဓိပ္ပာယ်သက်ရောက်ပေသည်။ ကျောက်စိမ်းဝမ်းဗိုက်နယ်ပယ် အစောပိုင်းအဆင့်ရှိ ကျင့်ကြံသူများပင်လျှင် ကျောက်လင်ကို ထိခိုက်ဒဏ်ရာရစေရန် ခက်ခဲလိမ့်မည် ဖြစ်၏။

အခြားသော နည်းပြချုပ်များသည်လည်း သက်ဆိုင်ရာ ကျောင်းသားများ၏ အစီရင်ခံစာများကို နားထောင်ခဲ့ကြပြီး ယွီလုံခရိုင်မှ ရွှေခန္ဓာနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူ လေးယောက်နှင့် ကျောက်လင်တို့၏ တိုက်ပွဲအကြောင်းကို သိရှိသွားကြသည်။

နည်းပြချုပ်များသည် ကျောက်လင်အား လှမ်းမကြည့်ဘဲ မနေနိုင်ကြဘဲ သူ၏ စွမ်းဆောင်ရည်များကို ရှင်းလင်းစွာ နားလည်သဘောပေါက်သွားကြ၏။

ထိုအချိန်တွင် ယန်ဟုန်နျန်က ယွီရွှေခရိုင်ရှိ ချီလင်အကယ်ဒမီသို့ ပြန်ရောက်လာခဲ့သည်။

ယခုအခိုက်တွင် ယန်ဟုန်နျန်သည် ကျောက်စိမ်းဗိမာန်နယ်ပယ် အစောပိုင်းအဆင့်ရှိ သူ၏ စွမ်းအားများကို ပြန်လည်ရရှိနေပြီဖြစ်၏။ သူက နည်းပြများနှင့် ကျောင်းသားများအလယ်တွင် ရပ်နေသော ကျောက်လင်အား ကြည့်လိုက်ရာ လူတိုင်းက ကျောက်လင်ကို ကြီးမားသော လေးစားမှုများဖြင့် ကြည့်နေကြသည်ကို မြင်လိုက်ရသည်။

နည်းပြချုပ်တစ်ယောက်အနေဖြင့် သူ၏ သြဇာအာဏာကပင် ကျောက်လင်အား မဖိနှိပ်နိုင်ကြောင်း တွေ့ရှိလိုက်ရသဖြင့် သူက အလွန်အံ့သြသွား၏။

"ကျောက်လင်... ယွီရွှေခရိုင်က ချီလင်အကယ်ဒမီရဲ့ ရတနာရှာဖွေရေးကို မင်း တာဝန်ယူရမယ်..."

"အကယ်၍ မင်းသာ ရတနာအစစ်ကို ရှာတွေ့ခဲ့မယ်ဆိုရင် ငါတို့ကြားက နားလည်မှုလွဲမှားတာတွေကို အကုန် ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်..."

"ရတနာကို ရှာမတွေ့ဘူးဆိုရင်တော့ ငါ့ရဲ့ အပြစ်ပေးတာကို ခံရမယ်..."

ယန်ဟုန်နျန်က အေးစက်စွာ ကြေညာလိုက်၏။

ကျောက်လင်မှာ အံ့အားသင့်သွားသည်။

ဤလူက ရူးနေသည်လား။

ဂူထဲတွင် သူ့အား အသေအလဲ ရိုက်နှက်ခဲ့ပြီးနောက် သူက စွမ်းအားများ ပြန်လည်ရရှိလာသော်လည်း လက်စားမချေခဲ့ပေ။ ထို့အစား ကျောက်လင်ကိုပင် အဖွဲ့ကို ဦးဆောင်ခိုင်းနေသေး၏။

သဘာဝကျစွာပင် ယန်ဟုန်နျန်တွင် အခြား လျှို့ဝှက်ရည်ရွယ်ချက်တစ်ခုခု ရှိရမည်ကို ကျောက်လင်လည်း သတိပြုမိသွားသည်။

"ခင်ဗျားက ကျုပ်ကို အပြစ်ပေးချင်တာလား..."

"ဟီးဟီး... အဲ့လိုလုပ်နိုင်ဖို့ ခင်ဗျားမှာ စွမ်းအားရှိရင် ပိုကောင်းလိမ့်မယ်..."

"ယွီရွှေခရိုင်က ချီလင်အကယ်ဒမီကို ဦးဆောင်ဖို့ကိစ္စကိုတော့ ကျွန်တော် လက်ခံနိုင်ပါတယ်..."

ကျောက်လင်က တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။

ယန်ဟုန်နျန် မည်သို့ပင် ကြံစည်နေပါစေ ကျောက်လင်ကတော့ လုံးဝ တုန်လှုပ်ခြင်း မရှိပေ။

ထိုအခိုက်တွင် ပုံရိပ်တစ်ခုသည် လေထဲမှ ပျံသန်းလာ၏။ ထိုသူမှာ အခြားသူမဟုတ်ဘဲ ချီလင်အကယ်ဒမီမှ ကျောက်စိမ်းသွေးကြောနယ်ပယ် နောက်ဆုံးအဆင့်ရှိ ကျွမ်းကျင်သူပင် ဖြစ်သည်။

"ချီလင်အကယ်ဒမီက နည်းပြတွေနဲ့ ကျောင်းသားတွေ အားလုံး ငါ့အမိန့်ကို နားထောင်ကြ... ငါက ဝူရှီးဟယ်ပဲ... အခု ချီလင်အကယ်ဒမီ ဆယ်ခုရဲ့ ပြိုင်ပွဲကို ငါ တာဝန်ယူထားတယ်..."

"အခု မဟာလီမင်းဆက်ရဲ့ အတုအယောင် ရတနာတစ်ခုကို ငါတို့ ရှာတွေ့ခဲ့ပြီဖြစ်လို့ ရတနာအစစ်က အနီးအနားက တောင်တစ်ခုခုမှာ ရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ..."

"နောက်တစ်ဆင့်အနေနဲ့ ချီလင်အကယ်ဒမီ ဆယ်ခုက ဒီတောင်ရဲ့ ငါးကီလိုမီတာ ပတ်လည်အတွင်းမှာရှိတဲ့ တောင်တစ်ခုစီကို သေချာဂရုတစိုက် စူးစမ်းရှာဖွေပြီး ရတနာအစစ်ကို သေချာပေါက် ရှာတွေ့အောင် လုပ်ရမယ်..."

"ရတနာသိုက်အစစ်ကို ရှာတွေ့တဲ့သူ ဘယ်သူမဆို သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်ပဲဖြစ်နေပါစေ ချီလင်အကယ်ဒမီကို တိုက်ရိုက် ရာထူးတိုးမြှင့်ခံရမယ်လို့ ငါ အာမခံတယ်..."

ဝူရှီးဟယ်က အားကောင်းပြီး ဟိန်းထွက်နေသော အသံဖြင့် ကြေညာလိုက်၏။

"ဟုတ်ကဲ့ပါ..."

ချီလင်အကယ်ဒမီဆယ်ခုမှ နည်းပြများနှင့် ကျောင်းသားများအားလုံးက တုံ့ပြန်လိုက်ကြသည်။

"မင်းတို့မှာ အချိန်ရှစ်ရက်ပဲ ကျန်တော့တယ်... မြန်မြန်လုပ်ပြီး ရတနာကိုရှာကြ..."

ဝူရှီးဟယ်က အလေးအနက်ထား၍ ပြောလိုက်၏။

ထို့နောက် ချက်ချင်းပင် ချီလင်အကယ်ဒမီမှ နည်းပြချုပ်ဆယ်ယောက်သည် သူတို့၏ နည်းပြများနှင့် ကျောင်းသားများအား ပတ်ဝန်းကျင်ရှိ တောင်တန်းများတွင် ရတနာရှာဖွေရန် အသီးသီး အမိန့်ပေးလိုက်ကြသည်။

ထိုအခါ ကျောက်လင်က သူ၏ လက်ကို ဝှေ့ယမ်းကာ တည်ငြိမ်စွာ ပြောလိုက်၏။

"အားလုံးပဲ... ငါ့နောက်ကို လိုက်ခဲ့ကြ..."

နည်းပြလေးယောက်ဖြစ်သော ယွမ်ကော်ကော်၊ ထန်ဝေ့၊ ဝမ်ထုံနှင့် ဖုန်းရှောင်တို့သည် သင်တန်းသားငါးယောက်နှင့်အတူ ကျောက်လင်ကို ယုံကြည်ရန် ဆုံးဖြတ်ထားပြီးဖြစ်သဖြင့် သူတို့သည် ကျောက်လင်၏နောက်မှ အနီးအနားရှိ တောင်တစ်ခုဆီသို့ လိုက်သွားကြသည်။

"ဒါနဲ့ ယန်ချန်ဖုန်းက ဘယ်ရောက်သွားတာလဲ…”

လမ်းတစ်ဝက်တွင် ထန်ဝေ့က ရုတ်တရက် မေးလိုက်၏။

"ငါတို့ သူ့ကို မမြင်မိဘူး... သူ တောင်ပေါ်ကိုများ တက်သွားပြီလား မသိဘူး..."

ဝမ်ထုံက ပြန်ဖြေလိုက်သည်။

ထိုအခိုက်တွင် ယွမ်ကော်ကော်မှာ အလွန် ဒေါသထွက်နေပုံရ၏။

"အဲါဒီကောင်လေးက တော်တော် ကောက်ကျစ်တာပဲ... သူက ဟယ်ချီခရိုင်နဲ့ ချန်းရှန်းခရိုင်က ချီလင်အကယ်ဒမီက လူတွေကို ကျောက်လင်ကို တမင်သက်သက် ဒုက္ခပေးဖို့ မြှောက်ပင့်ပေးခဲ့တာ..."

"ဒီကောင်က ကွယ်ရာကနေ တခြားသူတွေကို ဘယ်လို ကြံစည်ရမလဲဆိုတာကိုပဲသိတယ်..."

ထိုစကားများက ထန်ဝေ့၊ ဝမ်ထုံ၊ ဖုန်းရှောင်နှင့် အခြားသင်တန်းသားငါးယောက်၏ နားထဲသို့ ရောက်သွားသောအခါ အားလုံးက အံ့သြတကြီး ကြည့်လိုက်ကြသည်။

"ကောင်းပြီလေ... သူ့အကြောင်း ဆက်မပြောကြရအောင်..."

"ဒီကောင်လေးက အမြဲတမ်း အကြံအစည်တွေ ထုတ်နေတာ... ဒါပေမဲ့ ကောင်းကင်ဘုံက သူ့ကို သေချာပေါက် အပြစ်ပေးလိမ့်မယ်..."

ကျောက်လင်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။

မကြာမီတွင် အဖွဲ့သည် သစ်တောများ ထူထပ်ပြီး တိရစ္ဆာန်အသံများ ကြားနေရသော အနီးအနားရှိ တောင်တစ်တောင်သို့ ရောက်ရှိသွားကြသည်။

"အစ်ကိုယွမ်... တောရိုင်းတိရစ္ဆာန်တချို့ အမဲလိုက်ဖို့ အားလုံးကို ခေါ်သွားလိုက်ပါဦး..."

"လူတွေက ရတနာရှာနေကြတဲ့အချိန်မှာ ကောင်းကောင်းစားပြီး ကောင်းကောင်း အနားယူဖို့လည်း လိုတယ်လေ..."

ကျောက်လင်က တောင်ဆိတ်ပေါ်မှ ခုန်ဆင်းလိုက်ပြီး အမိန့်ပေးလိုက်၏။

"ကောင်းပါပြီ..."

ယွမ်ကော်ကော်မှာ အသားကျနေပြီဖြစ်သဖြင့် ချက်ချင်းပင် သဘောတူလိုက်သည်။

ထန်ဝေ့၊ ဝမ်ထုံနှင့် ဖုန်းရှောင်တို့မှာ မှင်တက်သွားကြ၏။ သူတို့က အကြောင်းရင်းကို နားမလည်နိုင်ကြပေ။

*ငါတို့က ရတနာရှာဖို့ လာတာ မဟုတ်ဘူးလား*

*ဘာလို့ အပျော်စားပွဲ လုပ်နေရတာလဲ*

အခြားသင်တန်းသားငါးယောက်သည်လည်း လုံးဝ ဇဝေဇဝါဖြစ်သွားကြ၏။

"သွားကြရအောင်... ကျောက်လင်ရဲ့ ဟင်းချက်စွမ်းရည်က အံ့မခန်းပဲနော်... မင်းတို့ သေချာပေါက် ထပ်စားချင်နေဦးမှာ..."

ဤလူများ မှင်တက်နေသည်ကို မြင်သောအခါ ယွမ်ကော်ကော်က ချက်ချင်းပင် အော်ပြောလိုက်သည်။

ထို့ကြောင့် သူတို့ကိုးယောက်သည် တောအုပ်ထဲသို့ လျင်မြန်စွာ ပြေးဝင်သွားကြ၏။

ကျောက်လင်သည်လည်း သူ၏ အဝတ်အိတ်ကိုဖြည်ကာ သံအိုးငယ်လေးကို ထပ်မံ ထုတ်ယူလိုက်သည်။

ယန်ဟုန်နျန်နှင့် ယန်ချန်ဖုန်းတို့သည် တိတ်တဆိတ်ဖြင့် ကျောက်လင်နှင့် သူ၏ အဖွဲ့နောက်သို့ လိုက်လာကြပြီး အနီးအနားရှိ တောင်ကုန်းတစ်ခုမှနေ၍ ကျောက်လင်၏ လုပ်ရပ်များကို စောင့်ကြည့်နေကြ၏။

"ချန်ဖုန်း... မင်းက ချီလင်ကျောင်းတော်နှစ်ခုကို မြှောက်ပင့်ပေးခဲ့တာပဲ... ကျောက်လင်ကို မသတ်နိုင်ခဲ့မှတော့လည်း ဒါကို ခေါင်းထဲ မထည့်ထားနဲ့တော့..."

"မင်းရဲ့ လက်ရှိ စွမ်းအားနဲ့ဆိုရင် ကျောက်လင်ရဲ့ တစ်ချက်တည်းသော တိုက်ခိုက်မှုနဲ့တင် သေသွားနိုင်တယ်..."

"ငါ့အထင်တော့ မင်း ကျောက်လင်နဲ့ ဝေးဝေးနေပြီး ထပ်မနီးကပ်သွားတာ ပိုကောင်းလိမ့်မယ်..."

ယန်ဟုန်နျန်က တိုးတိတ်သော အသံဖြင့် ပြောလိုက်၏။

"နားလည်ပါပြီ... အဘိုး..."

ယန်ချန်ဖုန်းသည် ဟယ်ချီခရိုင်နှင့် ချန်းရှန်းခရိုင်မှ ချီလင်အကယ်ဒမီမှ လူများကို မြှောက်ပင့်ပေးခဲ့ပြီးနောက် ကျောက်လင်၏ စွမ်းအားများကို ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသဖြင့် ကြောက်လန့်သွားခဲ့သည်။ သူသည် ကျောက်လင်၏ ပြိုင်ဘက် မဟုတ်ကြောင်းကို သိထား၏။

"စိတ်မပူပါနဲ့... ငါ ကျောက်လင်ရဲ့ အနီးအနားမှာနေမယ်... သူ တစ်ယောက်တည်း ရှိနေတာနဲ့ ငါ သူ့ကို တိုက်ခိုက်မှာပဲ..."

"ကျောက်လင်က ငါ့ကို ဝက်ခေါင်းလိုဖြစ်အောင် ရိုက်ရဲတယ်... သူက နဂါးရဲ့ ပြောင်းပြန်အကြေးခွံကို ထိလိုက်တာပဲ... သူ သေကို သေရမယ်..."

ယန်ဟုန်နျန်က အေးစက်သော လေသံဖြင့် ပြောလိုက်၏။

ထိုအခိုက်တွင် ယန်ချန်ဖုန်းမှာ ရုတ်တရက် တုန်ယင်သွားသည်။

"အဘိုး... အဘိုး ရှေးဟောင်းသင်္ချိုင်းဂူကနေ ရလာတဲ့ အဲ့ဒီပျက်စီးနေတဲ့ မှော်လက်နက်က နောက်ထပ် ဘယ်နှစ်ခါလောက်တိုက်ခိုက်လို့ ရသေးလဲ..."

"အကယ်၍ အဘိုးသာ မှော်လက်နက်ကိုသုံးပြီး တိုက်ခိုက်မယ်ဆိုရင် ကျောက်လင် သေချာပေါက် သေမှာပဲ..."

ယန်ချန်ဖုန်းက ရုတ်တရက် မေးလိုက်၏။

"နောက်ထပ် နှစ်ခါတိုက်ခိုက်ဖို့ပဲ ကျန်တော့တယ်... ဝိညာဉ်ရတနာမှာ ဝိညာဉ်စွမ်းအင် သိပ်မကျန်တော့ဘူး... နှစ်ကြိမ် တိုက်ခိုက်ပြီးတာနဲ့ အဲါဒါက ပျက်စီးသွားလိမ့်မယ်..."

ယန်ဟုန်နျန်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

ထိုပျက်စီးနေသော မှော်လက်နက်သည် ယန်ဟုန်နျန်၏ အကြွင်းမဲ့ အဆုံးအဖြတ်ပေးနိုင်သော ဝှက်ဖဲဖြစ်ပြီး သူက အမြဲတမ်း အသုံးပြုရန် တွန့်ဆုတ်နေခဲ့ခြင်း ဖြစ်၏။

ကျောက်လင်ကို သတ်ရန်အတွက် ဝိညာဉ်ရတနာများထဲမှ တစ်ခုကို အသုံးပြုပစ်ရမည်ဟူသော အတွေးက ယန်ဟုန်နျန်အား တော်တော်လေး မပျော်မရွှင် ဖြစ်စေသည်။

"ကောင်းပြီလေ အဘိုး... အဘိုး ကျောက်လင်ကို သေချာပေါက် သတ်ရမယ်နော်..."

"အခု ကျွန်တော် ပြိုင်ပွဲပြီးတဲ့အထိ အနီးအနားက တောင်တွေထဲမှာ ပုန်းနေလိုက်မယ်..."

ယန်ချန်ဖုန်းသည် အခွင့်အရေး နှစ်ကြိမ် ကျန်သေးကြောင်း ကြားလိုက်ရသောအခါ သူ စိတ်အေးသွား၏။ ထိုပျက်စီးနေသော မှော်ရတနာ၏ စွမ်းအားက ကျောက်လင်ကို သေချာပေါက် သတ်နိုင်လိမ့်မည်ဟု သူ ယုံကြည်ထားသည်။

ထို့ကြောင့် ယန်ချန်ဖုန်းသည် သူ၏ မြင်းပေါ်သို့ တက်ခွလိုက်ပြီး လှည့်ထွက်သွား၏။

ယန်ချန်ဖုန်းသည် ထိုကဲ့သို့ အထာကျကျ မြင်းစီးသွားစဉ် အနီးအနားရှိ သစ်ပင်တစ်ပင်ပေါ်မှ ကြွက်ငယ်လေးတစ်ကောင်က သူ့အား စောင့်ကြည့်နေကြောင်းကို အနည်းငယ်မျှပင် မသိခဲ့ပေ။

All Chapters