အခန်း (၄၈၅-၄၈၆)
Vol. 49 Ch. 485-486
အခန်း ၄၈၅ - ဆက်သွယ်ရေး သတင်းစကားများနှင့် ဝိညာဉ်ပစ္စည်းများ ဖလှယ်ခြင်း
"ထားလိုက်ပါတော့... လှေက တံတားကို ရောက်ရင် အလိုလို ဖြောင့်သွားမှာပဲဟာ"
ခေတ္တမျှ သက်ပြင်းချပြီးနောက် လုချင်းသည် သူ၏ စိတ်ကို တည်ငြိမ်အောင် ထားလိုက်လေသည်။ ဤအခြေအနေများအားလုံးသည် သူ မျှော်လင့်ထားပြီးသား အရာများပင်တည်း။
မည်သို့ပင်ဆိုစေ သူ၏ အစပြုရမည့်နေရာသည် အလွန်မြင့်မားနေခဲ့သည်။ ပြီးပြည့်စုံသော ရွှေအမြုတေ၏ စွမ်းအားက အလွန်အမင်းကိုမှ အားကောင်းလွန်းလှ၏။ သို့သော် ဤကမ္ဘာလောက၏ ဝိညာဉ်စွမ်းအင် နိုးထလာမှုနှုန်းက သူ၏ ကျင့်ကြံခြင်းအရှိန်ကို မမီနိုင်ခဲ့ပေ။
ကျင့်ကြံရာတွင် တွေ့ကြုံရမည့် အခက်အခဲများကို သူ ကြိုတင်မြင်တွေ့ထားပြီးဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် သူသည် ကျင့်ကြံရာတွင် အထောက်အကူဖြစ်စေမည့် ထူးကဲစွမ်းရည်များနှင့် ရှားပါးရတနာများစွာကို ပိုင်ဆိုင်ထားလေသည်။ ထိုသို့သာမဟုတ်လျှင် သူ၏ ကျင့်ကြံချိန်သည် အနည်းဆုံး ဆယ်ဆခန့် ပိုမို ကြာမြင့်သွားမည်သာ။
စိတ်ကို ငြိမ်သက်သွားစေပြီးနောက်၌ လုချင်းသည် သူ၏ ဆက်သွယ်ရေးအဆောင်ကို ထုတ်ယူလိုက်တော့သည်။ ဤတံခါးပိတ် ကျင့်ကြံခြင်းက အတော်လေး ကြာမြင့်ခဲ့ပြီဖြစ်ရာ သူ့ကို ဆက်သွယ်ရန် ကြိုးစားသူများ ရှိ၊ မရှိ သိချင်မိလေ၏။
ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သောအခါ သတင်းစကား အတော်များများ ရောက်ရှိနေကြောင်း လုချင်း တွေ့လိုက်ရသည်။
ပထမဆုံး သတင်းစကားမှာ လွန်ခဲ့သော ခြောက်လက သူ၏ ဆရာထံမှ ပို့ထားခြင်းဖြစ်သည်။ ဆရာဖြစ်သူက လောကအနှံ့ ခရီးသွားနေစဉ် ရှားပါးပန်းတစ်ပွင့်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြောထားသည်။ ထိုပန်းသည် သာမန်လူများပင် စားသုံးနိုင်လောက်အောင် နူးညံ့ပြီး အလွန်အစွမ်းထက်သော အဆိပ်ဖြေဆေးမှုန့် ဖော်စပ်ရာတွင် အသုံးပြုနိုင်ကြောင်း ဆိုထား၏။ ရွာသို့ပြန်ရောက်သောအခါတွင် ထိုအကြောင်းကို အတူတကွ သုတေသနပြုလုပ်ကြရန် ဆရာဖြစ်သူက အကြံပြုထားလေသည်။
ထို့နောက် ဝေ့ရှန်ဟိုင်၊ လင်းကျိယွဲ့နှင့် အခြားသူများထံမှ သတင်းစကားများလည်း ရှိနေပါ၏။ အများစုမှာ သူတို့၏ လက်ရှိအခြေအနေများကို အသိပေးရုံမျှသာဖြစ်ပြီး ထူးထူးခြားခြား အရေးကြီးသည့်အရာများ မပါဝင်ပေ။
ထိုအရာများအပြင် သတင်းစကား အများဆုံး ပို့ထားသူမှာ ရှောင်ယန်ပင် ဖြစ်သည်။ ကောင်မလေးသည်လည်း မကြာသေးမီက ရှောင်လီနှင့် ဝူရှင်းတို့ကို ခေါ်ဆောင်ကာ ခရီးထွက်နေခဲ့သည်။ နေရာသစ်တစ်ခုသို့ ရောက်ရှိချိန် သို့မဟုတ် စိတ်ဝင်စားစရာ တစ်ခုခု တွေ့ကြုံရတိုင်း ရှောင်ယန်က သူမ၏ အတွေ့အကြုံများကို ဝေမျှရန် လုချင်းထံသို့ သတင်းစကား ပို့လေ့ရှိလေသည်။
ထို့ကြောင့် ဆက်သွယ်ရေးအဆောင်ထဲရှိ သတင်းစကား အများစုမှာ သူမထံမှ ပုံပြင်လေးများသာ ဖြစ်နေတော့၏။ ဥပမာအားဖြင့် သူမ စားခဲ့ရသော အရသာရှိသည့် အစားအစာများအကြောင်း၊ သို့မဟုတ် တောအုပ်ထဲတွင် သူမ တွေ့ရှိခဲ့သော လှပသည့် ဝိညာဉ်ပန်းလေးအကြောင်း စသည်ဖြင့် မျိုးစုံပြောပြထားလေသည်။
ရှောင်ယန်သည် အများအားဖြင့် အသေးအဖွဲကိစ္စများကိုသာ ပြောပြထားခဲ့သော်လည်း လုချင်းကတော့ သတင်းစကား တစ်ခုချင်းစီကို စိတ်ဝင်တစား ဖတ်ရှုကာ တစ်ခါတစ်ရံ ပြုံးယောင်သန်းနေခဲ့သည်။
လွန်ခဲ့သော နှစ်များအတွင်း သူသည် အချိန်အများစုကို မြင့်မြတ်သောတောင်တော်၌ တံခါးပိတ်ကျင့်ကြံရင်းသာ ကုန်ဆုံးခဲ့လေသည်။ ရလဒ်အနေဖြင့် ရှောင်ယန်နှင့်အတူ အချိန်ဖြုန်းရန် အခွင့်အရေး အလွန်နည်းပါးခဲ့၏။ ယခု သူမ အပြင်လောကတွင် ပျော်ရွှင်နေသည်ကို မြင်ရသောအခါ၌ သူ စိတ်သက်သာရာ ရသွားမိသည်။
သို့သော် နောက်ထပ် သတင်းစကားများကို ဆက်ဖတ်လိုက်သောအခါတွင်တော့ သူ၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားတော့သည်။ နောက်ပိုင်း သတင်းစကားများတွင် ရှောင်ယန်သည် သူမနှင့်အတူ ခရီးသွားနေသော အဖော်အချို့အကြောင်းကို မကြာခဏ ထည့်သွင်းပြောဆိုလာခဲ့သည်။
သူမ၏ စကားများအရ သူမသည် သူတို့နှင့် အတော်လေး ရင်းနှီးလာခဲ့ပုံရသည်။
"ဒါက တိုက်ဆိုင်မှုသက်သက်ပဲလား.. ဒါမှမဟုတ် သူတို့ကပဲ ညီမလေးနားကို တမင်တကာ ချဉ်းကပ်လာကြတာလား" လုချင်း တွေးတောလိုက်မိ၏။
ချက်ချင်းပင် သူ၏ စိတ်ဝိညာဉ်ကို အာရုံစိုက်ကာ ချိတ်ဆက်မှုတစ်ခုကို ခေါ်ယူလိုက်လေသည်။
"ဝူရှင်း"
အဝေးတစ်နေရာတွင် ရှောင်ယန်၏ အပေါ်ဝတ်ရုံခေါင်းစွပ်ထဲ၌ ခွေအိပ်နေသော အရောင်ငါးသွယ် တောင်ပံပါ မြွေလေးသည် ရုတ်တရက် နိုးထလာတော့သည်။ ၎င်း၏ မျက်လုံးများထဲတွင် ဝမ်းသာပျော်ရွှင်မှုများ လင်းလက်သွား၏။
"သခင် သခင်လား"
"ငါပဲ.. မင်းတို့ အခု ဘယ်မှာလဲ။ ရှောင်ယန်နဲ့ ရှောင်လီရော ဘယ်မှာလဲ" လုချင်းက သူ၏ စိတ်ထဲမှနေ၍ မေးလိုက်လေသည်။
ဝူရှင်းသည် သူ၏ ဝိညာဉ်အမှတ်အသားဖြင့် ကျွန်ပြုထားသော ဝိညာဉ်သားရဲဖြစ်သည်။ လုချင်း၏ လက်ရှိ ကျင့်ကြံခြင်းဖြင့် ဤကမ္ဘာလောကအတွင်း ရှိနေသရွေ့ အချိန်မရွေး ဆက်သွယ်နိုင်လေသည်။ ဤသည်မှာ ရှောင်ယန် ခရီးထွက်သည်ကို သူ စိတ်အေးလက်အေး ခွင့်ပြုခဲ့ရခြင်း၏ အကြောင်းရင်းတစ်ခုလည်း ဖြစ်၏။
သူမကို ကာကွယ်ပေးရန် အစွမ်းထက်သော ဝိညာဉ်သားရဲနှစ်ကောင်ဖြစ်သည့် ရှောင်လီနှင့် ဝူရှင်းတို့ ရှိနေရုံသာမက တစ်ခုခု မှားယွင်းသွားခဲ့လျှင် ဝူရှင်းက ဝိညာဉ်အမှတ်အသားမှတစ်ဆင့် သူ့ကို ခေါ်ယူနိုင်သောကြောင့်ပင်တည်း။
"သခင်...ကျွန်တော်တို့ အခု မြောက်ပိုင်းနယ်စပ်က လင်းကျိုးလို့ခေါ်တဲ့ ပြည်နယ်ငယ်လေးတစ်ခုမှာ ရောက်နေပါတယ်" ဝူရှင်းက ပြန်ဖြေလိုက်သည်။
လွန်ခဲ့သည့် ဆယ်နှစ်အတွင်း အရောင်ငါးသွယ် တောင်ပံပါ မြွေလေးသည် နောက်ဆုံးတွင် လူသားဘာသာစကားကို သင်ယူနိုင်ခဲ့ပြီဖြစ်ရာ လုချင်းနှင့် ချောမွေ့စွာ ဆက်သွယ်နိုင်လာပြီဖြစ်သည်။
"ငါ ဒီနေ့မှ တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာပြီး ရှောင်ယန်ရဲ့ သတင်းစကားတွေကို မြင်လိုက်ရတာ။ သူက မကြာသေးမီကမှ ခရီးသွားအဖော်အချို့နဲ့ အတူသွားနေတယ်လို့ ပြောထားတယ်။ သူတို့က ဘယ်သူတွေလဲ။ ယုံကြည်ရရဲ့လား"
"ဟုတ်ကဲ့ပါ သခင်" ဝူရှင်းက ခေတ္တမျှ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။ "သခင်မလေးက တကယ်ပဲ လူငယ်ကျင့်ကြံသူတစ်စုနဲ့ အတူ ခရီးသွားနေတာပါ။ သူတို့က မတူညီတဲ့ ဂိုဏ်းတွေက လာကြတဲ့ပုံပဲ၊ ပြီးတော့ သူတို့ရဲ့ ကျင့်ကြံခြင်းကလည်း မဆိုးပါဘူး။ အားလုံးက အနည်းဆုံး မွေးရာပါနယ်ပယ် အလယ်အလတ်အဆင့်မှာ ရှိကြပါတယ်။ သူတို့ရဲ့ စရိုက်နဲ့ပတ်သက်လို့တော့ ရှောင်လီရော ကျွန်တော်ရော သူတို့ဆီမှာ သံသယဖြစ်စရာ ဘာမှမတွေ့ရသေးပါဘူး"
ဤစကားကို ကြားသောအခါ၌ လုချင်းမှာ အနည်းငယ် စိတ်အေးသွားရလေ၏။ ဝူရှင်းက မှားယွင်းနိုင်သော်လည်း ရှောင်လီကိုတော့ သူ လုံးဝယုံကြည်သည်။ ရှောင်လီ့တွင် အန္တရာယ်ကို အာရုံခံနိုင်သော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းရည်တစ်ခု ရှိသည်။
အကယ်၍ ထိုလူများကသာ ရှောင်ယန်အပေါ် မကောင်းသော ရည်ရွယ်ချက်များ ရှိခဲ့မည်ဆိုလျှင် ၎င်း၏ အာရုံခံနိုင်စွမ်းမှ လွတ်မြောက်ရန် ခက်ခဲလိမ့်မည်ဖြစ်သည်။
မည်သို့ပင်ဆိုစေ လူ့စိတ်ဆိုသည်မှာ ခန့်မှန်းရခက်သောကြောင့် လုချင်းက ဝူရှင်းကို ညွှန်ကြားလိုက်သေးပါ၏။
"ဘာပဲဖြစ်ဖြစ် နိုးနိုးကြားကြားရှိနေပြီး ရှောင်ယန့်ကို သေသေချာချာကာကွယ်ပေးပါ"
"နားလည်ပါပြီ သခင်။ ရှောင်လီနဲ့ ကျွန်တော်က သခင်မလေးအနားမှာ အမြဲတမ်း ရှိနေပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ အစွမ်းအစအပြည့်အဝကို ဘယ်တုန်းကမှ ထုတ်မပြခဲ့ပါဘူး။ သခင်မလေးကိုယ်တိုင်တောင် မွေးရာပါနယ်ပယ်ရဲ့ စွမ်းအားလောက်ကိုပဲ ပြသထားတာပါ။ အဲဒီလူတွေက ကျွန်တော်တို့ရဲ့ စွမ်းအားအစစ်တွေကို ဘာမှမသိကြပါဘူး" ဝူရှင်းက အာမခံလိုက်သည်။
"ကောင်းတယ်။ အဲဒီအတိုင်းပဲ ဆက်နေပါ။ ငါ အခုလက်ရှိ အလုပ်တွေ ပြီးတာနဲ့ မင်းတို့ဆီကို လာခဲ့မယ်။ ပြီးတော့ ငါ မင်းကို ဆက်သွယ်တယ်ဆိုတာ ရှောင်ယန့်ကို ပြောမပြနဲ့နော်"
ရှောင်ယန်သည်လည်း သူမ၏ စွမ်းအားအစစ်အမှန်ကို ထုတ်မပြထားကြောင်း သိလိုက်ရသောအခါ လုချင်း လုံးဝ စိတ်အေးသွားတော့သည်။ သူ၏ စိုးရိမ်မှုများက အနည်းငယ် လွန်ကဲနေကြောင်း သူ သဘောပေါက်သွား၏။
လွန်ခဲ့သော ဆယ်နှစ်အတွင်း ကောင်မလေးသည် သူမ၏ ကျင့်ကြံခြင်းတွင် အလျင်အမြန် တိုးတက်လာခဲ့သည်။ ယခုအခါ သူမသည် အခြေတည်အဆင့်၏ အထွတ်အထိပ်ရှိ အစွမ်းထက်သော ကျင့်ကြံသူတစ်ဦးပင် ဖြစ်နေပြီဖြစ်သည်။ ကျင့်ကြံခြင်းလောကတစ်ခုလုံးတွင်ပင် သူမကို ကျွမ်းကျင်သူအစစ်အမှန်တစ်ဦးအဖြစ် သတ်မှတ်နိုင်လေသည်။
ထို့အပြင် သူမသည် သူပေးထားသော ရတနာများစွာကို သယ်ဆောင်ထားပြီး ရှောင်လီနှင့် ဝူရှင်းတို့ကလည်း သူမဘေးတွင် ရှိနေကြ၏။ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် အချိန်တိုအတွင်း သူတို့ကို ထိခိုက်အောင်လုပ်ရန် ခက်ခဲလိမ့်မည်ဖြစ်သည်။
ဝူရှင်းနှင့် ဝိညာဉ်အာရုံ ချိတ်ဆက်မှုကို ဖြတ်တောက်ပြီးနောက်၌ လုချင်းသည် ဆက်သွယ်ရေးအဆောင်ကို ဆက်လက် ဖတ်ရှုနေလိုက်သည်။ ရုတ်တရက် သူ ခေတ္တမျှ မှင်တက်သွားပြီးနောက် ဝမ်းသာအားရ ပြုံးလိုက်တော့၏။
"ရှေးဟောင်း နဂါးလိပ်ကြီးက... နောက်ဆုံးတော့ စိတ်ပြောင်းသွားပြီလား"
လွန်ခဲ့သော နှစ်များအတွင်း လုချင်းသည် ရှေးဟောင်း နဂါးလိပ်ကြီးနှင့် အကြိမ်အနည်းငယ် ဆက်သွယ်ခဲ့ဖူးလေသည်။ သူတို့ ဆက်သွယ်စဉ်အတွင်း ၎င်း၏ သွေးမျိုးဆက် အနည်းငယ်ကို လဲလှယ်လိုကြောင်း သူ ပြောပြခဲ့ဖူးသည်။
အစပိုင်းတွင် ရှေးဟောင်း နဂါးလိပ်ကြီးက ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပါ၏။ သို့သော် နောက်ပိုင်းတွင် လုချင်း ကမ်းလှမ်းသော အပေးအယူကို ကြားပြီးနောက်၌ ၎င်းသည် တွေဝေသွားခဲ့၏။ ယခုမူ ၎င်းသည် နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်ပုံရသည်။
"အချိန်ကိုက်ပဲ။ မြင့်မြတ်သောတောင်တော် ဂူထဲက ဝိညာဉ်အနှစ်သာရက ငါ့အတွက် သိပ်အသုံးမဝင်တော့ဘူး။ ငါ့ရဲ့ ကျင့်ကြံတာကို အထောက်အကူပြုနိုင်မယ့် ရတနာတွေများ ရှိမလားဆိုတာ အရှေ့ပင်လယ်ကို သွားကြည့်လို့ရပြီ"
လုချင်း ဆုံးဖြတ်ချက်ချလိုက်ပြီး အရှေ့ပင်လယ်သို့ ထွက်ခွာရန် ပြင်လိုက်စဉ် အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာလေသည်။
"တာအိုဆရာလေးလု.. တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီလား"
လုချင်း ထိုအသံကို မှတ်မိလိုက်သည်။
အသံပိုင်ရှင်သည်ကား ပထမသခင်ကြီးပင် ဖြစ်သည်။
ထို့ကြောင့် လုချင်းလည်း ချက်ချင်း ဂူအပြင်သို့ ထွက်လာခဲ့လိုက်၏။
"သခင်ကြီး... မတွေ့ရတာ ကြာပြီနော်"
"မျှော်လင့်ထားတဲ့အတိုင်းပဲ။ မင်းရဲ့ အငွေ့အသက်ကို စောစောက ငါတို့ ခံစားမိလို့ မင်း တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီလို့ ခန့်မှန်းလိုက်တာ"
ဂူအပြင်ဘက်တွင် သခင်ကြီးသုံးပါးစလုံး ရှိနေကြသည်။ ပထမသခင်ကြီးက ပြုံး၍ ဆိုလေ၏။
"ကျွန်တော် အငွေ့အသက်ကို ကောင်းကောင်း မထိန်းနိုင်ခဲ့လို့ သခင်ကြီးတို့ သုံးယောက်စလုံးကို အနှောင့်အယှက်ပေးမိသွားပြီ" လုချင်းက တောင်းပန်လိုက်၏။
"တာအိုဆရာလေးလု.. ဒီလို စကားတွေ ပြောစရာမလိုပါဘူး" ပထမသခင်ကြီးက လက်ကာပြလိုက်သည်။ "ဒါပေမဲ့ မင်းတောင်မှ မင်းရဲ့ အငွေ့အသက်ကို အပြည့်အဝ မထိန်းချုပ်နိုင်ဘူးဆိုရင် ဒီတစ်ကြိမ် မင်းရဲ့ တိုးတက်မှုက ကြီးမားရမယ်"
"အသေးအဖွဲ တိုးတက်မှုလေးပါဗျာ.. ပြောပလောက်စရာ မရှိပါဘူး" လုချင်းက အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်၏။
"တာအိုဆရာလေးလုကတော့ အရမ်းကို နှိမ့်ချလွန်းနေပြန်ပါပြီ" သခင်ကြီးသုံးပါးက သူတို့စိတ်ထဲမှ တွေးလိုက်ကြ၏။
အမြဲတမ်းလိုလို လုချင်း၏ ကျင့်ကြံခြင်းအဆင့်သည် သူတို့အတွက် ပဟေဠိတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။ သို့တိုင်အောင် သူသည် စိတ်ကူးနှင့်ပင် မမှန်းဆနိုင်လောက်သော နှုန်းဖြင့် ဆက်လက် တိုးတက်နေဆဲပင်။
"ဒါနဲ့ ငါတို့ ဒီမှတ်တမ်းစာအုပ်လေး လာပေးတာ။ အဲဒီထဲမှာ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း မြင့်မြတ်သောတောင်တော်ရဲ့ တပည့်တွေ စုဆောင်းထားတဲ့ ဝိညာဉ်ပစ္စည်းတွေပါတယ်။ မင်း တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီဆိုတော့ ကြည့်ချင်မလားလို့" ဒုတိယသခင်ကြီးက စာအုပ်တစ်အုပ်ကို ကမ်းပေးရင်း ဆိုလေသည်။
လုချင်းလည်း ၎င်းကို လှန်လှောကြည့်လိုက်ပါ၏။ ရုတ်တရက် နောက်ဆုံးစာမျက်နှာသို့ ရောက်သောအခါ၌ သူ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် တောက်ပသွားတော့လေ၏။
....
အခန်း ၄၈၆ - ဝိညာဉ်ပုံသွင်းရွှံ့စေးနှင့် သွေးမျိုးဆက် ဖလှယ်ခြင်း
"ဝိညာဉ်ပုံသွင်းရွှံ့စေးလား။ တပည့်တစ်ယောက်က တကယ်ပဲ ဒီလိုအရာမျိုးကို ရှာတွေ့ခဲ့တာလား"
လုချင်းသည် မှတ်တမ်းစာအုပ်ထဲရှိ ဝိညာဉ်ပစ္စည်းများ စာရင်းကို ကြည့်ကာ မျက်နှာပေါ်တွင် ဝမ်းသာမှုများ ပြည့်နှက်နေတော့သည်။
"ဒါက မကြာသေးခင်က ဝေးလံခေါင်သီတဲ့ ပြည်နယ်တစ်ခုမှာ အသေးစား လျှို့ဝှက်နယ်မြေတစ်ခု ပွင့်လာတုန်းက ရခဲ့တာလေ။ တပည့်တချို့က အထဲကို ဝင်ရောက်စူးစမ်းရင်းနဲ့ မတော်တဆ ရလာခဲ့ကြတာ။ အဲဒီတပည့်က ဒီဝိညာဉ်ရွှံ့စေးရဲ့ တကယ့် အသုံးဝင်ပုံကို မသိဘူးလေ။ သူက စိတ်ဝင်စားစရာကောင်းတယ်လို့ပဲ ထင်ပြီး ကုသိုလ်တော်မှတ်တွေနဲ့ လဲလှယ်ဖို့ ပေးအပ်လိုက်တာပဲ" ပထမသခင်ကြီးက ရှင်းပြလေသည်။
"လျှို့ဝှက်နယ်မြေက ရလာတာကိုး.. အံ့သြစရာတော့ မဟုတ်တော့ဘူးပဲ" လုချင်း ရုတ်တရက် သဘောပေါက်သွားတော့၏။
တကယ်တမ်းတွင် ဝိညာဉ်ပုံသွင်းရွှံ့စေးကဲ့သို့သော ဝိညာဉ်ပစ္စည်းတစ်ခုကို မည်သို့လုပ် လွယ်လွယ်ကူကူ ရှာတွေ့နိုင်မည်နည်း။
သို့သော် ၎င်းက လျှို့ဝှက်နယ်မြေတစ်ခုမှ ထွက်ပေါ်လာခြင်းဆိုလျှင်တော့ လုံးဝ သဘာဝကျလှပေသည်။ လျှို့ဝှက်နယ်မြေများသည် ဤလောကတွင် ကံကောင်းခြင်းများ၏ အကြီးမားဆုံး အရင်းအမြစ်များထဲမှ တစ်ခုဖြစ်ပြီး ထူးခြားဆန်းကြယ်သော ရတနာမျိုးစုံကို ထုတ်လုပ်ပေးလေ့ရှိသည်။
"ချန်ပေ့တို့ခင်ဗျ... ကျွန်တော် ဒီဝိညာဉ်ပုံသွင်းရွှံ့စေးနဲ့ လဲလှယ်ချင်ပါတယ်။ ရနိုင်မလားဗျ" လုချင်းက တုံ့ဆိုင်းမနေဘဲ မေးလိုက်တော့၏။
"ရတာပေါ့။ တာအိုဆရာလေးလုလေး... မင်းရဲ့ ကုသိုလ်တော်က မြင့်မြတ်သောတောင်တော်မှာ ပြိုင်ဘက်ကင်းနေတာပဲ။ ဘယ်ဝိညာဉ်ပစ္စည်းကိုပဲ လဲလှယ်ချင်ချင်၊ မင်းသဘောအတိုင်းပါပဲ"
ပထမသခင်ကြီးက တုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်လိုက်သည်။ ထို့နောက် စပ်စုချင်စိတ် ပေါ်လာသည့်အလား မေးလိုက်လေ၏။ "တာအိုဆရာလေးလုက ရုပ်သေးကိုယ်ပွားတစ်ခု ဖန်တီးဖို့ ဝိညာဉ်ပုံသွင်းရွှံ့စေးကို လိုအပ်နေတာလား"
"ဟုတ်တယ်ဗျ" လုချင်းက မငြင်းဆိုခဲ့ပေ။ "တတိယသခင်ကြီး ချန်ပေ့က တစ်ချိန်တုန်းက ကောင်းကင်ရုပ်သေးဂိုဏ်းရဲ့ အမွေအနှစ်တစ်ခုကို ကျွန်တော့်ကို ပေးခဲ့တယ်လေ။ ကျွန်တော်လည်း အဲဒါကို တော်တော်လေး စိတ်ဝင်စားနေတာနဲ့ ကိုယ်တိုင် ဖန်တီးကြည့်ဖို့ အမြဲတမ်း ကြိုးစားချင်နေခဲ့တာ။ ဒါပေမဲ့ လိုအပ်တဲ့ ပစ္စည်းတွေ မရှိလို့ အဲဒီအကြံအစည်ကို ဘေးဖယ်ထားခဲ့ရတယ်။ ဒီနေ့ ဒီမှာ ဝိညာဉ်ပုံသွင်းရွှံ့စေးကို မြင်ရလိမ့်မယ်လို့တောင် ကျွန်တော် လုံးဝ မထင်ထားခဲ့ဘူးဗျ"
ကောင်းကင်ရုပ်သေးဂိုဏ်း၏ အမွေအနှစ်ထဲတွင် ရုပ်သေးကိုယ်ပွားများ ဖန်တီးရန်အတွက် ပစ္စည်းအမျိုးမျိုး ရှိလေသည်။
သို့သော် ထိုအရာအားလုံးမှာ ရရှိရန် ခက်ခဲလှပေ၏။ ထို့ကြောင့်သာ လုချင်းသည် ယခုအချိန်အထိ ကိုယ်တိုင် ဖန်တီးရန် မကြိုးစားရသေးခြင်းဖြစ်သည်။ ဝိညာဉ်ပုံသွင်းရွှံ့စေးကို မမြင်ရမီ ယနေ့အထိပင်တည်း။
ဝိညာဉ်ပုံသွင်းရွှံ့စေးသည် ရုပ်သေးကိုယ်ပွားများ ဖန်တီးရန်အတွက် အကောင်းဆုံး အခြေခံပစ္စည်းများထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် သခင်ကြီးသုံးပါး၏ ရုပ်သေးကိုယ်ပွားများအတွက် အသုံးပြုထားသော ပစ္စည်းများထက်ပင် သာလွန်ကောင်းမွန်ပါ၏။ အကယ်၍ စနစ်တကျ ဖန်တီးနိုင်မည်ဆိုလျှင် ဝိညာဉ်ပုံသွင်းရွှံ့စေးမှ ဖန်တီးထားသော ရုပ်သေးကိုယ်ပွားတစ်ခုသည် အသေအချာပင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်ပေလိမ့်မည်။
"နောက်မှ မင်းဆီကို ဝိညာဉ်ပုံသွင်းရွှံ့စေး လာပို့ခိုင်းလိုက်ရမလား" ပထမသခင်ကြီးက မေးလိုက်၏။
"အလျင်လိုစရာ မရှိပါဘူးဗျ။ ကျွန်တော် အပြင်ခဏသွားမလို့ပါ.. ပြန်လာမှပဲ လာယူလိုက်ပါ့မယ်ဗျ"
"ကောင်းပြီလေ"
ပထမသခင်ကြီးက ခေါင်းညိတ်လိုက်ပြီး လုချင်း၏ အစီအစဉ်များနှင့်ပတ်သက်၍ ဆက်မမေးတော့ပေ။ မြင့်မြတ်သောတောင်တော်ပေါ်ရှိ သူများထဲတွင် လုချင်းသည် သွားလာခွင့် အလွတ်လပ်ဆုံး ဖြစ်လေသည်။ သခင်ကြီးသုံးပါးပင်လျှင် သူ၏ အဝင်အထွက်များကို ဘယ်သောအခါကမျှ ဝင်ရောက်စွက်ဖက်လေ့မရှိချေ။
...
သခင်ကြီးသုံးပါးကို နှုတ်ဆက်ပြီးနောက် လုချင်းသည် စီးဆင်းနေသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ပြာလဲ့နေသော ကောင်းကင်ယံသို့ ပျံတက်သွားပြီး အရှေ့ပင်လယ်ဆီသို့ ဦးတည်သွားတော့သည်။ အချိန်သိပ်မကြာမီမှာပင် ကမ်းခြေမှ မိုင်တစ်သောင်းကွာဝေးသော အရှေ့ပင်လယ်၏ ကျယ်ပြောလှသော ရေနက်ပိုင်းအထက်သို့ ရောက်ရှိလာခဲ့၏။
လုချင်းသည် သူ၏ အငွေ့အသက်ကို မဖုံးကွယ်ထားခဲ့ပေ။
ထို့ကြောင့် သူရောက်လာသည်နှင့် တစ်ပြိုင်နက် ဧရာမ သတ္တဝါကြီးတစ်ကောင်သည် လှိုင်းလုံးများအောက်မှ ဖြည်းဖြည်းချင်း ပေါ်ထွက်လာတော့သည်။
"ချန်ပေ့ နဂါးလိပ်ကြီး... မတွေ့ရတာ ကြာပြီနော်" လုချင်းက အပြုံးတစ်ခုဖြင့် နှုတ်ဆက်လိုက်လေသည်။
"ဆယ်နှစ်နီးပါးတောင် ရှိသွားပြီပဲ။ တာအိုဆရာလေးလု.. မင်းရဲ့ ကျင့်ကြံခြင်းက ပိုပြီးတော့တောင် နက်ရှိုင်းလာပါလား"
ရှေးဟောင်း နဂါးလိပ်ကြီးသည် လုချင်း၏ တည်ရှိမှုကို အာရုံခံမိပြီး ၎င်း၏ ရှေးကျလှသော မျက်လုံးများထဲတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားတော့၏။ လုချင်း၏ ကျင့်ကြံခြင်းအဆင့်အစစ်အမှန်ကို မခွဲခြားနိုင်သေးသော်ငြား ယခင် သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် ၎င်းတွင် မသိနိုင်သော အရာများအပေါ် ပင်ကိုယ် အာရုံခံနိုင်စွမ်း ရှိလေသည်။
သို့ဖြစ်၍ လုချင်းသည် ပို၍ပင် အားကောင်းလာကြောင်းကို ၎င်း ခံစားသိရှိနိုင်ခဲ့ပါ၏။ အမှန်တကယ်ဆိုရလျှင် သူ့ထံမှ ဖြာထွက်နေသော အန္တရာယ်ရှိသည့် အငွေ့အသက်ကိုပင် ၎င်းက ခပ်ဖျော့ဖျော့ အာရုံခံမိနေလေသည်။ လွန်ခဲ့သည့် ဆယ်နှစ်အတွင်း လုချင်း၏ ကျင့်ကြံခြင်းသည် အလွန်အမင်း တိုးတက်လာခဲ့ပြီး ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာလောက်အောင်ပင် ရောက်ရှိနေပြီဖြစ်ကြောင်း ထင်ရှားလှပေ၏။
"လူသားတွေကို... ကောင်းကင်ဘုံက တကယ့်ကို ကောင်းချီးပေးထားတာပဲ။ မွေးဖွားလာတော့ အားနည်းပေမဲ့ ကျင့်ကြံခြင်းလမ်းကြောင်းပေါ် ရောက်သွားတာနဲ့ သူတို့ရဲ့ စွမ်းအားကြီးထွားလာမှုနှုန်းက ဝိညာဉ်သားရဲတွေနဲ့ ထူးဆန်းတဲ့ သတ္တဝါတွေထက်တာင် အများကြီး သာလွန်သွားတော့တာပဲ"
ရှေးဟောင်း နဂါးလိပ်ကြီးသည် စိတ်ထဲမှ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။ ယခင် ကျင့်ကြံခြင်းခေတ်ကလည်း ဤအတိုင်းပင် ဖြစ်ခဲ့သည်။ ၎င်းသည် သန္ဓေသားဝိညာဉ်အဆင့်သို့ မတက်လှမ်းနိုင်မီ နှစ်ပေါင်း နှစ်သောင်းကျော် ကြိုးစားပမ်းစား ကျင့်ကြံခဲ့ရသည်။
သို့သော် လူသားများထဲတွင်မူ ပါရမီရှင်များစွာသည် ထိုအဆင့်သို့ရောက်ရန် နှစ်ရာဂဏန်း သို့မဟုတ် ထောင်ဂဏန်းမျှသာ အချိန်ယူခဲ့ရလေ၏။ လူသားများ၏ ကျင့်ကြံခြင်းအမြန်နှုန်းသည် ဝိညာဉ်သားရဲများထက် များစွာ သာလွန်လှပေသည်။
ဤသည်မှာ လုချင်းက ၎င်း၏ သွေးမျိုးဆက်ကို ဖလှယ်ရန် ပထမဆုံး အဆိုပြုခဲ့စဉ်က ရှေးဟောင်း နဂါးလိပ်ကြီးသည် ဒေါသတကြီး မတုံ့ပြန်ခဲ့ခြင်း၏ အကြောင်းရင်းလည်း ဖြစ်၏။ လုချင်း ကမ်းလှမ်းသော အပေးအယူက လုံလောက်အောင် ဆွဲဆောင်မှုရှိသည့်အပြင် ဤမျှ လျှို့ဝှက်ဆန်းကြယ်ပြီး အတိုင်းအတာမသိနိုင်သော၊ အဆုံးအစမရှိ အလားအလာများ ပြည့်နှက်နေသည့် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးကို ရန်သူမဖြစ်လိုသောကြောင့်ပင်တည်း။
"ချန်ပေ့ နဂါးလိပ်ကြီး... ချန်ပေ့ရဲ့ သတင်းစကားထဲမှာ အပေးအယူလုပ်ဖို့ သဘောတူတယ်လို့ ပြောထားတယ်နော်။ အဲဒါ တကယ်ပဲလားဗျ" လုချင်းက မေးလိုက်၏။
"တကယ်ပေါ့ကွာ။ သေချာတာပေါ့.. မင်းပေးမယ့်အရာက ငါ့အတွက် လုံလောက်အောင် ဆွဲဆောင်မှုရှိ၊ မရှိ အပေါ်မှာတော့ မူတည်တာပေါ့" ရှေးဟောင်း နဂါးလိပ်ကြီးက ဟိန်းဟောက်လိုက်လေသည်။
"စိတ်ချပါ ချန်ပေ့... ချန်ပေ့ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူးဗျ"
လုချင်းသည် စကားပြောပြီးနောက် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ အောက်သို့ ပစ်ချပေးလိုက်တော့၏။
ရှေးဟောင်း နဂါးလိပ်ကြီးကလည်း ၎င်းကို ဖမ်းယူလိုက်၏။ ၎င်း၏ ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သောအခါ အထဲတွင် တောက်ပနေသော ကြယ်တာရာမြေပုံတစ်ခုကို တွေ့လိုက်ရတော့သည်။
"ချန်ပေ့ နဂါးလိပ်ကြီး... အဲ့ဒီကျောက်စိမ်းပြားထဲမှာ ကြယ်တာရာမြေပုံတစ်ခု ပါပါတယ်။ အဲဒါကို ကျွန်တော် ကမ္ဘာပြင်ပက ကျူးကျော်သူတစ်ယောက်ကို သတ်ဖြတ်ပြီး ရလာခဲ့တာလေ။ အဲဒီထဲမှာ ကျွန်တော်တို့ ကမ္ဘာလောကပြင်ပက မရေမတွက်နိုင်တဲ့ လောကတွေရဲ့ တည်နေရာတွေကို မှတ်တမ်းတင်ထားပါတယ်ဗျ။
ချန်ပေ့... အရင် ကျင့်ကြံခြင်းခေတ်ကို ဖြတ်သန်းခဲ့ဖူးတဲ့သူတစ်ယောက်အနေနဲ့ ဒီအချက်ကို နားလည်လောက်ပါတယ်။ သန္ဓေသားဝိညာဉ်အဆင့်ကို ရောက်ပြီးသွားရင် ကျင့်ကြံခြင်းမှာ ဆက်လက်တိုးတက်ဖို့ဆိုတာ အရမ်းကိုခက်ခဲသွားပြီး မဖြစ်နိုင်သလောက်တောင် ဖြစ်သွားပြီလေ။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းက ကျွန်တော်တို့ ကမ္ဘာလောကကြီးရဲ့ ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအားကိုက လုံလောက်အောင် အားမကောင်းလို့ပေါ့ဗျာ။
ဒီတော့ သန္ဓေသားဝိညာဉ်အဆင့်ထက် ကျော်လွန်တဲ့ စွမ်းအားရှင်တွေကို ပြုစုမပျိုးထောင်ပေးနိုင်ဘူးပေါ့ဗျာ။ ဒါကြောင့်လည်း နောက်ထပ် အဆင့်တွေကို ထပ်ပြီး ကျော်ဖြတ်ချင်တဲ့ ကျင့်ကြံသူတွေအတွက် အကောင်းဆုံး ရွေးချယ်မှုက ဒီကမ္ဘာလောကကနေ ထွက်ခွာပြီး ပိုကြီးမားတဲ့ နယ်ပယ်တစ်ခုမှာ ကျင့်ကြံဖို့ပါပဲဗျ။ အဲဒီလိုမှ မဟုတ်ရင် ဒီမှာပဲ ဆက်နေမယ်ဆိုရင် ကောင်းကင်နဲ့လူသား ယိုယွင်းပျက်စီးခြင်းငါးပါး ဆိုတဲ့ မလွှဲမရှောင်သာတဲ့ ဘေးဒုက္ခ၊ နှစ်တစ်သောင်းမှာ တစ်ကြိမ်ဖြစ်လေ့ရှိတဲ့ ဝိညာဉ်စွမ်းအင် ခန်းခြောက်သွားမှု ကပ်ဘေးကိုပဲ ရင်ဆိုင်ရပါလိမ့်မယ်ဗျ။
ဒါပေမဲ့ ကြယ်တာရာကောင်းကင်ယံကြီးက ကျယ်ပြောလှပြီး မရေမတွက်နိုင်တဲ့ အန္တရာယ်တွေ၊ မသိနိုင်တဲ့ အရာတွေနဲ့ ပြည့်နှက်နေတယ်လေ။ လမ်းပြအဖြစ် ကြယ်တာရာမြေပုံ မရှိဘူးဆိုရင် သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်တောင်မှ စကြဝဠာထဲမှာ အလွယ်တကူ လမ်းပျောက်သွားနိုင်ပါတယ်ဗျ။ ချန်ပေ့က အပေးအယူလုပ်ဖို့ သဘောတူတယ်ဆိုရင် ကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲမှာ ကျွန်တော်တို့ ကမ္ဘာလောကရဲ့ တည်နေရာ အတိအကျပါဝင်တဲ့ ကြယ်တာရာမြေပုံကို ကျွန်တော် ပေးပါ့မယ်ဗျ"
ရှေးဟောင်း နဂါးလိပ်ကြီးသည် ကျောက်စိမ်းပြားထဲရှိ ကြယ်တာရာမြေပုံကို စိုက်ကြည့်ရင်း လုချင်း၏ စကားများကို တိတ်ဆိတ်စွာ နားထောင်နေခဲ့လေသည်။
သန္ဓေသားဝိညာဉ်အဆင့်ကို ကျော်လွန်၍ ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး လုချင်းပြောသော စကားများသည် ၎င်း၏ ရင်ထဲ၌ နက်ရှိုင်းစွာ ပဲ့တင်ထပ်သွားခဲ့၏။ ယခင် ကျင့်ကြံခြင်းခေတ်တစ်ခုလုံးကို ကိုယ်တိုင် ဖြတ်သန်းခဲ့ဖူးသူပီပီ လုချင်းပြောသည်မှာ အမှန်တရားဖြစ်ကြောင်း ၎င်းကလည်း သဘာဝကျကျပင် နားလည်ထားလေသည်။
ယခင် ကျင့်ကြံခြင်းခေတ်ကို ပြန်ကြည့်လျှင် ရှေးဟောင်း နဂါးလိပ်ကြီးသည် ထိုအချိန်က သန္ဓေသားဝိညာဉ်အဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ သို့သော် ထိုခေတ်ကာလ ကျဆင်းသွားသည့်တိုင် နောက်ထပ် နှစ်တစ်သောင်းကြာသည်အထိ ၎င်း၏ ကျင့်ကြံခြင်းမှာ ရှေ့သို့ မတိုးနိုင်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သန္ဓေသားဝိညာဉ်အဆင့်သို့ ဝင်ရောက်ပြီးသည်နှင့် နောက်ထပ် ကျင့်ကြံရန်မှာ အဆပေါင်းများစွာ ပိုမိုခက်ခဲလာသောကြောင့်ပင်တည်း။ လုံးဝကိုမှ အမှောင်ထုထဲတွင် စမ်းတဝါးဝါး လျှောက်နေရသကဲ့သို့နှယ် ရှေ့ဆက်တက်လှမ်းရန် မဖြစ်နိုင်သလောက်ပင် ဖြစ်ချေတော့၏။
၎င်းကိုယ်တိုင်သာမက ၎င်းသိခဲ့ဖူးသော လူသား သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူနှစ်ဦးအတွက်လည်း ထိုနည်းတူပင် ဖြစ်လေသည်။ သူတို့သည် တစ်ချိန်က ဤကိစ္စကို ဆွေးနွေးခဲ့ကြပြီး ဤကမ္ဘာလောက၏ ကောင်းကင်နှင့် မြေကြီး၏စွမ်းအင်သည် သူတို့၏ တိုးတက်မှုများကို ထောက်ပံ့ပေးရန် မလုံလောက်ကြောင်း တူညီသော ကောက်ချက်ချခဲ့ကြသည်။
ထို့ကြောင့်ပင် ယခင် ကျင့်ကြံခြင်းခေတ်အတွင်းက သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူအချို့သည် လေဟာနယ်မုန်တိုင်းများကို ဖြတ်ကျော်ကာ ကမ္ဘာလောက၏ အမြှေးပါးကို ဖောက်ထွက်ပြီး ကြယ်တာရာကောင်းကင်ယံကို စူးစမ်းရန် ကြိုးစားခဲ့ကြသော်လည်း အဆုံးမဲ့ လေဟာနယ်ကိုသာ တွေ့ရှိခဲ့ကြရခြင်း ဖြစ်လေသည်။
...
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်တွင်တော့ ရှေးဟောင်း နဂါးလိပ်ကြီးသည် နောက်ဆုံးတွင် ၎င်း၏ ပါးစပ်ကို ဟကာ ကျောက်စိမ်းပုလင်း သုံးလုံးကို ထွေးထုတ်လိုက်တော့၏။
"ဒီအထဲမှာ ငါ့ရဲ့ စစ်မှန်တဲ့ သွေးမျိုးဆက် သုံးပုံ ပါတယ်။ ငါတို့ သဘောတူထားတဲ့အတိုင်း ဒါက မင်းရဲ့ ကြယ်တာရာမြေပုံနဲ့ လဲလှယ်ဖို့ လုံလောက်လောက်ပါရဲ့"