← Chapters

အခန်း (၄၈၁-၄၈၂)

Vol. 49 Ch. 481-482

အခန်း (၄၈၁-၄၈၂)

Vol. 49 Ch. 481-482

အခန်း ၄၈၁ ၊ အပိုင်း ၁ - ပုံရိပ်ယောင်အမွေအနှစ်နှင့် ရေဓာတ်ဝိညာဉ်ပုလဲကို ရယူခြင်း

"ဒါဆိုရင် ချန်ပေ့က ဖလှယ်ချင်တာလား"

လုချင်းသည် နဂါးလိပ်ကြီး၏ မျက်နှာပေါ်ရှိ အံ့အားသင့်နေမှုများကို မြင်သော်လည်း အနည်းငယ်မျှပင် အံ့သြမသွားဘဲ ခပ်အေးအေးပင် မေးလိုက်လေသည်။

နဂါးလိပ်ကြီးသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ပြန်မေးလိုက်၏။ "မင်းပြောတာတွေက အမှန်လား အမှားလားဆိုတာ ငါက ဘယ်လိုလုပ် သိမှာလဲ"

"ကျွန်တော်ပြောတာတွေက အမှန်လား၊ အမှားလားဆိုတာကို ချန်ပေ့ တစ်ချက်ကြည့်လိုက်တာနဲ့ သိနိုင်မှာပါ"

လုချင်းသည် သူ၏ စိတ်ဝိညာဉ်အာရုံတစ်စက်ကို ပေါ့ပေါ့ပါးပါးပင် ထုတ်လွှတ်ကာ နဂါးလိပ်ကြီးထံသို့ စေလွှတ်လိုက်လေ၏။

နဂါးလိပ်ကြီးသည် အစပိုင်းတွင် တွေဝေသွားသော်လည်း လုချင်း၏ စိတ်ဝိညာဉ်အာရုံမှာ ထူးထူးခြားခြား အစွမ်းထက်မနေသည်ကို အာရုံခံမိသောအခါ၌ မခုခံတော့ဘဲ ၎င်း၏ ဝိညာဉ်အာရုံခံနိုင်စွမ်းအပေါ်သို့ ကျဆင်းလာစေရန် ခွင့်ပြုလိုက်တော့သည်။

ထိုစိတ်ဝိညာဉ်အာရုံနှင့် ထိတွေ့သွားသည်နှင့် တစ်ပြိုင်နက် နဂါးလိပ်ကြီး၏ စိတ်အစဉ်မှာ တုန်လှုပ်သွားပြီး မျက်လုံးများ အပြူးသားဖြစ်သွားတော့လေ၏။

"နတ်ဘုရားစွမ်းရည်ပါလား..."

ရှေးဟောင်းကျင့်ကြံခြင်းခေတ်မှတိုင်အောင် အသက်ရှင်ကျန်ရစ်ခဲ့သည့် အားကောင်းလှသော သန္ဓေသားဝိညာဉ်အဆင့် သတ္တဝါကြီးတစ်ကောင်အနေဖြင့် နဂါးလိပ်ကြီးတွင် မျိုးဆက်အလိုက် လက်ဆင့်ကမ်းလာခဲ့သော မှတ်ဉာဏ်များရှိလေသည်။ ၎င်း၏ အသိပညာဗဟုသုတများက ဤခေတ်ကာလရှိ ကျင့်ကြံသူများထက် များစွာသာလွန်နေခဲ့၏။

လုချင်း၏ စိတ်ဝိညာဉ်အာရုံတစ်စက်တွင် နတ်ဘုရားစွမ်းရည်တစ်ခု၏ အစွမ်းများ ပါဝင်နေကြောင်းကို ချက်ချင်းသိလိုက်ရသောအခါ၌ ၎င်း၏နှလုံးသားတစ်ခုလုံး တုန်လှုပ်သွားတော့သည်။ သို့ရာတွင် ထိုအံ့သြမှုကို သေချာမခံစားရသေးခင်မှာပင် ထိုစိတ်ဝိညာဉ်အာရုံထဲ၌ ပါဝင်လာသော သတင်းအချက်အလက်များက ၎င်းကို အပြည့်အဝ ဆွဲဆောင်သွားလေတော့၏။

လုချင်းက ပုံရိပ်ယောင်မြင်ကွင်းတစ်ခုကို ပေးပို့လိုက်ခြင်းဖြစ်သည်။

ထိုပုံရိပ်ယောင်မြင်ကွင်းထဲတွင် မြူခိုးများဖုံးလွှမ်းနေကာ ရှင်းလင်းစွာမမြင်နိုင်လောက်အောင် ထူးခြားဆန်းကြယ်လှသော သားရဲကြီးတစ်ကောင်သည် တိမ်တိုက်များထက်တွင် လဲလျောင်းနေပါ၏။ ရုတ်တရက် ထိုလျှို့ဝှက်ဆန်းကြယ်လှသော သားရဲကြီးသည် ၎င်း၏ လက်သည်းကို ပျင်းရိပျင်းတွဲ လွှဲယမ်းလိုက်လေသည်။

ထိုအခါတွင်တော့ လက်သည်းအလင်းတန်းတစ်ခု ထွက်ပေါ်လာကာ လေဟာနယ်ကိုခွဲဖြာလျက် ကောင်းကင်နှင့်မြေကြီးကိုပင် တုန်လှုပ်သွားစေတော့သည်။ ၎င်း၏ အလွန်အမင်း ကြီးမားလှသော စွမ်းအားကြီးက ကမ္ဘာလောကကြီးတစ်ခုလုံးကိုပင် ဖုံးလွှမ်းသွားလေ၏။

ထိုလက်သည်းအလင်းတန်းကို မြင်လိုက်ရချိန်တွင် နဂါးလိပ်ကြီး၏ ဝိညာဉ်သည် တုန်လှုပ်သွားပြီး လုံးဝကို စွဲမက်သွားတော့သည်။ ၎င်း၏ မျက်လုံးများထဲတွင် နက်ရှိုင်းစွာ ယစ်မူးသာယာနေမှုများပါ ထင်ဟပ်လာတော့လေ၏။

နဂါးလိပ်ကြီး၏ အမြင်တွင်တော့ ထိုထူးဆန်းသော သားရဲကြီး၏ တိုက်ခိုက်မှုသည် စိတ်ကူးနှင့်ပင် မမှန်းဆနိုင်လောက်အောင် နက်နဲလှပေသည်။ ၎င်းကို ကြည့်နေရုံမျှဖြင့် စိတ်အစဉ်ထဲ၌ မရေမတွက်နိုင်သော ဉာဏ်အလင်းပွင့်မှုများဖြင့် ပြည့်နှက်သွားစေ၏။

သို့သော်လည်း ၎င်းက ထိုသိုင်းပညာရပ်ကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်ရန် ကြိုးစားလိုက်ချိန်မှာပင် ထိုပုံရိပ်ယောင်မြင်ကွင်းက ရုတ်တရက် ပျောက်ကွယ်သွားလေတော့သည်။ ၎င်း၏ နှလုံးသားထဲတွင် ရုတ်တရက် ပေါ်ပေါက်လာခဲ့သော အဖိုးတန်ဉာဏ်အလင်းပွင့်မှုလေးသည် အတင်းအဓမ္မ ဖြတ်တောက်ခံလိုက်ရရှာလေ၏။

"မဖြစ်ဘူး"

နဂါးလိပ်ကြီးမှာ အထိတ်တလန့် ဖြစ်သွားတော့သည်။

ထိုပုံရိပ်ယောင်ထဲမှ လက်သည်းချက်တွင် လုံးဝခန့်မှန်းမရနိုင်လောက်အောင် နက်ရှိုင်းလှသော တာအိုအမှန်တရားတစ်ခု ပါဝင်နေခဲ့သည်။ ၎င်းအနေဖြင့် ထိုလက်သည်းသိုင်းပညာကိုသာ အပြည့်အဝ နားလည်သဘောပေါက်နိုင်မည်ဆိုလျှင် နှစ်သောင်းပေါင်းများစွာကြာအောင် တန့်နေခဲ့သော ကျင့်ကြံခြင်းအတားအဆီးကို အဆုံးသတ်ဖြတ်ကျော်နိုင်လိမ့်မည်ဟု ပြင်းပြစွာ ခံစားလိုက်ရပါ၏။

သို့သော် ယခုအခါ၌ ပုံရိပ်ယောင်ပျောက်ကွယ်သွားပြီဖြစ်၍ ၎င်း၏ နားလည်သဘောပေါက်မှုသည်လည်း ရုတ်တရက် ပြတ်တောက်သွားခဲ့ပြီဖြစ်သည်။ ထိုစိတ်ပျက်မှုက တကယ့်ကို ခံစားရခက်လွန်းလှပါ၏။

အလောတကြီးဖြင့် နဂါးလိပ်ကြီးက လုချင်းထံသို့ လှမ်းကြည့်လိုက်သောအခါ လုချင်း၏ နှုတ်ခမ်းများက အပြုံးတစ်ခုအသွင် ကွေးတက်နေသည်ကို မြင်လိုက်ရလေသည်။

"ဘယ်လိုလဲ ချန်ပေ့... ကျွန်တော် လိမ်ပြောတာ မဟုတ်ပါဘူးဆိုတာ ယုံပြီလားဗျ" လုချင်းက မေးလိုက်၏။

နဂါးလိပ်ကြီးသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး နက်ရှိုင်းသော စဉ်းစားတွေးတောမှုထဲသို့ နစ်ဝင်သွားတော့သည်။ လုချင်းပြောသော သိုင်းပညာရပ်က ထိုသားရဲကြီးထံမှ တကယ်ဆင်းသက်လာခြင်း ဟုတ်၊ မဟုတ်ကို ၎င်း အသေအချာ မပြောနိုင်သေးပေ။ သို့ရာတွင် ယခုလေးတင် မြင်တွေ့ခဲ့ရသော ပုံရိပ်ယောင်ကမူ အမှန်တကယ်ပင် အစစ်အမှန်ဖြစ်လေသည်။

ထိုလက်သည်းသိုင်းကပင် ၎င်း၏ ဝိညာဉ်ကို ပြင်းထန်စွာ လှုပ်ခတ်စေခဲ့ပြီး နားလည်သဘောပေါက်နိုင်စွမ်းကို နှိုးဆွပေးခဲ့သည်။ ဤအချိန်၌ လုချင်းပြောသည်မှာ အမှန်ဖြစ်စေ၊ အလိမ်ဖြစ်စေ အရေးမကြီးတော့ချေ။ အရေးအကြီးဆုံးအရာမှာ ဤအမွေအနှစ်သည် ၎င်းအတွက် အလွန်တရာ တန်ဖိုးကြီးမားလှခြင်းပင်ဖြစ်၏။ နှစ်ပေါင်းသောင်းနှင့်ချီ၍ ၎င်းကို ပိတ်လှောင်ထားခဲ့သော အတားအဆီးကို ဖြတ်ကျော်ရန် အမှန်တကယ်ပင် ကူညီပေးနိုင်လိမ့်မည်ဖြစ်သည်။

ဤအချက်ကို သဘောပေါက်သွားသောအခါ၌ နဂါးလိပ်ကြီးသည် ဆုံးဖြတ်ချက်ချလိုက်လေတော့၏။ သို့သော်လည်း ၎င်း၏ သဘောထားကို ချက်ချင်း ထုတ်မပြခဲ့ပေ။ ထိုအစား လုချင်းကို အသေအချာ စူးစမ်းကြည့်ရင်း စကားဆိုလိုက်၏။

"မင်းလို လူငယ်လေးတစ်ယောက်ဆီမှာ ဒီလိုမျိုး ကံကောင်းတဲ့ အခွင့်အရေးရှိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး... နတ်ဘုရားစွမ်းရည်ကိုတောင် ပိုင်ဆိုင်ထားတယ်ဆိုတော့ မင်းက ဒီခေတ်ကာလရဲ့ ကံကြမ္မာရဲ့သားတော်ပဲ ဖြစ်ရမယ်"

"ဪ... ချန်ပေ့က နတ်ဘုရားစွမ်းရည်တွေအကြောင်းကိုလည်း သိနေတာလား" လုချင်းက အနည်းငယ် အံ့အားသင့်စွာဖြင့် မျက်ခုံးပင့်လျက် မေးလိုက်သည်။

တကယ်တမ်းတွင် သူ ယခုလေးတင် အသုံးပြုလိုက်သည့်အရာမှာ ပုံရိပ်ယောင် နတ်ဘုရားစွမ်းရည်ပင်ဖြစ်သည်။ ထိုစွမ်းရည်မပါဘဲ သူ၏ ကိုယ်ပိုင် စိတ်ဝိညာဉ်အာရုံသက်သက်ဖြင့် စွမ်နီ၏ လက်သည်းမှတ်ရာ တစ်စိတ်တစ်ပိုင်းကိုပင် ဖန်တီးပြသရန်မှာ လုံးဝမဖြစ်နိုင်သောအရာပင်။

(T/n - ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ဆိုတာက ရှေ့ပိုင်းမှာတော့ လူတွေကို ထင်ယောင်ထင်မှားဖြစ်စေသည့် နတ်ဘုရားစွမ်းရည်လို့ သုံးခဲ့ပါတယ်။ ထင်ယောင်ထင်မှားဖြစ်အောင်လို့ ပုံရိပ်ယောင်တွေဖန်တီးတဲ့ စွမ်းရည်တစ်မျိုးပါ။)

ကံမကောင်းစွာဖြင့် ဤနဂါးလိပ်ကြီးမှာ အလွန်တရာ ကြီးမားလွန်းပြီး ၎င်း၏ ရုပ်ခန္ဓာကလည်း သန္ဓေသားဝိညာဉ်အဆင့် သတ္တဝါတစ်ကောင်၏ စွမ်းအားများကို ထိန်းသိမ်းထားဆဲဖြစ်သည်။ ဤမျှ ကြီးမားလှသော သတ္တဝါကြီးတစ်ကောင်အတွက် ၎င်း၏ စိတ်ဝိညာဉ်အာရုံကလည်း အသေအချာပင် အားကောင်းနေမည်သာ။ ၎င်း၏ ကျင့်ကြံခြင်းအဆင့်က ရွှေအမြုတေအဆင့်သို့ ကျဆင်းသွားခဲ့လျှင်တောင်မှ ဝိညာဉ်စွမ်းအားကတော့ ထိတ်လန့်ဖွယ်ကောင်းလောက်အောင် အားကောင်းနေဆဲပင်ဖြစ်၏။

လုချင်း၏ ခန့်မှန်းချက်အရ သူ၏ ပုံရိပ်ယောင် နတ်ဘုရားစွမ်းရည်ကို အစွမ်းကုန်အသုံးပြုလျှင်တောင်မှ ဤရှေးဟောင်းနဂါးလိပ်ကြီးကို လှည့်စားနိုင်လိမ့်မည် မဟုတ်ပေ။

"အများကြီးသိတယ်လို့တော့ ငါ မဆိုလိုပါဘူး။ ဒါပေမဲ့ အရင် ကျင့်ကြံခြင်းခေတ်တုန်းက မင်းတို့လူသားတွေထဲက ပါရမီရှင် နှစ်ယောက်နဲ့တော့ ငါ ဆုံဖူးတယ်လေ။ သူတို့မှာလည်း နတ်ဘုရားစွမ်းရည်တွေ ရှိကြတယ်။ သူတို့ရဲ့ စွမ်းအားတွေကလည်း တော်တော်လေးကို အားကောင်းကြတယ်" နဂါးလိပ်ကြီးက ဆိုလေသည်။

"ဒီလိုကိုး"

လုချင်းက မအံ့သြတော့ဘဲ ခေါင်းညိတ်လိုက်၏။ နတ်ဘုရားစွမ်းရည်များမှာ ရှားပါးလှသော်လည်း ဤသို့သော ကံကောင်းမှုကို ပိုင်ဆိုင်ထားသူမှာ သူတစ်ယောက်တည်းသာ ရှိမည်ဟုတော့ သူ ဘယ်သောအခါကမျှ မယုံကြည်ခဲ့ပေ။ ခေတ်ကာလတိုင်းတွင် ထူးချွန်ထက်မြက်သည့် ပါရမီရှင်များ ရှိစမြဲပင်ဖြစ်၏။ ရှေးကျင့်ကြံခြင်းခေတ်အတွင်းတွင် နတ်ဘုရားစွမ်းရည်များကို ရရှိခဲ့သူများ ရှိနေခြင်းမှာလည်း သဘာဝကျလှပေသည်။

ထိုအကြောင်းကို မဆိုထားနှင့်၊ ရှောင်လီနှင့် သူ၏ဆရာဖြစ်သူတို့သည်ပင်လျှင် နတ်ဘုရားစွမ်းရည်များကို ကိုယ်စီပိုင်ဆိုင်ထားကြသည် မဟုတ်ပါလော။ ထိုပါရမီရှင်နှစ်ဦးက နဂါးလိပ်ကြီးကိုပင် အထင်ကြီးလေးစားမှု ဖြစ်စေခဲ့သည်ဆိုလျှင် သူတို့သည်လည်း သန္ဓေသားဝိညာဉ်အဆင့်မှ အားကောင်းသော ကျင့်ကြံသူများ ဖြစ်နိုင်ချေရှိလေ၏။ သူတို့အနေဖြင့် လေဟာနယ်ဖြိုခွင်း သင်္ဘောပျံပေါ်သို့ တက်ရောက်နိုင်ခဲ့ခြင်း ရှိ၊ မရှိကိုသာ သူ သိချင်မိတော့၏။

"မင်းက ဒီလက်သည်းသိုင်းပညာနဲ့ ရေဓာတ်ဝိညာဉ်ပုလဲကို လဲလှယ်ချင်တာပေါ့လေ" နဂါးလိပ်ကြီးက မေးလိုက်သည်။

"ဟုတ်ပါတယ်။ ချန်ပေ့ရော သဘောတူပါသလားဗျ" လုချင်းက ခေါင်းညိတ်ပြလိုက်လေ၏။

နဂါးလိပ်ကြီးသည် ခေတ္တမျှ စဉ်းစားပြီးနောက် ထပ်မံစကားဆိုလာပြန်သည်။

"ငါ့မှာ မေးစရာ မေးခွန်းနှစ်ခုရှိတယ်။ မင်း ဖြေပေးနိုင်မလား"

"မေးပါ ချန်ပေ့"

"ဒီလက်သည်းသိုင်းပညာ အမွေအနှစ်ကို မင်း ဘယ်ကရခဲ့တာလဲ။ ပြီးတော့ ငါတို့မျိုးနွယ်စုရဲ့ ဇာစ်မြစ်အကြောင်းကို မင်းက ဘယ်လိုလုပ်ပြီး ဒီလောက်ထိတောင် သိနေရတာလဲ"

"ချန်ပေ့က ကျွန်တော့်ကို မယုံသေးဘူးပဲ" လုချင်းက ရယ်မောလိုက်သည်။

"ဒီကိစ္စတွေက ကျွန်တော့်ရဲ့ လျှို့ဝှက်ချက်တွေမလို့ ခွင့်လွှတ်ပါဗျာ။ ကျွန်တော် ပြောပြလို့ မရပါဘူးဗျ။ ချန်ပေ့က မလဲလှယ်ချင်ဘူးဆိုရင်လည်း နေပါစေတော့။ အဆိုးဆုံးကတော့ ကျွန်တော် ပြန်သွားပြီး ရေဓာတ်ဝိညာဉ်ပုလဲထဲက ဝိညာဉ်အမှတ်အသားကို ဖြည်းဖြည်းချင်း ဖျက်ပစ်ဖို့ ဆယ်နှစ်လောက် အချိန်ယူရုံပဲဟာ။ အဲဒီလောက် အချိန်လောက်လေးကတော့ ကျွန်တော် ပေးနိုင်ပါတယ်"

စကားဆုံးသည်နှင့် လုချင်းက ထွက်သွားရန် လှည့်လိုက်တော့သည်။

"နေဦး"

နဂါးလိပ်ကြီးက အလောတကြီး အော်ခေါ်လိုက်လေ၏။

လုချင်းကလည်း ခြေလှမ်းတန့်သွားပြီး မေးလိုက်သည်။ "ချန်ပေ့ စိတ်ပြောင်းသွားပြီလားဗျ"

နဂါးလိပ်ကြီးက လုချင်း၏ အလျော့မပေးသော အပြုအမူကြောင့် စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်တော့သည်။ အကယ်၍ အခြားတစ်ယောက်ယောက်ကသာ ဤမျှ ရဲတင်းစွာ ပြောဆိုခဲ့မည်ဆိုလျှင် ၎င်းက လှောင်ပြောင်ရယ်မောမိမည်မှာ အသေအချာပဲပင်။

ရေဓာတ်ဝိညာဉ်ပုလဲထဲတွင် ၎င်းချန်ထားခဲ့သော ဝိညာဉ်အမှတ်အသားသည် ထိုမျှလောက် အလွယ်တကူ ဖျက်ပစ်နိုင်သောအရာ မဟုတ်ပေ။

ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့်ဆိုလျှင် အနှစ်တစ်ရာ အချိန်ပေးလျှင်တောင် အောင်မြင်နိုင်မည်မဟုတ်ပေ။

သို့သော်လည်း လုချင်းကတော့ ကွဲပြားခြားနားလှပါ၏။ ဤလူငယ်လေးသည် လွန်စွာမှ လျှို့ဝှက်ဆန်းကြယ်လွန်းပြီး ဝိညာဉ်ရေးရာပညာရပ်များကို အထူးပြုထားသော နတ်ဘုရားစွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားသည်မှာ ထင်ရှားလှ၏။ အကယ်၍ သူကသာ ထိုအမှတ်အသားကို ဖြည်းဖြည်းချင်း ဖျက်ဆီးမည်ဆိုလျှင် ၎င်း၏အမှတ်အသား ခံနိုင်ရည်ရှိပါမည်ဟု နဂါးလိပ်ကြီးခင်မျာ လုံးဝ အာမမခံနိုင်ချေ။

များစွာ စဉ်းစားတွေးတောပြီးနောက်တွင်တော့ နဂါးလိပ်ကြီးက မလိုလားစွာ သက်ပြင်းချလိုက်ပြီး ပြောလိုက်ရတော့၏။ "ကောင်းပြီ... မင်းနဲ့ ငါ အပေးအယူလုပ်ကြတာပေါ့"

လုချင်း ပြုံးလိုက်၏။ "ဒါဆိုရင် ကျွန်တော်တို့နှစ်ယောက်လုံး ဝိညာဉ်သစ္စာဆိုကြတာပေါ့။ ပြီးမှ အပေးအယူကို ဆက်လုပ်ကြတာပေါ့"

နဂါးလိပ်ကြီးက မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ လုချင်း၏ သတိကြီးလှသော သဘာဝက ဤအရာကို သူ သေချာ ကြိုတင်စီစဉ်ထားခဲ့ကြောင်း ထင်ရှားစေသည်။ သို့သော်လည်း ဤအချက်က ၎င်းကို စိတ်သက်သာရာလည်း ရစေခဲ့၏။ လုချင်းအနေဖြင့် ဝိညာဉ်သစ္စာဆိုရန် ကိုယ်တိုင် အစပျိုးခဲ့သည်ဆိုသည်မှာ သူကမ်းလှမ်းနေသော အမွေအနှစ်သည် လှည့်စားမှုမဟုတ်ဘဲ အစစ်အမှန်ဖြစ်ကြောင်း သက်သေပြနေခြင်းပင်တည်း။

"ကောင်းပြီလေ" နဂါးလိပ်ကြီးက သဘောတူလိုက်၏။

သိပ်မကြာမီမှာပင် လူသားနှင့် သားရဲကြီးတို့သည် သူတို့၏ ဝိညာဉ်သစ္စာအသီးသီးကို ကျိန်ဆိုလိုက်ကြသည်။ ထိုကျိန်စာ၏ အတည်ဖြစ်မှုကို အတည်ပြုပေးသည့်အလား ကောင်းကင်တာအို၏ စွမ်းအင်တစ်စက်က သူတို့၏အထက်တွင် ထွက်ပေါ်လာခဲ့၏။

ထို့နောက် လုချင်းက ရေဓာတ်ဝိညာဉ်ပုလဲနှင့်အတူ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။

ဦးစွာ သူက ရေဓာတ်ဝိညာဉ်ပုလဲကို ရှေ့သို့ပစ်ပေးလိုက်ပြီး ပြောလိုက်၏။ "ချန်ပေ့.. အထဲက ဝိညာဉ်အမှတ်အသားကို ဖယ်ရှားပေးပါဗျ"

နဂါးလိပ်ကြီးသည် ရေဓာတ်ဝိညာဉ်ပုလဲကို ဖမ်းယူလိုက်ချိန်တွင် ၎င်း၏ မျက်လုံးများ၌ မလိုလားမှု အနည်းငယ် ထင်ဟပ်နေတော့သည်။

…

အခန်း ၄၈၁ ၊ အပိုင်း ၂ - ပုံရိပ်ယောင်အမွေအနှစ်နှင့် ရေဓာတ်ဝိညာဉ်ပုလဲကို ရယူခြင်း

ရေဓာတ်ဝိညာဉ်ပုလဲသည် နဂါးလိပ်ကြီးနှင့်အတူ နှစ်သောင်းပေါင်းများစွာကြာအောင် အတူရှိနေခဲ့သော်လည်း ယနေ့တွင်မူ ခွဲခွာရတော့မည်ဖြစ်သည်။ သို့သော် အကျိုးအပြစ်များကို ချိန်ဆတတ်ခြင်း၏ အရေးကြီးပုံကို နဂါးလိပ်ကြီးမှာ ကောင်းစွာနားလည်ထားပါ၏။

ရေဓာတ်ဝိညာဉ်ပုလဲကို ခေတ္တမျှ ပွတ်သပ်ယုယပြီးနောက်တွင်တော့ ၎င်းသည် အထဲမှ မိမိ၏ ဝိညာဉ်အမှတ်အသားကို ပြတ်သားစွာဖြင့် ဖျက်ပစ်လိုက်လေတော့သည်။ ထို့နောက် ပုလဲကို လုချင်းထံသို့ ပြန်ပေးလိုက်၏။

"ရေဓာတ်ဝိညာဉ်ပုလဲထဲက ဝိညာဉ်အမှတ်အသားကို ဖယ်ရှားပြီးသွားပြီ။ မင်းရဲ့ ကတိကို မင်း တည်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်"

လုချင်းသည် ရေဓာတ်ဝိညာဉ်ပုလဲကို လက်ခံရယူလိုက်ပြီးနောက် ၎င်း၏ စိတ်ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ ဝိညာဉ်အမှတ်အသားကို အမှန်တကယ် ဖျက်ပစ်ပြီးကြောင်း အတည်ပြုလိုက်နိုင်လေသည်။ သူက ချက်ချင်းပင် ပြုံးလိုက်ကာ "ချန်ပေ့... စိတ်ချပါ။ ကျွန်တော်က ကိုယ့်စကားကို ဖောက်ဖျက်တတ်တဲ့သူ မဟုတ်ပါဘူးဗျ"

ထို့နောက် သူ၏ ကျောက်စိမ်းပြားကို အောက်သို့ ပစ်ချပေးလိုက်သည်။

"ဒီကျောက်စိမ်းပြားထဲမှာ ချန်ပေ့ ရှာနေတဲ့အရာတွေ ပါပါတယ်"

နဂါးလိပ်ကြီးသည် ကျောက်စိမ်းပြားကို ဖမ်းယူလိုက်ပြီး ၎င်း၏ ဝိညာဉ်စွမ်းအားကို ထည့်သွင်းလိုက်လေသည်။ အထဲတွင် ဝိညာဉ်ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုပုံရိပ်ယောင်ထဲတွင် မှေးမှိန်နေသော ပုံစံဖြင့် လျှို့ဝှက်ဆန်းကြယ်လှသော သားရဲကြီးတစ်ကောင်က တိမ်တိုက်များထက်တွင် လဲလျောင်းနေလေသည်။

ရုတ်တရက် ထိုသားရဲကြီးက ၎င်း၏လက်သည်းကို လွှဲယမ်းလိုက်ရာ ကမ္ဘာလောကကြီးတစ်ခုလုံး ပြောင်းလဲသွားသကဲ့သို့ ဖြစ်သွားတော့၏။

ကျောက်စိမ်းပြားထဲရှိ ပုံရိပ်ယောင်၏ ရှင်းလင်းပြတ်သားမှုသည် ယခင်က လုချင်း ဝိညာဉ်ရေးရာမှတစ်ဆင့် ပေးပို့ခဲ့သည်ထက် များစွာ သာလွန်ကောင်းမွန်နေခဲ့သည်။ နဂါးလိပ်ကြီးသည် ထိုထူးဆန်းသော သားရဲကြီး၏ လက်သည်းတိုက်ခိုက်မှု လမ်းကြောင်းကို စောင့်ကြည့်လေ့လာလိုက်ရာ ၎င်း၏ စိတ်အစဉ်ထဲတွင် မရေမတွက်နိုင်သော ဉာဏ်အလင်းပွင့်မှုများ ပေါ်ထွက်လာခဲ့လေ၏။

လုချင်း ၎င်းကို မလှည့်စားခဲ့ကြောင်း သိလိုက်ရသောအခါ၌ နဂါးလိပ်ကြီးသည် အလွန်ဝမ်းသာသွားတော့သည်။ ထိုထူးဆန်းသော သားရဲကြီး၏ လက်သည်းသိုင်းကို ထပ်မံဆန်းစစ်ကြည့်လိုက်ရာ ၎င်း၏ အရေးကြီးပုံကို ပို၍ပင် သေချာလာခဲ့တော့၏။ ဤသိုင်းပညာရပ်ကိုသာ အပြည့်အဝ နားလည်သဘောပေါက်နိုင်မည်ဆိုလျှင် ၎င်း၏ ကျင့်ကြံခြင်းအဆင့်သည် အသေအချာပင် နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်သည်။

ယင်းကို သဘောပေါက်သွားသောအခါ ရေဓာတ်ဝိညာဉ်ပုလဲ ဆုံးရှုံးသွားခြင်းသည် ကြီးမားသော ဆုံးရှုံးမှုတစ်ခု မဟုတ်တော့ကြောင်း နဂါးလိပ်ကြီး ခံစားလိုက်ရတော့၏။ အဆိုးဆုံးအခြေအနေတွင် ပုလဲမရှိခြင်းက ၎င်း၏ ပြန်လည်နာလန်ထူမှုကို နှေးကွေးသွားစေရုံမျှသာ ရှိမည်ဖြစ်သည်။ ၎င်း၏ စွမ်းအားကို မြှင့်တင်ရေးဘက်တွင်မူ ပုလဲသည် သိပ်အရေးမပါလှပေ။ အမြင့်ဆုံးအခြေအနေသို့ ပြန်လည်ရောက်ရှိရန် အချိန်အနည်းငယ် ပိုယူရုံသာ ရှိပေမည်။

ကျယ်ပြောလှသော သမုဒ္ဒရာကြီးထဲတွင် ၎င်းအတွက် အမှန်တကယ် အန္တရာယ်ပြုနိုင်သော အရာဟူ၍ ဘာမျှမရှိချေ။ နဂါးလိပ်မျိုးနွယ်စုတွင် အချိန်နှင့် စိတ်ရှည်သည်းခံနိုင်စွမ်းဟူသည် ဘယ်သောအခါကမျှ ပြတ်လပ်သွားလေ့မရှိပေ။

ဆန့်ကျင်ဘက်အနေဖြင့် ကျောက်စိမ်းပြားထဲရှိ ဝိညာဉ်ပုံရိပ်ယောင်သည် နှစ်ပေါင်းသောင်းနှင့်ချီ၍ ၎င်းကို ပိတ်လှောင်ထားခဲ့သော ကျင့်ကြံခြင်းအတားအဆီးကို ဖြတ်ကျော်နိုင်ရန် ကူညီပေးနိုင်မည့် အခွင့်အလမ်း အလွန်များပြားလှလေ၏။ ဤရှုထောင့်မှကြည့်လျှင် ဤဖလှယ်မှုသည် အရှုံးမဟုတ်ဘဲ ကြီးမားလှသော အမြတ်အစွန်းတစ်ခုဖြစ်ကြောင်း နဂါးလိပ်ကြီး ခံစားလိုက်ရတော့သည်။

"ချန်ပေ့.. ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းအဆင့် ကန့်သတ်ချက်တွေကြောင့် ကျောက်စိမ်းပြားထဲက ဝိညာဉ်ပုံရိပ်ယောင်ကို ဆယ်ကြိမ်ပဲ ကြည့်လို့ရပါလိမ့်မယ်။ သေချာ အသုံးချပါဗျ" လုချင်းက သတိပေးလိုက်သည်။

"ဆယ်ကြိမ်..."

နဂါးလိပ်ကြီးသည် ခေတ္တမျှ မှင်တက်သွား၏။ ၎င်းသည် ထိုအချက်ကို သတိထားမိပြီး ဖြစ်လေသည်။ ပုံရိပ်ယောင်ကို ကြည့်ရှုလိုက်တိုင်း ၎င်း၏ ရှင်းလင်းပြတ်သားမှုက အနည်းငယ် မှေးမှိန်သွားလေ့ရှိသည်။ ဤအရာသည် ထာဝရအမွေအနှစ်တစ်ခု မဟုတ်ကြောင်းမှာ ထင်ရှားလှပေ၏။

သို့သော် ဤကဲ့သို့သော အမွေအနှစ်မျိုး ဖန်တီးရခြင်း၏ ခက်ခဲမှုကိုလည်း သူ ကောင်းစွာ နားလည်ထားပါ၏။ ပုံရိပ်ယောင်တစ်ခု ဖန်တီးဖော်ပြရန်မှာ အသုံးပြုလိုက်တိုင်း ဝိညာဉ်စွမ်းအားကို များစွာကုန်ခမ်းစေလေသည်။ နဂါးလိပ်ကြီးကိုယ်တိုင် ဤကဲ့သို့သော အမွေအနှစ်မျိုးကို ဖန်တီးရမည်ဆိုလျှင်တောင် အလားတူ ကန့်သတ်ချက်မျိုးနှင့် ရင်ဆိုင်ရမည်သာ။

ထို့ကြောင့် လုချင်းက သူ့ကို လှည့်စားနေခြင်းမဟုတ်ဘဲ အမှန်တရားကိုသာ ပြောနေခြင်းဖြစ်ကြောင်း သူ သိရှိထားလေသည်။ မည်သို့ပင်ဆိုစေ၊ ဆယ်ကြိမ်ဆိုသည်မှာ လုံလောက်လှပေ၏။

နဂါးလိပ်ကြီး၏ လက်သည်းများ အနည်းငယ် တင်းကျပ်သွားတော့၏။ ၎င်း၏ ကျင့်ကြံခြင်းစွမ်းအားဖြင့် သိုင်းပညာတစ်ခုကို ဆယ်ကြိမ်တိုင်တိုင် လေ့လာကြည့်ရှုပြီးသည့်တိုင် နားမလည်နိုင်သေးပါက ဤသိုင်းပညာရပ်သည် ၎င်းနှင့် ရေစက်မပါခြင်းသာ ဖြစ်ရပေမည်။ ထို့အပြင် လက်သည်းသိုင်းပညာနှင့်အတူ ၎င်းခံစားလိုက်ရသော ချိတ်ဆက်မှုအရ ၎င်း၏ အနှစ်သာရကို သဘောပေါက်ရန် ဆယ်ကြိမ်တောင် ကြိုးစားရန် လိုမည်မဟုတ်ပေ။

"ဟုတ်ပါတယ်.. ဆယ်ကြိမ်ပါပဲ။ ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းက အကန့်အသတ်ရှိနေလို့ ကျောက်စိမ်းပြားထဲက အမွေအနှစ်က ဒီအဆင့်လောက်အထိပဲ ရနိုင်မှာပါဗျ"

လုချင်းက ဆက်၍ ပြောလိုက်၏။ "ဒါပေမဲ့ ဆယ်ကြိမ်ကုန်သွားလို့မှ ချန်ပေ့က ဆက်ပြီး လေ့လာချင်သေးတယ်ဆိုရင် ဒီဆက်သွယ်ရေးအဆောင်ကို သုံးပြီး ကျွန်တော့်ကို ဆက်သွယ်လို့ ရပါတယ်"

စကားဆုံးသည်နှင့် လုချင်းက ကျောက်စိမ်းအဆောင်တစ်ခုကို အောက်သို့ ပစ်ချပေးလိုက်၏။ နဂါးလိပ်ကြီးသည် ထိုကျောက်စိမ်းအဆောင်ကို ဖမ်းယူရင်း ခေတ္တမျှ ကြောင်အသွားတော့သည်။

၎င်းသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် အသက်ရှင်နေထိုင်လာခဲ့သော်လည်း လူသားကျင့်ကြံသူတစ်ယောက်က ၎င်းအား ဆက်သွယ်ရေးအဆောင်တစ်ခုကို ယခုကဲ့သို့ မိမိသဘောဖြင့် ပေးအပ်ခြင်းမှာ ဤသည်က ပထမဆုံးအကြိမ်ပင် ဖြစ်လေသည်။ ယခင် ကျင့်ကြံခြင်းခေတ်က ၎င်းသိခဲ့ဖူးသော သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူနှစ်ဦးသည်ပင်လျှင် ၎င်းအပေါ် အမြဲတမ်း သတိထားနေခဲ့ကြသည် မဟုတ်ပါလော။

နဂါးလိပ်ကြီးသည် လုချင်းကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှမပြောဘဲ အဆောင်ကိုသာ လက်ခံလိုက်တော့၏။ ကျောက်စိမ်းပြားထဲက အကြိမ်ရေ မကုန်ခင် သိုင်းပညာကို သဘောပေါက်နိုင်မည်ဟု မိမိကိုယ်ကိုယ် ယုံကြည်ထားသော်လည်း မည်သည့်အရာမျှ ရာနှုန်းပြည့် သေချာသည်ဟူ၍ မရှိပေ။ အကယ်၍ နောက်ဆုံးတွင် အတားအဆီးကို မဖြတ်ကျော်နိုင်ခဲ့ပါက ဤလူငယ်လေးကို အားကိုးရကောင်း အားကိုးရနိုင်ပေမည်။

နဂါးလိပ်ကြီးက ဆက်သွယ်ရေးအဆောင်ကို လက်ခံလိုက်သည်ကို မြင်သောအခါ၌ လုချင်း၏ မျက်နှာပေါ်တွင် အပြုံးလေးတစ်ခု ပေါ်လာခဲ့တော့၏။ ဤနဂါးလိပ်ကြီးသည် ဤပင်လယ်ဒေသ၏ အရှင်သခင်ဖြစ်သည်မှာ အသေအချာပဲပင်။ ၎င်းနှင့် ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ထားခြင်းက များစွာ အကျိုးရှိပေလိမ့်မည်။

အဆုံးမဲ့နက်ရှိုင်းလှသည့်ပင်လယ်သည် လူသားများအတွက်တော့ မည်သူမျှ မစူးစမ်းရသေးသော တားမြစ်နယ်မြေတစ်ခုအဖြစ် အမြဲတမ်း ရှိနေခဲ့သည်။ ၎င်း၏ ရေနက်ပိုင်းတွင် မည်သို့သော ရတနာများ ပုန်းကွယ်နေမည်ကို မည်သူမှ မသိနိုင်ကြချေ။

ဤတွေ့ဆုံမှုသည် အလွန်ကောင်းမွန်သော အခွင့်အရေးတစ်ခုဖြစ်ပါ၏။ ဤရှေးဟောင်းနဂါးလိပ်ကြီးနှင့် ယုံကြည်မှုရှိသော ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်မည်ဆိုလျှင် အဆုံးမဲ့နက်ရှိုင်းသည့်ပင်လယ်ကို စူးစမ်းလေ့လာခွင့်ရလာနိုင်ပေသည်။

ထိုထက်ပို၍ အရေးကြီးသည်မှာ လုချင်းသည် နဂါးလိပ်ကြီး၏ သွေးမျိုးဆက်ကို အလွန်စိတ်ဝင်စားနေခြင်းပင်ဖြစ်သည်။ ၎င်း၏ သွေးမျိုးဆက်သည် နဝမ အတိဒုက္ခအဆင့် ဘိုးဘေးနဂါးကြီးနှင့် ဆက်စပ်နေလေသည်။ အကယ်၍ ၎င်းထံမှ အနည်းငယ်မျှ ရနိုင်မည်ဆိုလျှင် သူ့အတွက် အလွန်ကိုမှ တန်ဖိုးကြီးမားလှပေလိမ့်မည်။

သေချာသည်ကတော့ ဤကဲ့သို့သော ကိစ္စများကို အလျင်စလို လုပ်၍မရနိုင်ပေ။ အရာအားလုံးသည် နဂါးလိပ်ကြီးနှင့် အမှန်တကယ် ယုံကြည်မှုနှင့် ခင်မင်ရင်းနှီးမှု တည်ဆောက်နိုင်ခြင်း ရှိ၊ မရှိအပေါ်၌သာ မူတည်နေတော့လေ၏။

"ချန်ပေ့... အခု ကျွန်တော်တို့ရဲ့ အပေးအယူလည်း ပြီးသွားပြီဆိုတော့ ချန်ပေ့ရဲ့ ကျင့်ကြံခြင်းကို မနှောင့်ယှက်တော့ပါဘူးဗျ။ ကျွန်တော့်ကိုလည်း ပြန်ခွင့်ပြုပါဦးဗျ"

ထိုသို့ပြောပြီးနောက် လုချင်းသည် သူ့အောက်ရှိ ရွှေရောင်လှေပျံကို အသက်သွင်းလိုက်တော့၏။ ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်သွားပြီးနောက်တွင်တော့ သူသည် အရောင်ငါးသွယ် တောင်ပံပါ မြွေလေး ဝူရှင်းနှင့်အတူ အဝေးသို့ ပျံသန်းထွက်ခွာသွားတော့သည်။

နဂါးလိပ်ကြီးသည် ၎င်း၏ ဧရာမမျက်လုံးကြီးများကို ကျဉ်းမြောင်းလိုက်ရင်း ထွက်ခွာသွားသော လုချင်း၏ကျောပြင်ကို လှုပ်ရှားမှုမရှိဘဲ စောင့်ကြည့်နေလေ၏။ လုချင်း လုံးဝ ပျောက်ကွယ်သွားမှသာ သမုဒ္ဒရာထဲသို့ ဖြည်းဖြည်းချင်း နစ်ဝင်သွားကာ ရေနက်ပိုင်းဆီသို့ ဦးတည်သွားတော့၏။

လုချင်း၏ ပေါ်ပေါက်လာမှုက ၎င်းအား ယခင် ကျင့်ကြံခြင်းခေတ်မှ အသက်ရှင်ကျန်ရစ်သူတစ်ဦး ဖြစ်သော်ငြားလည်း ၎င်းသည် ပြိုင်ဘက်ကင်း တစ်ဦးမဟုတ်ကြောင်းကို သဘောပေါက်စေခဲ့ပါ၏။ ထို့ကြောင့် လာမည့်ရက်များတွင် ပို၍သတိထားကာဖြင့် ကျင့်ကြံခြင်းကသာ ပညာရှိရာရောက်ပေလိမ့်မည်။

ဤသည်က နဂါးလိပ်မျိုးနွယ်စု၏ အစဉ်အဆက် ခံယူချက်ပင်ဖြစ်သည်။ သူတို့၏ ဘိုးဘေးများထံမှ လက်ဆင့်ကမ်းလာခဲ့သော သင်ခန်းစာတစ်ခုလည်း ဖြစ်၏။ ဝိညာဉ်စွမ်းအင်များ ပြန်လည်နိုးထလာပြီးနောက်တွင်ပင် ၎င်းသည် အပြင်ထွက်ခြင်းထက် ရေနက်ပိုင်း၌သာ ပုန်းအောင်းနေရန် ရွေးချယ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အမြဲတမ်း ပိုမိုမြင့်မားသော ကောင်းကင်နှင့် ပို၍ပင်အားကောင်းသော သတ္တဝါများ ရှိနေမည်ကို ၎င်းက မည်သူ့ထက်မဆို ပို၍ကောင်းစွာ သိရှိထားသောကြောင့်ပင်။

တစ်စုံတစ်ယောက်သည် ကမ္ဘာလောကတစ်ခုလုံးကို ကြီးစိုးနိုင်လျှင်တောင်မှ ထိုထက်ပို၍ အားကောင်းသော ဖြစ်တည်မှုများ မရေမတွက်နိုင်အောင် ရှိနေဦးမည်သာဖြစ်သည်။ ဥပမာအားဖြင့် သွေးမျိုးဆက် အနည်းငယ်မျှသာ ချန်ရစ်ခဲ့သော်လည်း နဂါးလိပ်မျိုးနွယ်စုတစ်ခုလုံးကို မွေးဖွားပေးနိုင်လောက်အောင် အစွမ်းထက်လှသော ထိုဖြစ်တည်မှုမျိုးပင်တည်း။

ပင်လယ်ပြင်ကြီးသည် လှိုင်းတံပိုးများ တစ်ဟုန်ထိုး ထသောင်းကျန်းခဲ့ပြီးနောက် တဖြည်းဖြည်းနှင့် ပြန်၍ငြိမ်သက်သွားခဲ့ပြန်လေရာ ထိုနေရာ၌ မည်သည့်အရာမျှ မဖြစ်ပွားခဲ့ဖူးသည့်အလားပင်။

ဤနေရာတွင် ကြီးကျယ်ခမ်းနားသော အဖြစ်အပျက်တစ်ခု ယခုလေးတင် ဖြစ်ပွားသွားခဲ့ကြောင်းကိုတော့ မည်သူတစ်ဦးတစ်ယောက်မျှ သိမနေခဲ့ကြချေ။

...

သူ၏ ရွှေရောင်လှေပျံကို စီးလျက် လုချင်းသည် မရပ်မနား ဆက်လက် ခရီးနှင်ခဲ့လေသည်။ အချိန်သိပ်မကြာမီမှာပင် သူသည် ကျိုးလီရွာသို့ ပြန်၍ရောက်ရှိလာခဲ့၏။ အိမ်သို့ ရောက်ရှိချိန်တွင် ကောင်းကင်ယံသည် နေဝင်ဆည်းဆာအချိန်သို့ ရောက်ရှိနေပြီဖြစ်သည်။ အရှေ့ပင်လယ်၏ ရေနက်ပိုင်းသို့ သွားရောက်ခဲ့သော ဤခရီးစဉ်တစ်ခုလုံးသည် သူ့အတွက် တစ်ရက်တောင် အချိန်မယူခဲ့ရပေ။

"အားချင်း.. ပြန်လာပြီပေါ့"

လုချင်း၏ တည်ရှိမှုကို အာရုံခံမိသည်နှင့် ရှောင်လီသည် ချက်ချင်းပင် ပြေးထွက်လာခဲ့လေသည်။

"ကိုကို" ရှောင်ယန်ကလည်း ဝမ်းသာအားရဖြင့် သူ့ထံသို့ ပြေးလာခဲ့၏။

ထိုအချိန်တွင် ကလေးနှစ်ယောက်စလုံး အိမ်၌ရှိနေခဲ့ခြင်းပင်။

"အင်း..ကိုကို ပြန်ရောက်ပြီ"

ကလေးနှစ်ယောက်ကို နှစ်သိမ့်ချော့မြှူပြီးနောက် လုချင်းသည် သူ၏ တရားထိုင်သည့်အခန်းသို့ ပြန်လာခဲ့ပြီး ရေဓာတ်ဝိညာဉ်ပုလဲကို ထုတ်ယူလိုက်တော့သည်။

….

အခန်း ၄၈၂ - ဝိညာဉ်ပုလဲငါးလုံး စုဆုံမိခြင်း၊ အရောင်ငါးသွယ် နတ်ဘုရားအလင်းတန်း

"နောက်ဆုံးတော့ ငါ ဝိညာဉ်ပုလဲ ငါးလုံးစလုံးကို စုဆောင်းနိုင်ခဲ့ပြီပဲ"

ရေဓာတ်ဝိညာဉ်ပုလဲကို လက်ဖဝါးထဲတွင် ကိုင်ထားရင်း လုချင်း၏ ရင်ထဲ၌ စိတ်ခံစားမှုလှိုင်းလုံးများ တစ်ဟုန်ထိုး တက်လာသည်ကို မထိန်းချုပ်နိုင်ခဲ့ပေ။

သူဖြစ်နေ၍သာ တော်တော့သည်။ အခြားတစ်ယောက်ယောက်သာဆိုလျှင် ရွှေအမြုတေအဆင့် သို့မဟုတ် သန္ဓေသားဝိညာဉ်အဆင့်တွင် ရှိနေသူများပင်လျှင် ဝိညာဉ်ပုလဲ ငါးလုံးစလုံးကို စုဆောင်းရန် အလွန်တရာ ခက်ခဲလိမ့်မည်ပင်။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်ပုလဲ ငါးလုံးစလုံးသည် မတူညီသော စွမ်းအားရှင်အသီးသီး၏ လက်ထဲသို့ ကျရောက်နေခဲ့သောကြောင့်ပင်။

ရေခဲနန်းတော်ပဲဖြစ်ဖြစ်၊ တတိယသခင်ကြီးပဲဖြစ်ဖြစ် သူတို့ထံမှ ဝိညာဉ်ပုလဲများကို ရယူရန်မှာ လွယ်ကူသော အလုပ်မဟုတ်ချေ။

အထူးသဖြင့် ထိုနဂါးလိပ်အိုကြီးပင်။

အကယ်၍ သူကသာ နဂါးလိပ်ကြီးကို အငိုက် မဖမ်းနိုင်ခဲ့လျှင်၊ ထို့ပြင် ၎င်းအလိုရှိနေသော အရာကို အတိအကျ မပိုင်ဆိုင်ထားခဲ့လျှင် သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် ရေဓာတ်ဝိညာဉ်ပုလဲကို လုယူရန် ရုန်းကန်ရမည်မှာ ကျိန်းသေပေါက်ပဲပင်။

နဂါးလိပ်ကြီး၏ စွမ်းရည်များဖြင့်ဆိုလျှင် ၎င်းက ပင်လယ်ထဲတွင် ရှိနေသရွေ့ မည်သူမျှ ထိခိုက်အောင် မလုပ်နိုင်သလောက်ပင် ဖြစ်လေသည်။

ပုလဲကို ခေတ္တမျှ ငေးကြည့်နေပြီးနောက် လုချင်းသည် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ဆန့်ထုတ်ကာ ရေဓာတ်ဝိညာဉ်ပုလဲအတွင်းသို့ စူးစမ်းဝင်ရောက်လိုက်၏။ နဂါးလိပ်ကြီးက ၎င်း၏ ဝိညာဉ်အမှတ်အသားကို အထဲမှ ဖျက်ပစ်ပြီးဖြစ်သောကြောင့် လုချင်းသည် ပုလဲ၏ အလယ်ဗဟိုတွင် သူ၏ကိုယ်ပိုင် ဝိညာဉ်အမှတ်အသားကို အလွယ်တကူပင် ချန်ထားနိုင်ခဲ့လေသည်။

အပြည့်အဝ သန့်စင်ပြီးသွားသောအခါ ရေဓာတ်ဝိညာဉ်ပုလဲသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ လုချင်း၏ မျက်ခုံးကြားမှ စွမ်းအင်အချက်အချာနေရာထဲသို့ ပစ်ဝင်သွားပြီး ထိုနယ်မြေ၏ အလယ်ဗဟိုဆီသို့ တန်းတန်းမတ်မတ်ပင် ဦးတည်သွားတော့သည်။

တစ်ချိန်တည်းမှာပင် အခြားဝိညာဉ်ပုလဲ လေးလုံးကလည်း တုံ့ပြန်လာကြပြီး အသစ်ရောက်လာသော ပုလဲအတွက် နေရာဖယ်ပေးရန် အနည်းငယ် ရွေ့လျားသွားကြလေ၏။

ရေဓာတ်ဝိညာဉ်ပုလဲသည် စွမ်းအင်အချက်အချာနယ်မြေအတွင်းသို့ ချောမွေ့စွာ ပေါင်းစပ်ဝင်ရောက်သွားပြီးနောက်၌ မြေဓာတ်ဝိညာဉ်ပုလဲကို ဗဟိုပြုကာ ရှုပ်ထွေးနက်နဲသော လမ်းကြောင်းတစ်ခုအတိုင်း စတင်လှည့်ပတ်သွားတော့သည်။

ရွှေ၊ သစ်၊ ရေ၊ မီး ။

ယင်းဝိညာဉ်ပုလဲ လေးလုံးသည် မြေဓာတ်ဝိညာဉ်ပုလဲကို ကောင်းကင်ရုပ်ကလာပ်များကဲ့သို့ ဝန်းရံလျက် လျှို့ဝှက်ဆန်းကြယ်သော စည်းချက်တစ်ခုဖြင့် လှည့်ပတ်နေကြလေသည်။

အကြိမ်အနည်းငယ် လှည့်ပတ်ပြီးနောက် ဝိညာဉ်ပုလဲ ငါးလုံးသည် ရုတ်တရက် တစ်ပြိုင်နက်တည်း တုန်ခါသွားကာ နက်ရှိုင်းပြီး လျှို့ဝှက်ဆန်းကြယ်သော ချိတ်ဆက်မှုတစ်ခုကို ဖန်တီးလိုက်ကြ၏။ ထို့နောက်၌ ပြီးပြည့်စုံသော သဟဇာတဖြစ်မှုနှင့် ပြည့်စုံမှု ခံစားချက်တစ်ခုက အတွင်းပိုင်းမှနေ၍ ပျံ့နှံ့ထွက်ပေါ်လာတော့သည်။

ပုလဲငါးလုံးသည် တစ်သားတည်းအဖြစ် ပေါင်းစပ်သွားကာ သူတို့၏ ချိတ်ဆက်မှုမှာ ခွဲခြား၍မရနိုင်လောက်အောင် ဖြစ်သွားလေသည်။ ယခုအခါ ဓာတ်ကြီးငါးပါးသည် ပြည့်စုံသွားပြီပင်။ အရောင်များ ရောယှက်သွားပြီးနောက်တွင်တော့ မျက်စိဖြင့်မမြင်ရသော စွမ်းအားတစ်ခုက လှိုင်းလုံးကြီးများအလားနှယ် ရိုက်ခတ်လာပြီး သူတို့၏ စွမ်းအားများက တစ်ဟုန်ထိုး မြင့်တက်သွားတော့၏။

အထူးသဖြင့် အလယ်ဗဟိုရှိ မြေဓာတ်ဝိညာဉ်ပုလဲသည် ထူထပ်သော အဝါရောင်အလင်းဖြင့် တောက်ပလာပြီး အရွယ်အစား ကြီးမားလာလေသည်။ တစ်ချိန်တည်းမှာပင် အခြားပုလဲလေးလုံးမှ ဖြာထွက်နေသော စွမ်းအင်များသည် စုဆုံသွားကာ မြေဓာတ်ဝိညာဉ်ပုလဲထဲသို့ စီးဝင်သွားတော့၏။

လုချင်းသည် လုပ်ငန်းစဉ်တစ်ခုလုံးကို အသေအချာ စောင့်ကြည့်နေခဲ့ပါ၏။ ဝိညာဉ်ပုလဲ ငါးလုံးစလုံး စုဆုံမိခြင်း၏ အကျိုးသက်ရောက်မှုကို သူ အလွန်အမင်းကိုမှ မျှော်လင့်နေခဲ့ခြင်းဖြစ်သည်။ ပုလဲလေးလုံးမှ စွမ်းအင်လှိုင်းများ မြေဓာတ်ဝိညာဉ်ပုလဲထဲသို့ ပေါင်းစပ်ဝင်ရောက်သွားသည့် အခိုက်အတန့်တွင် သူ၏ နှလုံးသားနှင့် စိတ်အစဉ်တို့ တုန်ခါသွားလေတော့သည်။

အလွန်အမင်း အစွမ်းထက်သော အားဆေးတစ်ခွက်ကို သောက်သုံးလိုက်ရသည့်အလား သူ၏ စိတ်ဝိညာဉ်သည် တစ်ဟုန်ထိုး ဆူပွက်လာပြီး လျင်မြန်စွာ အားကောင်းလာတော့၏။ မြေဓာတ်ဝိညာဉ်ပုလဲထဲတွင် ကိန်းအောင်းနေသော ဝိညာဉ်အဆောင်ကလည်း တောက်ပစွာ လင်းလက်လာလေသည်။

သူ၏ မျက်ခုံးကြားမှ စွမ်းအင်အချက်အချာနယ်မြေအတွင်း၌ နက်ရှိုင်းလှသော အသွင်ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်နေတော့သည်။

အချိန်အတော်ကြာပြီးနောက် မျက်ခုံးကြားမှ စွမ်းအင်အချက်အချာနယ်မြေ ငြိမ်သက်သွားသောအခါ လုချင်းက သူ့ကိုယ်သူ ပြန်လည်စစ်ဆေးကြည့်လိုက်ရာ သူ၏ ဝိညာဉ်စွမ်းအားသည် အနည်းဆုံး အဆပေါင်းများစွာ မြင့်တက်သွားကြောင်းကို တွေ့ရှိလိုက်ရပါတော့၏။

စွမ်းအင်အချက်အချာနယ်မြေကိုယ်တိုင်ကလည်း အသွင်ပြောင်းလဲမှုတစ်ခုကို ဖြတ်သန်းသွားခဲ့ပြီပင်။ ပြိုင်ဘက်ကင်းလောက်အောင် တည်ငြိမ်သွားသည်သာမက ယခုအခါ၌ ခပ်ဖျော့ဖျော့ ခရမ်းရောင်အလင်းတန်းတစ်ခုကိုပါ ဖြာထွက်နေတော့၏။ မြေဓာတ်ဝိညာဉ်ပုလဲအတွင်းရှိ ဝိညာဉ်အဆောင်ပင်လျှင် ခပ်ဖျော့ဖျော့ ခရမ်းရောင်အလင်းကို ထုတ်လွှတ်နေကာ မွန်မြတ်ပြီး လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်များကို ဆောင်ကြဉ်းနေလေသည်။

"မျက်ခုံးကြားက ခရမ်းရောင်စွမ်းအင်အချက်အချာနယ်မြေလား"

ထိုမြင်ကွင်းကြောင့် လုချင်းသည် ခေတ္တမျှ မှင်တက်သွားတော့၏။ သူ အမွေဆက်ခံရရှိထားသော ကျင့်ကြံခြင်းနည်းလမ်းများအရ သန္ဓေသားဝိညာဉ်အဆင့် စွမ်းအားရှင်များသာလျှင် ခရမ်းရောင်အသွင်ရှိသော မျက်ခုံးကြားမှ စွမ်းအင်အချက်အချာနယ်မြေကို ပိုင်ဆိုင်နိုင်ကြလေသည်။

သို့သော် သူသည် ရွှေအမြုတေအဆင့် ဒုတိယအသွင်ပြောင်းခြင်း၌သာ ရှိသေးသော်လည်း ဤအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ဤသည်မှာ ဤအသွင်ပြောင်းလဲမှုအပြီးတွင် သူ့မျက်ခုံးကြားမှ စွမ်းအင်အချက်အချာနယ်မြေနယ်မြေ၏ တည်ငြိမ်မှုသည် သန္ဓေသားဝိညာဉ်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ အဆင့်သို့ နီးပါးရောက်ရှိနေပြီဖြစ်ကြောင်း ဆိုလိုနေလေ၏။

"ပြီးတော့ ငါ့ရဲ့ ဝိညာဉ်စွမ်းအားကလည်း..."

လုချင်းသည် သူ၏ ဝိညာဉ်စွမ်းအားကို စစ်ဆေးကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်သွားတော့၏။ သူသည် ပြီးပြည့်စုံသော ရွှေအမြုတေကို ဖန်တီးထားပြီးဖြစ်၍ သူ၏ ဝိညာဉ်စွမ်းအားမှာ တူညီသော အဆင့်ရှိ အခြားကျင့်ကြံသူများထက် သိသိသာသာ ပိုမိုအားကောင်းနေခဲ့ပြီးဖြစ်သည်။

ယခု ဝိညာဉ်ပုလဲငါးလုံးကို စုဆောင်းရရှိပြီးနောက်တွင်တော့ သူ၏ ဝိညာဉ်စွမ်းအားသည် အဆပေါင်းများစွာ ထပ်မံမြင့်တက်သွားခဲ့ပြန်၏။ သူ၏ ခန့်မှန်းချက်အရ လက်ရှိ သူ၏ ဝိညာဉ်စွမ်းအားသည် သတ္တမအသွင်ပြောင်းမှု ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးထက်ပင် သာလွန်နေလောက်ပြီဖြစ်သည်။

ထို့အပြင် ဤအရာက သူ၏ အကန့်အသတ်မဟုတ်ကြောင်းကိုလည်း သူ ခံစားသိရှိနေလေသည်။ ယခုလေးတင် ဖြတ်သန်းခဲ့ရသော အသွင်ပြောင်းလဲမှုသည် အပြင်းထန်ဆုံး အဆင့်သာလျှင် ဖြစ်၏။ ယခုအခါ ဝိညာဉ်ပုလဲ ငါးလုံးသည် သူ၏ ဝိညာဉ်စွမ်းအားကို ဆက်လက် အာဟာရဖြည့်တင်းပေးနေဆဲဖြစ်ပြီး ၎င်းကို နှေးကွေးသော နှုန်းဖြင့် ဖြစ်သော်ငြား မှန်မှန် ကြီးထွားလာစေလေသည်။

တစ်ချိန်တည်းမှာပင် သူ၏ ရုပ်ခန္ဓာသည်လည်း ဤအသွင်ပြောင်းလဲမှုမှတစ်ဆင့် ပို၍အားကောင်းလာကြောင်းကို သူ ခံစားမိခဲ့ပါ၏။ သို့သော် ဝိညာဉ်စွမ်းအားလောက်တော့ သိသိသာသာ ကြီးမားလှခြင်း မရှိပေ။

"ဒီလိုကိုး.. ဒီဝိညာဉ်ပုလဲ ငါးလုံးက ဒီကမ္ဘာလောကကြီးရဲ့ ဓာတ်ကြီးငါးပါး မူလအနှစ်သာရကနေ မွေးဖွားလာခဲ့တာပဲ။ သူတို့ထဲမှာ သဘာဝတရားရဲ့ အခြေခံစွမ်းအားတွေ ပါနေတယ်။ ပုလဲငါးလုံးစလုံး စုဆုံသွားတဲ့အခါကျ ဓာတ်ကြီးငါးပါးက ပြီးပြည့်စုံတဲ့ လည်ပတ်မှုတစ်ခုကို ရောက်သွားတယ်။ ပြီးတော့ အဆုံးအစမရှိ အပြန်အလှန် အထောက်အပံ့ပေးရင်းနဲ့ အသစ်ပြန်ပြီးဖြစ်တည်နေကြတယ်လေ။

ဒါကပဲ သူတို့ကို အာဟာရဖြည့်တင်းဖို့အတွက် အမြင့်မြတ်ဆုံး ရတနာတစ်ခု ဖြစ်လာစေတာပေါ့။ ဝိညာဉ်စွမ်းအားနဲ့ ရုပ်ခန္ဓာကို အာဟာရဖြည့်တင်းပေးပြီး သိသိသာသာ တိုးတက်စေရုံတင် မကဘူး... သူတို့က အဆင့်မြင့် ကာကွယ်ရေး ဝိညာဉ်လက်နက်တစ်ခုနဲ့ တန်းတူညီမျှတဲ့ ထူးကဲလှတဲ့ ကာကွယ်ရေးစွမ်းအားကိုပါ ပေးစွမ်းနိုင်သေးတယ်လေ"

လုချင်းသည် သူ၏ မျက်ခုံးကြားမှ စွမ်းအင်အချက်အချာနယ်မြေအတွင်း သဟဇာတဖြစ်စွာ လှည့်ပတ်နေသော ဝိညာဉ်ပုလဲ ငါးလုံးကို စောင့်ကြည့်နေစဉ် သူ၏ စိတ်ထဲ၌ နက်ရှိုင်းလှသော ဉာဏ်အလင်းပွင့်မှုများ ပေါ်ထွက်လာခဲ့သည်။ သူ လက်ကို ဆန့်ထုတ်လိုက်ရာ အရောင်ငါးသွယ် အလင်းတန်းတစ်ခုက သူ၏လက်ဖဝါးထဲတွင် ပေါ်လာတော့၏။

ထိုအလင်းတန်း ပေါ်လာသည်နှင့် တစ်ပြိုင်နက် ၎င်း၏ လွှမ်းမိုးမှုအောက်တွင် ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် တွန့်လိမ်သွားတော့သည်။ ဝိညာဉ်ပုလဲ ငါးလုံးစလုံးကို စုဆောင်းပြီးနောက်၌ သူ စွမ်းရည်အသစ်တစ်ခုကို ရရှိခဲ့လေပြီပင်။ ဤအရောင်ငါးသွယ် နတ်ဘုရားအလင်းတန်းပင် ဖြစ်သည်။

၎င်းတွင် ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားများ ပါဝင်နေသည်။ ဓာတ်ကြီးငါးပါးစလုံးကို ပေါင်းစပ်ထားသောကြောင့် ၎င်းသည် အရာခပ်သိမ်းကို ချေမှုန်းနိုင်စွမ်းရှိပြီး လေဟာနယ်ကိုပင် အကျိုးသက်ရောက်နိုင်လေ၏။ သာမန် ရွှေအမြုတေအဆင့် ကျင့်ကြံသူများဆိုလျှင် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် ချက်ချင်း ကြေမွသွားမည်ပင်။

"ဒီအရောင်ငါးသွယ် နတ်ဘုရားအလင်းတန်းက... ဒဏ္ဍာရီထဲက အရောင်ငါးသွယ် နတ်ဘုရားရောင်ခြည်ရဲ့ အရိပ်အယောင်လေး ပါနေသလိုပဲ"

လက်ဖဝါးထဲမှ တောက်ပနေသော အလင်းတန်းကို ငေးကြည့်ရင်း လုချင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ထိုအခိုက်တွင် သူ့အတိတ်ဘဝက ဒဏ္ဍာရီပုံပြင်အချို့ကိုပင် သူ ပြန်၍အမှတ်ရသွားခဲ့၏။

သို့သော်လည်း ၎င်း၏ အလွန်အမင်း အစွမ်းထက်လှသော စွမ်းအားများ ရှိနေသော်ငြား အရောင်ငါးသွယ် နတ်ဘုရားအလင်းတန်းကို အသက်သွင်းရာတွင် ဝိညာဉ်စွမ်းအင်အမြောက်အမြားကို စားသုံးပစ်ခဲ့လေသည်။ ယခု ဖန်တီးလိုက်ရုံမျှဖြင့်ပင် သူ၏ ဝိညာဉ်စွမ်းအင်များသည် ဆည်ကျိုးသကဲ့သို့ အဟုန်ပြင်းစွာ စီးထွက်သွားပြီး စိုးရိမ်ဖွယ်ကောင်းလောက်အောင် လျင်မြန်စွာ ကုန်ခမ်းသွားသည်ကို သူ ခံစားသိရှိနေရပါ၏။

အကယ်၍ ၎င်းကိုသာ အစွမ်းကုန် အသုံးပြုလိုက်မည်ဆိုလျှင် သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့် တိုက်ခိုက်မှု အကြိမ်အနည်းငယ် ပြုလုပ်ပြီးသည်နှင့် စွမ်းအင်များ ခန်းခြောက်သွားမည်သာဖြစ်သည်။ ထို့ကြောင့် အရောင်ငါးသွယ် နတ်ဘုရားအလင်းတန်းသည် မယုံနိုင်လောက်အောင် အစွမ်းထက်သော လျှို့ဝှက်လက်နက်တစ်ခု ဖြစ်သော်လည်း သူ အလွယ်တကူ အသုံးပြု၍ မရနိုင်သေးချေ။

သို့သော်လည်း လုချင်းသည် ကျေနပ်ရုံထက်ပို၍ ကျေနပ်နေခဲ့ပြီဖြစ်၏။

သူ၏ ဓာတ်ကြီးငါးပါး ဘူးသီးခြောက်သည် ဒျန်ထျန်အတွင်း၌ သူ၏ ရုပ်ခန္ဓာကို အာဟာရဖြည့်တင်းပေးပြီး ဝိညာဉ်ပုလဲ ငါးလုံးကမူ မျက်ခုံးကြားမှ စွမ်းအင်အချက်အချာနယ်မြေအတွင်း၌ သူ၏ ဝိညာဉ်စွမ်းအားကို အာဟာရဖြည့်တင်းပေးနေလေသည်။

သူ၏ ရုပ်ခန္ဓာကို အားကောင်းစေသည့် တစ်ခုနှင့် ဝိညာဉ်ကို ကြံ့ခိုင်စေသည့် နောက်တစ်ခု။

ဤအမြင့်မြတ်ဆုံး ရတနာနှစ်ပါးသည် သူ၏အလားအလာများကို အဆပေါင်းများစွာ တိုးချဲ့ပေးလိုက်လေ၏။

သူ၏ ကျင့်ကြံခြင်းအမြန်နှုန်းသည် သိသိသာသာ မြန်ဆန်လာမည်သာမက သူ၏ ရုပ်ခန္ဓာနှင့် ဝိညာဉ်သည်လည်း အမြင့်မားဆုံး အတိုင်းအတာအထိ အကာအကွယ်ပေးခံထားရမည်ပင်။ ဤရတနာနှစ်ပါးရှိနေသရွေ့တော့ သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရလျှင်တောင်မှ သူသည် လုံးဝ ခုခံကာကွယ်နိုင်စွမ်းမဲ့နေမည် မဟုတ်တော့ချေ။

ဝိညာဉ်ပုလဲ ငါးလုံးစလုံးကို စုဆောင်းရန်အတွက် သူ၏ ကြိုးပမ်းအားထုတ်မှုနှင့် ရုန်းကန်မှုအားလုံးသည် အမှန်တကယ်ပင် တန်ဖိုးရှိခဲ့ပြီဖြစ်သည်။

သေချာသည်ကတော့ ဤမျှ ကြီးမားလှသော အကျိုးကျေးဇူးများသည် တန်ဖိုးတစ်ခုကိုတော့ ပေးဆပ်ရမည်သာ။ လုချင်း၏ ရုပ်ခန္ဓာနှင့် ဝိညာဉ်ရေးရာ အလားအလာများသည် ထပ်မံမြင့်တက်သွားခဲ့သော်လည်း ထိုအရာနှင့်အတူ သူ၏ အဆင့်တက်ရန် လိုအပ်ချက်များသည်လည်း မိုးထိအောင် မြင့်တက်သွားခဲ့ပြီဖြစ်၏။ ဤကမ္ဘာလောကရှိ လက်ရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းဆဖြင့်ဆိုလျှင် သူ၏ ကျင့်ကြံခြင်းသည် ပိုမို၍သာ ခက်ခဲလာတော့မည်ပင်။

"ကြည့်ရတာ ငါ မြင့်မြတ်သောတောင်တော်မှာ တံခါးပိတ်ကျင့်ကြံဖို့ အချိန်ပိုပေးရတော့မယ် ထင်တယ်"

လုချင်း သက်ပြင်းချလိုက်၏။ ကျိုးလီရွာရှိ ဝိညာဉ်စွမ်းအင်သည် သာမန် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး သက်သောင့်သက်သာ လေ့ကျင့်နိုင်ရန် လုံလောက်စွာ ပေါများလှသည်။ သို့သော် သူ့အတွက်တော့ လိုအပ်ချက်နှင့် အလွန်အမင်းကွာဟနေလေ၏။

တစ်ချိန်က သူ မှီခိုအားထားခဲ့ရသော ချန်ဟန့်တောင်တန်းအောက်ရှိ ဝိညာဉ်သွေးကြောများပင်လျှင် ယခုအခါ သူ၏ လိုအပ်ချက်များကို အနည်းအကျဉ်းမျှသာ ဖြည့်ဆည်းပေးနိုင်တော့သည်။ သို့ဖြစ်၍ သူ၏ ကျင့်ကြံခြင်းကို ထောက်ပံ့ပေးနိုင်မည့် တစ်ခုတည်းသော နေရာမှာ မြင့်မြတ်သောတောင်တော်ရှိ ဂူသာလျှင် ရှိတော့၏။

All Chapters