အခန်း (၄၈၇-၄၈၈)
Vol. 49 Ch. 487-488
အခန်း ၄၈၇ - အောင်မြင်သော အပေးအယူနှင့် ပြန်လည်ဆုံတွေ့ခြင်း
ကျောက်စိမ်းပုလင်းသုံးလုံးသည် လေထဲသို့ ဖြည်းဖြည်းချင်း မြင့်တက်လာပြီး လုချင်း၏ အရှေ့တွင် လွင့်မျောနေလေသည်။ သူက ၎င်းတို့ကို ယူလိုက်ပြီး တစ်လုံးကို ဖွင့်ကာ အထဲတွင် ပါဝင်သော တစ်ဟုန်ထိုး စီးဆင်းနေသည့် စွမ်းအင်များနှင့် ပေါကြွယ်ဝလှသော သက်စောင့်စွမ်းအင်များကို အာရုံခံလိုက်ပြီးနောက် ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်၏။
အထဲတွင် ပါဝင်သောအရာများကို အကျဉ်းချုံး စစ်ဆေးပြီးနောက် လုချင်းသည် ကျောက်စိမ်းပုလင်းများကို သူ၏ ကောင်းကင်နှင့်မြေကြီး ချီအိတ်ထဲသို့ သိမ်းဆည်းလိုက်လေသည်။ ထို့နောက်တွင်တော့ အခြား ကျောက်စိမ်းပြားတစ်ခုကို ရှေးဟောင်း နဂါးလိပ်ကြီးထံသို့ ပစ်ချပေးလိုက်တော့၏။
"ချန်ပေ့ နဂါးလိပ်ကြီး... ဒီကျောက်စိမ်းပြားထဲမှာ ကျွန်တော်တို့ ရှိနေတဲ့ ကြယ်တာရာကောင်းကင်ယံ ဒေသရဲ့ ပြီးပြည့်စုံတဲ့ ကြယ်တာရာမြေပုံတစ်ခု ပါပါတယ်ဗျ။ ဒါကို လမ်းပြအဖြစ် သုံးမယ်ဆိုရင် နောင်တစ်ချိန် ချန်ပေ့ ကြယ်တာရာကောင်းကင်ယံထဲကို ဝင်ရောက်ချင်တဲ့အခါကျ လမ်းပျောက်သွားမှာကို စိုးရိမ်စရာ မလိုတော့ဘူးပေါ့ဗျာ"
ရှေးဟောင်း နဂါးလိပ်ကြီးသည် ကျောက်စိမ်းပြားကို ဖမ်းယူလိုက်ပြီး ၎င်း၏ ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။ ယခင်မြေပုံနှင့် ယှဉ်လျှင် များစွာ ပို၍အသေးစိတ်ကျပြီး ရှုပ်ထွေးသော ကြယ်တာရာမြေပုံကို မြင်လိုက်ရသောအခါ ၎င်းသည် ဝမ်းသာသွားတော့၏။ သို့သော် သေချာ ဂရုတစိုက် ကြည့်လိုက်သောအခါတွင်တော့ ၎င်းသည် လုံးဝကို အံ့အားသင့်သွားလေသည်။
"ငါတို့ ကမ္ဘာလောကက နောက်ထပ် သက်ရှိတွေနေထိုင်တဲ့ လောကနဲ့ ဒီလောက်တောင် ဝေးနေတာလား"
လုချင်း ပေးအပ်သော ကြယ်တာရာမြေပုံပေါ်တွင် သူတို့ကမ္ဘာလောကကို ကိုယ်စားပြုသော အလင်းရောင်သေးသေးလေးသည် မြေပုံ၏ အစွန်အဖျားဆုံးနေရာ၌ ရှိနေရုံသာမက ကျယ်ပြောလှသော မည်းနက်သည့် လေဟာနယ်ကြီးများဖြင့် ဝန်းရံခံထားရလေသည်။ သူတို့၏ ကမ္ဘာလောကသည် ကျယ်ပြောလှသော ကြယ်တာရာ ကောင်းကင်ယံကြီးထဲတွင် အထီးကျန်ဆန်စွာ လွင့်မျောနေပုံရ၏။
"ဟုတ်တယ်ဗျ.. ကျွန်တော်တို့ ကမ္ဘာလောကက စကြဝဠာရဲ့ အစွန်အဖျားမှာ ရှိနေတာပါ။ တခြား သက်ရှိတွေနေထိုင်တဲ့ လောကတွေနဲ့ ယုံနိုင်စရာမရှိလောက်အောင်ကို ဝေးပါတယ်ဗျ" ရှေးဟောင်း နဂါးလိပ်ကြီး၏ အာမေဍိတ်သံကို ကြားသောအခါ လုချင်းက အတည်ပြုပေးလိုက်၏။
"ဒါကြောင့်မို့လို့ အရင် ရှေးဟောင်း ကျင့်ကြံခြင်းခေတ်တုန်းက ကြယ်တာရာကောင်းကင်ယံထဲကို ဝင်ရောက်သွားခဲ့တဲ့ သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတွေက လက်ဗလာနဲ့ချည်း ပြန်လာခဲ့ရတာဖြစ်ရင်ဖြစ်၊ မဟုတ်ရင်လည်း တစ်သက်လုံး ပျောက်ဆုံးသွားခဲ့ကြတာချည်းပဲကို" ကြယ်တာရာမြေပုံ တစ်ခုလုံးကို စစ်ဆေးပြီးနောက် ရှေးဟောင်း နဂါးလိပ်ကြီးက ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။
ရှေးဟောင်း နဂါးလိပ်ကြီးသည် အနည်းငယ် စိတ်သက်သာရာ ရသွားတော့၏။ ၎င်း၏ သွေးအနှစ်သာရ သုံးပုံကို စုစည်းရခြင်းမှာ မလွယ်ကူလှပေ။ ၎င်း၏ သန္ဓေသားဝိညာဉ်အဆင့် ရုပ်ခန္ဓာဖြင့်ပင် ထိုသို့လုပ်ဆောင်ခြင်းက အချိန်အတိုင်းအတာတစ်ခုအထိ အားနည်းသွားစေသည်မှာ မလွှဲသာမရှောင်သာပင်။
ဝိညာဉ်စွမ်းအင် ပြန်လည်နိုးထလာမှုမှာ လွန်ခဲ့သော ဆယ်စုနှစ်ခန့်ကမှ စတင်ခဲ့ပြီး ၎င်းကို ခြိမ်းခြောက်နိုင်သော သတ္တဝါတစ်ကောင်မျှ ရေနက်ပိုင်းတွင် မွေးဖွားလာခြင်း မရှိသေး၍သာ လုချင်း၏ တောင်းဆိုမှုကို သဘောတူခဲ့ခြင်းဖြစ်သည်။ ထိုသို့မဟုတ်လျှင် လုံးဝ သဘောတူခဲ့မည် မဟုတ်ချေ။
အစပိုင်းတွင် ၎င်း၏ သွေးအနှစ်သာရ သုံးပုံကို ခွဲထွက်ရခြင်းအတွက် အနည်းငယ် နာကျင်မှုကို ခံစားခဲ့ရပါ၏။ သို့သော် ယခု ကြယ်တာရာမြေပုံကို မြင်လိုက်ရသောအခါ ဤအပေးအယူသည် အရှုံးမရှိကြောင်း ၎င်းလည်း သဘောပေါက်သွားတော့၏။ မည်သို့ပင်ဆိုစေ ၎င်း၏ ကျင့်ကြံခြင်းများ ပြန်လည်ရရှိလာသောအခါ၌ နောက်ထပ် ရှေ့ဆက်တက်လှမ်းလိုပါက ဤကမ္ဘာလောက၌ ဆက်နေရန်မှာ ရွေးချယ်စရာ မဟုတ်တော့ပေ။
သို့သော် လုချင်း ပေးအပ်သော ကြယ်တာရာမြေပုံအရ လမ်းပြမရှိဘဲ ကြယ်တာရာကောင်းကင်ယံထဲသို့ ဝင်ရောက်ခြင်းသည် ရှေးဟောင်း ကျင့်ကြံခြင်းခေတ်က ဖြစ်ခဲ့သည်များနှင့် ခြားနားမည်မဟုတ်ပေ။ ဤကြယ်တာရာမြေပုံ မရှိလျှင် အကျိုးမဲ့ ပြန်လာရမည် သို့မဟုတ် အဆုံးမဲ့ လေဟာနယ်ထဲတွင် ပျောက်ဆုံးသွားမည်သာဖြစ်၏။ သက်ရှိများ နေထိုင်သော နောက်ထပ် လောကတစ်ခုကို ရှာဖွေရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်လေသည်။
ယင်းကို သဘောပေါက်သွားသောအခါ ရှေးဟောင်း နဂါးလိပ်ကြီးသည် လုံးဝကို စိတ်သက်သာရာ ရသွားတော့၏။ ဤကြယ်တာရာမြေပုံသည် ၎င်းအတွက် အလွန်တရာ တန်ဖိုးကြီးမားလှ၏။ နောက်ပိုင်းမှ ပြန်လည်ရယူနိုင်သော အရာတစ်ခုနှင့် လဲလှယ်ရခြင်းမှာ အလွန်ပင် တန်ဖိုးရှိလှပေသည်။
"ချန်ပေ့ နဂါးလိပ်ကြီး... ဒီအပေးအယူက ချန်ပေ့အတွက် မတရားသလိုများ ဖြစ်သွားလားဗျ" လုချင်းက ရယ်မောလိုက်လေသည်။
လုချင်းသည် ကြယ်တာရာမြေပုံ၏ တန်ဖိုးကို ကောင်းစွာ သိရှိထားသည်။ အပြင်လောကရှိ သူများအတွက် ကြယ်တာရာမြေပုံသည် သိပ်တန်ဖိုးမရှိနိုင်ပေ။ ၎င်းကို လွတ်လပ်စွာပင် ဝယ်ယူနိုင်ပေလိမ့်မည်။ သို့သော် သူတို့၏ အထီးကျန်နေသော ကမ္ဘာလောကမှ ကျင့်ကြံသူများအတွက်မူ ကြယ်တာရာမြေပုံသည် အမှောင်ထုထဲမှ မီးပြတိုက်တစ်ခုဖြစ်ပြီး တန်ဖိုးဖြတ်၍မရနိုင်သော အရာတစ်ခုပင်တည်း။
"ဟာ ဘယ်ကသာ.. ဒီကြယ်တာရာမြေပုံရဲ့တန်ဖိုးက အရမ်းကိုကြီးတယ်ကွ" ရှေးဟောင်း နဂါးလိပ်ကြီးက ဝန်ခံလိုက်လေသည်။
"အဲဒီလိုဆိုမှတော့ ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦးဗျ" လုချင်းက ရှေးဟောင်း နဂါးလိပ်ကြီးတစ်ကောင် အပေးအယူအပေါ် ကျေနပ်နေကြောင်း မြင်ရ၍ စိတ်အေးသွားကာ ဆိုလိုက်တော့သည်။
...
ထို့နောက်တွင်တော့ မြင့်မြတ်သောတောင်တော်သို့ ပြန်မသွားဘဲ လုချင်းသည် မြောက်ပိုင်းနယ်စပ်ဆီသို့ ဦးတည်သွားလေသည်။
"ရှောင်ယန်နဲ့ တခြားသူတွေက လင်းကျိုးလို့ခေါ်တဲ့ ပြည်နယ်ငယ်လေးမှာ ရှိနေတယ်လို့ ဝူရှင်းက ပြောခဲ့တယ် မဟုတ်လား"
မြောက်ပိုင်းနယ်စပ်သို့ ဝင်ရောက်လာသည်နှင့် လုချင်းသည် သူ၏ စိတ်ကို မျက်ခုံးကြားမှ စွမ်းအင်အချက်အချာနယ်မြေ၌ အာရုံစိုက်ကာ အရောင်ငါးသွယ် တောင်ပံပါ မြွေလေး၏ တည်နေရာကို ရှာဖွေလိုက်သည်။ ဝိညာဉ်အမှတ်အသားဖြင့် ကျွန်ပြုထားသော ဝိညာဉ်သားရဲဖြစ်သောကြောင့် သူတို့ အလွန်အမင်း မဝေးကွာသရွေ့တော့ ၎င်း၏ တည်နေရာကို သူ အာရုံခံနိုင်လေသည်။
"ဟိုမှာပဲ"
သိပ်မကြာမီမှာပင် လုချင်းသည် အရောင်ငါးသွယ် တောင်ပံပါ မြွေလေး၏ တည်နေရာကို အတိအကျ သိရှိသွားပြီး ထိုနေရာသို့ ပျံသန်းသွားတော့သည်။
"သူတို့က တည်းခိုခန်းမှာလား"
ထိုနေရာသို့ ရောက်သောအခါ လုချင်းသည် မြို့ငယ်လေးတစ်ခုကို တွေ့လိုက်ရ၏။ အရောင်ငါးသွယ် တောင်ပံပါ မြွေလေး၏ အငွေ့အသက်မှာ တည်းခိုခန်းတစ်ခုနှင့် တူသော အဆောက်အအုံတစ်ခုမှ လာနေခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူသည် ရှောင်ယန်နှင့် ရှောင်လီတို့၏ အငွေ့အသက်များကိုပါ အာရုံခံမိလိုက်သည်။ သူတို့အားလုံး တစ်နေရာတည်းတွင် ရှိနေကြပါ၏။
အနီးအနားတွင် အခြား အငွေ့အသက်အချို့ကိုလည်း ထောက်လှမ်းမိသည်။ အားအနည်းဆုံးသူမှာ မွေးရာပါနယ်ပယ် အလယ်အလတ်အဆင့်တွင် ရှိလေ၏။ ဤသူများမှာ ရှောင်ယန် ၏ သတင်းစကားများထဲတွင် ပြောပြခဲ့ဖူးသော အဖော်များ ဖြစ်ပေလိမ့်မည်။
"ဒီကောင်မလေးက တော်တော် ကြိုးစားတာပဲ"
လေထဲတွင် လွင့်မျောနေရင်း လုချင်းသည် အောက်ဘက် မြင်ကွင်းကို စောင့်ကြည့်နေလိုက်သည်။ ရှောင်ယန်သည် သူမကိုယ်ပိုင် ခြံဝင်းငယ်လေးတစ်ခုထဲတွင် နေထိုင်နေပြီး ယခုအချိန်၌ အိမ်လေးတစ်ဝိုက်တွင် ဝိညာဉ်စွမ်းအင်များ ခပ်ဖျော့ဖျော့ စီးဆင်းနေသည်ကို သူ မြင်တွေ့လိုက်ရ၏။ သူမသည် ကျင့်ကြံနေခြင်း ဖြစ်လေသည်။
သူသည် ဖြည်းဖြည်းချင်း အောက်သို့ ဆင်းသက်လာခဲ့၏။ သူ၏ မျက်နှာသွင်ပြင်များက မသိမသာ ပြောင်းလဲသွားကာ သူ၏ မူလရုပ်ရည်နှင့် အနည်းငယ်မျှသာ တူတော့သည့်ပုံစံအဖြစ် ပြောင်းလဲလိုက်လေ၏။ သူ အောက်သို့ ဆင်းသက်လာစဉ် တစ်လျှောက်လုံးတွင် မည်သူတစ်ဦးတစ်ယောက်ကမျှ သူ၏ တည်ရှိမှုကို မသိရှိခဲ့ကြချေ။
ခြံဝင်းထဲသို့ ဆင်းသက်မိမှသာ ဖုံးကွယ်ခြင်းသိုင်းကို ရုတ်သိမ်းလိုက်ပြီး သူ၏ အငွေ့အသက် အနည်းငယ်ကို အပြင်သို့ ထွက်ပေါ်ခွင့်ပြုလိုက်လေသည်။ သူ၏ အငွေ့အသက် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အိမ်ထဲ၌ ရှိနေသော ရှောင်လီနှင့် ဝူရှင်းတို့ကလည်း ချက်ချင်းပင် ခံစားမိသွားကြတော့၏။
သူတို့၏ ခန္ဓာကိုယ်များ တုန်ယင်သွားပြီး မျက်စိတစ်မှိတ်အတွင်း အိမ်ထဲမှ ပြေးထွက်လာကြလေသည်။ ခြံဝင်းထဲရှိ လုချင်းကို မြင်လိုက်ရသောအခါ၌ သူတို့ နှစ်ကောင်စလုံး ဝမ်းသာအားရ အော်ဟစ်လိုက်ကြတော့သည်။
"အားချင်း"
"သခင်"
နောက်တစ်စက္ကန့်တွင်တော့ သူတို့သည် သူ့ထံသို့ ခုန်အုပ်လိုက်ကြတော့၏။ တစ်ကောင်က သူ၏ ပခုံးပေါ်သို့ ခုန်တက်ကာ ခေါင်းကို အားပါးတရ ပွတ်သပ်နေ၏။ ထိုစဉ် အခြားတစ်ကောင်ကတော့ သူ့ကို ဝိုင်းပတ်လှည့်ကာ တစ်ခါတစ်ရံ ခြေသလုံးကိုလည်း လာပွတ်သပ်နေလေသည်။
"ရှောင်လီ.. ဝူရှင်း.. ဘာဖြစ်တာလဲ"
ထိုအချိန်တွင် အိမ်ထဲမှ ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ မကြာမီမှာပင် နှင်းကဲ့သို့ ဖြူဖွေးသော အသားအရည်ရှိပြီး နတ်သမီးလေးတစ်ပါးကဲ့သို့ နုနယ်လှပသော ကောင်မလေးတစ်ယောက် ထွက်လာခဲ့တော့သည်။
ခြံဝင်းထဲတွင် ရှောင်လီနှင့် ဝူရှင်းတို့ကို ချော့မြှူနေသော လုချင်းကို မြင်လိုက်ရသောအခါ သူမသည် ခေတ္တမျှ ရပ်တန့်သွား၏။ ထို့နောက် သူမ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှု အရိပ်အယောင်များ ဖြည်းဖြည်းချင်း ပေါ်ထွက်လာတော့သည်။
"ကိုကို"
"ဘာလဲ... တစ်နှစ်လောက်ပဲ ရှိသေးတာကို ကိုယ့်အစ်ကိုကိုတောင် မမှတ်မိတော့ဘူးလား" လုချင်းက နောက်ပြောင်လိုက်လေသည်။
ထိုရင်းနှီးနေသော အသံကို ကြားလိုက်ရသောအခါ၌ ရှောင်ယန်သည် ထိုသူမှာ တကယ်ပင် သူဖြစ်ကြောင်း နောက်ဆုံးတော့ အတည်ပြုနိုင်သွားတော့သည်။ သူမ၏ မျက်နှာသည် ဝမ်းသာမှုများဖြင့် လင်းလက်သွားပြီး ချက်ချင်းပင် သူ့ထံသို့ ပြေးသွားတောလေ၏။
"ကိုကို.... တကယ် ကိုကိုပဲ"
ယခုအခါ ရှောင်ယန်သည် အစွမ်းထက်သော အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေပြီဆိုသော်လည်း သူမ၏ ရွေ့လျားမှုသိုင်းပညာကို အသုံးပြုကာ လုချင်းထံသို့ အစွမ်းကုန် အရှိန်ဖြင့် ပြေးဝင်သွားဆဲပင်။ မျက်စိတစ်မှိတ်အတွင်း သူမသည် သူ့ရှေ့သို့ရောက်လာကာ သူ့ကို ဖက်တွယ်လိုက်ပြီး ခေါင်းကို ရင်ခွင်ထဲ အပ်ထားလိုက်တော့သည်။
သူမ၏ အနည်းငယ် တုန်ယင်နေသော ပခုံးများကို ခံစားရသောအခါ လုချင်း၏ ရင်ထဲတွင် အပြစ်ရှိသလို ခံစားချက်တစ်ခု ဖြတ်ပြေးသွားလေ၏။ သူသည် လက်ကိုဆန့်ကာ သူမ၏ နူးညံ့ပျော့ပျောင်းသော ဆံပင်လေးများကို ညင်သာစွာ ပွတ်သပ်ပေးလိုက်လေသည်။
"ကဲပါ... အခု အရွယ်ရောက်နေတဲ့ မိန်းကလေးတစ်ယောက်တောင် ဖြစ်နေပြီကို။ ဘာလို့ ဒီလောက်တောင် အငိုလွယ်နေရတာလဲ"
"ကိုကို ဘာလို့ ညီမလေးဆီကို လာဖို့ ဒီလောက်တောင် အချိန်ကြာရတာလဲ"
ခေါင်းကို သူ၏ ရင်ခွင်ထဲ၌ အပ်ထားဆဲဖြစ်ပြီး သူမ၏ အသံမှာ တိမ်ဝင်နေကာ ငိုသံစွက်နေလေ၏။
"ဒါက ကိုကို့အမှားပါ။ ဒါပေမဲ့ အခု ကိုကို့ရဲ့ တံခါးပိတ်ကျင့်ကြံတာ ပြီးသွားပြီဆိုတော့ ညီမလေးနဲ့ အတူနေဖို့ အချိန်တွေ အများကြီး ရှိသွားပါပြီကွာ"
"တကယ်လားဟင်"
ဤစကားကို ကြားသောအခါ၌ ရှောင်ယန်က ချက်ချင်း မော့ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများမှာ ဝမ်းသာမှုများဖြင့် ပြည့်နှက်နေလေသည်။ သူမ၏ မျက်နှာပေါ်ရှိ မျက်ရည်စများကို မြင်သည့်အခါ လုချင်းက လက်လှမ်းကာ ညင်သာစွာ သုတ်ပေးလိုက်၏။
သူ ပြုံးလိုက်သည်။ "ဒါပေါ့။ ပြီးတော့ ညီမလေးရဲ့ ကျင့်ကြံခြင်းကလည်း အများကြီး တိုးတက်လာပြီဆိုတော့ နောက်တစ်ခါ ကိုကို တံခါးပိတ်ကျင့်ကြံရင်တောင် ညီမလေးကို ခေါ်သွားလို့ ရနေပြီလေ"
ယခင်က ရှောင်ယန်၏ ကျင့်ကြံခြင်းသည် အားနည်းလွန်းသဖြင့် မြင့်မြတ်သောတောင်တော်သို့ သူ မခေါ်သွားခဲ့ခြင်းဖြစ်သည်။
သူ၏ ကျင့်ကြံရာနေရာရှိ ဖိအားမှာ ကြီးမားလွန်းသဖြင့် သူမအတွက် အချိန်ကြာကြာနေရန် မသင့်တော်ခဲ့ပေ။ သို့သော် ယခုအခါ၌ သူမသည် အခြေတည်အဆင့်၏ အထွတ်အထိပ်သို့တောင် ရောက်ရှိနေပြီဖြစ်ရာ ထိုပတ်ဝန်းကျင်ကို ခံနိုင်ရည်ရှိပေလိမ့်မည်။
လုချင်း၏ ကတိစကားကို ကြားရသည့်အခါ၌ ရှောင်ယန်၏ အပြုံးသည် ပို၍ပင် တောက်ပလာတော့သည်။ သူမ တစ်ခုခု ပြောရန် ပြင်လိုက်စဉ် ရုတ်တရက် ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာလေ၏။
"လူယုတ်မာ.. ရှောင်ယန့်ကို အခုချက်ချင်း လွှတ်ပေးစမ်း"
ထိုအော်သံနှင့်အတူ ထက်ရှလှသော ဓားချီစွမ်းအင်တစ်ခုက လုချင်းထံသို့ ပစ်ဝင်လာတော့သည်။
....
အခန်း ၄၈၈ - ခြိမ်းခြောက်မှုနှင့် ထူးဆန်းသော အဖြစ်အပျက်
"ကျောက်ဖုန်း.. မလုပ်နဲ့"
ဓားချီစွမ်းအင် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် နောက်ထပ် အသံတစ်သံက အလန့်တကြား အော်ဟစ်လိုက်လေသည်။
သို့သော် အခါနှောင်းသွားခဲ့လေပြီပင်။ ထက်ရှလှသော ဓားချီစွမ်းအင်သည် မျက်စိတစ်မှိတ်အတွင်း လေထုကို ခွဲဖြတ်ကာ လုချင်းထံသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့၏။ သို့ရာတွင် ရှောင်ယန်ကို ထိခိုက်မိမည်စိုး၍ ဖြစ်ဟန်တူသည်။ ဓားချီစွမ်းအင်သည် လုချင်း၏ အသက်အန္တရာယ်ရှိသော နေရာများကို ပစ်မှတ်မထားဘဲ သူ၏ လက်မောင်းဆီသို့သာ ခုတ်ပိုင်းလာခဲ့လေသည်။
အော်ဟစ်သံများကြားတွင် ဓားချီစွမ်းအင်က လုချင်းကို ထိမှန်တော့မည့်ဆဲဆဲမှာပင်.....
ရုတ်တရက် သွယ်လျသော ပုံရိပ်တစ်ခုက သူ့ရှေ့တွင် ပေါ်လာတော့သည်။ ၎င်း၏ အမြီးကို ပေါ့ပေါ့ပါးပါးလေး တစ်ချက် ခတ်လိုက်ရုံဖြင့် ဝင်ရောက်လာသော ဓားချီစွမ်းအင်ကို ဖုန်မှုန့်များအဖြစ် ကြေမွသွားစေလေ၏။
ထို့နောက် ဓားချီစွမ်းအင်ထက်ပင် ပို၍မြန်ဆန်သော အရှိန်ဖြင့် ထိုပုံရိပ်လေးသည် တိုက်ခိုက်မှုကို ပြုလုပ်ခဲ့သော လူငယ်လေးရှေ့သို့ ရောက်ရှိသွားတော့၏။ ထို့နောက်၌ ထိတ်လန့်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခု ပေါက်ကွဲထွက်လာကာ လူငယ်လေး၏ စိတ်အစဉ်ကို နေရာမှာတင် အေးခဲသွားစေလေသည်။
ဒေါသထွက်နေသော အရောင်ငါးသွယ် တောင်ပံပါ မြွေလေးသည် ဤမိုက်ရိုင်းလှသော တိုက်ခိုက်သူကို အပြတ်ရှင်းလင်းပစ်တော့မည့် ဆဲဆဲမှာပင်....
"ဝူရှင်း.. ပြန်လာခဲ့" ဟူသော တည်ငြိမ်သည့် အသံတစ်သံ ထွက်ပေါ်လာ၏။
အရောင်ငါးသွယ် တောင်ပံပါ မြွေလေး၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွား၏။ ၎င်းသည် ၎င်းရှေ့ရှိ မောက်မာလှသော ငနဲလေးကို သတ်ပစ်ချင်သော်လည်း သခင်၏ အမိန့်မှာ လုံးဝ နာခံရမည့်အရာ ဖြစ်လေသည်။
နောက်ဆုံးတွင်တော့ ၎င်းသည် လူငယ်လေးကို အေးစက်သော အကြည့်ဖြင့် စူးစိုက်ကြည့်ပြီးနောက် လုချင်း၏ အနားသို့ ပြန်ဆုတ်သွားကာ ၎င်း၏ အငွေ့အသက်ကို ပြန်၍ရုတ်သိမ်းလိုက်တော့၏။ သို့သော် ယခုလေးတင် ၎င်းထုတ်လွှတ်ခဲ့သော ဖိအားကြီးက လူငယ်လေး၏ စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်သွားခဲ့ပြီဖြစ်သည်။
ဝူရှင်း ပြန်သွားပြီဖြစ်သော်လည်း လူငယ်လေး၏ မျက်လုံးများမှာတော့ အကြောက်တရားများဖြင့် ပြည့်နှက်နေဆဲပင်။ သူ၏ ခန္ဓာကိုယ်မှာ တောင့်တင်းနေပြီး ခြေလက်များမှာလည်း တုန်ယင်နေလေသည်။ နောက်ဆုံးတွင် သူ၏ ဓားပင်လျှင် လက်ထဲမှ လွတ်ကျသွားကာ မြေပြင်ပေါ်သို့ 'ချလွင်' ဟူသော အသံနှင့်အတူ ကျသွားတော့၏။
ထိုအချိန်တွင် လုချင်းသည် ရှောင်ယန်ကို လွှတ်ပေးလိုက်ပြီဖြစ်သည်။ သူက ခြံဝင်းအဝင်ဝဆီသို့ လှမ်းကြည့်လိုက်ရာ ရွယ်တူခန့်ရှိသော လူငယ် အမျိုးသား၊ အမျိုးသမီး အချို့ ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူတို့၏ အမူအရာအားလုံးမှာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေကြ၏။
အထူးသဖြင့် သူတို့က အရောင်ငါးသွယ် တောင်ပံပါ မြွေလေးကို ကြည့်လိုက်သောအခါ သူတို့၏ အကြည့်များမှာ မကောင်းဆိုးဝါးတစ်ကောင်ကို မြင်လိုက်ရသည့်အလား မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေလေသည်။
ထင်ရှားသည်မှာ သူတို့သည် ဝူရှင်း၏ အငွေ့အသက်ကြောင့် လုံးဝ ခြိမ်းခြောက်ခံလိုက်ရခြင်းပင်ဖြစ်သည်။ ပုံမှန်အားဖြင့် ရှောင်ယန်နောက်သို့ လိုက်ကာ တစ်နေကုန် အိပ်နေတတ်သော မြွေလေးသည် ဤမျှ လွှမ်းမိုးနိုင်စွမ်းရှိသော အငွေ့အသက်မျိုးကို ထုတ်လွှတ်နိုင်လိမ့်မည်ဟု သူတို့ ဘယ်သောအခါကမျှ မတွေးမိခဲ့ကြချေ။
ဤမြွေလေးက အမှန်တကယ်ပင် အခြေတည်အဆင့် ဝိညာဉ်သားရဲတစ်ကောင် ဖြစ်နေနိုင်မည်လော။
"ရှောင်ယန်.. သူတို့က ညီမလေးရဲ့ သူငယ်ချင်းတွေလား" လုချင်းက မေးလိုက်၏။
ရှောင်ယန်သည် မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်လိုက်ပြီး အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ပြန်ဖြေလိုက်သည်။ "အင်း... သူတို့က မကြာသေးခင်ကမှ ခရီးသွားရင်းနဲ့ ခင်ခဲ့တဲ့ သူငယ်ချင်းတွေပါ"
ထို့နောက် သူမက ထိုအဖွဲ့ဘက်သို့ လှည့်ကာ "အစ်ကို ကျောက်ဖုန်း.. အစ်ကို အထင်လွဲနေပြီ။ ဒီလူက လူဆိုးမဟုတ်ဘူး။ သူက ကျွန်မရဲ့ အစ်ကိုပါ"
အစ်ကိုလား
ထိုအဖွဲ့သည် ဖြည်းဖြည်းချင်း သတိပြန်ဝင်လာကြသော်လည်း ပို၍ပင် အံ့အားသင့်သွားကြတော့၏။ ယခု သေချာ ဂရုတစိုက် ကြည့်လိုက်သောအခါ၌ လုချင်းနှင့် ရှောင်ယန်တို့ကြားတွင် ရုပ်ရည်ဆင်တူမှုတစ်ခု ရှိနေကြောင်းကို သူတို့ အမှန်တကယ် သတိထားမိသွားကြလေသည်။
ထိုအခိုက်အတန့်တွင် အဖွဲ့တစ်ခုလုံး အလွန်အမင်း အနေရခက်သွားကြတော့သည်။ သူတို့သည် မောင်နှမ နှစ်ယောက် ပြန်လည်ဆုံတွေ့နေခြင်းကို အဆိုးရွားဆုံးအချိန်တွင်မှ ဝင်ရောက်နှောင့်ယှက်မိခဲ့ကြသည်။ ထို့အပြင် တိုက်ခိုက်မှုပင် ပြုလုပ်ခဲ့သေးပါ၏။
ဤသည်မှာ ရိုးရှင်းသော အမှားတစ်ခု မဟုတ်တော့ပေ။
အထူးသဖြင့် တိုက်ခိုက်မှုကို ပြုလုပ်ခဲ့သော လူငယ်လေးခင်မျာ ပုန်းစရာ ကျင်းတစ်ခုလောက်တောင် ရှာပြီး ဝင်ပုန်းချင်စိတ် ပေါက်သွားတော့၏။
သူတို့ အနေရခက်နေသည်ကို မြင်သည့်အခါ လုချင်းက ရယ်မောလိုက်လေသည်။ သူက ညင်သာသော လေသံဖြင့် ပြောလိုက်၏။ "ကျွန်တော်က ချန်ချင်းပါ။ တွေ့ရတာ ဝမ်းသာပါတယ် သူရဲကောင်းလူငယ်တို့... ပြီးတော့ ဒီကာလအတွင်း ကျွန်တော့် ညီမလေးကို စောင့်ရှောက်ပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ဗျ"
ရှောင်ယန်ထံမှ ရရှိခဲ့သော သတင်းစကားများထဲတွင် ခရီးသွားနေစဉ်အတွင်း သူမသည် ချန်ယန် ဟူသော နာမည်ဝှက်ကို အသုံးပြုနေကြောင်း လုချင်း သိရှိထားပြီးဖြစ်သည်။ ထို့ကြောင့် သူကလည်း အလိုက်သင့်ပင် မိမိကိုယ်ကိုယ် ချန်ချင်း ဟု မိတ်ဆက်လိုက်ခြင်းဖြစ်၏။
မည်သို့ပင်ဆိုစေ သူ၏ နာမည်ရင်းက လူသိများလွန်းလှပါ၏။ သာမန် ကျင့်ကြံသူများကတော့ မသိနိုင်သော်လည်း အဓိက ဂိုဏ်းကြီးများတွင်မူ သူ၏ နာမည်က ကျော်ကြားနေလောက်ပြီဖြစ်သည်။ ရှောင်ယန်၏ နာမည်ကလည်း အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ပေမည်။ ထို့ကြောင့်ပင် သူမက ခရီးသွားနေစဉ်အတွင်း နာမည်ဝှက်ကို အသုံးပြုခဲ့ခြင်းဖြစ်၏။
'ချန်' ဟူသော မျိုးရိုးနာမည်နှင့် ပတ်သက်၍မူ ၎င်းကို သူတို့၏ ဆရာထံမှ ယူထားခြင်းဖြစ်ရာ သင့်လျော်သော ရွေးချယ်မှုတစ်ခု ဖြစ်လေသည်။
"သြော်..အစ်ကိုက ညီမလေး ရှောင်ယန်ရဲ့ အစ်ကိုကိုး။ ကျွန်တော်က မုထျန်းပါ... ဒီသုံးယောက်ကတော့ ဝူဝမ်ယွမ်၊ ချင်ဝူရွှယ် နဲ့ ကျောက်ဖုန်းတို့ပါဗျ"
လုချင်းသည် အဖြစ်အပျက်နှင့်ပတ်သက်ပြီး အငြိုးအတေးမထားပုံရသည်ကို မြင်သောအခါ ထိုအဖွဲ့သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြတော့သည်။ သူတို့၏ ခေါင်းဆောင်ဖြစ်ဟန်တူသော တည်ငြိမ်သည့်ပုံစံရှိ လူငယ်လေးက တစ်ဦးချင်းစီ မိတ်ဆက်ပေးလိုက်လေ၏။
"တွေ့ရတာ ဝမ်းသာပါတယ် အစ်ကိုချန်" အခြား သုံးယောက်ကလည်း အနည်းငယ် ဦးညွှတ်လျက် ပြိုင်တူ နှုတ်ဆက်လိုက်ကြ၏။
အထူးသဖြင့် ကျောက်ဖုန်းသည် ရှက်ရွံ့မှုကြောင့် မျက်နှာတစ်ခုလုံး နီရဲနေပြီး ထစ်အစွာ ပြောလိုက်လေသည်။ "အစ်ကိုချန်... ကျွန်တော် တောင်းပန်ပါတယ်။ တမင်ရည်ရွယ်တာ မဟုတ်ပါဘူးဗျ။ အစ်ကို့ကို... ဟိုလူဆိုးများလားလို့ ထင်လိုက်မိလို့ပါ..."
လုချင်း ပြုံးလိုက်၏။ "ရပါတယ်။ မင်းကလည်း ရှောင်ယန်ကို စိုးရိမ်လို့ လုပ်မိတာပဲလေ"
လုချင်းက သူတို့ကို အပြစ်မတင်ကြောင်း ကြားရသောအခါ အဖွဲ့သည် နောက်ဆုံးတော့ စိတ်အေးသွားကြတော့သည်။ လုချင်းသည် မွေးရာပါနယ်ပယ် အထွတ်အထိပ်အဆင့်၌သာ ရှိနေကြောင်း သူတို့ ခံစားမိသော်လည်း သူ့ကို သာမန် ကျွမ်းကျင်သူတစ်ဦးအဖြစ် မဆက်ဆံရဲကြပေ။
မည်သို့ပင်ဆိုစေ ဝူရှင်းထံမှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်သည် သူတို့၏ မှတ်ဉာဏ်များထဲတွင် စွဲထင်နေဆဲပင်။ ဤမျှ အစွမ်းထက်သော ဝိညာဉ်သားရဲကို ထိန်းချုပ်နိုင်သူ မည်သူ့ကိုမဆို အထင်သေး၍ မရနိုင်ချေ။
ဤအတွေးက သူတို့စိတ်ထဲ ဖြတ်ပြေးသွားချိန်တွင် ယခုအခါ လုချင်းကို ချစ်ခင်စွာ ပွတ်သပ်နေသော အရောင်ငါးသွယ် တောင်ပံပါ မြွေလေးနှင့် သူ၏ ရင်ခွင်ထဲတွင် ခွေနေသော အနက်ရောင်သားရဲလေးတို့ကို သူတို့ မသိမသာ အကဲခတ်ကြည့်လိုက်ကြလေသည်။
သူတို့သည် ရှောင်ယန်၏ ဝိညာဉ်အိမ်မွေးတိရစ္ဆာန် နှစ်ကောင်နှင့် အတော်လေး ရင်းနှီးကျွမ်းဝင်နေကြပြီးဖြစ်သည်။
မည်သို့ပင်ဆိုစေ လွန်ခဲ့သော လအနည်းငယ်အတွင်း အတူခရီးသွားခဲ့စဉ် သူတို့ကို နေ့တိုင်း မြင်တွေ့နေရသည် မဟုတ်ပါလော။
သို့သော်လည်း ဝိညာဉ်သားရဲ နှစ်ကောင်စလုံးသည် အမြဲတမ်း ခပ်တန်းတန်းသာ နေလေ့ရှိကြသည်။
အထူးသဖြင့် အနက်ရောင်သားရဲလေးသည် ရှောင်ယန်မှလွဲ၍ မည်သူ့ကိုမျှ တုံ့ပြန်လေ့ မရှိပေ။ လပေါင်းများစွာ အတူနေခဲ့သော်လည်း သူတို့ထဲမှ မည်သူကမျှ ၎င်းကို မထိတွေ့နိုင်ခဲ့ကြချေ။ ရှောင်ယန်ကမူ အိမ်မွေးတိရစ္ဆာန် နှစ်ကောင်စလုံးမှာ ကြောက်တတ်ပြီး သူစိမ်းများကို မနှစ်သက်ကြောင်း ရှင်းပြခဲ့သည်။
ထို့ကြောင့် အနည်းငယ် အံ့သြမိသည်မှလွဲ၍ သူတို့ သိပ်ဂရုမစိုက်ခဲ့ကြပေ။ မည်သို့ပင်ဆိုစေ ဝိညာဉ်သားရဲ နှစ်ကောင်စလုံးသည် အထူးတလည် အားကောင်းပုံ မပေါ်ချေ။ သာမန်ထက် အနည်းငယ် ပို၍ ဉာဏ်ကောင်းသည်မှလွဲ၍ သူတို့တွင် ထူးခြားသော စွမ်းရည်များ ရှိပုံမပေါ်ပေ။ သူတို့ထဲမှ အများစုက ရှောင်ယန်သည် ခရီးသွားစဉ် အဖော်ရစေရန်အတွက်သာ သူတို့ကို ခေါ်ဆောင်လာခဲ့ခြင်းဖြစ်မည်ဟု ယူဆခဲ့ကြသည်။
အချို့ကမူ သူမသည် ဂုဏ်သတင်းကြီးမားသော မိသားစုတစ်ခုမှ မျိူရိုးမြင့် အမျိုးသမီးလေးတစ်ဦး ဖြစ်မည်ဟုပင် ခန့်မှန်းခဲ့ကြ၏။ သို့သော် ရှောင်ယန်၏ အပေါ်ဝတ်ရုံခေါင်းစွပ်ထဲတွင် အမြဲတမ်း ခွေအိပ်နေလေ့ရှိသော မြွေလေးက ဤမျှလောက်အထိ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်မျိုးကို ထုတ်လွှတ်နိုင်လိမ့်မည်ဟု မည်သူက ထင်ထားခဲ့မည်နည်း။
ဝူရှင်းက စွမ်းအားများ ပေါက်ကွဲထုတ်လွှတ်လိုက်ချိန်တွင် သူတို့ တကယ်ပင် သေရတော့မည်ဟု ထင်မှတ်ခဲ့ကြသည်။
ယခုမူ ဝူရှင်းက သူတို့ကို အမြဲတမ်း လျစ်လျူရှုထားရခြင်း၏ အကြောင်းရင်းကို သူတို့ နောက်ဆုံးတော့ နားလည်သွားကြပြီဖြစ်သည်။ ၎င်းက ရှက်တတ်၍ မဟုတ်ပေ။ ၎င်းသည် များစွာ သာလွန်မြင့်မားသော ဖြစ်တည်မှုတစ်ခု ဖြစ်နေသောကြောင့်ပင်။
ဤမျှ စွမ်းအားကြီးမားသော ဝိညာဉ်သားရဲတစ်ကောင်အနေဖြင့် သူတို့ကို ဂရုစိုက်နေရန် အကြောင်းပြချက် မရှိချေ။
ထို့ပြင် ဝူရှင်းက ဤမျှ ကြောက်စရာကောင်းနေလျှင် တစ်ခါတစ်ရံ ၎င်းကို ရိုက်နှက်လေ့ရှိသော အနက်ရောင်သားရဲလေးကရော ဘယ်လိုနေမည်နည်း။
ပြီးတော့ ရှောင်ယန်က ခရီးသွားစဉ် ဤမျှ အစွမ်းထက်သော သတ္တဝါများကို ခေါ်ဆောင်လာပြီး ယခုအခါ လျှို့ဝှက်ဆန်းကြယ်သော အစ်ကိုတစ်ယောက်ပါ ရှိနေသေးသည်ဆိုလျှင်...
သူမ၏ နောက်ခံအစစ်အမှန်မှာ သူတို့ မူလက ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်ဖို့များလေသည်။
သူမသည် ထိပ်တန်း ကျင့်ကြံခြင်းမိသားစု သို့မဟုတ် ဂိုဏ်းတစ်ခုခုမှ အမွေဆက်ခံသူတစ်ဦး ဖြစ်လောက်ပေသည်။
သူတို့၏ မသိမသာ လှုပ်ရှားမှုများသည် လုချင်း၏ မျက်လုံးများမှ လွတ်မြောက်မသွားခဲ့ပေ။ အမှန်တကယ်တော့ သူတို့ သတိမထားမိခင်မှာပင် သူသည် သူတို့၏ နောက်ခံများကို စစ်ဆေးရန် သူ၏ နတ်မျက်စိစွမ်းရည်ကို အသုံးပြုခဲ့ပြီးနှင့်ပြီ ဖြစ်၏။
ဝူရှင်း စောစောက ပြောခဲ့သကဲ့သို့ ဤသူများသည် ဖြောင့်မတ်သော ဂိုဏ်းအသီးသီးမှ တပည့်များ ဖြစ်ကြသည်မှာ မှန်ကန်ပေသည်။ ဖော်ပြထားသော အချက်အလက်များအရ သူတို့သည် မကောင်းသော ရည်ရွယ်ချက်ရှိသူများ မဟုတ်ကြချေ။
သို့သော် ယခုလေးတင် သူ့ကို တိုက်ခိုက်ခဲ့သော ကျောက်ဖုန်းနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဖတ်ရှုလိုက်ရသောအခါ၌ လုချင်း၏ အမူအရာသည် ခေတ္တမျှ ရပ်တန့်သွားပြီး သူ၏ မျက်လုံးများထဲတွင် ထူးဆန်းမှု အရိပ်အယောင်တစ်ခု ပေါ်လာတော့၏။ သို့သော် သူက ချက်ချင်းပင် ဖုံးကွယ်လိုက်ပြီး ဘာမှမပြောခဲ့ပေ။
ထိုအချိန်တွင် ရှောင်ယန်က ရုတ်တရက် တစ်ခုခုကို သတိရသွားလေသည်။
"သြော်.. ဟုတ်သားပဲ အစ်ကိုမု... ဘာလို့ ကျွန်မကို လာရှာတာလဲ"
မုထျန်းက ပြန်ဖြေလိုက်သည်။ "ညီမလေး ရှောင်ယန်... မေ့သွားပြီလား။ ဒီနေ့ အစ်ကိုတို့ ချိုးမျိုးနွယ်စုရွာက ရွာသားတွေ ထူးထူးဆန်းဆန်း ပျောက်ဆုံးနေတဲ့ကိစ္စကို စုံစမ်းဖို့ သွားရမှာလေ"
"သြော် ဟုတ်သားပဲ ကျွန်မတောင် မေ့တော့မလို့" ရှောင်ယန်က အာမေဍိတ်သံ ပြုလိုက်၏။
"ရွာသားတွေ ပျောက်ဆုံးနေတယ်ဆိုတာက ဘာကိစ္စလဲ" လုချင်းက မေးလိုက်သည်။