အခန်း ၁၃၀
Vol. 13 Ch. 130
အခန်း(၁၃၀) ဝမ်ထျဲ့ကျွင်း၏ ညည်းတွားသံ
သောက်ပြီးသွားပြီ ဖြစ်၏။
တစ်စက်မျှ မကျန်တော့ပေ။
ချူးရှန့်က အရသာခံနေသည့်အလား သူ၏ နှုတ်ခမ်းများကို လျှာဖြင့်ပင် သပ်လိုက်သေးသည်။
ထို့နောက် သူက ခံစားချက်ကင်းမဲ့နေသော အမူအရာဖြင့်ပင် ပန်းကန်အလွတ်ကို လင်းဝမ်ချင့်ထံသို့ ပြန်ပေးလိုက်ပြီး အံကြိတ်ထားသော သွားများကြားမှ စကားလုံး နှစ်လုံးကို ညှစ်ထုတ်လိုက်၏။
"ကောင်းတယ်..."
လင်းဝမ်ချင့်၏ မျက်နှာမှာ သွေးထွက်လာမတတ် ချက်ချင်း နီရဲသွားခဲ့သည်။
သူမ တစ်ကိုယ်လုံး ပျော်ရွှင်မှု အငွေ့အသက်များကြောင့် မူးမေ့လုမတတ် ဖြစ်သွားခဲ့ပြီး ပန်းကန်ကို ဝေဝေဝါးဝါးဖြင့် လှမ်းယူလိုက်ကာ ခေါင်းငုံ့ထားပြီး ချူးရှန့်၏ မျက်နှာကိုပင် မကြည့်ရဲတော့ချေ။
သူမ၏ မျက်နှာချင်းဆိုင်ရှိ ချင်ယွိပင်း၏ အမူအရာမှာမူ ရစ်ချ်တာစကေး ၁၂ အဆင့်ရှိသော ငလျင်ကြီးတစ်ခုကို ယခုလေးတင် ကြုံတွေ့လိုက်ရသည့်အလား ဖြစ်နေခဲ့၏။
အံ့အားသင့်မှုမှနေ၍ တုန်လှုပ်မှု... ထိုမှတစ်ဆင့် မယုံကြည်နိုင်မှုတို့ ဖြစ်ပေါ်လာပြီး နောက်ဆုံးတွင် ရေခဲတောင်ကြီး ပြိုကျခါနီးအချိန်မှ မှုန်မှိုင်းသော အခြေအနေသို့ ရပ်တန့်သွားခဲ့သည်။
လှပသော ထိုမျက်လုံးများထဲတွင် အရှက်ရမှုနှင့် ဒေါသ မီးတောက်များ လောင်ကျွမ်းနေခဲ့၏။
စီးပွားရေးလောက၏ ဘုရင်မတစ်ပါးဖြစ်သော ချင်ယွိပင်းအနေဖြင့် မည်သည့်အချိန်က ဤမျှလောက် အရှက်ခွဲခံခဲ့ရဖူးသနည်း။
သူမ လက်ဆောင်ပေးခဲ့သောအရာကဘာလဲ။
ကျန်းချန်ရဲတပ်ဖွဲ့ တစ်ခုလုံး၏ အမှုတွဲဖြေရှင်းရေး စွမ်းဆောင်ရည်ကို အတိုင်းအတာ တစ်ခုအထိ မြှင့်တင်ပေးနိုင်သည့် ယွမ်သန်းဆယ်ချီ တန်ဖိုးရှိသော စစ်ဘက်ဆိုင်ရာအဆင့် နည်းပညာ မဟုတ်ပါလော။
အခြားတစ်ဖက်က လက်ဆောင်ပေးခဲ့သည်မှာ ဘာလဲ။
ကြက်သားစွပ်ပြုတ် တစ်ပန်းကန်။
အလွန်ဆုံး တန်ဖိုးရှိလှ ယွမ်ဆယ်ဂဏန်းလောက်သာ ရှိသော ကြက်သားစွပ်ပြုတ် တစ်ပန်းကန်သာဖြစ်၏။
နောက်ဆုံးတွင် သူက ကြက်သားစွပ်ပြုတ်ကို ရွေးချယ်ခဲ့သည်လော။
လူတိုင်းရှေ့မှာပင် သူက ထိုစောက်သုံးမကျသော ကြက်သားစွပ်ပြုတ်ကို ရွေးချယ်ခဲ့သည်လော။
ကွပ်ကဲမှုစင်တာ တစ်ခုလုံး တိတ်ဆိတ်သွားခဲ့၏။
လေထုကပင် အေးခဲသွားသကဲ့သို့ ရှိနေသည်။
စောစောက ဆူညံနေခဲ့ကြသော ရဲအရာရှိများ အားလုံးမှာ ယခုအခါ ဆောင်းရာသီမှ ပိုးကောင်ငယ်လေးများအလား တိတ်ဆိတ်နေကြပြီး အသက်ကိုပင် ပြင်းပြင်း မရှူရဲကြတော့ချေ။
သူတို့က အတင်းအဖျင်းတစ်ခုကို ကြည့်နေရခြင်းမဟုတ်ဘဲ ပေါက်ကွဲတော့မည့် နျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခုကို ဝန်းရံကြည့်ရှုနေရသည်ဟု ခံစားလိုက်ရ၏။
ဝမ်ထျဲ့ကျွင်း၏ ပါးစပ်ထဲမှ သကြားလုံးမှာ မြေကြီးပေါ်သို့ "ဘုတ်" ဟူသော အသံနှင့်အတူ ကျသွားခဲ့သည်။
သူက ချင်ယွိပင်း၏ တဖြည်းဖြည်း ဖြူရော်လာသော မျက်နှာကို ကြည့်လိုက်ပြီး သူ၏ နှလုံးခုန်နှုန်း တစ်ချက် ရပ်တန့်သွားခဲ့၏။
ပြီးသွားပြီ။
ပြဿနာကြီးတက်ပြီပဲ။
ချူးရှန့်လို တုံးအအကောင်က ဒါမျိုးကို တကယ်လုပ်ရဲတာပဲ။
ဤသေမတတ် တိတ်ဆိတ်နေမှုကြားထဲတွင်။
ချင်ယွိပင်းက ရုတ်တရက် ပြုံးလိုက်၏။
သူမက တောက်ပပြီး ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သော်လည်း မည်သည့် နွေးထွေးမှုမျှ မရှိခဲ့ချေ။
"ကောင်းပြီ..."
သူမက စကားလုံးတစ်လုံးသာ ပြောလိုက်သည်။
ထို့နောက် သူမက နောက်ဆုတ်သွားခြင်း မရှိသည့်အပြင် ရှေ့သို့ ခြေတစ်လှမ်း တိုးလာခဲ့ပြီး ချူးရှန့်၏ ကျန်တစ်ဖက်သို့ ကပ်လုနီးပါး ရပ်လိုက်၏။
ဤအခိုက်အတန့်တွင် မြင်ကွင်းမှာ အလွန်အမင်း ထူးဆန်းနေခဲ့သည်။
ချူးရှန့်မှာ သစ်သားတိုင်တစ်ခုအလား ထိုနေရာတွင် အသေရိုက်ခံထားရသကဲ့သို့ ရှိနေ၏။
ဘယ်ဘက်တွင်တော့ ယခုလေးတင် တစ်စိတ်တစ်ပိုင်း အောင်ပွဲကို ရရှိထားပြီး မျက်နှာတွင် ရှက်သွေးဖြာနေသော်လည်း ထွက်မသွားဘဲ သတ္တိများ စုစည်းထားသည့် လင်းဝမ်ချင့် ရှိနေသည်။
ညာဘက်တွင်မူ ကြီးမားသော အရှက်ခွဲခံရမှု ကို ကြုံတွေ့ထားရပြီး ယခုအခါတွင် လူကို အရှင်လတ်လတ် ဝါးစားတော့မည့်အလား ဩဇာအာဏာ အပြည့်အဝ ထုတ်ဖော်ထားသော ချင်ယွိပင်း ရှိနေ၏။
သူတို့နှစ်ဦးက ဘယ်ညာ တစ်ဖက်တစ်ချက်စီမှ သူ့ကို အသေအချာ ညှပ်ထားခဲ့ကြသည်။
လင်းဝမ်ချင့်က ကြက်သားစွပ်ပြုတ် ပန်းကန်အလွတ်ကို ရင်ဘတ်တွင် ပိုက်ထားပြီး အောင်နိုင်သူတစ်ဦး၏ ချိုမြိန်မှု အရိပ်အယောင်များ ပါဝင်နေသော နူးညံ့သည့် အသံဖြင့် ပြောလိုက်၏။
"အရာရှိချူး... ရှင် သဘောကျတယ်ဆိုရင် မနက်ဖြန် ကျွန်မ ထပ်လုပ်လာပေးမယ်..."
သူမက ခဏရပ်လိုက်ပြီးနောက် ထပ်ဖြည့်ပြောလိုက်သည်။
"ကျန်းမာရေးက တော်လှန်ရေးရဲ့ အခြေခံ အရင်းအနှီးပဲလေ..."
စကားသံဆုံးသွားသည်နှင့် တပြိုင်နက်။
"ဖြောင်း..."
ကြည်လင်သည့် အသံတစ်ခု ထွက်ပေါ်လာ၏။
ချင်ယွိပင်းက ထူထဲပြီး ပရင့်ထုတ်ထားသော စနစ် အစီရင်ခံစာတစ်အုပ်ကို ချူးရှန့်၏ အခြားတစ်ဖက်ရှိ စားပွဲပေါ်သို့ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။
သူမ၏ အသံမှာ အေးစက်နေပြီး ငြင်းဆန်၍ မရနိုင်ချေ။
"အရာရှိချူး... အခု ကျွန်မတို့ အချက်အလက်တွေကို ကြည့်ရအောင်... အချိန်မဖြုန်းပါနဲ့..."
သူမက ချူးရှန့်ကို စူးစိုက်ကြည့်လိုက်ပြီး သူမ၏ နီရဲသော နှုတ်ခမ်းများကို အနည်းငယ် ဟကာ တစ်လုံးချင်းစီ ရှင်းလင်းစွာ ပြောလိုက်၏။
"စွမ်းဆောင်ရည်က အမှုတွေကို ဖြေရှင်းဖို့အတွက် သော့ချက်ပဲ..."
တစ်ယောက်က ကျန်းမာရေး အရေးကြီးသည်ဟု ပြော၏။
အခြားတစ်ယောက်က စွမ်းဆောင်ရည်က အရေးကြီးသည်ဟု ပြောသည်။
ချူးရှန့်က ဘယ်ဘက်ရှိ ရေကဲ့သို့ နူးညံ့ပြီး ကြင်နာယုယမှုများ ပြည့်နှက်နေသော မျက်လုံးတစ်စုံကို ကြည့်လိုက်ပြီးနောက် ညာဘက်ရှိ မီးကဲ့သို့ ကျူးကျော်လိုပြီး ထက်မြက်နေသော မျက်လုံးတစ်စုံကို ကြည့်လိုက်၏။
သူ၏ ဦးနှောက်မှာ လုံးဝ အလုပ်မလုပ်တော့ဟု သူ ခံစားလိုက်ရသည်။
*ဒါက ဘာတွေဖြစ်ကုန်တာလဲ…*
*ဒါက ဘယ်လို ငရဲကျလောက်တဲ့ ပရမ်းပတာ မြင်ကွင်းမျိုးလဲ…*
သူက ဤနေရာတွင် နောက်ထပ် တစ်စက္ကန့်မျှ နေရမည်ထက် အင်အားဖြည့်တင်းထားသော ကြေးစားစစ်သား တပ်ခွဲတစ်ခုနှင့် သွားရောက်တိုက်ခိုက်ခြင်းက ပိုကောင်းမည်ဟု တွေးလိုက်မိ၏။
ဤအမျိုးသမီးနှစ်ဦး၏ ရှေ့တွင် သူ၏ ရက်စက်သော ရဲတပ်ဖွဲ့ အငွေ့အသက်မှာ လုံးဝ အသုံးမဝင်တော့ဟု သူ ခံစားလိုက်ရသည်။
ထို့ထက်ပို၍ သူ၏ အငွေ့အသက်များက သူတို့ နှစ်ဦးထံမှ ဘယ်ညာ တစ်ဖက်တစ်ချက်စီ ရူးသွပ်စွာ စုပ်ယူခံနေရပြီး ပြိုကွဲကာ ဖိနှိပ်ခံနေရသည်ဟုပင် သူ ခံစားလိုက်ရ၏။
ရုံးခန်း၏ ထောင့်တစ်နေရာတွင်။
လျိုချွမ်က မြေကြီးပေါ် ကျသွားသော မှတ်စုစာအုပ်ငယ်လေးကို ပြန်ကောက်ယူလိုက်ပြီး သူ၏ ဘောပင်ထိပ်ဖျားမှာ တုန်ယင်နေခဲ့၏။
"မှတ်ထား... မှတ်ထား..."
"အစ်ကိုချူးရဲ့ ဩဇာလွှမ်းမိုးမှု နယ်ပယ်မှာ ဆန့်ကျင်ဘက်အရာ ပေါ်လာပြီ..."
"ပဏာမ အကဲဖြတ်ချက် - ဆန့်ကျင်ဘက် အရာက... နူးညံ့မှု ဂုဏ်သတ္တိနဲ့ ဘုရင်မ ဂုဏ်သတ္တိ ပေါင်းစပ်ထားတဲ့ အမြင့်ဆုံးသော ဩဇာစက်ကွင်းပဲ..."
ဘေးရှိ ချန်ကျင်းက သူမ၏ မျက်မှန်ကို တိတ်ဆိတ်စွာ ပင့်တင်လိုက်ပြီး မှန်ဘီလူးများပေါ်တွင် နီရဲလာသော ချူးရှန့်၏ ရက်စက်သည့် မျက်နှာက ရောင်ပြန်ဟပ်နေခဲ့သည်။
သူမက "နားလည်လို့မရတဲ့ လူမှုရေးဆိုင်ရာ အပြုအမူပုံစံ... နမူနာ အချက်အလက်က နည်းလွန်းလို့ ထိရောက်တဲ့ ခွဲခြမ်းစိတ်ဖြာမှု လုပ်လို့မရဘူး..." ဟု တီးတိုးရေရွတ်နေခဲ့၏။
ဝမ်ထျဲ့ကျွင်းမှာမူ လုံးဝကို မျှော်လင့်ချက်မဲ့သွားခဲ့သည်။
သူက သူ၏ နဖူးကို အုပ်ထားလိုက်ပြီး သူ၏ နားထင်ကြောများက တဒုတ်ဒုတ် ခုန်နေသည်ဟု ခံစားလိုက်ရ၏။
ယနေ့ ချူးရှန့်က ဤနေရာသို့ ကြီးမားသော စွမ်းဆောင်ရည်တစ်ခု ဖန်တီးရန် လာခြင်းမဟုတ်ဘဲ ဤအမျိုးသမီးနှစ်ဦး၏ ထိုနေရာမှာတင် တစ်စစီ ဆွဲဖြဲခြင်းကို ခံရရန် လာခြင်းဖြစ်သည်ဟု သူ ခံစားလိုက်ရသည်။
*ပြီးသွားပြီ... အကုန်ပြီးသွားပြီ…*
*ငါက ဘာလို့များ ဒီလိုပြဿနာကောင်နဲ့ လာဆုံရတာလဲ…*
ချူးရှန့်မှာ အကျပ်ရိုက်နေပြီး ဤပြဿနာများ ပြည့်နှက်နေသော နေရာမှ လွတ်မြောက်ရန်အတွက် နံရံကို ခေါင်းနှင့် ပြေးဆောင့်လိုက်လျှင် ကောင်းမည်လားဟု စဉ်းစားနေချိန်မှာပင်။
ကြည်လင်ပြီး အနည်းငယ် စိုးရိမ်တကြီးဖြစ်နေသော အသံတစ်ခုက ကောင်းကင်ဘုံမှ တေးဂီတတစ်ခုအလား ထွက်ပေါ်လာခဲ့၏။
"အစ်ကိုချူး..."
လူတိုင်းက အသံလာရာဆီသို့ လှည့်ကြည့်လိုက်ကြသည်။
ထိုအခါ နန့်ချန်ရဲစခန်းခွဲမှ အငယ်တန်း ရုံးစာရေးမလေး စုရှောင်ယာက လန့်ဖြန့်နေသော သမင်ငယ်လေး တစ်ကောင်ကဲ့သို့ စာရွက်စာတမ်းတစ်ခုကို ပိုက်ကာ လူအုပ်ကြီး၏ အပြင်ဘက်မှနေ၍ တိုးဝှေ့ဝင်ရောက်လာသည်ကို မြင်လိုက်ရ၏။
သူမက အရပ်ပုသဖြင့် လမ်းတစ်လျှောက် ယိုင်နဲ့တုန်ယင်ဖြစ်ကာ နောက်ဆုံးတွင် ဝန်းရံထားမှု၏ အလယ်ဗဟိုသို့ ခဲယဉ်းစွာ တိုးဝင်လာနိုင်ခဲ့သည်။
သူမက ချူးရှန့်၏ ရှေ့သို့ အမောတကော ပြေးလာပြီး သူမ၏ လက်ထဲရှိ စာရွက်စာတမ်းများကို ချူးရှန့်၏ ရင်ခွင်ထဲသို့ ထိုးထည့်လိုက်၏။
သူမက သူမ၏ ခွန်အားအပြည့်ဖြင့် အော်ပြောလိုက်သည်။
"အစ်ကိုချူး... ပြဿနာကြီးတက်ပြီ..."
"ရှီးချန်ခရိုင်ဘက်က အများပြည်သူသုံး အိမ်သာတွေ... ပိတ်ဆို့နေတယ်..."
"နိုင်ငံသားတွေက မြို့တော်ဝန်ရဲ့ တိုင်ကြားရေး ဖုန်းလိုင်းကို အဆက်မပြတ် ခေါ်ဆိုနေကြတယ်... အနံ့က အရမ်း ပြင်းလွန်းလို့ ယဉ်ကျေးမှုပွဲတော်ရဲ့ မြို့တော်အသွင်ပြင်ကို ဆိုးဆိုးရွားရွား ထိခိုက်စေတယ်လို့ ပြောနေကြတယ်... ကျွန်မတို့ ရဲတပ်ဖွဲ့ကို အရေးပေါ် အကူအညီ လာပေးဖို့ တောင်းဆိုနေကြတယ်..."
ဤစကားကို ပြောလိုက်သည်နှင့် တပြိုင်နက်။
ထိုနေရာတစ်ခုလုံး ကျောက်ရုပ်ဖြစ်သွားခဲ့၏။
*ဘာ...အိမ်သာပိတ်နေတယ် ဟုတ်လား…*
*ရဲတပ်ဖွဲ့ရဲ့ အကူအညီကိုတောင် လိုအပ်သေးတယ်…*
*မင်းက ငါတို့ကို ရဲလို့ ထင်နေတာလား ဒါမှမဟုတ် အိမ်သာဆေးတဲ့သူတွေလို့ ထင်နေတာလား…
လူတိုင်းက စုရှောင်ယာကို အရူးတစ်ယောက်ကဲ့သို့ ကြည့်နေခဲ့ကြသည်။
*ဒီကောင်မလေး ရူးနေပြီလား... ခုလို အကြောင်းပြချက်မျိုးကို ကွပ်ကဲမှုစင်တာဆီ ဘယ်လိုလုပ် လာပြောရဲရတာလဲ…*
လင်းဝမ်ချင့်နှင့် ချင်ယွိပင်းတို့ နှစ်ဦးစလုံးမှာ ဆွံ့အသွားခဲ့ကြ၏။
သို့သော်လည်း သူတို့ တုံ့ပြန်ရန် အချိန်မရလိုက်ချေ။
ချူးရှန့်က လှုပ်ရှားလိုက်သည်။
ရေနစ်နေသူတစ်ဦးက နောက်ဆုံး ကောက်ရိုးတစ်မျှင်ကို ဖမ်းဆုပ်မိလိုက်သကဲ့သို့ သူ၏ မျက်လုံးများထဲတွင် အသက်ရှင်သန်လိုစိတ်များ ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာခဲ့၏။
သူက တစ်ချက်မျှပင် မကြည့်တော့ဘဲ စုရှောင်ယာ၏ လက်ထဲရှိ အရေးမပါသော စာရွက်အဟောင်းကို အလျင်အမြန် လုယူလိုက်သည်။
ထို့နောက် သူက ရုတ်တရက် ခါးကို မတ်မတ် ဆန့်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် မကြုံစဖူးသော လေးနက်မှုနှင့် တည်ကြည်မှုတို့ ပေါ်ထွက်လာခဲ့၏။
သူ၏ လက်ထဲတွင် ကိုင်ထားသည်မှာ အမှိုက်စာရွက် တစ်ရွက် မဟုတ်ဘဲ နျူကလီးယားဗုံးကို ဖောက်ခွဲရန် အမိန့်စာတစ်စောင် ဖြစ်နေသည့်အလားပင်။
သူက အခန်းတစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်ပြီး တရားမျှတမှုများ အပြည့်အဝ ပါဝင်နေသော ဟိန်းဟောက်သံကြီးဖြင့် ပြောလိုက်သည်။
"ဒါက ငါ့ရဲ့ တာဝန်ပဲ..."
စကားပြော၍ပင် မဆုံးသေးမီ…
သူက ရုတ်တရက် လှည့်လိုက်ပြီး ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားကာ ကွပ်မျက်ခံရမည့် နေရာသို့ သွားမည့်သူ တစ်ဦး၏ ပြတ်သားမှုမျိုးဖြင့် ကွပ်ကဲမှုစင်တာထဲမှ နောက်သို့ လှည့်မကြည့်ဘဲ ပြေးထွက်သွားတော့၏။
ထိုလှုပ်ရှားမှုများက ရေစီးကြောင်းတစ်ခုအလား ချောမွေ့နေပြီး မည်သည့် တုံ့ဆိုင်းမှုမျှ မရှိခဲ့ချေ။
အခန်းထဲရှိ လူများကိုသာ လေထဲတွင် ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်စေခဲ့သည်။
"..."
သုဿန်တစပြင်အလား တိတ်ဆိတ်နေပြီးနောက်တွင်။
"ဖူး..."
မည်သူမှန်း မသိသော်လည်း ပထမဆုံးလူက မအောင့်ထားနိုင်တော့ဘဲ ရယ်မောသံ ထွက်လာခဲ့၏။
ချက်ချင်းဆိုသလိုပင်။
“ဟားဟားဟား….”
"ချီးပဲ... အိမ်သာပိတ်နေတယ် ဟုတ်လား... ဟားဟားဟား..."
"ရှောင်ယာ... မင်းက တကယ့်ကို အံ့မခန်းပဲ..."
"ကယ်တင်ရှင်... ဒါက လုံးဝကို ဒီနှစ်ရဲ့ အကောင်းဆုံး ကယ်တင်ရှင်ပဲ..."
ကွပ်ကဲမှုစင်တာ တစ်ခုလုံး၏ လေထုမှာ ဖိအားမြင့် ဂတ်စ်အိုးတစ်လုံးမှနေ၍ ပျော်ရွှင်မှု ပင်လယ်ပြင်တစ်ခုအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့၏။
ရဲအရာရှိများမှာ မျက်ရည်များ ကျလာသည်အထိ အူတက်မတတ် ရယ်မောနေကြသည်။
လင်းဝမ်ချင့်က ချူးရှန့် ထွက်ပြေးသွားသော ကျောပြင်ကို ကြောင်အမ်းအမ်းဖြင့် ကြည့်နေပြီးနောက် ပတ်ဝန်းကျင်ရှိ ရူးသွပ်စွာ ရယ်မောနေကြသော ရဲအရာရှိများကို ကြည့်လိုက်ကာ သူမ၏ ပါးပြင်များ နီရဲသွားပြီး ပါးစပ်ကို အုပ်ကာ ရယ်မောလိုက်မိ၏။
ချင်ယွိပင်း တစ်ယောက်တည်းသာ မျက်နှာပျက်နေခဲ့သည်။
သူမက တံခါးပေါက်မှ ပျောက်ကွယ်သွားသော ပုံရိပ်ကို ကြည့်လိုက်ပြီးနောက် ဤကဲ့သို့ အဓိပ္ပာယ်မရှိသော အကြောင်းပြချက်ကို ဖန်တီးခဲ့သည့် တရားခံ စုရှောင်ယာကို တစ်ချက်ကြည့်လိုက်ရာ သူမ၏ မျက်လုံးများက ရေခဲများ ကျလာမတတ် အေးစက်နေခဲ့၏။
ဝမ်ထျဲ့ကျွင်းမှာ သူ၏ ထိုင်ခုံတွင် အရုပ်ကြိုးပြတ် ထိုင်ချလိုက်ပြီး သူ၏ အိတ်ကပ်ထဲမှ နှလုံးဆေးပုလင်းကို အသည်းအသန် ထုတ်ယူကာ ဆေးသုံးလုံးကို လောင်းထည့်ပြီး တစ်ကျိုက်တည်း မျိုချလိုက်သည်။
သူက ကောင်းကင်ကို မော့ကြည့်ကာ သက်ပြင်းချလိုက်၏။
"တကယ့်ကို အဖြစ်ဆိုးကြီးပဲ..."
ထိုအခိုက်အတန့်မှာပင်။
စင်္ကြံထဲသို့ ယခုလေးတင် ပြေးထွက်လာပြီး အသက်ရှူရန်ပင် အချိန်မရလိုက်သေးသော ချူးရှန့်။
သူ၏ ပခုံးတွင် တပ်ဆင်ထားသည့် စကားပြောစက်မှ ရုတ်တရက် အဆက်မပြတ် လျှပ်စစ်မြည်သံ တစ်ခု ထွက်ပေါ်လာခဲ့၏။
"ရှီး..."
စုရှောင်ယာထက် အဆတစ်ရာခန့် ပို၍ စိုးရိမ်တကြီးဖြစ်နေသော အသံတစ်ခုက ၎င်းထဲမှနေ၍ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
"ကွပ်ကဲမှုစင်တာကနေ အစောင့်အရှောက်နတ်မင်းကို ခေါ်နေပါတယ်... ကွပ်ကဲမှုစင်တာကနေ အစောင့်အရှောက်နတ်မင်းကို ခေါ်နေပါတယ်..."
"ယဉ်ကျေးမှုပွဲတော်ရဲ့ အဓိက နေရာမှာ ကောင်စည်ဝန် ဖီးလစ်က အခုလေးတင် အရေးပေါ် အကူအညီ တောင်းခံလိုက်ပါတယ်..."
"အရေးကြီးတဲ့ သံတမန်ရေးရာ စာရွက်စာတမ်းတွေပါတဲ့ သူ့ရဲ့လက်ဆွဲအိတ်... အခိုးခံလိုက်ရပါပြီ..."